Chapter 120
ကျုံးယို့ယို့က ကလေးအရွယ်တွင် အများကြီးကြုံတွေ့ခဲ့ရကြောင်း သိလိုက်ရပြီး သူတို့ စိတ်မကောင်းဖြစ်သွားကြသည်။ ထမင်းစားပွဲတွင် သူတို့က ရှစ်ယိမုန့်စိတ်သက်သာရာရအောင် မည်သို့ပြုလုပ်ပေးရမည်ကို မသိချေ။
ရှစ်ယိမုန့်ထမင်းစားပြီးသောအခါ တိတ်တဆိတ်ပင် အပေါ်ထပ်သို့ တက်သွား၏။
သူတို့တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ပြီး သက်ပြင်းချလိုက်ကြသည်။
“ကလေးမလေးလဲမလွယ်လိုက်တာ” ရှစ်မာမားက တူကိုချပြီးပြော၏။ “သူမသာ ကျွန်မတို့သားကို အခွင့်အရေးပေးလာရင် ကောင်းတာပေါ့ ယောက္ခမဖြစ်လာဖို့အဆင်သင့်ပဲ”
ရှစ်ပါပါးက သူမကိုရယ်လိုက်ပြီး “ဘာတွေပြောနေတာလဲ မင်းအရမ်းတွေးလွန်းနေပြီ ငါတို့သားကိုကြည့်ဦး ဖွင့်တောင်မပြောရဲဘူး သူသဘောကျနေတဲ့ကလေးမလေးက ချစ်သူရှိနေပြီးသားဖြစ်နေမှာပဲ စိုးရိမ်မိတယ်”
ရှစ်ယိမုန့်သည် ကလေးအရွယ်တည်းက ကလေးများနှင့် ရန်ပွဲများကြားတွင် ဘုရင်တစ်ပါးဖြစ်ခဲ့သော်လည်း ဘက်ပေါင်းစုံတွင် မည်သို့အကြံဉာဏ်ပေးရမည်ကိုသူတို့မသိကြပေ။
အဖြစ်အပျက်သည် ထုတ်လွှင့်ခဲ့ပြီးဖြစ်သည်။ ရှစ်ကျစ်ထန်သတင်းကြည့်နေစဥ် သတင်းထောက်၏ ကင်မရာထောင့်ကိုမကြည့်ဘဲမနေနိုင်ပေ။ ချင်းယောင်က လေကာကုတ်အင်္ကျီကိုဝတ်ထား၍ ကျုံးယို့ယို့နှင့်အတူ ကားပေါ်တက်သွားပြီး Aမြို့မှထွက်သွားလေသည်။ ၎င်းက နှစ်ရက်အကြာကဖြစ်သည်။
ကျုံးယို့ယို့တကယ်ပဲ မြို့နယ်ရုပ်သံဌာနကို ချင်းယောင်နဲ့သွားခဲ့တယ်
ရှစ်ကျစ်ထန်တွေးလိုက်သည်။ မုန့်ချန်၏အတိတ်သည် ရုတ်တရက်ထုတ်ဖော်ခံလိုက်ရကာ အစီအစဥ်ကိုလဲထုတ်လွှင့်ခဲ့သည်။ ၎င်းသည်မရိုးစင်းပေ။ သေချာပေါက် ကျုံးပါပါးနှင့် ချင်းယောင်က မုန့်ချန်ကို သေတွင်းသို့ပို့ရန်စီစဥ်လိုက်ခြင်းဖြစ်လိမ့်မည်။
ချင်းယောင်က ကျုံးယို့ယို့ဘေးတွင် အတူရှိပြီး တိတ်တဆိတ်ကာကွယ်ပေးနေသည်ကိုမြင်ရသောအခါ သူမသက်မသာခံစားရ၏။
(မင်းရော ဘာကိစ္စတွေပဲရှိလာလာ သူမအတွက် လေတွေမိုးတွေကာကွယ်ပေးနိုင်တဲ့ အမိုးအကာတစ်ခု ဖြစ်ပေးနိုင်လား....
တစ်ခါတလေတော့ အခွင့်အရေးတစ်ခါလွတ်သွားတာနဲ့ ဆုံးရှုံးသွားနိုင်တာပဲ)
…
ရှစ်ကျစ်ထန် အတန်းထဲတွင် အတွေးတို့ယောက်ယပ်ခတ်နေစဥ် သူ၏ပြိုင်ပွဲဝင်အတန်းကလဲ မုန့်ရှစ်ရွှမ်ကျောင်းမလာသည့်နှစ်ရက်အပေါ် ထင်မြင်ချက်တွေပေးနေကြ၏။ မုန့်ရှစ်ရွှမ်က ထိုအဖြစ်အပျက်ကြောင့်ကျောင်းမလာရဲတာဖြစ်နိုင်သည်။ ယခုအချိန်တွင် မုန့်ရှစ်ရွှမ်ဘာတွေးနေမည်ကို သူတို့မပြောနိုင်ပေ။
တစ်ဖက်တွင် ကျုံးယို့ယို့သည် တစ်ရက်ပဲခွင့်ယူ၍ နောက်တစ်နေ့တွင် ကျောင်းသွား၏။ သူမ၏ စိတ်ပိုင်းဆိုင်ရာအရည်အသွေးသည် အလွန်ကြံ့ခိုင်သည်ဟု အတန်းဖော်များမတွေးဘဲမနေနိုင်ချေ။ မုန့်ချန်ကို ရှင်းထုတ်ပြီးပြီးချင်း ကျောင်းလာသည်။ ကျောင်းတက်ရသည်ကို အတော်နှစ်သက်ပုံပင်။
ကျုံးယို့ယို့က ပြဿနာဖြေရှင်းခြင်း၊ စာလေ့လာခြင်းနှင့် သုတေသနပြုခြင်းတို့အား ဘဝတစ်လျှောက်လုံး လုပ်ကိုင်လာခဲ့သည်ကိုမသိလိုက်ကြပေ။ သူမကကျင့်သားနေရပြီး စိတ်ထဲတွင်လဲအထူးတလည် မခံစားရချေ။
ခွင့်တစ်ရက်ထပ်ယူပြီး ကျောင်းမလာဘဲနေရမှာလား။ အချိန်ဖြုန်းရာရောက်တာပေါ့
ကျုံးယို့ယို့တွေးထားခဲ့သည်မှာ သူမကျောင်းပြန်တက်လျှင် ကျောင်းသားများသည် ယခင်တစ်ခေါက် ကျုံးမိသားစု၏ သမီးအဖြစ်ဖော်ထုတ်လိုက်ခဲ့စဥ်ကလို အံ့သြထိတ်လန့်သော မျက်လုံးတို့ဖြင့် ကြည့်လာလိမ့်မည်ဟူ၍ဖြစ်၏။ သို့သော် သူမကျောင်းပြန်တက်သောအခါ အတန်း(၁၉)မှအတန်းဖော်တို့က တည်တည်ငြိမ်ငြိမ်နှင့်ပင်။ သူမကိုပြုံးပြ၍ နှုတ်ဆက်ကြပြီး မနေ့ကပေးခဲ့သည့် အိမ်စာများကို ပြောပြကြသည်။
မိန်းကလေးနှစ်ယောက်က ထိုနေ့သူမ၏ တာဝန်ချိန်တွင်ကူညီပေးရန်ကြိုးစားလိုက်သေး၏။
သူမရေပူသွားယူရန်ထလိုက်ချိန်တွင် သူမထိုင်ခုံပေါ်က ချက်ချင်းကိုခွက်ကိုယူလိုက်ပြီး စာသင်ခန်းအပြင်သို့ အလျင်အမြန်သွားကာ ရေပူယူပေးသည်။
သူမကန်တင်းသို့ ထမင်းစားရန်သွားလိုက်၏။ ယွမ်ယွမ်က ယို့ယို့ကိုကြည့်၍ အားနည်းသည်ဟု တွေးလိုက်ကာ ကြက်ပေါင်ကို သူမပန်းကန်ထဲသို့ထည့်ပေးလိုက်သည်။
“ယို့ယို့ များများစား နင်ကပိန်လွန်းတယ်”
သူမကာယအတန်းသို့သွားသောအခါတွင်လည်း ရန်ကျီအန်းကသူမကို ဖော်ဖော်ရွေရွေနှင့်ပြောလာ၏။ “မနေ့က ဓာတုဗေဒဆရာက မေးခွန်းပုံစံနှစ်မျိုးအကြောင်းပြောပြသွားတယ် နင်မေးချင်တာရှိရင် ငါ့ကိုလာမေးလို့ရတယ်”
ရွှီရှောင်ယွဲ့ပင် သူမကို ဖော်ပြမရနိုင်သည့်အကြည့်တို့ဖြင့် ခဏခဏကြည့်နေသည်။ သေချာကြည့်မည်ဆိုလျှင် ထိုအကြည့်များထဲတွင် အပြစ်ရှိစိတ်တို့အနည်းငယ်ကိုမြင်နိုင်သည်။
“???” ကျုံးယို့ယို့ပြောစရာစကားမဲ့သွား၏။
နေ့လည်ခင်းအားလပ်ချိန်တွင် သူမသန့်စင်ခန်းမှပြန်လာသည့်အခါ အတန်းခေါင်းဆောင်က မိန်းကလေးနှစ်ယောက်ကို ပြောနေသည်ကိုကြားလိုက်၏၊ “ကျုံးယို့ယို့တော်တော်ခံစားခဲ့ရပြီးပြီ သူမကလေးဘဝတုန်းက ဘာတွေဖြစ်ခဲ့တယ်ဆိုတာ ရှေ့မှာသွားပြောပြီးအရှုပ်တွေမလုပ်ကြရအောင် မသိချင်ယောင်ဆောင်ပြီးတော့ သူမအပေါ်ကောင်းပေးပြီး ကူညီပေးကြနော် ကြားလား တည်တည်ငြိမ်ငြိမ်နဲ့နော်”
မိန်းကလေးနှစ်ယောက်ကပြန်ပြောလိုက်သည်။ “အဲ့ဒီအစီအစဥ်က မုန့်ချန်ဆိုတဲံမိန်းမကို အရမ်းဒေါသထွက်တာပဲ ငါအရင်က ကန်းခဲ့တာ မုန့်ရှစ်ရွှမ်ကိုလှတယ်လို့ထင်ခဲ့မိတယ် အခုသူ့အမေက အရမ်းရက်စက်တာပဲ”
အတန်းခေါင်းဆောင် : “အိုး ထားလိုက်ပါ ပြောမနေပါနဲ့ ငါလဲအဲ့ကိစ္စနဲ့ပတ်သက်ပြီး တော်တော်ဒေါသထွက်နေတာ”
ကျုံးယို့ယို့ : “…”
ယနေ့သူမကိုဘာကြောင့် ကွဲအက်လွယ်သော ဖန်ပုလင်းလေးကဲ့သို့ ဆက်ဆံနေကြသည်ကို သဘောပေါက်သွားတော့သည်။ အတိတ်ဖြစ်ရပ်များက သူမကိုနာကျင်စေမည်ကိုစိုးသောကြောင့်ပင်ဖြစ်သည်။ ရှီးယွိချီက သူမကိုဖုန်းတွေဆက်တိုက်ခေါ်နေခဲ့သောကြောင့် ကျောင်းသားများ၏ အပြုအမူများကို မထိန်းနိုင်မှာပင် စိုးရိမ်မိခဲ့သည်။
မဟုတ်သေးဘူး ဒီလူတွေရဲ့စိတ်ထဲမှာ ဘယ်လိုအတွေးတွေ ရှိနေကြတာလဲ
ကျုံးယို့ယို့က သည်းမခံနိုင်လုနီးပါးဖြစ်သွားသည်။ အတန်းကိုပြန်၍ လွယ်အိတ်ကိုယူလိုက်သည်။ နောက်ဆုံး၌ အတန်းထဲမှထွက်လာပြီး ကျောင်းပေါက်ဝသို့ မြန်မြန်လျှောက်လာလိုက်သည်။
ရုတ်တရက် နောက်မှလွယ်အိတ်လွယ်ပြီးပြေးလိုက်လာသော ရွှီရှောင်ယွဲ့၏ တားဆီးခြင်းကိုခံလိုက်ရ၏။
“ဘာဖြစ်လို့လဲ” ကျုံးယို့ယို့ဒေါသတို့ လွင့်စင်သွားသည်။ ဤလူအုပ်ကြီး၏ ဦးနှောက်များသည် ကျိန်စာသင့်ကုန်တာဖြစ်နိုင်သည်။
လက်ထဲတွင် မစ်တီးခွက်ကိုကိုင်ထား၍ ရွှီရှောင်ယွဲ့က ရှုပ်ထွေးစွာကြည့်ပြီးပြောလာသည်။ “ကျုံးယို့ယို့ နင်တော်တော်စိတ်ကြီးတာပဲ ဒါပေမယ့်မထူးဆန်းပါဘူး ကလေးအရွယ်တုန်းက တော်တော်ခံစားခဲ့ရတာကိုး”
ခဏရပ်လိုက်ပြီး သူမ မထင်မှတ်ဘဲ ဝယ်လာသည့် မစ်တီးခွက်ကိုကြည့်၍ သက်ပြင်းချလိုက်သည်။ တုံ့ဆိုင်းနေပြီးနောက် ကျုံးယို့ယို့ကိုလှမ်းပေးလိုက်၏။ “အဲ့လိုအကြမ်းဖက်တဲ့ပတ်ဝန်းကျင်မှာ ကြီးပြင်းလာတာက နင့်အတွက်ခက်ခဲခဲ့မှာပဲ အဲ့တာကြောင့် ဒီမစ်တီးတစ်ခွက်နဲ့ နင့်ကိုခွင့်လွှတ်လိုက်မယ် ရော့”
ကျုံးယို့ယို့ : “…”
“ဘာလို့နှေးနေတာလဲ” ရွှီရှောင်ယွဲ့က မစ်တီးခွက်ကို ကျုံးယို့ယို့လက်ထဲထည့်ပေးလိုက်သည်။ ကျုံးယို့ယို့ကြောင်ကြည့်နေသည်ကိုတွေ့သောအခါ သူမလက်မောင်းကိုဖက်လိုက်ပြီး “ပိတ်ရက်ကျရင် ရှော့ပင်းထွက်မလို့ အတူသွားကြမလား”
ကျုံးယို့ယို့က သူမကိုလက်ကို တွန်းထုတ်ရန်ကြိုးစားလိုက်သည်။ “ပိတ်ရက်မှာလုပ်စရာရှိတယ် ပြိုင်ပွဲအတွက် အသံသွင်းဖို့သွားရမယ်”
“ဘာလို့ခုလိုလုပ်နေတာလဲ” ရွှီရှောင်းယွဲ့မပျော်တော့ပေ။ ကျုံးယို့ယို့က သူမကို အဝေးသို့တွန်းထုန်ရန်ကြိုးစားနေသည်။ ထို့ကြောင့် သူမလက်မောင်းပိုတိုး၍ဖက်ထားလိုက်ရာ တွန်းထုတ်၍မရတော့ပေ။ “ ဟေး ငါကနင်နဲ့ငြိမ်းချမ်းရေးယူဖို့ ကြိုးစားနေတာ ဘာလို့အဲ့လိုလုပ်နေတာလဲ”
ပြောပြီးပြီးချင်းပင် သူမဖက်တွယ်ထားသည့် လက်ကို အမျိုးသားတစ်ယောက်က ဆွဲယူသွား၏။
ချင်းယောင်က ကျုံးယို့ယို့ကို သူ့နောက်ပို့လိုက်သည်။
ရွှီရှောင်ယွဲ့ ကျုံးယို့ယို့ကောင်လေးကိုကြည့်လိုက်သောအခါ သူမကကျုံးယို့ယို့ကိုအနိုင်ကျင့်နေသည့်အလား မျက်မှောင်ကြုတ်၍ စိုက်ကြည့်နေ၏။ ရွှီရှောင်းယွဲ့ဒေါသထွက်သွားသဖြင့် ထွက်သွားရန် ကြိုးစားလိုက်သည်။ “နင့်ကောင်လေးရောက်လာပြီပဲ နောက်မှပြောရအောင်”
သူမထွက်သွားပြီးနောက် ချင်းယောင်က ကျုံးယို့ယို့လွယ်အိတ်ကိုယူလိုက်ကာ စိတ်အခြေအနေမကောင်းစွာနှင့်ပြောလိုက်သည်။ “သွားကြစို့”
ကျုံးယို့ယို့က မစ်တီးပိုက်ကိုကိုက်ထားပြီး ချင်းယောင်က သူမလက်ကို ကျစ်နေအောင်ကိုင်ထားသည်ကို ခံစားရ၍ မေးလိုက်သည်။ “ရှင်စိတ်ဆိုးနေတယ်လို့ ကျွန်မဘာလို့ခံစားနေရတာလဲ”
ချင်းယောင်က ရွှီရှောင်ယွဲ့ဖက်ထားခဲ့သော သူမလက်မောင်းကိုစိုက်ကြည့်လိုက်ကာ လေသံကိုထိန်း၍ ပြောလိုက်သည်။ “မဟုတ်ဘူး”
ရက်အနည်းငယ်ကြာပြီးနောက် တရားခွင်စတင်လေသည်။
မုန့်ချန်က တရားခံနေရာတွင်ခေါင်းငိုက်စိုက်နှင့်ကျုံ့ကျုံ့လေးထိုင်နေသည်။ သူမလူထုရှေ့တွင် ပေါ်မလာသည်မှာ ကြာသွားပြီဖြစ်သည်။ သူမက ပိန်လှီသွားကာ မမှတ်မိနိုင်လောက်အောင် ဖြစ်သွား၏။
တရားလိုခုံဘက်တွင် ကျုံးယို့ယို့မဟုတ်ဘဲ ကျုံးကော်ချန်းထိုင်နေ၍ မုန့်ချန်ကို ဒေါသတကြီးစိုက်ကြည့်နေပြီး စားပွဲပေါ်တွင် လက်သီးတင်းတင်းဆုပ်ထားခဲ့သည်။
တရားခွင်မစခင် တစ်ယောက်ယောက်ကို ချင်းယောင်အားဆက်သွယ်၍ ကျုံးယို့ယို့တရားခွင်သို့မလာခြင်းသည် အကောင်းဆုံးဖြစ်လိမ့်မည်ဟု ပြောခိုင်းလိုက်သည်။ ယခုအကြိမ်တွင်တော့ အကြောင်းကိစ္စတစ်ခုခုရှိလာလျှင် သူမ၏အဖေတစ်ယောက်အနေနှင့် ဖခင်တာဝန်ကျေပွန်ရမည်။ သူ့သမီးကိုကာကွယ်ချင်သောကြောင့် တရားလိုခုံတွင် ထိုင်ရန်ဆုံးဖြတ်ခဲ့၏။ သူမထိုင်ခဲ့မည်ဆိုလျှင် သူမကြည့်ရက်ပေ။
ကျုံးယို့ယို့၏အဓိက ပန်းတိုင်သည် မုန့်ချန် အကြီးလေးဆုံးပြစ်ဒဏ်ကျသင့်စေပြီး မြန်နိုင်သမျှ ထောင်ထဲသို့မြန်မြန်သွားရန် ဖြစ်သည်။ တရားလိုနေရာတွင် သူမလုပ်ရသည်ဖြစ်စေ မလုပ်ရသည်မဖြစ်စေ အရေးမပါပေ။
ကျုံးပါပါးတောင်းဆိုလာသောအခါ သူမအနည်းငယ်စိတ်ရှုပ်ထွေးသွားခဲ့သည်။ ကျုံးမိသားစုသည် အရင်ဘဝတင်နေခဲ့သော အကြွေးများကို အခုပြန်ပေးဆပ်ချင်နေသည်များလား။ သို့မဟုတ်လျှင် ကျုံးပါပါးက သူ၏ လူသိများသောမျက်နှာနှင့် တရားရုံးသို့တက်ဖို့နေနေသာသာ ကျုံးယို့ယို့ကကျုံးမိသားစု၏ ဂုဏ်သတင်းကို သက်ရောက်မှုရှိလာနိုင်မည်ကို စိုးရိမ်ကြောက်လန့်နေတတ်သူတစ်ယောက်ဖြစ်သည်။
ယခုတွင်သူက တရားလိုခုံတွင်ထိုင်ရန်ပြောလာသည်။
ကျုံးမိသားစုသည် အတော်ပြောင်းလဲသွားခဲ့သည်။ သို့သော် ကံမကောင်းစွာနှင့် ဆုံးရှုံးသွားပြီးသည့်အရာသည် ဆုံးရှုံးသွားခြင်းသာဖြစ်ပြီး အတိတ်ကိုပြန်သွား၍မရတော့ချေ။
တရားခွင်စသည့်နေ့တွင် သူမနှင့်ချင်းယောင်က ပရိသတ်နေရာတွင်သာထိုင်လိုက်ကြသည်။
ချင်းယောင်ငှားခဲ့သော ရှေ့နေသည် မုန့်ချန်ကိုမေးခွန်းများဆက်တိုက်မေးကာ ပြောစရာစကားမရှိအောင် လုပ်နေပြီး အတိတ်၌ ကျူးလွန်ခဲ့သော ပြစ်မှုတစ်ခုချင်းစီကို ထွက်ဆိုလာရန်တွန်းအားပေးနေသည်။
တရားဥပဒေအောက်တွင် အပြစ်တို့အားလုံးပေါ်လာခဲ့ပြီး သူမငြင်း၍မရသောအခါ မုန့်ချန်ကအော်ဟစ်ငိုယိုတော့သည်။
တရားခွင်သည် တစ်ကြိမ်မကပြုလုပ်ခဲ့ပြီး အချိန်အတော်ကြာမြင့်သွား၏။ နောက်ဆုံးတွင် တရားသူကြီးက သူမကို ထောင်ဒဏ်ဆယ်နှစ်ချမှတ်လိုက်ပြီး ပိုင်ဆိုင်မှုအားလုံးသိမ်းဆည်းရန် ဆုံးဖြတ်လိုက်သည်။
ဆယ်နှစ်။ ကျုံးယို့ယို့နှင့် လူတစ်ချို့မှလွဲ၍ ဂျူရီလူကြီးများနှင့် ပရိသတ်များသည် အသက်အောင့်ထားမိကြသည်။
ဒါကအကြီးလေးဆုံးပြစ်ဒဏ်ပဲ
ပြစ်ဒဏ်ကိုကြားပြီးနောက် ကျုံးယို့ယို့က အသက်ပြင်းပြင်းရှူထုတ်လိုက်ပြီး ခန္ဓာကိုယ်ကိုဖြေလျှော့လိုက်သည်။ လူတိုင်း သူတို့ကျူးလွန်ခဲ့သော ပြစ်မှုများအတွက် ပြန်ပေးဆပ်ရစမြဲပင်ဖြစ်သည်။ မူလဇာတ်ကြောင်းတွင် မုန့်ချန်နှင့် မုန့်ရှစ်ရွှမ် သားအမိနှစ်ယောက်လုံးသည် ဘာမှမပေးဆပ်ခဲ့ရပေ။ သူတို့ကိုလူတိုင်းကသနားကြသည်။ ထို့ကြောင့် မုန့်ချန်ကိုထောင်ထဲသို့ပို့ရန် ကြိုးစားမှုသည် အချည်းနှီးတော့မဖြစ်ပေ။
ချင်းယောင်ကသူမဘေးတွင်ထိုင်နေပြီး သူမလက်တို့ကို ထွေးဆုပ်ပေးထားသည်။
ပြီးဆုံးသွားသောအခါ တရားလိုခုံတွင် ထိုင်နေသော ကျုံးပါပါးကလဲ ခပ်လှမ်းလှမ်းတွင် ရှိနေသည့် ကျုံးယို့ယို့ကိုလှမ်းကြည့်လိုက်သည်။ မုန့်ချန်အပေါ် ဒေါသတို့အပြင် သူ့မျက်နှာတွင် ကျုံးယို့ယို့အတွက် အပြစ်ရှိစိတ်နှင့်နောင်တတို့ကဲ့သို့ တခြားခံစားချက်တို့ရှုပ်ထွေးနေသည်။
ယခုဘဝတွင် ကျုံးယို့ယို့အပေါ် သူ့အပြစ်တို့သည် ကိုးမှတ်လောက်တွင်ရှိသော်လည်း အင်တာဗျူးထားသည်များကို သူ့မျက်လုံးနှင့်ကိုယ်တိုင်ကြည့်လိုက်ရပြီးနောက်တွင် သူသမီးအရင်းအပေါ်ရှိခဲ့သော အပြစ်တို့သည် ညတွင်းချင်း အမြင့်ဆုံးသို့ရောက်ရှိသွားသည်။
စီးပွားရေးစွန့်ဦးတီထွင်သူတစ်ယောက်အဖြစ် သူ့ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် ယုံကြည်ချက်မဲ့ခြင်းနှင့် အင်အားမဲ့ခြင်းတို့ကို ခံစားရ၏။
အကြောင်းမှာ အတိတ်ကိုပြန်၍ပြင်ဆင်မရဘဲ အနာဂတ်သည်လည်း ခန့်မှန်း၍မရပေ။ သူ့သမီးအရင်း ကျုံးယို့ယို့ကလည်း သူ့ကိုခွင့်လွှတ်လာမည်မဟုတ်ချေ။
…
ဟယ်ချုန်ရှန်းက နောက်ဆုံးတရားခွင်တွင် မုန့်ချန်ကိုလာတွေ့ခဲ့သည်။ သို့သော် ယခုတစ်ကြိမ်တွင် မုန့်ချန်က ကွာရှင်းစာချုပ်တွင် လက်မှတ်ထိုးလိုက်ရပြီး သူ၏လျစ်လျူရှုနိုင်ခြင်းကို ဒေါသထွက်နေ၏။ သူမအကြည့်များတွင် မကျေနပ်မှုများနှင့်ပြည့်နှက်နေသည်။
ဟယ်ချုန်ရှန်းသည်လည်း ကူကယ်ရာမဲ့နေ၍ မုန့်ချန်ကြောင့် စီးပွားရေးပျက်စီးကာ အကြွေးပုံထဲရောက်နေပြီး သူမခံစားချက်များကို ထည့်မစဥ်းစားပေးနိုင်တော့ပေ။ တခြားတစ်ဖက်မှကြည့်လျှင် အကျိုးအရှိဆုံးသူဟုထင်မှတ်နိုင်သည်။ ယခုအချိန်မှစ၍ သူ့မိသားစုနှင့် သူ့ကိုယ်သူသာကောင်းကောင်း ဆက်ဆံပြီး မုန့်ချန်နှင့်မပတ်သက်ဘဲနေသည်က အကောင်းဆုံးဖြစ်လိမ့်မည်။
ခေါ်ဆောင်မသွားခံရသေးခင် မုန့်ချန်၏ အုံ့မှိုင်းနေသည့် မျက်လုံးများက ပရိသတ်ထိုင်ခုံများသို့ အပူတပြင်းလိုက်ရှာမိသည်။
...
စာရေးသူမှာ ပြောစရာရှိပါတယ်
ချင်းယောင် : ဒေါသထွက်တယ် အရမ်းဒေါသထွက်တယ်