အပိုင်း ၁၁၂
Viewers 18k

Chapter 112




ချင်းယောင် ဖုန်းချတော့မည်ကို သတိထားမိသဖြင့် ကျုံးရှီယို့က လျင်မြန်စွာပြောလိုက်၏။ 


“ ယောက်ဖ..နေပါဦး။ ကျွန်တော်ပြောစရာရှိသေးတယ်။” 


ချင်းယောင် : “ဘာလဲ” 


ကျုံးရှီယို့က အမှားလုပ်မိလိုက်သော်လည်း ထိုအမှားက အမှန်တကယ်တွင်  ကောင်းချီးပင်ဖြစ်ကာ သူ့ကို ချင်း‌ယောင်နှင့် အဆက်အသွယ်ရစေခဲ့၏။ ထိုအချိန်တွင် သူကအကြံတစ်ခုပေါ်လာသည်။


 အနာဂတ်ယောက်ဖလောင်းလေးကို စိတ်ကျေနပ်အောင် ဘယ်ကားအမျိုးအစားဝယ်ပေးရမလဲ။ ဒါပေမယ့် ချင်းယောင်က ဘာကိုမှ စိတ်ဝင်စားပုံမပေါ်ဘူး။ သူက သေချာပေါက် ကလေးဆန်တဲ့အရာတွေကို စိတ်မဝင်စားလောက်ဘူး။ 


ဒါဆို ချင်းယောင်ကဘာကိုစိတ်ဝင်စားတာလဲ။ သေချာပေါက် သူ့အစ်မကိုပဲပေါ့။ 


ကျုံးရှီယို့က ချက်ချင်းပင် သူ့ကိုယ်သူ ဉာဏ်ကောင်းသည်ဟု တွေးလိုက်ကာ ကျုံးယို့ယို့ကို ထုတ်သုံးလိုက်၏။ 


“ ယောက်ဖ ကျွန်တော့်မှာ အစ်မရဲ့ အရင်တုန်းက ဓာတ်ပုံတွေရှိတယ်... ယူချင်လား” 


ကျုံးယို့ယို့ပြောင်းသွားခဲ့စဥ်က သူမပစ္စည်းတွေအကုန်နီးပါးယူသွားသော်လည်း အိမ်တွင် ကျန်ခဲ့သည်များလဲရှိသည်။ ဥပမာအနေနှင့် ကျုံးပါပါးနှင့် ကျုံးမာမား၏ မဂ်လာနှစ်ပတ်လည်နေ့တွင် သူတို့က မိသားစုလိုက် ဓာတ်ပုံရိုက်ခဲ့၏။ ချင်းယောင်က ထိုပုံတို့ကို တစ်ခါမှမမြင်ဖူးသည်ဖြစ်ရာ ကျုံးရှီယို့က ထိုဓာတ်ပုံတို့ကို အသုံးချနိုင်သည်။ 


ချင်းယောင်က ချက်ချင်းပင် လက်ခံလာခဲ့၏။ “ ကောင်းပြီ... ငါ့ဆီအကုန်ယူလာခဲ့။” 


ကျုံးရှီယို့ : “…” 


ကျုံးရှီယို့က သူ၏အနာဂတ်ယောက်ဖလောင်းသည် လောင်စာမပြည့်ဝနေသော မီးအိမ်နှင့်တူသည်ဟု တွေးလိုက်ပြီး ချင်းယောင်၏ အမြင်ကောင်းများရရှိရန် ဆက်ပြောလိုက်သည်။ “ စကားမစပ်... ကျွန်တော့်အစ်မက အရင်က ဘာလို့ရှစ်ကျစ်ထန်ကို ကြိုက်ခဲ့လဲဆိုတာ ယောက်ဖသိလာအောင်  ကျွန်တော်ကူပေးလို့ရတယ်။” 


ကျင်းမင်က နားထောင်နေရင်း ကျုံးရှီယို့ကို လက်မထောင်ပြလိုက်သည်။


 စက္ကန့်နည်းနည်းလေးအတွင်းမှာ မင်းကမင်းအစ်မကို ရောင်းစားလိုက်ပြီပဲ။ 


အတိတ်တုန်းက သူသည် ရှစ်ကျစ်ထန်အကြောင်းကြားလျှင် ချက်ချင်း မနာလိုဖြစ်ကာ နေမကောင်းပင်ဖြစ်ချင်သည်။ သို့သော် ယခုတစ်ခေါက်တွင်တော့ သူက ကြမ်းပြင်မှ မျက်နှာကျက်ထိရှိသော မှန်ပြတင်းပေါက်‌ရှေ့တွင်ရပ်နေပြီး အပြင်ဘက်ရှိ မီးရောင်တို့ကိုကြည့်ရင်း အဝတ်လဲခန်းထဲမှ အနမ်းကို တွေးမိသွား၏။ 


ကျုံးယို့ယို့က သူ၏ကော်လံကို ဆွဲချရင်း အနားကိုတိုးကပ်ခဲ့သည်။

 

၎င်းက နူးညံ့ပြီး သူ့ကိုထုံထိုင်းစေခဲ့၏။ ခဏလေးပင်ဖြစ်သော်လည်း သူ၏စိတ်ထဲတွင်နက်ရှိုင်းစွာ စွဲထင် နေတော့သည်။ ထိုအချိန်မှစပြီး အတိတ်မှ မလိုလားမှုနှင့် ခံပြင်းမှုတို့သည် ထိုအနမ်းလေးနှင့် ညင်သာစွာ နှစ်သိမ့်ခံလိုက်ရပြီး ချိုမြိန်မှုတို့က အစားထိုးဝင်ရောက်လာတော့၏။ 


ချင်းယောင်က ငေးကြည့်နေရင်း နှုတ်ခမ်းထောင့်တို့က ကွေးတက်သွားကာ “ ကောင်းပြီ။” 


သူက ရယူမှု၊ ဆုံးရှုံးမှုတို့ကို ဂရုမစိုက်တော့ချေ။ သို့သော်သူ၏ ပြိုဘက်အကြောင်းကို အဖက်ဖက်မှ နားလည်အောင် လုပ်ထားခြင်းက သူ့ကို မနာကျင်စေပေ။ သူ့ကိုယ်သူနှင့် ရန်သူအကြောင်းကို သိထားလျှင် ရာကျော်သော တိုက်ပွဲတို့ပင်မလို။ သူက အရင်တုန်းက ကျုံးယို့ယို့သည် ရှစ်ကျစ်ထန်ကို မည်သို့စွဲလမ်းသွားသည်ကိုပင် သိချင်ခဲ့သည်။ 


ကျုံးရှီယို့က ကတ်နှစ်ကတ်ကို ထုတ်သုံးလိုက်ပြီဖြစ်သော်လည်း အနာဂတ်ယောက်ဖလောင်းလေးက သေချာတုံ့ပြန်မလာသေးပေ။ သူကမနေနိုင်ဘဲမေးလိုက်၏။ “ ယောက်ဖ...အခုလေးတင် ကောင်းပြီလို့ပြောလိုက်တာလား

” 

ချင်းယောင် : “ တခြားရှိသေးလို့လား” 


ကျုံးရှီယို့ : “...” 


ကျုံးရှီယို့က စိတ်ညစ်သွားသော်လည်း ဘာမှမပြောလိုက်ပေ။ အရေးကြီးသည်က ချင်းယောင်ဆီမှ အထောက်အပံ့ရရန်ဖြစ်၍ အရင်ဆုံးသူ့ဆီမှ အမြင်ကောင်းရရန်လိုပြီး ဖြေးဖြေးချင်း သွားရမည်။ အဖေမလုပ်နိုင်တာကို သူကလွယ်လွယ်လေးနှင့် လုပ်နိုင်တာကို သိသွားသည့်အခါ အဖေသေချာပေါက် အံ့သြသွားလိမ့်မည်ဖြစ်သည်။ 


သူကတွေးရင်း အလွန်အမင်း ပျော်ရွှင်လာတော့သည်။ 


သူကဖုန်းချလိုက်ပြီး ကျင်းမင်ဘက်ကို လှည့်ကာ ပြောလိုက်သည်။ “ ဒီည မင်းအိမ်ကိုမလိုက်တော့ဘူး။ ငါအိမ်ပြန်ရမယ်။” သူ့အစ်မ၏ ဓာတ်ပုံများကိုရှာရန် အိမ်ပြန်ရမည်။ 


ကျင်းမင်က လှောင်ပြုံးပြုံးလိုက်ကာ “ပြန်သင့်တာပေါ့။ မပြန်တာ ဘယ်နှရက်ရှိနေပြီလဲ တစ်ချိန်လုံးငါ့ဆီပဲလာနေနေတာ” 


ကျုံးရှီယို့က မုန့်ရှစ်ရွှမ်နှင့်အတူ တစ်မိုးအောက်တွင် အတူနေလေ့ရှိပြီး သူငယ်ချင်းများအိမ်တွင် နေသည်မှာရှားသည်။ ထိုဖြစ်ရပ်ပြီး‌နောက် သူကအိမ်တွင်မနေချင်တော့ချေ။ အခုတော့ ကံတရားကသူ့ဘက်တွင် ရှိလာပြီဖြစ်ရာ အိမ်သို့ချက်ချင်းပြန်ရမည်။ ကျုံးရှီယို့က ကျင်းမင်၏ ပုခုံးကိုပုတ်လိုက်ပြီး “ ဘာပဲဖြစ်ဖြစ်ကွာ...ဒီနေ့အတွက် ကျေးဇူးတင်တယ်။ အချိန်ရရင် ညစာဝယ်ကျွေးမယ်။” 


ပြောပြီးပြီးချင်း ကျင်းမင်ဘာမှမပြောနိုင်ခင်မှာပင် သူကကားပေါ်က ခုန်ဆင်းကာ ကျုံးဗီလာထဲသို့ ဝင်သွားတော့၏။ 


ကျုံးပါပါးသည် လူမှုရေးကိစ္စများနှင့် အလုပ်ရှုပ်နေသည်ဖြစ်ရာ ကျုံးမိသားစုသည် ပုံမှန်ထက်ပင် ပို၍ တိတ်ဆိတ်နေသည်။ ကျုံးရှီယို့က အိမ်ထဲသို့ဝင်လိုက်သောအခါ  မီးဖိုချောင်ထဲမှ လှုပ်ရှားမှုအနည်းငယ်ကိုသာ ကြားနေရသည်။ သူက ဂရုမစိုက်ဘဲ အပေါ်ထပ်မှ သူ့အဖေ၏ စာကြည့်ခန်းသို့သာ တက်သွားလိုက်သည်။


သူက ကျုံးယို့ယို့၏ ဓာတ်ပုံများကို မွှေနှောက်ရှာဖွေနေ၏။


ရှာတွေ့ပြီးနောက် ကျုံးရှီယို့က မျက်မှောင်ကြုတ်လိုက်သည်။ သူ့လက်ထဲက ဓာတ်ပုံကိုကြည့်ရင်း မသက်မသာခံစားလာရသည်။ ၎င်းက လွန်ခဲ့သည့် နှစ်နှစ်က ရိုက်ထားခဲ့သော မိသားစု ဓာတ်ပုံပင်။ 


ဓာတ်ပုံထဲတွင် ကျုံးမာမားက အလယ်တွင်ထိုင်နေ၍ မုန့်ရှစ်ရွှမ်ကိုဖက်ထားကာ ပြုံးရယ်နေပြီး သူနှင့်သူ့အဖေကတော့ တစ်ဖက်စီတွင် ဝတ်စုံပြည့်ဖြင့် ရပ်နေကြသည်။ 


သို့သော် ကျုံးမိသားစု၏ သွေးရင်းသမီးဖြစ်သည့် ကျုံးယို့ယို့ကတော့ ကျုံးပါပါး၏ ဘေးတွင်ရပ်နေကာ မရှိသော လေကဲ့သို့ပင် ဓာတ်ပုံထဲမှ ကွဲထွက်နေခဲ့၏။ 


သူမက တခြားသူများကဲ့သို့ ပြုံးရယ်နေခြင်းမရှိဘဲ မျက်နှာပေါ်တွင် အထီးကျန်မှုတို့ဖြင့်ပြည့်နှက်နေသည်။


ထိုအချိန်က ကျုံးရှီယို့က သူ့အစ်မသည် အဝေးတွင်ရပ်နေပြီး လျစ်လျူရှုခံနေရသည်ကို မသိခဲ့ပေ။ 


အဲ့အချိန်က သူမဘာလုပ်နေခဲ့တာလဲ။ သူမက ကျုံးရှစ်ရွှမ်နဲ့ အလယ်မှာဘယ်သူထိုင်ရမယ်ဆိုတာကို ငြင်းခုံနေခဲ့ပေမယ့် ကျုံးမာမားက မုန့်ရှစ်ရွှမ်ကိုသာ အလယ်မှာထိုင်ခိုင်းပြီး သူမကို အော်ခဲ့တယ်။ 


“မင်းက မင်းအဖေနားမှာသွားရပ်လိုက်။” 


… သူတို့တွေပျော်နေတာကိုကြည့်ရင်း သူ့အစ်မ နှလုံးသားထဲမှာ ဘယ်လိုခံစားနေခဲ့လိမ့်မလဲ။


ကျုံးရှီယို့က အတွေးတွေနှင့် ပြည့်နှက်သွားရပြီး သက်ပြင်းချလိုက်ကာ ဓာတ်ပုံကို ဖိုင်များကြားထဲ ပြန်ထည့်ထားလိုက်သည်။ 



ကျုံးယို့ယို့က အနမ်းတစ်ပွင့်နှင့် မဖြေရှင်းနိုင်သောအရာမရှိဟု ဂုဏ်ယူစွာ သိရှိခဲ့ရသည်။ ရှိခဲ့လျှင်လည်း နောက်အနမ်းတစ်ပွင့် ထပ်ပေးလိုက်မည်။ 


အဝတ်လဲခန်းထဲတွင် နမ်းလိုက်ပြီးနောက် ချင်းယောင်၏ ချဥ်စူးစူး ရှာလကာရည်တို့သည်လည်း အားလျော့သွားကာ သူ၏မျက်နှာသည် ပြေလျော့သွားခဲ့၏။ သူကသူမကို စိုက်ကြည့်နေခဲ့ပြီး နားရွက်တို့မှာ နီရဲနေခဲ့သည်။ 


ကုမ္ပဏီတွင် ထူကျစ်ဖန်နှင့် ဝန်ထမ်းများက ချင်းယောင်သည် ယခုရက်ပိုင်း၌ နွေဦးလေပြေညင်းလေးများ တိုက်ခတ်နေသလို တက်ကြွနေသည်ဟု ခံစားနေရသည်။ သူက ဘီလီယံများစွာ ပိုင်ဆိုင်လိုက်ရပြီး ခြေလှမ်းတိုင်းတွင် ပန်းများပွင့်နေသလိုပင် ထင်ရသည်။ နောက်ကျနေပြီး ဓာတ်လှေကား ထဲသို့ အသည်းအသန် ပြေးဝင်လာသည့် ဝန်ထမ်းကိုပင် သူကပြုံးပြလိုက်သေးသည်။ 


ဝန်ထမ်းများ : “...”


ရာသီဥတုသည် ပူစပြုလာပြီဖြစ်ပြီး လူကြီးမင်းချင်းသည် မာဖလာကို တနေ့လုံး မဝတ်တော့ဘဲနေရာ ဝန်ထမ်းတို့က စိတ်သက်သာရာရနေကြ၏။

 

ထို့ပြင် သူဌေးချင်းက ထိုကဲ့သို့ ဘယ်ချိန်တည်းက ဝတ်နေခဲ့သည်ကိုပင် သူတို့မသိလိုက်ကြချေ။ 


“...”


ကုမ္ပဏီရှိလူတိုင်းက ထိုနက်ကတိုင်ကို အာရုံစိုက်နေကြသည်ကို သူဌေးချင်းထံတွင် မိသွားခဲ့ပြီး သူက တမင်ပင် နက်ကတိုင်ကို သိသိသာသာပြင်လိုက်၏။ 


...


ရက်အနည်းငယ်အကြာက အသက်မွေးဝမ်းကျောင်းဆိုင်ရာ အထက်တန်းကျောင်းများက လပတ်စာမေးပွဲ ကျင်းပပြီးနောက်တွင် မင်းသယ်အထက်တန်းကျောင်းကလဲ လပတ်စာမေးပွဲစတင်ခဲ့သည်။ အထက်တန်း ပထမနှစ်၊ ဒုတိယနှစ်နှင့် တတိယနှစ်တို့အားလုံးဖြေဆိုကြရပြီး တတိယနှစ်ကတော့ အစိုးရိမ်ရဆုံးဖြစ်၏။ မင်းသယ်က ဂုဏ်သတင်းကြီးမားသည့်ကျောင်းဖြစ်ပြီး ဝင်ခွင့်အမှတ်လဲမြင့်ကာ ခရိုင်အတွင်း ဆရာ၊ ဆရာမများနှင့် ကျောင်းသားများ၏ အာရုံစိုက်ခြင်းကိုလဲခံနေရသောကျောင်းဖြစ်သည်။


လပတ်စာမေးပွဲသည် သုံးရက်ကြာပြီး ကျောင်းသားများသည် စာမေးပွဲဖြေရန် တစ်တန်းမှတစ်တန်းသို့ ပြောင်းကြရသည်။ 


စာမေးပွဲမဖြေခင် လီသုန်းဖျင်က တစ်တန်းလုံးကိုကြပ်မတ်နေကာ အတန်းဖော်အချင်းချင်းအားပေးစေပြီး သူ့ကိုလဲ ဂရုဝပြုစေသည်။ စာမေးပွဲတွင် အကောင်းဆုံးလုပ်ရန်နှင့် ပြီးခဲ့သော ရလဒ်တို့ကို မေ့ပစ်ရန်လဲ ပြောသွား၏။ 


သူသာမရှိလျှင် အတန်းသည် ဆူညံနေမှာဖြစ်သည်။ သူ၏အပြုအမူတို့က ကျောင်းသားများပေါ်မူတည်၍ အမျိုးမျိုးပြောင်းလဲနေရ၏။ ချော့လိုက် ခြောက်လိုက်နှင့်တလှည့်၊ အော်လိုက် ငေါက်လိုက်နှင့် ဖြစ်နေတော့သည်။ “ငါတို့အတန်းက အဆင့်ဘယ်လောက်ရရမယ်ဆိုပြီး အတင်းတွန်းအားမပေးဘူး နားလည်လား? အကောင်းဆုံးဖြေကြ။” 


ဒီတစ်ကြိမ်တွင်တော့ နောက်ဘက်တွင်ထိုင်နေသည့် ယောက်ျားလေးနှစ်ယောက်၊သုံးယောက်မှလွဲ၍ တစ်တန်းလုံးက ခေါင်းထောင်ကာ စာမေးပွဲမဖြေခင် သူ၏အားပေးစကားတို့ကို ဂရုတစိုက်နားထောင်နေခဲ့၏။ တစ်တန်းလုံးတိတ်ဆိတ်နေပြီး လေထုက သိပ်သည်းနေတော့သည်။ 


လီသုန်းဖျင်က ပျော်ရွှင်မှုကြောင့် ငိုချင်လာခဲ့သည်။ 


ကောင်စုတ်လေးတွေ နောက်ဆုံးတော့ရင့်ကျက်လာပြီပဲ။ 


ဒီရက်များတွင် အတန်း၏ စာလေ့လာသင်ယူမှုသည် အားကောင်းလာသည်ကို သူအနည်းငယ်ခံစားမိသည်။ 


ဒီတစ်ခေါက်စာမေးပွဲမှာတော့ တတိယနှစ် နောက်ဆုံးအတန်းရဲ့အဆင့်က နှစ်ဆင့်လောက် တက်လာလိမ့်မယ်ထင်တယ်။ နှစ်ဆင့်ပဲဖြစ်ပါစေဦး တိုးတက်လာတာနဲ့တင် သူကျေနပ်နေပါပြီ။ 


ဤလစဥ်စာမေးပွဲသည် ကျောင်း၏ ပညာရေးဆိုင်ရာအဖွဲ့မှ ထုတ်သောမေးခွန်းဖြစ်သည်။ ခက်ခဲမှုအဆင့် အလယ်အလတ်လောက်ရှိပြီး ကောလိပ်ဝင်ခွင့်မေးခွန်းနှင့် တူသည်။


ရန်ကျီအန်းနှင့် ရွှီရှောင်ယွဲ့တို့က ထိုကဲ့သို့သော စာမေးပွဲများတွင်အတည်ငြိမ်ဆုံးဖြစ်ကြသည်။ စာမေးပွဲဖြေပြီးနောက် ရွှီ‌ရှောင်ယွဲ့က သူမတစ်ကိုယ်လုံး မိုးပေါ်ပျံတက်သွားတော့မလို ခံစားနေရပြီး နံပါတ်(၁) နတ်ဘုရားမကြောင့် ကျဆင်းသွားခဲ့သော ကိုယ့်ကိုကိုယ် ယုံကြည်မှုတို့သည် ပြန်တက်လာခဲ့သည်။ 


အတန်းထဲတွင် သူမကဝင့်ကြွားစွာဖြင့် တခြားမိန်းကလေးများနှင့်အဖြေတိုက်နေပြီး အဖြေမှန်တို့ကို ရှင်းပြနေ၏။

 

ရန်ကျီအန်းက စာမေးပွဲဖြေပြီးနောက် အတန်းသို့ပြန်လာခဲ့သည်။ သူ၏နေရာသည် စာမေးပွဲဖြေပြီးတိုင်း လူအုံနေလေ့ရှိသည်။ သို့‌သော် သူကခွေးအိုကြီးကဲ့သို့ တည်တည်ငြိမ်ငြိမ်သာနေ၏။ ယခုတွင်တော့ လူအုပ်လိုက်ကြီးက ကျုံးယို့ယို့၏နေရာတွင် စုနေကြသည်။ 


“ကျုံးယို့ယို့... အကြမ်းစာရွက်မှာ အဖြေတွေမှတ်လာတယ်မလား ငါတို့တိုက်ကြည့်ချင်လို့ ခဏငှားလို့ရမလား” 


ရန်ကျီအန်းက ကျုံးယို့ယို့နားတွင် စုပြုံနေကာ အဖြေတိုက်ရန်တောင်းနေကြသော သူတို့ကိုကြည့်ပြီး စိတ်တွင်ပြောလိုက်၏။ 


မဆီလျော်လိုက်ကြတာ...။ နောက်ဆုံးတော့ သူ့အရှိန်အဝါတွေက လုယူခံလိုက်ရပြီပဲ။ 


သို့သော် သူက ကျုံးယို့ယို့ကို လေးစားပြီး ဒီထက်ပိုကြိုးစားရန်တွေးလိုက်သည်။ 


“အဖြေတွေလား” 


ကျုံးယို့ယို့က စာရွက်ဗြောင်ကိုတစ်ချက်ကြည့်ကာ ပေးလိုက်သည်။ 

လူတွေကတိုးအုံကြည့်ကြပြီးနောက် မှင်သက်သွားကြ၏။ “ ကျုံးယို့ယို့... ဒီမှာ ဘာလို့နည်းနည်းလေးတောင် မှတ်မလာရတာလဲ ဒါက ဒီတိုင်း စာရွက်‌ဗြောင်ချည်းပဲလေ။” 


ကျုံးယို့ယို့က ပြောလိုက်သည်။ “ ငါ အ‌ဖြေလွှာပေါ်မှာ အကုန်ရေး‌ပေးလိုက်တာလေ။” 


သူမတွင် ပြိုင်ပွဲဝင် မေးခွန်းတို့ကိုသာ အနည်းငယ် ချတွက်သည့် အကျင့်ရှိသည်။ အခုလို သာမန်စာမေးပွဲ မေးခွန်းတို့ကိုတော့ တကူးတက ချတွက်မနေပေ။ တခြားကျောင်းသားများ၏ စာရွက်များတွင် အဆင့်ဆင့်တွက်ချက်ထားမှုများ ရှုပ်ထွေးနေကာ စာမေးပွဲတွင်း မည်မျှ စိတ်လှုပ်ရှားနေသည်ကို ပြောနိုင်သည်။ သူမ၏ စာရွက်ကတော့ ဗလာဗြောင်အတိုင်းပင်။ 


“မြို့နယ် အဆင့်တစ်က မြို့နယ် အဆင့်တစ်ပါပဲ။” ယောက်ျားလေးတစ်ယောက်က ပြောလာ၏။ “ နင်က မေးခွန်းကိုကြည့်လိုက်ရုံနဲ့ အဖြေတွေကိုတန်းသိနိုင်တာပဲ” 


သူတို့က ကျုံးယို့ယို့ဆီမှ အဖြေတို့မသိရသောအခါ ရန်ကျီအန်းဆီသို့ရောက်သွားကြတော့သည်။


ကျုံးယို့ယို့က မြို့နယ်တွင် ပထမရပြီးနောက် သူမ၏စွမ်းရည်ကို အမှန်တကယ် ချပြလာခဲ့ပြီဖြစ်ကြောင်း သူတို့က သိခဲ့၏။ ယခု အတန်း(၁၉)ရှိ မည်သူတစ်ဦးတစ်ယောက်ကမှ သူမအဆင့်များကို အထင်မသေးရဲကြချေ။ သူတို့သည် ကျုံးယို့ယို့က အတန်းထဲတွင် အဆင့်တစ်ရပြီး သင်္ချာတွင်လည်း အမှတ်အများဆုံးရသည်ကို ကံကောင်း၍ဟုထင်နေခဲ့ကြပြီး အခုတော့ကံသက်သက်ပင်မဟုတ်ကြောင်း လက်ခံလာကြသည်။ 


ကံကောင်းရုံနဲ့ မြို့နယ်မှာ အဆင့်တစ်ရနိုင်လို့လား ဒါဆိုရင် ငါတို့အပေါ်ကိုကျ ဘာလို့ အဲ့လိုကံကောင်းမှုမျိုးက ရောက်မလာတာလဲ။

 

ဒီခံစားချက်က ရန်ကျီအန်းသည် ဆယ့်ကိုးယောက်မြောက် စုန့်ချင်းရှုဖြစ်ပြီး ကျုံးယို့ယို့က ပြန်လည်မွေးဖွားလာသည့် ကျန့်ဝူကျိ ဖြစ်နေသလိုပင်။ သေးနုပ်လှသည့် စစ်သူကြီးနှင့် စစ်သည်တွေက ကျန့်ဝူကျိ ကိုဘယ်လိုလုပ်ယှဥ်နိုင်မှာလဲ။


ထို့ကြောင့် အကုန်လုံးက သူမ၏ အရည်အချင်းကိုမေးခွန်းမထုတ်ရဲကြတော့ဘဲ ယှဥ်ပြိုင်၍မရနိုင်သည့် ဆရာတစ်ဆူဟု သဘောထားကာ အတန်း(၁၉)၏ နတ်ဘုရားတစ်ပါးကဲ့သို့ ကိုးကွယ်ကြတော့၏။

 

စာမေးပွဲပြီးနောက် လီသုန်းဖျင်က ပြတင်းပေါက်နားမှဖြတ်လျှောက်လာပြီး အတန်းထဲသို့ တစ်ချက်ကြည့်လိုက်ရာ အတန်းထဲတွင်လေထုသည် ပုံမှန်နှင့်ကွဲပြားနေကြောင်း သတိထားမိသည်။ 


အတိတ်တုန်းက စာမေးပွဲပြီးလျှင် တစ်တန်းလုံးဆူညံနေပြီး ဆံပင်ပြင်သည့်သူ၊ ဂိမ်းဆော့သည့်သူ၊ လျှောက်ပြေးနေပြီး စားပွဲခုံပေါ်သို့တက်ကကြသည့်သူတွေနှင့် အုန်းအုန်းကျက်ကျက်ပင်။ သို့သော် ယခုတွင်  သူတို့က အုပ်စုလေးတွေဖွဲ့ကာ အဖြေတိုက်နေကြသည်။


 ဘုရားရေ ဒီကောင်စုတ်လေးတွေက ဘယ်တုန်းက အဆင့်တွေကို ဂရုစိုက်သွားကြတာလဲ။


လီသုန်းဖျင်က ကျေနပ်အားရနေကာ နောက်ဆုံးတန်းဆီသို့ အကြည့်တို့အရောက် မျက်လုံးများပြူးကျယ်ကုန်တော့သည်။ 


ငါဘာကိုတွေ့နေရတာလဲ။


သူသည် အမြဲအတန်းထဲတွင် အလေလိုက်ကာ ဂိမ်းသာဆော့နေခဲ့သော ရှစ်ယိမုန့်က အဆင့်ကောင်းသော မိန်းကလေးတစ်ယောက်အား စာမေးပွဲတွင် သူမဖြေနိုင်ခဲ့သည်များကို မေးနေသည်ကိုတွေ့လိုက်ရ၏။ ရှစ်ယိမုန့်က မျက်မှောက်ကြုတ်နေခဲ့ပြီး သေချာဂရုတစိုက်နားထောင်နေသည်။ 

လီသုန်းဖျင်ကအံ့ဩလွန်းသောကြောင့် စကားပင်မပြောနိုင်ဖြစ်သွား၏။ အတန်း၏ လေထုသည် ဒီရက်ပိုင်းများတွင် အများကြီးပြောင်းလဲသွားခဲ့သည်။ သူက ကျုံးယို့ယို့ ဉာဏ်ကောင်းသည်ကိုသိသည်။


 ဒါပေမယ့် ရှစ်ယိမုန့် ဒီကောင်စုတ်ကလေးက ဘာလို့ဒီလောက်တောင်ပြောင်းလဲသွားရတာလဲ။ သေချာတွေးကြည့်လိုက်တော့မှ ရှစ်ယိမုန့်က အတန်းထဲမှာ အိပ်မနေတော့ဘူးပဲ။ ဒီကောင်လေးအမြင်မှန်ရသွားတာများလား။


လီသုန်းဖျင်က အတန်းထဲသို့ ဝင်သွားလိုက်ပြီး ရှစ်ယိမုန့်ပခုံးကိုပုတ်လိုက်သည်။ “မင်း ငါနဲ့ရုံးခန်းကိုလိုက်ခဲ့။”


ရှစ်ယိမုန့်က လန့်သွားကာ ကော်ရစ်တာတွင် သူနှင့်လျှောက်လာရင်း စိတ်ဓာတ်ကျစွာမေးလိုက်၏။ “ဆရာ ကျွန်တော် ဟိုရက်ကဖြေခဲ့တဲ့ သင်္ချာစာမေးပွဲမှာ သေချာမဖြေနိုင်ခဲ့လို့လား အကောင်းဆုံးဖြေခဲ့တာကို။”