Chapter 117
သူမက ဘာကြောင့်ဒီလောက်ထိ ကံမကောင်းသည်ကိုနားမလည်နိုင်ပေ။ သူမ၏ ကံကောင်းမှုအားလုံးသည် လွန်ခဲ့သည့် ၁၈နှစ်က ကလေးလဲလိုက်ပြီးနောက် ကုန်သွားသည့်ပုံပင်။ သူမ၏သမီးကို ချမ်းသာသောမိသားစုသို့ အောင်မြင်စွာပို့နိုင်ခဲ့သော်လည်းထိုအချိန်မှစ၍ သူမဘဝသည် ပျက်စီးတော့သည်။
သူမက ယခုတွင် ကျုံးယို့ယို့ကို အလွန်မုန်းကာ သူမ၏လူသားမဆန်လှသော မျက်နှာကို ကုတ်ဖဲ့ပစ်ရန် မစောင့်နိုင်တော့ချေ။ ၎င်းက လူသားတစ်ယောက်၏မျက်နှာမဟုတ်ဘဲ သွေးအေးရက်စက်သည့် မကောင်းဆိုးဝါးတစ်ကောင်၏ မျက်နှာပင်ဖြစ်သည်။
သူမနောက်မှ လူငယ်သည်လည်း ခြိမ်းခြောက်နိုင်သည့် အငွေ့အသက်ရှိပြီး ထိုအတွဲသည် ရက်စက်ကြမ်းကြုတ်လေသည်။
“ကျုံးယို့ယို့ နင်ဘာလုပ်ချင်တာလဲ” မုန့်ချန်က တုန်လှုပ်စွာမေးလိုက်သည်။
ကျုံးယို့ယို့က လှောင်ပြုံးလေးပြုံးလိုက်ကာ “ကျွန်မကမှရှင့်ကိုမေးရမှာ ရှင်ဘာလုပ်ချင်နေတာလဲ ဒီရုပ်သံဌာနကို ဘာလာလုပ်တာလဲ အမည်းကိုအဖြူဖြစ်အောင်ပြောင်းချင်နေပြီး ကျွန်မအပေါ်ကို ရေဆိုးရေညစ်တွေ လောင်းချဖို့ကြံနေတာ မုန့်ချန် ရှင်လူမှဟုတ်သေးရဲ့လား”
သူမ၏အရှိန်အဝါနှင့် စကားအနည်းငယ်က မုန့်ချန်ကို ကြောက်လန့်စေပြီး အခုချက်ချင်းပင် ထွက်ပြေးချင်မိသည်။
မုန့်ချန်က အခွင့်ကောင်းယူကာ တံခါးဆီသို့ပြေးလိုက်၏။ သို့သော် ကိုယ်ရံတော်တစ်ယောက်က သူမကို လျင်မြန်စွာ ဖမ်းချုပ်ထားလိုက်ပြီး ဒူးထောက်စေလိုက်သည်။
မုန့်ချန်က ကိုယ်ရံတော်၏ လက်မောင်းမှ သွေးကြောတို့ပေါက်ထွက်သည်ထိ လက်သည်းများနှင့် ကုတ်ဆွဲလိုက်သော်လည်း ကိုယ်ရံတော်ကသေချာလေ့ကျင့်ထားသည့်သူဖြစ်ရာ သူကမျက်မှောင်ကြုတ်၍ တစ်ချက်မှမလှုပ်ခဲ့ပေ။
“ကြည့်ကြပါ... ဒါက ကျွန်မရဲ့မွေးစားအမေပဲ” ကျုံးယို့ယို့က သရော်လိုက်သည်။
ချင်းယောင်က သူမဘေးတွင်ရပ်၍ သူ၏အကြည့်တို့က အေးစက်နေပြီး မုန့်ချန်ကိုစိုက်ကြည့်ကာ သတ်ပစ်ချင်လာမိသည်။
သူမက ထိုသို့သော ပတ်ဝန်းကျင်တွင်ကြီးပြင်းလာခဲ့ရသည်။
သူမက...
“ကျုံးယို့ယို့ နင် ခွေးမ” မုန့်ချန်က ကျုံးယို့ယို့၏ ပြက်ရယ်ပြုခြင်းကို ဒေါသထွက်သွားတော့၏။ အမုန်းတရားတို့သည် စုပုံလာကာ မီးတောင်သဖွယ်ပေါက်ကွဲထွက်လာတော့သည်။ သူမက စိတ်ဆိုးမာန်ဆိုးနှင့် ဆဲဆိုတော့သည်။ “အသိတရားမရှိတဲ့ဟာမ ၊ နှလုံးသားမရှိတဲ့ဟာမ ငါ့မှာတော့နင့်ကို ပြုစုပျိုးထောင်လိုက်ရတာ ဝမ်းနဲ့လွယ်မမွေးခဲ့ရပေမယ့်လဲ ရင်နဲ့လွယ်ပြီး ပင်ပင်ပန်းပန်းနဲ့ ပြုစုခဲ့ရတာကို နင်က ဒီလို...”
သူမပြော၍မပြီးသေးမှာပင် ကျုံးယို့ယို့ကို ရှေ့သို့လျှောက်လာပြီး အညှာအတာမဲ့စွာဖြင့် သူမ၏ပါးကို ရိုက်လိုက်လေသည်။
ရိုက်သံက ကျယ်လောင်ပြီး လေထုသည် အေးစက်လာတော့သည်။
မုန့်ချန်က မှင်သက်သွား၏။
“ငါ့ကိုရိုက်တယ် ကျုံးယို့ယို့ နင်ငါ့ကိုရိုက်ရဲတယ် နင်ရူးသွားပြီလား ယုံချင်ယုံ မယုံချင်နေ ငါအခုချက်ချင်း မီဒီယာမှာ တင်ပြလိုက်မှာ... ဥပဒေမဲ့နေတဲ့ဟာတွေ”
ထန်ထျန်းသည်ပင် တုန်လှုပ်သွားကာ ကျုံးယို့ယို့ကို အံ့သြစွာဖြင့်ကြည့်နေမိသည်။ သူမက ကောင်းမွန်သည့် အဆင့်များရသည်ကိုသိသော်လည်း ဤမျှလောက် ရက်စက်တတ်လိမ့်မည်ဟုထင်မထားခဲ့ပေ။ ချင်းယောင်၏ အမူအရာကသာ မပြောင်းမလဲရှိနေပြီး ကိုယ်ရံတော်ကို ကြည့်လိုက်ကာ မုန့်ချန်ကို ပိုတင်းကြပ်အောင် ချုပ်ထားစေလိုက်သည်။
ကျုံးယို့ယို့က မုန့်ချန်ရှေ့တွင် ဒူးထောက်ထိုင်လိုက်ရင်း လှောင်လိုက်သည်။ “အခု ခြေလှမ်းတစ်လှမ်းတောင် မရွေ့နိုင်ဘဲနဲ့ မီဒီယာတွေကို ဘယ်မှာသွားရှာမှာလဲ”
အကြောင်းပြချက်တချို့ကြောင့် သူမက မုန့်ချန်ရှေ့တွင်ရပ်နေရင်း ဆိုးဝါးသောမှတ်ဉာဏ်တို့သည် စိတ်ထဲတွင် ပေါ်လာ၏။ ထိုမှတ်ဉာဏ်သည် မူလပိုင်ရှင်၏မှတ်ဉာဏ်များဖြစ်သော်လည်း သူမ၏နှလုံးသားထဲတွင် ဒေါသတို့ဆူပွက်လာခဲ့သည်။ ၎င်းက ၁၅နှစ်ကြာအောင် အထင်အမြင်အသေးခံခဲ့ရ၊ မောက်မာစွာအဆက်ဆံခံခဲ့ရ၊ စော်ကားခံခဲ့ရ၊ လျစ်လျူရှုခံခဲ့ရသည့် မူလပိုင်ရှင်၏စိတ်ခံစားချက်ပင်ဖြစ်သည်။
တံခါးက ရုတ်တရက် တွန်းဖွင့်ခံလိုက်ရပြီး တင်းမာနေသည့်လေထုကို ဖြိုခွဲလိုက်၏။
ကျုံးမိသားစုဝင်သုံးယောက်သည် အလျင်အမြန်ရောက်ရှိလာကြသည်။ ကျုံးပါပါး၏နောက်တွင်တော့ လက်ထောက်ပါလာသည်။ သူက ကုမ္ပဏီမှ အိမ်သို့ပြန်ကာ ကျုံးမာမားနှင့် ကျောင်းမှပြန်လာသည့် ကျုံးရှီယို့ကိုဝင်ခေါ်လိုက်သည်။ ဒါရိုက်တာထန်ထျန်းထံမှ ဖုန်းအဆက်အသွယ်ရသည့်အခါ မယုံနိုင်ဖြစ်သွားကာ ဒေါသထွက်လာခဲ့၏။ မုန့်ချန်သည် တရားရုံးသို့ရောက်ရန် ပြင်ဆင်ထားရတော့မည်။ သူမက ရုပ်သံဌာနသို့ သွားကာ သူ့သမီးကို အပုပ်ချရန်ကြိုးစားရဲသည်။
ထိုကိစ္စသည်ကြီးမားသည်ဖြစ်ရာ ကျုံးယို့ယို့ကို ထိခိုက်မည်ကိုစိုးသောကြောင့် ကားကို အရှိန်နှုန်းမြှင့်၍ မောင်းလာခဲ့သည်။
ထင်မထားဘဲ အခန်းထဲသို့ဝင်လိုက်ချင်းပင် ကျုံးယို့ယို့က မုန့်ချန်ကိုရိုက်လိုက်သည်ကိုတွေ့လိုက်ရသည်။
ကျုံးမိသားစုဝင်သုံးယောက်သည် တံခါးဝတွင် မှင်သက်သွားကြ၏။
ကျုံးမာမား၏အကြည့်တို့သည် ကျုံးယို့ယို့ဆီသို့ရောက်သွားပြီး အံ့သြသွားသည်။ သူမ၏ အေးစက်သည့် ပုံစံကို ထိတ်လန့်သွား၏။
ကျုံးပါပါးက ပထမဆုံးတုံ့ပြန်လိုက်ပြီး မျက်နှာတည်တည်နှင့် လျှောက်သွားလိုက်ကာ ပြောလိုက်သည်။ “ဒါရိုက်တာချုပ်ထန် ဆက်သွယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဒီမိန်းမကို ကျွန်တော်တို့ဖြေရှင်းလိုက်ပါ့မယ်”
“ကျွန်မ ဖြေရှင်းမယ်” ကျုံးယို့ယို့က မကြည့်ဘဲပြောလာခဲ့သည်။
“အစ်မ” ကျုံးရှီယို့က ပြေးသွားကာ ဖော်ပြ၍မရသောအမူအရာဖြင့် ကျုံးယို့ယို့၏ လက်မောင်းကိုကိုင်ကာ သေချာကြည့်ပြီး မေးလိုက်သည်။ “အဆင်ပြေရဲ့လား”
လမ်းတွင် သူက ယခင်တစ်ခေါက်တွင် မုန့်ချန်ကို ရန်စခဲ့ပြီး သူမကအသည်းအသန်လက်တုံ့ပြန်နေခြင်းဖြစ်မည်ဟု ထင်ခဲ့ပြီး ကျုံးယို့ယို့အတွက်စိတ်ပူနေခဲ့သည်။ သူကအမှားလုပ်ခဲ့ပြီး ထိုအမှား၏အကျိုးကို သူ့အစ်မခံရသည်ကမဖြစ်သင့်ပေ။
ကံကောင်းစွာနှင့် ကျုံးယို့ယို့က ဘေးကင်းကင်းရှိနေ၏။
ကျုံးယို့ယို့က သူ့လက်ကို ပုတ်ချလိုက်သည်။
မုန့်ချန်၏မျက်နှာသည် ပို၍ဆိုးဝါးလာခဲ့သည်။ လူအများကြီးရှေ့တွင် မာနတို့ရိုက်ချိုးခံရကာ ကယောင်ချောက်ချားဖြစ်လာတော့သည်။
ကျုံးမိသားစုဝင်လာပြီး ကျုံးယို့ယို့က သူမကိုပါးရိုက်လိုက်ချိန်တွင် အထူးသဖြင့် ကျုံးမာမား၏ မျက်နှာ၌ အံ့သြထိတ်လန့်မှုတို့ကို သူမတွေ့လိုက်သည်။
သူမကရုတ်တရက်ဒူးထောက်ချလိုက်ကာ မျက်ရည်တို့ကျဆင်းလာပြီး တောင်းပန်လိုက်၏။ “ယို့ယို့ တောင်းပန်ပါတယ် ငါ့ကိုလွှတ်ပေးပါ”
“၁၈နှစ်အကြာက ဆိုးဝါးတဲ့ရာဇဝတ်မှုကိုကျူးလွန်ခဲ့ပေမယ့်လဲ ငါကနင့်ရဲ့မွေးစားအမေပဲလေ ပြီးတော့ ပြုစုစောင့်ရှောက်လာတဲ့ကျေးဇူးလဲရှိတယ် အသက်၁၅နှစ်ထိကိုခက်ခက်ခဲခဲနဲ့ ပြုစုခဲ့ရတာ ဒီလူတွေက အဲ့တာတွေကိုသိရဲ့လား”
“နင့်အတွက် ငါ့မှာ လုံလုံလောက်လောက်မစားခဲ့ရဘူး မဝတ်ခဲ့ရဘူး စားစရာနည်းနည်းလေးရရင်တောင်မှ နင့်ကိုပဲကျွေးခဲ့တာ နင်ကလေးတုန်းက ခိုးတတ်တဲ့အကျင့်ရှိတယ် ငါကနင့်ကိုလူတွေရှေ့မှာ ရိုက်တယ် မန်တယ် ဆဲဆိုတယ်ဆိုတာ နင့်ရဲ့မကောင်းတဲ့အကျင့်တွေကိုပြင်ဖို့၊ နင်ကောင်းဖို့အတွက်လုပ်ခဲ့တာ”
“အဲ့ဒီအရာတွေကြောင့် ငါ့ကိုဘာလို့မုန်းရတာလဲ အခုငါ့ကိုထောင်ထဲတောင်ပို့ဦးမယ် ငါ့ရဲ့လောဘဆန္ဒတွေကြောင့် မှားခဲ့တာဟုတ်တယ် ဒါပေမယ့် နင့်အတွက် ငါကအမေဖြစ်ဖူးခဲ့တယ်လေ ငါ့ရဲ့ဂုဏ်သိက္ခာတွေကို မြေပေါ်ချနင်းပြီးတော့ ဘယ်လိုတောင်စော်ကားရက်တာလဲ”
သတင်းထောက်ယန်က ကျုံးမိသားစုနှင့်အတူ အခန်းထဲသို့ဝင်လာခဲ့သည်။ သူက မုန့်ချန်နှင့် ကျုံးမိသားစုအဖြစ်အပျက်ကို သတင်းမှတစ်ဆင့်မြင်ဖူးသည်။ ယခုတွင် မုန့်ချန်ကငိုနေပြီး မျက်ရည်တို့ဖြင့် ရှုပ်ပွနေသည်ကိုကြည့်ပြီး သူကအနည်းငယ် သည်းမခံနိုင်ဖြစ်မိသည်။
ထိုအမျိုးသမီးသည် ဆယ်ကျော်သက်အရွယ် မိန်းကလေးတစ်ယောက်ဆီမှ အရိုက်ခံရပြီး လူအများရှေ့တွင် စော်ကားခံလိုက်ရသည်။ သူကတစ်ခွန်းလောက်ဝင်ပြောချင်သော်လည်း အချိန်ပိုင်းအလုပ်သမား ဖြစ်သောကြောင့် နောက်တွင်သာငြိမ်နေလိုက်သည်။
ကျုံးယို့ယို့က မုန့်ချန်ကို အေးစက်စွာကြည့်နေပြီး ချင်းယောက်ဘက်သို့လှည့်ကာ သူမဖုန်းကိုယူလိုက်၍ ကင်မရာကိုဖွင့်လိုက်၏။
ကျုံးရှီယို့သည် မဆင်မခြင်အနိုင်ဆုံးဖြစ်သည်။ သူက မုန့်ချန်၏စကားတို့ကို ရွံရှာလာခဲ့သည်။ သူကလက်သီးဆုပ်လိုက်ကာ “အဖွားကြီး ပါးစပ်ပိတ်ထား ခင်ဗျားပြောတာတွေကို သရဲကပဲယုံလိမ့်မယ် အစ်မကအရင်ကခိုးခဲ့တော့ အခုလဲအဲ့လိုလုပ်လိမ့်မယ်လို့ပြောနေတာလား ဘယ်လိုပေါက်ကရစကားတွေလဲ”
သူကတစ်ယောက်ယောက်ကိုထိုးချင်လာခဲ့သည်။
ကျုံးပါပါးက အေးစက်စက်မျက်နှာထားဖြင့် ဘေးတွင်ရပ်နေသော ကိုယ်ရံတော်ကိုပြောလိုက်သည်။ “သူ့ပါးစပ်ကိုပိတ်ထားလိုက်”
သတင်းထောက်ယန်ကမနေနိုင်တော့ပေ။ “ဒီလိုမလုပ်သင့်ဘူးထင်တယ် ဒါမှမဟုတ် ကျွန်တော်တို့တရားရုံးကိုပဲ သွားကြမလား”
ချင်းယောင်ကမျက်မှောင်ကြုတ်လိုက်ကာ “ခင်ဗျားကဘယ်သူလဲ”
သတင်းထောက်ယန်က ပြောစရာစကားမဲ့သွားကာ ရှက်ရှက်နှင့် “ကျွန်တော်က…”
သူပြော၍မပြီးခင်မှာပင် ကျုံးယို့ယို့က သူ့ကိုအေးစက်စွာစိုက်ကြည့်ပြီး “ဒီကသတင်းထောက်ကို မေးပါရစေ ဘာလို့ အဲ့လောက်တောင် သဘောထားကြီးနေပြီး သူများကိစ္စကိုဝင်ပါချင်နေရတာလဲ”
“ရှင်ကကျွန်မလား ကျွန်မကြုံတွေ့ခဲ့ရတာတွေကို ရှင်ကြုံတွေ့ဖူးလို့လား ကိုယ့်ကလေးကောင်းစားဖို့အတွက် တခြားမိသားစုကိုဖျက်စီးပြီး ခိုးသွားတဲ့ကလေးကို ကောင်းကောင်းမဆက်ဆံတာမျိုး ရှင်ကြုံဖူးလား ပြီးတော့ ကျွန်မကို အပုပ်ချဖို့၊ ရေဆိုးရေညစ်တွေနဲ့လောင်းဖို့ကြံနေတဲ့ အဆိပ်ပြင်းတဲ့မြွေလိုမိန်းမမျိုးကို ရှင်က စာနာနေတာလား”
ကျုံးယို့ယို့ကလှောင်လိုက်ပြီး သူမဘေးတွင်တိတ်ဆိတ်စွာရပ်နေသော ကျုံးမာမားကိုကြည့်၍ အေးစက်စွာပြောလိုက်သည်။ “အဲ့ဒီကြီးမြတ်လှတဲ့ နှလုံးသားကို ဖယ်ထားလိုက်စမ်းပါ ကိစ္စတွေဖြစ်ပျက်လာရင် ကျွန်မထက်ပိုလုပ်နိုင်မှာလား”
သတင်းထောက်ယန်က စကားမပြောနိုင်အောင် ကြောက်လန့်သွား၏။
ကျုံးမာမားက နှုတ်ခမ်းကိုကိုက်ကာ မုန့်ချန်ကိုတစ်ချက်ကြည့်လိုက်ပြီးနောက် ကျုံးယို့ယို့နောက်ကိုလျှောက်သွားလိုက်ပြီး သူမဘက်တွင်ရပ်တည်ပေးလိုက်သည်။
မုန့်ချန်သည်မှင်သက်သွား၏။ သူမရှေ့တွင်ရပ်နေသာ လူများကို နီရဲနေသောမျက်လုံးများနှင့်ကြည့်လိုက်သည်။ ဤလူတွေသည် သူမအား ချောက်ကမ်းပါးသို့ရောက်ရန် တွန်းအားပေးနေသည်ပင်။ သူမ မတုံ့ပြန်နိုင်ခင်မှာပင် ကျုံးယို့ယို့က ဖုန်းကင်မရာနှင့်ချိန်လာခဲ့သည်။
မုန့်ချန်က ထိတ်လန့်သွားသည်။ “နင်ဘာလုပ်တာလဲ”
“ဘာလုပ်ရမှာလဲ အနာဂတ်မှာပြဿနာတွေထပ်မရှိလာအောင်လို့” မုန့်ချန်ဆိုသည့်မိန်းမသည် အဆိပ်ပြင်းသည့်မြွေကဲ့သို့ပင်။ မထင်မှတ်ထားသည့်နေရာမှ အချိန်မရွေး ခုန်ထွက်လာပြီးကိုက်နိုင်သည်။ ဥပဒေလဲရှိသေးရာ သတ်ပစ်လိုက်ရန်မဖြစ်နိုင်ပေ။ ထောင်ထဲသို့ထည့်ရမည်။ ပြန်လာနိုင်သည့်လမ်းအားလုံးကို ဖြတ်တောက်ထားရမည်။
ကျုံးယို့ယို့က လှောင်လိုက်သည်။ “ရှင်မီဒီယာမှာပါချင်တယ်လို့ပြောခဲ့တယ်မလား ကျွန်မကရှင့်ဆန္ဒတွေကို ဖြည့်ဆည်းပေးရမှာပေါ့ ရှင်ကျူးလွန်ခဲ့သမျှအရာအားလုံးကို လူထုကိုချပြမယ် ကင်မရာကိုဖတ်ပြလိုက်”
သူမကစာရွက်ကိုပစ်ပေးလိုက်၏။
မုန့်ချန်ကရုန်းကန်လာခဲ့သည်။ သူမကိုဖိထားသော ကိုယ်ရံတော်ကအားပိုသုံးကာငြိမ်အောင်လုပ်လိုက်ပြီး တခြားတစ်ယောက်က စာရွက်ကိုကောက်ကာ သူမရှေ့တွင်ဖြန့်ပြလာခဲ့သည်။
မုန့်ချန်က စာရွက်ပေါ်ရှိ စကားလုံးတို့ကိုကြည့်ကာ တုန်လှုပ်ပြီး မျက်လုံးတို့ပြူးကျယ်လာ၏။
“ကျွန်မနာမည် မုန့်ချန်ပါ လွန်ခဲ့တဲ့၁၈နှစ်တုန်းက ကျွန်မကလေးရဲ့ ဘဝကောင်းမွန်ဖို့အတွက် ဆေးရုံကနေ ကလေးတစ်ယောက်ခိုးခဲ့ပြီး အဲ့ဒီကလေးရဲ့ဘဝနဲ့ မိသားစုရဲ့ပျော်ရွှင်မှုနဲ့ငြိမ်းချမ်းမှုတို့ကို ဖျက်စီးခဲ့ပါတယ် ဒါပေမယ့် ကျွန်မအပြစ်တွေကဒီ့ထက်ပိုပါတယ် ကျုံးမိသားစုကနေ ကလေးခိုးသွားပြီးတဲ့နောက်မှာ သူမကိုတစ်ရက်မှ ကောင်းကောင်းမဆက်ဆံခဲ့ပါဘူး သူမကိုရိုက်တယ် အော်တယ် အကြိမ်ကြိမ်အခါခါ စွပ်စွဲစော်ကားခဲ့ပါတယ် ကျွန်မကလူမဟုတ်ပါဘူး…”
“ဒါကဘာလဲ ငါ့ကိုဘာလို့ပြောစေချင်တာလဲ” မုန့်ချန်ကအော်လိုက်၏။
ဗီဒီယိုက မီဒီယာများတွင်တင်မှာဖြစ်သည်။ ထိုသို့ဆိုလျှင် သူမသည်လမ်းဘေးကြွက်တစ်ကောင်ဖြစ်သွားလိမ့်မည်။ သူမထောင်မှလွတ်လာလျှင်တောင် ဆက်ရှင်သန်၍ရမည်မဟုတ်တော့ပေ။ လူတိုင်းကသူမကို စောင်းမြောင်းကြည့်ကြလိမ့်မည်။ ထို့ပြင် သူမကရွှမ်ရွှမ်၏ဘဝတွင် အစွန်းအထင်းဖြစ်သွားလိမ့်မည်။
သူမ မဖတ်နိုင်ပေ။
“ဖတ်လေ” ကျုံးယို့ယို့က သူမကိုချုပ်ထားသောကိုယ်ရံတော်ကိုလွှတ်ခိုင်းလိုက်သည်။ ထို့နောက် အညှာအတာမဲ့စွာကြည့်ရင်း “မဟုတ်ရင် ရှင့်မှာတခြားရွေးစရာရှိလို့လား”