အပိုင်း ၆၈ ( The Emperor 18 )
Viewers 10k

ချူထင်းရှိူ့တစ်ယောက် မျက်နှာပူနေပြီး အတိတ်၌ စာရိတ္တပျက်သော ကိစ္စများစွာကို သူ လုပ်ခဲ့သည်အား မယုံကြည်နိုင်ပေ။


သို့သော် ယန်ကျင်းဇီသည် ချူထင်းရှိူ့၏ အတွေးများကို မသိလေဘဲ သူ့ကို ကူညီနိုင်သည့် အမျိုးစုံသော 'အခြားနည်းလမ်းများ'ကို စဉ်းစားနေဆဲဖြစ်သည်။


စဉ်းစားကြည့်ရုံနှင့် သူ့နှလုံးသားမှာ ပူပြင်းပြီး တောက်လောက်လာသည်။


သို့ရာတွင် သူ၏ လက်ရှိ ရုပ်ပိုင်းဆိုင်ရာ အခြေအနေဖြင့် သူသည် တွေးသာ တွေးနိုင်သည်။


သွေးဆုံးရှုံးမှုက ယန်ကျင်းဇီကို ပင်ပန်းစေပြီး မကြာမီပင် သူသည် အိပ်ပျော်သွားလေသည်။


ဤသည်ကို တွေ့သော် ချူထင်းရှိူ့သည် အလွန်ဝမ်းနည်းသွားပြီး တကယ့်ကို ယန်ကျင်းဇီ၏အနားမှ မထွက်ခွာနိုင်သော်လည်း သူ့တွင် လုပ်စရာ ကိစ္စများစွာ ရှိသေးသည်။


ချူထင်းရှိူ့သည် ဝမ်ကျုံးအား သွေးအားကောင်းစေသော စွပ်ပြုတ်ကို ချက်ပြုတ်ရန် လူစေလွှတ်စေပြီးနောက် မေးမြန်းသည်။ " အခု အပြင်ဘက်မှာ ဘယ်လိုလဲ? "


ဝမ်ကျုံးသည် အပြင်ဘက်မှ အဖြစ်အပျက်များကို ဆက်လက်ပြောပြပြီး ချူထင်းလန်အကြောင်းကိုလည်း ပြောဆိုခဲ့သည်။


" ချူသခင်မလေး... သူ(မ)က လှည့်စားခံရတာလား? " ဝမ်ကျုံးသည် အရှင်မင်းကြီးကို လုပ်ကြံမည့် လုပ်ကြံသူများကို ခေါ်ဆောင်လာရန် ချူထင်းလန်တွင် မည်သည့်အကြောင်းအရင်းမှ မရှိဟု စဉ်းစားလျက် မေးမြန်းသည်။


ချူထင်းလန်သည် ချူမိသားစု၏ ကောင်းမွန်သော မိန်းမပျိုလေး ဖြစ်ပြီး ချူဝမ်၏ ညီမလေးလည်း ဖြစ်ကာ အရှင်မင်းကြီးက သူ(မ)အတွက် သင့်တော်သော ခင်ပွန်းတစ်ဦးကို ရှာဖွေနေဆဲဖြစ်သည်... အဘယ့်ကြောင့် သူ(မ)က အရှင်မင်းကြီးကို လုပ်ကြံချင်ရမှာလဲ?


ယခု အရှင်မင်းကြီးက ထိခိုက်သွားပြီဖြစ်ပြီး ချူစစ်သူကြီးက သူ(မ)ကို ကာကွယ်ပေးမည်ဆိုလျှင်တောင်မှ ချူသခင်မလေးတွင် ကောင်းမွန်သော အဆုံးသတ် မရှိနိုင်တော့ပေ။


ဝမ်ကျုံးသည် ချူထင်းလန်က ဤကိစ္စများကို ဆောင်ရွက်ရန် အကျပ်ကိုင်ခံရခြင်း ဖြစ်နိုင်လောက်သည်ဟု တွေးမိသော်ငြား ထိုသို့ဆိုလျှင်တောင်မှ သူ့တွင် ချူထင်းလန်နှင့်ပတ်သက်၍ ကောင်းမွန်သော ခံစားချက် မရှိချေ။


အကျပ်ကိုင်ခံထားရသည်ဆိုလျှင် အဘယ့်ကြောင့် ချူထင်းလန်က သူ့ကို သဲလွန်စအချို့ အရင်မပေးခဲ့ပါသနည်း? ချူထင်းလန်သာ သဲလွန်စ ပေးထားခဲ့မယ်ဆိုရင် သူက အစောင့်ရဲမက်တွေကို သတိထားဖို့ ပြောထားပြီးလောက်ပြီးတော့ အရှင်မင်းကြီးလည်း ထိခိုက်ဒဏ်ရာ မရလောက်တော့ဘူး!


ချူထင်းရှိူ့ : " သူ(မ) အလှည့်စားမခံရဘူး... မိန်းမစိုးချုပ်ဝမ် သူ(မ)ကို မြေအောက်ခန်းထဲ ထည့်ထားလိုက်ပါ။ ပြီးတော့ ဆွေ့အမတ်ကြီးနှင့် အခြားလူတွေကို ခေါ်လိုက်... ထားလိုက်တော့၊ ငါ သူတို့ကို သွားတွေ့လိုက်မယ်။ "


ရွာထဲတွင် မြေ‌တိုက်တစ်ခု ရှိပြီး ဆောင်းရာသီတွင် ဟင်းသီးဟင်းရွက်များနှင့် အသီးအနှံများကို သိုလှောင်နေကျဖြစ်ကာ ထိုနေရာတွင် လူများကို အကျဉ်းချလေ့ရှိလျက် အကျဉ်းချခံရသူများမှာ အသေအချာပင် အတော်လေး သနားစဖွယ်ကောင်းလေသည်။


ဝမ်ကျုံးသည် ချူထင်းရှိူ့၌ ညီမ‌ငယ်တစ်ဦးသာ ရှိသည်ကို သိထားပြီး ဤသို့ကြားရသဖြင့် အံ့ဩသွားသည်။


သို့သော် ချူထင်းလန်က လုပ်ကြံသူကို ခေါ်ဆောင်လာပြီး လှည့်စားခံရခြင်း မဟုတ်ဘဲ တမင်သက်သက် ဆောင်ရွက်ခဲ့သည်ဆိုလျှင် ဒါဆို...


ဝမ်ကျုံးသည် အပြင်ထွက်သွားပြီး ချက်ချင်းပင် တစ်စုံတစ်ယောက်အား ချူထင်းလန်ကို မြေတိုက်ထဲ၌ ထည့်ထားစေလိုက်သည်။


ချူထင်းရှိူ့သည် ချူထင်းလန်၏ ငိုကြွေးသံများကို ကြားလိုက်ရပြီး အသက်ပြင်းပြင်းရှူလိုက်၏။


သူသည် သူ့မိထွေးနှင့် အဆင်မပြေပေ။ သူ(မ)က သူ့ကို ကောင်းမွန်စွာ မဆက်ဆံခဲ့သောကြောင့် ဖြစ်သည်။ အမှန်တကယ်တော့ သူနှင့် သူ့ညီမတို့လည်း သိပ်အဆင်မပြေကြသော်လည်း ဤသည်မှာ သူ့ညီမ ဖြစ်ပြီး တစ်ဦးတည်းသော သူနှင့် သွေးတော်စပ်သူ ဖြစ်သည်။


သူသည် အမြဲတမ်း သူ(မ)ကို ကောင်းမွန်စွာ နေစေချင်ခဲ့သည်။


သို့သော် ယခုမူ... ဧကရာဇ်မင်းကို လုပ်ကြံရန် လုပ်ကြံသူများအား ခေါ်ဆောင်လာခြင်းမှာ ကြီးလေးသော ပြစ်မှုကြီး ဖြစ်ပြီး သူ သူ(မ)ကို မကူညီနိုင်။


သူ ကူလည်း မကူညီချင်ပေ။


သူ့ညီမ၏ အပြုအမူမှာ သူ့ကို အစ်ကိုတစ်ဦး အဖြစ် အလေးအနက် မသတ်မှတ်ထားခြင်းဖြစ်သည်... အရှင်မင်းကြီးသာ သူ့ကို မချစ်လျှင် ဤအချိန်၌ သူ အကျဉ်းသား ဖြစ်နေလောက်ပြီပင်!


ချူထင်းရှိူ့သည် စိတ်တည်ငြိမ်ပြီးသွားမှ အမတ်ချုပ်ဆွေ့နှင့် အခြားသူများကို သွားတွေ့ခဲ့သည်။


အရှင်မင်းကြီး၏ ဒဏ်ရာမှာ အပြင်ဘက်ရှိ မည်သူ့စီကိုမှ မပေါက်ကြားသင့်သည့်အပြင်... သူနှင့် အရှင်မင်းကြီးတို့၏ ဆက်ဆံရေးမှာလည်း လူမသိသင့်ချေ။


ထိုဟာကား အရှင်မင်းကြီးအတွက် ကောင်းမွန်လိမ့်မည် မဟုတ်။


ယခင်က ချူထင်းရှိူ့သည် နေ့စဉ်တိုင်းကို သူ့နောက်ဆုံးအဖြစ် မှတ်ယူခဲ့သည်။ သဘာဝကျစွာပင် သူက အကျင့်ပျက်ခဲ့လေသည်။ သို့သော် ယခုမူ အရှင်မင်းကြီးက သူ့ကို အမှန်တကယ် ချစ်မြတ်နိုးပြီး သူ့အတွက် အသက်ကို စွန့်စားရန်ပင် ဆန္ဒရှိကြောင်း သူ သဘောပေါက်သွားပြီးနောက် သူသည် သူ့ကိုယ်သူ စတင်ထိန်းချုပ်၍ ရှေ့ရေးကို ကြိုတွေးတော့သည်။


အမတ်ချုပ်ကြီးဆွေ့နှင့် အခြားသူများသည် အခန်းလွတ်တစ်ခန်းထဲတွင် ထိန်းသိမ်းခံထားရပြီး အနီးကပ် စောင့်ကြည့်နေကြသော အစောင့်ရဲမက်များဖြင့် ဝန်းရံခံထားရသည်။


ချူထင်းလန်က သူတို့နှင့် ရောက်ရှိလာလေရာ အစောင့်ရဲမက်များသည် သူတို့ဟာ အပြစ်ကင်းစင်သလား မသေချာကြချေ။


တခြားသော မှူးမတ်များသည် ဤအခြေအနေကို ကြုံတွေ့ရသောအခါ အလွန်စိုးရိမ်နေကြပြီး အမတ်ချုပ်ဆွေ့သာလျှင် တောင်တစ်တောင်ကဲ့သို့ လှုပ်ရှားမှုမရှိဘဲ သက်တောင့်သက်သာ ရှိသော ကုလားထိုင်ကြီးတစ်လုံးပေါ်တွင် ထိုင်လျက် လက်ဖက်ရည်ကြမ်း သောက်နေလေသည်။


အမတ်ချုပ်ကြီးဆွေ့နှင့် ရောက်လာသော မှူးမတ်များ : အမတ်ချုပ်ကြီးက တကယ် တစ်ခုခုပဲ!


ဤသည်မှာ ချူထင်းရှိူ့ ရောက်လာချိန် ဖြစ်သည်။


အမူအရာများကို ဖော်ပြလေ့မရှိသော အမတ်ချုပ်ဆွေ့သည် ချူထင်းရှိူ့ကို တွေ့သောအခါ သူ၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားပြီး အခြားမှူးမတ်များလည်း လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။


ထိုသို့ဖြစ်လင့်ကစား ထိုမှူးမတ်များမှာ အရိုအသေပြုကြသည်။ " နှုတ်ခွန်းဆက်သပါတယ် အရှင်မင်းသား။ "


အမတ်ချုပ်‌ကြီးဆွေ့သာလျှင် မလှုပ်ရှားချေ။


အမတ်ချုပ်ဆွေ့က ချူထင်းရှိူ့ကို ကြည့်ပြီး အေးစက်စွာ နှာမှုတ်သည် : " အရှင်မင်းသား၊ မင်း လုပ်ခဲ့တာတွေကို ချီမင်းဆက်ရဲ့ ပြည်သူတွေနဲ့ ချူမျိုးနွယ် ဘိုးဘေးတွေကို ရှင်းပြရဲရဲ့လား? "


ချူထင်းရှိူ့ : " ... " အဲ့ဒါနဲ့ပတ်သက်ပြီး တကယ် စိတ်မကောင်းပါဘူး။


ချူထင်းရှိူ့သည် အမတ်ချုပ်ကြီးဆွေ့၏ ပုံစံကို တွေ့မြင်သောအခါ သူသည် အမတ်ချုပ်ဆွေ့က သူနှင့် အရှင်မင်းကြီးတို့၏ အချစ်ရေးရာကို သိရှိသွားပြီဖြစ်မှန်း သိသွားကာ အားနည်းသွားသကဲ့သို့ စူးရှစွာ ခံစားလိုက်ရသည်။


သို့သော် ဤအခိုက်အတန့်၌ အရှင်မင်းကြီးက ထိခိုက်ထားလေရာ သူသည် အရေးကိစ္စများကို မဖြစ်မနေ တာဝန်ယူရမည်။


ချူထင်းရှိူ့လည်း အမတ်ချုပ်ကြီးဆွေ့ကို မကြည့်ဘဲ စကားပြောလိုက်သည် : " အမတ်မင်းတို့၊ အခု တစ်စုံတစ်ရာ ဖြစ်သွားတော့ နောက်ထပ်ရက်အနည်းငယ်လောက် ဒီရွာမှာ နေဖို့ ငါ အမတ်မင်းတို့ကို ဒုက္ခပေးရတော့မယ်။ မင်းတို့ရဲ့ မိသားစုတွေကို တစ်ခုခုပြောချင်ရင် စာရေးလိုက်ပါ။ ငါ ဖတ်ပြီးရင် မင်းတို့အတွက် စာပို့ပေးမယ်။ "


" မင်း ငါတို့ကို အကျယ်ချုပ်ထားချင်တာလား? " အမတ်ချူပ်ဆွေ့က မေးသည်။


" အမတ်ချုပ်ကြီးက ကိစ္စကို အကျယ်ချဲ့လိုက်မိပြီ။ " ချူထင်းရှိူ့ : " အမတ်ချုပ်ကြီးက ဤရွာထဲမှာ သွားလိုရာ သွားနိုင်ပြီး အရှင်မင်းကြီးနဲ့လည်း တွေ့ဆုံနိုင်ပါတယ်... အရှင်မင်းကြီးရဲ့ ဒဏ်ရာက မပြင်းထန်ပါဘူး။ ရက်အနည်းငယ်အတွင်းမှာ အရှင်မင်းကြီးက အမတ်ချုပ်ကြီးနဲ့အတူ မြို့တော်ကို ပြန်နိုင်ပါလိမ့်မယ်။ "


ချူထင်းရှိူ့သည် မူလအစက ဤလူများထဲမှ လူအချို့ကို ရှင်းလင်းချင်ခဲ့သော်လည်း အလျင်မလိုဟု ခံစားရသဖြင့် ဤလူများကို သိပ်မပြောတော့ပေ။ သူသည် ဤနေရာမှ ထွက်ခွာ၍ ရွာကို စောင့်ကြပ်ရန် တာဝန်ကျသော တော်ဝင်ရဲမက်များနှင့် သွားတွေ့သည်။


လုပ်ကြံသူများ စံအိမ်တော်သို့ ရောက်ရှိလာပြီး အရှင်မင်းကြီး ထိခိုက်ဒဏ်ရာရသွားသော ဖြစ်ရပ်ကို ဤတော်ဝင်ရဲမက်များ သိရှိထားကြပြီး သူတို့သည် ယခုချိန်တွင် စိုးရိမ်ကြောင့်ကြနေကြသည်။ " စစ်သူကြီး၊ မင်း အဆင်ပြေလို့ တော်သေးတယ်! ကျွန်တော်တို့ စိတ်ပူနေတာ မင်း... " စစ်သူကြီး၏ညီမသည် လုပ်ကြံသူများကို ရွာထဲသို့ ခေါ်ဆောင်လာပြီး သူတို့က မတားမြစ်ခဲ့ချေ... စစ်သူကြီးပါ ဆွဲချခံရပြီး ပြဿနာထဲတွင် ပါဝင်အဆုံးသတ်သွားမည်ကို သူတို့ အမှန်တကယ် စိုးရိမ်မိသည်။


အရှင်မင်းကြီးက သူတို့၏ စစ်သူကြီးကို ကယ်တင်ရန်အတွက်နှင့် ထိခိုက်ဒဏ်ရာရသွားသော ဖြစ်ရပ်အတွက်မူ မြင်ကွင်းကို တွေ့မြင်ခဲ့သူများက အဓိပ္ပာယ်မရှိသော စကားများကို မပြောရဲကြသောကြောင့် ပရဝုဏ်အပြင်ဘက်တွင် ရှိနေခဲ့ကြသော သူတို့အားလုံးက မသိကြချေ။


" အရှင်မင်းကြီးက အခြေအနေကို ကောင်းကောင်းသိရှိထားလို့ အပြစ်မဲ့တဲ့ လူတွေကို မှားယွင်းပြီး စွပ်စွဲမှာ မဟုတ်ဘူး။ " ချူထင်းရှိူ့က ဆိုသည်။


ချူထင်းရှိူ့သည် လက်အောက်ငယ်သားများရှေ့တွင် ယန်ကျင်းဇီကို အမြဲတမ်း ချီးကျူးလေ့ရှိပြီး ‌ဤလက်အောက်ငယ်သားများသည် သူ့စကားများနှင့် သဘောတူညီကြသဖြင့် သူတို့သည် စိတ်သက်သာရာရသွားကြကာ ယန်ကျင်းဇီ၏ဒဏ်ရာများကို စတင်၍ ဂရုတစိုက် ဆွေးနွေးကြသည်။


ချူထင်းရှိူ့သည် ယန်ကျင်းဇီ အဆင်ပြေကြောင်း ပြောပြီး လုံခြုံရေးကို ပြန်လည်စီစဉ်ကာ သူတို့ကို လစ်ဟမှုမရှိစွာ ကင်းလှည့်ခိုင်းသည်။ ပြီးနောက် မည်သူ့ကိုမျှ ရွာထဲသို့ ဝင်ရောက်ခွင့်မပြုဘဲ သူတို့အား လူအယောက်တစ်ရာကို ခေါ်ထုတ်လျက် မြင်းများကိုပါ ပြင်ဆင်စေကာ စောင့်ဆိုင်းစေသည်။


ဤလူများသည် လိုလိုလားလားဖြင့် အမိန့်နာခံခဲ့ကြသည်။


ထို့နောက်မှသာလျှင် ချူထင်းရှိူ့သည် သူ့ညီမကို တွေ့ဆုံရန် သွားရောက်ခဲ့သည်။


သူသည် ယခင်က စိတ်ဆိုးလွန်းသဖြင့် သူ့ညီမကို သွားပင် မတွေ့ချင်ခဲ့ပေ... ယခုမူ အဆုံး၌ သူ စိတ်ငြိမ်သွားပြီဖြစ်လေရာ သူ(မ)ကို နောက်ဆုံး သွားတွေ့နိုင်ပြီပင်။


ရွာ၏ မြေတိုက်တွင် အောက်ဆင်းရန် လှေကားအုံပင် မရှိဘဲ လှေကားရှင်သာ ရှိသည်။ ပစ္စည်းမျိုးစုံကို သိုလှောင်ထားမှုကြောင့် အထဲတွင် အနံ့ဆိုးလည်း ထွက်နေသည်။


ချူထင်းရှိူ့လည်း အောက်မဆင်းဘဲ လူများကို မြေတိုက်၏ တံခါးဖုံးကို ဖွင့်ခိုင်းလိုက်ပြီးမှ တွင်းနားတွင် မတ်တပ်ရပ်ကာ နေရာအမြင့်မှ သူ့ညီမကို ကြည့်နေသည်။


" ချူထင်းလန် " ချူထင်းရှိူ့ အော်ခေါ်လိုက်သည်။


ချူထင်းလန်သည် မှောင်မှောင်မည်းမည်း မြေတိုက်ထဲတွင် အကျဉ်းချခံထားရ၍ လုံးဝ ကြောက်ရွံ့နေပြီး ချူထင်းရှိူ့၏ အသံကို ကြားရမှသာ သူ(မ)က ဆတ်ခနဲ လှုပ်ရှားလာသည် : " အစ်ကိုတော် ကျေးဇူးပြုပြီး ညီမလေးကို ထုတ်ပေးပါ။ ကျေးဇူးပြုပြီး... ညီ‌မလေး မှားမှန်း သိပါပြီ။ ညီမလေး အဲ့လိုမဖြစ်စေချင်ခဲ့ပါဘူး... "


ယခင်ကမူ ချူမိသားစုတွင် သူ(မ)၏ ကိုယ်ပိုင်ခြံဝင်းထဲ၌ အကျဉ်းချခံထားရစဉ် သူ(မ) အချိန်အကြာကြီး တောင့်ခံနိုင်ခဲ့သည်။ သို့သော် ဤနေရာတွင်... သူ(မ) နောက်ထပ်တစ်ခဏပင် မနေချင်တော့ပေ!


ချူထင်းလန်သည် ညစ်ပတ်ပေပွနေပြီး မရပ်မနား ငိုကြွေးနေသည်။


ယခင်အတိတ်ကာလ၌ ချူထင်းရှိူ့သည် ကြာမြင့်စွာ ဝမ်းနည်းခဲ့ရသော်လည်း ယခုအချိန်၌မူ သူ လုံးဝ မခံစားရတော့ပေ။


အမှန်တကယ်တော့ သူသည် အလွန်သွေးအေးပြီး အနည်းငယ်သော လူများနှင့် ပစ္စည်းကိစ္စများကိုသာ ဂရုစိုက်သည်။


ချူထင်းရှိူ့က မေးသည်။ " ချူထင်းလန်၊ လုပ်ကြံသူတွေကို ဘယ်သူ ပို့တာလဲ? "


ထိုလုပ်ကြံသူများသည် အပိုင်းပိုင်းအတစ်တစ် ခုတ်ပိုင်းခံလိုက်ရပြီဖြစ်၍ ယခုအချိန်တွင် သူတို့သည် အသေးစိတ်အကြောင်းအရာများကို ချူထင်းလန်၏နှုတ်မှသာ မေးထုတ်နိုင်သည်။


ချူထင်းလန်က မပြောပြချင်ပေ။


ချူထင်းရှိူ့ : " အရှင်မင်းကြီးကို လုပ်ကြံရင် ဘာပြစ်ဒဏ်ခံရလဲ သိလား? မင်း ကြိုးဆွဲချ ကွပ်မျက်ခံချင်လား၊ မြင်းတွေနဲ့ ငါးပိုင်းဖြစ်အောင် အဆွဲခံချင်လား? "


ချူထင်းလန်သည် ဤကိစ္စများကို ယခင်က ကြားဖူးသော်လည်း ၎င်းတို့က သူ(မ)နှင့် အလွန်အလှမ်းဝေးသည်ဟု ခံစားခဲ့ရသဖြင့် သူ(မ) လုံးဝ ဂရုမစိုက်ခဲ့ပေ။ သို့သော် ဤအခိုက်အတန့်၌မူ...


ချူထင်းလန်သည် တုန်ယင်သွားပြီး သူ(မ) သိထားသမျှကို ချက်ချင်း ပြောလာသည်။


ချူထင်းရှိူ့သည် တိတ်တဆိတ် နားထောင်ပြီး အလုံးစုံကို မှတ်သားထားလိုက်သည်။


ချူထင်းလန်သည် သိပ်မသိသော်လည်း ၎င်းက ကိစ္စအချို့ကို စိစစ်ရန်အတွက်တော့ လုံလောက်သည်။


" ကျန်သေးလား? " ချူထင်းရှိူ့က မေးသည်။


" မကျန်တော့ဘူး။ " ချူထင်းလန်က ငိုကြွေးသည်။ " အကုန်လုံး ပြောပြပြီးပါပြီ။ ညီမလေး တကယ် ‌မမျှော်လင့်ထားခဲ့... "


ချူထင်းရှိူ့ လှည့်ထွက်သွားသည်။


ဤသည်ကို မြင်သော် ချူထင်းလန်က အော်ဟစ်လေသည်။ : " အစ်ကို! အစ်ကိုတော်! "


သို့ရာတွင် ချူထင်းရှိူ့က သူ(မ)ကို မတုံ့ပြန်ဘဲ အခြားတစ်ယောက်က ရောက်လာပြီး မြေတိုက်အဖုံးကို သူ(မ)အတွက် ပိတ်ပေးသွားသည်။


ခပ်အုပ်အုပ် ငိုကြွေးသံများက မြေတိုက်ထဲမှ ထွက်လာသော်ငြား ဘယ်သူမှ သူ(မ)ကို ဂရုမစိုက်ချေ။


ချူထင်းရှိူ့သည် ထိုနေရာမှ ထွက်လာပြီး သူ့လူတချို့ကို ခေါ်၍ မြို့တော်သို့ သွားသည်။


သူသည် မြို့တော်ရှိ တော်ဝင်ရဲမက်များကို ဦးစွာ ဆင့်ခေါ်ခဲ့ပြီး‌နောက် ဤလူများကို ခေါ်၍ များစွာသော အိမ်ခြံဝင်းကျယ်ကြီးများကို တိုက်ရိုက်ဝိုင်းရံလျက် လူများကို ဖမ်းဆီးလေသည်။


ဤသည်ကို သူ ဆောင်ရွက်သည်မှာ ပထမဆုံးအကြိမ် မဟုတ်တော့။ သူ အရမ်းကျွမ်းကျင်နေပြီ!


သို့ရာတွင် ယန်ကျင်းဇီကမူ သိပ်ပျော်မနေပေ။


သူ ဒဏ်ရာနာလို့ နိုးလာပေမယ့် သူ့စစ်သူကြီးက သူ့အနားမှာ မရှိတော့ဘူး!


သူ့စစ်သူကြီးက သူ့ကို မချစ်တော့ဘူးလား? ဘာလို့ သူ့အနားမှာ မရှိတော့တာလဲ!


" ထင်းရှိူ့ ဘယ်မှာလဲ? " ယန်ကျင်းဇီသည် ဝမ်ကျုံးကို အနားခေါ်လိုက်သည်။


" ချူစစ်သူကြီးက မြို့တော်ကို ပြန်သွားပြီး အရှင်မင်းကြီးကို လုပ်ကြံမှုရဲ့ နောက်ကွယ်က လူကို ဖမ်းဆီးနေလောက်ပါပြီ။ " ဝမ်ကျုံးက ဖြေသည်။


အဲ့လိုကိုး... ယန်ကျင်းဇီက ထပ်မေးပြန်သည်။ " သူ ဒီတစ်ချိန်လုံး ဘာလုပ်နေခဲ့လဲ? "


ဝမ်ကျုံးက ချူထင်းရှိူ့ လုပ်ဆောင်ခဲ့သည်များကို တစ်ခုချင်းစီ ပြောပြသည်။


" သူက ချူထင်းလန်ကို မြေတိုက်ထဲ အကျဉ်းချခိုင်းထားတာလား? " ယန်ကျင်းဇီ အနည်းငယ် အံ့ဩသွားသည်။


" ဟုတ်မှန်လှကြောင်းပါ အရှင်မင်းကြီး " ဝမ်ကျုံးက ဆိုသည်။


" သူက တကယ်ပဲ ငါ့ကို အချစ်ဆုံးပဲ။ " ထို့နောက် ယန်ကျင်းဇီက သက်ပြင်းချပြီး ဆက်ပြောသည်။ " ချူထင်းလန်ကို စစ်မေးပြီးသွားပြီဆိုတော့ အသုံးမဝင်တော့ဘူး။ သူ(မ)ကို ပင်းဝမ်စီ ပို့လိုက်။ "


သူ့ကို ထိခိုက်စေချင်သော သူ့ညီတော်မှာ အသတ်မခံခဲ့ရဘဲ ယခု ချူထင်းလန်၏ ညီမကလည်း သူ့ကို ထိခိုက်စေချင်လေရာ သူသည် သူ(မ)ကို သတ်ရန် အလျင်မလိုချေ။


ဆိုလိုသည်မှာ... ဤလူနှစ်ယောက်က အလွန်ချစ်ခင်မြတ်နိုးကြမှတော့ သူတို့ကို အတူတကွ ပေါင်းစည်းပေးပြီး ကုန်ထုတ်လုပ်ခိုင်းလိုက်မည်။


ချူထင်းလန်က ပင်းဝမ်အကြောင်းပဲ တွေးနေတာမလား? သူ(မ)က ကိုယ်လုပ်တော်တစ်ဦးအဖြစ် ပင်းဝမ်စီသို့ သွားရောက်ရန် ဆန္ဒရှိပေလိမ့်မည်။


သူ(မ) အကျဉ်းချခံဘဝနှင့် နေနိုင်မည်လား ဆိုသည်ကိုတော့ မသိ။


သူသည် ပင်းဝမ်အပေါ် လုံးဝ သဘောမကောင်းပေ။ ပင်းဝမ်၏ အစားအသောက်များမှာ အတော်ညံ့ဖျင်းသည်။


" မှန်လှပါ အရှင်မင်းကြီး " ဝမ်ကျုံးက ဖြေကြားသည်။


ယန်ကျင်းဇီက ဆိုသည် : " စောင့်ကြည့်ဖို့ လူရှာထား။ သူ(မ)ကို မသေစေနဲ့။ အနာဂတ်မှာ သူ(မ) ကလေးမွေးနိုင်ခဲ့ရင် အပြင်ထုတ်ပြီး သူများတွေကို မွေးခိုင်းလိုက်။ မျိုးရိုးနာမည်ကတော့ ချူပဲ ဖြစ်လိမ့်မယ်။ "


မူလက သူသည် ချူထင်းလန်၏ ကလေးကို ချူမိသားစုစီ လွှဲပြောင်းပေးချင်ခဲ့သည်။ ထိုကလေးသည် ထိုအနာဂတ်၌ မြို့စားအဖြစ် ဘွဲ့ဂုဏ်ထူး ချီးမြှင့်ခံရသည်မှာ မဖြစ်နိုင်သော်လည်း မှူးမတ်အဖြစ်တော့ ပြဿနာမရှိချေ။


ယခုလား? ချူထင်းလန်၏ ကလေးက မှူးမတ်အဖြစ် ဘွဲ့ဂုဏ်ထူး မချီးမြှင့်ခံရနိုင်တော့ပေ။ အချိန်ကျလာသောအခါ ချူထင်းရှိူ့၏ သွေးဝေးသော ဆွေမျိုးနီးစပ်တစ်ယောက်ထံမှ ကလေးဟု ဆိုကာ အနိမ့်ဆုံးဘွဲ့ဂုဏ်ထူးတစ်ခုကို သာမန်ကာလျှံကာ ပေးလိုက်မည်။


ချူမိသားစုအတွက် သားသမီးမြေးဆက်တစ်ဦး ချန်ထားပေးသည်ဟု စဉ်းစားလိုက်ရုံပင်။ ထိုသို့ဆိုလျှင် အနာဂတ်၌ ချူမိသားစု၏ ဘိုးဘေးများသည် သူတို့ကို ပူဇော်ပသမည့် တစ်စုံတစ်ယောက် ရှိပေလိမ့်မည်။


ဝမ်ကျုံးက ထပ်မံ အမိန့်နာခံလိုက်ပြန်သည်။


ချူထင်းရှိူ့က အနားမှာ မရှိပေ။ မှောက်လျက်လှဲနေရသည်ကလည်း အလွန် အဆင်မပြေဖြစ်သည်... ယန်ကျင်းဇီ တစ်စုံတစ်ခုကို စားလိုက်ပြီး မှင်တက်လျက် အိပ်ပျော်သွားပြန်သည်။


ယန်ကျင်းဇီ ပြန်နိုးလာသောအခါ နောက်တစ်နေ့ မနက်ခင်း ဖြစ်နေပြီဖြစ်သည်။


သူ နိုးလာသည်နှင့်တပြိုင်နက် တစ်စုံတစ်ယောက်က အနားတွင် ရှိနေသည်ဟု ခံစားလိုက်ရသည်။ သူသည် ချူထင်းရှိူ့အား လျင်မြန်စွာ ဆွဲယူ၍ သူ့လက်မောင်းများဖြင့် ဖက်တွယ်လိုက်သည်။


ချူထင်းရှိူ့ ရေချိုးပြီးခါစသာ ရှိသေးသည်မှာ သေချာပြီး သူ့ကိုယ်ပေါ်တွင် လန်းဆန်းသော ရနံ့တစ်ခု ရှိလျက် သူ့ဆံနွယ်များမှာ အနည်းငယ် ရေစိုနေသေးသည်... ထို့နောက် ယန်ကျင်းဇီ ခေါင်းလှည့်ရန် ကြိုးပမ်း၍ ကြည့်လိုက်သည်။


" အရှင်မင်းကြီး။ " ချူထင်းရှိူ့သည် ယန်ကျင်းဇီ၏အနားတွင် ပလုတ်ခနဲ လှဲချလိုက်သည် : " အရှင်မင်းကြီး ဘယ်လိုနေလဲ? "


" တော်တော်ကောင်းတယ်။ " ယန်ကျင်းဇီက ဆိုသည်။ " နောက်နှစ်ရက်ဆို ကိုယ် သက်သာသွားမှာ သေချာတယ်။ "


" အင်း... " ချူထင်းရှိူ့၏ အသံမှာ တိုးနေသည်။


" မင်း ကိုယ့်ကို နမ်းရင် သေချာပေါက် ကိုယ် မြန်မြန်လေး ပိုသက်သာလာလိမ့်မယ်။ " ယန်ကျင်းဇီက ပြောသည်။


ချူထင်းရှိူ့က တန့်သွားပြီး ယန်ကျင်းဇီကို နမ်းလာသည်။


ယန်ကျင်းဇီသည် ပြုံးလိုက်ပြီး သူ့လက်များက ချူထင်းရှိူ့၏ အဝတ်အစားများထဲသို့ ဝင်ရောက်လာ၏။


" အရှင်မင်းကြီး! " ချူထင်းရှိူ့ စိုးရိမ်သွားသည်။


ထို့နောက် ယန်ကျင်းဇီက ပြောလာသည်။ " ကိုယ် မင်းကို ကိုယ့်လက်တွေကို သုံးပြီး ကူညီပေးမယ်လေ? "


ချူထင်းရှိူ့ : " ... "


ချူထင်းရှိူ့ လှဲမနေနိုင်တော့ဘဲ အလျင်စလို ထရပ်လိုက်သည် : " အရှင်မင်းကြီး! "


" ဘာဖြစ်လို့လဲ? " ဆန့်ကျင်ဘက်အားဖြင့် ယန်ကျင်းဇီတွင် အပြစ်ကင်းစင်မှုများနှင့် ပြည့်နှက်နေလေသည်။


ချူထင်းရှိူ့ ဘာများလုပ်နိုင်ပါ့မလဲ? သူသည် ယခင်က အလွန်ရူးသွပ်ခဲ့ပြီး အရှင်မင်းကြီးက သူ့အား နေ့စဉ်နေ့တိုင်း 'ထိုကိစ္စ' မရှိဘဲ မနေနိုင်သူအဖြစ် မှတ်ယူထားလောက်သည်...


သူက တကယ် အဲ့လိုမဟုတ်ပါဘူးဆို!


အမှန်ဆိုလျှင် သူသည် အိပ်ရာထဲတွင် လုံးထွေးယှက်ငြိခြင်းထက် ယန်ကျင်းဇီနှင့် အတူလှဲလျက် စကားပြောရသည်ကို ပိုနှစ်သက်သည်။


" အရှင်မင်းကြီး၊ သမားတော်ဟူက မလှုပ်ရှားဖို့ ပြောသွားပါတယ်။ " ချူထင်းရှိူ့ သက်ပြင်းချလိုက်သည်။


" လှုပ်ရှားလို့မရတာက ကိုယ်လေ။ မင်းက လှုပ်ရှားလို့မရတာမှ မဟုတ်တာ။ "


" အဲ့ဒါလည်း အဆင်မပြေပါဘူး... စကားမစပ် အရှင်မင်းကြီး ငါ လူတချို့ကို ဖမ်းဆီးခဲ့တယ်။ " ချူထင်းရှိူ့သည် အလျင်စလို စကားလမ်းကြောင်းပြောင်းလိုက်သည်။


ယန်ကျင်းဇီသည် ချူထင်းရှိူ့၏ တွန့်ဆုတ်မှုကို တွေ့သောအခါ သူက ဝမ်းနည်းစွာ သက်ပြင်းချပြီး ညီလာခံ၏ အခြေအနေနှင့်ပတ်သက်၍ ဆွေးနွေးပြောဆိုကြသည်။


နောက်ပိုင်းတွင် ချူထင်းရှိူ့က ရုတ်တရက် မေးမြန်းသည် : " အရှင်မင်းကြီး၊ မင်းနဲ့ ငါ အတူရှိရင် ကလေးရှိလာမှာ မဟုတ်ဘူး။ အနာဂတ်မှာ... "


" ဘာကြောက်တာလဲ? အနာဂတ်မှာ ယုံဝမ်မှာ ကလေးတွေ ရှိလာရင် သူ့ကို တစ်ယောက်လောက် လွှဲပြောင်းခိုင်းလိုက်။ သူ သေချာပေါက် ပျော်ရွှင်မှာပဲ။ " ယန်ကျင်းဇီက စဉ်းစားစရာမလိုဘဲ ပြောသည် : " ဒါပေမယ့် လောစရာမလိုပါဘူး။ အနာဂတ်မှာ သူ့မြေးကို နန်းပလ္လင်လွှဲပေးရမှာလည်း ဖြစ်နိုင်တယ်။ "


ကလေးရဲ့ စောစီးစွာ ထီးနန်းဆက်ခံမှုက ပြဿနာဖြစ်နိုင်တယ်!


တုန့်ဆိုင်းမှုမရှိသော အဖြေကို ရရှိလိုက်သဖြင့် ချူထင်းရှိူ့သည် သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ဘဲ ယန်ကျင်းဇီကို နမ်းလိုက်သည်။


ယန်ကျင်းဇီ : " ... " စောနက သူ့စစ်သူကြီးရဲ့ ထိန်းထားတဲ့ ပုံစံက အတုမှန်း သူ သိသားပဲ! အခုတော့ သူ့အလှကို တောင့်တဖို့ အချိန်ကျလာပြန်ပြီလေ!