Chapter 113
ဒီကလေး ပထမဆုံးတုံ့ပြန်လာတာက ရလဒ်အကြောင်းတဲ့လား။
လီသုန်းဖျင်က သူ့ခေါင်းပေါ်တွင် မိုးကြိုးတွေဆက်တိုက်ပစ်ချသလို ခံစားလိုက်ရ၏။ သူက ရှစ်ယိမုန့်ကို ရုံးခန်းသို့ ခေါ်သွားရင်း “မဟုတ်ဘူး။ မင်းကိုကြည့်ရတာ အခုရက်ပိုင်း စိတ်ပါပါနဲ့ စာလုပ်နေတာတွေ့လို့။ ကျောင်းဆင်းရင် တခြားအဆင့်မကောင်းတဲ့ကလေးတွေပါခေါ်ပြီး စာနည်းနည်းပြပေးမလို့။”
ရှစ်ယိမုန့်က ချက်ချင်းငြင်းလိုက်မည်စိုး၍ သူက ဖော်ဖော်ရွေရွေနှင့်ပြောလိုက်၏။
ဒီကောင်စုတ်ကလေးက ကျောင်းဆင်းတာနဲ့ ဘတ်စကတ်ဘောဆော့မယ်၊ ဂိမ်းဆိုင်သွားမယ်ဆိုပြီးပျောက်ပျောက်သွားတတ်တယ်။ သို့သော် ထင်မထားဘဲ ရှစ်ယိမုန့်က ပျော်ရွှင်သွားကာ “တကယ်လား? ဆရာ ဘယ်သူ့ကိုခေါ်ချင်လဲ? ကျွန်တော် အတန်းထဲက သွားခေါ်ခဲ့မယ်။”
လီသုန်းဖျင် : “…”
သူက ရှစ်ယိမုန့်သည် စိတ်အားထက်သန်စွာနှင့် အတန်းဆီသို့ ပြေးသွားသည်ကို ကြည့်နေခဲ့သည်။ ဒီကလေး တစ်ခုခုများဖြစ်သွားတာလား။ ဆုတ်ယုတ်မှု ကြီးကြီးမားမားကြုံပြီး ပြောင်းလဲသွားတာများလား။
သံသယတို့ကတိုးပွားနေတုန်းပင်။ သို့သော် လီသုန်းဖျင်က စိတ်ထဲတွင် အလွန်အမင်းပျော်ရွှင်နေခဲ့သည်။ သုံးရက်ကြာပြီးနောက် သူ၏ အလုပ်အကိုင်သည် အကောင်းဆုံးအချိန်သို့ရောက်ရှိနေကြောင်း သိလိုက်ရ၏။
လပတ်စာမေးပွဲရလဒ်တို့ ထွက်လာခဲ့သည်။ ကျုံးယို့ယို့က တစ်ကျောင်းလုံးတွင် ပထမရ၏။
သူမက အတန်း(၁)မှ ရှစ်ကျစ်ထန်နှင့် အမှတ်တူသည်။ စာမေးပွဲမေးခွန်းလွှာက ပြိုင်ပွဲအဆင့်မဟုတ်ရာ သူတို့က ဘာသာရပ် အကုန်လုံးတွင် အမှတ်ပြည့်နီးပါးရကြသည်။ သူတို့က အမှတ်ပေါင်းလဲတူကာ အဆင့်တစ်ကို ပူးတွဲရကြလေသည်။
ကျုံးယို့ယို့က မြို့နယ်တွင်လည်း ပထမရဖူးသည့်အတွက် ဒီတစ်ခေါက်တွင်တော့ တတိယနှစ်မှကျောင်းသား အများစုသည် မအံ့ဩကြတော့ပေ။ သူတို့က အနီရောင် အဆင့်စာရင်းကိုကြည့်လိုက်ကြသည်။ ထိပ်ဆုံးနှစ်ယောက် ကျုံးယို့ယို့နှင့် ရှစ်ကျစ်ထန်တို့ကို ကြည့်လိုက်ပြီးနောက် သူတို့အဆင့်ကိုသာ ရှာလိုက်၏။
ပြိုင်ပွဲဝင်အတန်းမှ ကျောင်းသားများကလက်မခံနိုင်ဖြစ်နေကြသည်။
ဒီမြင်းနက်ကို ဘယ်လိုအနိုင်ယူရမှာလဲ။ တချိန်လုံး သူကပဲ အမှတ်ပိုများနေတော့တာ။ အရင်တစ်ခေါက် မြို့နယ်ပြိုင်ပွဲတွင် ရှစ်ကျစ်ထန်က ကျုံးယို့ယို့ကို ရှုံးခဲ့သည်။ ဒီတစ်ခေါက် သူက ကျုံးယို့ယို့နဲ့ အဆင့်တစ်ပူးတွဲရပြန်ပြီ။ ရှက်ဖို့မကောင်းဘူးလား အဆင့်တစ်ကို ပူးတွဲရတာ ရှုံးတာနဲ့ဘာကွာတော့လို့လဲ။
တစ်စုံတစ်ယောက်က ရှစ်ကျစ်ထန်ဘက်မှ ကာကွယ်ပြောဆိုလာခဲ့သည်။ “ဒါဆို နင်အမှတ်ပြည့်ရအောင် ဖြေလိုက်လေ။ အခုပဲ ရှစ်ကျစ်ထန်က ဘာသာရပ်အားလုံးကို အမှတ်ပြည့်နီးပါးရခဲ့တာ ဘယ်လိုလုပ် ထပ်များအောင်လုပ်ရဦးမှာလဲ ကျုံးယို့ယို့လဲ အမှတ်အတူတူရခဲ့တာကို”
လီသုန်းဖျင်က တစ်ကြိမ်မှ နှစ်ကြိမ် အံ့ဩသွားခဲ့၏။ ယခုလူတိုင်းက ငလျင်များနှင့် ယှဥ်တွဲနေလာခဲ့သည့် ဂျပန်လူမျိုးများကဲ့သို့ပင်။ သူတို့က ကျုံးယို့ယို့သည် တတိယနှစ် ထိပ်ဆုံးအဆင့်သို့ဝင်သွားကြောင်းကို လက်ခံလာကြသည်။ သူက ကျုံးယို့ယို့ အတန်း(၁၉)၏ ပျမ်းမျှအမှတ်တို့ကို ဆွဲတင်လိုက်သည်ကို ကြည့်နေလိုက်၏။
တတိယနှစ်တစ်နှစ်လုံးနှင့် ဆရာ၊ဆရာမများသည် ထိုအချက်ကို လက်ခံကြ၏။ ထိုအချိန်တွင် လီသုန်းဖျင်၏ ရုံးခန်းမှ အံ့သြသံတို့ ဆက်တိုက်ထွက်ပေါ်နေကြပြီး ဆရာ၊ဆရာမများက ကျေနပ်အားကျနေကြသည်။
“ဘာလို့ ငါတို့အတန်းက ဒီတစ်ခေါက် အဆင့်တွေကောင်းနေတာလဲ” ဓာတုဗေဒဘာသာ ဆရာက စာရင်းပေါ်ရှိ ပျမ်းမျှအမှတ်တို့ကို မယုံနိုင်ဖြစ်နေသည်။ တတိယနှစ်တစ်နှစ်လုံးတွင် အတန်း(၁၉)က အောက်ဆုံးသုံးဆင့်တွင်သာ အမြဲရှိနေပြီး ယခုတွင် ထိပ်ဆုံးအဆင့်၁၀တွင်းသို့ ဝင်ရောက်လာခဲ့၍ ထိပ်ဆုံးအဆင့်ကိုးနေရာတွင်ရှိနေခဲ့သည်။
သူကအံ့သြထိတ်လန့်သွား၏။ ဒါက ကျုံးယို့ယို့ မြို့နယ်တွင် ပထမရသည်ထက် ပို၍ပင် မယုံနိုင်စရာ ကောင်းလှသည်။ ဒါက သူမှန်းထားသည်ထက်တောင် ပိုများနေသေးသည်။
ကျုံးယို့ယို့၏ အမှတ်မြင့်သည်သာမက ရန်ကျီအန်းနှင့် ရွှီရှောင်ယွဲ့တို့သည် ယခင်အမှတ်များထက် အများကြီး တိုးတက်လာကြသည်။ နောက်ဘက်တန်းမှ ကောင်ဆိုးလေးများသည်လည်း ယခင်လများထက် ဘာသာရပ်တစ်ခုစီတိုင်းတွင် အမှတ် ၃၀၊၄၀ ပိုတက်လာကြ၏။
ရူပဒေဗဘာသာ ဆရာကလဲ အတန်း(၁၉)၏ ရလဒ်စာရင်းကိုကြည့်၍ သူ့မျက်လုံးကိုပင် မယုံနိုင်ဖြစ်သွား၏။ သူက စိတ်ရှုပ်ထွေးစွာဖြင့် ပြောလိုက်သည်။ “ဒီရက်ထဲမှာ သူတို့ကို ဘာမှတောင်လုပ်မပေးလိုက်ဘူး။ ပြီးတော့ တမင်တောင် စာလုပ်ဖို့မပြောခဲ့တာ။ ဘယ်လိုဖြစ်လို့ တစ်ယောက်ချင်းစီရဲ့ ရူပဗေဒအမှတ်တွေက ပုံမှန်ထက် များနေရတာလဲ။”
သိသိသာသာပြောင်းလဲသည်မှာ လီသုန်းဖျင်၏ သင်္ချာနှင့် ဖန်းဝေ၏ အင်္ဂလိပ်စာတို့ပင်ဖြစ်၏။
လီသုန်းဖျင်က အတန်းပိုင်ဆရာဖြစ်ပြီး အတန်းထဲရှိ ကျောင်းသားများက သူ၏ ဘာသာကို အရင်လေ့လာကြသည်။
အင်္ဂလိပ်စာအဖို့ အချိန်တိုလေးအတွင်းမှာပင် ကျက်မှတ်ကာ ဖတ်နိုင်သည်။ ထို့ကြောင့် အတန်း(၁၉)၏ သင်္ချာဘာသာပျမ်းမျှအမှတ်သည် တစ်ကျောင်းလုံးတွင် အဆင့်၆ရပြီး အင်္ဂလိပ်စာပျမ်းမျှအမှတ်က အဆင့်၇ရလေသည်။
၎င်းက ဆိုးသွမ်းသောအတန်း၏ရလဒ်များမဟုတ်တော့ပေ။ ၎င်းက ထိပ်ဆုံးအဆင့်၃အတန်းများနှင့် ယှဥ်လျှင် အနည်းငယ်သာ လိုနေသော အတန်းရလဒ်များပင်ဖြစ်တော့သည်။
လီသုန်းဖျင်က စိတ်လှုပ်ရှားမှုကြောင့် သေသွားနိုင်သည်။ သူက ကစားကွင်းထဲတွင် နှစ်ပတ်လောက်ပတ်ပြေးလိုက်ချင်၏။ သူ၏မျက်နှာမှာ ပီတိဖြာနေပြီး လက်များတုန်နေတော့သည်။
“ငါတို့အတန်းကယုန်ပေါက်ကလေးတွေ ဒီရက်တွေမှာ ဘယ်လောက်ကြိုးစားနေတယ်ဆိုတာမသိဘူးလား ငါအတန်းဘေးကဖြတ်သွားတိုင်းသူတို့တွေ သေချာလိုက်နားထောင်နေတာ တွေ့တယ်။ နောက်ဘက်တန်းက ကောင်လေးတွေလဲအရင်ကလို အလေလိုက်မနေတော့ဘူး။”
“ဟုတ်တယ်…ဟုတ်တယ် ထူးဆန်းတယ်။” အင်္ဂလိပ်စာဆရာ ဖန်းဝေက လက်ဖက်ရည်ခွက်ကိုကိုင်ပြီး အခန်းထဲသို့ဝင်လာကာ ပြုံး၍ပြော၏။ “မနက်ပိုင်း စာဖတ်ချိန်တုန်းက အသံတွေက အရင်ကထက် ပိုကျယ်လာတယ်။ အတန်း (၁၉) ကအံ့ဩစရာပဲ။”
“ကျွန်တော်တို့ အတန်း (၁၉)က ဘာဖြစ်တယ်။” လီသုန်းဖျင်က နားချိတ်တက်ချိတ်မတတ် ပြုံးလိုက်ရင်း “ဆရာဖန်း ဒီတစ်ခေါက် ကျွန်တော်တို့ အတန်း (၁၉)က ခင်ဗျားကိုတော်တော်လေး ကူညီလိုက်တာနော်။ လစာတိုးရင် အိတ်တွေထပ်ဝယ်ဦးမှာလား”
“ဘာတွေပြောနေတာလဲဗျာ။” ဖန်းဝေက ရယ်လိုက်၏။
“ကျုပ်လဲ ဟိုနေ့က ရှစ်ယိမုန့်ကို ကျောက်သင်ပုန်းပေါ်မှာ ပုစ္ဆာထွက်တွက်ခိုင်းတာ။ တွက်နိုင်သလောက်အဆင့်ထိ သေချာတွက်သွားနိုင်တယ်။” ဓာတုဗေဒဆရာကလဲဝင်ပြောလာသည်။ “အဲ့ဒီ ဒုတိယမျိုးဆက် ဘိုးဘေးလေးက ကျုပ်ခေါင်းကို မြေဖြူခဲနဲ့ပစ်နေကျဗျ။ သူကလူကောင်ကြီးပြီးထွားလဲထွားတယ်။ အရင်ကဆို သူ့ကိုစာတောင်မမေးရဲဘူး။”
လီသုန်းဖျင်က မြန်မြန်ပြောလာ၏။ “ဒါဆိုရင်တော့ နောက်ကို သူ့ကိုများများမေးပေးပေါ့ဗျာ။ အရင်က လမ်းပျောက်နေခဲ့ပေမယ့် အခုတော့ လမ်းတွေ့သွားတဲ့ပုံပဲ။”
အတန်း(၁၉)မှ ဘာသာရပ်ဆရာအားလုံးသည် နှစ်သစ်ကူးပွဲတော် ဆင်နွှဲနေသကဲ့သို့ အလွန်အမင်း ပျော်ရွှင်နေကြလေသည်။
တံခါးသည် ရုတ်တရက် တွန့်းဖွင့်ခံလိုက်ရကာ အတန်း(၂၁)မှ ဆရာချန်းကျစ်ဖျင်သည် မျက်နှာမသာမယာဖြင့် ဝင်လာသည်။ အတန်း(၁၉)နှင့် အတန်း(၂၁)တို့သည် ညံ့သောအတန်းများဖြစ်ပြီး အမှတ်များကလဲ အတူတူလောက် ပင်ဖြစ်သည်။ ထို့ကြောင့် လီသုန်းဖျင်နှင့် ချန်းကျစ်ဖျင်တို့သည် ပြိုင်ဘက်များဖြစ်လာကြသည်။
နှစ်ယောက်က မည်သူ၏အတန်းသည် နောက်ဆုံးမဖြစ်ရေးကို မကြာခဏ ပြိုင်လေ့ရှိကြသည်။ အကြိမ်များစွာ လီသုန်းဖျင်က ရာထူးတိုးလို့နီးပါးပင်ဖြစ်ခဲ့သည်။ သို့သော် ချန်းကျစ်ဖျင်ကတော့ သင်ကြားရေးဌာနမှူးနှင့် ဆက်ဆံရေးကောင်းသည်ဖြစ်ရာ ရာထူးတိုးသွားခဲ့သည်။ ဆရာနှစ်ယောက်ကြားတွင် မကျေနပ်ချက်တို့က ကြီးမားလေ၏။
ယခင်တစ်ခေါက်တွင် ကျုံးယို့ယို့က ဌာနမှူးထံမှ ခိုးချသလားဟု မေးခွန်းထုတ်ခံခဲ့ရသည်။ ဤဆရာချန်းက ဘေးမှနေ၍ မီးလောင်ရာလေပင့်လုပ်ခဲ့သေးသည်။ ဒီတစ်ခေါက်တွင်တော့ လီသုန်းဖျင်က တက်ကြွနေသည်။ သူက ခြေထောက်ကိုချိတ်ထိုင်လိုက်ပြီး ဗီလိန်ကဲ့သို့ မျက်ခုံးတို့ပင့်ကာ “အိုး ဆရာချန်းပါလား။ လက်ဖက်ရည်သောက်ပါဦး။ ဒီတစ်ခေါက် အတန်းအခြေအနေ ဘယ်လိုရှိလဲ”
ချန်းကျစ်ဖျင်က ဤရုံးခန်းသို့ သင်ကြားရေးဌာနမှူးအတွက် လိုအပ်သည့် စာရွက်စာတမ်းတို့ကို မိတ္တူလာကူးခြင်းဖြစ်သည်။ သူက လီသုန်းဖျင်ကို ဒေါသဖြင့်ကြည့်လိုက်ပြီးပြောလိုက်၏။ “ခင်ဗျားအတန်းက ဒီတစ်ခေါက် အမှတ်တွေကောင်းတာပဲ ဆရာလီ ခင်ဗျားဂုဏ်ယူနေမှာပဲ။”
“သေချာတာပေါ့” လီသုန်းဖျင်က ဝမ်းမြောက်နေမှုတို့ကို သိုဝှက်မထားခဲ့ပေ။
ထိုအချိန်တွင် တံခါးကနောက်တစ်ကြိမ်ပွင့်လာခဲ့သည်။
ပညာရေးဆိုင်ရာအဖွဲ့မှ ဆရာတစ်ယောက်က ဝင်လာခဲ့ပြီး လီသုန်းဖျင်ကိုပြောလိုက်သည်။ “ဆရာလီရေ ပြင်ဆင်ထားတော့။ ပညာရေးဌာနကလူတွေ နှစ်ရက်အတွင်း ဒီကိုလာလိမ့်မယ်။ သူတို့က အတန်းသစ်မှာသင်ဖို့ အခွင့်အရေးကို ဒီတစ်ခေါက်စာမေးပွဲမှာ သေချာလုပ်ခဲ့တဲ့ အတန်း(၁၉)ကိုပေးမယ်လို့ပြောတယ်။”
ချန်းကျစ်ဖင် : “ဘာ အတန်းသစ်”
“အတန်းသစ်” လီသုန်းဖျင်က ရုတ်တရက်ထရပ်လိုက်ရာ ထိုင်ခုံက နောက်ကိုလန်ကျသွား၏။ သူ၏မျက်နှာကနီရဲနေကာ သူ့ဘဝ၏ အထွတ်အထိပ်သို့အရောက်ဆုံးအချိန်လို့ပင် ခံစားနေရသည်။
ဘွဲ့ရပြီးတည်းက သူသည် ကျောင်းဆရာလုပ်လာသည်မှာ ဆယ်စုနှစ်ကျော်လာခဲ့ပြီဖြစ်သည်။ ဤသို့ အများစုပေါင်း အတန်းတို့ကို မကြုံခဲ့ဖူးပေ။ ထိုအတန်းတို့ကို တက်ရောက်ရန် သူ့အလှည့်သို့မရောက်ခဲ့ချေ။ သင်ကြားရေးဌာနမှူး လက်အောက်မှ ကပ်ဖားနေသောသူများကြောင့် အလုပ်တွင် မျက်နှာမရဖြစ်ခဲ့ရသည်။ ရလဒ်အနေနှင့် သူကအသက် လေးဆယ်အရွယ် သာမန်ဆရာတစ်ယောက်သာဖြစ်နေခဲ့သည်။
လီသုန်းဖျင်က စိတ်လှုပ်ရှားနေသောကြောင့် အသံတို့တုန်ယင်နေခဲ့သည်။
“ ကောင်းပါပြီ။ ကျွန်တော် ပြင်ဆင်ထားလိုက်ပါ့မယ်။”
ဘာသာရပ်အသီးသီးမှ ဆရာများက လီသုန်းဖျင်အတွက် ဝမ်းသာနေကြသည်။ သူတို့က လူအိုကြီးလီသည် ဌာနမှူးနှင့် ဆက်ဆံရေးမကောင်းကာ အမြဲဖိနှိပ်ခံနေရသည်ကိုသိ၏။ ဤနှစ်များသည် နောက်ဆုံးတွင် ရှေ့သို့တက်လှမ်းရန် အခွင့်အရေးတို့ကို သယ်ဆောင်လာခဲ့သည်။
သို့သော် တစ်ဖက်တွင်တော့ ချန်းကျစ်ဖျင်၏မျက်နှာသည် မှောင်မိုက်နေတော့၏။
ဘာတွေလုပ်နေတာလဲ။ ခင်ဗျားအတန်းရဲ့ နံပါတ်(၁) နတ်ဘုရားကိုပဲ မှီခိုနေရတာမဟုတ်ဘူးလား သူ့အတန်းမှာလဲ ကျုံးယို့ယို့ရှိရင် သူလဲ အတန်း(၂၁)ရဲ့ ခေါင်းမော်နိုင်တဲ့ ဆရာတစ်ယောက်ဖြစ်နေလောက်လား။
ကျုံးယို့ယို့ကတော့ ရုံးခန်းထဲကအဖြစ်အပျက်တို့ကိုမသိပေ။ လီသုန်းဖျင်နှင့် အတန်း(၁၉)မှ ဆရာ၊ဆရာမများသည် ပျော်ရွှင်နေကြကာ ကျောင်းဆင်းလျှင် ညစာအတူစားကြရင်း အောင်ပွဲခံရန် ပြင်ဆင်နေကြ၏။ အတန်း(၁၉)မှ ကျောင်းသားအများစုသည် စာမေးပွဲရလဒ်အတွက် စိတ်ပူပန်နေကြသည်။
အထူးသဖြင့် စိတ်ဓာတ်ကြံ့ခိုင်မှု အားနည်းသော စွန်းမန့်နှင့်အခြားသူများသည် စားပွဲခုံပေါ်တွင် မှောက်နေကာ ဗိုက်နာခြင်းကိုခံစားနေကြရ၏။
လီသုန်းဖျင်သည် အဖြေလွှာစာရွက်တို့ကိုကိုင်ပြီး လျှောက်လာကာ ပျော်ရွှင်မှုတို့ကိုဖုံးကွယ်မထားနိုင်ချေ။ အတန်းထဲသို့ဝင်လိုက်သည့်အခါ အတန်း(၁၉)မှ ကျောင်းသားများက နေကြာပန်းများကဲ့သို့ လှည့်လာပြီး စိတ်လှုပ်ရှားစွာ ကြည့်လာကြသည်။
လီသုန်းဖျင်က အဖြေလွှာစာရွက်တို့ကိုချလိုက်ပြီး မျက်လုံးများတွင် ဝမ်းသာပျော်ရွှင်မှုတို့ ထင်ဟပ်နေကာ “ဒီတစ်ခေါက် အတန်းထဲကသူတော်တော်များများကို ချီးကျူးရမယ်။ အရမ်းတိုးတက်လာတယ်။”
လူတိုင်းက သူဆက်ပြောမည့် အကြောင်းအရာကို စိတ်ပြင်းပြစွာ နားထောင်နေကြသည်။
လီသုန်းဖျင်က နံရံကိုမှီထိုင်နေသော ကျုံးယို့ယို့ကိုကြည့်လိုက်၏။ ထို့နောက် စိတ်ထဲတွင် ဆယ်နှစ်ကျော်ကြာ ဆရာဖြစ်လာခြင်းအတွက် ဝမ်းနည်းခြင်းတို့ကိုခံစားလာရသည်။ သင်ကြားရေးဌာနမှူး၏ အဖိနှိပ်ခံရခြင်းအပေါ် ခံပြင်းမှုနှင့် တခြားသော ခံစားချက်တို့သည် ပေါက်ထွက်မလိုဖြစ်လာတော့သည်။ ယခင်က အတန်း၏ရလဒ်မကောင်းသည့် အခါ သူကခေါင်းမထောင်ရဲပေ။ မာကျန့်၏ အတန်းဖော်များရှေ့တွင်သာ သူအနည်းငယ် သက်သက်သာသာ ရှိသည်။ ယခုတွင် သူသည် စုဝေးအတန်းသစ်ပြီးလျှင် အတန်းအစည်းအဝေးပြုလုပ်ရန် စီစဥ်နေ၏။ သူက တကယ်ပင် စိတ်ခံစားချက်တို့ရှုပ်ထွေးနေကာ “ အထူးသဖြင့် အတန်းဖော် ကျုံးယို့ယို့ကို ဂုဏ်ပြုပါတယ်။”
လူတိုင်းက သူ၏ အတန်းနတ်ဘုရားအား အမွှမ်းတင်နေသည်ကို စိတ်ညစ်နေပြီး ဆက်ပြောမည့် အကြောင်းအရာကိုသာ သိချင်နေကြသည်။
သို့သော် လီသုန်းဖျင်က ဝမ်းသာမှုတို့ဖြင့် အားရကျေနပ်နေကာ မျက်လုံးတို့က တဖိတ်ဖိတ်တောက်နေပြီး “ကျေးဇူးပြုပြီး ကျုံးယို့ယို့ဆီကနေ သင်ယူကြ ကျုံးယို့ယို့ကိုကြည့်စမ်း သူမက ငါတို့အတန်းရဲ့ဂုဏ်ပဲ ထူးချွန်လိုက်တဲ့ အတန်းဖော် ငါ့ရဲ့ သမီးလေးသာဖြစ်လိုက်ရင်ကောင်းမယ် ထပ်ပြောမယ် သူမဆီက သင်ယူကြ”
ကျုံးယို့ယို့ “...”
တစ်တန်းလုံး “...” အတန်းပိုင်ဆရာရေ ကိုယ့်ကိုကိုယ် နည်းနည်းပါးပါးထိန်းပါဦး အမွှမ်းတင်နေတာလဲ တော်ပါတော့ ကျုံးယို့ယို့ကြောင့် ဘောနပ်စ်တွေထပ်ရတာလဲသိပါတယ် တော်ပါတော့