Chapter 115
ဟယ်ချုန်ရှန်းကုမ္ပဏီမှပြန်လာပြီး သူ့သားအိမ်တွင်ရှိနေသည်ကို မြင်လိုက်သောအခါ အံ့သြသွားပြီး အပေါ်ထပ်ကိုချွတ်ကာ လျှောက်လာလိုက်သည်။ “သား ဒီနေ့ အိမ်မှာအိပ်မှာလား”
ဟယ်ယိခန်းက ဂိမ်းကိုရပ်လိုက်ကာ တီဗီကိုသာ စိုက်ကြည့်နေခဲ့၏။ သူကလှည့်ကြည့်မလာဘဲ နှာခေါင်းရှုံ့လိုက်ကာ “ ထမင်းစားမလို့ခဏဝင်လာတာ ကိုယ့်အိမ်မှာ ကိုယ့်ဘာသာကိုယ်ပဲနေပါ”
ဟယ်ချုန်ရှန်း၏ မျက်နှာသည် မှောင်မိုက်သွားကာ ဝမ်းနည်းလာခဲ့သည်။
မုန့်ချန်အားလက်ထပ်လိုက်သည့်အချိန်မှစ၍ သူနှင့်သူ့သားဆက်ဆံရေးသည် အေးစက်သွားခဲ့သည်။ အတိတ်၌ သူက မုန့်ချန်ကို နှလုံးသားထဲမှ ချစ်မြတ်နိုးခဲ့၏။ သူ့သားအတွက် စိတ်မကောင်းဖြစ်မိသော်လည်း သွေးသားသံယောဇဥ်သည် လွယ်လွယ်နှင့် ပြတ်သွားလိမ့်မည်ဟု ထင်မထားခဲ့ပေ။ သူအလုပ်ကြိုးစားလုပ်ကာ ဝင်ငွေရှာနေသ၍ ဟယ်ယိခန်း၏လိုအပ်ချက်တို့ကိုဖြည့်ပေးနိုင်လိမ့်မည်ဟု ထင်ထားခဲ့သည်။
ယခုသူ့သား အသက်ကြီးလာသည်ကိုတွေ့ရသည့်အခါ သူတို့နှစ်ယောက်ဆက်ဆံရေးသည် ပြေလည်လာဖို့ရန် ခက်ခဲကြောင်း သိလာရသည်။ သူတို့က သိပ်တွေ့လေ့မရှိသော်လည်း ရှစ်ဘဝကြာအငြှိုးရှိသည့် ရန်သူများကဲ့သို့ပင်။ သူ့စိတ်ထဲတွင် မသက်မသာခံစားလာရတော့သည်။ ထိုအချိန်တွင် သူက မုန့်ချန်နှင့် လက်ထပ်ခဲ့သည်ကို နောင်တရမိတော့သည်။
မုန့်ချန်က မီးဖိုချောင်ထဲတွင်ရှိနေသည်။ စိတ်ရှုပ်စရာကောင်းသည့် ဟယ်ယိခန်းပြန်လာသည်ကိုလဲ သိ၏။ သူမက လူတစ်ယောက်စာပိုချက်ရတော့ပေမည်။ သူမက ဘဝင်မကျသော်လည်း အပြုံးမပျက် နေလိုက်သည်။ ထမင်းစားပွဲတွင် “ ခန်းခန်း... မင်းကြိုက်တဲ့ အမဲသားချက်ထားတယ် မြည်းကြည့်ပါဦး”
ယခင်ကကဲ့သို့ပင် ဟယ်ယိခန်းက ဂရုမစိုက်ကာ မော့ပင်ကြည့်မလာခဲ့ချေ။
မုန့်ချန်၏အပြုံးတို့သည် ပျောက်ကွယ်သွားပြီး သူက ဆန့်ကျင်ဘက်တွင် ဝင်ထိုင်လိုက်၏။
ထမင်းစားပွဲသည် တိတ်ဆိတ် အေးစက်နေသည်။
ဟယ်ချုန်ရှန်းက အနည်းငယ်စားလိုက်ကာ တူကိုချလိုက်ပြီး “ ငါကုမ္ပဏီမှာ စားလာခဲ့ပြီးပြီ။ ပင်လဲပင်ပန်းနေတယ် ဆေးကြောပြီး အရင်အိပ်နှင့်တော့မယ်”
“ရှင်က အသက်ဘယ်လောက်...” မုန့်ချန်ပြောလို့မဆုံးခင်မှာပင် ဟယ်ချုန်ရှန်းက သူမနှင့် စကားမပြောချင်၍ စကြည့်ခန်းသို့သာ အလျင်အမြန်တက်သွားလိုက်သည်။
လွန်ခဲ့သည့်ရက်များတွင် ဟယ်ချုန်ရှန်းက ကုမ္ပဏီတွင်ညလုံးပေါက်နေကာ ပြန်လာလျှင်လဲ ဧည့်သည်ခန်းတွင်အိပ်ပြီး သူမအား ဆိုးဝါးသည့်ပြဿနာတစ်ခုလို ရှောင်နေခဲ့၏။ ဟယ်ချုန်ရှန်းက ဖြောင့်မတ်သည့်သူတစ်ယောက်ဖြစ်ပြီး သူမနှင့် စကားမများချင်ပေ။
မုန့်ချန်က ဟယ်ချုန်ရှန်း၏ နောက်ကျောကို ဒေါသဖြင့်ကြည့်လိုက်သည်။
ဟယ်ယိခန်းက သူ့မိထွေး၏ မျက်နှာကိုမော့ကြည့်ကာ ကျေနပ်အားရနေ၏။
သူက ပါးစပ်အပြည့်နှစ်လုတ်၊ သုံးလုတ်စားလိုက်ကာ တူကိုချလိုက်ပြီး ပြင်ထားသော အထုပ်ကိုယူ၍ အတန်းဖော်၏ အိမ်သို့ ထွက်လာခဲ့လိုက်သည်။
ထမင်းစားခန်းသည် ကန္တာရသဖွယ် ခြောက်ကပ်သွားခဲ့သည်။
မုန့်ချန်က အလွန်ဒေါသထွက်လာသောကြောင့် ပန်းကန်များနှင့် တူများကို စားပွဲပေါ်သို့ ပစ်ချလိုက်သည်။ ဟယ်ချုန်ရှန်း၏ ရိုးသားမှုကြောင့် လက်ထပ်ခဲ့သော်လည်း မထင်မှတ်ဘဲ သူက ရုပ်ရည်ကိုအလွန်သဘောကျသည့်လူပင်။ Aမြို့မှ ပြန်လာသည့်အချိန်မှစကာ သူမအပေါ် အပြုအမူတို့သည် ပို၍ဆိုးလာခဲ့သည်။ ထို့အပြင် သူ၏သားကလဲ မျက်လုံးဖြူနှင့် ဝံပုလွေတစ်ကောင်ဖြစ်ပြီး အလွန်ဆိုးသွမ်းလေသည်။ ဤမိသားစုသည် မတည်မြဲနိုင်ချေ။
သူမက ရွှမ်ရွှမ်ကို ဒီကိုခေါ်လာချင်သော်လည်း အဖေနှင့်သားသည် ရွှမ်ရွှမ့်အား ကောင်းကောင်းမဆက်ဆံမည်ကို စိုးရိမ်မိသည်။
ဒါပေမယ့် ရွှမ်ရွှမ် တစ်ယောက်တည်းသာဆို ဘယ်လိုနေပါ့မလဲ။
မုန့်ချန်ကတွေးလိုက်ကာ ဒေါသများသည် စိုးရိမ်ပူပန်မှုတို့အဖြစ် ပြောင်းလဲသွားတော့၏။
သူမက ဟယ်ချုန်ရှန်းကို ဒေါသထွက်အောင် မလုပ်နိုင်ပေ။ သူက ဖြောင့်မတ်သည့်လူတစ်ယောက်ဖြစ်ပြီး အချိုသပ်၍နေရမည်။ သို့မှသာ သူမထောင်ထဲသို့သွားလျှင် သူကရွှမ်ရွှမ့်ကို ပြုစုစောင့်ရှောက်မှာဖြစ်သည်။
သူမက တွေးလိုက်ရင်း စိတ်ငြိမ်သွားကာ ထလိုက်ပြီး ပန်းကန်တို့ကိုသိမ်းလိုက်သည်။
မုန့်ချန်က ပစ္စည်းတို့ကိုထုပ်ပိုးလိုက်ကာ သစ်သီးတို့ကိုပြင်ဆင်လိုက်၏။ ထို့နောက် မျက်နှာအမူအရာတို့ကို ထိန်းလိုက်၍ စာကြည့်ခန်းတံခါးကိုဖွင့်ကာ ဝင်လာခဲ့သည်။ သူမ၏မျက်နှာက ယခင်ကထက် ပိုနူးညံ့နေကာ “ယောက်ျား”
ဟယ်ချုန်ရှန်းက သူမဝင်လာသည်ကိုမြင်သောအခါ မျက်နှာထားက အနည်းငယ် တင်းသွားခဲ့သည်။ “ဘာဖြစ်လို့လဲ။”
မုန့်ချန်ကငိုချင်နေ၏။ “အရင်တစ်ခေါက်က ဖြစ်ခဲ့တာတွေအတွက် တောင်းပန်ချင်လို့ ကျွန်မမကောင်းတာပါ ခွင့်လွှတ်ပေးပါ ရှင်ကျွန်မကို ဒီရက်ပိုင်း အခုလိုဆက်ဆံနေတာ ကျွန်မအဆင်မပြေဘူး”
ဟယ်ချုန်ရှန်းက မုန့်ချန်ယခုလို ပွင့်ပွင့်လင်းလင်းထင်ထားခဲ့မည်ဟု ထင်မထားခဲ့ပေ။
သူကမုန့်ချန်ကဲ့သို့ မျက်နှာပြောင်သည့်လူမျိုးမဟုတ်ချေ။ ထို့ကြောင့် အရင်တစ်ခေါက်က ကိစ္စအကြောင်းကို သူမနှင့် မပြောချင်ပေ။ သူက စိတ်မပါဘဲပြုံးလိုက်ကာ “ အတိတ်ကဖြစ်ပြီးသွားပြီပဲ ထားလိုက်ပါတော့”
သူမကိုခွင့်လွှတ်လိုက်တာလား။
မုန့်ချန်ကအပျော်လွန်သွားပြီး တစ်ခုခုပြောမည်ပြင်နေချိန်တွင် ဟယ်ချုန်ရှန်းက မျက်ခုံးများကိုပွတ်လိုက်ရင်း ပြောလာခဲ့သည်။ “ငါလုပ်စရာရှိသေးလို့ ပြီးမှပြောကြမယ် ဟုတ်ပြီလား”
သူ၏အမူအရာတို့ပြေလျော့သွားသည်ကိုကြည့်ကာ မုန့်ချန်က ပြုံး၍ပြောလိုက်၏။ “ ကောင်းပါပြီ ယောက်ျား အိပ်ယာစောစောဝင်နော်”
စာကြည့်ခန်းတံခါးကိုပိတ်ကာ မုန့်ချန်က အိပ်ခန်းကိုပြန်သွားပြီး ဟယ်ချုန်ရှန်း၏ အမူအရာနှင့် စကားတို့ကို တွေးနေလိုက်သည်။
ဟယ်ချုန်ရှန်းက သူမနဲ့သွေးအေးတိုက်ပွဲဆက်ဖြစ်လို့မဖြစ်ဘူး။ ဘယ်လိုကိစ္စပဲဖြစ်ဖြစ် ဒီည ဟယ်ချုန်ရှန်း သူမကို ခွင့်လွှတ်လာစေရမယ်။
သူမကတွေးလိုက်ကာ အဝတ်ဗီဒိုကိုဖွင့်ပြီး ဟယ်ချုန်ရှန်းဝယ်ပေးထားသည့် သူမ မဝတ်ရသေးသော ဆွဲဆောင်မှုရှိသည့် ညအိပ်ဝတ်စုံကိုထုတ်လိုက်သည်။
သူမကညအိပ်ဝတ်စုံကိုလဲပြီးသည့်အခါ ဟယ်ချုန်ရှန်း၏ စာကြည့်ခန်းဆီသို့ တိတ်တိတ်လေး လျှောက်သွားလိုက်ပြီး ဟယ်ချုန်ရှန်းကို အံ့သြအောင်လုပ်ရန်ပြင်လိုက်သည်။
သို့သော်သူမက တိုးကပ်သွားလိုက်ချင်းပင် စာကြည့်ခန်းထဲမှ ဟယ်ချုန်ရှန်း၏ ဖုန်းပြောနေသံကို ကြားလိုက်ရသည်။
“ရပါတယ် အစ်ကိုကြီးရာ ကျွန်တော်ကသာအစ်ကိုကြီးပြောတာကို အစတည်းကနားထောင်ခဲ့သင့်တာ နောက်ဆုံးတော့လဲ ယိခန်းက ကျွန်တော့်သားပဲလေ အပြင်လူတစ်ယောက်အတွက်နဲ့ သူ့ကိုမပစ်ပယ်ခဲ့သင့်ဘူး အခုသားအဖဆက်ဆံရေးကမပြေလည်တော့ဘူး ပြီးတော့ မုန့်ချန်... အိုး ကျွန်တော်နောင်တရတယ်ဗျာ”
နောင်တ။ မုန့်ချန်သည် မျက်နှာပျက်သွားတော့သည်။
ကောင်းပြီလေ ဟယ်ချုန်ရှန်း ရှင်ကျွန်မရှေ့မှာတော့ အဲ့လိုတွေမပြောရဲပါဘူး ရှေ့မှာတော့ ချိုသာပြီး နောက်ကွယ်မှာကျ နောင်တရနေတယ်ပေါ့လေ။
မုန့်ချန်ကဒေါသထွက်လာပြီး အခန်းထဲကိုဝင်ကာ မေးရန်ပြင်လိုက်သည့်အချိန်တွင် ဟယ်ချုန်ရှန်းဆက်ပြောသည်ကို ကြားလိုက်ရ၏။ “ အစ်ကိုကြီး ခဏလေး မုန့်ချန်ကိုစုံစမ်းဖို့ငှားထားတဲ့ စုံထောက်ဆီက ဖုန်းဝင်လာလို့ အရင်ကိုင်လိုက်ဦးမယ်”
စုံထောက်။
သူမသည် ဘာတွေဖြစ်နေသည်ကို မသိသေးခင်မှာပင် ဟယ်ချုန်ရှန်းက ထိတ်လန့်မှုတို့ဖြင့် အသံကျယ်လာသည်ကိုကြားလိုက်ရသည်။ “ဘာ။ ဘာပြောလိုက်တာ။ မကြာသေးခင်က ကျုံးမိသားစု သတင်းမှာပြောသွားတဲ့ မုန့်မျိုးနွယ်က သူမလား။ လက်ရှိဇနီးတဲ့လား။ ဘာကိုဆိုလိုတာလဲ။ ငါ့ကိုသေချာပြောစမ်း။ မင်းရှာထားတဲ့အချက်အလက်တွေအကုန်ငါ့ဆီပို့လိုက်။”
“…”
မုန့်ချန်က ရေခဲပြင်ထဲပြုတ်ကျသွားသလိုခံစားလိုက်ရ၏။ ဟယ်ချုန်ရှန်းက သူမအကြောင်းကို စုံစမ်းစစ်ဆေးနေသည်။ ဟယ်ချုန်ရှန်းနှင့်သူမပေါင်းသင်းလာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သည်။ သို့သော်ယခု သူမအကြောင်းကို စုံစမ်းနေ၏။ ဒေါသတို့က ခြေဖျားမှခေါင်းအထိ ထိုးတက်လာပြီး သူမကချက်ချင်းပင် အခန်းထဲသို့ဝင်ကာ ဟယ်ချုန်ရှန်း၏ မျက်နှာကို ကုတ်ဖဲ့ပစ်ရန် မစောင့်နိုင်တော့ချေ။
ဒေါသ၏နောက်တွင်တော့ ကြောက်ရွံမှုတို့က ကပ်ပါလာခဲ့သည်။ မုန့်ချန်က တုန်လှုပ်သွား၏။
ဘယ်လိုလုပ်ရမလဲ။ ဟယ်ချုန်ရှန်းက အကုန်သိနေပြီ။
သူမသည် ထိုကိစ္စအား အပြီးပိုင်ဖုံးကွယ်ထား၍မရသည်ကိုသိပြီး အနှေးနှင့်အမြန် မိသားစုဝင်များကို ပြောပြရန် ပြင်ဆင်ထားခဲ့သည်။ ဟယ်ချုန်ရှန်းနှင့် သူမသည် ယခင်က သာယာသော ဆက်ဆံရေးတို့ရှိရာ ယခင်နှစ်များတွင် သူမ၌ အခက်အခဲများစွာရှိခဲ့ကြောင်း ရှင်းပြရမည်။ ဟယ်ချုန်ရှန်းက ပထမတွင် စိတ်ဆိုးလိမ့်မည်ဖြစ်သော်လည်း နောက်တွင်တော့ ခွင့်လွှတ်လာလိမ့်မည်။
သို့သော် အခြေအနေများသည် ယခုလိုဖြစ်လာလိမ့်မည်ဟု ထင်မထားခဲ့ပေ။ သူမနှင့် ဟယ်ချုန်ရှန်း၏ ဆက်ဆံရေး ပျက်စီးနေသည့်အချိန်တွင် အကြောင်းစုံရှင်းပြရလိမ့်မည်။
တံခါးနောက်မှ သူမသည် ဟယ်ချုန်ရှန်း၏အသံတို့ကိုကြားနေရပြီး ထိတ်လန့်လာ၏။ သူမက လှည့်ကာ သူမအခန်းဆီသို့ မြန်မြန်ပြေးလိုက်သည်။ အခန်းထဲရှိ တန်ဖိုးကြီးသည့် ပစ္စည်းများနှင့် ဟယ်ချုန်ရှန်း သူမကိုအရင်က ပေးထားသည့် အိမ်အသေးလေး၏ အိမ်ခြံမြေ စာရွက်စာတမ်းတို့ကို သိမ်းလိုက်သည်။ သူမက ဘဏ်ကတ်အနည်းငယ်တို့ကိုလဲ ယူလိုက်ကာ ညတွင်းချင်း အိမ်မှထွက်ပြေးရန်ပြင်ဆင်လိုက်သည်။
ဟယ်ချုန်ရှန်းက အမှန်တရားတို့ကိုသိသွားလျှင် သေချာပေါက် သူမ၏ကတ်များကိုပိတ်လိုက်ပြီး ပိုင်ဆိုင်မှုတို့ကိုပြန်ယူလိမ့်မည်။ ထိုအခါ သူမတွင် ငွေကြေးလုံးဝမရှိတော့မည်ဖြစ်ရာ ယခုတည်းက အခွင့်ကောင်းယူရမည်။ ဟယ်ချုန်ရှန်းတုံ့ပြန်မလာခင်မှာပင် ပစ္စည်းတို့ကိုယူသွားရမည်။
ဟယ်ချုန်းသည် သူမကိုအမှန်တကယ် မြတ်နိုးကာ သူမအတိတ်အပါအဝင် အရာအားလုံးကိုလက်ခံပေးနိုင်လိမ့်မည် ဟုထင်ထားသော်လည်း ယခုတွင် သူမသည် ဘတ်စ်ကားပေါ်သို့ရောက်နေကာ ငိုနေတော့သည်။ ဟယ်ချုန်ရှန်းက စိတ်ပျက်ဖို့ကောင်းပြီး အားကိုး၍မရသည့်သူဟု ထင်မထားခဲ့ပေ။
ထိုညတွင် သူမက ဟိုတယ်အခန်း၌ ရှက်ရွံ့မှုတို့ကြောင့် အိပ်မပျော်နိုင်ကာ ဟိုလှိမ့်ဒီလှိမ့်လုပ်နေခဲ့သည်။
အခန်းအပြင်ဘက်ရှိ ခြောက်ခြားဖွယ်ရာ သစ်ပင်အရိပ်တို့ကိုကြည့်ရင်း သူမနှလုံးသားထဲတွင် အေးစက်လာခဲ့သည်။ ဟယ်ချုန်ရှန်းကို ယုံကြည်၍မရချေ။ သူမအကြောင်းကိုစုံစမ်းရန် စုံထောက်တစ်ယောက် ငှားသည်ကပင် ယခင်အချိန်များတည်းက သူမကို သံသယဝင်နေ၍ဖြစ်မည်။ သူမ၏ မူလအစီအစဥ်တိုင်းဆိုလျှင် ပတ္တမြားနှင့် ကျောက်ခဲသည် ပျက်စီးရမည်။
ဟုတ်တယ် ပတ္တမြားနဲ့ ကျောက်ခဲက ပျက်စီးသွားရမယ်။
သူမက ထောင်ထဲသို့သေချာပေါက်သွားရမည်ကို သိထားသည်။ ထို့ကြောင့် မသွားခင် ရွှမ်ရွှမ်အတွက် တစ်ခုခုလုပ်ပေးရမည်။ ယခင်တစ်ခေါက်က ဖေးယွင်သည် မအောင်မြင်ခဲ့ပေ။ သူမက တုံးအလွန်း၏။ ယခုတစ်ခေါက်တွင်တော့ ကျုံးယို့ယို့ကို နာမည်ပျက်အောင် ငရဲကိုတွန်းပို့ပြီး ရွှမ်ရွှမ်၏ လမ်းကြောင်းတွင် ဝင်မရှုပ်ရန် လုပ်ရမည်။
အရာအားလုံးက မုန့်ရှစ်ရွှမ်အတွက် ဖြစ်ခဲ့သော်လည်း ရဲစခန်းတွင် ကျုံးရှီယို့နှင့်ထိပ်တိုက်တွေ့လိုက်ရသည့်အခါ သူမက ကျုံးမိသားစုနှင့် ကျုံးယို့ယို့အပေါ် ပို၍ မုန်းတီးသွား၏။
သူမက မုန့်ရှစ်ရွှမ်အား ကျုံးယို့ယို့ကို သူမထိန်းနိုင်သည်ဟုပြောခဲ့ပြီး ၎င်းမှာ မမှားခဲ့ချေ။
ထိုနှစ်များတွင် သူမက ကျုံးယို့ယို့ကို တိဘက်တွင်ဝှက်ထားခဲ့ပြီး ပင်ပန်းစွာ ရုန်းကန်ခဲ့ရသည်။ စားစရာပင် မလုံလောက်ခဲ့ပေ။ ထိုပတ်ဝန်းကျင်၌ သူမ၏အခြေအနေအောက်တွင် ကျုံးယို့ယို့သည် ငယ်စဥ်ကပင် ဆိုးသွမ်းခဲ့သည်။ သူမက အစားအစားများကိုခိုးကာ ယုတ်ညံ့သည့်လုပ်ရပ်တို့ကိုလုပ်ခဲ့သည်။
သူမက မိသားစုကိုပြန်ရှာတွေ့သွားပြီး ပိုက်ဆံတို့ရကာ မိသားစုကလဲ သူမဘက်မှရပ်တည်ပေးပြီး မီဒီယာကိုလဲ သူမက အပြစ်ကင်းကြောင်းပြောခဲ့သည်။ အနှီကလေးက ထိုမျှလောက်ဆိုးသွမ်းမည်ဟုသူမထင်မထားခဲ့ချေ။ ယို့ယို့သည် ငယ်ငယ်က လိမ္မာ၍ စကားနားထောင်သောကလေးဖြစ်ပြီး သူမကသေချာပျိုးထောင်ခဲ့၏။ ပင်ပန်းဆင်းရဲခဲ့သော်လည်း သူမအတတ်နိုင်ဆုံးကြိုးစားခဲ့သည်။
ယခုတော့ ကျုံးယို့ယို့က သူမကိုအခုလိုဆက်ဆံခဲ့သည်။ သူမကို တရားခွင်သို့ ခေါ်သွားရန်ပင် တွန့်ဆုတ်မနေခဲ့ပေ။ ညှာတာမှုမရှိပေ။ သူမက သွေးအေးရက်စက်သည်။ သူမကို ပျိုးထောင်ပေးခဲ့သည်ကိုနောင်တရမိ၏။
ဤသို့ဖြစ်လာမှတော့ သူမသည် အတိတ်၌ ကျုံးယို့ယို့က အကျင့်စာရိတ္တပျက်ပြားသူအဖြစ် တင်ပြလိုက်မည်။
လူတွေက ကလေးတွေပေါင်မုန့်ခိုးတာကို ရေးကြီးခွင်ကျယ်လုပ်ချင်မှလုပ်ကြလိမ့်မယ်။ ဒါပေမယ့် ကျုံးယို့ယို့က ငယ်ငယ်လေးထဲက ဧည့်သည်တွေတစ်ယောက်ပြီးတစ်ယောက်နဲ့ အိပ်နေခဲ့တယ်ဆိုတာကို သူမပါးစပ်က ထုတ်ပြောလိုက်ရင် သူမကိုထောင်ထဲပို့ကြပါဦးမလား။
သူမကိုယုံတဲ့သူ တစ်ယောက်ယောက်တော့ရှိမှာပဲ။ လူတွေဘယ်လိုပဲစော်ကားနေပါစေ ကျုံးယို့ယို့ နာမည်ပျက်သွားပြီး ကျုံးမိသားစုမီးလောင်ပြာကျသွားသရွေ့ ရွှမ့်ရွှမ့်ကိုကာကွယ်ဖို့အတွက် အကောင်းဆုံးကြိုးစားပြီး လုပ်ရမယ်။
...
မုန့်ချန်ကပြတင်းပေါက်အပြင်ကို ငေးကြည့်နေပြီး သူမ၏မျက်လုံးထဲမှ ရူးသွပ်မှုတို့သည် ပြင်းထန်နေကာ အမုန်းတရားတို့လဲ ပြည့်နှက်နေသည်။
သူမက အချိန်ဆွဲမနေတော့ပေ။ Z မြို့သည် ကျုံးမိသားစု၏ ပိုင်နက်ဖြစ်ရာ သူမက Aမြို့မှ မီဒီယာသို့သွားလိုက်သည်။ မီဒီယာများက ယင်ကောင်တွေကဲ့သို့ပင် အတင်းအဖျင်းသတင်းတို့ကို စိတ်ဝင်စားကြသည်။ ထို့အပြင် ကျုံးမိသားစုအား ဆွဲချချင်နေသည့် တခြားကုမ္ပဏီများကလည်း မီးလောင်ရာလေပင့် လုပ်ပေးနိုင်သည်။
A မြို့၏ ရုပ်သံဌာနတွင် သတင်းထောက်ယန်က ရှေ့တွင်ရှိနေသည့် ဆံပင်တို့ရှုပ်ပွနေပြီး မျက်လုံးများနီရဲနေသော အမျိုးသမီးကိုကြည့်လိုက်သည်။ သူမသည် တစ်ညလုံးကောင်းကောင်းမအိပ်ရသေးပုံပေါ်ကာ ရူးနှမ်းနေသည့် အမျိုးသမီးတစ်ယောက်ပုံစံဖြစ်နေတော့သည်။ သူက သနားစွာကြည့်လိုက်ရင်း မှတ်စုစာအုပ်ကိုချလိုက်ကာ အသံသွင်းရန် ပြင်လိုက်သည်။
မုန့်ချန်ဆိုသည့် အမျိုးသမီးပြောသွားသော အရာအားလုံးသည် မယုံနိုင်စရာပင်။ သူမစကားအရ ကျုံးမိသားစု၏ ကလေးနှစ်ယောက်မှားသွားခြင်းသည် မတော်တဆအမှားတစ်ခုပင်ဖြစ်ပြီး လဲထားခဲ့ခြင်းမဟုတ်ပေ။
ကျုံးမိသားစုက အပြစ်အားလုံး သူမအပေါ် ပုံချကာ သူတို့၏ အမုန်းတရားတို့ကို ဖြေလျော့ရန်ကြိုးစားခဲ့ခြင်းဖြစ်သည်။
၎င်းက ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့ခြင်းမဟုတ်ဘဲ အမှားတစ်ခုသာဖြစ်ပြီး ဥပဒေကျူးလွန်ခဲ့သည်ဟု ခေါင်းစဥ်တပ်၍မရပေ။
သတင်းထောက်ယန်သည် သူမပြောသည့်အရာများကိုမယုံပေ။ သို့သော် သူမသည် စိတ်အားထက်သန်စွာဖြင့် ကျုံးယို့ယို့၏ ငယ်ရာမှကြီးသည်၏ အဖြစ်အပျက်တစ်ခုချင်းစီတိုင်းကို သေချာပြောပြနေခဲ့၏။ ဘာတစ်ခုမှ မကျန်ခဲ့ပေ။ ကျုံးယို့ယို့ ငယ်စဥ်က ဆိုးသွမ်းခဲ့သည့်အကြောင်းတို့ကိုပင် ပြောခဲ့သေးသည်။
သတင်းထောက်ယန်က ဤအမျိုးသမီးသည် ကြောက်စရာကောင်းသည့်ဟု ထင်မိသော်လည်း သူမပြောသွားခဲ့သော အကြောင်းအရာတို့သည် မနက်ဖြန် သတင်းတွင် ရေပန်းစားလာနိုင်သည့် သတင်းခေါင်းစီးဖြစ်လာနိုင်သည်။
ရုပ်သံဌာနတွေမှာပါ လွှင့်နိုင်ရင် ကြည့်ရှုနှုန်းတွေပိုတက်လာနိုင်တယ်။ အဲ့ဒါဆို နှစ်ဝက်ရမယ့် ငါ့ရဲ့ ဘောနပ်စ်ကလဲ ပိုတိုးသွားလိမ့်မယ်။
“ဘယ်လိုလဲ သတင်းထောက်ယန် ကျွန်မပြောသွားတာတွေက သတင်းအတွက် လုံလောက်ရဲ့လား။” မုန့်ချန်က စိတ်ဓာတ်ပြင်းပြစွာမေးလိုက်၏။
သတင်းထောက်ယန်က တည်တည်ငြိမ်ငြိမ်နှင့် “ကောင်းပါပြီ မစ္စမုန့် ခဏလေးထိုင်ပြီးရေသောက်လိုက်ပါဦး ရုပ်သံမှာပါနိုင်အောင် ကျွန်တော်လုပ်ပေးပါ့မယ် ဒီကိစ္စကို ပရိုဂျူဆာနဲ့ပြောလိုက်ပါဦးမယ်”
သူပြော၍မပြီးသေးခင်မှာပင် တံခါးကပွင့်သွားခဲ့ပြီး ရွှေရောင်အနားကွပ်ထားသည့် မျက်မှန်နှင့်လူတစ်ယောက်က ဝင်လာခဲ့သည်။ “ရှောင်ယန်... ရုပ်သံလွှင့်တဲ့အခန်းကိုမသုံးသေးဘူးမလား သွားရှင်းလိုက် မကြာသေးခင်က လွှင့်ထားတဲ့ ရှိုးတွေရဲ့ ကြည့်ရှုနှုန်းတွေနဲ့ပတ်သက်ပြီး အစည်းအဝေးလုပ်ရမယ်”
သတင်းထောက်ယန်ကမြန်မြန်ထသွားလိုက်ကာ ရိုရိုကျိုးကျိုးနှင့်မေးလိုက်သည်။ “ ဒါရိုက်တာချုပ်ထန် ဘယ်လိုဖြစ်လို့အစောကြီးရောက်လာတာလဲ။”
ဒါရိုက်တာချုပ်။
မုန့်ချန်ကချက်ချင်းပင် အပျော်လွန်သွား၏။ သတင်းထောက်ယန်သည် ဘာမှလုပ်နိုင်သည့်ပုံမပေါ်ပေ။ သူက သတင်းထောက်သာသာလေးပင်ဖြစ်၏။ သူမကိုယ်တိုင် ဒါရိုက်တာချုပ်ကိုပြောပြီး ရုပ်သံလွှင့်နိုင်အောင် လုပ်ရမည်။
သူမက မြန်မြန်ပြောလိုက်၏။ “ဒါရိုက်တာကြီး မကြာခင်က နာမည်ကြီးသွားတဲ့ Zမြို့က ကျုံးမိသားရဲ့ သမီးအကြောင်းသိလားရှင့် ကျွန်မက အဲ့ကိစ္စမှာ ပါဝင်ပတ်သက်နေသူဖြစ်ပြီး ရှင်းပြစရာလေးတွေရှိပါတယ်”
ထန်ထျန်းက အနှီထူးဆန်းသည့်အမျိုးသမီးကိုကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။
ကျုံးယို့ယို့။ သူ့သမီးကိုကယ်ခဲ့တဲ့ ကလေးမလေးမလား။ ထန်ရော့တစ်ခါပြောပြဖူးတယ်။
သူကတည်ငြိမ်စွာပြောလိုက်သည်။ “ ဒီလိုဆိုမှတော့ ကျုပ်နဲ့လိုက်လာခဲ့ပါ”