အပိုင်း ၇၀ ( The Emperor 20 - ဇာတ်သိမ်း )
Viewers 10k

မျက်စိတစ်မှိတ်အတွင်း အချိန်ကုန်ဆုံးသွားပြီး ဘွားတော်ကြီးအတွက် ဝမ်းနည်းပူဆွေးခြင်း အချိန်ကာလမှာ ပြည့်တော့မည်ဖြစ်သည်။


သူသည် ယန်ကျင်းဇီနှင့် ပထမဦးဆုံး ချစ်ခင်ချိန်၌ ယန်ကျင်းဇီ ဝမ်းနည်းပူဆွေးနေသော သုံးနှစ်အတွင်း သူ့တွင် ဘာမှကျန်ခဲ့လိမ့်မည်မဟုတ်ဟု အမှန်တကယ် တွေးမိခဲ့သည်။


သုံးနှစ်ကြာပြီးနောက် ယန်ကျင်းဇီသည် သူ့ကို မလိုအပ်တော့ဘဲ ကြင်နာတတ်ပြီး ကောင်းမြတ်သော ဧကရီတစ်ပါးနှင့် ရိုသေကျိုးနွံတတ်သော မင်းသားတစ်ပါးတို့ကို လိုအပ်လာလိမ့်မည်ဖြစ်သည်။


စစချင်း၌ ယန်ကျင်းဇီတွင် သူ့အတွက် ခံစားချက်များ အမှန်တကယ် ရှိခဲ့လျှင်တောင်... ယောက်ျားများသည် အမြဲတမ်း ငါးစိမ်းမြင် ငါးကင်ပစ်တတ်ကြသူများ ဖြစ်သည်။ သုံးနှစ်ကြာပြီးနောက် လူသစ်များ ရယ်မောနေသည်ကိုသာ တွေ့မြင်ရပြီး လူဟောင်းများ၏ ငိုကြွေးသံများကို ကြားရလိမ့်မည်မဟုတ်။


သူလည်း ထိုသို့ပင်ဖြစ်ပြီး ယန်ကျင်းဇီကဲ့သို့ ပုဂ္ဂိုလ်အတွက် သူနှင့် အသွင်ဆင်တူသော အမျိုးသားများကို ရှာဖွေရသည်မှာ အလွယ်ကူဆုံး ဖြစ်သည်။


သို့သော် နောက်ပိုင်း... ယန်ကျင်းဇီက သူ့အတွက် ဓားကိုဝင်ခံပေးပြီးနောက် သူသည် သူ့အတွေးများမှာ မှားယွင်းနေကြောင်း ‌သိလိုက်ရသည်။


ယခုဆိုလျှင် သူသည် ပိုမိုသေချာသွားပြီဖြစ်သည်။


လွန်ခဲ့သော သုံးနှစ်အတွင်း အရှင်မင်းကြီးသည် သူ၏ တပ်အာဏာကို ပြန်လည်သိမ်းမယူသွားခဲ့ချေ။ ထိုအစား သူ့ကို သစ္စာစောင့်သိသော စစ်သူကြီးအများအပြား အုပ်စုတစ်စုကို ရာထူးတိုးမြှင့်ပေးခဲ့သည်။


ယခင်က သူ့ကို တပ်အရာရှိများ၏ ခေါင်းဆောင်ဟု ပြောကြသော်လည်း နာမည်သာရှိခဲ့ကာ ယခုမူ ကွဲပြားသွားပြီး သူသည် နိုင်ငံတစ်နိုင်ငံလုံး၏ တပ်အာဏာကို အမှန်တကယ် ထိန်းချုပ်ထားသည်။


ဤအကြောင်းအရင်းကြောင့် သူ့ကို စွပ်စွဲအပြစ်တင်ကြသူများ ရှိခဲ့ကြသည်။


သို့သော် အရှင်မင်းကြီးသည် လုံးဝ ဂရုမစိုက်ဘဲ သူ့ဘက်တွင်သာ နေပေးသဖြင့် ဘယ်သူမှ ဆက်လက်မလုပ်ရဲကြတော့ချေ။


ထို့နောက် ဖြေးညှင်းစွာ လူတိုင်း ကျင့်သားရလာကြသည်။


အရှင်မင်းကြီးသည် ဘယ်သောအခါမှ သူ့အာဏာကို မသိမ်းယူချင်ဘဲ အသစ်အဆန်းကို သဘောကျတတ်သော ခံစားချက်ဆိုင်ရာအတွက်မူ...


ဤသည်မှာ လုံးဝလုံးဝ မဖြစ်နိုင်။


သုံးနှစ်ကုန်ဆုံးသွားပြီး အရှင်မင်းကြီးက သူ့ကို လုံးဝ မငြီးငွေ့သွား‌ပေ။ ဒါပေမယ့် ပိုပိုပြီး ကပ်တွယ်လာတယ်!


ချူထင်းရှိူ့သည် တစ်ခါတစ်ရံတွင် အနည်းငယ် ဘာလုပ်ရမှန်းမသိ ဖြစ်သွားတတ်သည်။


ဥပမာအားဖြင့် ယနေ့တွင် သူ နန်းတော်မှ ထွက်ခွာတော့မည်ဟု ကြားသောအခါ ယန်ကျင်းဇီက ဆိုသည်။ " မင်း နန်းတော်ကနေ ထပ်ထွက်ပြန်ပြီလား? ကိုယ် မင်းနဲ့ လိုက်မယ်! "


" အရှင်မင်းကြီး၊ ငါက ဒီတိုင်း သွားစစ်ဆေးရုံပဲ... တော်ဝင်တပ်ဖွဲ့စီတင်။ " ချူထင်းရှိူ့ ပြောလိုက်သည်။


သူသည် တကယ့်ကို အရှင်မင်းကြီးနှင့် အတူရှိချင်သော်လည်း...


နောက်ဆုံးတစ်ကြိမ် အရှင်မင်းကြီး သူနှင့်အတူ တပ်တန်းလျားသို့ ရောက်ရှိစဉ်က အရှင်မင်းကြီးသည် ချစ်တင်းနှောရန်အတွက် သူ့အား တပ်တန်းလျားတွင် ချပ်ဝတ်တန်ဆာကို အမှန်တကယ် လဲဝတ်စေခဲ့သည်...


သူသည် အရှင်မင်းကြီးကို မငြင်းဆိုနိုင်သဖြင့် သဘောတူခဲ့သော်ငြား နောက်ပိုင်းတွင်တော့ အမြဲတစေ ရှက်ရွံ့နေမိသည်။


အရှင်မင်းကြီးသည် အမြဲတမ်း ဤကဲ့သို့ သူ့အား တောင်းဆိုလေ့ရှိပြီး ယခုအခါ သူတို့၏ဆက်ဆံရေးကို လူသိနေကြလောက်ပြီဖြစ်ကာ လူတိုင်းက သူတို့အား တစ်ချိန်လုံး ထူးဆန်းစွာ ကြည့်ကြသည်။


" ဒါဆို ကိုယ် တော်ဝင်တပ်ဖွဲ့စီကို မင်းနဲ့ လိုက်ပြီး အပန်းဖြေမြင်းစီးရင်း လျှောက်ပတ်ကြည့်ဦးမယ်။ " ယန်ကျင်းဇီက ပြောသည်။


အစပိုင်း၌ ယန်ကျင်းဇီသည် ချူထင်းရှိူ့ တပ်စခန်းသို့ သွားရောက်သော ကိစ္စမျိုးကို ဘယ်တော့မှ မနှောင့်ယှက်သော်လည်း တစ်ခါတွင်တော့ စိတ်ကူးပေါက်၍ လိုက်သွားမိသည်။


အဲ့ဒီ့ရင်ဘတ်ဗလာနဲ့ တပ်သားတွေက ဘာဖြစ်နေကြတာလဲ? သူတို့က အင်္ကျီတောင် မကပ်ဘဲနဲ့ ချူထင်းရှိူ့ကို ယှဉ်ပြိုင်ဖို့ ဖိတ်ခေါ်နေကြသေးတယ်!


ချူထင်းရှိူ့ကို တွေ့ရင် မျက်လုံးအရောင်တောက်သွားတဲ့ အဲ့ဒီ့အရာရှိငယ်တွေကရော ဘာဖြစ်နေတာလဲ? သူတို့က ချူထင်းရှိူ့အနားမှာ ရှက်ရှက်ရွံ့ရွံ့နဲ့ သွားလာနေကြသေးတယ်!


ရောက်လာပြီး ချူထင်းရှိူ့ကို ကြံကြတဲ့ အဲ့လူတွေကရော ဘယ်သူတွေလဲ? သူတို့က ချူထင်းရှိူ့နဲ့ အတူအိပ်၊ အတူစားနေကြလို့ သူ့ကိုတောင် လာပြောသေးတယ်!


ယန်ကျင်းဇီ အလည်တစ်ခေါက် ရောက်သွားပြီးနောက် သူ၏ ရှာလကာရည်အိုးမှာ မှောက်ကျသွားလေသည်။


ထိုသို့သဝန်တိုခြင်းမှာ သူ့အတွက် အဓိပ္ပာယ်မရှိမှန်း သူလည်း သိသည်။ သို့သော် သူသည် တစ်ပန်းကန်ပြီး တစ်ပန်းကန် ‌သောက်နေမိသည်ကို မရပ်နိုင်ပေ။


ပြီးတော့... သူ့စစ်သူကြီးက အရမ်းချောပြီး အရမ်းအရည်အချင်းရှိတာကို တစ်နေ့ ပစ်မှတ်ထားခံရရင် ဘယ်လိုလုပ်မလဲ?


မူလပိုင်ရှင်၊ အဲ့အကောင်စုတ်က သူ့စစ်သူကြီးကို ဆေးခတ်ခဲ့တယ်!


ထို့ကြောင့် ယန်ကျင်းဇီသည် လိုက်ပါရန် မလျှော့တမ်း တောင်းဆိုလေသည်။


အရှင်မင်းကြီးကို စိတ်ရင်းစိတ်မှန်ဖြင့် မငြင်းဆိုနိုင်သော ချူထင်းရှိူ့သည် ယန်ကျင်းဇီကို သူနှင့်အတူ တပ်တန်းလျားသို့သာ ခေါ်ဆောင်သွားနိုင်သည်။


လူနှစ်ဦးသည် အစောင့်ရဲမက်များ၏ ကာကွယ်မှုအောက်တွင် တော်ဝင်တပ်ဖွဲ့၏ တပ်စခန်းသို့ လမ်းတစ်လျှောက်လုံး မြင်းစီးသွားကြသည်။ သူတို့ နီးကပ်သွားသောအခါ တပ်စခန်း၏ ဂိတ်တံခါးမှာ ပွင့်သွားပြီး လူအများအပြားက ထွက်လာကာ သူတို့ကို အရိုအသေပေး၍ နှုတ်ဆက်လာကြ၏။


" ထုံးတမ်းစဉ်လာတွေ လုပ်မနေနဲ့တော့။ ကိုယ်တော်က လာကြည့်ရုံပဲ။ " ယန်ကျင်းဇီက ဆိုသည်။


တပ်တန်းလျားသို့ ဧကရာဇ်မင်း ပထမဆုံး လာရောက်စဉ်က အစောင့်များသည် သူ့ကို ကြောက်ရွံ့ကြသော်လည်း နောက်ပိုင်း သူ မကြာမကြာ လာရောက်သောကြောင့် လူတိုင်းက သူ့ကို မကြောက်ကြတော့ဘဲ သူတို့၏ စစ်သူကြီးကို အတူလိုက်ပါလာသော ဧကရာဇ်မင်းနှင့် တွေ့မြင်ရသည်ကိုပင် ကျင့်သားရလာကြသည်။


ယန်ကျင်းဇီကို နေရာချပေးပြီး စားဖွယ်အချို့ကို ယူဆောင်ပေးပြီးနောက် သူတို့သည် ချူထင်းရှိူ့နှင့် သွားရောက်စကားပြောသည်။


မြောက်ပိုင်းတွင် ချူထင်းရှိူ့သည် ယခုအခါ သူ ခေါ်ယူလာသော စစ်သူကြီးတစ်ဦးနှင့် တပ်ဦးစီးနေသည်။ မကြာသေးမီက မြောက်ပိုင်းရုန်မျိုးနွယ်သည် သိပ်မအေးချမ်းသဖြင့် ထိုစစ်သူကြီးက မြို့တော်သို့ လူတစ်ဦးကို ပို့ဆောင်ခဲ့သည်။ ဤတစ်ကြိမ် ချူထင်းရှိူ့ သွားရောက်သည်မှာ ဤလူနှင့် ပြောဆိုဆွေးနွေးရန်ဖြစ်သည်။


လွန်ခဲ့သော လေး၊ငါးနှစ်က ချူထင်းရှိူ့ ပုန်ကန်မှုကို ဖိနှိပ်ပြီးချိန်မှစ၍ ချီတိုင်းပြည်သည် ပြီးခဲ့သည့်နှစ်အနည်းငယ်အတွင်း အနားယူ၍ ပြန်လည်အားဖြည့်နေခဲ့သည်။ ယခုအခါ ဘဏ္ဍာတိုက်မှာ ပြည့်နှက်နေပြီး စားနပ်ရိက္ခာနှင့် ထောက်ပံ့မှုများမှာ ပြတ်လပ်မှုမရှိသဖြင့် ချူထင်းရှိူ့တွင် အဟန့်အတားမရှိတော့ဘဲ နယ်စပ်သို့ စားနပ်ရိက္ခာနှင့် အထောက်အပံ့များကို လုံလုံလောက်လောက် ခွဲဝေချပေးနိုင်လေသည်။


ချူထင်းရှိူ့ ဤကိစ္စများကို အခြားသူများနှင့် ဆွေးနွေးပြီးသောအခါ သူသည် ယန်ကျင်းဇီက လေ့ကျင့်ရေးကွင်းပြင်ထဲတွင် မြင်းစီးလျက် လွတ်လွတ်လပ်လပ် ပြေးလွှားနေသည်ကို တွေ့မြင်လိုက်ရသည်။


ချူထင်းရှိူ့ ခဏတဖြုတ်ပင် အကြည့်မလွှဲနိုင်တော့။


ချူထင်းရှိူ့၏ လက်အောက်ငယ်သားများသည် ဤသည်ကို သတိပြုမိကြပြီး အဓိပ္ပာယ်ပါဝင်သော အမူအရာများကို ပြသလာကြသည်။


သူတို့ထဲမှ တစ်ဦးသည် ချူထင်းရှိူ့နှင့် အတူကြီးပြင်းလာပြီး သေအတူရှင်မကွာ တိုက်ခိုက်နိုင်ခဲ့လေသည်။ ဤအခိုက်အတန့်တွင် သူက ချူထင်းရှိူ့ကို ကြည့်လိုက်သည် : " စစ်သူကြီး၊ အရှင်မင်းကြီးက ပိုပိုပြီး သူရဲကောင်းပီသလာပြီ။ "


" အင်း။ " ချူထင်းရှိူ့က ပြန်ဖြေသည်။


" စစ်သူကြီး၊ မင်းက အရမ်းတော်တယ်။ အရှင်မင်းကြီးလို အမျိုးသားကိုတောင် အရယူနိုင်တယ်! " ထိုသူက တိုးတိုးလေး ပြောသည်။


ချူထင်းရှိူ့ : " ... "


ယန်ကျင်းဇီကို ခေါ်လာရန် ချူထင်းရှိူ့ တွန့်ဆုတ်နေသော အကြောင်းအရင်း နောက်ထပ်တစ်ချက် ရှိသေးသည်။ ၎င်းမှာ ယန်ကျင်းဇီ အကြိမ်အနည်းငယ် ရောက်လာပြီးနောက် တစ်စုံတစ်ဦးက သူတို့၏ဆက်ဆံရေးကို ခန့်မှန်းခဲ့သည်။


ဤလူများက ဆက်ဆံရေးကိုသာ ခန့်မှန်းနိုင်ပြီး အခြေအနေကိုမူ မှားယွင်းစွာ မှတ်ယူသွားကြသည်။


သူက အထက်ပုဂ္ဂိုလ်ဟု ဤလူများ ခန့်မှန်းကြသည်မှာ အံ့ဩစရာပင်။


သူသည် တခြားသူများ ဤသို့တွေးသည်ကို စိတ်ထဲမထားသော်လည်း ယန်ကျင်းဇီ သိသွားလျှင် မပျော်မရွှင်ဖြစ်မည်ကို သူ စိုးရိမ်မိသည်။


" အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့။ " ချူထင်းရှိူ့က သူ့သူငယ်ချင်းကို လှည့်ကြည့်သည်။


ချူထင်းရှိူ့၏ သူငယ်ချင်းကောင်းက ပြောသည်။ " စစ်သူကြီး၊ မြို့တော်ထဲမှာ ဒီကိစ္စကို မသိတဲ့သူ မရှိဘူး... "


ချူထင်းရှိူ့ : " ... "


ချူထင်းရှိူ့တွင် သူ့ကိုယ်သူ ရိုက်ချင်စိတ် အနည်းငယ်ပေါ်လာသည်။


အားလုံးမှာ သူ့အပြစ်ပင်။ အဘယ့်ကြောင့်ဆိုသော် အစပိုင်း၌ သူသည် သူနှင့် ယန်ကျင်းဇီတို့ကြားမှ ကိစ္စသည် ကြာရှည်မခံဟု ခံစားခဲ့ရပြီး နေ့စဉ်နေ့တိုင်း နန်းတော်ထဲတွင် နေထိုင်ခဲ့သဖြင့် ယန်ကျင်းဇီသည် ကျင့်သားရသွားကာ သူ နေရာပြန်မပြောင်းနိုင်တော့ပေ။


မြို့စားတစ်ဦး ဖြစ်သော သူသည် ကိုယ်ပိုင်စံအိမ်တော်တွင် ‌မနေဘဲ နေ့စဉ်နေ့တိုင်း နန်းတော်ထဲတွင်သာ နေသည်။ လူတိုင်းက သူနှင့် အရှင်မင်းကြီးတို့ကြားတွင် တစ်စုံတစ်ရာ မှားယွင်း‌နေကြောင်း သိသွားကြပြီ!


ထို့အပြင် သူသည် ဧကရီရွေးချယ်ရေးကိုလည်း ဆန့်ကျင်ခဲ့သည်...


ချူထင်းရှိူ့သည် တိတ်တဆိတ် သက်ပြင်းချပြီး အနည်းငယ် စိုးရိမ်သွားသည်။


ယန်ကျင်းဇီ၏ ဝမ်းနည်းပူဆွေးခြင်းကာလမှာ ပြီးဆုံးတော့မည်ဖြစ်ပြီး အနာဂတ်တွင် ပြဿနာအချို့ကို သူတို့သည် မလွဲမသွေ ကြုံတွေ့ရလိမ့်မည်။ ယန်ကျင်းဇီ မည်သို့ဖြေရှင်းရန် ရည်ရွယ်ထားသည်ကို သူ မသိပေ။


" စစ်သူကြီး၊ မင်းရဲ့ မြင့်မားတဲ့ ကောင်းမြတ်မှုတွေက အရှင်မင်းကြီးရဲ့ မကျေနပ်မှုကို ဖြစ်ပေါ်စေမှာကို အစက ငါတို့ စိုးရိမ်ခဲ့တယ်... အရှင်မင်းကြီးစီမှာ မင်းအတွက် ချစ်ခင်ယုံကြည်မှုတွေ ရှိနေလိမ့်မယ်လို့ ငါ မမျှော်လင့်ခဲ့ဘူး... " ချူထင်းရှိူ့၏ ရင်းနှီးသော သူငယ်ချင်းက ဆက်ပြောသည်။


ချူထင်းရှိူ့ ခေါင်းညိတ်လိုက်သည် : " အရှင်မင်းကြီးက အရမ်းကောင်းတယ်။ "


" အမှန်ပဲ! အရှင်မင်းကြီးက ဗဟုသုတကြွယ်ဝပြီး ပြည်သူတွေကို အလေးထားတော့ သူ့ကို ချီးကျူးလို့ကို မလုံလောက်နိုင်ဘူး! ပြောရမယ်ဆိုရင် မင်း အမျိုးသားတွေကို သဘောကျမှန်း ငါ အရင်က မသိခဲ့ဘူး။ စစ်သူကြီး... ဒါပေမယ့် အဲ့တခြားအမျိုးသားတွေကို မင်း တကယ်မ‌တွေ့နိုင်တော့ဘူး။ " ထိုသူက ဆက်ပြောသည် : " အရှင်မင်းကြီးလို နောက်တစ်ယောက် မရှိနိုင်ဘူး! "


လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ချူထင်းရှိူ့သည် စစ်တပ်ကို တစ်ဦးတည်း ချုပ်ကိုင်ခဲ့သည့်အပြင် ယန်ကျင်းဇီသည်လည်း တိုင်းပြည်နှင့် ပြည်သူများကို ကောင်းကျိုးဖြစ်စေသည့် ကိစ္စများစွာကို ဆောင်ရွက်ခဲ့သည်။


ထို့ပြင် ယခင်က ယန်ကျင်းဇီသည် ဂုဏ်ပြုစားပွဲသို့ ပညာတော်သင်အသစ်များကို ဖိတ်ကြားခဲ့ချိန်၌ သူ့အရည်အချင်းကို ပြသခဲ့၏ – အံ့ဩဖွယ်ကောင်းလှစွာ ပညာတော်သင်များ အကုန်စုပေါင်းကြပြီး စာပေပေါင်းများစွာနှင့် ရင်းနှီးသွားကြသော်လည်း သူ့လောက် မကောင်းမွန်ခဲ့ကြ!


ခက်ခဲလှတဲ့ သမိုင်းစာအုပ်တွေကိုတောင် သူက အကုန်လုံးကို နောက်ကြောင်းပြန်သိတယ်!


အရှင်မင်းကြီးသည် စာမတတ်သူ အမှန်စင်စစ် ဖြစ်သည် ဟူသော ကောလာဟလများ ရှိခဲ့သော်လည်း ထိုအချိန်နောက်ပိုင်း ထိုကောလာဟလများ လုံးဝ ပျောက်ကွယ်သွားသည်။


လူတိုင်းသည် အရှင်မင်းကြီးဟာ အလွန်အသိပညာကြွယ်ဝပြီး ဧကရာဇ်မင်းကောင်းတစ်ပါး ဖြစ်ကြောင်း သိကြသည်။


သူတို့ရဲ့ စစ်သူကြီးနဲ့ အရှင်မင်းကြီးတို့က နတ်ဖက်တဲ့ စုံတွဲပဲ!


ချူထင်းရှိူ့၏ လက်အောက်ငယ်သားများ အားလုံးသည် ချူထင်းရှိူ့နှင့် အရှင်မင်းကြီးတို့ အတူရှိနေကြသည်မှာ အတော်ကောင်းမွန်သည်ဟု တွေးကြသော်လည်း ညီလာခံမှ အရပ်ဘက်ဆိုင်ရာ မှူးမတ်များကတော့ ထိုသို့မခံစားကြရချေ။


သူတို့သည်လည်း ယန်ကျင်းဇီက ဉာဏ်ပညာကြီးမားသော တိုင်းပြည်အုပ်ချုပ်သူ ဖြစ်ကြောင်း ခံစားကြရသော်ငြား ယန်ကျင်းဇီနှင့် ချူထင်းရှိူ့တို့ အတူရှိနေကြသည်ကိုတော့ ခွင့်မပြုနိုင်ကြ‌ပေ။


အထူးသဖြင့် အမတ်ချုပ်ကြီးဆွေ့ပင်။


ယန်ကျင်းဇီ ချူထင်းရှိူ့အတွက် ဓားကိုဝင်ခံပေးသည်အား တွေ့မြင်ပြီးနောက် အမတ်ချုပ်ကြီးဆွေ့သည် ယန်ကျင်းဇီက မြင်ရသလောက် အမှန်တကယ် အမြော်အမြင်မရှိမည်ကို စိုးရိမ်ပူပန်နေခဲ့သည်။


စိတ်ခံစားမှုကို အသားပေးသော ဧကရာဇ်မင်းတစ်ပါးက ဉာဏ်ပညာကြီးမားသော တိုင်းပြည်အုပ်ချုပ်သူ ဖြစ်လာရန်မှာ ခက်ခဲပေသည်။


သို့သော် ဆန့်ကျင်ဘက်အားဖြင့် ယန်ကျင်းဇီသည် ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခဲ့သည်။


နှစ်များစွာကြာပြီးနောက် အမတ်ချုပ်ကြီးဆွေ့သည် သူ့ကို အခိုင်အမာ ယုံကြည်လာပြီး ထို့ကြောင့်ပင် ပို၍ခံစားလာရသည်... သူက ချူထင်းရှိူ့နှင့် အတူမရှိသင့်။


ဤနေ့တွင် အမတ်ချုပ်ကြီးဆွေ့၏ နေအိမ်၌ လူများစွာ စုဝေးကြပြီး ကိစ္စဆွေးနွေးကြသည်။


" အရှင်မင်းကြီးရဲ့ အဲ့ချူထင်းရှိူ့နဲ့ ချစ်ရေးကိစ္စက အကျင့်သိက္ခာနဲ့ ဆန့်ကျင်နေတယ်။ ငါတို့ အရှင်မင်းကြီးကို အကြံပေးရမယ်! "


" နှစ်ရက်အတွင်း အရှင်မင်းကြီးရဲ့ ဝမ်းနည်းပူဆွေးခြင်းကာလ ကုန်‌လိမ့်မယ်။ အချိန်ကျလာရင် ငါတို့ အတူတူ ပူးပေါင်းပြီး ဧကရီတစ်ပါး ရွေးချယ်တင်မြှောက်ဖို့ အရှင်မင်းကြီးကို ဖျောင်းဖျကြ‌ရအောင်! "


" အမျိုးသားနဲ့ အမျိုးသမီးကြားက ယင်နဲ့ယန်ကို တွဲဖက်စေမှသာ မှန်ကန်မယ်! "


...


ဤလူများသည် အချိန်အတော်ကြာ ဆွေးနွေးကြပြီး နောက်ဆုံးတွင် အတူပူးပေါင်း၍ ချူထင်းရှိူ့နှင့် တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ကြသည်။


လွန်ခဲ့သော သုံးနှစ်က ချူထင်းရှိူ့သည် တစ်ခေတ်တစ်ခါ၌ အလွန်နာမည်ကြီးခဲ့ဖူးသော်လည်း ဤနှစ်များတွင် သူသည် အတော်လေး တိုးတိုးတိတ်တိတ် နေထိုင်လျက်ရှိသည်။ သူတို့သည် ချူထင်းရှိူ့ကို သိပ်မကြောက်ကြတော့ပေ။


သို့သော် ကိုယ့်ကိုယ်ကို အနည်းငယ်တော့ စိတ်ဓာတ်မြှင့်တင်ရဦးပေမည်။


" အရှင်မင်းကြီးက အသက်ကြီးလာတော့ သေချာပေါက် သူ့အမွေဆက်ခံသူကို လိုချင်မှာပဲ! "


" အရှင်မင်းကြီးရဲ့ မျိုးဆက်ပြတ်တောက်သွားမှာကို ငါတို့ လက်မခံသင့်ဘူး! "


" ချူစစ်သူကြီးလည်း ကလေးလိုချင်လောက်တယ်... "


" အရှင်မင်းကြီးက သမိုင်းစာအုပ်တွေမှာ အမည်းစက် မထင်ကျန်စေချင်လောက်ဘူး။ "


ဤလူများသည် ကိစ္စများစွာကို ဆွေးနွေးခဲ့ကြပြီး နှစ်ရက်အကြာတွင် ယန်ကျင်းဇီသည် ဝမ်းနည်းပူဆွေးခြင်းကို အပြီးသတ်လိုက်သည်။


ထိုနေ့တွင် သူသည် ပထမဦးစွာ ဝမ်ကျုံးအား သူ၏ ဝမ်းနည်းပူဆွေးခြင်း ပြီးဆုံးကြောင်း အမိန့်တော်ကို ဖတ်ကြားစေသည်။


ညီလာခံရှိ မှူးမတ်များသည် စူးစူးစိုက်စိုက် နားထောင်နေလျက် ဖတ်ကြားနေသော အမိန့်တော် ပြီးဆုံးပြီးနောက် ချက်ချင်း ဒူးထောက်၍ ယန်ကျင်းဇီ ဧကရီတစ်ပါး ရွေးချယ်ရန်အတွက် တောင်းဆိုရန် စောင့်ဆိုင်းနေကြသည်။


ရလဒ်မှာတော့ တော်ဝင်အမိန့်တော်ကို ဖတ်ကြားပြီးနောက် ဝမ်ကျုံးသည် အံ့အားသင့်ဖွယ်ကောင်းလှစွာ ချက်ချင်းပင် ဒုတိယအမိန့်တော်ကို ထုတ်ယူလာသည်။


နောက်ထပ် တော်ဝင်အမိန့်တော်လား? မှူးမတ်များ စိတ်ဝင်စား‌နေကြစဉ် ဝမ်ကျုံး နောက်တစ်ကြိမ် ဖတ်ကြားသည်ကို သူတို့ ကြားလိုက်ရသည်...


ဤတော်ဝင်အမိန့်တော်မှာ ချူထင်းရှိူ့ကို တစ်ဦးတည်းသော တွဲဖက်ဘုရင် ဖြစ်စေရန် ဖြစ်သည်။


သို့သော် ၎င်းမှာ အဓိကအချက် မဟုတ်။


အဓိကအချက်မှာ ယန်ကျင်းဇီသည် သူ့အိပ်ဆောင်ကို ချူထင်းရှိူ့ နေထိုင်ရန် ပေးခဲ့ပြီး ဧကရီ ပိုင်ဆိုင်သင့်သော အခွင့်အရေးတချို့ကိုလည်း ချူထင်းရှိူ့ကို ပေးသနားခဲ့သည်။


တစ်ဦးတည်းသော တွဲဖက်ဘုရင် ဆိုတာ ဘာကိုဆိုလိုတာလဲ! ဒါက သူ့ကို ဧကရီသရဖူဆောင်းပေးဖို့မှန်း သိသာနေတာကို!


ဒါပေမယ့် ဧကရီသရဖူကို ဆောင်းထားတယ် ဆိုရင်တောင်... ဘယ်လိုလုပ် ဧကရာဇ်ရဲ့အိပ်ဆောင်ကို ဧကရီ နေထိုင်ဖို့ ပေးနိုင်ရတာလဲ?


အရှင်မင်းကြီးက ဘာတွေလုပ်နေတာလဲ?


အမတ်ချုပ်ကြီးဆွေ့နှင့် အခြားသူများသည် ယန်ကျင်းဇီအား ဧကရီတစ်ပါး ရွေးချယ်ရန်အတွက် တောင်းဆိုရန် ရည်ရွယ်ထားပြီး စာသားများကိုလည်း အများအပြား ရေးသားထားပြီးပြီဖြစ်ကာ အသေ‌အချာလည်း အလွတ်ကျက်ထားခဲ့ကြသည်။ သို့သော် သူတို့ မလျှောက်တင်ရသေးခင် ယန်ကျင်းဇီက ဤသို့လှုပ်ရှားလိမ့်မည်ဟု တစ်ခါမှ မတွေးထားခဲ့ကြပေ... လူတိုင်း ဆွံ့အသွားကြသည်။


" အရှင်မင်းကြီး! " တော်ဝင်အမိန့်တော်ကို ဖတ်ကြားပြီးသည်နှင့်တပြိုင်နက် အမတ်ချုပ်ကြီးဆွေ့သည် ဒူးထောက်ချလိုက်သည်။


" အမတ်ချုပ်ကြီးမှာ ထင်မြင်ချက်ရှိတာာလား? " ယန်ကျင်းဇီသည် အမတ်ချုပ်ကြီးဆွေ့အား ပြုံးလျက် ကြည့်သော်ငြား တစ်ချိန်တည်းမှာပင်... အစောင့်ရဲမက်တစ်စုက အပြင်ဘက်မှ ရုတ်တရက် အမြန်ပြေးဝင်လာကြသည်။


ဤအစောင့်ရဲမက်များသည် မြောက်ပိုင်းအရပ်မှ ဖြစ်ကြပြီး တစ်ယောက်ချင်းစီက အရပ်မြင့်မား၍ ကြီးထွားကြကာ အသစ်စက်စက် ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ကြလျက် သူတို့၏လက်ထဲမှ ဓားသွားများမှာ အေးစက်စွာ တောက်ပနေကြသည်။


တခြားတစ်ဖက်တွင်မူ ယန်ကျင်းဇီသည် ‌သူ့မေးစေ့ကို ကိုင်လျက် အောက်ဘက်မှ မှူးမတ်များကို ပြုံးလျက် ကြည့်ရှုနေသည် : " လူတွေက ကိုယ်တော့်စကား နားမထောင်တာကို ကိုယ်တော် မကြိုက်ဆုံးပဲ။ "


အမတ်ချုပ်ကြီးဆွေ့ : " ... "


ယန်ကျင်းဇီကို ဖျောင်းဖျချင်သော မှူးမတ်များ : " ... "


တော်ဝင်အစောင့်တွေရဲ့ လက်ထဲက လက်နက်တွေက အရမ်းထက်မယ့်ပုံပဲ... အိုး!


ဧကရီရွေးဖို့ဆိုတာ ဘာလဲ? အရှင်မင်းကြီးက ဧကရီမတင်မြှောက်ချင်ရင် ဧကရီကို မရွေးချယ်နဲ့တော့။ အရင်ကလည်း အဂ္ဂိရတ်ပညာကို စွဲလမ်းနေလို့ ဆယ်နှစ်တောင် ညီလာခံကို မတက်ရောက်တဲ့ ဧကရာဇ်နဲ့ အလားတူတဲ့ တခြားဧကရာဇ်တွေလည်း ရှိခဲ့တာပဲလေ။


အမတ်ချုပ်ကြီးဆွေ့သည် စကားရပ်လိုက်ပြီး အခြားမှူးမတ်များလည်း ထိုနည်းလည်းကောင်းပင်။


" အားလုံး အဆင်ပြေမှတော့ ဒီကိစ္စက ပြေလည်သွားပြီ။ " ယန်ကျင်းဇီက ဆိုသည်။ " ချူထင်းရှိူ့၊ အမိန့်တော်ကို လက်မခံသေးဘူးလား? "


ဤတော်ဝင်အမိန့်တော်ကို ချူထင်းရှိူ့သည် ယခင်က မမျှော်လင့်ထားမိခဲ့ချေ။


သူသည် ရာချီသော မှူးမတ်များ၏ ရှေ့ဆုံးတွင် မတ်တပ်ရပ်နေပြီး ဤတော်ဝင်အမိန့်တော်ကို ရုတ်တရက် ကြားလိုက်ရကာ စိတ်ရှုပ်သွားသည်။ ယခုအခါ ယန်ကျင်းဇီက သူ့ကို အမိန့်တော်လက်ခံရန် မေးနေသည်...


သူ့နှလုံးခုန်သံမှာ ပိုပိုမြန်လာပြီး သူသည် အလျင်စလို ရှေ့ထွက်ကာ အမိန့်တော်ကို လက်ခံရန် ဒူးထောက်တော့မည်ဖြစ်သည်။


ထို့နောက် ယန်ကျင်းဇီက အလောတကြီး ပြောလာသည် : " ဒူးမထောက်နဲ့တော့။ တက်လာပြီး မင်းရဲ့ တော်ဝင်အမိန့်တော်ကို လက်ခံရယူပါ။ "


ချူထင်းရှိူ့သည် ယန်ကျင်းဇီထံသို့ မူးနောက်နောက်ဖြင့် လျှောက်လှမ်းသွားပြီး ယန်ကျင်းဇီက သူ့အား နဂါးပုလ္လင်ပေါ် ခေါ်ယူကာ အတူထိုင်လိုက်ကြသည်။


" ဒီမြစ်တွေနဲ့ တောင်တန်းတွေကို ကိုယ်တော် စစ်သူကြီးနဲ့ မျှဝေတယ်။ " ယန်ကျင်းဇီက ရယ်မောလေသည်။


ချူထင်းရှိူ့သည် ရုတ်တရက်ကြီး ယန်ကျင်းဇီကို နမ်းချင်လာသည်။


ပတ်ဝန်းကျင်တွင် လူအများအပြား ရှိနေပြီး သူက ယန်ကျင်းဇီကို နမ်းချင်နေသည်... အမှန်ပဲ သူက တကယ့်တကယ်ကို လုံးဝ ထိန်းချုပ်မှုမရှိဘူး မဟုတ်လား?


ဤသို့စဉ်းစားနေစဉ် ချူထင်းရှိူ့ အနမ်းခံလိုက်ရသည်။


မှူးမတ်များ : " ... " အိုး!


ယန်ကျင်းဇီက ဆက်ပြောသည် : " စစ်သူကြီး၊ ကိုယ်တော် မင်းကို ပေးတဲ့ နန်းတော်ကို သွားကြည့်ချင်သလား? "


ချူထင်းရှိူ့ အမှန်တကယ် လိုလားသည်။


သို့သော် ယန်ကျင်းဇီနောက်မှ အပြင်သို့လိုက်သွားမှသာလျှင် တစ်စုံတစ်ရာ မှားယွင်းနေမှန်း သူ သတိထားမိတော့သည်။


ထိုနန်းတော်တွင် သူသည် နေ့စဉ်နေ့တိုင်း နေထိုင်နေပြီး ညစဉ်ညတိုင်း အိပ်စက်နေလေရာ ဘာမှတွေ့မြင်စရာမရှိတော့ချေ။


ဒါ့အပြင် ယန်ကျင်းဇီက သူ့ကို အိပ်ဆောင်ကြည့်ဖို့ နေ့ခင်းကြောင်တောင် ခေါ်သွားတာ... သူ တကယ်ပဲ ဘာလုပ်ချင်နေတာလဲ?


____


*တစ်ဦးတည်းသော တွဲဖက်ဘုရင် - etran မှာ ရေးထားတာက 'စကားလုံးတစ်လုံးတည်းရှိတဲ့ ယှဉ်တွဲဘုရင်' လို့ ရေးထားတာပါ။ ချူထင်းရှိူ့က အရင်ကတည်းက ပင်းဝမ်နဲ့ ယုံဝမ်တို့လိုမျိုး (မြို့စား) ဘွဲ့ဂုဏ်ထူး ရထားတာလေ။ အခု သူက စကားလုံးတစ်လုံးတည်းနဲ့ ရေးရတဲ့ ဘုရင်ဘွဲ့ကို ထပ်ရတယ်လို့ ရေးထားတာ။ ချူထင်းရှိူ့က ရိုးရိုးမင်းသားကနေ ဘုရင်ဖြစ်သွားတာမျိုးလို့တော့ ထင်တာပဲ။