အပိုင်း ၁၁၄
Viewers 13k

Chapter 114



လီသုန်းဖျင်က တစ်နာရီခွဲလောက်ကြာအောင် စကားပြောနေခဲ့ပြီး ‌ရှေ့ဆုံးတန်းမှ အတန်းဖော်များသည် စင်လာသော သူ၏တံတွေးတို့ကို သည်းခံနေခဲ့ကြရသည်။ နောက်ဆုံးတွင် အဖြေလွှာများသည် ‌ကျောင်းသားများ၏ လက်တွင်းသို့ရောက်လာတော့မည်။ သူတို့က လီသုန်းဖျင်၏ စိတ်အားထက်သန်မှုတွင် သေလုမျောပါးဖြစ်နေကြသည်။ သူတို့က စာမေးပွဲရလဒ်တို့ကို သိရတော့မည်ဖြစ်ပြီး စိတ်လှုပ်ရှားစွာ အသက်အောင့်ထားမိကြသည်။ 


တစ်တန်းလုံးကတိတ်ဆိတ်နေပြီး ဘာသာရပ်ကိုယ်စားပြုကျောင်းသားတချို့၏ အဖြေလွှာများလိုက်ဝေနေသော အသံများကိုသာ ကြားနေရသည်။ လူတိုင်းက နှလုံးခုန်မြန်နေကြ၏။ 


ရှစ်ယိမုန့်သည်လည်းအတူတူပင်။ သူကခါးကိုင်းပြီး ခေါင်းငုံ့ထားကာ စားပွဲကိုသာစိုက်ကြည့်နေသည်။ လက်ဖဝါးတွင်တော့ ချွေးများစို့နေလျက်။ 


သူဘာကြောင့် စိတ်လှုပ်ရှားနေသည်မသိချေ။ ယခင်က သူသည် အဆင့်မကောင်းသည်ကို မရှက်ခဲ့ပေ။ ယခုတစ်လလုံးတွင် သူသည် သေချာလိုက်နားထောင်ပြီး အိမ်စာများပြီးအောင်လဲ ကြိုးစားခဲ့သည်။ သူကိုယ်တိုင်ပင် တိုးတက်လာသည်ကို သတိထားမိ၏။ သူ့ကိုယ်ထဲတွင် လစ်ဟာမနေတော့ဘဲ တဖြည်းဖြည်းနှင့် ပြည့်နှက်လာသည်ကိုသိသိသာသာခံစားရသည်။ 


အခုသူကကြိုးကြိုးစားစားလုပ်ခဲ့ပြီးပြီ။ ဘယ်လိုလုပ် လပတ်စာမေးပွဲရလဒ်တွေအတွက် စိတ်မလှုပ်ရှားဘဲ နေနိုင်မှာလဲ။ 


ဘေးတွင်ထိုင်နေသော သူငယ်ချင်းများက သူစိတ်လှုပ်ရှားနေသည်ကိုတွေ့သောအခါ အံ့သြသွားကြပြီး ဘော့ပင်ထိပ်လေးနှင့် တို့လိုက်ကာ “ အစ်ကိုရှစ်... အဆင်ပြေရဲ့လား။”


ရှစ်ယိမုန့်က သူ့ကိုလျစ်လျူရှုထားကာ စာရွက်ဝေနေသောကျောင်းသား၏ ခြေသံကိုနားထောင်ရင်း အသက်အောင့်ထားမိသည်။ 


“ရှစ်ယိမုန့် မင်းဒီတစ်ခေါက်...” ဘာသာရပ်ကိုယ်စားပြုကျောင်းသားက စာရွက်ကိုကမ်းလိုက်‌ရင်းတုံ့ဆိုင်းသွား၏။ 


ဓာတုဗေဒ ၆၃မှတ်၊ ရူပဗေဒ ၆၁မှတ်၊ ဇီဝဗေဒ ၆၉မှတ် အကုန်အောင်တယ်ဟ...။ သူတစ်ခါမှ ဒီလိုအမှတ်မျိုး မရဖူးဘူးလေ။ 


ထိုကျောင်းသားက ခေါင်းငိုက်စိုက်ဖြစ်နေသော ရှစ်ယိမုန့်ကိုကြည့်လိုက်သည်။ သူပထမဆုံးတွေးမိသည်က ခိုးချခဲ့သည်လားဟူ၍ပင်။ သို့သော် ခိုးချခြင်းလည်းမဖြစ်နိုင်ချေ။ ရှစ်ယိမုန့်သည် ခိုးချရန်အလွန်ပျင်းကာ စာရွက်ဗြောင်လိုက်ကြီးကိုသာ တင်ပေးလိုက်မည့်သူမျိုးဖြစ်သည်။ 


ရှစ်ယိမုန့်နှင့်အတူထိုင်နေသည့်ကျောင်းသားက တစ္ဆေသရဲမြင်လိုက်ရသလို မှင်သက်နေသည့် မျက်နှာကိုမြင်သောအခါ မနေနိုင်ဘဲမေးလိုက်သည်။ “အတန်းဖော် စာရွက်တွေကိုင်ပြီး ဘယ်လိုဖြစ်လို့ ကျောက်ရုပ်လိုရပ်နေတာလဲ။” 


ကျောင်းသားက အလျင်အမြန်ပင် စာရွက်အထပ်လိုက်ကို ပေးလိုက်ကာ ထွက်သွားတော့သည်။ 


ရှစ်ယိမုန့်က ခေါင်းထောင်၍မကြည့်ရသေးခင်မှာပင် အဖြေလွှာတို့သည် ဆွဲယူခံလိုက်ရ၏။ 


“ဘုရားရေ အစ်ကိုရှစ် သင်္ချာ ၈၃မှတ်တောင်ရတယ်။” ထိုင်ခုံဖော်က စာရွက်ကိုကိုင်ကာ မယုံနိုင်မှုတို့ဖြင့် အသံတို့လည်း တုန်နေခဲ့သည်။ 


အတန်းဖော်များက လှည့်ကြည့်လာကြသည်။ 


ရှစ်ယိမုန့်က သင်္ချာတွင် အချိန်အတော်များများလေ့ကျင့်ထားပြီး ကျောင်းဆင်းလျှင် လီသုန်းဖျင်ကလဲ သင်ပေးသည်ဖြစ်ရာ စာမေးပွဲဖြေပြီးနောက် သူကယခင်ကထက် အနည်းငယ်တိုးတက်လာလိမ့်မည်ဟု တွေးခဲ့သော်လည်း ထိုလောက်ထိ ထိုးတက်သွားလိမ့်မည်ဟု ထင်မထားခဲ့ပေ။ ယခင်က သူ၏သင်္ချာအမှတ်သည် အမြဲ ၅၀ သို့မဟုတ် ၆၀ မှတ်သာဖြစ်သည်။ 


၈၃မှတ်။ ထိုအမှတ်က အတန်းတွင်အလယ်အလတ်အဆင့်လောက်ရှိသည်။ 


ရှစ်ယိမုန့်က ခေါင်းထောင်လာခဲ့ပြီး အဖြေလွှာစာရွက်တို့ကို ဆွဲယူလိုက်ကာ “ဘာတွေလဲ ဆူညံနေတာပဲ ဘာထူးဆန်းတာရှိလို့လဲ ငါကအမှတ်များလို့မရဘူးလား။” 


ရှစ်ယိမုန့်က အရှေ့ဘက်အတန်းများမှ ကျောင်းသားအားလုံးသည် သူ့ကို အံ့သြနေသည့်မျက်လုံးတို့ဖြင့် ကြည့်နေသည်ကို ရိပ်ခနဲမြင်လိုက်၏။ 


သူ့နှလုံးသားထဲတွင် ပြီးမြောက်အောင်မြင်သွားသည့် ခံစားချက်တို့ဖြစ်လာခဲ့သည်။ သို့သော် သူက မဖော်ပြဘဲ ဂရုမစိုက်သကဲ့သို့ ဟန်ဆောင်ကာ စာရွက်တို့ကို မှောက်ထားလိုက်သည်။ 


ဒီသခင်လေးက အချိန်ခဏလေးအတွင်းမှာ အများကြီးတိုးတက်လာတာ။ သုံးနှစ်လုံးလုံးကြိုးစားနေခဲ့တဲ့ မင်းတို့တွေထက် အများကြီးသာတယ်ကွ။ ငါအခုသေတော့မလိုပဲ။ 


ဘာသာရပ်ကိုယ်စားပြုကျောင်းသားက အဖြေလွှာတို့ကို ဝေပြီးနောက်တွင် အတန်းသည် ဆူညံလာတော့သည်။ လူတိုင်းက ရလဒ်များအကြောင်းဆွေးနွေးနေကြပြီး တချို့က မှားသွားသောပုစ္ဆာများအတွက် နောင်တရနေကြကာ ရှေ့ဘက်ရှိ လီသုန်းဖျင်၏ အမှတ်ကောင်းကောင်းရခဲ့သည့် ကျောင်းသားတို့အား ချီးမွမ်းနေသောစကားတို့ကိုလဲ နားထောင်နေကြသည်။ 


ရှစ်ယိမုန့်က သူ၏အဖြေလွှာစာရွက်ကိုကြည့်နေ၏။ သူ့မျက်နှာသည် အမူအရာတို့ကင်းမဲ့နေသော်လည်း လီသုန်းဖျင်ဆီမှ သူ့၏နာမည်ကို ကြားရန်နားစွင့်နေခဲ့သည်။ 


သို့သော် လီသုန်းဖျင်က အမှတ်ကောင်းသည့်လူတစ်ဒါဇင်လောက်ကို ချီးမွမ်းသွားခဲ့သော်လည်း သူ၏နာမည်ကိုပြောမလာသေးပေ။ ရှစ်ယိမုန့်ကစောင့်ရင်း စိတ်ပူပန်လာတော့သည်။ 


ဒီတစ်ခေါက်မေးခွန်းကလွယ်လို့ တစ်တန်းလုံးကသေချာဖြေနိုင်ခဲ့ပြီး ငါ့အမှတ်က အခုထိနိမ့်နေသေးတာများလား။ 


နောက်ဆုံးတွင်တော့ သူက လီသုန်းဖျင်ပြောလာသည်ကိုကြားလိုက်သည်။ “နောက်ထပ် အတန်းဖော်တစ်ယောက်ရှိသေးတယ် သူ့ကိုတော့အထူးချီးမွမ်းရမယ် သူကအတော်တိုးတက်လာခဲ့တာ ယုံတောင်မယုံနိုင်ဘူး။”


ရှစ်ယိမုန့်က တောင့်သွား၏။


“ဒါကတော့ အတန်းဖော် ရှစ်ယိမုန့်ပဲဖြစ်ပါတယ်... ဒီတစ်ခေါက်မှာ သူက ဘာသာရပ်အကုန်လုံးကို အောင်ခဲ့တယ် အထူးသဖြင့် သင်္ချာကိုထူးထူးချွန်ချွန်ဖြေနိုင်ခဲ့တယ် သူကအတန်းထဲမှာ အဆင့်၃၈ရတယ် နောက်ဘက်တန်းက ကျောင်းသားတွေ ရှစ်ယိမုန့်ကိုကြည့်ကြ သူစာလုပ်လာပြီ သူမင်းတို့ကိုထားခဲ့မယ့်နေ့ကိုစောင့်နေလိုက်ကြ ဘယ်လိုတောင် စာမလုပ်ကြတဲ့ကလေးတွေလဲ”


တစ်တန်းလုံး ရယ်သံတို့နှင့်ပြည့်နှက်သွားတော့သည်။ 


နောက်ဆုံးအတန်းရှိ အတန်းဖော်တို့က ရှစ်ယိမုန့်ကို အားကျစွာကြည့်လိုက်ကြ၏။

 

ယိမုန့်က ဒီတစ်ခေါက်စာမေးပွဲမှာ ဘာလို့ဒီလောက်တောင် အမှတ်ကောင်းရတာလဲ။ တစ်တန်းလုံး ချီးကျူးတာတောင်ခံရတယ်။ 


ရှစ်ယိမုန့်ကတစ်ကိုယ်လုံးကိုဖြေလျော့လိုက်သည်။ သူကခုံကိုမှီကာ လက်ပိုက်ထားပြီး လုံးဝဂရုမစိုက်သည့်ပုံ ပေါက်နေသော်လည်း  လန်းဆန်းတက်ကြွမှုကိုခံစားနေရသည်။ 


သူသည် အဆင့်နှင့် ဆရာ၊ဆရာမများ၏ ချီးမွမ်းစကားတို့ကို တကယ်ပင် ဂရုမစိုက်ခဲ့ချေ။ အတန်းဖော်တို့ကို သူက စာညံ့သည့် ကျောင်းသားဟူ၍သာ သတ်မှတ်စေခဲ့သည်။ သို့သော် ပထမဆုံးအကြိမ် လူအများ၏ အာရုံစိုက်ခြင်းကိုခံရပြီး ချီးမွမ်းခြင်းခံရသည့်ခံစားချက်က အံ့သြစရာကောင်းသည်ဟု သိလိုက်ရ၏။ 


ရှစ်ယိမုန့်က ဤအခြေအနေအား စွဲလမ်းသွားတော့မည်ဟုခံစားနေရသည်။ 


သူက အတန်းချိန်မပြီးဆုံးခင်အချိန်အထိ ပျော်ရွှင်နေသည်။ ထိုင်ခုံဖော်နှင့်တခြားအတန်းဖော်များက သူ့ကိုဆက်အာရုံမစိုက်‌တော့ဘဲ လှည့်သွားကြကာ ဂိမ်းအကြောင်းပြောနေကြ၏။ သူက အဖြေလွှာစာရွက်ကိုကိုင်ကာ ကိုယ့်ကိုကိုယ် ကျေနပ်အားရမှုတို့ဖြင့် ဝမ်းသာနေမိသည်။ သူက အမှတ်အကောင်းဆုံးရသော သချ်ာအဖြေလွှာကို ဖြတ်သွားသူတိုင်း မြင်သွားစေရန် စားပွဲထောင့်တွင် တင်ထားလိုက်ကာ မတော်တဆတင်ထားမိသယောင်ဟန်ဆောင်နေလိုက်၏။ 


တကယ်တော့ ကျုံးယို့ယို့ကြောင့်သာမဟုတ်ရင် သူဒီလောက်တိုးတက်လာမှာမဟုတ်ဘူး။ သူက အလေလိုက်နေတဲ့ ရှစ်ယိမုန့်ပဲဆက်ဖြစ်နေဦးမှာ။ 


ရှစ်ယိမုန့်ကတွေးလိုက်ပြီး ခေါင်းမော့ကာ ဘယ်ဘက်အတန်း နံရံဘက်ကို လှမ်းကြည့်လိုက်သည်။


သူ၏အဆင့်များသည်တက်လာခဲ့ပြီး ကျုံးယို့ယို့သည်လည်း တခြားအတန်းဖော်များနည်းတူ သူ့အား အံ့သြစွာကြည့်နေလိမ့်မည်ဟုထင်ခဲ့မိသည်။ 


သို့သော် ကျုံးယို့ယို့က အစမှအဆုံးအထိ လီသုန်းဖျင်ပြောသွားသည့် စကားတို့ကို ဂရုမစိုက်ဘဲ ကြည့်ပင်မကြည့်ခဲ့ချေ။ သူမက စားပွဲခုံပေါ်တွင်သာ အကြည့်တို့မြဲမြံနေပြီး စာရေးနေ၏။ ကျုံးယို့ယို့သည် သူနှင့် ဝေးကွာနေဆဲပင်။ 


ရှစ်ယိမုန့်၏ စိတ်ထဲ၌ အချိန်ခဏလေးအတွင်းမှာပင် ဝမ်းနည်းမှုတို့ကရောထွေးလာခဲ့သည်။ 


စာမေးပွဲရလဒ်တို့ထွက်လာပြီးနောက်တွင် အဆင့် သိသိသာသာတိုးတက်လာခဲ့သော ကျောင်းသားများ၏ မိဘတို့ကို အတန်းပိုင်ဆရာဆက်သွယ်လိမ့်မည်မှာ မလွဲဧကန်ပင်ဖြစ်သည်။ 


ရှစ်ယိမုန့်အိမ်ပြန်ရောက်သောအခါ အမြဲအလုပ်ရှုပ်နေသော သူ၏မိဘတို့ကိုတွေ့လိုက်ရ၏။ သူတို့က ထမင်းစားပွဲတွင်ထိုင်နေကြသည်။ သူ၏အမေက အေပရွန်ကိုဝတ်ထားကာ ဟင်းလျာတို့ကိုတည်ခင်းနေသည်။ သူမက သူ့ကို ဝမ်းသာအားရကြည့်လိုက်ကာ “ သားလေး ပြန်လာပြီလား”  


ရှစ်ယိမုန့် : “ဟုတ်ကဲ့”


ရှစ်ယိမုန့်၏အမေက အလျင်စလိုပြေးလာပြီး လွယ်အိတ်ကိုယူလိုက်ကာ “ ကျောင်းကနေပြန်လာတာ ပင်ပန်းနေရောပေါ့ မြန်မြန်လာ ထမင်းစားရအောင်” 


ရှစ်ယိမုန့်က ရင်ခုန်သွား၏။ သူ့မိဘများသည် သိပ္ပံသုတေသီများဖြစ်ကြပြီး ဝင်ငွေကောင်းသော်လည်း အလုပ်ရှုပ်ကြသည်။ အားလပ်ရက်များတွင် သူ့ကို ဂရုစိုက်ကြသော်လည်း ယခုလို ဟင်းလျာများ စားပွဲအပြည့် ချက်ပြုတ်ထားပြီး သူပြန်အလာကို စောင့်နေလေ့မရှိချေ။ အမြဲခက်ထန်နေခဲ့သော သူ့အဖေသည်ပင် ပို၍ ပြေပြေပြစ်ပြစ် ဆက်ဆံနေ၏။ 


“အတန်းပိုင်ဆရာက ဒီတစ်ခေါက် စာမေးပွဲမှာ အမှတ်တွေကောင်းလာတယ်ပြောတယ် အဖြေလွှာပြပါဦး” ရှစ်ယိမုန့်၏အဖေက မျက်မှန်ကိုထုတ်ကာ တပ်လိုက်သည်။ 


“ဒီတိုင်း စာမေးပွဲလေးပဲဟာ ဘာမှမဟုတ်ပါဘူး” ရှစ်ယိမုန့်က လုံးလုံးဂရုမစိုက်သလို ဟန်ဆောင်နေကာ လွယ်အိတ်ထဲမှ အဖြေလွှာကို ပေးလိုက်သည်။ 


ရှစ်ယိမုန့်၏အဖေသည် ပညာတတ်တစ်ယောက်ဖြစ်၏။ သူကအဖြေလွှာစာရွက်တို့ကို ရှေ့နောက်လှန်ကြည့်  လိုက်ပြီးနောက် ရှစ်ယိမုန့်က အမှန်တကယ်ပင် တိုးတက်လာခဲ့သည်ကို တွေ့လိုက်ရသည်။ သူက ခေါင်းကိုမော့ ကာ သူ့သားကို အံ့သြစွာဖြင့် ခဏခဏကြည့်မိ၏။ 


ရှစ်ယိမုန့်က စိတ်ထဲတွင် ဂုဏ်ယူနေပြီး စိတ်မရှည်ဟန်ဖြင့် လောလိုက်သည်။ “ အဖေ ကျွန်တော့်ကို အဲ့လိုကြည့်မနေနဲ့လေ မြန်မြန်စားရအောင် အိမ်စာတွေလုပ်ရဦးမယ်။”


“ ကဲ အဖိုးကြီးရှစ် ကြားတယ်မလား မြန်မြန်စားရအောင်” ရှစ်ယိမုန့်၏အမေက ပျော်ရွှင်စွာပြောလိုက်သည်။ 


ဇနီးမောင်နှံနှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကာ မျက်လုံးများတွင် ဝမ်းသာပီတိ ဖြစ်နေမှုတို့ ထင်ဟပ်နေကြတော့၏။ 


သူတို့နှစ်ဦးသည် အတော်လေး ဗဟုသုတကြွယ်ဝသူများဖြစ်ကြသည်။ သူတို့က ကလေးတစ်ယောက်ရလာ သောအခါ အလွန်ဝမ်းသာပျော်ရွှင်မိကြသည်။ သူတို့က ကလေးအရွယ်ကပင် ဘုရင်များဖြစ်ခဲ့ကြ၏။


 အခုတော့ သူတို့သားရဲ့ ပုန်ကန်သောင်းကျန်းနေတဲ့ အချိန်တွေကုန်သွားပြီး တော်တော်ကြိုးစားလာခဲ့ပြီပဲ။ 


ဤရက်များတွင် ရှစ်ယိမုန့်က ကျောင်းဆင်းလာလျှင် အိမ်စာလုပ်ရန် စာကြည့်ခန်းထဲသို့ ဝင်သွားခဲ့၏။ ထိုအချင်းအရာကိုမြင်သော ရှစ်မာမားက ဝမ်းသာမိပြီး နွားနို့သွားပို့သည့်အချိန်တွင် အနှောင့်အယှက်မပေးရန် အတတ်နိုင်ဆုံးကြိုးစားလိုက်သည်။ 


“များများစားနော်” ရှစ်မာမားက စိတ်လှုပ်ရှားစွာဖြင့် ရှစ်ယိမုန့်ပန်းကန်ထဲသို့ ဟင်းများတစ်ခုပြီးတစ်ခု ထည့်ပေးနေလေသည်။


ရှစ်ယိမုန့်က ထမင်းစားခြင်းတွင်သာ စိတ်နှစ်ထားသော်လည်း စိတ်ထဲတွင် ခံစားချက်မျိုးစုံ ခံစားနေရသည်။ သူ့မိဘတွေသည် သူ့ကို ဂုဏ်ယူစရာတစ်ခုကဲ့သို့ ဝမ်းသာပီတိဖြစ်နေသည့် မျက်လုံးများနှင့် ဘယ်သောအခါကမှ မကြည့်ခဲ့ကြပေ။ သူတို့က သူ့အဆင့်နှင့် အပြုအမူတို့ကို မုန်းလေ့ရှိပြီး တစ်ခါတရံ ဆူတတ်ကြသေးသည်။ 


သူက စဥ်းစားရင်း စိတ်ရှုပ်ထွေးလာခဲ့၏။ 


ဤလစဥ်စာမေးပွဲသည် အတန်း(၁၉)ရှိ တခြားသူများအတွက် ကောလိပ်ဝင်ခွင့်စာမေးပွဲမတိုင်ခင်ဖြေရသည့် သာမန် လစဥ်စာမေးပွဲဖြစ်သော်လည်း ရှစ်ယိမုန့် အတွက်ကတော့ အရေးပါလှသည့် မှတ်ကျောက်တိုင်တစ်ခုဖြစ်သည်။ 


သူကအိမ်စာလုပ်ရန်စာအုပ်ကိုဖွင့်လိုက်သော်လည်း အချိန်အတော်ကြာအောင် အာရုံစိုက်၍မရသေးပေ။ ဒီတစ်ခေါက် သေချာဖြေနိုင်ခဲ့သော အဖြေလွှာတို့ကိုထုတ်ကြည့်ရင်း အတွေးများနှင့်ပြည့်နှက်နေ၏။ အဆင့်များတိုးတက်လာခြင်းက သူ့မိဘတို့ကိုပျော်ရွှင်စေမည်၊ အတန်းဖော်တို့က အားကျသည့်အကြည့်များနှင့် ကြည့်လာကြမည်၊ စိတ်ထဲတွင် ကြီးကြီးမားမားပြီးမြောက်အောင်မြင်သွားသည့် ခံစားချက်တို့ခံစားရလိမ့်မည်ဟု ထင်မထားခဲ့ပေ။ 


သူက ရုတ်တရက် ကျုံးယို့ယို့အတွက် တစ်ခုခုလုပ်ပေးချင်လာမိ၏။ သူမကို သဘောကျ၍မဟုတ်၊ ကျေးဇူးတင်၍ ဖြစ်သည်။ သူကဘာကြောင့်ကျုံးယို့ယို့ကို ကျေးဇူးတင်ချင်နေမှန်းမသိချေ။ ဖြစ်နိုင်သည်က သူ့ကို ရင့်ကျက်လာအောင် ပြုလုပ်ပေးခဲ့သောကြောင့်ဖြစ်နိုင်သည်။ သူ၏ နှလုံးသားသည် ငယ်ရွယ်မှုအငွေ့အသက်တို့ဖြင့် တဒုတ်ဒုတ်ခုန်နေခဲ့၏။ 


******


ထိုအချိန်၌ Aမြို့တွင်...


ဟယ်မိသားစုအိမ်၌ ပြင်းထန်သည့် သွေးအေးတိုက်ပွဲတို့ ဖြစ်ပျက်နေ၏။ 


ဒီရက်များတွင် ဟယ်ချုန်ရှန်းက မုန့်ချန်ကိုမျက်နှာချင်းမဆိုင်ချင်ပေ။ သူကရဲစခန်း၌ ဖြစ်ပျက်ခဲ့သည်များကို ရှုပ်ထွေးနေမိသည်။ လောင်ကျောက်ဆီကနေကြားခဲ့သည်မှာ Zမြို့တွင် မုန့်ချန်က ကျုံးမိသားစုနှင့် ချင်းမိသားစုတို့ကို စော်ကားပြောဆိုခဲ့သည်ဟူ၍ပင်။ သို့သော် မုန့်ချန်အကြောင်းကိုတော့မသိရပေ။ 


သူမက ဘယ်လိုစော်ကားခဲ့လို့လဲ။ 


ဟယ်ချုန်ရှန်းက စုံစမ်းရန် စုံထောက်တစ်ယောက်အား စေခိုင်းထားသော်လည်း စစ်ဆေးမှုရလဒ်တို့ကို မသိရသေးပေ။ 


မုန့်ရှစ်ရွှမ်ရဲ့နောက်ကြောင်းက ဒီလိုမိသားစုကြီးကြီးမားမားတွေနဲ့ ဘယ်လိုပတ်သက်နေတာလဲ။ အငယ်အနှောင်းကိစ္စပဲဖြစ်လောက်တယ်။ မုန့်ချန်ငယ်ငယ်က အရမ်းလှတော့ တစ်ယောက်ယောက်ရဲ့ အငယ်အနှောင်းဖြစ်ခဲ့လိမ့်မယ်။ သူမကိုလက်ထပ်တုန်းက သူကဘာဖြစ်လို့ သူမရဲ့ နောက်ကြောင်းကို မစစ်ဆေးခဲ့မိတာလဲ။ အခုတော့ မုန့်ချန်က အရှုပ်တွေတစ်ခုပြီးတစ်ခု ပေါ်လာပြီး သူကတော့အကုန်လိုက်ရှင်းနေရတယ်။ 


ဟယ်ချုန်ရှန်း၏ ခန့်မှန်းနေသည့်လားရာကလွဲနေသော်လည်း သူ့ကိုကြောက်ရွံ့တုန်လှုပ်စေသည်ပင်။ လွန်ခဲ့သည့် ရက်အနည်းငယ်တွင် သူက အလုပ်ကိုစောစောသွားပြီး နောက်ကျမှပြန်သည်။ ကုမ္ပဏီတွင် အချိန်ပိုကုန်စေကာ မုန့်ချန်၏ ခါးသီးနေသည့်မျက်နှာကို မျက်နှာချင်းဆိုင်ရန် ပြန်မလာချင်ခဲ့ပေ။ 


မုန့်ချန်က ဟယ်ချုန်ရှန်းသည် လောင်ကျောက်ထံမှ အကြောင်းအရာတို့ကိုသိနေပြီဖြစ်ကြောင်း မသိခဲ့ပေ။ သူမက  ဟယ်ချုန်ရှန်းသည် ထိုနေ့က ရဲစခန်းတွင် သူမျက်နှာပျက်ခဲ့သဖြင့် စိတ်ဆိုးနေပြီး လျစ်လျူရှုနေသည်ဟု ထင်နေခဲ့သည်။ 


ပထမရက်အနည်းငယ်တွင် မုန့်ချန်က အလွန်ဒေါသထွက်နေခဲ့ပြီး ဟယ်ချုန်ရှန်းနှင့်ပင်ရန်ဖြစ်ခဲ့၏။ သူမအား ဘာကြောင့် ဂရုမစိုက်ကြောင်းမေးခဲ့သည်။ ဇနီးမောင်နှံတို့သည် အခက်အခဲတို့ကို အတူတကွ ဖြေရှင်းရမည်ဖြစ်သည်။ သို့သော် သူမကမျက်နှာပျက်ခဲ့ရပြီး သူကလျစ်လျူရှုနေခဲ့၏။ 


စတုတ္ထနေ့နှင့် ပဥ္စမနေ့များတွင် ဟယ်ချုန်ရှန်းက သူမကို ပို၍ရှောင်ဖယ်လာခဲ့ရာ ထိတ်လန့်လာတော့သည်။ 


ဟယ်ချုန်ရှန်းက တစ်ခုခုကို သိနေတာများလား။ 


ဟယ်ယိခန်းက လွန်ခဲ့သည့်ရက်များတွင် ဟယ်ချုန်ရှန်းနှင့် မုန့်ချန်တို့ကြားမှ ပဋိပက္ခကိုမြင်နိုင်သည်။ သူက နေ့တိုင်းကျောင်းဆင်းလျှင် အတန်းဖော် ကျန့်ကျီရိ၏ အိမ်ကိုသွားနေလေ့ရှိ၏။ သို့သော် ကျန့်ကျီရိက ပြိုင်ပွဲအတွက် ပြင်ဆင်နေပြီး သူကလဲ စိတ်အခြေအနေမကောင်းရာ ကျန့်ကျီရိ၏ အိမ်တွင်နေရန် အဆင်မပြေချေ။ 


ထို့ကြောင့် သူက ပြန်လာခဲ့ပြီး အထုပ်ပြင်ကာ တခြားသူငယ်ချင်း၏အိမ်တွင်သွားနေရန် ပြင်ဆင်လိုက်သည်။ ရလဒ်အနေနှင့် အဖေနှင့်မိထွေးကြားမှ လေထုသည် ပြင်းထန်နေကြောင်းသိလိုက်ရ၏။


သူက ပီတိဖြစ်သွားကာ အဝတ်တို့ပြင်ပြီးသွားသော်လည်း ထွက်မသွားသေးပေ။ စားပွဲနှင့်ခုံတို့ကိုရွှေ့ကာ ထိုင်လိုက်ပြီး ဂိမ်းဆော့၍ အိမ်တွင်ခဏနေလိုက်သည်။