Chapter 118
ဧပြီလအစောပိုင်းတွင် လမ်းဘေးရှိ သစ်ပင်များ၌ ပန်းများပွင့်ဖူးနေကြကာ ပတ်ဝန်းကျင်က အေးချမ်းသာယာနေသည်။ ထိုအချိန်မျိုးတွင် မြို့နယ်ရုပ်သံဌာနက သတင်းတစ်ခု လွှင့်လာ၏။
လွန်ခဲ့သည့်၁၈နှစ်၌ ဤပြည်နယ်၏ ဧရာမမိကျောင်းကြီးဖြစ်သည့်ကျုံးမိသားစု၏ ကလေးချင်းလဲထားခဲ့သည့် အဖြစ်အပျက်သည် ရွှေရောင်မျက်လုံးဥပဒေစနစ်၏ နောက်ဆုံးထုတ်လွှင့်မှုတွင် ပါဝင်လာသည်။ ၎င်းက လူကြီးမင်းထန်၏ အလုပ်သင် ရှောင်ချန်းကိုယ်တိုင် ဆောင်ရွက်သော အစီအစဥ်ဖြစ်သည်။ ဗီဒီယိုတွင် တစ်ဝက်သည် အင်တာဗျူးကဏ္ဍဖြစ်ပြီး တစ်ဝက်သည် လွန်ခဲ့သော ၁၈နှစ်က မုန့်ချန်ကျူးလွန်ခဲ့သည်များကို စုံစမ်းစစ်ဆေးထားသည့် အချက်အလက်များဖြစ်သည်။
လွန်ခဲ့သည့်၁၈နှစ် ဆေးရုံမှစ၍ အစီအစဥ်မှူးသည် ထိထိရောက်ရောက်ကိုယ်တိုင်သွား၍လေ့လာသည်။ ကျုံးမိသားစုပြောပြသည့် အချက်အလက်များအတိုင်း ရိုက်ကူးရေးသမားများက နေရာစုံအောင်သွားကြသည်။ ထိုနေရာသည် မုန့်ချန် ကျုံးယို့ယို့ကိုခေါ်သွားခဲ့သော တိဘက်၏ ဆင်းရဲနွမ်းပါးလှသည့် လမ်းများဖြစ်၏။
ရိုက်ကူးရေးသမားများသည် အိမ်နီးနားချင်းတို့ကို လိုက်လံမေးမြန်းရာ အချက်အလက်များစွာရလာ၏။
“မုန့်ချန်အကြောင်းကိုမေးတာလား ဟုတ်တယ် သူက ကလေးမလေးတစ်ယောက်နဲ့ ဒီမှာနေသွားတာ သူ့ကိုမှတ်မိတယ် သူကဒေါသကြီးတယ် တစ်နေ့လုံးအလုပ်လုပ်ပြီးပင်ပန်းတာကြောင့်လဲပါမှာပေါ့ အိမ်ပြန်ရောက်လို့ ကလေးနဲ့အဆင်မပြေရင် အိမ်အပြင်ကိုကန်ထုတ်တယ် ကလေးမလေးရဲ့လက်မှာ အိမ်ပြင်ဆွဲထုတ်ခံရလို့ ရတဲ့ဒဏ်ရာတွေဆိုတာ ရက်တော်တော်နဲ့ပျောက်မသွားခဲ့ဘူး ကျွန်မတို့အိမ်နီးနားချင်းတွေက သည်းမခံနိုင်ပေမယ့် သူတို့ကိုဝင်လဲမပြောနိုင်ခဲ့ဘူး”
သတင်းထောက်ကမေးလိုက်သည်။ “သူ့ကလေးကိုဘာလို့အဲ့လို ဆိုးဆိုးဝါးဝါးဆက်ဆံရတာလဲ”
“ဘယ်လိုလုပ်သိမှာလဲ ကျွန်မတို့လဲနားမလည်နိုင်ဘူး”
သတင်းထောက်ကပြောလာ၏။ “စုံစမ်းစစ်ဆေးချက်တွေအရ အဲ့ကလေးက သူ့ကလေးမဟုတ်ဘဲ တခြားမိသားစုဆီက လဲလာခဲ့တယ်လို့သိရပါတယ်”
အိမ်နီးချင်းများက အံ့သြသွားကြသည်။ “မထူးဆန်းတော့ပါဘူး ရောက်လာပြီး နှစ်နှစ်၊သုံးနှစ်ကြာတဲ့ထိ ကလေးက တစ်ရက်မှ ကောင်းကောင်းမွန်မွန်မနေရဘူး သူ့ကလေးသာဆိုရင် ဘယ်လိုလုပ်အဲ့လိုဆက်ဆံမလဲ တကယ်ကိုဆိုးတဲ့သူပဲ ကလေးကကျောင်းတက်ရမယ့်အရွယ်ရောက်လဲ ကျောင်းထားမပေးဘူး”
သူက မုန့်ချန်နှင့် သူမကလေးကိုသိသည့် စားသောက်ဆိုင်ပိုင်ရှင်အား အင်တာဗျူးလိုက်သည်။ ပထမတွင် ပိုင်ရှင်က ကင်မရာကိုကြည့်ပြီး မပြောချင်သော်လည်း နောက်တော့ မတတ်နိုင်တော့ချေ။
သူက သက်ပြင်းချလိုက်ကာ “ကလေးက ခက်ခက်ခဲခဲနေခဲ့ရတယ် ငယ်ငယ်လေးတည်းက ကျုပ်ဆိုင်မှာ ပန်းကန်ဆေး၊ စားပွဲထိုးလုပ်ခဲ့တာ သူက သေချာတောင်မရပ်နိုင်ဘူး သနားတာနဲ့ အလုပ်ကိုနည်းနည်းပဲခိုင်းခဲ့တယ် ပိုက်ဆံပေးလိုက်ပြီး တစ်ခုခုဝယ်စားခိုင်းခဲ့တယ် ကျုပ်မျက်နှာကိုဝါးပေးလို့ရမလား မဟုတ်ရင် ထုတ်လွှင့်တဲ့အခါကျ ကလေးသူငယ်အလုပ်သမားကိစ္စတွေ ဖြစ်လာနိုင်တယ်မလား”
...
ထန်ထျန်းတို့အဖွဲ့ သွားရောက်လေ့လာခြင်းက ရက်အနည်းငယ်ကြာမြင့်သွား၏။ အချက်အလက်တွေအကုန်လုံးကို ပေါင်းစပ်လိုက်ပြီး စစ်ဆေးလိုက်သည့်အခါ ၎င်းက တစ်နာရီကျော်ကြာသည့် ဖိုင်တစ်ခုဖြစ်နေသေး၏။
မုန့်ချန်၏ ကလေးလဲခဲ့ပြီး ၁၅နှစ်အတွင်း ကလေးအပေါ် ကိုယ်ထိလက်ရောက်ကျူးလွန်မှုနှင့် ဆိုးဝါးစွာ ဆက်ဆံခြင်းတို့သည် လူထုရှေ့သို့ ဖြည်းဖြည်းချင်းပေါ်လာတော့မည်။
အစတွင် အစီအစဥ်မှူးက အမူအရာတို့ကို ထိန်းထားနိုင်ခဲ့သော်လည်း ဗီဒီယိုက ပြီးခါနီးလေ သူက အံ့သြထိတ်လန့်လာလေဖြစ်လာသည်။ ထိုအချိန်များတွင် မုန့်ချန်၏ အပြုအမူတို့သည် အလွန်ရက်စက်ကြမ်းကြုတ်၏။
သူမသည် မီးရှို့ခြင်းနှင့် လူသတ်ခြင်းတို့ကိုကဲ့သို့ ဆိုးဝါးသောပြစ်မှုတို့ကိုကျူးလွန်ခဲ့ခြင်းမဟုတ်ပေ။ ကလေးကိုလဲ မစွန့်ပစ်ခဲ့ချေ။ ကလေးကို အသက်၁၅နှစ်အထိ ပြုစုပျိုးထောင်ခဲ့သည်။ သို့သော် ကလေးအပေါ်တွင် မေတ္တာစိတ်မရှိဘဲ လမ်းဘေးမှကောက်လာခဲ့သော အရုပ်တစ်ရုပ်လိုပင် ဆဲဆိုရိုက်နှက်ခဲ့သည်။ ကလေးသည် စိတ်ပိုင်းဆိုင်ရာထိခိုက်သွားနိုင်၏။ ထိုအချက်နှင့်ပင် သူမက လူထောင်ပေါင်းများစွာ၏ ကဲ့ရဲ့ခြင်းကိုခံရန် လုံလောက်နေပြီဖြစ်သည်။
ထို့နောက်တွင် အင်တာဗျူးနှင့် စစ်ဆေးရရှိထားသည့် အချက်အလက်များသည် ကျုံးယို့ယို့ အသက် ၁၃၊ ၁၄နှစ်အရွယ် အချိန်သို့ ရောက်ရှိသွားသည်။
၎င်းကကျေးလက်တစ်ခုရှိ ရေလှောင်ကန်တွင်ဖြစ်ပြီး မုန့်ချန်သည် အနီးနားရှိ ဆေးခန်းတွင် ညဆိုင်းဆင်းကာ သန့်ရှင်းရေးအဖြစ် အလုပ်လုပ်သည်။ သတင်းထောက်က ဆေးခန်းမှ သူနာပြုများကို အင်တာဗျူးခဲ့သည်။ တချို့က ကျုံးယို့ယို့ဆိုသည့် မိန်းကလေးကိုသိကြောင်း ပြောကြသည်။
တစ်ညတွင် သူမသည် ရေလှောင်ကန်ဘေးတွင်ထိုင်နေခဲ့သည်။ သူမဘာတွေးနေသည်ကို သူတို့မသိခဲ့ကြပေ။ သူမကတစ်ညလုံးပြန်မသွားခဲ့ချေ။ မုန့်ချန်ကဆဲဆိုနေပြီး ဂရုမစိုက်ခဲ့။ အိမ်နီးနားချင်းများက ကလေးမလေးသည် သေချင်နေပြီး အိမ်မှထွက်ပြေးသွားသည်ဟုထင်ကြသည်။ ထို့နောက် လူတစ်ချို့က သူမကိုပြန်ခေါ်လာခဲ့၏။
သို့သော် သူမက ပြန်မသွားချင်၍ အော်ဟစ်ကာ ငိုယိုခဲ့သည်။
ထိုအရွယ်လေးနှင့် ကိုယ့်ကိုကိုယ် အဆုံးစီရင်ရန် တွေးရလောက်တဲ့ထိ ခက်ခဲနေခဲ့လိမ့်မည်။
...
ဤကြာမြင့်နေခဲ့သော နှစ်များမှ အဖြစ်အပျက်များသည် ပြည်သူလူထုရှေ့တွင် နည်းနည်းစီနှင့် တဖြည်းဖြည်းချင်း ပေါ်လာမည်မှာ ဝန်ခံမှုတစ်ခုလိုပင်။
ကျုံးမိသားစုက ထန်ထျန်းပို့ပေးလာသည့် ဗီဒီယိုကိုကြည့်ကာ ဆို့နင့်လာကြသည်။
ဘဝနှစ်ခုလုံးတွင် ကျုံးပါပါး ကျုံးယို့ယို့အတိတ်ကို စုံစမ်းခဲ့ပြီး ရရှိလာသော အချက်အလက်များသည် များပြား၏။ ကျုံးယို့ယို့က ထိုနှစ်များတွင် ခက်ခက်ခဲခဲရှင်သန်ခဲ့ရသည်ကိုသိသော်လည်း သူရရှိခဲ့သည့် အချက်အလက်များက အိမ်နီးနားချင်းတို့ပြောပြသော အသေးစိတ်အချက်အလက်များထက် အများကြီးနည်းလေသည်။
အဖြစ်အပျက် အသေးစိတ်တို့ တဖြည်းဖြည်းချင်းပေါ်လာပြီး သူတို့က တုန်လှုပ်ကာ ပြောစရာစကားမဲ့နေကြ၏။
“ချီးပဲ” ကျုံးရှီယို့က အံကြိတ်လိုက်ကာ လက်သီးတင်းတင်းဆုပ်ထားမိသည်။
သူ့အပြစ်တို့ကို သေချာသိသွား၏။ ပြန်မွေးဖွားလာတည်းက ကျုံးယို့ယို့ဆီမှ ခွင့်လွှတ်မှုကို လိုချင်ခဲ့သော်လည်း ထိုနှစ်များတွင် ကျုံးယို့ယို့မည်သို့ရှင်သန်နေထိုင်ခဲ့ရသည်ကို သိအောင်မရှာဖွေခဲ့ပေ။ ကျုံးယို့ယို့ ၁၅နှစ်အတွင်း ခံစားခဲ့ရသည်များကို သူမည်သို့ပြန်ပေးဆပ်ရမည်နည်း။
မုန့်ချန်က တိရစ္ဆာန်နှင့်တူသည့် မိန်းမမှန်းသိသည်။ ရဲစခန်းမှာတည်းက သူလက်သီးကို ထိန်းမထားခဲ့သင့်ပေ။ မုန့်ချန် မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ မျက်နှာစုတ်ပြတ်သွားသည်အထိ ထိုးခဲ့သင့်သည်။
ကျုံးရှီယို့က သည်းမခံနိုင်တော့ဘဲ တီဗီရီမုတ်ကိုချကာ သူ့အခန်းသို့ထွက်သွားလိုက်သည်။
ဆက်ကြည့်နေလျှင် သူ့မိဘများရှေ့တွင် မျက်လုံးများနီရဲလာလိမ့်မည်။
ဧည့်ခန်းသည် အလွန်တိတ်ဆိတ်နေပြီး ဗီဒီယိုကပြီးခါနီးလာကာ အင်တာဗျူးကဏ္ဍကပြီးဆုံးသွားသော်လည်း အစီအစဥ်ကို ဆက်လက်မှတ်တမ်းတင်ထားသည်။ ထန်ထျန်းက မူရင်းဖိုင်တို့ကို ပေးလိုက်တာဖြစ်သည်။
ရှောင်ချန်းက အစီအစဥ်အတွက် တာဝန်ရှိသူဖြစ်သော်လည်း ထန်ထျန်းက လုပ်ငန်းစဥ်တစ်လျှောက်ပါဝင်ခဲ့ကာ ရင်ထဲတွင် မီးများတောက်လောင်နေ၏။ သူက ဗီဒီယိုကို ကျုံးမိသားစုကိုပြသင့်သည်ဟု ယုံကြည်သည်။ သို့မှသာ သူတို့က မည်သို့သောမိဘတွေဖြစ်ပြီး သူတို့ကလေးမည်သို့ခံစားခဲ့ရသည်ကို သိမှာဖြစ်သည်။
ဗီဒီယိုက ပြီးဆုံးသွား၏။ ကျုံးပါပါးက ကျုံးမာမားကိုဖက်လိုက်ပြီး အချိန်တော်ကြာအောင် မလှုပ်မယှက်နေနေကြသည်။
ကျုံးမာမားမျက်နှာတွင် မျက်ရည်တို့လှိမ့်ဆင်းနေပြီး တသိမ့်သိမ့်တုန်နေသည်။ ကျုံးပါပါးလဲ သူမကိုဂရုမစိုက်နိုင်ပေ။ နှစ်ယောက်လုံး လေးလံစွာခံစားနေရပြီး နှလုံးသားများကွဲကြေသွားသည်ဟု ဖော်ပြလျှင်တောင် ချဲ့ကားသည်ဟုမဆိုနိုင်ပေ။
သူတို့ကရုတ်တရက် သတိရလိုက်သည်။
ကျုံးယို့ယို့က သူမဘဝအကြောင်း သူတို့ကိုပြောမပြခဲ့ပေ။
ဒီတစ်ခေါက် မုန့်ချန်ပြဿနာရှာလိုက်မှသာ ကျုံးယို့ယို့က သည်းမခံနိုင်တော့ဘဲ အရာအားလုံးကို သတင်းမီဒီယာများမှ ထုတ်လွှင့်ပြီး မုန့်ချန်၏အစီအစဥ်ကိုဖျက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ကျုံးယို့ယို့ သူမအတိတ်ကို ဖော်ထုတ်ရန်မကြိုးပမ်းမည်ကိုပင် သူတို့ကစိတ်ပူခဲ့ကြသည်။
သူမကအမြဲထိုသို့ပင်။ အတိတ်၌ သူမက အရာအားလုံးကိုဖော်ပြပြီး စာနာသနားမှုခံယူရန် ကြိုးစားသည်မျိုးမရှိခဲ့ပေ။ အကယ်၍ ထုတ်ပြလျှင်တောင် သူတို့တစ်ယောက်မှ သူမအတွေးတို့ကို ဂရုမစိုက်ခဲ့ကြချေ။
အစီအစဥ်ကိုတရားဝင်ထုတ်လွှင့်လိုက်သည့်အခါ တစ်ခဏလေးအတွင်းမှာပင် အုတ်အုတ်ကျက်ကျက်ဖြစ်လာ၏။
ရွှေရောင်မျက်လုံးဥပဒေစနစ်သည် ဒေသခံရုပ်သံဌာနများအတွင်း ကြည့်ရှုမှုအများဆုံး အစီအစဥ်ဖြစ်သည်။ ၎င်းထုတ်လွှင့်ပြီး အချိန်ခဏလေးမှာပင် ကြည့်ရှုသူ ထောင်ပေါင်းများစွာရှိသည်။ ညတွင်းချင်းမှာပင် အတော်ပြန့်နှံ့သွားပြီး အစီအစဥ် ဗီဒီယိုတွင်ပါဝင်သည့် မုန့်ချန်က လူပြောအများဆုံးဖြစ်လာသည်။
ယခင်တစ်ခေါက် ကျုံးမိသားစုအဖြစ်အပျက်တွင် “ကလေးလဲခဲ့သည်” ဆိုသည့်အကြောင်းအရာသည် ယခုတိုင် မထင်မရှားဖြစ်နေသေးသည်။ သတင်းမီဒီယာနှင့် အင်တာနက်အသုံးပြုသူများက လွန်ခဲ့သည့်၁၈နှစ်တွင် ဖြစ်ပျက်ခဲ့သည်များကို သေချာမသိကြရဘဲ ခန့်မှန်းရုံသာတတ်နိုင်သည်။
သို့သော် ယခုအစီအစဥ်သည် မုန့်ချန်၏ ဆိုးဝါးလှသည့်လုပ်ရပ်တို့ကို လူထုထံသို့ချပြလာ၏။
ကလေးချင်းလဲခဲ့သည်မှ ကိုယ်ထိလက်ရောက်အကြမ်းဖက်ခြင်းအပြင် မကြာသေးခင်ကမှ ဖေးမျိုးနွယ်ကို သွေးထိုးခဲ့ခြင်းများအထိ တစ်ခုမှမကျန်ခဲ့ပေ။
ထန်ထျန်းသည် ကျုံးယို့ယို့ကို ကူညီရန်ဆန္ဒရှိခဲ့သည်။ အစီအစဥ်ကို သေချာအသေးစိတ်ကြည့်ရှုစစ်ဆေးပြီး ပြကွက်တိုင်းကိုလဲ ပြင်ဆင်ခြင်းများမပြုလုပ်ခဲ့ပေ။
ယခင်အတိတ်တွင် အင်တာဗျူးသည့်သူများ၏ မျက်နှာကိုဝါးထားခဲ့ပြီး ထင်ရှားသည့် စကားတို့ကိုသာပြင်ဆင်၍ ရုပ်သံလွှင့်လေ့ရှိသည်။ နောက်တွင်တော့ အစီအစဥ်မှူး၏ နောက်ခံစကားပြောသံနှင့်အတူ လွန်ခဲ့သည့် ၁၈နှစ်မှဖြစ်ရပ်တို့ကို အရှိအတိုင်းချပြလိုက်သည်။ ၎င်းသည် လူ့စွမ်းအားဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ပင် ဖြစ်သည်။
လူထု၏အမြင်ကိုအလွယ်တကူ ဆွဲဆောင်လိုက်နိုင်ပြီး ကျုံးယို့ယို့၏ ပုံရိပ်သည်လည်း ဤအဖြစ်အပျက်တွင် အပေါ်စီးမှနေရာယူထားသည်။
အစီအစဥ်တွင်ပြသည့် ဗီဒီယိုတွင် ကျုံးယို့ယို့ကိုပါဝင်ဖော်ပြထားခြင်းမရှိဘဲ မိန်းကလေးကျုံးဟူ၍သာ ဖော်ပြထားသည်။ သို့သော် ရုပ်သံထုတ်လွှင့်လိုက်ပြီးနောက်တွင် လူတိုင်းက ကျုံးမိသားစု၏သမီး၊ မင်းသယ်အထက်တန်းကျောင်းမှ ကျုံးယို့ယို့ကို ရည်ညွှန်းထားမှန်းသိကြလေသည်။
ညတွင်းချင်းပင် မုန့်ချန်က စက်ဆုပ်ဖွယ်ပုံရိပ်ဖြင့် နာမည်ကြီးလာတော့သည်။
အစီအစဥ်ကို အင်တာနက်ပေါ်သို့ တင်လိုက်သည်။
အောက်မှရေးလာသော ထင်မြင်ချက်တို့သည် မယုံနိုင်စရာပင်။
[တကယ်ပဲ အဲ့လောက်ထိ ရက်စက်ကြမ်းကြုတ်တဲ့သူမျိုးမတွေ့ဖူးဘူး အဲ့ဒီ မုန့်ချန်လို့ခေါ်တဲ့ မိန်းမက ဘယ်လိုပုံစံလဲ ချမ်းသာဖို့အတွက်နဲ့ သူများမိသားစုက ကလေးကိုခိုးပြီး အခုလိုဆက်ဆံတယ်ပေါ့လေ ဒါနဲ့တောင် ပျော်ပျော်ရွှင်ရွှင်နေချင်သေးတာလား အဲ့ဒီအဖြစ်အပျက်တွေပြီးသွားတာတောင် ကလေးမလေးကို ထိခိုက်အောင်လုပ်ဖို့ လူတချို့ကိုသွေးထိုးလိုက်သေးတယ်” ]
[“ငါ့ဦးနှောက်တစ်ခုလုံးထုံထိုင်းသွားတာပဲ ဘာပြောရမှန်းတောင်မသိဘူး အဲ့လိုမျိုးသာငါ့မှာဖြစ်လာခဲ့ရင် အဲ့မုန့်မျိုးနွယ်ကို သတ်ပစ်ဖို့တွေးမိမှာပဲ” ]
[“အလဲခံလိုက်ရတဲ့ ကလေးမလေးက သနားဖို့ကောင်းလိုက်တာ သူမက ဘာမှမသိရဘဲ ပိုင်ဆိုင်သမျှအကုန် လုယူခံလိုက်ရတာပဲ” ]
[“ဒီလိုလူမျိုးကို ဘာလို့အင်တာဗျူးနေသေးတာလဲ ထောင်ထဲကိုပို့ပစ်ရမှာ သူသာပြစ်ဒဏ်ကြီးကြီးမားမား မခံရဘူးဆိုရင် ငါကျေနပ်မှာမဟုတ်ဘူး” ]
…
ကျောက်တုံးက လှိုင်းတို့ကိုဖြစ်စေပြီး အဖြစ်အပျက်တို့က ပြန့်နှံ့နေဆဲပင်။ သို့သော် ယခုတစ်ခေါက်တွင်တော့ ရေခဲထု၏ ထိပ်နှင့်ဝေးကွာနေသေးသည်။
တစ်ချိန်တည်းမှာပင် ကျုံးယို့ယို့နှင့် ချင်းယောင်တို့သည် Z မြို့ကိုပြန်လာခဲ့ပြီး ချင်းယောင်ခေါ်ထားသည့် ရှေ့နေနှင့် တွေ့နေသည်။ ရှေ့နေက ကျုံးယို့ယို့ကိုပြောလိုက်၏။ “ပုံမှန်ဆိုရင်တော့ ဒီလိုအမှုမျိုးက သုံးနှစ်ကနေ ဆယ်နှစ်အထိ ထောင်ဒဏ်ကျသင့်ပြီး ပိုင်ဆိုင်မှုအားလုံးအသိမ်းခံရပါတယ် ဘယ်လိုပဲဖြစ်ဖြစ် ဒီတစ်ခေါက် လူထုအမြင်ကလဲ မိန်းကလေးကျုံးအပေါ်မှာ သိသိသာသာ အကျိုးပြုပါတယ် တရားခွင်မှာလူထုအမြင်က ပါဝင်စွက်ဖက်ခဲ့မယ်ဆိုရင် ပြစ်ဒဏ်ပိုပြီးကြီးလေးပါလိမ့်မယ် ကျူးလွန်ခဲ့တဲ့ပြစ်မှုတွေကိုထွက်ဆိုထားတဲ့ မုန့်ချန်ရဲ့ဗီဒီယိုကလဲ အမှုကိုပိုပြီးလွယ်ကူစေပါလိမ့်မယ်”
ကျုံးယို့ယို့က ညှာတာမှုမရှိစွာပြောလိုက်သည်။ “အကြီးလေးဆုံးပြစ်ဒဏ်ကျသင့်ဖို့ မျှော်လင့်ပါတယ်”
ရှေ့နေသည်ခေါင်းညိတ်လိုက်ကာ “နားလည်ပါပြီ မိန်းကလေးကျုံးစိတ်မပူပါနဲ့ ကျွန်တော်အကောင်းဆုံး ကြိုးစားပါ့မယ်”
ချင်းယောင်က စားပွဲအောက်တွင် ကျုံးယို့ယို့ကိုလက်ကို ဆုပ်ကိုင်ပေးထားသည်။
ရှေ့နေထွက်သွားသော်လည်း ချင်းယောင်က ကျုံးယို့ယို့၏လက်ကို ကိုင်ထားဆဲပင်။
မုန့်ချန်၏ကိစ္စသည် ကျုံးယို့ယို့အပေါ် သက်ရောက်မှုမရှိခဲ့ပေ။ သို့သော် မုန့်ချန်က သတင်းမီဒီယာမှတစ်ဆင့် သူမကိုရိုက်ချချင်သည်ကိုသိရသောအခါ ဒေါသထွက်ပြီး နောက်ကျောတွင် ကြက်သီးထလာခဲ့သည်။ ယခုတွင် ချင်းယောင်က သူမလက်တို့ကို ထွေးအုပ်ပေးထားပြီး နွေးထွေးနေသည့် သူ့လက်ဝါးပြင်များမှတဆင့် နှစ်သိမ့်မှုကို ခံစားရသည်။
ချောက်ကမ်းပါးအစွန်းတွင်ရပ်နေရသော်လည်း ဘေးတွင် သူမအတွက် နံရံဆောက်ပေးမည့်သူ၊ သူမနှင့်အတူ အရာအားလုံးလုပ်ပေးမည့်သူ ရှိနေရာ မကြောက်တော့ပေ။
သူမက ချင်းယောင်ကိုဆွဲလိုက်ကာ ဆိုဖာပေါ်တွင်ထိုင်စေပြီး သူ၏သွယ်လျသောလက်ချောင်းတို့ကို ကစားနေသည်။ ထို့နောက် ခေါင်းမော့လာကာ မေးလိုက်၏။ “ကျွန်မ အရမ်းလွန်သွားလား”
သတင်းထောက်ယန်ကဲ့သို့သူများလဲ အများကြီးရှိမည်မှာ သေချာပေါက်ပင်။
ချင်းယောင်က သူမခေါင်းကိုပုတ်လိုက်ကာ ခေါင်းခါပြီးပြော၏။ “မလွန်ပါဘူး ဘာလွန်လို့လဲ မင်းက ကိုယ့်ကိုဝင်မပါခိုင်းလို့ မဟုတ်ရင် ဒီထက်ပိုပြင်းလိမ့်မယ် မင်းကကြင်နာလွန်းတယ်”
“တကယ်လား ရှင်ဦးနှောက်မဲ့သွားတာလား” ကျုံးယို့ယို့က ရယ်လိုက်သည်။ သူမကို ထက်မြက်သည်၊ ဟာသဉာဏ်ရှိသည်အပြင် ယခု ကြင်နာသည်ဟုပြောလာသည်။ သို့သော် ထိုစကားလုံးက သူမနှင့် လုံးဝ မလိုက်ဖက်ပေ။
သူမရယ်လိုက်သည်ကိုမြင်သောအခါ ချင်းယောင်က ပြုံး၍မေးလိုက်သည်။ “ဗိုက်ဆာနေပြီလား တစ်ခုခုစားချင်လား”
ချင်းယောင်ပြောလိုက်သည့်အချိန်တွင် ကျုံးယို့ယို့က သူတို့နှစ်ယောက်သည် Aမြို့မှပြန်လာ၍ ရှေ့နေနှင့်တွေ့နေပြီး ဘာမှမစားရသေးသည်ကိုသတိရသွားသည်။ ဗိုက်ဆာနေသဖြင့် ဗိုက်ကလေးကိုဖိကိုင်လိုက်၏။
ချင်းယောင်ကလဲ သူမဗိုက်ကိုထိလိုက်ကာ “ကောင်းပြီ ဗိုက်ဆာနေမှာပေါ့ ကိုယ်ချက်ပေးမယ်”
ကျုံးယို့ယို့အံ့ဩသွားသည်။ “ရှင်ချက်တတ်တယ်လား”
မူလဇာတ်ကြောင်းထဲတွင် ချင်းယောင်ဟင်းချက်သည်ကိုဖော်ပြမထားဘဲ ချင်းယောင်၏ လက်ဆယ်ချောင်းသည် နွေဦးနေရောင်တို့ကိုပင် မထိတွေ့ခဲ့ကြောင်းသာပြောထားသည်။ ချင်းယောင်ချက်ပြုတ်တတ်လိမ့်မည်ဟု ထင်မထားခဲ့ပေ။ သူမကတော့ အသင့်စားခေါက်ဆွဲပြုတ်သာပြုတ်တတ်၏။ ခေါက်ဆွဲပြုတ်သည့်နေရာတွင်တော့ ဆရာကျသည်။
အမှန်တွင် သူသည် မကြာသေးခင်ကမှ သင်ထားခြင်းဖြစ်၏။ ချက်ပြုတ်ပြီး ကျုံးယို့ယို့၏အိမ်တွင်နေ၍ ထမင်းစားရန် အကြောင်းပြချက်ရှာထားသော်လည်း ချင်းယောင်မပြောလိုက်ပေ။
ချင်းယောင်ကချောင်းဟန့်လိုက်ပြီး အေးစက်နေသည့်မျက်နှာသည် ကျုံးယို့ယို့စိတ်သက်သာရာရသွားကြောင်းကို တွေ့သောအခါ ပြေလျော့သွား၏။ သူ့နားသီးဖျားလေးများသည် နီရဲနေသည်။ တစ်ဖက်ကိုလှည့်လိုက်ကာ လေသံဖျော့ဖျော့လေးနှင့်ပြောလိုက်သည်။
“ကိုယ်ကတော့ မင်းကို အကုန်သိတယ်.. ကျုံးယို့ယို့ မင်းကဒါကိုအခုမှသိတာလား”
ကျုံးယို့ယို့ရယ်လိုက်မိသည်။