" ချူထင်းရှိူ့၊ မင်း ကိုယ့်ကို မချစ်တော့ဘူး! " ယန်ကျင်းဇီသည် နဂါးခုတင်ပေါ်မှ ရုတ်တရက် ထထိုင်ကာ ချူထင်းရှိူ့ကို စိတ်မကျေနပ်စွာ ကြည့်သည်။
" မဟုတ်ပါဘူး။ " ချူထင်းရှိူ့ မှားယွင်းအပြစ်တင်ခံရသကဲ့သို့ ခံစားရသည်။
" ဒါဆို ဘာလို့ မင်း ငြင်းတာလဲ? " ယန်ကျင်းဇီက မေးသည်။
သူသည် ချူထင်းရှိူ့ကို "တစ်ဦးတည်းသော တွဲဖက်ဘုရင်" ဘွဲ့ဂုဏ်ထူးအား ပေးခဲ့သည်။ သူ့အိပ်ဆောင်ကို ပေးထားသည်မှာ နှစ်လသာ ရှိသေးပြီး ချူထင်းရှိူ့က သူ၏ မေထုန်မှုကို အကြိမ်ပေါင်းများစွာ ငြင်းဆိုထားကာ လောလောလတ်လတ် သူနှင့် မတွေ့ဆုံသည်မှာ သုံးရက်ဆက်တိုက် ရှိနေပြီ။ သုံးရက်ကြီးများတောင်လေ!
ချူထင်းရှိူ့ : " ... "
" မင်း အရင်က ဒီလိုမျိုး မဟုတ်တာ သေချာတယ်။ ကိုယ် အသက်ကြီးနေပြီလို့ မင်း ထင်တာလား? " ယန်ကျင်းဇီက မေးသည်။
ချူထင်းရှိူ့ : " အရှင်မင်းကြီး၊ ငါက မင်းထက် အသက်ကြီးတယ်။ "
" ကြည့်၊ မင်း ကိုယ့်ကို ကျင်းဇီလို့ မခေါ်ဘဲနဲ့ 'အရှင်မင်းကြီး'လို့ ခေါ်လိုက်တယ်! " ယန်ကျင်းဇီသည် အကြောင်းရင်းမရှိဘဲ ပြဿနာရှာနေသည်။
ချူထင်းရှိူ့ : " ... " အစက သူသည် မှားခေါ်မိခြင်းဖြစ်သော်လည်း 'အရှင်မင်းကြီး'ဟု ခေါ်ရသည်မှာ အတော် စိတ်ဝင်စားစရာကောင်းသဖြင့် ထိုသို့ခေါ်ရသည်ကို သူ သဘောကျသည်။
" ဘယ်လိုလုပ် မင်း ကိုယ့်ကို ဒီလိုဆက်ဆံနိုင်ရတာလဲ! " ယန်ကျင်းဇီသည် ပြောင်ပြောင်တင်းတင်းဖြင့် စောဒတက်ခဲ့သည်။
ချူထင်းရှိူ့သည် နောက်တစ်ကြိမ် နောင်တရမိသည်။ အစပိုင်း၌ သူ အလွန်တက်ကြွခဲ့မိသည်ကို နောင်တနေသည်...
ထိုအချိန်၌ ယန်ကျင်းဇီသည် သူ့အား အနားယူရန် အကြံပေးခဲ့သော်လည်း ယခုမူ... သူ တကယ် နောင်တရတယ်!
ပြောင်းလဲမှုမဖြစ်ခင်က ချူထင်းရှိူ့သည် အမှန်တကယ် ငြင်းဆိုနိုင်လိမ့်မည် မဟုတ်သော်လည်း ယနေ့တော့ မဟုတ်သေး... မနက်ဖြန်တွင် ရုန်မျိုးနွယ်စုမှ လူများ မြို့တော်သို့ လာရောက်မည်ဖြစ်ပြီး သူသည် အတတ်နိုင်ဆုံး အကောင်းဆုံးပုံပန်းသွင်ပြင်ဖြင့် ရှိနေချင်သည်။
နောက်တစ်ချက်မှာ ယန်ကျင်းဇီသည် လေ့ကျင့်လျက်ရှိရာ မကြာသေးမီက အနည်းငယ်... အားကောင်းလွန်းနေသည်။
" မင်း ဘာလို့ စကားမပြောတော့တာလဲ? " ယန်ကျင်းဇီသည် ချူထင်းရှိူ့စီသို့ ရှေ့တိုးကာ ချူထင်းရှိူ့ကို နမ်းလိုက်သည်။ ဤအရှုပ်အထွေးမျိုးမှာ သူနှင့် ချူထင်းရှိူ့တို့၏ ပျော်ရွှင်ဖွယ် ကျီစားခြင်းဖြစ်ပြီး သူ တကယ် စိတ်မဆိုးပေ။
ယခင်အတိုင်းဆိုလျှင် ချူထင်းရှိူ့သည် ငြင်းဆိုပြီးနောက် သူ၏ တောင်းဆိုမှုအချို့ကို သဘောတူလိမ့်မည်ဖြစ်သည်။ ရလဒ်မှာတော့ ယခုမူ...
ချူထင်းရှိူ့သည် ယန်ကျင်းဇီကို ပွေ့ဖက်၍ နမ်းလိုက်ကာ အရှုံးပေးလိုက်သည် : " အရှင်မင်းကြီး၊ ငါက အသက်ကြီးလာပြီ။ မင်းက အရမ်းအားကောင်းလွန်းတယ်... ငါ မခံနိုင်တော့ဘူး။ "
" မင်းက အသက်ဘယ်လောက်ရှိသေးလို့လဲ? " ယန်ကျင်းဇီ ချက်ချင်း ခွန်းတုံ့ပြန်လိုက်သည် : " အနာဂတ်မှာ မင်းကိုယ်မင်း အဲ့လိုမပြောရဘူး! "
စကားပြောပြီးနောက် ယန်ကျင်းဇီသည် ချူထင်းရှိူ့ ပြောခဲ့သည်များကို သဘောပေါက်သွားသည် : " နေဦး၊ ကိုယ်က အားကောင်းလွန်းတယ်လို့ မင်း ပြောလိုက်တာလား? "
ချူထင်းရှိူ့ ခေါင်းညိတ်လိုက်သည်။
ယန်ကျင်းဇီ အနည်းငယ် ဘဝင်မြင့်သွားသည် : " ကြည့်ရတာ မင်းကို စိတ်မပျက်စေဖို့ ကိုယ်ခံပညာကို ကိုယ် ကြိုးစားသင်ယူနေတာ အသုံးဝင်သေးတဲ့ပုံပဲ။ " အမျိုးသားတစ်ဦးအတွက် 'အားကောင်းသည်'ဟု လက်တွဲဖော်၏ ချီးကျူးခြင်းကို ခံရသည်မှာ လုံးဝ ချမ်းမြေ့ဖွယ်ကောင်းစရာ ဖြစ်သည်။
ချူထင်းရှိူ့ : " ... " ဟိုးအစကတည်းက သူသည် စိတ်မပျက်ခဲ့ဖူးဘဲ ဆင်ခြင်တုံတရားမရှိ၍သာ မပြုလုပ်သင့်သော တစ်စုံတစ်ရာကို လုပ်ဆောင်မိခဲ့ခြင်း ဖြစ်သည်။
ယန်ကျင်းဇီသည် အမူအရာပြင်လိုက်သည် : " အမှန်တော့ ထိန်းချုပ်ဖို့ တကယ်လိုနေတဲ့ ကိစ္စအချို့ ရှိတယ်။ မင်းရဲ့ ကျန်းမာရေးအတွက် မကောင်းတဲ့ဟာတွေ... "
သူသည် ချူထင်းရှိူ့၏ ခန္ဓာကိုယ်ကို အာရုံစူးစိုက်လျက် ရှိသည်။ အမှန်တကယ်တော့ သူသည် ချုထင်းရှိူ့အတွက် အားလပ်ချိန်များကို မကြာခဏ စီစဉ်ပေးလေ့ရှိ၏။
ယနေ့တွင်မူ... ချူထင်းရှိူ့သည် လာရောက်အညံ့ခံသော ရုန်မျိုးနွယ်စုကိုသာ တွေးနေသည်။ လွန်ခဲ့သော ရက်အနည်းငယ်အတွင်း သူ့ကို စကားသိပ်မပြောသဖြင့် သူ သဝန်တိုနေခြင်းဖြစ်သည်။
" အရှင်မင်းကြီး... " ချူထင်းရှိူ့ အနည်းငယ် စိတ်လှုပ်ရှားသွားသည်။ အမှန်ဆိုလျှင် အရှင်မင်းကြီးသည် အမြဲတစေ ချင့်ချိန်ပြုမူသည်။ အကြိမ်အများစုတွင် သူသည် သူ၏ လက်များနှင့် ခြေထောက်များကို အသုံးပြုသော်လည်း နောက်ဆုံးအဆင့်ကိုတော့ မလုပ်ပေ။ သူက သူ့ကို (ချူထင်းရှိူ့ကို) အလွန်စိတ်ပူပေးသည်...
" ဒီတော့ ဒီနေ့ ကိုယ်တို့ လက်သုံးကြမယ်! " ယန်ကျင်းဇီက ဆိုသည်။
ချူထင်းရှိူ့ : " ... "
" ဘာလို့ စကားမပြောတော့တာလဲ? မင်း ပါးစပ်ကို သုံးချင်လို့လား? " ယန်ကျင်းဇီက မေးလေသည်။
ချူထင်းရှိူ့ : " ... "
မိန်းမစိုးချုပ်ဝမ်ပင် အရှင်မင်းကြီး၏ အိပ်ဆောင်ခန်းထဲမှ အဖြစ်အပျက်များကို မသိချေ။
လူတိုင်း သိကြသည်မှာ နောက်တစ်နေ့တွင် ချူစစ်သူကြီးသည် ဖြောင့်တန်းနေသော နောက်ကျောတစ်စုံနှင့် ရုန်မျိုးနွယ်စု၏ မင်းသားငယ်အား သွားရောက်တွေ့ဆုံခြင်းကိုသာ ဖြစ်သည်။ သူတို့က လက်ရည်ယှဉ်ပွဲကို တောင်းဆိုသောအခါ လူထွားကြီးငါးဦး၊ မင်းသားငယ်နှင့် သူ့အစောင့်များအားလုံး အလွယ်တကူ ရှုံးနိမ့်သွားကြသည်။
ချူစစ်သူကြီးက မြို့တော်ကနေ နှစ်ပေါင်းများစွာ အပြင်မထွက်ပေမယ့် သူ့အရည်အချင်းတွေက ကောင်းမွန်နေဆဲပဲ!
သတင်းကြားရသောအခါ မှူးမတ်များသည် နန်းပလ္လင်ပေါ်မှ ယန်ကျင်းဇီကို အနည်းငယ် ဂရုဏာသက်စွာ ကြည့်ကြလေသည်။
ဤနှစ်များတွင် အရှင်မင်းကြီးသည် ကိုယ်ခံပညာကို လေ့ကျင့်နေသော်လည်း ချူစစ်သူကြီးကဲ့သို့ ကျွမ်းကျင်မည်မှာ သေချာပေါက် မဖြစ်နိုင်ဘဲ အိပ်ရာထဲတွင် မည်သို့ရှင်းလင်းခံရလိမ့်မည်ကို မပြောနိုင်ချေ။
သူတို့၏ အရှင်မင်းကြီးသည် တစ်ခါတစ်ရံ ပျော့ပျောင်းစွာ ထိုင်တတ်ပြီး အနည်းငယ် ပျင်းရိပုံပေါက်သော်လည်း သူတို့ စိုးရိမ်သည်မှာ ၎င်းက ထိုအကြောင်းကြောင့် ဖြစ်မည်ကို... အဟမ်း!
သို့သော် သူတို့ မကိုင်တွယ်နိုင်ပေ။
အရှင်မင်းကြီးက ဆန္ဒရှိသည်။ သူတို့ ဘာလုပ်နိုင်မှာလဲ?
ပြီးတော့ ကိစ္စများမှာ ဖြစ်ပြီးသွားပြီ... အရှင်မင်းကြီးက ချူထင်းရှိူ့နှင့် ကတောက်ကဆဖြစ်မည်ကို သူတို့ အမှန်တကယ် စိုးရိမ်မိသည်။
အရှင်မင်းကြီး၏ ထောက်ပံ့မှုနှင့် ချူထင်းရှိူ့တွင် အာဏာရှိနေသည်။ အကယ်၍ သူသာ အရှင်မင်းကြီးကို ဆန့်ကျင်လျှင် ချူထင်းရှိူ့၏လက်အောက်မှ တပ်သားများထံမှ သူတို့ ဓားဖြင့်အခုတ်ခံရလောက်သည်။
မှူးမတ်များသည် ချူထင်းရှိူ့နှင့် ယန်ကျင်းဇီတို့၏ ပူးကပ်နေသော မြင်ကွင်းကို လျစ်လျူရှုလျက် ငုံးကဲ့သို့ ခေါင်းငုံ့ထားကြသည်။
ရုန်မျိုးနွယ်စု၏ မင်းသားငယ်မှာ ချူထင်းရှိူ့ထံမှ အရိုက်ခံလိုက်ရသည်။ ထို့နောက် ယန်ကျင်းဇီသည် အမှန်တစ်ဝက်၊ အမှားတစ်ဝက် ရောနှောနေသော ညည်းညူမှုများကို အားပြု၍ တရားမမျှတသော သဘောတူညီချက်အချို့ကို မင်းသားငယ် သဘောတူညီအောင် ဆောင်ရွက်ခဲ့သည်။
ဧကရာဇ်မင်း ဖြစ်ရခြင်းမှာ၊ အထူးသဖြင့် ချစ်ရသူ အဖော်ပြုပေးနေသော ဧကရာဇ်မင်းတစ်ပါး ဖြစ်ရခြင်းမှာ တကယ့်ကို ပျော်ရွှင်ဖွယ်ပင်။
သို့သော် တစ်စုံတစ်ယောက်က ယန်ကျင်းဇီအား အကျဉ်းချခံထားရသော ချူမျိုးနွယ်က သမီးတစ်ယောက်ကို မွေးဖွားခဲ့ကြောင်း လျှောက်တင်လာသောအခါ ယန်ကျင်းဇီ မတုံ့ပြန်နိုင်လုနီးပါးပင်။
သူသည် ခဏတာ တွေးပြီးမှ သူတို့ ပြောနေသော ချူမျိုးနွယ်မှာ ချူထင်းလန်ဖြစ်မှန်း သဘောပေါက်သွားသည်။
ချူထင်းလန်က သမီးမွေးတယ်လား? အရမ်းမြန်တာပဲ!
ဟုတ်သားပဲ၊ မြန်တဲ့ပုံမပေါ်ဘူး... သူ(မ) ပင်းဝမ်နှင့် အကျဉ်းချခံထားရသည်မှာ သုံးနှစ်ရှိနေပြီဖြစ်သည်။
ယန်ကျင်းဇီသည် ပင်းဝမ်ကို အချုပ်ချပြီးကတည်းက ဤလူကို မတွေ့ရသေးမှန်း ရုတ်တရက် သတိရသွားသည်။
သူသည် သူတို့ကို တွေ့လည်းမတွေ့ချင်ပေ။
သူ့စစ်သူကြီးနှင့် ကစားနည်းငယ်မျိုးစုံကို ဆော့ကစားရန် အချိန်ရှိသည်မှာ မည်မျှကောင်းမွန်လိုက်သနည်း။ ဘာလို့ သူက သူ့အသက်ကို လိုချင်တဲ့ ညီနဲ့ သွားတွေ့ရမှာလဲ?
ထိုညနေတွင် ယန်ကျင်းဇီသည် ချူထင်းရှိူ့အား ချူထင်းလန် သမီးတစ်ယောက်ကို ဖွားမြင်ကြောင်း ပြောပြခဲ့ပြီး သူ့အစီအစဉ်များကိုလည်း ပြောပြလေသည် : " ကိုယ် လူလွှတ်ပြီး ကလေးမရနိုင်တဲ့ ချူမျိုးနွယ်လင်မယားကို ရှာခိုင်းပြီးပြီ။ မင်းရဲ့ သွေးဝေးတဲ့ ဆွေမျိုးတွေလို့ ပြောတယ်။ ကလေးကို သူတို့ကို ပျိုးထောင်ခိုင်းလိုက်မယ်။ ပြီးရင် အနာဂတ်မှာ သူ(မ)က ချူမိသားစုစီမှာ မွေးစားခံရလိမ့်မယ်။ "
ချူထင်းရှိူ့က စကားမပြောဘဲ ယန်ကျင်းဇီကို နမ်းလိုက်သည်။
ခဏကြာပြီးနောက် လူနှစ်ဦးသည် ခွဲခွာလိုက်ကာ ချူထင်းရှိူ့က ပြောလာသည်။ " ငါ ချူထင်းလန်ကို တွေ့ချင်တယ်။ "
လွန်ခဲ့သော သုံးနှစ်အတွင်း ချူထင်းရှိူ့သည် ချူထင်းလန်ကို သွားမတွေ့ခဲ့ပေ။ ယခု... ဤညီမကို သွားတွေ့ရန် သူ စီစဉ်ထားသည်။
" ကိုယ် မင်းကို အဖော်ပြုပေးမယ်။ " ယန်ကျင်းဇီက ဆိုသည်။
ချူထင်းရှိူ့ သဘောတူလိုက်သည်။
ပင်းဝမ်သည် ပင်းဝမ်၏ စံအိမ်တော်တွင် အချုပ်ကျသည်။
သေချာတာပေါ့၊ ပင်းစံအိမ်တော် တစ်အိမ်လုံးတွင် သူ့ကို နေထိုင်ရန်မှာ မဖြစ်နိုင်ချေ... အစက ယန်ကျင်းဇီသည် ပင်းစံအိမ်တော်၏ အနောက်ဘက်ခြံဝင်းကိုသာ ကန့်သတ်ပြီး သူ့ကို နေခိုင်းခဲ့သည်။
ဤပင်းစံအိမ်တော်မှာ ကွယ်လွန်သွားသော ဘွားတော်ကြီးက ပင်းဝမ်ကို ပေးခဲ့ခြင်းဖြစ်သည်။ ၎င်းမှာ မကြီးမားဘဲ သူ၏ အနောက်ဘက်ခြံဝင်းက ပို၍ပင် သေးငယ်သည်... ဤသုံးနှစ်အတွင်း ပင်းဝမ်၏ လှုပ်ရှားသွားလာမှု အတိုင်းအတာမှာလည်း အလွန်နည်းပါးလေသည်။
ယန်ကျင်းဇီသည် သူ့အပေါ် မကောင်းသော်လည်း အလွန် ဆိုးဆိုးရွားရွားတော့ မဆက်ဆံပေ။ အနည်းဆုံးတော့ အထဲမှ လူများသည် အခြေခံနေ့စဉ်သုံး အသုံးအဆောင်များ မပြတ်လပ်ကြချေ။
သို့သော် သူတို့သည် အပြင်မှလူများကို လုံးဝဥဿုံ မဆက်သွယ်နိုင်ကြ။
ထို့ကြောင့် လွန်ခဲ့သော သုံးနှစ်အတွင်း ပင်းဝမ်သည် ပြင်ပကိစ္စများနှင့်ပတ်သက်၍ ဘာမှမသိထားပေ။
ဤအခိုပ်အတန့်တွင် ညနေစာစားချိန် ရောက်လာပြီး အစောင့်ရဲမက်များသည် ထမင်းဆွဲပုံးတစ်ပုံးနှင့် ဟင်းသီးဟင်းရွက် ဆွဲပုံးနှစ်ပုံးကို သယ်လာကြသည်။
ထမင်းကို သာမန်ဆန်နှင့် ချက်ထားပြီး မသန့်ရှင်းသော တလင်းနယ်ခြင်းကြောင့် ၎င်းမှာ အနည်းငယ် အဝါရောင်သန်းနေသည်။ ဟင်းသီးဟင်းရွက် ဆွဲပုံးနှစ်ပုံး ရှိပြီး တစ်ပုံးမှာ ဝက်သားနှင့် ဂေါ်ဖီထုပ်စွပ်ပြုတ် ဖြစ်ကာ နောက်တစ်ပုံးမှာ ဟင်းရွက်ချဉ်နှင့် တို့ဖူးပြုတ်ချက်တို့ ဖြစ်ကြသည်။
သာမန်လူများအတွက် ဤအစားအစာများမှာ အလွန်ကောင်းသော်လည်း ပင်းဝမ်အတွက်မူ...
" အသားတွေ အများကြီးရှိတာတောင် ဝက်သားပဲ! " ပင်းဝမ်သည် ဒေါသတကြီး ပြောပြီး ပန်းကန်ခွက်ယောက်ကို အရင်ကောက်ကိုင်လိုက်သည်။
သူနှင့်အတူ အကျဉ်းကျသော လူရှစ်ယောက် ရှိသည်။ ချူထင်းလန်နှင့် သူ့ကြင်ယာတော်နှစ်ဦးအပြင် သူ့ကို သစ္စာစောင့်သိသော အစေခံငါးဦး ရှိ၏။
အမှန်ပင်၊ ယခု ဤအစေခံများ သူ့အပေါ် သစ္စာရှိ၊မရှိတော့ ဘယ်သူမှ မသိပေ။
အနည်းဆုံးတော့ သူ့အပေါ် ကြင်နာခဲ့သော သူ့ကြင်ယာတော်နှစ်ဦးကမူ ယခုအခါ သူ့ကို သဘောမကျကြတော့ချေ။
သူ့အတွက် သေပေးရန် ဆန္ဒရှိသော ချူထင်းလန်ပင် သူ့ကို မုန်းတီးသည်။
ဘယ်လိုလုပ် ချူထင်းလန် မမုန်းဘဲ နေနိုင်မလဲ?
သူ(မ)သည် မီးဖွားခါစဖြစ်ပြီး သူ(မ)အခန်းထဲတွင် အားနည်းစွာ လှဲလျောင်းနေသည်။ ရလဒ်မှာတော့ ပင်းဝမ်က ယင်းမှာ ကံဆိုးမှုဟု ပြောပြီး သူ(မ)ကို ကြည့်ပင်မကြည့်ပေ။ ဘယ်သူမှ သူ(မ)ကို ဂရုမစိုက်ကြ။
အပြင်ဘက်တွင် ဤလှုပ်ရှားမှုလည်း ရှိလေသည်...ပင်းဝမ်သည် ပုံမှန်ကဲ့သို့ပင် ဖြစ်ရမည်ဖြစ်ပြီး သူက ဦးစွာ အရသာရှိသော အစားအစာများကို ရွေးယူစားသည်။ အကြွင်းအကျန်များမှာ အခြားသူများ စားရန်ဖြစ်သည်။ ထို့ကြောင့် နောက်ဆုံးမှသာ သူ(မ)စီသို့ ရောက်လာသည်... သူ(မ)သည် သေချာပေါက် ဗိုက်အပြည့် စားနိုင်သော်လည်း အသားတစ်စကိုပင် မြင်ရတော့မည် မဟုတ်ချေ။
သူ(မ)သည် မီးဖွားထားခါစဖြစ်သော်လည်း အသားပင် မစားနိုင်။
ဤဘဝမျိုးကို နေထိုင်ရလိမ့်မည်ဟု ဟိုးယခင်က ချူထင်းလန် စိတ်ကူးပင်မယဉ်ဖူးခဲ့ပေ။
သူ(မ)သည် သူ(မ)၏မိခင် ပြောပြသော မြောက်ပိုင်းတွင် နေထိုင်ရသော အခက်အခဲများကို ကြားဖူးသော်လည်း သူ(မ) မှတ်မိနိုင်သည့်အချိန်ကတည်းက သူ(မ)သည် အစားအစာများနှင့် အဝတ်အထည်များ ပြတ်လပ်မရှိသော မြို့တော်တွင် နေထိုင်နေပြီဖြစ်သည်။ အဲ့လိုစားစရာတွေ သူ(မ)စီ ရောက်တောင်မလာဖူးတာကို စားဖို့ဆို ဝေးရော!
သူ(မ) ခြံဝင်းအပြင်သို့ မထွက်ရသည့်အချက်ကို ပြောစရာပင်မလို။
ပထမဆုံးရောက်လာချိန်၌ ချူထင်းလန်သည် သူ(မ)၏ ကြီးမြတ်မှုကြောင့် ယစ်မူးနေဆဲဖြစ်သော်လည်း နောင်တရဖို့ သိပ်မကြာလိုက်ချေ။ ဒါပေမယ့် နောင်တရတော့ရော ဘာထူးမှာလဲ?
အခု သူ(မ) ဝင်ပြီးမှတော့ ပြန်မထွက်နိုင်တော့ဘူး!
ဤနေရာသို့ သူ(မ)က နောက်ကျမှ ရောက်လာပြီး အကြဉ်ခံရသည်။ ပင်းဝမ်ကတောင် သူ(မ)ကို မကြိုက်ဘဲ မိုက်မဲတုံးအသည်ဟု ထင်သည်။
သူ(မ)သည် အမြဲအနိုင်ကျင့်ခံရပြီး ရွေးချယ်စရာမရှိဘဲ ပင်းဝမ်ကို ကျေနပ်စေကာ သူ့နောက်သာ လိုက်ရတော့သည်။ သူ(မ)တွင် ကလေးကလည်း ရှိသေးသည်။
ရလဒ်ကတော့ သူ(မ)သည် နာကျင်မှုများစွာနှင့် ကလေးတစ်ယောက်ကို မွေးဖွားခဲ့ပြီး ပင်းဝမ်က ကလေးကို အလေးအနက် မထားဘူး!
ချူထင်းလန် ဤသို့တွေးမိသောအခါ သူ(မ)၏မျက်လုံးများမှာ စပ်လာပြီး မျက်ရည်များ ကျလာတော့သည်။
ယခုအချိန်တွင် သူ(မ) အမှန်တကယ် နောင်တရမိသည်။
အစတုန်းက စစ်မက်ရေးရာ အကြံပေးအရာရှိလီနှင့် သူ(မ)အစ်ကိုတို့ ပြောခဲ့သော စကားများမှာ မှန်ကန်သည်။ ပင်းဝမ်က သူ(မ)ကို တမင်သက်သက် လိမ်ညာခဲ့သည်... ပင်းဝမ်က သူ(မ)ကို လုံးဝ မချစ်ပေ။
ပင်းဝမ်အတွက်နှင့် အရှင်မင်းကြီးကို လုပ်ကြံသော သူ(မ)က ပို၍ပင် တုံးအမိုက်မဲသေးသည်။
ဤသည်ကိုသာ သူ(မ) သိခဲ့မည်ဆိုလျှင် သူ(မ)အစ်ကို၏ စကားကို နားထောင်ပြီး သူ လက်ထပ်စေချင်သော လူကို သူ(မ) လက်ထပ်လိုက်မည်ပင်။
အမှန်တော့ နောက်ပိုင်းတွင် သူ(မ)အစ်ကိုသည် သူ(မ)အား နန်းတော်ထဲ မဝင်ခိုင်းခဲ့ချေ။ သူက သူ(မ)နှင့် ပင်းဝမ်တို့အကြောင်းကို သိပြီး သူ(မ) အပြစ်တင်ခံရမည်ကို ကြောက်သောကြောင့် ဖြစ်နိုင်ပေသည်...
သူ(မ)သာ လိမ္မာလျှင် ဧကရီပင် ဖြစ်နိုင်သေးသည်။
ချူထင်းရှိူ့ မြို့တော်သို့ ပြန်ရောက်စဉ်ကတည်းက မြို့တော်တွင် ချူထင်းလန်သည် လူပြောအများဆုံး လက်မထပ်ရသေးသည့် မိန်းမပျို ဖြစ်လာခဲ့သည်... သူ(မ)သည် အနာဂတ်၌ ပတ်ဝန်းကျင်မှ လူများထက် ပိုမိုကောင်းမွန်သော ဘဝတွင် နေထိုင်ရလိမ့်မည်ဟု အမြဲခံစားခဲ့ရသည်။
ယန်ကျင်းဇီ၏ ရင်သပ်ရှုမောဖွယ် အသွင်အပြင်ကို တွေးမိသောအခါ ချူထင်းလန် ပိုမိုဝမ်းနည်းလာသည်။
ဤအခိုက်အတန့်၌ အပြင်ဘက်တွင် ဆူညံသံအချို့ ပေါ်လာသည်။ ကျယ်လောင်စွာ မြည်ဟည်းလာသော ပင်းဝမ်၏ အသံကလည်း နောက်မှကပ်ပါလာသည်။ " တော်ဝင်အစ်ကိုတော်၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို သနားပါ! တော်ဝင်အစ်ကိုတော်! "
ပင်းဝမ်၏ အသံမှာ ကျယ်လောင်လွန်းလှသဖြင့် ချူထင်းလန်၏ဘေးမှ ကလေးမှာ နိုးလာပြီး ချက်ချင်း အော်ငိုတော့သည်။
ချူထင်းလန်သည် သမီးဖြစ်သူကို ဂရုမစိုက်ပေ။
အရှင်မင်းကြီး လာတာလား?
အရှင်မင်းကြီးက ဒီမှာရောက်နေရင် သူ(မ)မှာ အပြင်ထွက်ဖို့ အခွင့်အရေး ရှိသလား?
ဤသုံးနှစ်အတွင်း ချူထင်းလန်သည် ပြင်ပသတင်းများကို မသိရှိသော်လည်း ပင်းဝမ် သူ(မ)ကို စကားပြောစဉ်က သူသည် သူ(မ)၏အစ်ကိုအကြောင်း တစ်ခါပြောပြဖူးပြီး သူ(မ)အစ်ကိုကဲ့သို့ အာဏာကြီးသော မှူးမတ်တစ်ဦးကို ဧကရာဇ်က အနှေးနှင့်အမြန် သတ်ပစ်လိမ့်မည်ဟု ပြောနေခဲ့သည်။ သူ(မ)၏ အပြုအမူများမှာ သူ(မ)၏အစ်ကိုတော် မြန်မြန်သေအောင် တွန်းပို့နေသည်ဟု ပြောကာ သူ(မ)ကို ငတုံးမဟု ခေါ်ခဲ့၏။
သူ(မ)သည်လည်း ဤအမှန်တရားကို သိထားပြီး သူ(မ)အစ်ကိုက ဆိုးဆိုးရွားရွား အဆုံးသတ်လိမ့်မည်ဟု တွေးထင်မိသည်။
သို့သော် အရှင်မင်းကြီးက သူ(မ)၏အစ်ကိုကို ကြောက်ရွံ့ပြီး သတ်လိုက်သည်ဆိုလျှင် သူ(မ)၏အစ်ကိုက အရှင်မင်းကြီး၏ ကောင်းကျိုးအတွက် သေဆုံးသွားရသည်ကို ကြည့်ခြင်းအားဖြင့် သူက သူ(မ)ကို အလျော်အစားမပေးသင့်ဘူးလား?
ချူထင်းလန်သည် ဂရုမထားဘဲ အိပ်ရာထဲမှ ထွက်ကာ အမြန်ပြေးထွက်သွားသည်။
" အရှင်မင်းကြီး... " ချူထင်းလန်သည် အပြင်သို့ ပြေးသွားပြီး ငိုချတော့မည်ဖြစ်သော်လည်း သူ(မ) ပထမဆုံး တွေ့မြင်ရသူမှာ ယန်ကျင်းဇီ မဟုတ်ဘဲ ချူထင်းရှိူ့ ဖြစ်နေသည်။
တစ်နေ့လုံး ပင်းဝမ်ထံမှ ကျိန်ဆဲခံရပြီး ယန်ကျင်းဇီအတွက် ခွေးတစ်ကောင်သာ ဖြစ်ကာ အဆုံးတွင် အသတ်ခံရလိမ့်မည်ဟု အပြောခံရသော သူ(မ)၏အစ်ကိုတော်သည် ယခု သူ(မ)၏ရှေ့တွင် နဂါးပုံစံများ ချည်ထိုးထားသော အဝတ်ကို ဝတ်ဆင်လျက် ကြော့ကြော့မော့မော့ ရပ်နေသည်။
သုံးနှစ်ကုန်ဆုံးသွားပြီး သူ(မ)က အတော်လေး အရွယ်ရောက်လာသော်လည်း သူ(မ)၏အစ်ကိုမှာ သိပ်မပြောင်းလဲချေ။ သူက အနည်းငယ် အသားပိုဖြူလာပြီး ပိုမိုချောမောလာသည်။
သေချာတာပေါ့၊ မျက်စိအဖမ်းစားနိုင်ဆုံးမှာ ယန်ကျင်းဇီ ဖြစ်သည်။
သူက ချူထင်းရှိူ့နောက်တွင် ရပ်လျက် ပင်းဝမ်ကို အပြုံးတစ်ခုနှင့် ကြည့်နေသည်မှာ သူ့ရှေ့တွင် ဒူးထောက်နေသော ပင်းဝမ်မှာ အာရုံစူးစိုက်ရန် မလိုအပ်သော ကြောင်ပေါက် သို့မဟုတ် ခွေးပေါက်တစ်ကောင်သာ ဖြစ်သကဲ့သို့ပင်။
ပင်းဝမ်က အချုပ်ကျပြီး အလေးချိန်အများကြီးတက်လာရာ သူက ကြောင်ပေါက် သို့မဟုတ် ခွေးပေါက်ဟု ပြောခြင်းမှာ မြှောက်ပြောရာကျသည်။ သူက ဝက်တစ်ကောင် ဖြစ်လေသည်။
ချူထင်းလန်မှာ ပို၍ပင် နောင်တရသွားပြီး ငိုကြွေးလျက် မြေပြင်ပေါ်တွင် ဒူးထောက်လိုက်သည် : " အရှင်မင်းကြီး၊ ကျေးဇူးပြုပြီး ကျွန်တော်မျိုးမကို ခွ
င့်လွှတ်ပေးတော်မူပါ! အရှင်မင်းကြီး! "
သူ(မ)သည် ပင်းဝမ်ကို စိတ်ထဲမှ မကြိုက်သော်လည်း သူ(မ)၏ စကားများမှာ ပင်းဝမ်နှင့် တထပ်တည်းပင်။
____