Chapter 109
ထိုသူများ သူမရှေ့သို့ ပြေးလာသည်ကို တွေ့သောအခါ ရုတ်တရက် လန့်သွားကာ သူမ၏ ဝိညာဥ်ပင် လွင့်လုမတတ်ဖြစ်သွားသည် ။
ကျုံးမိသားစုကို သူမ ဘယ်လိုများမသိဘဲ နေပါလိမ့်မည်နည်း ။
သူမသည် မျက်နှာတိုင်းကို သတင်းတွင် အကြိမ်ပေါင်းမရေမတွက်နိုင်အောင် တွေ့ခဲ့ဖူးသည် ။ဘာလို့များ တိုက်တိုက်ဆိုင်ဆိုင်ပင် သူပါ ဒီနေရာသို့ ရောက်နေခဲ့သည်လည်း ။
မုန့်ချန်၏ မျက်နှာသည် ဖြူဖျော့နေပြီး သူမကော်ဖီဆိုင်မှ ထွက်သောအခါတွင် အရှေ့သို့ လျင်မြန်စွာလျှောက်သွားလိုက်ပြီး ထိတ်လန့်မှုဖြင့် ခြေလှမ်းများသည်ပင် သွက်နေခဲ့သည် ။
သူမ သွက်သွက်လျှောက်နေခဲ့သော်လည်း ကျုံးရှီယို့သည် ခြေလှမ်းမြန်မြန်ဖြင့် သူမတည့်တည့်သို့ လာနေခဲ့သည် ။ သူသည် မီးစိမ်းကိုပင် မတွန့်မဆုတ်ဖြတ်လာခဲ့ပြီး လင်းယုန်ငှက်သည် သူ၏ သားရဲကို ဖမ်းမိသွားသကဲ့သို့ ချက်ချင်းပင် သူမအားဖမ်းမိသွားခဲ့သည် ။ သူမ၏ ပုခုံးအား လက်တစ်ဖက်ထဲဖြင့် ကိုင်ဆွဲထားပြီး ထိုနေရာတွင် သူမအား ဟန့်တားလိုက်သည် ။
လူငယ်များသည် အလွန်စိတ်လိုက်မာန်ပါရှိပြီး ကျုံးရှီယို့သည်လည်း ချွင်းချက်မဟုတ်ပေ ။
သူသည် တစ်ရာ့ရှစ်ဆယ်စင်တီမီတာခန့် အရပ်အမြင့်ရှိပြီး လူလတ်ပိုင်းအရွယ် အမျိုးသမီး မုန့်ချန်သည် သူ့အား ပြန်လည်တိုက်ခိုက်ရန် ခွန်အား မရှိပေ ။
ကျင်းမင်သည် အလျင်အမြန်လိုက်လာပြီး ကျုံးရှီယို့သည် ထိုလူလတ်ပိုင်းအရွယ်အမျိုးသမီးအား ရန်လိုစွာ စိုက်ကြည့်နေခဲ့သည်ကို တွေ့လိုက်ရသည် ။ သူသည် ထိတ်လန့်သွားကာ ချက်ချင်းပင် ကျုံးရှီယို့အား ပိတ်ရပ်လိုက်သည် ။
" ရှီယို့ ဒီအမျိုးသမီးက ဘယ်သူလဲ ။ ဘာတွေဖြစ်နေတာလဲ ။ စိတ်လိုက်မာန်ပါမလုပ်နဲ့အုန်း "
" ငါအရမ်းစိတ်ငြိမ်နေတာ " ကျုံးရှီယို့သည် သူ၏ သွားကြားထဲမှ ထိုစကားများကို ထုတ်ပြောလိုက်သည် ။ သူသည် မုန့်ချန်၏ လက်မောင်းအား ကိုင်ထားပြီး သနားညှာတာခြင်းမရှိဘဲ သူ၏ ဘေးရှိ လမ်းကြားထဲသို့ ဆွဲခေါ်သွားခဲ့သည် ။
သူဘယ်လိုများ စိတ်လိုက်မာန်ပါ မလုပ်ဘဲ နေနိုင်မည်နည်း ။ ယခုတွင် ကျုံးမိသားစုသည် ထိုကဲ့သို့ ဖြစ်လာပြီး သူ၏ အစ်မသည် သူတို့အား စိမ်းကားနေခဲ့သည် ။ ထိုအဆိုးဆုံးကို ဖြစ်လာစေခဲ့သည့် တရားခံမှာ ဤအမျိုးသမီးပင်ဖြစ်သည် ။ ဘယ်လိုကြောင့်များ ဤအမျိုးသမီးသည် ထိုမျှလောက်ယုတ်မာနိုင်ရသနည်း ။
အတိတ်တွင် ကျုံးရှီယို့သည် မိုက်မဲကာ ကျုံးမိဘများ၏ ဖုံးကွယ်ခြင်းကို ခံခဲ့ရသည် ။ သူ၏ အစ်မသည် မုန့်ရှစ်ရွှမ်၏ အမေအရင်းကြောင့် အစားထိုးခံခဲ့ရသည်ကို မသိခဲ့ပေ ။ သူသည် ထိုအရာအား ဆေးရုံ၏ အမှားဟုသာ ထင်ခဲ့သည် ။ သူသည် ထိုအကြောင်းအရာအား အတိတ်ဘဝက သူမသေခင်အချိန်ထိ မသိခဲ့ရပေ ။
အကယ်၍ သူသာ သိခဲ့မည်ဆိုလျှင် သူ၏ နှလုံးသားထဲတွင် သူသည် မုန့်ရှစ်ရွှမ်အပေါ် ထိုမျှလောက် မျက်နှာလိုက်ခဲ့မည် မဟုတ်ပေ ။
သို့သော် ယခုတွင် ထိုအရာသည် နောင်တရရန် အလွန်နောက်ကျသွားခဲ့ပြီး သူသည် ဤအမျိုးသမီးကို မြေကြီးပေါ်တွင်သာ ထိုးကြိတ်ပစ်ချင်ခဲ့သည် ။သူ၏ ငယ်စဥ်ကတည်းက သွန်သင်ဆုံးမခံရမှုသည် သူ့အား တိုက်ခိုက်ရန်ဖြစ်ခြင်းမရှိ ၊ အမျိုးသမီးများနှင့် ကလေးများကိုလည်း အနိုင်ကျင့်ခြင်းမရှိစေခဲ့ပေ ။ သို့သော် ယခုအချိန်တွင် ကျုံးရှီယို့သည် မုန့်ချန်အား စိုက်ကြည့်နေခဲ့ပြီး သူ၏ မျက်လုံးများသည် နီရဲနေခဲ့သည် ။
" ခင်ဗျား ဒီမှာဘာလုပ်နေတာလဲ ။ တရားရုံးသွားဖို့ မစောင့်နေသင့်ဘူးလား ။ ခင်ဗျား ဘာတွေ ထပ်လုပ်ချင်နေသေးတာလဲ "
ကျုံးရှီယို့သည် မုန့်ချန်၏ ပုခုံးအား ဖိနှိပ်လိုက်ပြီး သူမ၏ မျက်နှာအား နံရံတွင် ဖိကပ်ထားခဲ့သည် ။
" ကျွန်တော် ခင်ဗျားကို သတိပေးလိုက်မယ် ။ ကျွန်တော့် အစ်မနားမှာ ပေါ်မလာနဲ့ ။ မဟုတ်လို့ကတော့ ခင်ဗျားကို သတ်ပစ်မယ် "
မုန့်ချန်သည် ရုန်းကန်နေခဲ့သော်လည်း သူမသည် ချက်ချင်းပင် ပို၍ တင်းတင်းကြပ်ကြပ်ဖိခံလိုက်ရသည် ။သူမ၏ မျက်နှာသည်ပင် ကြမ်းတမ်းသော နံရံကြောင့် ပွန်းပဲ့ကုန်ပြီး ချက်ချင်းပင် နာကျင်မှုကြောင့် ငိုယိုနေခဲ့သည် ။
" ငါဒီကို ငါ့ယောကျ်ားနဲ့ အလုပ်ကိစ္စညှိနှိုင်းဖို့ပဲ လာခဲ့တာ ။ ကျုံးယို့ယို့ကို ရှာဖို့မဟုတ်ဘူး ။ ငါ့ကို လွှတ်ပေးလို့ရမလား "
" ခင်ဗျားကို လွှတ်ပေးရမှာလား ။ခင်ဗျားလိုလူမျိုးက ငရဲကိုပဲ သွားသင့်တာ ။ "
ကျုံးရှီယို့ သွားများကို တင်းတင်းစေ့ထားခဲ့သည် ။
မုန့်ချန်သည် အမှန်တကယ်ပင် ကြောက်ရွံ့နေခဲ့သည် ။ သူမ ယခင်ကမြင်ခဲ့သည်မှာ ထိုလူငယ်သည် သူမ၏ သမီးပေါ်တွင် အလွန်ကောင်းစွာဆက်ဆံခဲ့ပြီး ရှစ်ရွှမ်အား "အစ်မ "ဟု ချိုမြိန်စွာခေါ်ခဲ့သောကြောင့် သူမသည် ဤကဲ့သို့ ဖြစ်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ ။သို့သော် ယခုတွင်တော့ သူသည် ကြမ်းကြုတ်သော ကျားသစ်တစ်ကောင်ကဲ့သို့ ပြောင်းလဲသွားခဲ့သည် ။
သူမ၏ ခန္ဓာကိုယ်အား မလှုပ်ရှားနိုင်သော်လည်း ထိုအရာသည် အရေးမကြီးပေ ။ ရွှမ်ရွှမ်သည် သူမ မည်သူမည်ဝါဖြစ်ကြောင်းပြောင်းလဲသွားသည့်အချိန်မှစပြီး ကျုံးမိသားစုတွင် ဘယ်လောက် ဒုက္ခခံစားခဲ့ရလည်း ဆိုသည်ကိုပင် သူမ စိုးရိမ်မိသည် ။
သူမ အပြစ်တင်ခဲ့လိုက်သည် ။
" နင်နဲ့ ရွှမ်ရွှမ်က နှစ်ပေါင်းများစွာ မောင်နှမဖြစ်လာခဲ့တာ ။ နင့်မှာ သူ့အတွက် ခံစားချက်နည်းနည်းလေးတောင် မရှိဘူးလား ။ နင်တို့ကျုံးမိသားစုက တစ်ကယ်သွေးအေးတာပဲ ။ ပြီးတော့ နင်တို့က သူမကို ဆောင်းတွင်းကြီးမှာတောင် နှင်ထုတ်ခဲ့သေးတယ် "
" ထွက်သွားစမ်း ခင်ဗျား "
ကျုံးရှီယို့သည် အလွန်ဒေါသထွက်နေပြီး စကားပင်ဆက်မပြောနိုင်ခဲ့ပေ ။
ကျင်းမင်သည် ဘေးမှ နားထောင်နေပြီး ဤလူလတ်ပိုင်းအမျိုးသမီးကို ရုတ်တရက် မှတ်မိသွားခဲ့သည် ။ သတင်းများအဆက်လိုက် ကို ပေါင်းစပ်ကြည့်လိုက်မည်ဆိုလျှင် ဘာတွေဖြစ်နေသည်လည်း ဆိုသည်ကို သူလည်းပဲ နားလည်သွားခဲ့သည် ။
ကျုံးရှီယို့သည် ပညာတတ်တစ်ယောက်ဖြစ်ပြီး ကျိန်ဆဲနေသည့်အခါတွင် သူ၏ မျက်နှာအား ထိန်းမထားနိုင်ခဲ့ပေ ။
" ခင်ဗျား ဒီလောက်အသက်ကြီးနေတာတောင် အခုထိ မရှက်တတ်သေးဘူးလား ။ ခင်ဗျားက ခင်ဗျားမွေးထားတဲ့ကလေးကို တစ်ခြားချမ်းသာတဲ့အိမ်ကို ထည့်လိုက်တာ ။ ဒါပေမဲ့ အခုတော့ ခင်ဗျားရဲ့ ချိုးငှက်က ငှက်ကျားရဲ့ အသိုက်ကို လုယူချင်နေလို့ ချမ်းသာတဲ့မိသားစုက ပစ်ထုတ်လိုက်တော့မှလာပြီးအပြစ်တင်နေတာပဲ ။ ကျွန်တော့အထင်တော့ ခင်ဗျားက မျက်နှာမရှိရုံတင် မဟုတ်ဘူး ။ ခင်ဗျားက လူစစ်စစ်တောင် မဟုတ်မှာကို စိုးရိမ်နေရမှာ "
မုန့်ချန်သည် အရှက်ရပြီး တုန်ရီနေခဲ့သည် ။
ကျုံးရှီယို့သည် သူမအား သေလောက်အောင် ဖိနှိပ်ထားချင်သော်လည်း အနည်းငယ်သာ ဖိနှိပ်ထားခဲ့သည် ။ သူ့အတွက် မိန်းမတစ်ယောက်ကို ရိုက်နှက်ရန်မှာ မဖြစ်နိုင်ပေ ။ သူ့အမေ နှင့် ရွယ်တူတန်းတူ မိန်းမကို လွှတ်ထားလိုက်ရန်သာ တတ်နိုင်ခဲ့သည် ။ သူသည် ဤအမျိုးသမီးအား ငရဲသို့ရောက်အောင် ပို့ပေးချင်လျှင်တောင်မှ သူအမှန်တကယ် မလုပ်နိုင်ခဲ့ပေ ။
ကျင်းမင် နှင့် ကျုံးရှီယို့သည် နှစ်အတော်ကြာအောင် သူငယ်ချင်းများဖြစ်ခဲ့သည် ။ သူသည် ကျုံးရှီယို့ကို ကောင်းစွာသိပေသည် ။ သူတို့သည် အေးစက်သော မျက်နှာထား နှင့် ခက်ထန်သော နှလုံးသားမျိုးရှိကြသည် ။ သူတို့သည် တစ်ခါတစ်ရံတွင် အလွန်မကြင်နာတတ်သော်လည်း လူလတ်ပိုင်းအရွယ်အမျိုးသမီးတစ်ယောက်ကိုတော့ သူတို့မရိုက်နှက်နိုင်ပေ ။
သို့သော်လည်း ယခုအချိန်တွင် သူသည် ကျုံးရှီယို့၏ ဒေါသကို နားလည်ပေသည် ။
သူ၏ မျက်စိအားလှည့်ကာ ကျုံးရှီယို့၏ ပုခုံးကို ချိတ်လိုက်ပြီး သူအား ဘေးမှ ခေါ်လိုက်သည် ။
" ရှောင်ကျုံး ဒီကိုလာ "
ကျုံးရှီယို့သည် မုန့်ချန်အား ဘယ်လိုလုပ်ရမည်ကို မသိတော့ပေ ။သို့သော် သူသည် သူမအား လွယ်လွယ်နှင့် မလွှတ်ပေးချင်ခဲ့ပေ ။ ထို့ကြောင့် သူသည် သူ၏ ပုခုံးအား စိတ်မရှည်စွာ ခါရမ်းလိုက်ပြီး
" မင်းဘာလုပ်နေတာလဲ "
ကျင်းမင် ပြောလာခဲ့သည် ။
" ငါ့မှာနည်းလမ်းရှိတယ် ။ "
ကျုံးရှီယို့သည် မုန့်ချန်အား လွှတ်မပေးခင် သူ့ကို ကြည့်လိုက်သည် ။ ဤလမ်းကြားသည် တစ်ဖက်သာရှိသော လမ်းဖြစ်သည်။ တစ်ဖက်လမ်းသည် မြင့်မားသောနံရံနှင့် ပိတ်ထားပြီး အမှိုက်ပုံးများသာရှိနေသည် ။အရပ်မြင့်မားသော ယောက်ျားလေးနှစ်ယောက်သည် လမ်းကြား၏ အပေါက်ဝ တည့်တည့်တွင် ရပ်နေကြသည် ။ မုန့်ချန်သည် ဝံပုလွေတို့၏ သားရဲတွင်းတွင် ပိတ်မိနေသော သိုးတစ်ကောင်ကဲ့သို့ ဖြစ်နေခဲ့သည် ။ သူမ ပြေးမလွတ်နိုင်ပေ ။
သူမသည် ကျုံးရှီယို့ နှင့် ကျင်းမင် တစ်ခုခုဆွေးနွေးနေသည်ကို တွေ့လိုက်ရသည် ။ ကျုံးရှီယို့သည် ပို၍ သင့်တင့်လျောက်ပတ်သော်လည်း ကျင်းမင်တွင်တော့ ဆိုးရွားသော အကြံများသာရှိသည် ။ ကျုံးရှီယို့ဘာပြောနေလဲဆိုသည်ကို သူမ မသိပေ ။ သို့သော် ကျုံးရှီယို့သည် မျက်မှောင်ကြုတ်ထားသော်လည်း ခေါင်းညိမ့်နေဆဲဖြစ်သည် ။
ထိုသူနှစ်ယောက်သည် သူမဆီ ပြန်ရောက်လာကြပြီး အငြိုးကြီးကြီးဖြင့် ကြည့်နေကြသည် ။
မုန့်ချန်သည် ဤ စိတ်လိုက်မာန်ပါ လုပ်တတ်သော ဆယ်ကျော်သက်နှစ်ယောက် ဘာလုပ်မလဲဆိုသည်ကို ကြောက်ရွံ့နေခဲ့ပြီး ထိတ်လန့်စွာပင် ပြောခဲ့သည် ။ " နင်တို့ဘာလုပ်ချင်နေကြတာလဲ ။ နင်တို့ငါ့ကို လွှတ်မပေးရင် ငါရဲခေါ်လိုက်တော့မှာနော် "
" ခင်ဗျား ခေါ်ရဲလား " ကျုံးရှီယို့သည် ဒေါသထွက်နေသည့်ဟန်ဖြင့် ပြုံးနေခဲ့သည် ။
" ရဲက ဘယ်သူ့ကို အရင်ထောင်ချမလဲဆိုတာ ကြည့်ချင်လား "
မုန့်ချန်သည် သူ၏ စကားကို နားမလည်လိုက်နိုင်ခင် ကျင်းမင်သည် သူ၏ လက်မောင်းကြားထဲမှ ပိုက်ဆံအိတ်ကို ထုတ်လိုက်ကာ သူမ၏ လက်ထဲသို့ ထည့်လိုက်သည် ။
နောက်ထပ်ချက်ချင်းပင် ကျင်းမင်သည် လမ်းကြားထဲမှ ပြေးထွက်သွားခဲ့ပြီး ကျယ်လောင်စွာအော်လိုက်သည် ။
" သူခိုးကို ဖမ်းပေးကြပါ ။ တစ်ယောက်ယောက်ကကျွန်တော်တို့ရဲ့ ပိုက်ဆံအိတ်ကို ခိုးသွားလို့ ။ တစ်ယောက်ယောက်က အထက်တန်းကျောင်းသွားတွေရဲ့ ပိုက်ဆံအိတ်ကို ခိုးသွားလို့ပါ "
မုန့်ချန်၏ မျက်နှာသည် ဒေါသကြောင့် ပြာနှမ်းလာခဲ့ပြီး သူမ၏ လက်ထဲမှ ပိုက်ဆံအိတ်အား အလျင်အမြန်ပင် လွှင့်ပစ်လိုက်သည် ။ သို့သော် ကျုံးရှီယို့သည် သူမအား တင်းကြပ်စွာ ဖိနှိပ်လာခဲ့ပြီး ပိုက်ဆံအိတ်ကို သူမလက်ထဲသို့ ပြန်ထည့်ခဲ့သည် ။
ထိုဆယ်ကျော်သက်နှစ်ယောက်သည် သူမထက်ပင် သောင်းကျန်းနေသေးသည် ။ အထက်တန်းကျောင်းသားဆိုသူမှာ ဘယ်မှာနည်း ။ သူတို့သည် နတ်ဆိုးများပင် မဟုတ်ပါလား ။
ဤနေရာသည် မြို့၏ အလယ်တွင်ဖြစ်ပြီး ရဲများသည် အလျင်အမြန်ပင် ရောက်လာခဲ့သည် ။ဆယ်မိနစ်ကြာသောအခါ သုံးယောက်သားသည် ရဲစခန်းသို့ ခေါ်ဆောင်သွားခံရသည် ။
မုန့်ချန်၏ မျက်နှာသည် ဖြူဖျော့နေပြီး သူမ၏ ခြေဖဝါးများသည် အားနည်းနေကာ သူမသည် ကောင်းကင်ကြီးလည်နေသည်ကိုပင် ခံစားနေမိသည် ။
ရဲသည် ဘောပင် နှင့် စာရွက်ကို ကိုင်ကာ ရောက်လာခဲ့သည် ။
" ထွက်ဆိုချက်ရေး "
ယခုတွင် မုန့်ချန်ဘာမှမပြောနိုင်တော့ချေ ။ လမ်းသရဲများ၏ နေရာများဖြစ်သော နောက်ဖေးလမ်းကြားသည် စောင့်ကြည့်စစ်ဆေးသည့် ကင်မရာများ မတပ်ထားပေ ။ သူမသည် ထပ်ခါတလဲလဲ ရဲအား ပြောခဲ့သည် ။
"ရဲဘော် ၊ ကျွန်မတစ်ကယ် အမှုဆင်ခံခဲ့ရတာပါ ။ ဒီလူက ကျွန်မလက်ထဲကို သူ့ရဲ့ပိုက်ဆံအိတ်ကို ထည့်သွားတာပါ ။ ကျွန်မ လုံးဝအဲ့တာကို မခိုးခဲ့ဘူး ။"
ရဲသည် သူမအား အကျဥ်းသားအား ကြည့်နေသကဲ့သို့ မယုံသင်္ကာဖြင့် ကြည့်နေခဲ့သည် ။
" ဒီကျောင်းသားနှစ်ယောက်လုံးက ကျောင်းဝတ်စုံဝတ်ထားတဲ့ အထက်တန်းကျောင်းသားတွေပဲ ။ စစ်ဆေးကြည့်ပြီးတဲ့နောက်မှာ သူတို့က ကျောင်းမှာလည်း အရမ်းလိမ္မာကြတယ် ။ သူတို့က ခင်ဗျားကို ဘာလို့ ရုတ်တရက်ကြီး အမှုဆင်ချင်နေရတာလဲ ။ "
ကိစ္စများ ပိုရှည်သွားစေမည့် လွန်ခဲ့တဲ့ဆယ်နှစ်ကျော်လောက်တုန်းက သူမ ကလေးခိုးခဲ့သည့်အကြောင်းကို မုန့်ချန်ဘယ်လိုလုပ်ပြောပြနိုင်မည်နည်း ။ အချိန်အတော်ကြာအောင် သူမ ဗလုံးဗထွေးပြောနေခဲ့သော်လည်း ပြန်လည် ငြင်းခုံနိုင်ရန် သဲလွန်စပင် သူမရှာမတွေ့ခဲ့ပေ ။
ကျုံးရှီယို့သည် အေးစက်သော မျက်နှာထားဖြင့် ပြောလိုက်သည် ။ ကျင်းမင်သည် အလွန်ပါးနပ်ပြီး သူ၏ နောက်မှ လောင်စာထည့်ပေးကာ ပို၍ ဒေါသထွက်စေခဲ့သည် ။
" သူမက ကျွန်တော်တို့ ပိုက်ဆံအိတ်ကို ခိုးသွားတာ ။ ကံကောင်းလို့ ကျွန်တော် မြန်မြန်သတိထားမိပြီး သူမကို ဖမ်းမိသွားတာ ။ ရဲဦးလေးကြီး ဒီအခြေအနေကို ဘယ်လိုမြင်လဲ ။ဘယ်လို ပြစ်ဒဏ်မျိုးပေးမှာလဲ "
ရဲသည် သူ၏ ပိုက်ဆံအိတ်အား လှန်လှောရှာဖွေကာပြောလိုက်သည် ။
" ကျောင်းသား မင်းရဲ့ပိုက်ဆံအိတ်ထဲမှာ ပိုက်ဆံအများကြီးမရှိဘူး ။ ပုံမှန်အားဖြင့် ဒီလိုအခြေအနေမှာ ငါတို့က စကားနဲ့ အနည်းငယ်ဆုံးမပြီး ယွမ်နှစ်ထောင်အောက်ပဲ ပေးဆောင်ခိုင်းတာ ။ပြီးရင် ကျူးလွန်တဲ့သူကို သူ့ရဲ့မိသားစုဆီ အသိပေးပြီး လာခေါ်ခိုင်းလိုက်တာပဲ "
ကျင်းမင်သည် ကျုံးရှီယို့အတွက် မတရားမှုကို တိုက်ခိုက်ပေးခဲ့ပြီး ထိတ်လန့်စွာပင် မေးလိုက်သည် ။
" အဲ့တာအကုန်ပဲလား "
သူတို့က သူတို့ရဲ့စိုက်အားတွေကို ဖြုန်းတီးလိုက်တာပဲမဟုတ်ဘူးလား ။ မုန့်ချန်ကို ဂယက်ရိုက်ခဲ့ပြီးနောက် ထိုမိန်းမမုန့်ချန်ကတော့ အပြစ်ပေးမခံရပေ ။
မုန့်ချန်၏ မျက်နှာသည် ဖြူဖျော့နေခဲ့ပြီး ဒဏ်ငွေဆောင်ရမည်ဆိုလျှင်လည်း သူမ ဂရုမစိုက်ပေ။ သို့သော် သူမ မိသားစုကို အသိပေးဖို့လိုနေသေးသည်လား ။သူမ ဟယ်ချုန်ရှန်းကို အသိမပေးချင်ပေ ။ ဟယ်ချုန်ရှန်း၏ နှလုံးသားထဲတွင် သူမသည် မည်သည့်အခါကမှ အပြစ်အနာအဆာ မရှိဘူးသောအမျိုးသမီးဖြစ်သည် ။ ဟယ်ချုန်ရှန်း ၏ သူမအပေါ်အမြင်အား ယုံမှားမကင်းဖြစ်အောင်လုပ်ခဲ့ပြီး ယခုတွင် ဟယ်ချုန်ရှန်းသည် သူမကို ခေါ်ထုတ်ရန် ရဲစခန်းသို့ လာရတော့မည် ။
ထိုအရာအားတွေးမိသောအခါ သူမသည် ကျုံးရှီယို့ကို ခါးသီးစွာကြည့်လိုက်သည် ။ ကျုံးမိသားစုတွင် အမှန်တကယ်ပင် ကောင်းမွန်သည့်အရာမရှိချေ ။ ခွေးအ နှင့် ကျားများရှိသည့် မိသားစုသာဖြစ်သည် ။ဤလူငယ်သည် ကျုံးယို့ယို့ နှင့် တစ်ပုံစံတည်းပင် ထွက်လာခဲ့သည် ။
သူမအလျင်အမြန်ပင် ရဲအားပြောလိုက်သည် ။
" ရဲဘော် ကျေးဇူးပြုပြီး ကျွန်မ ယောကျ်ားကို ခေါ်ခွင့်ပေးပါ "
မိနစ်ငါးဆယ်ကြာသောအခါ ဟယ်ချုန်ရှန်းရောက်လာခဲ့သည် ။
ဟယ်ချုန်ရှန်းသည် အသေးစားစီးပွားရေးလုပ်ငန်းရှင်တစ်ယောက်သာဖြစ်သော်လည်း သူသည် မြောက်ဘက် နှင့် တောင်ဘက်များကို နှစ်များစွာကြာအောင် ခရီးထွက်ခဲ့ရပြီး နေရာတိုင်းတွင် လူများစွာနှင့် ဆုံတွေ့ခဲ့သည် ။သူသည် ဖုန်းထဲမှတစ်ဆင့် မုန့်ချန်ငိုနေသည်ကို ကြားခဲ့ရပြီး ဘာဖြစ်နေလဲဆိုသည်ကို နားမလည်ခဲ့ပေ ။ သူ၏ နှလုံးသားထဲတွင် ပူပန်သွားခဲ့သည် ။ ဖုန်းကိုင်ခဲ့ပြီးနောက်တွင် သူသည် အလျင်အမြန်ပင် ပြည်တွင်းရဲဌာနကို သိသောသူငယ်ချင်းကို ဆက်သွယ်ခဲ့သည် ။
သူနှင့် သူ့သူငယ်ချင်းအလျင်အမြန်ရောက်လာသောအခါတွင် မုန့်ချန်သည် ထောင့်နားတွင် သူမ၏ ခေါင်းထဲတွင် လက်ချောင်းများထိုးထားကာ အရှက်ရနေသည့် ပုံစံဖြင့် ထိုင်နေခဲ့သည် ။သူမ ဟယ်ချုန်ရှန်းကိုမြင်သောအခါ မျက်ရည်များ ပိုးပိုးပေါက်ပေါက် ကျလာခဲ့သည် ။
မုန့်ချန်အားထိုကဲ့သို့ မြင်လိုက်ရသောအခါ ဟယ်ချုန်ရှန်း ၏ နဖူးသည် နီရဲလာပြီး သူ၏ အရေပြားသည်လည်း ချုံးကျသွားခဲ့သည် ။
သူ မပူပန်ဘဲ ဘယ်လိုလုပ်နေနိုင်ပါမည်နည်း ။ သူသည် ရဲအား အလျင်အမြန်ပင် ပြောလိုက်သည် ။
" ကျွန်တော့်မှာ ငွေရှိတယ် ။ ကျွန်တော့်မိန်းမက ဘယ်လိုလုပ်ပြီး သူများပစ္စည်းကို ခိုးနိုင်မှာလဲ ။ ပြီးတော့ အထက်တန်းကျောင်းသားတွေရဲ့ ပိုက်ဆံအိတ်ကို ခိုးတာတဲ့လား ။ ဒါက သေချာပေါက် အထင်လွဲနေတာပဲ ဖြစ်ရမယ် "
မုန့်ချန်ထပ်ခါတလဲလဲ ခေါင်းညိတ်နေခဲ့သည်။ သူမ၏ ခြေဖဝါးများသည် အားနည်းနေခဲ့ပြီး သူမသည် ဟယ်ချုန်ရှန်းကို မှီထားခဲ့သည် ။
ဟယ်ချုန်ရှန်း ခေါ်လာခဲ့သော သူငယ်ချင်းသည် ပြည်တွင်းပစ္စည်းတင်ပို့ကုန်သည် ဖြစ်သည် ။သူသည် ဤနယ်ပယ်တစ်ဝိုက်တွင် အနည်းငယ်လွှမ်းမိုးမှုရှိသည် ။ ထိုအရာအားတွေ့လိုက်သောအခါ သူသည် စိတ်အနှောင့်အယှက်ဖြစ်စွာပင် ပြောလိုက်သည် ။
" ဒါကြောင့် ခင်ဗျားစစ်ဆေးတာကို တစ်ချက်ကြည့်သင့်တယ် ။ကျွန်တော်ကြားတာတော့ လမ်းကြားထဲက စောင့်ကြည့်စစ်ဆေးတဲ့ ကင်မရာက ပျက်နေတယ်တဲ့ ။ ဒါကြောင့် အနည်းဆုံး ဒီဟာကိုတော့ ကြည့်သင့်တာပေါ့ ။ လမ်းအပြင်မှာရှိတဲ့ စောင့်ကြည့်စစ်ဆေးတဲ့ ကင်မရာကို ဘာတွေဖြစ်နေလဲသိဖို့ တစ်ချက်ကြည့်လိုက်ပါအုန်း "
မော်နီတာပေါ်မှာ ။
ဟုတ်တယ် ။ မုန့်ချန်၏ ဝေဝါးနေသော အတွေးသည် ရုတ်တရက် မှတ်မိလာခဲ့သည် ။ ထိုစောင့်ကြည့်စစ်ဆေးသည့် ကင်မရာသည် သူမ၏ ရိုးသားမှုကို သက်သေပြနိုင်သည် ။
လမ်းကြားထဲတွင် စောင့်ကြည့်ကင်မရာမရှိသော်လည်း အပြင်ဘက်သည် မြို့လယ်ခေါင်တစ်ဝိုက်ပင် ဖြစ်သည် ။ စောင့်ကြည့်စစ်ဆေးထားသည်အား ပို့ပေးပြီးသွားသောအခါ ထိုအရာသည် တစ်ချက်ကြည့်ရုံဖြင့်ပင် ရှင်းလင်းသွားလိမ့်မည် ။ လက်ရှိတွင် ရှိနေသော သူအားလုံးမြင်လိမ့်မည် ။ ထိုဆယ်ကျော်သက်နှစ်ယောက်သည်သာ လမ်းတစ်ဖက်ကို အလျင်အမြန်ဖြတ်လာခဲ့ပြီး ရန်သူအားတွေ့လိုက်ရသကဲ့သို့ပင် ထိုနေရာသို့ သူတို့ကိုယ်သူတို့ ပို့လိုက်ခြင်းဖြစ်သည် ။
ဤနည်းလမ်းဖြင့် သူမသည် ရှက်ရွံ့နေခဲ့ပြီး ဖြစ်နိုင်သည်မှာ ထိုအရာသည် ဟယ်ချုန်ရှန်း၏ သံသယကို လှုပ်နှိုးလိုက်သလိုဖြစ်ပြီး ဤဆယ်ကျော်သက်နှစ်ယောက်ဆီမှ သူမဘာလို့ အမုန်းခံနေရလဲ ဆိုသည်ကို စူးစမ်းမိသွားစေလိမ့်မည်...
သို့သော် ယခုတွင် နည်းလမ်းမရှိတော့ချေ ။
မုန့်ချန်သည် သူမ၏ ရိုးသားမှုကို သက်သေပြနိုင်ကြောင်းသိသည် ။ ထို့ကြောင့် သူမသည် မကျေနပ်ကြောင်း ထပ်ခါတလဲလဲ ပြောခဲ့သည် ။
" ကောင်းပြီ ။ မော်နီတာကို ကြည့်ပြီး ဘယ်သူကလိမ်နေလဲဆိုတာကို ကြည့်ကျတာပေါ့ ။ ငါက Dou E ထက်တောင် ပိုမှားယွင်းခံရသေးတယ် ။ ဒီအထက်တန်းကျောင်းသားနှစ်ယောက်က ဘာတွေမှားနေလဲဆိုတာ ဘယ်သူက သိမှာလဲ ။ရုတ်တရက်ကြီး နင်တို့က ငါ့ကို အမှုဆင်ခဲ့တာ ။ ရဲဘော် ၊ ရှင်ကျွန်မကို အရမ်းအသက်ကြီးပြီလို့ ပြောခဲ့တာပဲ ။ ကျွန်မဘယ်လိုလုပ်ပြီးတော့များ ဒီလူကို လွတ်သွားဖို့ တတ်နိုင်မှာလဲ "
[[**Note : Dou E - Gan Tian Dong Di Dou E Yuan (The Injustice to Dou E )လို့ခေါ်တဲ့ ပြဇာတ်ပါ ။]]
ကျင်းမင်သည် ရုတ်ချည်းအံ့အားသင့်မိသွားသည်။သူသည် အထက်တန်းကျောင်းတွင် ဒုတိယနှစ်ကျောင်းသား သာဖြစ်ပြီး ထိုကဲ့သို့ အကျိုးဆက်များကို မမျှော်လင့်ထားခဲ့ပေ ။
ကျုံးရှီယို့သည် စိတ်ငြိမ်ငြိမ်ထားခဲ့ပြီး သူစိတ်လိုက်မာန်ပါလုပ်လိုက်မိသည်ကို သိခဲ့သည် ။ သူသည် ကျုံးမိသားစု၏ မိသားစုဝင်ဖြစ်နေသည်ကိုသာ မှီခိုခဲ့ပြီး အကျိုးဆက်များကို ဂရုမစိုက်ဘဲ လုပ်ခဲ့မိသည် ။သို့သော် ယခုတွင်တော့ မုန့်ချန်၏ လူယုတ်မာမျက်နှာသည် Zမြို့တွင် ပေါ်လာခဲ့သည်မှာ အလွန်အံ့အားသင့်ဖွယ်ကောင်းပြီး သူနှင့်ကျင်းမင်သည် ထိုကဲ့သို့ ဟာသပြဇာတ်ကို လုပ်ခဲ့မိသည် ။
ဤအချိန်တွင် သူ၏ အဖေကို ခေါ်ဆိုရမည်လား ။သူသည် သူ၏အဖေထံမှ သေချာပေါက် ကြိမ်းမောင်းခံရလိမ့်မည် ။
ပါပါးကျုံးသည် ထိုအမျိုးသမီးမုန့်ချန်နှင့် ရောထွေးမိတာမျိုး ခွင့်မပြုကြောင်း အစောကတည်းက ပြောထားခဲ့ပြီး ဖြစ်သည် ။
ဟယ်ချုန်ရှန်းခေါ်လာခဲ့သောသူငယ်ချင်းသည် အတော်လေး အာဏာရှိပေသည် ။သူသည် ဘေးမှာထိုင်နေသော အထက်တန်းကျောင်းသားနှစ်ယောက်ကို ကြည့်နေလိုက်ပြီး ကျုံးရှီယို့ဟု ခေါ်သောတစ်ယောက်သည် တည်ငြိမ်နေသည်ကို တွေ့လိုက်ရသည် ။ကျင်းမင်ဟုခေါ်သော တစ်ယောက်သည် အန္တရာယ်များသော ကောင်လေးကဲ့သို့ပင် ။ သို့သော် သူသည် အံ့အားသင့်နေခဲ့သည် ။
ဤအရာသည် ပြီးဆုံးသွားလိမ့်မည်ဆိုသည်ကို သူသိသည် ။ ဤအထက်တန်းကျောင်းသားနှစ်ယောက်သည် သူနှင့် ဆက်၍ ကစားနိုင်မည်တဲ့လား ။
" မင်းရဲ့လက်ထောက်ကို ဒီကိုခေါ်လာခဲ့ ။ ငါသူ့ကိုသိတယ် " သူသည် ပြုံးကာ ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည် ။
ကျုံးရှီယို့သည် သူ့အားကြည့်လိုက်ကာ သူ၏မျက်နှာတွင် နက်နဲသောဖော်ပြမှုများရှိနေခဲ့သည် ။
" ခင်ဗျားက စောင့်ကြည့်ကင်မရာကို ကြည့်ချင်တယ်ဆိုရင် ကြည့်လို့ရတယ် ။ ဒီကိစ္စမှာ ကျွန်တော်ဖုန်းဆက်ရလိမ့်မယ် ။ ကျွန်တော်က အရွယ်ရောက်ပြီးတဲ့သူတစ်ယောက်မဟုတ်ဘူး ။ ဒါကြောင့် ကျွန်တော့်မှာ အုပ်ထိန်းသူခေါ်ပိုင်ခွင့်ရှိတယ် "