ယန်ကျင်းဇီ၏ ဒဏ်ရာမှာ မပြင်းထန်ဘဲ သမားတော်ဟူက သမားတော်ကောင်းတစ်ဦး ဖြစ်ပြီး သူ၏ ဒဏ်ရာများကို ကောင်းမွန်စွာ ကုသနိုင်သောကြောင့် ရက်အနည်းငယ် ကြာပြီးနောက် ယန်ကျင်းဇီသည် ပြန်လည်သက်သာလာသည်။
ကံမကောင်းစွာဖြင့် လူတိုင်းက သူ့ကို လှုပ်ရှားခွင့်မပြုဘဲ သူ့ခုတင်ပေါ်တွင်သာ အတင်းနေခိုင်းကြသည်။
ဤကိုယ်ဟန်နေထား... တစ်ခါတစ်ရံ တစ်ညတာ လှဲနေရသည်မှာ အဆင်ပြေပြီး အနေရမခက်သော်လည်း အချိန်အတော်ကြာပြီးနောက် ၎င်းမှာ တကယ့်ကို နာကျင်လာသည်။ ယန်ကျင်းဇီသည် ဤသို့လှဲနေရသောကြောင့် သူ့ကိုယ်သူ လိပ်တစ်ကောင်နှင့်တူသည်ဟု ခံစားရလေသည်။
ခဏ၊ သူ့ကိုယ်သူ လိပ်နဲ့တူတယ်လို့ ပြောတာ မကောင်းဘူးလားလို့?
သို့ရာတွင် ယန်ကျင်းဇီသည် ဗိုက်ကိုဖိ၍ လှဲလျောင်းနေရခြင်းမှာ အလွန်နေရခက်သော်လည်း အရမ်းတော့ မနာပေ။ သူ့စစ်သူကြီးက သူ့အနားတွင် အမြဲရှိနေပြီး သူ့အတွက် ကိုယ်တိုင်ကိုယ်ကျ ဟင်းချက်ပေးကာ ဆေးကျိုပေးသည်။
ယန်ကျင်းဇီ ဆေးသောက်ချင်စိတ် ရှိလာရန်အတွက် ချူထင်းရှိူ့သည် သူ့အတွက် ကိုယ်တိုင်ကိုယ်ကျ ဆေးကျိုပေးသည်။
ယန်ကျင်းဇီသည် ခေါက်ထားသော အိပ်ရာဖုံးပေါ်တွင် လှဲနေပြီး သူ့ရှေ့မှ ဆေးပန်းကန်ကို ကူရာမဲ့မျက်နှာနှင့် ကြည့်နေသည် : " မသောက်တော့လို့ရမလား? ကိုယ့်မှာ စိတ်ဒဏ်ရာ ရှိလာပြီ။ ဆေးပဲလိမ်းပါ။ ဘာလို့ ကိုယ်က ဆေးသောက်ရမှာလဲ? "
" အရှင်မင်းကြီး ဒီဆေးက သွေးနှင့် ခန္ဓာကိုယ်ကို အားဖြစ်စေပါတယ်။ " ချူထင်းရှိူ့က ဆိုသည်။
အမှန်တကယ်တော့ သူသည် ယခင်က ထိခိုက်ဒဏ်ရာရလျှင် ရွှေရောင်ဒဏ်ရာလူးဆေးတချို့ကို ပွတ်လိမ်းလိုက်ရုံနှင့် ပြီးသွားသော်လည်း ယန်ကျင်းဇီကတော့ မတူပေ။
သူသည် ယန်ကျင်းဇီ၏ဒဏ်ရာများ ဖြည်းညှင်းစွာ သက်သာလာမှုကို အမြဲစိုးရိမ်နေပြီး နောက်ထပ် ဆေးပန်းကန်အနည်းငယ်ကို ယန်ကျင်းဇီ သောက်ရန် စိတ်စောနေသည်။
" ကိုယ် မသောက်ချင်ဘူး။ " ယန်ကျင်းဇီက ပြောသည်။
" ဘာကများ အရှင်မင်းကြီးကို ဆေးသောက်စေချင်မလဲ? " ချူထင်းရှိူ့က မေးသည်။
" မင်း ကိုယ့်ကို ချော့လေ။ " ယန်ကျင်းဇီက ဆိုးသွမ်းစွာ ပြုံးပြသည်။
ချူထင်းရှိူ့ : " ... "
ချူထင်းရှိူ့ ဘာများလုပ်နိုင်ပါ့မလဲ? သေချာတာပေါ့၊ ချော့ရမယ်!
ချော့မော့ခြင်းအတွက်မူ...
နမ်းခြင်းနှင့် ပွေ့ဖက်ခြင်းတို့မှာ အဆန်းမဟုတ်ဘဲ အဆုံး၌ သူသည် အဝတ်ချွတ်ရန် ယန်ကျင်းဇီထံမှ လှည့်စားခံရပြီး အိပ်ရာဖုံးများအောက်သို့ ရောက်ရှိသွားလေသည်။
လူက ရင်ခွင်ထဲ ရောက်နေပြီ... ယန်ကျင်းဇီသည် ဆေးကို တကျိုက်တည်း မော့သောက်လိုက်ပြီး ခြေတစ်ဖက်နှင့် လက်တစ်ဖက်တို့က ချူထင်းရှိူ့ကို ဖိထားသည် : " ကောင်းပြီ။ မင်း မသွားနဲ့တော့။ ကိုယ့်ကို တမှေးအိပ်ဖို့ အဖော်ပြုပေးပါဦး။ "
မကြာသေးမီက မြို့တော်တွင် ကိစ္စအများအပြား ရှိနေရာ သူ အိပ်ပျော်နေချိန်တွင် ချူထင်းရှိူ့သည် ဖြေရှင်းရန် မကြာခဏ အပြင်ထွက်လေ့ရှိသည်။ ချူထင်းရှိူ့သည် မနေ့ညက မြို့တော်သို့ အမြန်ပြန်သွားခဲ့ပြီး မနက်အစောကြီး အမြန်ပြန်လာသည်... သူသည် တစ်ညလုံး မအိပ်ရသေးဘဲ ယခု အလွန်ပင်ပန်းနေလောက်ပြီဖြစ်သည်။
ချူထင်းရှိူ့သည် ယန်ကျင်းဇီကို ခဏတဖြုတ် ငေးကြည့်နေပြီး မျက်လုံးမှိတ်လိုက်သည်။
အရှင်မင်းကြီးနှင့် အတူအိပ်စက်ရခြင်းမှာ ပျော်စရာအကောင်းဆုံးကိစ္စ ဖြစ်သည်။
ချူထင်းရှိူ့သည် မကြာမီ အိပ်ပျော်သွားလေသည်။ ဤရက်များအတွင်း ယန်ကျင်းဇီသည် အနည်းငယ် ပိုအိပ်ထားပြီး အိပ်ချင်စိတ်မရှိသဖြင့် ခုတင်မှ စာအုပ်အနည်းငယ်ကို ယူ၍ စာဖတ်လိုက်သည်။
စာဖတ်နေစဉ် သူလည်း အိပ်ပျော်သွားခဲ့သည်။
ယန်ကျင်းဇီ သူ့စစ်သူကြီးကို ဖက်လျက် အိပ်ပျော်နေစဉ် ရွာထဲတွင် အကျယ်ချုပ်ခံထားရသော အမတ်ချုပ်ကြီးဆွေ့တွင် စိတ်တုန်လှုပ်မှုများ တိုးမြင့်လာသည်။
မှူးမတ်များသည် ရွာမှ ထွက်ခွာခွင့်မရသော်လည်း ရွာထဲတွင် လွတ်လွတ်လပ်လပ် သွားလာနိုင်ပြီး အစားအစာနှင့် အထောက်အပံ့များမှာ ကောင်းမွန်ကာ နေထိုင်မှုမှာ အလွန် သက်တောင့်သက်သာ ရှိလှသင့်ပေသည်။
သို့သော် ချူထင်းရှိူ့နှင့် ယန်ကျင်းဇီတို့ အတူအိပ်မှန်း ကြားသိရကတည်းက သူသည် အလွန့်အလွန် စိတ်တုန်လှုပ်ရတော့သည်။
သူသည် ရူးမိုက်ပြီး သစ္စာစောင့်သိသော မှူးမတ်မျိုး မဟုတ်လေဘဲ အနည်းဆုံးတော့ ဘွားတော်ကြီး ရှိစဉ်က ဘွားတော်ကြီး၏ဘက်သို့ မဝင်ခဲ့သော်ငြား သူ့အသက်နှင့် အာဏာတို့အတွက် သူသည် ဘွားတော်ကြီးကို မဆန့်ကျင်ခဲ့ပေ။
သို့ရာတွင် ထိုသို့ဆိုလျှင်တောင်မှ ဤကိစ္စကို ကြားသိရသောအခါ သူ့အတွက် လက်ခံရန် ခက်ခဲသေးသည်။
အထူးသဖြင့် လွန်ခဲ့သော ရက်အနည်းငယ်က သူသည် အပြင်မှ ပြန်လာသည့် သွေးများစိုရွဲနေသော ချူထင်းရှိူ့နှင့် မထင်မှတ်ဘဲ ပက်ပင်းတိုးမိခဲ့သည်။
ထိုအချိန်၌ ချူထင်းရှိူ့သည် နတ်ဆိုးတစ်ကောင်နှင့် တူလေရာ သူ့အား ခိုက်ခိုက်တုန်စေခဲ့၏။
ထိုသို့သော လူက နန်းညီလာခံကို ချုပ်ကိုင်ထားတာ အမှန်တကယ် ကောင်းမွန်ရဲ့လား?
အမတ်ချုပ်ကြီးဆွေ့သည် ယန်ကျင်းဇီနှင့် တွေ့ဆုံစကားပြောချင်ခဲ့သော်လည်း ယန်ကျင်းဇီက အနားယူနေဆဲဖြစ်ပြီး ဘယ်သူ့ကိုမှ မတွေ့ပေ။
နောက်ပိုင်း သူသည် ယန်ကျင်းဇီက ဒုက္ခရောက်နေသည်လော သို့မဟုတ် ချူထင်းရှိူ့က အပြည့်အဝထိန်းချုပ်ထားသည်လော စတင်သံသယဝင်မိလာသည်...
အမတ်ချုပ်ကြီးဆွေ့ စဉ်းစားမိလေလေ သူ ပိုပိုပြီး ကြောက်ရွံ့စိုးရိမ်မိလေလေ ဖြစ်လာ၏။
ကံကောင်းစွာဖြင့် နောက်တစ်ရက် ကုန်ဆုံးသွားပြီး ယန်ကျင်းဇီက သူ့ကို တွေ့ရန် မေးမြန်းလေသည်။
ယန်ကျင်းဇီသည် ယခုအခါ မှောက်လျက် လှဲစရာမလိုတော့ဘဲ ဘေးတစောင်းလှဲနိုင်ပြီဖြစ်သည်။
သူသည် နူးညံ့သော အမွေးပွစောင်ထည်ကို မှီ၍ ဘေးတစောင်းလှဲနေပြီး အမတ်ချုပ်ကြီးဆွေ့ ရောက်လာသည်ကို တွေ့သောအခါ သူသည် ကုလားထိုင်တစ်လုံးကို ရွှေ့ခိုင်းလိုက်သည်။
အရိုအသေပေးပြီးနောက် အမတ်ချုပ်ကြီးဆွေ့သည် ကုလားထိုင်ပေါ်တွင် ထိုင်ပြီး ထိုအခါမှသာ သူက ယန်ကျင်းဇီကို ကြည့်လာသည် : " အရှင်မင်းကြီး ဒဏ်ရာသက်သာပါရဲ့လား? "
" ဒီဒဏ်ရာက မပြင်းထန်တော့ဘူး။ နောက်ထပ်ရက်အနည်းငယ်ပဲ အနားယူဖို့လိုတယ်။ " ယန်ကျင်းဇီက ဆိုသည်။
အမတ်ချုပ်ကြီးဆွေ့သည် သေချာကြည့်လိုက်ပြီး ယန်ကျင်းဇီဟာ သွေးရောင်လွှမ်းနေပြီး တောက်ပနေကာ ချောမောလျက် အပြင်းအထန် နေမကောင်းဖြစ်နေသူနှင့် မတူကြောင်း တွေ့လိုက်ရသည်... သူသည် ယန်ကျင်းဇီ၏ဒဏ်ရာမှာ အမှန်တကယ် မပြင်းထန်ကြောင်း သဘောပေါက်သွားသည်။
ဤသည်ကိုတွေ့သော် အမတ်ချုပ်ကြီးဆွေ့သည် စိတ်သက်သာရာရသွားသော်လည်း ချူထင်းရှိူ့ကို တွေးမိသောအခါ သူ့မျက်နှာမှာ မသာမယာ ပြန်ဖြစ်သွား၏။
အမတ်ချုပ်ကြီးဆွေ့သည် သူ့ကိုယ်သူ မည်သို့ကာကွယ်ရမည်ကို သိသည်။ သဘာဝကျစွာပင် သူသည် ယန်ကျင်းဇီ၏ရှေ့တွင် ချူထင်းရှိူ့၏အပြစ်များကို တည့်တိုးပြောလိမ့်မည်မဟုတ်ဘဲ သူသည် ယန်ကျင်းဇီနှင့် အုပ်ချုပ်ရေးအကြောင်း ဦးစွာ ဆွေးနွေးပြီးမှ စတင်စကားပြောလေသည်။
စကားပြောနေစဉ် သူသည် ကျမ်းစာများကို ကိုးကား၍ ချူထင်းရှိူ့ကို သတိထားရန်နှင့် ခံစားချက်များဖြင့် ဖုံးလွှမ်းမနေရန် အကြိမ်ပေါင်းများစွာ ယန်ကျင်းဇီကို စောင်းပါးရိပ်ခြည်ပြောဆိုသည်။
ယန်ကျင်းဇီသည် အစက နားမလည်သော်လည်း နောက်ပိုင်း သတိထားမိသွားပြီး နောက်တစ်ကြိမ် နားထောင်လိုက်ရပြီးနောက် သူ အနည်းငယ် ရယ်ချင်သွားသည်။
အမတ်ချုပ်ကြီးဆွေ့က သူနှင့် ချူထင်းရှိူ့တို့၏ ဆက်ဆံရေးကို သိထားသည်မှာ ထင်ရှားပြီး ချူထင်းရှိူ့ကို မင်းဧကရာဇ်အား အကွက်ချ၍ ထီးနန်းကို လုယူချင်သော အကြံကြီးသူအဖြစ် သတ်မှတ်ထားပုံရသည်။
" အမတ်ချုပ်ကြီး သွယ်ဝိုက်ပြီးမပြောကြရအောင်။ အမတ်ကြီးက ကိုယ်တော်နဲ့ ချူထင်းရှိူ့ရဲ့ ဆက်ဆံရေးကို သိထားတယ်မလား? " ယန်ကျင်းဇီ တည့်တိုးမေးလိုက်သည်။
အမတ်ချုပ်ကြီးဆွေ့သည် ယန်ကျင်းဇီက အလွန်တည့်တိုးပြောလိမ့်မည်ဟု မမျှော်လင့်ထားဘဲ မည်သို့ဖြေကြားရမည်ကို တစ်ခဏတာ မေ့လျော့သွားသည်။
ဆန့်ကျင်ဘက်အားဖြင့် ယန်ကျင်းဇီက ပြုံးလေသည်။ " အမတ်ချုပ်ကြီး၊ ကိုယ်တော်နဲ့ ချူထင်းရှိူ့တို့က အချင်းချင်း ချစ်မြတ်နိုးကြပြီး တစ်ယောက်နဲ့တစ်ယောက် မခွဲခွာဘဲ တစ်သက်လုံး အတူတူရှိနေဖို့ ဆုံးဖြတ်ပြီးသွားကြပြီ။ "
အမတ်ချုပ်ကြီးဆွေ့ : " အရှင်မင်းကြီး! "
" အမတ်ချုပ်ကြီး နောက်ထပ်ဖျောင်းဖျစရာမလိုတော့ဘူး။ " ယန်ကျင်းဇီက တည်ငြိမ်ပြတ်သားသည်။
ဤသည်ကိုကြားသော် အမတ်ချုပ်ကြီးခမျာ ပိုမိုစိုးရိမ်သွားပြီး မတ်တပ်ထရပ်လိုက်မိသည်။ " အရှင်မင်းကြီး ချူထင်းရှိူ့စီက လှည့်စားမခံပါနဲ့! "
" ချူထင်းရှိူ့စီက လှည့်စားခံရတယ်? " ယန်ကျင်းဇီ အေးခဲသွားပြီး ရုတ်တရက် သဘာပေါက်သွားသည်... အမတ်ချုပ်ကြီးဆွေ့သည် တစ်စုံတစ်ခုကို နားလည်မှုလွဲနေပေလိမ့်မည်။
အမတ်ချုပ်ကြီးဆွေ့သည် ယန်ကျင်းဇီထံသို့ ဦးညွတ်လာသည် : " တကယ့်အချက်က အရှင်မင်းကြီး အမျိုးသားတွေကို သဘောကျတယ်ဆိုရင်တောင် ရွေးချယ်စရာတွေ အများကြီးရှိတယ် ဆိုတာပါပဲ။ ဒါဆို ဘာလို့ ချူထင်းရှိူ့ကို ရွေးချယ်တာလဲ? သူက အရှင့်အသက်ကို ကယ်ခဲ့ရုံနဲ့ ဒီလိုမျိုး သွေးဆောင်ဖြားယောင်းထားတာ... အမတ်ချုပ်ကြီးဆွေ့ အမှန်တကယ် မေးချင်သော မေးခွန်းမှာ 'အရှင်က ဘာလို့ သူများတွေကို အောက်ကျို့နေတာလဲ?' ဖြစ်သည်။
ယန်ကျင်းဇီသည် အမတ်ချုပ်ကြီးဆွေ့အား ပြောစရာစကားမဲ့လျက် ကြည့်နေမိသည်။ " အမတ်ချုပ်ကြီး တစ်ခုခုအထင်လွဲနေမှာကို ကိုယ်တော် စိုးရိမ်မိတယ်။ "
အမတ်ချုပ်ကြီးဆွေ့ အံ့အားသင့်သွားမိသည်။ ယန်ကျင်းဇီနဲ့ ချူထင်းရှိူ့တို့က ဘာမှမသက်ဆိုင်ကြတာ ဖြစ်နိုင်လား? အဲ့လိုမဟုတ်ရင် နားလည်မှုလွဲနေတယ်လို့ အရှင်မင်းကြီးက ဘာလို့ပြောမှာလဲ?
" ကိုယ်တော်နဲ့ အတူရှိချင်လာအောင် ချူထင်းရှိူ့ကို ချော့မော့ဖို့ ကိုယ်တော် အတော်အားထုတ်ခဲ့ရတာ။ " ယန်ကျင်းဇီက ဆိုသည်။ ချူထင်းရှိူ့က သူ့ကို သွေးဆောင်တယ်လား? ရယ်ရလွန်းတယ်။ သူက ချူထင်းရှိူ့ကို သွေးဆောင်ခဲ့တာမှန်း သိသာနေတာကို!
အမတ်ချုပ်ကြီးဆွေ့ : " ... " အရှင်မင်းကြီးရဲ့ ချူထင်းရှိူ့ကို နှစ်သက်မှုက ဒီလောက်တောင် နက်ရှိုင်းနေပြီလား?
" ကိုယ်တော်တို့နှစ်ယောက်ကို အမတ်ချုပ်ကြီး ဂရုစိုက်စရာမလိုတော့ဘူး... သူက ကိုယ်တော့်ရဲ့ လက်တွဲဖော်၊ တစ်ဦးတည်းသော လက်တွဲဖော်ဆိုတာပဲ အမတ်ကြီး သိထားသင့်တယ်။ " ယန်ကျင်းဇီ ပြောလိုက်သည်။
ပင်ကိုစရိုက်တွင် ကြီးမားစွာ ပြောင်းလဲပြီးနောက် လူအများအပြားသည် ယန်ကျင်းဇီ၏ ဩဇာရောင်ဝါမှာ သာမန်ထက် အလွန်ထူးကဲပြီး ကြောက်လန့်ဖွယ်ကောင်းသည်ဟု ခံစားကြရသည်။ သို့သော် ယန်ကျင်းဇီ၌ အမှန်တကယ်ပင် မင်းဧကရာဇ်၏ ဩဇာပြည့်လျှမ်းသော ရောင်ဝါအပြင် သာမန်ထက် အလွန်ထူးကဲသော ရောင်ဝါတစ်ခု ရှိလေသည်။
အမတ်ချုပ်ကြီးဆွေ့သည် အတွေ့အကြုံများပြီး ဗဟုသုတကြွယ်ဝသော မှူးမတ်တစ်ဦးသာ ဖြစ်သဖြင့် ယန်ကျင်းဇီက အင်အားကြီးမားပြီး ပုန်းကွယ်နေသည်ဟု ခံစားမိသော်လည်း ဒူးထောက်ကျပြီး ကိုးကွယ်ရသည့်အထိ လှည့်ဖြားနိုင်လောက်အောင်တော့ အလွန်မများပြားသောကြောင့် ဤအချိန်တွင် သူက မကြောက်ရွံ့ပေ : " အရှင်မင်းကြီး၊ ၎င်းကို ခွင့်မပြုထားပါဘူး! "
" အမတ်ချုပ်ကြီးဆွေ့၊ အသင်က နှစ်ပေါင်းများစွာ သဘောပေါက်လွယ်လာခဲ့တာ အနာဂတ်မှာလည်း ဒီလိုပဲဆက်ဖြစ်သင့်တယ်။ အသက်ကြီးလာပြီး ကိုယ့်ဒုက္ခ ကိုယ် မရှာသင့်ဘူး။ " ယန်ကျင်းဇီက ဆိုသည် : " ကိုယ်တော်က ချူထင်းရှိူ့ကို လိုချင်တယ်။ ကိုယ်တော် သေချာပေါက် သူ့ကို အရယူပြီး ဘယ်တော့မှ လက်လွှတ်ပေးမှာမဟုတ်ဘူး။ "
အမတ်ချုပ်ကြီးဆွေ့၏ မျက်နှာမှာ ပြောင်းလဲသွားပြီး သူက မော့ကြည့်လာကာ တံခါးအပြင်ဘက်ကို ဆုံးဖြတ်ချက်ပြတ်သားခိုင်မာစွာ ကြည့်ရှုနေသော ယန်ကျင်းဇီကို တွေ့လိုက်ရသည်။
သူ့စိတ်မှာ တုန်လှုပ်သွားရလေသည်။
ယခင်က ချူထင်းရှိူ့အတွက် ယန်ကျင်းဇီ ဓားဝင်ခံပေးသည်ကို သူ တွေ့သောအခါ သူသည် ယန်ကျင်းဇီက ချူထင်းရှိူ့ထံမှ ထိန်းချုပ်ခံထားရသည် သို့မဟုတ် ခံစားချက်များဖြင့် လွှမ်းမိုးခံထားရသည်ဟု တွေးထင်ခဲ့သော်လည်း ယခုမူ သူ မသေချာတော့ပေ။
အလွန်မငယ်ရွယ်တော့သော အမတ်ချုပ်ကြီးဆွေ့သည် ဤအချိန်တွင် စိတ်ရှုပ်ထွေးမှုများနှင့် ပြည့်နှက်နေခဲ့သည်။
ဝမ်ကျုံးသည် ယန်ကျင်းဇီ၏ နောက်ဘက်တွင် မတ်တပ်ရပ်လျက် အမတ်ချုပ်ကြီးအား အထင်သေးသော အကြည့်များနှင့် ကြည့်လိုက်သည်။
အမတ်ချုပ်ကြီးဆွေ့က အရမ်းထက်မြက်သည်ဟု ဆိုကြသည်။ သူ့အမြင်တွင်တော့... အမတ်ချုပ်ကြီးက သေချာပေါက် အရမ်းမထက်မြက်ပေ။
အရှင်မင်းကြီးနှင့် ချူစစ်သူကြီး... အရှင်မင်းကြီးက ချူစစ်သူကြီးကို အသေစားထားသည်မှာ သိသာထင်ရှားလှသည်။
ဤအကြိမ်တွင် အရှင်မင်းကြီးသည် ချူစစ်သူကြီးကြောင့် ထိခိုက်ဒဏ်ရာရခဲ့သည်။ သူသည် အမှန်တကယ် အနည်းငယ် မပျော်မရွှင်ဖြစ်မိသော်လည်း ချူစစ်သူကြီးကို အပြစ်မတင်မိချေ။ ထိုအချိန်တွင် ချူစစ်သူကြီးသာ မရှိပါက အရှင်မင်းကြီး အသတ်ခံရလောက်ပြီပင်!
အရှင်မင်းကြီးသည် အသက်ကိုစွန့်၍ ချူစစ်သူကြီးကို ကယ်တင်ခဲ့ပြီး ချူစစ်သူကြီးလည်း အလားတူဖြစ်သည်။
အစက သူသည် မည်သို့ပင်ဖြစ်စေ အရှင်မင်းကြီးသည် ဧကရီတစ်ပါးကို အမြဲရွေးချယ်လိမ့်မည်ဟု တွေးခဲ့သော်ငြား သေရေးရှင်ရေးဖြစ်ပွားပြီးနောက်... သူသည် အရှင်မင်းကြီးက ဧကရီတစ်ပါးကို မရွေးချယ်လျှင်ပင် ကိစ္စကြီးမဟုတ်ဟု ခံစားရသည်။
အရှင်မင်းကြီး ပျော်ပျော်ရွှင်ရွှင် အသက်ရှင်နေထိုင်နေသရွေ့ပေါ့။
တခြားမှူးမတ်များသည်လည်း အဓိပ္ပာယ်မရှိသော စကားများကို မပြောနိုင်တော့ရန်အတွက် ဆင့်ခေါ်ခံရပြီး ထပ်တူညီစွာ ဆုံးမခံခဲ့ကြရသည်။
အမှန်တကယ်တော့ သူတို့ လျှောက်ပြောလျှင်တောင် သူ စိတ်မရှိသော်လည်း ဤအခြေအနေတွင်တော့... ကိစ္စများ လျော့နည်းသည်က ပိုကောင်းသည်။
နောက်ထပ်နှစ်ရက် အနားယူပြီးနောက် ယန်ကျင်းဇီ မြို့တော်သို့ ပြန်သွားလေသည်။
သူသည် အမြဲတမ်း မပေါ်ထွက်ဘဲ နေ၍ မရချေ။
မြို့တော်သို့ ပြန်ရောက်ပြီးနောက် ယန်ကျင်းဇီသည် ဤတစ်ကြိမ်၌ ချူထင်းရှိူ့ လူအများအပြားကို ဖယ်ရှားလိုက်ကြောင်း သိလိုက်ရသည်။
ဤလုပ်ကြံမှုမှာ အမှန်တကယ်တော့ လက်စားချေရန်အတွက် ဘွားတော်ကြီး၏ လူများနှင့် ပင်းဝမ်၏ လူများ အတူတကွ စီစဉ်ကြံဆောင်ကြခြင်း ဖြစ်သော်လည်း ကံမကောင်းစွာဖြင့် သူတို့ လုံးဝဥဿုံ ကျရှုံးသွားကြသည်။ အုပ်စုထဲရှိ ကျန်လူများကို ချူထင်းရှိူ့က ဖြေရှင်းလိုက်ပြီ!
မှူးမတ်များသည် ညီလာခံထဲတွင် ယခင်ကထက် ပိုမိုကျိုးနွံနေကြသည်ကို ယန်ကျင်းဇီ သတိပြုမိသည်။
မကြာသေးမီက လူများစွာ သေဆုံးနေလေရာ သူတို့ ကြောက်ရွံ့နေကြမည်မှာ သံသယဖြစ်ရာပင်မလို။
ဤနည်းမှာ... အမှန်တော့ အတော်လေး ကောင်းမွန်သည်။
အဘယ့်ကြောင့်ဆိုသော်... သူသည် နန်းညီလာခံမှ လူများ သူ့ကို ကြောက်ရွံ့ရန် ဆောင်ရွက်ရမည်မှာ အချိန်အတော်ကြာလိမ့်မည်ဟု အမြဲတွေးခဲ့ပြီး ထိုအခါမှသာ သူ လွတ်လွတ်လပ်လပ် လှုပ်ရှားဆောင်ရွက်နိုင်လိမ့်မည် ဖြစ်သည်။ အခု... ညီလာခံက လူတွေကို သူ့ကို ကြောက်ခိုင်းလိုက်ရင် ဒီရည်ရွယ်ချက် အောင်မြင်သွားပြီမလား?
အခုချိန်မှာ သူ ဘာလုပ်လုပ် ဘယ်သူမှ သူ့ကို မတားရဲလောက်တော့ဘူး!
သို့သော် ယခုလတ်တလောတွင်မူ... အလွန်အကျွံမလုပ်ခြင်းမှာ သူ့အတွက် ပိုမိုကောင်းမွန်သည်။
သူသည် ချူထင်းရှိူ့နှင့် ကောင်းကောင်းမွန်မွန် နေထိုင်ချင်သည်။ ဒါပေမယ့် သမိုင်းမှာ ရူးမိုက်တဲ့ ရုပ်သေးရုပ်ဘုရင် ဆိုပြီး နာမည်မကျန်ချင်ဘူး!
မြို့တော်သို့ ပြန်ရောက်ပြီးနောက် ယန်ကျင်းဇီသည် မင်းဧကရာဇ်ကောင်းတစ်ပါး ဖြစ်ရန် စတင်အလုပ်ကြိုးစားတော့သည်။
ယခု သူသည် ညီလာခံ၏ အရေးကိစ္စများကို လွယ်ကူစွာ ဖြေရှင်းကိုင်တွယ်နိုင်ပြီး ဟန့်တားရန် သူ့ဘေးတွင် ချူထင်းရှိူ့လည်း ရှိနေလေရာ မှူးမတ်များ၏ ကန့်ကွက်မှုကို ဂရုမစိုက်ဘဲ ပြည်သူများ၏ ကောင်းကျိုးအတွက် တစ်စုံတစ်ရာကို လုပ်ပေးနိုင်ဆဲဖြစ်သည်။
ယန်ကျင်းဇီကို ပိုမိုစိတ်ဓာတ်ကျစေသည့် တစ်ခုတည်းသော အရာမှာ သူ ဒဏ်ရာရပြီးကတည်းက ချူထင်းရှိူ့သည် ယခင်ကလောက် စိတ်အားမထက်သန်တော့ချေ – ချူထင်းရှိူ့က တစ်နေ့တာလုံး သူ့အနားတွင် ကပ်နေသေးသော်လည်း တချို့ကိစ္စများတွင်တော့ စတင်လက်ဦးရယူမှု မရှိတော့။
ချူထင်းရှိူ့ ဘာဖြစ်နေတာလဲ? ဒဏ်ရာတစ်ခါရပြီးတော့ သူ့ခန္ဓာကိုယ်က မကောင်းတော့ဘူးလို့ ထင်တာလား?
ဒါမှမဟုတ် သူက အရမ်းပျော့တယ်လို့ တွေးပြီး သဘောမကျတော့တာလား?
အင်း၊ သူ့ကို သဘောမကျတော့တာ မဖြစ်နိုင်ချေ။ ချူထင်းရှိူ့က သူ့ကို အသေချစ်ပြီး ဘယ်တော့မှ သူ့ကို သဘောမကျဖြစ်မည်မဟုတ်။
သို့သော် သူ ကိုယ်ခံပညာကို ကောင်းကောင်းသင်ယူရန် လိုအပ်နေသေးသည်။ အရေးကြုံလျှင် မကူညီနိုင်သည့်အပြင် ချူထင်းရှိူ့ကို နောက်ဆံမတင်းစေရန် ဖြစ်သည်။
ယန်ကျင်းဇီသည် လုပ်ကြံသူများကြောင့် လှုံ့ဆော်ခံရပြီး မိုးရွာရွာနေပူပူ နေ့စဉ်နေ့တိုင်း ကိုယ်ခံပညာကို ပိုပိုပြီး ပြင်းပြင်းထန်ထန် လေ့ကျင့်ကာ နောက်ဆုံး၌ ကြွက်သားတစ်ဖုကို ရရှိသွားလေသည်။
ချူထင်းရှိူ့ ကြိုက်မှာ သူ သေချာတယ်!
ထို့အပြင် သူ့၌ ယခု ပိုမိုကောင်းမွန်သော ခန္ဓာကိုယ်တစ်ခု ရှိနေပြီး ချူထင်းရှိူ့ကို အိပ်ရာထဲမှ မထွက်နိုင်အောင် သေချာပေါက် လုပ်ဆောင်နိုင်ပြီ!
ချူထင်းရှိူ့ : " ...... " သူ အိပ်ရာထဲက မထွက်နိုင်တာမျိုး မဖြစ်ချင်ပါဘူး...