Chapter 116
ဟိုးတလောလေးက အိမ်နီးချင်းမြို့ရှိ ကျုံးမိသားစု၏ အုတ်အုတ်ကျက်ကျက်ဖြစ်သွားသည့်သတင်းကို သတင်းကောင်း မီဒီယာဒါရိုက်တာ ထန်ထျန်းက ကြားမိသည်။ သတင်းတို့ကိုကြည့်ပြီး အနှီအမျိုးသမီးက လိမ်လည်တတ်သူဖြစ်ကြောင်း ခံစားမိ၏။ ဤသတင်းသည် ကြီးသည်ဖြစ်စေ၊ သေးသည်ဖြစ်စေ ကျုံးယို့ယို့သည် သူ့သမီး၏ အသက်ကျေးဇူးရှင်ဖြစ်ရာ ထိုအမျိုးသမီးအား မီဒီယာတို့ကို အဓိပ္ပာယ်မရှိသည့်အရာများ ပြောခွင့်မပေးနိုင်ပေ။
(T/N အရှေ့အပိုင်းတွေမှာ ထန်ထျန်းထန်လို့ရေးထားပြီး အခုအပိုင်းမှာ etran က ထန်ထျန်းလို့ပြန်ထားတာကြောင့် ထန်ထျန်းလို့ပဲ ဆက်ပြန်လိုက်ပါတယ်နော်။)
ကျုံးယို့ယို့အား ဤအကြောင်းကို အသိပေးရမည်။
အရင်တစ်ခေါက် ကျုံးယို့ယို့ကိုတွေ့တုန်းက အသက်၁၈နှစ်ပဲရှိသေးတာ ဘယ်လောက်ပဲ ထက်မြက်တယ်ပြောပါစေဦး ခုလိုရှုပ်ထွေးတဲ့ကိစ္စကိုကိုင်တွယ်နိုင်ပါ့မလား။
သူမ၏ အုပ်ထိန်းသူတို့ကိုလဲ ဆက်သွယ်ရမည့်ပုံပင်။
ထန်ထျန်းက မုန့်ချန်ကိုရုံးခန်းသို့ခေါ်လာခဲ့ပြီး လက်ထောက်အား အခန်းထဲသို့ ဘယ်သူမှဝင်မလာရန်လဲ ပြောလိုက်သည်။ သူမက ပြောလိုက်သည်။ “ဒါရိုက်တာကြီး ရုပ်သံမလွှင့်ခင် ကျွန်မရဲ့ဆံပင်ကို ပြင်ပေးလို့ရမလား။”
သူမကစိတ်လှုပ်ရှားစွာဖြင့် အဝတ်တို့ကို သေသပ်အောင်လုပ်နေ၏။
ထန်ထျန်းက လက်ထောက်အား လက်ဖက်ရည်ဖျော်လာပေးရန်ပြောလိုက်သည်။ “ကောင်းပြီ ဒါပေမယ့် သတင်းကကြီးတဲ့အတွက် ခဏတော့စောင့်ရမယ်။ အစီအစဥ်ရဲ့ နောက်ဆုံးကျမှ ထည့်ဖို့ ပြင်ဆင်ရဦးမှာမို့လို့။ ဒါမှ ထိရောက်နှုန်းပိုသက်ရောက်နိုင်တာလေ။”
“ဒါရိုက်တာကြီးကို ကျေးဇူးတင်ပါတယ်” မုန့်ချန်က ထရပ်လိုက်ကာ မျက်ရည်များနှင့်ပြောလာခဲ့သည်။ “ ကျွန်မကိုကူညီပေးပါ သတင်းမီဒီယာကလွဲရင် ကျွန်မမှာ တခြားနည်းလမ်းမရှိတော့လို့ပါ ကျုံးမိသားစုရဲ့ တွန်းအားပေးတာကို ခံခဲ့ရတာပါ”
ထန်ထျန်းက ရုံးခန်းထဲမှ ထွက်မသွားခင် အကြိမ်အနည်းငယ် တုံ့ပြန်လိုက်ပြီး ဖုန်းခေါ်လိုက်သည်။
သူ့တွင် ကျုံးယို့ယို့၏နံပါတ်မရှိသော်လည်း သူ့သမီးတွင်တော့ရှိသည်။ ထန်ရော့ကို အရင်ဆုံး ကျုံးယို့ယို့နံပါတ်ကိုလှမ်းမေးလိုက်ပြီးနောက် သူမကိုဖုန်းခေါ်လိုက်၏။
များစွာသောဝန်ထမ်းတို့သည် ပခုံးများပေါ်တွင်ကင်မရာများထမ်းကာ ဖြတ်သွားကြပြီး ဒီမနက်တွင် ဒါရိုက်တာချုပ် အစည်းအဝေးမလုပ်သည်ကို ပဟေဠိဖြစ်နေကြသည်။ ထန်ထျန်းသည် ဤကိစ္စက သူ့ကို ဂုဏ်သိက္ခာရှိသည့် ဒါရိုက်တာတစ်ယောက်ဖြစ်စေပြီး အမှန်တကယ်ကိုစိတ်ရင်းနှင့်လုပ်ကိုင်နေခဲ့၏။
ကျုံးယို့ယို့သည် ကန်တင်းတွင် မနက်စာစားပြီး ထွက်လာသောအခါ နံပါတ်အစိမ်းနှင့် ဖုန်းဝင်လာခဲ့သည်။
“ဘာပြောချင်တာလဲရှင့်။ မုန့်ချန်ကလား။”
ကျုံးယို့ယို့ ထန်ထျန်းပြောပြနေသည့် အဖြစ်အပျက်တို့ကိုနားထောင်ကာ ရယ်လုနီးနီးဖြစ်သွားပြီး တစ်ချိန်တည်းမှာပင် သူမတစ်ကိုယ်လုံးအေးစက်သွား၏။ အနှီမိန်းမ မုန့်ချန်သည် အဆိပ်ပြင်းသောမြွေတစ်ကောင်နှင့်တူကာ သူမကို ကြက်သီးထစေသည်။ ဘယ်အချိန်ခုန်ထွက်လာပြီး ကိုက်မည်ကို မသိနိုင်ချေ။ ကျုံးယို့ယို့က ဤကိစ္စကို မီဒီယာအထိရောက်ရန် မတွေးထားသော်လည်း မုန့်ချန်က ထိုစက်ဆုပ်ဖွယ်အတွေးတို့ကို အရင်လုပ်လာခဲ့သည်။
“ကျေးဇူးပါ အခုချက်ချင်းလာခဲ့ပါ့မယ်”
ကျုံးယို့ယို့က ဖုန်းချလိုက်သည်။
ထိုအချိန်တွင် အတော်လေးနေမြင့်နေပြီး ရာသီဥတုသာယာနေသော်လည်း သူမနောက်ကျောတွင် ချွေးများစို့နေခဲ့သည်။
ယွမ်ယွမ်ကပဲနို့သောက်နေပြီး ကျုံးယို့ယို့ဖုန်းပြောပြီးသွားသည်ကိုတွေ့လိုက်သောအခါ ရပ်ပြီးမေးလိုက်သည်။ “ဘာဖြစ်လို့လဲ အတန်းကိုပြန်မသွားတော့ဘူးလား”
ကျုံးယို့ယို့က မြန်မြန်ပြောလိုက်၏။ “အတန်းပိုင်ဆရာကို ခွင့်တိုင်ထားပေး ငါဒီနေ့လုပ်စရာလေးရှိလို့”
ပြောပြီးနောက် သူမက ကျောင်းပေါက်ဝကိုပြေးသွားတော့သည်။
သူမကချင်းယောင်ကိုဖုန်းခေါ်လိုက်ကာ “ချင်းယောင် ကျွန်မရှင့်အကူအညီလိုတယ်”
ချင်းယောင်က ဖုန်းတစ်ဖက်တွင် ကျုံးယို့ယို့သည် ပြေးနေပြီး အနည်းငယ်မောနေသည်ဟုခံစားမိသည်။ ထို့ပြင် သူမ၏ အသံသည် ယခင်ကနှင့်မတူဘဲ အေးစက်နေသည်။ သေချာနားထောင်ကြည့်ပါက ဒေါသအနည်းငယ်လဲ ပါနေသေး၏။
သူကမျက်မှောင်ကြုတ်လိုက်ပြီး တစ်ခုခုမှားနေကြောင်း သိလိုက်သည်။ ထို့ကြောင့် အပေါ်ထပ်ကုတ်ကိုယူကာ ကုမ္ပဏီမှလျင်မြန်စွာထွက်လာခဲ့လိုက်သည်။ “ကောင်းပြီ တွေ့တဲ့အခါကျပြောရအောင် ကိုယ့်ကို ကျောင်းပေါက်ဝမှာစောင့်နေ”
မုန့်ချန်က ရုံးခန်းထဲတွင် စိတ်လှုပ်ရှားကာ စောင့်နေ၏။ ထန်ထျန်းသည် မနက်ပိုင်းအစည်းအဝေးကိုဖျက်ကာ မသွားခဲ့ပေ။ သူက အသံလွှင့်ခန်းထဲသို့ ပြန်သွားကာ သတင်းထောက်ယန်အသံသွင်းထားသည့် မုန့်ချန်၏ အသံဖိုင်ကို အသေးစိတ်နားထောင်နေသည်။
သူကနားထောင်ရင်း မျက်ခုံးတို့တွန့်ကျိုးလာခဲ့၏။ တစ်ခုခုမှားနေသည်။
သတင်းထောက်ယန်က စိတ်ထဲတွင်ငိုနေမိသည်။ သူ့အလုပ်ကို အထောက်အကူပြုမည့် သတင်းရခဲ့သော်လည်း ဒါရိုက်တာက ဖျက်ချခဲ့သည်။
ပြောတော့ဒါရိုက်တာက ကျုံးမိသားစုအရေးကိစ္စေတွကို စိတ်ဝင်စားတယ်ဆို။ အခုသူဘာလုပ်နေတာလဲ။
သို့သော် သတင်းထောက်ယန်ကမမေးရဲပေ။ သူက ဘေးတစ်ဖက်တွင်သာ ငြိမ်ငြိမ်လေးရပ်ကာ ဒါရိုက်တာ၏ မျက်ခုံးတို့တွန့်ချိုးနေသည်ကိုကြည့်နေခဲ့သည်။
ထန်ထျန်းကရုတ်တရက်မေးလာသည်။ “အသံသွင်းနေတုန်းက မစ္စမုန့်က ဇနီးမောင်နှံဆက်ဆံရေးကို ထည့်ပြောသွားသေးလား။”
သတင်းထောက်ယန်ကမြန်မြန်ပြန်ဖြေလိုက်သည်။ “ဒါပါပဲ သူမက ရုပ်သံလွှင့်တာမှာပါချင်တယ်လို့ ပြောလာခဲ့တာ ကျွန်တော်တို့က အစီအစဥ်မစခင် သူမရဲ့ အရေးကြီးတဲ့ မိဘနဲ့သားသမီး ဆက်ဆံရေးကို အသံသွင်းဖို့လုပ်လိုက်သေးတယ်။”
ထန်ထျန်းကပြောလိုက်၏။ “မြန်မြန်ငါ့ကိုပြစမ်း”
သတင်းထောက်ယန်က နောက်ထပ်ဖိုင်တစ်ခုကို ထန်ထျန်းအားပေးလိုက်သည်။ ထန်ထျန်းကဖွင့်ကြည့်လိုက်သည်။ သူမ၏ ခင်ပွန်းနာမည်သည် ဟယ်ချုန်ရှန်းဖြစ်ပြီး လိပ်စာမှာ ဟယ်ကျားချွင်းနှင့် ဖေ့ကျားကျွမ်း။ တစ်ခုခုမှားနေကြောင်းခံစားနေရသည်မှာ မထူးဆန်းတော့ပေ။ ၎င်းမှာ ဖေးယွင် သူ့သမီးကိုထိခိုက်စေခဲ့သော အလယ်တန်းကျောင်းသူပင်။
ထိုအဖြစ်အပျက်သည် ဒီတိုင်းပြီးဆုံးသွားခဲ့သည်။ ဖေးယွင်သည် ရည်ရွယ်ချက်ရှိရှိထိခိုက်စေခဲ့သည်ဟူသည့် ခိုင်မာသော သက်သေမရှိသည့်အတွက် တရားစွဲ၍မရခဲ့ပေ။ သူမကကြီးမားသည့်အမှားတစ်ခု ပြုလုပ်ခဲ့သည်ဟူ၍ အဆုံးသတ်သွားခဲ့သည်။
သို့သော် ထန်းထျန်၏ ဒေါသတို့က လွယ်လွယ်နှင့် ကွယ်ပျောက်မသွားခဲ့ချေ။ သူဂရုတစိုက် ပြုစုပျိုးထောင်ခဲ့ရသည့် သမီးလေးထိခိုက်ခဲ့၏။ ပြဿနာကြီးကြီးမားမားမဟုတ်သော်လည်း အဖေတစ်ယောက်အနေနှင့် ဒေါသထွက်ခွင့်ရှိသည်။
မုန့်ချန်ဆိုသည့်မိန်းမက ဟယ်ကျားချွင်း၊ ဖေ့ကျားကျွမ်းတို့နှင့် ဆက်စပ်နေသည်ဖြစ်ရာ သူ့စိတ်ထဲတွင် အတွေးတို့ဖြစ်ပေါ်လာတော့သည်။
မုန့်ချန်က ကျုံးယို့ယို့ကို နက်နက်ရှိုင်းရှိုင်းမုန်းတီးနေပြီး ဖေးယွင်ကို သွေးထိုးခဲ့တာလား။ အဲ့လိုမှမဟုတ်ရင် ဘယ်လိုကြီးမားတဲ့ မကျေနပ်ချက်တွေက ဆယ်ကျော်သက်အရွယ်ပဲရှိသေးတဲ့ ဖေးယွင်ကို ကျုံးယို့ယို့ကို ထိခိုက်အောင် ပြုလုပ်စေတာလဲ။
ထန်ထျန်းကတွေးလေလေ၊ ဖြစ်နိုင်သည်ဟုခံစားရလေလေဖြစ်၏။ သူကပြတင်းပေါက်ဆီသို့ လျှောက်သွားပြီး ဖုန်းခေါ်လိုက်သည်။
သတင်းထောက်ယန်က ဒါရိုက်တာထန်က ဖုန်းတစ်ဖက်ရှိလူနှင့် ပြောနေသည်များကိုနားမလည်သော်လည်း ဒါရိုက်တာထန်၏ မျက်နှာသည် တဖြည်းဖြည်းမဲမှောင်လာပြီး သူကလက်သီးတင်းတင်းဆုပ်ထားသည်ကို မြင်နေရသည်။ ရှေ့တွင်ပေါ်လာမည့်လူကို ထိုးရန် ဒေါသထိန်းနေရသည့်ပုံစံမျိုးပင်။
အမြဲ ညင်သာနူးညံ့တဲ့ ထန်ထျန်းက အခုလို ဒေါသထွက်နေတာ ဘာတွေဖြစ်နေတာပါလိမ့်။
သတင်းထောက်ယန် ဘာမှမလုပ်ရသေးမှာပင် ထန်ထျန်းကတံခါးကို ပြေးထိုးလိုက်သည်ကို တွေ့လိုက်ရသည်။
သုံးနာရီကျော်သွားသော်လည်း တစ်ယောက်မှရောက်မလာခဲ့ပေ။ မုန့်ချန်က ရုံးခန်းထဲတွင် စိုးရိမ်ပူပန်လျက် စောင့်နေ၏။ ဆယ်နာရီထိုးတော့မည်ကိုတွေ့သောအခါ အပြင်ကိုထွက်ပြီး တစ်ယောက်ယောက်ကိုမေးရန် ပြင်လိုက်သည်။
ထိုအချိန်တွင် တံခါးကတွန်းဖွင့်ခံလိုက်ရပြီး မုန့်ချန်က ခေါင်းမော့လာကာ မေးလိုက်၏။ “ဒါရိုက်တာကြီး ပြင်ဆင်ပြီးသွားပြီလား”
ထန်ထျန်းက ဝင်လာခဲ့ပြီး မကြာသေးခင်က နူးညံ့ကြင်နာသည့်ပုံစံမဟုတ်ဘဲ သူမကို ဒေါသဖြင့်ကြည့်နေကာ အမုန်းကြီးမုန်းနေသည့်ပုံပင်။
မုန့်ချန်က ဘာဖြစ်နေမှန်းမသိရာ ထ၍မေးလိုက်သည်။ “ဒါရိုက်တာကြီး ဘာဖြစ်လို့လဲ”
“ဘာဖြစ်လို့လဲလို့မေးရဲသေးတယ်ပေါ့ ကျုပ်ဘယ်သူလဲသိလား ကျုပ်က ထန်ရော့ရဲ့အဖေပဲ” ထန်ထျန်း၏ လည်တိုင်မှ သွေးကြောတို့သည် ပေါက်ထွက်လာမလိုပင်ဖြစ်နေ၏။ မုန့်ချန်က ကျုံးမိသားစုဖြေရှင်းရမည့်သူမှန်း သိသည်။ သို့သော် ယခုတစ်ခေါက်တွင် ဒေါသတို့ကို မထိန်းနိုင်တော့ချေ။
တခြားသူများကို ထိခိုက်စေခဲ့လျှင် သူကတည်တည်ငြိမ်ငြိမ်နှင့် သတင်းထောက်များကို အင်တာဗျူးရန် ဆောင်ရွက်ခိုင်းလိုက်မှာဖြစ်သည်။ သို့သော် ထိခိုက်သွားခဲ့သည့်သူမှာ သူ့သမီးဖြစ်ပြီး ဒေါသထွက်လာကာ လူပင်သတ်ချင်နေ၏။
“ထန်ရော့...” မုန့်ချန်ကရေရွတ်လိုက်ပြီး မျက်နှာသည် ဖြူဖျော့သွားတော့သည်။
မုန့်ချန်က ထန်ရော့သည် ဖေးယွင် ကျုံးယို့ယို့အစားမှားယွင်းထိခိုက်မိစေခဲ့သောကလေးမလေးဖြစ်ကြောင်းကို မှတ်မိသွား၏။
ဘာလို့ဒီလောက်တောင်ကံမကောင်းရတာလဲ။ ဘယ်လိုဖြစ်လို့ ထန်ရော့အဖေဆီကိုမှ ရောက်လာခဲ့တာလဲ။ ဒီရုပ်သံဌာနမှာ ထန်ရော့ကခေါင်းဆောင်မှန်းသိရင် သူမ ရောက်လာခဲ့မှာမဟုတ်ဘူး။
မုန့်ချန်က ထိတ်လန့်သွား၍ အိတ်ကိုမြန်မြန်ဆွဲလိုက်ပြီး ထလိုက်ကာ ရုပ်သံအကြောင်းကိုမပြောရဲတော့ပေ။ သူမက တံခါးဆီသို့ မြန်မြန်လျှောက်သွားလိုက်၏။
သူမတံခါးရှေ့သို့ရောက်ရောက်ချင်းပင် တံခါးကပွင့်လာပြီး ရှေ့တွင် အနက်ရောင်ဝတ်စုံပြည့်ဝတ်ထားသည့် အစောင့်များက တန်းစီစောင့်နေကြသည်။
သူတို့ကနံရံကဲ့သို့ပင် သူမသွားမည်ကိုပိတ်ပင်ထားကြ၏။
မုန့်ချန်၏မျက်နှာသည် ပို၍ဖြူဖျော့လာခဲ့သည်။ အစောင့်တို့နောက်မှ ကျုံးယို့ယို့နှင့် ချောမောခံ့ညားသော လူငယ်တစ်ယောက်က အခန်းဆီသို့လျှောက်လာသည်။
“အန်တီမုန့် မတွေရတာကြာပြီနော်”
ကျုံးယို့ယို့။
မုန့်ချန်၏မျက်နှာသည် သရဲကိုတွေ့လိုက်ရသလိုဖြစ်နေ၏။ သူမက ထန်ထျန်းကို လှည့်ကြည့်လိုက်သည်။
ဒီလူက သူမကိုတွေ့တွေ့ချင်း ကျုံးယို့ယို့ကိုလှမ်းအကြောင်းကြားလိုက်တာလား။ အဲ့လိုမှမဟုတ်ရင် ကျုံးယို့ယို့က ဘယ်လိုလုပ် ဒီလောက်မြန်မြန်ကြီးရောက်လာတာလဲ။
ကျုံးယို့ယို့က ကျောင်းယူနီဖောင်းကိုဝတ်ထားပြီး မျက်နှာအမူအရာကအေးစက်နေသည်။
“ဖယ်ကြစမ်း” မုန့်ချန်က အထိတ်အလန့်အော်လိုက်သည်။ “မြွေလို ကြွက်လို ယုတ်ညံ့တဲ့သူတွေ... ဘာလုပ်ကြမလို့လဲ ငါ့ကိုလာမရှုပ်ဖို့သတိပေးလိုက်မယ်နော်”
သူမက ယခုကျုံးယို့ယို့ကို အလွန်ကြောက်ရွံ့နေသည်။ သူမက ဆယ်ကျော်သက်တစ်ယောက်သာဖြစ်ပြီး ဘာမှမလုပ်နိုင်ဟုထင်ထားခဲ့၏။ ထို့ကြောင့် လွန်ခဲ့သည့်ဆယ်နှစ်တွင် ဤကလေးမလေးကို အချိန်မရွေး စွန့်ပစ်နိုင်သည့် အိမ်မွေးတိရစ္ဆာန်တစ်ကောင်ကဲ့သို့ ဆက်ဆံခဲ့သည်။ ဒေါသထွက်လျှင် ရိုက်နှက်ပြီး စိတ်တိုနေလျှင် မန်မဲဆဲဆိုခဲ့သည်။ ထိုကလေးမက အမြဲမှုန်ကုပ်နေကာ မျက်နှာတွင် မည်သည့်အမူအရာမှမရှိခဲ့ပေ။ သို့သော် သူမက ယခုကျုံးယို့ယို့ကို အမှန်တကယ်ကို ကြောက်လန့်နေမိသည်။ လက်ရှိကျုံးယို့ယို့သည် အကြောက်တရားမရှိဘဲ သူမ အချိန်မရွေးလက်တုံ့ပြန်နိုင်စွမ်းရှိသည်။
ကျုံးယို့ယို့၏ လက်တုံ့ပြန်ခြင်းထက် ထန်ထျန်းနှင့်ရင်ဆိုင်ရသည်က ပို၍တော်လိမ့်မည်။
သူမကကြောက်လန့်တကြားနှင့် လှည့်ကာပြောလိုက်သည်။ “ဒါရိုက်တာချုပ်ထန်... ရှင့်သမီးအတွက် ကျွန်မတကယ်တောင်းပန်ပါတယ် ရှင်ပြောသမျှကျွန်မအကုန်လုပ်ပေးပါ့မယ် ကျွန်မကိုသွားခွင့်ပေးပါ”
ကျုံးယို့ယို့နှင့် သူမနောက်မှလူငယ်လေးသည် ကိုယ်ရံတော်များနှင့်လျှောက်လာသည်ကိုတွေ့သောအခါ ထန်ထျန်းက အံ့ဩသွားသည်။ သူ၏ရုပ်သံဌာနသည် မည်သူမဆိုဝင်ရောက်လာနိုင်သည့်နေရာမဟုတ်ပေ။ အောက်ထပ်မှလူများကို ကျုံးယို့ယို့ဟုခေါ်သည့် မိန်းကလေးရောက်လာလျှင် ဝင်ခွင့်ပေးလိုက်ရန် ပြောခဲ့သော်လည်း သူမက ယခုလို ကိုယ်ရံတော်များစွာနှင့် ရောက်လာမည်ဟု ထင်မထားခဲ့ပေ။
ကျုံးယို့ယို့သည် ဤမြို့ကိုလာချင်လျှင် လွှမ်းမိုးမှုအားကြီးသည့် ချင်းယောင်ကိုခေါ်လာရမည်ကိုသိ၏။ သူက အဟန့်အတားမရှိ မြို့ကိုဝင်ထွက်နိုင်သည့်သူပင်။
ထန်ထျန်းက မုန့်ချန်နှင့် ပတ်သက်ပြီး မကျေနပ်ချက်တို့ရှိနေကာ ကျုံးယို့ယို့လုပ်သမျှအရာရာတိုင်းကို ဝင်ရောက် နှောင့်ယှက်မည်မဟုတ်ချေ။ ထို့ကြောင့်သူက မုန့်ချန်ကို လျစ်လျူရှုကာ တံခါးဆီကိုလျှောက်သွားလိုက်ပြီး လက်ထောက်နှင့် ဝန်ထမ်းတို့ကိုလည်း ဖယ်ခိုင်းလိုက်ကာ တံခါးလိုက်ကာတို့ကိုဆွဲချလိုက်သည်။
“ဒါရိုက်တာချုပ်ထန်…ရှင်” မုန့်ချန်က ကြောက်လန့်မှုကြောင့် ခြေထောက်တို့တုန်လာတော့သည်။