Chapter 119
ရေခဲသေတ္တာထဲတွင် ဘာမှမရှိသောကြောင့် နှစ်ယောက်က အပေါ်ထပ်ကုတ်များကိုယူကာ အနီးနားမှကုန်တိုက်သို့ ဈေးဝယ်ရန်ထွက်လာကြသည်။
ချင်းယောင်ကလှည်းကိုတွန်းကာ ကျုံးယို့ယို့က သူ့လက်မောင်းကိုဖက်ထားသည်။ ချင်းယောင်၏ ခန္ဓာကိုယ်သည် ရုတ်တရက်တောင့်သွား၏။
ဘယ်လောက်တောင်ကြာနေပြီလဲ အခုထိ အသားချင်းထိတာကို နေသားမကျသေးဘူး
ကျုံးယို့ယို့က ပို၍တင်းအောင်ဖက်လိုက်ရာ ချင်းယောင်တစ်ကိုယ်လုံးတောင့်တင်းလာတော့၏။
ချင်းယောင်က ခပ်တောင့်တောင့်နှင့်မေးလိုက်သည်။ “မိန်းကလေးတွေက လမ်းလျှောက်ရင် တခြားသူရဲ့လက်ကို ဖက်လေ့ရှိကြတာလား”
ကျောင်းတွင် မိန်းကလေးတချို့ အချင်းချင်းလက်ကိုင်ကာသွားကြသည်ကိုမြင်ဖူးသည်။ ကျုံးယို့ယို့သည် သူ့အပေါ် စိတ်ရင်းနှင့်လား မသိစိတ်အရလုပ်လိုက်သည်လားကို သေချာသိချင်မိ၏။
“ဟင့်အင်း” ကျုံးယို့ယို့ပြောလိုက်သည်။ “ကျွန်မဘယ်သူ့ကိုမှခုလိုမလုပ်ဖူးဘူး ရှင်ကပထမဆုံးနဲ့ တစ်ဦးတည်းပဲ”
ချင်းယောင်နှုတ်ခမ်းထောင့်စွန်းတို့မြင့်တက်သွားပြီး “ဘာစားချင်လဲ”
ကျုံးယို့ယို့ : “ဘာဖြစ်ဖြစ်ရတယ် အမဲသားနည်းနည်းဝယ်ရအောင် အသားစားချင်နေလို့”
နှစ်ယောက်သား အေးခဲထားသည့် အသားတန်းသို့ရောက်လာကြသည်။
ရုပ်သံမှသတင်းလွှင့်လိုက်ပြီးနောက် ကုန်တိုက်ထဲရှိ လူများသည် ကျုံးယို့ယို့က တီဗီတွင်ပါသည့် ကျုံးမျိုးရိုးဖြစ်ကြောင်း ချက်ချင်းသိသွားကြကာ ကြည့်နေကြသည်။ ထိုအဖြစ်အပျက်သည် အမှန်တကယ် ဖြစ်ခဲ့သည့်ပုံပင်။ ဤတစ်ခေါက်ပြဿနာကကြီးပြီး သတင်းများတွင်လည်း တရားဝင်ထုတ်လွှင့်ထားသည်။
ကျုံးယို့ယို့မျက်မှောင်ကြုတ်လိုက်သည်။ သူမ ဘာမှမပြောခင်မှာပင် ချင်းယောင်က ကုတ်အင်္ကျီကြယ်သီးတို့ကို ဖြုတ်လိုက်ပြီး သူမခေါင်းကိုကိုင်လိုက်ကာ “ဒီကိုလာ”
ချင်းယောင်အသက်ရှူလိုက်သောလေသည် သူမမျက်နှာကိုတိုးဝှေ့လာ၏။ ၎င်းက ရင့်ကျက်တက်ကြွသည့်လူတစ်ယောက်၏ ရနံ့ဖြစ်ပြီး ငယ်ရွယ်မှုအငွေ့အသက်တို့လဲရောနှောနေသေးသည်။ ကျုံးယို့ယို့ပါးက ချင်းယောင်ရင်ခွင့်သို့ကပ်နေပြီး နွေးထွေးနေ၍ သူ့နှလုံးခုန်သံကိုပင်ကြားနေရသည်။ ချင်းယောင် နှလုံးခုန်သံသည် ငယ်ရွယ်သောကောင်လေးတစ်ယောက်ကဲ့သို့ ဒရမ်တီးနေသလို အခုန်မြန်နေ၏။
ဤတစ်နာရီ၏ လေးပုံတစ်ပုံတွင် ကျုံးယို့ယို့က သက်တောင့်သက်သာရှိပြီး စိတ်ထဲ၌ ပျော်ရွှင်နေသည်။
သူမက ချင်းယောင်ကုတ်အင်္ကျီထဲတွင်ပုန်းနေပြီး ချင်းယောင်က ပစ္စည်းများကိုကိုင်၍ ကုန်တိုက်မှထွက်လာခဲ့ကြသည်။
ကျုံးယို့ယို့နှုတ်ခမ်းတို့တွန့်ကွေးသွားကာ ခြေဖျားထောက်လိုက်ပြီး ချင်းယောင်၏လည်တိုင်ကို ညင်သာစွာနမ်းလိုက်သည်။ “ချင်းယောင် ကျေးဇူးပဲ”
ချင်းယောင်ကဘာမှပြောမလာဘဲ ရှက်ရွံ့မှုကြောင့်မျက်နှာမှ လည်ပင်းအထိ နီရဲလာ၏။
ဒါ...ဒါက ကျုံးယို့ယို့ သူ့ကိုနမ်းဖို့ကြိုးစားတာ နှစ်ကြိမ်ရှိပြီ။ အကယ်၍ သူသာ ခေါင်းကိုငုံ့လိုက်မယ်ဆိုရင် သူမကိုနမ်းလို့ရလောက်တယ်။
ချင်းယောင် လောဘမကြီးစမ်းနဲ့ အခု ကျုံးယို့ယို့က သူ့ကိုသဘောကျလာပြီ လောဘမကြီးနဲ့ စိတ်ရှည်ရှည်ထား။
သူစောင့်နိုင်တယ်
ချင်းယောင်မျက်နှာတစ်ခုလုံးအဖျားတက်နေသလို နီရဲနေတော့သည်။ ကျုံးယို့ယို့က သူ့ခြေထောက်ကို ခလုတ်တိုက်မိသွား၏။
ကံကောင်းစွာနှင့် သူမကိုလှမ်းဆွဲထားနိုင်လိုက်သည်။
“ဘာတွေတွေးနေတာလဲ” ကျုံးယို့ယို့ ရှုပ်ထွေးစွာဖြင့်မေးလာသည်။
သေချာပေါက် မင်းကိုနမ်းချင်တဲ့အကြောင်းပေါ့။
ဘာလို့နမ်းခွင့်မပေးရတာလဲ ကိုယ်ပိုပြီးလောဘကြီးလာမိပြီ။
ချင်းယောင်က ဆန္ဒတို့ကိုထိန်းလိုက်ကာ မျက်လုံးမှိတ်လိုက်၍ ခေါင်းငုံ့ပြီး သူမပါးကိုနမ်းလိုက်သည်။ ထို့နောက် အထုပ်တို့ကိုကိုင်ကာ ကုန်တိုက်ထွက်ပေါက်သို့ ပြေးသွားတော့သည်။
...
မုန့်ချန်ထွက်ဆိုထားသည့် ဗီဒီယိုသည် ကျုံးယို့ယို့လက်ထဲတွင်ရှိသည်။ ယခုတွင် လူထုအမြင်သည် တိုးတက်လျက်ရှိရာ သူမက ထိုဗီဒီယိုကိုချပြရန် စိတ်ကူးမရှိပေ။ တစ်ဖက်တွင် ဟယ်ချုန်ရှန်းနှင့် သူ့သားဟယ်ယိခန်းတို့သည် ရှုပ်ထွေးနေကြသည်။
ဟယ်ချုန်ရှန်းတွင် ဆွေမျိုးများစွာရှိ၏။ သူ့လုပ်ငန်းအသေးစားသည် ဆွေမျိုးတို့ ဝိုင်းဝန်းထောက်ပံ့ပေးထားသည်ဟု ဆိုနိုင်သည်။ အတိတ်တွင် မုန့်ချန်ကိုလက်ထပ်ချင်ခဲ့သည့်အချိန်၌ ဆွေမျိုးတို့က သဘောမတူခဲ့ကြပေ။ ယခု မုန့်ချန်၏အတိတ်ကို စုံစမ်းသိရှိပြီးသည့်နောက်တွင် ရုပ်သံမှ မထင်မှတ်ဘဲ သူမအကြောင်းကိုချပြလာ၏။
ဟယ်ချုန်ရှန်း အံ့သြထိတ်လန့်သွားသည်။
ကျုံးမိသားစုဆိုတာ တကယ်ပဲ ဘယ်သူတွေလဲ Aမြို့ကိုသွားကြည့်သင့်လား
သူကမုန့်ချန်၏ ဆိုးညစ်သည့်အတိတ်အကြောင်း တီဗီတွင်လာနေသည်ကိုကြည့်နေသည်။ မုန့်ချန်က ခွင့်လွှတ်ရန်မထိုက်တန်သော မိန်းမဖြစ်သော်လည်း တစ်ချိန်တည်းမှာပင် မုန့်ချန်ကိုပေါင်းသင်းလာခဲ့သည်မှာ နှစ်ပေါင်းများစွာရှိပြီဖြစ်ပြီး သူမအတွက် သည်းမခံနိုင်ဖြစ်မိသည်။
ကျုံးမိသားစုနဲ့ ချင်းမိသားစု ခုလိုလုပ်လိုက်တာက မုန့်ချန်ပြန်လာမယ့်လမ်းကြောင်းကို လုံးဝဖြတ်တောက်လိုက်တာမဟုတ်ဘူးလား တကယ်လို့မုန့်ချန်ထောင်ထဲကလွတ်လာရင်တောင် သူမလူကြားထဲမှာနေလို့မရတော့ဘူး သူမရဲ့ကျန်တဲ့ဘဝတစ်လျှောက်လုံးကို အတိတ်ကအရိပ်ဆိုးထဲမှာပဲ ဖြတ်သန်းရလိမ့်မယ် ဒါကတကယ်ရက်စက်တာပဲ။
မုန့်ချန်ကို ထိုနေ့၌ ထိန်းသိမ်းရေးစခန်းသို့ပို့ဆောင်ပြီး ဟယ်ချုန်ရှန်းကသူမကိုမတွေ့ရသေးပေ။
မုန့်ချန်အဝတ်အစားလုံလုံလောက်လောက်ယူခဲ့လားမသိပေ။ ထိန်းသိမ်းရေးစခန်းသည် နွေဦးတွင် အေးနေလိမ့်မည်။ အကြင်လင်မယားနှစ်ယောက် ရက်ပေါင်းရာကျော်ပေါင်းသင်းနေထိုင်ကာ ကျေးဇူးရှိခဲ့သော်လည်း သူကကြီးမြတ်သောသူမဖြစ်ချင်သည့်အတွက် မုန့်ချန်အတွက် တစ်ခုခုစီစဥ်ပေးရန် ဆုံးဖြတ်လိုက်သည်။
သို့သော် ပစ္စည်းတို့ကိုထုတ်ပိုးပြီး အပြင်ထွက်မည့်အချိန်တွင် တံခါးပွင့်လာကာ သူ့ညီမနှင့် ဟယ်ယိခန်းဝင်လာခဲ့သည်။
“အစ်ကို ဘာလုပ်နေတာလဲ သတင်းမကြည့်ဘူးလား အစ်ကိုလက်ထပ်လိုက်တဲ့ မုန့်ချန်ဆိုတဲ့မိန်းမက တကယ်ကို ကပ်ဆိုးပဲ စက်ရုံကိုသွားကြည့်ဦး ကုန်ထုတ်လုပ်သူတော်တော်များများက သတင်းကိုသိပြီးကြပြီ သူတို့က ကျွန်မတို့ စက်ရုံနဲ့ပူးပေါင်းတာရပ်တော့မယ်လို့ပြောနေကြတယ်”
“ဘာဖြစ်တယ်” ဟယ်ချုန်ရှန်းစိတ်သောကရောက်သွား၏။
ဤအသေးစားလုပ်ငန်းလေးသည် သူတို့မိသားစုကိုထမင်းကျွေးနေသော အရာပင်။ ပျက်စီးသွားလျှင် ဘာဆက်လုပ်ရမည်လဲ။
ဟယ်ယိခန်းက သူ့အဖေ၏အိတ်ထဲရှိ ပိုက်ဆံအိတ်ကိုကြည့်ကာ သူဘာလုပ်မည်ကိုသိသည်။ သူကလှောင်ရယ်လိုက်ကာပြောလိုက်၏။ “အန်တီ ကျွန်တော့်အဖေက အဲ့မိန်းမအပေါ် စိတ်မရှင်းသေးဘူး အခုသူမကိုသွားတွေ့မလို့နဲ့တူတယ်”
ဟယ်ချုန်ရှန်း၏ညီမသည် ရူးတော့မလိုဖြစ်သွားသည်။ သတင်းတွင် ထိုမိန်းမအကြောင်းကြားပြီးသည့်နောက် သူမမနေနိုင်ဘဲ ဆဲဆိုတော့သည်။
“ဒီမိန်းမက တကယ်ကိုကပ်ဆိုးပဲ ဒုက္ခတွေပေးသွားလိုက်တာ သူကအဆိပ်ရှိတဲ့မြွေလို သတ္တဝါဆိုးတစ်ကောင်ဖြစ်တယ်ဆိုတာ မပြောခဲ့ဘူး...အခုတော့ အဆင်ပြေသွားတာပေါ့ လုပ်ငန်းပျက်စီးသွားရင် အကုန်အရက်သွားသောက်ကြမယ်”
“အေးပါ အေးပါ ငါ့ကိုမဆူပါနဲ့” ဟယ်ချုန်ရှန်းသည် ညတွင်းချင်း အသက်၁၀နှစ်ကြီးသွားသလို ခံစားလိုက်ရသည်။
ကုန်ထုတ်လုပ်သူများနှင့် မည်သို့ရင်ဆိုင်ရမည်ကို ပူပန်နေစဥ် သူ့ညီမကပြောလာသည်။ “ကွာရှင်းလိုက် အစ်ကို မိသားစုကိုပါထိခိုက်လာပြီနော် အခုထိကွာရှင်းဖို့မစဥ်းစားရသေးတာလား တစ်ယောက်ယောက် ထောင်ထဲကလွတ်လာတဲ့ထိ စောင့်နေမလို့လား တစ်ယောက်ယောက်အမိန့်ပေးလာမှာကိုလေ”
ကြားရဆိုးသော်လည်း အမှန်တရားက တခါတလေတွင်ခါးလေသည်။
ဟယ်ချုန်ရှန်းက ဒီတစ်ခေါက်တွင် မငြင်းတော့ပေ။ ကွာရှင်းစာချုပ်တွင်လက်မှတ်ထိုးလိုက်ပြီး မုန့်ချန်ကို အိမ်မှနှင်ချလိုက်လျှင် မုန့်ချန်အပေါ် ပိုမိုရက်စက်ရာကျသွားမည်ဖြစ်ပြီး သူ့ကိုယ်သူမကောင်းသည့်သူဟု ခံစားရလိမ့်မည်။ သို့သော် မုန့်ချန်ဆိုသည့်မိန်းမအပေါ် ဘယ်လောက်ပင် ကြင်နာယုယနေပါစေ မတတ်နိုင်တော့ပေ။ အတိတ်တွင် သူမလုပ်ခဲ့သည့်အရာများက အလွန်ရက်စက်ကြမ်းကြုတ်လေသည်။
ဟယ်ချုန်ရှန်းက ထိုနေ့တွင်မုန့်ချန်ကိုသွားတွေ့လိုက်သည်။ မုန့်ချန်ကစိတ်လှုပ်ရှားနေပြီး ဟယ်ချုန်ရှန်း အိတ်ထဲမှ တစ်ခုခုထုတ်လိုက်သည့်အချိန်တွင် မှင်သက်သွား၏။ ၎င်းက သူမလိုအပ်သည့် ထိန်းသိမ်းရေးစခန်းတွင် အသုံးပြု၍ရသော ဘဏ်ကတ်မဟုတ်ဘဲ ကွာရှင်းစာချုပ်ဖြစ်နေသည်။
...
ဤအဖြစ်အပျက်အပြီးတွင် အင်တာနက်ပေါ်၌ ရုန်းရင်းဆန်ခတ်ဖြစ်နေတော့သည်။ အင်တာနက်အသုံးပြသူများက မုန့်ချန်ကို ဆဲဆိုကြ၏။ ကံကောင်းစွာနှင့် မုန့်ချန်က ထိန်းသိမ်းရေးစခန်းတွင် အင်တာနက်သုံး၍မရပေ။ သို့မဟုတ်လျှင် အင်တာနက်ပေါ်ရှိ ထိုကြမ်းကြုတ်လှသည့် ကွန်မန့်တို့ကိုဖတ်ပြီးနောက် ဒေါသထွက်လွန်း၍ နှလုံးဖောက်ပြီးသေသွားနိုင်သည်။
ထိုအဖြစ်အပျက်၏အကျိုးဆက်သည် ဟယ်မိသားစုတွင် ဟယ်ချုန်ရှန်း၏ စက်ရုံကိုသာမက ကျောင်းတက်နေသော ဟယ်ယိခန်းအပေါ်သို့ပါ သက်ရောက်လာ၏။
မုန့်ချန် ယခင်က ဟယ်ယိခန်းအား ထမင်းဘူးလာပို့ခဲ့ဖူးသည်။
ဟယ်ယိခန်းက အနှီမိန်းမသည် သူတော်ကောင်းယောင်ဆောင်နေသည်ကိုသိပြီး အမြဲအေးစက်စက်သာ ဆက်ဆံခဲ့သည်။ သို့သော် သူ့ကိုမျက်နှာလုပ်ရန် သူမကအမြဲနွေးထွေးစွာပြုံးပြပြီး ကျောင်းသို့ထမင်းဘူးခဏခဏ လာပို့ခဲ့သည်။ Zမြို့ အမှတ် (၁) အလယ်တန်းကျောင်းမှ ကျောင်းသားများသည် မုန့်ချန်က ဟယ်ယိခန်း၏ မိထွေးဖြစ်ကြောင်းသိကြ၏။
လွန်ခဲ့သည့်နှစ်ရက်တွင် မုန့်ချန်၏ဆိုးဝါးသည့်လုပ်ရပ်များသည် ရုပ်သံတို့တွင် ပြန့်နှံ့နေပြီး ရှာဖွေမှုအများဆုံးဖြစ်လာသည်။ ကျောင်းမှ ကျောင်းသားများသည် ဟယ်ယိခန်းကို အရောင်စုံသောမျက်လုံးများနှင့် ကြည့်ကြမည်မှာ မလွဲမသွေပင်။
ဟယ်ယိခန်းကော်ရစ်တာလျှောက်လာချိန်၌ တစ်ယောက်ယောက်နေသည်ကိုကြားလိုက်၏။ “ဟယ်ယိခန်းက ကံဆိုးလိုက်တာ ဒီလိုမျိုးမိထွေးရထားတာ သူ့အဖေကလဲဝက်ဦးနှောက်သာသာပဲရှိတယ်ထင်တယ် ဒီလိုကြမ္မာဆိုးကိုလက်ထပ်ပြီး အိမ်ထဲခေါ်သွင်းရတယ်လို့”
ဟယ်ယိခန်းက သူ့အဖေကိုကောင်းကောင်းမပြောသော်လည်း တခြားသူများက သူ့အဖေခေါင်းပေါ်မှ မြက်ခင်းစိမ်းကို လှောင်ပြောင်လာလျှင်တော့ သည်းမခံနိုင်ပေ။
ချက်ချင်းပင် သူကထိုကျောင်းသားနှင့် ရန်ဖြစ်ခဲ့သည်။
ကံကောင်းစွာနှင့် အတန်းဖော်များက အချိန်မီဝင်ထိန်းပေးသဖြင့် ကြီးကြီးမားမားဖြစ်ပျက်မသွားခဲ့ပေ။ နှစ်ယောက်လုံး ရုံးခန်းသို့စကားပြောရန်အခေါ်ခံရ၏။ ဟယ်ယိခန်း၏စိတ်အခြေအနေကိုစဥ်းစားပေးကာ ဆရာမက အများကြီးမဆူလိုက်ပေ။ နောက်တစ်ကြိမ်ထပ်မဖြစ်စေရန်နှင့် ထပ်ဖြစ်လာလျှင် အပြစ်ပေးမည်ဟူ၍သာသတိပေးလိုက်သည်။
ဟယ်ယိခန်းဒေါသထွက်နေ၏။ ရုံးခန်းထဲမှ ထွက်လာစဥ် သူ့ကိုလာတွေ့သော သူ့သူငယ်ချင်း ကျန့်ကျီရိနှင့်ဆုံသည်။ သူကကော်ရစ်တာလမ်းရှိ အမှိုက်ပုံးကိုကန်လိုက်သည်။ “ငါ့မိထွေးကတကယ်ကို ကပ်ဆိုးပဲ သူကတော်တော်ဆိုးတာတွေလုပ်ခဲ့တယ် အဲ့လိုလူမျိုးနဲ့ သုံးနှစ်ကျော်လေးနှစ်ကြာအောင်နေလာခဲ့တာ ငါ့ကိုယ်ငါမယုံနိုင်ဘူး”
ကျန့်ကျီရိက သူ့ပခုံးကိုပုတ်လိုက်၍ ပြောလိုက်၏။ “အရင်ဆုံးစိတ်လျှော့ပါကွာ အခု ဒီကိစ္စက မုန်တိုင်းရဲ့အလယ်ကိုရောက်နေလို့ပါ လူတွေကအတင်းအဖျင်းတွေပဲပြောနိုင်ကြတာ ရက်နည်းနည်းလောက်ကြာရင် ဒီကိစ္စကိုမေ့သွားကြပြီး တခြားသတင်းတွေနဲ့ဖုံးသွားလိမ့်မယ် အဲ့အခါကျရင် လူတွေမင်းအပေါ်အာရုံစိုက်တော့မှာမဟုတ်ဘူး”
သို့သော် ဟယ်ယိခန်းစိတ်ညစ်နေသေးသည်။ သူ၏ဒေါသများသည် ကျုံးမိသားစုပေါ်သို့ရောက်ရှိသွား၏။ “မုန့်ချန်လိုလူမျိုးတွေက ထောင်ထဲမှာနှစ်အကြာကြီးနေရမှာ သဘာဝပဲ ဒါပေမယ့် အဲ့ဒီကျုံးမိသားစုက ကိစ္စကိုကြီးအောင်ဘာလို့လုပ်လိုက်ရတာလဲ ငါတို့မိသားစုကိုပါသက်ရောက်လာမှာ သူတို့မတွေးမိကြဘူးလား”
သူ့သူငယ်ချင်းဘက်မှကြည့်လျှင် ကျုံးမိသားစုလွန်သွားသည်ဟု ကျန့်ကျီရိခံစားမိသည်။ သို့သော် သူကတွေးလိုက်ပြီး စိတ်ရင်းနှင့်ပြောလိုက်သည်။ “အဲ့လိုပြောလို့တော့မရဘူးလေ ဟယ်ယိခန်း တကယ်လို့ တစ်ယောက်ယောက်က ငါ့ကလေးကိုလဲသွားမယ်ဆိုရင် ငါလဲကျုံးမိသားစုဝင်တွေလိုလုပ်မှာပဲ ကျုံးယို့ယို့က အိမ်မှာပဲနေခဲ့ရပြီး သူနှိပ်စက်သမျှခံခဲ့ရတယ် အဲ့အပြင် အသက်၁၅နှစ်အထိ ရသင့်ရထိုက်တဲ့ ပညာရေးကိုလဲ မရခဲ့ဘူး ဒါမျိုးကခွင့်လွှတ်နိုင်စရာမရှိဘူးလေ”
ဟယ်ယိခန်းက ဘာမှမပြောဘဲ သူ့ကိုကြည့်လိုက်၍ စိတ်ညစ်ညစ်နှင့် ဆံပင်တို့ကိုဖွလိုက်၏။
...
အရာအားလုံးပြောင်းပြန်လန်သွားကာ နောက်တစ်နေ့တွင် ကျုံးယို့ယို့ကခွင့်ယူလိုက်ပြီး ကျောင်းမသွားပေ။ ကျောင်းတွင်လည်း သတင်းတို့ပြန့်နှံ့နေပြီဖြစ်သည်။
ယခင်တစ်ခေါက်ကျုံးယို့ယို့၏ ဘဝအမှန်ဖော်ထုတ်ခဲ့သည့်အချိန်၌ သူတို့ကမရေမရာဖြစ်ခဲ့သော်လည်း ဒီတစ်ခေါက် ရွှေရောင်မျက်လုံးအစီအစဥ်ကိုကြည့်ပြီးနောက် ထိုနှစ်များတွင် ဘာတွေဖြစ်ပျက်ခဲ့သည်ကို နားလည်သွားကြ၏။
မုန့်ရှစ်ရွှမ်၏အမေအရင်းသည် ကလေးလဲခဲ့ရုံသာမက ကျုံးယို့ယို့ကိုရိုက်နှက်ခဲ့သေးသည်။ အိမ်နီးနားချင်းများပြောခဲ့သည့် စကားများက အများကြီးမဟုတ်သော်လည်း ကြားရသည့်အခါ တစ်ကိုယ်လုံးကို ရေခဲပုံးလိုက် လောင်းချခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
ပါဝင်ပက်သတ်နေသောသူသည် ရင်းနှီးနေသည့်သူဖြစ်ရာ မင်းသယ်အထက်တန်းကျောင်းမှ ကျောင်းသားများသည် အစီအစဥ်နှင့်သတင်းတို့ကိုကြည့်ကြသော အင်တာနက်အသုံးပြုသူများထက် ပိုဒေါသထွက်နေကြပြီး သူမဘက်မှစဥ်းစားပေးကာ ကျုံးယို့ယို့ကို သနားနေကြ၏။
အတန်း (၁၉) မှ ကျောင်းသားများသည် ပို၍ပင်ဒေါသထွက်နေကြသည်။
လီသုန်းဖျင်က ထိုနာမည်ကြီးနေသည့်ဖြစ်ရပ်ကို လုပ်ဖော်ကိုင်ဖက်များထံမှသိရပြီး ချက်ချင်းပင် သတင်းကိုကြည့်ခဲ့သည်။ ကြည့်ပြီးသည့်နောက်တွင် သူကရှုပ်ထွေးစွာခံစားနေရ၏။
သူဂုဏ်အယူရဆုံးသော ကျောင်းသူသည် ကလေးအရွယ်ကကိစ္စတော်တော်များများဖြစ်ပျက်ခဲ့ကြောင်း သိလိုက်ရသည်။
ကျုံးယို့ယို့ကို နှစ်သိမ့်ပေးချင်သော်လည်း သူကအပြင်လူဖြစ်သည်။ စကားလုံးအနည်းငယ်ဖြင့် နှစ်သိမ့်ပေးနိုင်သည်ကိုသိ၏။ သို့သော် ကျုံးယို့ယို့သည် ကြံ့ခိုင်သည့်ကလေးဖြစ်ပြီး အတိတ်မှရုန်းထွက်ခဲ့ပြီဖြစ်သည်။ ထိုကြောင့် သူမဆီသို့သွားကာ အတိတ်တို့ကို ပြန်လည်မတူးဆွချင်ပေ။
ကျုံးယို့ယို့ ခွင့်တိုင်လာချိန်တွင် သူကထိုကိစ္စအကြောင်း တစိုးတစိမှမပြောလိုက်ဘဲ နှစ်ရက်ပို၍ အနားယူရန်သာ ပြောလိုက်၏။
သူမှလွဲ၍ ရုံးခန်းထဲရှိ ဆရာ၊ ဆရာမများသည် ဝမ်းနည်းနေကြသည်။
တရုတ်ဘာသာဆရာက စိတ်မကောင်းအဖြစ်ဆုံးဖြစ်၏။ ရွှေရောင်မျက်လုံးဥပဒေစနစ် အပိုင်းကိုကြည့်ပြီးနောက် သူကမျက်လုံးတို့နီရဲနေပြီး ထပ်ကာထပ်ကာပြောနေသည်။ “ကျုပ်မကြည့်နိုင်ဘူး ကျုံးယို့ယို့က ကိုယ့်ကိုကိုယ်အားကိုးတဲ့ မိန်းကလေးတစ်ယောက်… ကျုပ်မကြည့်ရက်ဘူး…”
ရှစ်ယိမုန့် ကျုံးယို့ယို့နှင့်ပတ်သက်သည့် သတင်းကိုထဲထဲဝင်ဝင်သိရသည်မှာ ပထမဆုံးဖြစ်သည်။ ယခင်က ကျုံးယို့ယို့၏ ပုန်ကန်တတ်သည့်ပုံစံကိုမြင်ခဲ့စဥ် သူမကို သူဌေးလက်သစ်နှင့် သူ့လိုပင် အလေလိုက်တတ်သူဟု ထင်ခဲ့မိသည်။ နောက်တွင် ကျုံးယို့ယို့တဖြည်းဖြည်း တောက်ပလာသည်ကိုတွေ့သောအခါ ဆယ်ကျော်သက်အရွယ်၏ စိတ်အားထက်သန်မှုတို့ဖြင့် သူမကို လေးစာလာမိသည်။
ယခုမတိုင်ခင်ထိ သူသိထားခဲ့သော ကျုံးယို့ယို့၏အကြောင်းများသည် နည်းနည်းလေးပင်ဖြစ်သည်။ နည်းနည်းပဲသိကာ နည်းနည်းပဲမြင်ခဲ့သည်။ သတင်းကိုဆက်ကြည့်နေပြီး ပြဿနာကို သူ့အမြင်မှကြည့်ကာစဥ◌်းစားနေလိုက်သည်။ ကျုံးယို့ယို့၏ လှပကျော့ရှင်းမှုနှင့် စာကြိုးစားသည့်ပုံတို့ကိုကြည့်ကာ သူတွင် ထိုသို့ဆိုးဝါးသည့်ကိစ္စများကြုံတွေ့ခဲ့ရလိမ့မည်ဟု ထင်မထားခဲ့ချေ။ ဟိုးအစတည်းက ကျုံးယို့ယို့သူ့ကို လှည့်မကြည့်ခဲ့သည်မှာ မထူးဆန်းတော့ပေ။
ဒီအချက်ကြောင့် သူကချင်းယောင်ဆိုသည့်လူကိုရှုံးသွားခဲ့သည်ပင်။
ရှစ်ယိမုန့်အံ့ဩသွားရကာ တစ်ချိန်တည်းမှာပင် ရင့်ကျက်သွားသကဲ့သို့ခံစားလိုက်ရ၏။
အဖြစ်အပျက်သည် အလွန်ကြီးမားသည်။ သူအိမ်ပြန်ရောက်သောအခါ သုတေသနကိစ္စတို့ဖြင့်အလုပ်ရှုပ်နေသာ သူ့မိဘတွေပင် သတင်းကိုသိကြသည်။
ရှစ်ပါပါးနှင့် ရှစ်မာမား၏ လုပ်ဖော်ကိုင်ဖက်များက သတင်းကိုကြည့်ပြီး သူတို့ကိုကြည့်ရန်ပြောလာခဲ့သည်။ သတင်းတွင်ပါဝင်လာသူသည် သူတို့သားနှင့်တစ်ခန်းတည်း အတန်းဖော်ဖြစ်ပြီး မြို့နယ်တွင်လည်း အဆင့်တစ်ရ၍ ယိမုန့်ခဏခဏပြောနေခဲ့သော မိန်းကလေးဖြစ်ကြောင်း သိလိုက်ရသည်။
မိဘနှစ်ယောက်က သူတို့သားဆူပုတ်နေသည်ကိုမြင်သောအခါ ဘာအတွက်ဒေါသထွက်နေကြောင်း သိကြ၏။
ရှစ်ယိမုန့် ဒီကောင်လေးက အိမ်မှာဘယ်မိန်းကလေးအကြောင်းကိုမှပြောဖူးတာမဟုတ်ဘူး ဒီကလေးမလေးကိုတော့ တော်တော်အာရုံစိုက်နေတာပဲ သူမကိုသဘောကျနေတာများလား။