Chapter 121
သူမနောက်ဆုံးအချိန်ထိ ကာကွယ်ပေးခဲ့သော သူမ၏သမီးအရင်း မုန့်ရှစ်ရွှမ်ရောက်မလာခဲ့ပေ။ မုန့်ချန်ခါးသက်သက်ပြုံးလိုက်၍ မျက်လုံးထောင့်တွင် အရေးအကြောင်းတို့ပေါ်နေပြီး မျက်ရည်တို့လိမ့်ဆင်းလာတော့သည်။
ထိုအချိန်တွင် သူမသည် တရားရုံးအပြင်ဘက်မှ နေရောင်ကိုလှမ်းကြည့်လိုက်သည်။ ဆယ်နှစ်။ ရှည်လျားလှသည့်အချိန်ပင်။ သူမအသက်၄၇နှစ်ရှိပြီဖြစ်၏။ သူမထောင်မှလွတ်လာလျှင် အဖွားအိုကြီးဖြစ်နေလိမ့်မည်။ ယခုလဲ သူမက အဖွားအိုကြီးဖြစ်နေပြီး ဘာမှမသိကာ ခေတ်နှင့်လဲအမှီမလိုက်နိုင်ပေ။ သူမထောင်မှလွတ်လာသည့်အခါ ကျန်ရှိနေသည့်ဘဝတစ်လျှောက်ကို မည်သို့ဖြတ်သန်းရမည်လဲ။
မုန့်ချန်စိတ်ထဲတွင် ဝမ်းနည်းမှုတို့ခံစားလာရသည်။
သူမဘဝကို အခုလိုအခြေအနေထိရောက်အောင် ဘာလို့ရူးမိုက်ခဲ့ရတာလဲ။ သူမရဲ့ နောက်ဆုံးအချိန်လေးကိုတောင် လာတွေ့ဖို့ရှက်နေတဲ့ သူမသမီးအတွက် လုပ်ပေးခဲ့သမျှက တန်ရောတန်ရဲ့လား။
သို့သော် သူမအတွေးထဲတွင် ဘာတွေပင်တွေးနေပါစေ ထုံထိုင်းထိုင်းနှင့်သာ ထောင်သို့လိုက်ပါသွားရတော့သည်။
နောက်ဆယ်နှစ်ကြာသည်ထိ သူမထွက်လာနိုင်မည်မဟုတ်ပေ။
လူထုအမြင်သည် ရပ်တန့်မသွားခဲ့ပေ။ ဤအဖြစ်အပျက်သည် ပြဿနာများစွာကိုဖြစ်စေခဲ့ပြီး အသိုင်းအဝိုင်းများကြားတွင် ဆွေးနွေးစရာများဖြစ်စေခဲ့သည်။ တရားရုံးထဲမှထွက်လာသောအခါ မီဒီယာသတင်းထောက်များနှင့် ကင်မရာများစုအုံလာကြတော့သည်။ ချင်းယောင်က ကျုံးယို့ယို့ကို မီဒီယာများထံမှ ကာကွယ်ပေးနေ၏။ သတင်းထောက်တွေကိုရှောင်ရှား၍ မြေအောက်ကားပါကင်သို့ရောက်ရန် မိနစ်နှစ်ဆယ်လောက်ကြာမြင့်သွားသည်။
ကျုံးယို့ယို့ ကားထဲအရင်ဝင်လိုက်ပြီးနောက် ချင်းယောင်ကဖုန်းဖြေလိုက်သည်။
သူကနည်းနည်းလှမ်းလှမ်းကိုလျှောက်သွားလိုက်ပြီး ကားထဲရှိ ကျုံးယို့ယို့ကိုပြုံးပြလိုက်သည်။ ဖုန်းပြောနေသည့် သူ့အသံကလေးလံနေ၏။ “မုန့်ချန်ထောင်ထဲမဝင်ခင် သူမဆီမှာ ပိုက်ဆံဘယ်လောက်ကျန်သေးလဲ ကြည့်ကြည့်လိုက် ပိုင်ဆိုင်မှုတွေအကုန်အသိမ်းခံလိုက်ရတာဆိုတာရောသေချာလား တစ်ချက်စစ်ပေးဦး”
မုန့်ချန်က သနားစရာကောင်းနေပြီး ပြန်လည်ဆန့်ကျင်နိုင်သည့်ပုံမပေါက်သော်လည်း အရာရာကို သတိထားတာကောင်းသည်။ ကျုံးယို့ယို့၏ ကိစ္စပင်ဖြစ်နေသေးရာ ချင်းယောင်ဂရုမစိုက်ဘဲမနေနိုင်ပေ။ ပိုက်ဆံသည် အရာအားလုံးကိုပြီးမြောက်စေနိုင်သည်။ မုန့်ချန်က ထောင်ထဲမဝင်ခင် ကိစ္စတစ်ခုခုကြံစည်လာပါက ပြဿနာဖြစ်လာနိုင်သည်။
ဖုန်းတစ်ဖက်မှလူက ပြန်ဖြေ၏။ “ကောင်းပါပြီ စိတ်မပူပါနဲ့”
ခဏရပ်လိုက်ပြီး ချင်းယောင်ကပြောလိုက်သည်။ “ပြီးတော့ ထောင်ထဲမှာ သူမ ပင်ပန်းခက်ခဲအောင်လုပ်ခိုင်းလိုက်”
ကျုံးယို့ယို့ကို ထိုအရာများပြောရန်မလိုအပ်သော်လည်း အဆိပ်ပြင်းသည့်မိန်းမကိုကိုင်တွယ်ရဦးပေမည်။
ကျုံးပါပါး၏ကားသည်လည်း တူညီသည့် ကားပါကင်တွင်ရပ်ထား၏။ သူနှင့်လက်ထောက်တို့သည် သတင်းထောက်များကြားမှ တိုးဝှေ့ထွက်လာကြပြီး အင်္ကျီတို့မှာဖရိုဖရဲဖြစ်နေသည်။ ကျုံးပါပါးက အကျီတို့သပ်ရပ်အောင်ပြန်ပြင်နေစဥ် ဖုန်းပြောနေသည့်ချင်းယောင်ကိုတွေ့လိုက်သည်။ သူနှင့်ကျုံးယို့ယို့တို့ ထွက်မသွားသေးပေ။
ကျုံးပါပါးပျော်ရွှင်သွားသည်။ ချင်းယောင်ကားဆီသို့လျှောက်သွားလိုက်ပြီး ကားမှန်ပြတင်းပေါက်ကို ခေါက်လိုက်ကာ ကိုယ်ကိုကိုင်းချလိုက်၍ “ယို့ယို့ နေ့လည်ကျရင်ပါးနဲ့ထမင်းအတူတူစားရအောင်”
ကျုံးပါပါး၏ အကြည့်များတွင်အပြစ်ရှိစိတ်နှင့် စိတ်ဓာတ်ကျမှုများကိန်းအောင်းနေပြီး သူ့အသံကိုထိန်းကာ ပြောလိုက်သည်။
ကျုံးယို့ယို့က သူ့ခေါင်းဘေးဘက်ရှိ ဆံပင်ဖြူနှစ်ပင်၊ သုံးပင်ကို သတိထားမိလိုက်ပြီး အဆင်မပြေဖြစ်လာ၏။ နောက်ဆုံးတော့သူသည် အသက်ငါးဆယ်ပြည့်တော့မည့် သက်လတ်ပိုင်းယောက်ျားတစ်ယောက်ဖြစ်သည်။ သူမခေါင်းခါလိုက်သည်။ “မသွားတော့ဘူး”
မှန်ပြတင်းပေါက်တို့ကျမလာခဲ့ချေ။
ကျုံးပါပါးအနည်းငယ်ရှက်သွားသော်လည်း ဂရုမစိုက်ဘဲ ဆက်ပြောလိုက်သည်။ “ပါး ဟိုတယ်မှာ ထမင်းဝိုင်းဘိုကင်ယူထားပြီးပြီ တို့သားအဖနှစ်ယောက် အိမ်ထမင်းဟင်းလေးစားရအောင်လေ ချင်းယောင်လဲအတူလိုက်လာလို့ရတယ် စိတ်မကောင်းဖြစ်စေမယ့်အရာတွေမပြောဘူးလို့ ပါးကတိပေးပါတယ်”
ကျုံးယို့ယို့ငြင်းလိုက်သည်။ “သမီး သွားစားဖို့ဘိုကင်တင်ပြီးသွားပြီ အဲ့တာကြောင့် စိတ်ပူစရာမလိုဘူး”
သူမလေသံကပြတ်သားနေပြီး ကျုံးကော်ချန်းကို စိတ်မသက်မသာဖြစ်လာစေ၏။ “ပါးကိုခွင့်လွှတ်ပေးဖို့မတောင်းဆိုပါဘူး ထမင်းတစ်နပ်ပဲလေ ထမင်းတစ်နပ်လေးစားဖို့တောင် အဆင်မပြေဘူးလား ဟိုတယ်ကို သမီးစားချင်တာလုပ်ခိုင်းလိုက်မယ်လေ အတူတူစားရအောင်ပါနော်”
ကျုံးပါပါးအသံသည် နူးညံ့နေသည်။
လက်ထောက်ကဘေးတွင်ရပ်၍ ငေးကြည့်နေမိသည်။ လူကြီးမင်းကျုံးသည် ထိုလေသံဖြင့်မည်သူ့ကိုမှမပြောဖူးပေ။ ဤပုံစံသည် လူကြီးမင်းကျုံးအသက်ငယ်သည့်အချိန် ကျုံးကတော်ကို ပိုးပန်းခဲ့စဉ်က ပုံစံကဲ့သို့ နူးညံ့နေသည်။
ကျုံးယို့ယို့က ဤထမင်းတစ်နပ်ကိုမစားချင်ပေ။ ၎င်းက သေချာပေါက်ကသိကအောက်နိုင်သည့် အခြေအနေဖြစ်သည်။ ထို့အပြင် ဤတစ်နပ်အတူစားလိုက်လျှင် ကျုံးမိသားစုက နောက်တစ်ခေါက်အတူစားရန်ကြိုးစားနိုင်လာသည်။ သူမအသည်းမာသော်လည်း ကျုံးပါပါးက သူမအတွက် တရားလိုနေရာတွင်ရပ်ပေးခဲ့သည်။ ထို့ကြောင့် သူမငြင်းလိုလျှင် ပို၍ခိုင်လုံသည့် အကြောင်းပြချက်ရှာရန်လိုအပ်သည်။
ကံကောင်းစွာပင် ချင်းယောင်ကဖုန်းပြောပြီး၍ ကားဆီသို့ပြန်လျှောက်လာသည်။
သူကကျုံးယို့ယို့ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ကျုံးပါပါးကိုပေါ့ပါးစွာပြောလိုက်သည်။ “အန်ကယ် ယို့ယို့မသွားချင်ရင် အရမ်းတွန်းအားမပေးပါနဲ့”
ကျုံးပါပါးဝမ်းနည်းသွား၏။ သူ့သမီးကတကယ်ကို လိုက်လျောဖို့ခက်ခဲနေသေးသည်။ သက်ပြင်းချလိုက်ပြီး ကားမှန်ပြတင်းပေါက်ပေါ်မှ လက်ကိုရုတ်လိုက်ကာ ချင်းယောင်ကားပေါ်တက်သွား၍ ကားထွက်သွားသည်ကို ကြည့်နေလိုက်သည်။
လူတွေအသက်ကြီးလာလျှင် ဖျတ်ဖျတ်လတ်လတ်နဲ့ ဆုံးဖြတ်နိုင်စွမ်းမရှိသော်လည်း ရောက်တတ်ရာရာအတွေးများကြသည်။ လွန်ခဲ့သောရက်များတွင် အင်တာဗျူးမှ အသေးစိတ်အကြောင်းအရာတို့ကိုသိလိုက်ရပြီးနောက် ကောင်းကောင်းအိပ်မပျော်ဘဲ အိပ်မက်ဆိုးတွေမက်ကာ လန့်နိုးလာခဲ့သည်။ အရင်ဘဝမှ အဖြစ်အပျက်များနှင့် ယခုဘဝ အဖြစ်အပျက်များ ခေါင်းထဲတွင် ပြန်ပေါ်လာပြီး နောက်ဆုံးတွင် သူအမှားကြီးမှားခဲ့သည်ဆိုသည့် အချက်အား ဝန်ခံရပေမည်။
ကံကြမ္မာမကောင်းခဲ့သည့် သမီးတစ်ယောက်အပေါ် သေချာချစ်မပေးနိုင်ခဲ့သည်မှာ သူ့အမှားပင်ဖြစ်သည်။
ကားကအဝေးကြီးရောက်မသွားခင်အချိန်ထိ ကျုံးပါပါးက ထိုနေရာတွင်သာ ရပ်နေခဲ့သည်။ လက်ထောက်က အာဏာအပြည့်နှင့် ဩဇာကြီးမားသည့်အနှီလူသည် အသက်ရလာပြီဖြစ်ကြောင်း သိလိုက်ရသည်။ အတိတ်တွင် အမြဲအေးစက်စက်နိုင်ကာ မိသားစုနှင့် သားသမီးတို့အပေါ်တွင် နွေးထွေးနူးညံ့သော်လည်း တခြားလူများကိုတော့ ခက်ထန်ခဲ့သည်။ သို့သော် ယခုတွင်တော့…
တစ်ချိန်တည်းမှာပင် မုန့်ရှစ်ရွှမ်သည် ဟိုတယ်တွင်သာနေနေပြီး လိုက်ကာတို့ကိုလဲမဖွင့်ရဲသလို အခန်းဝန်ဆောင်မှုအတွက်လဲ ဖုန်းမခေါ်ရဲပေ။ ရက်ပေါင်းများစွာ အေးစက်ကာ အကြောက်တရားတို့နှင့် ပြည့်နှက်နေသည့် ရေခဲထုကြီးကဲ့သို့ ခံစားချက်များတွင်နစ်မြုပ်နေခဲ့သည်။ သူမကရေချိုးဇလုံထဲတွင် ကွေးကွေးလေးနေ၍ အရင်ရက်က သတင်းများကို ဖွင့်ကြည့်လိုက်သည်။ ရွှေရောင်မျက်လုံးဥပဒေစနစ် အစီအစဥ်ကိုကြည့်လိုက်၏။ သူမမည်သည့်အရာကိုမှမပြောင်းလဲနိုင်တော့ပေ။ မုန့်ချန်ထောင်ထဲသို့သွားရသည်ကိုပင် မတားဆီးနိုင်ခဲ့ပေ။
လူထုအမြင်များတွင် ဆဲဆိုပုတ်ခတ်မှုများရှိလေသည်။ “သူမလို ဆန်ကုန်မြေလေးက ဘာလို့အသက်ရှင်နေသေးတာလဲ သေသွားသင့်တာ ပြစ်ဒဏ်ကဒီထပ်ပိုပြင်းဖို့ မျှော်လင့်တယ်”
“အမျိုးသမီးနဲ့ ကလေးသူငယ်တွေပြန်ပေးဆွဲခြင်းအပေါ်ထားရှိတဲ့ နိုင်ငံရဲ့ရာဇဝတ်ဥပဒေတွေကို ပြန်လည်ပြဌာန်းသင့်တယ်”
“ကျုံးမိသားစုတကယ်ကို သဘောထားကြီးတာပဲ ဒီလိုလူမျိုးကို သေတဲ့အထိမတွန်းပို့ခဲ့ဘူး အဲ့မိန်းမရဲ့မျက်နှာက တော်တော်ကြည့်ရဆိုးတယ်”
ရှစ်ရွှမ်မျက်ရည်ကျလာပြီး နှုတ်ခမ်းများကိုကိုက်ထားသည်မှာ သွေးများပင်ထွက်လာတော့သည်။ သတင်းတို့ကိုကြည့်လေ ကျုံးမိသားစု၏ တစ်ဖက်သတ်ဆန်သည့်မျက်နှာတို့ကို မုန်းလာလေဖြစ်သည်။ သူမကိုအိမ်ကနှင်ထုတ်သည်သာမက သူမအမေအရင်းကိုလဲ ထောင်ထဲပို့လိုက်သည်။ ဆယ်နှစ်။ ထောင်ထဲတွင် ဆယ်နှစ်ကုန်ဆုံးကာ ပြန်လွတ်လာလျှင်လဲ သူမဘဝကပျက်စီးနေပြီးဖြစ်သည်။ သူမမုန့်ချန်အပေါ်အထင်သေးသော်လည်း သူမ၏အမေအရင်းဖြစ်ပြီး ပြန်လည်တွေ့ဆုံသည့်အချိန်မှစ၍ သူမအပေါ်ကောင်းပေးခဲ့၏။
မုန့်ရှစ်ရွှမ် ကျုံးမိသားစုကို မုန်းသည်။
ကျုံးမိသားစုတစ်စုလုံးသေသွားရန်မစောင့်နိုင်တော့ချေ။ အထူးသဖြင့် ကျုံးယို့ယို့။
သူမတွေးလိုက်ပြီး အံကြိတ်လိုက်ကာ ဖုန်းကိုထုတ်၍ နံပါတ်တစ်ခုကိုခေါ်လိုက်သည်။
“ဟယ်လို ဥက္ကဌရှန်းလား မုန့်ရှစ်ရွှမ်ပါ နောက်ဆုံးထွက်သတင်းတွေကြည့်ပြီးသွားပြီလား ကျွန်မကမ်းလှမ်းစရာရှိတယ် ရှင်စိတ်ဝင်စားမလားမသိဘူး”
******
ကျူမင်းဟိုတယ် အခန်းနံပါတ် (၆၀၁)။
ကျုံးမိသားစုသည် မြေယာလုပ်ငန်းကိုစတင်လုပ်ကိုင်ခဲ့ပြီး ဘဝတိုးတက်ပြောင်းလဲသွားသော်လည်း အခြေခံလုပ်ငန်းမှာ မြေယာလုပ်ငန်းဖြစ်နေဆဲပင်ဖြစ်သည်။ ချင်းမိသားနှင့် ကျုံးမိသားစုတို့အပြင် မြို့ထဲတွင် နာမည်ရသောမိသားစုမှာ ရှန်းမိသားစုဖြစ်သည်။
ထိုရှန်းမိသားစုသည် ကျုံးမိသားစုနှင့်လက်တွဲလုပ်ကိုင်ရန် စိတ်ဝင်တစားရှိသည်။ သို့သော်လည်း ယခင်နှစ်များတွင် ကျုံးကော်ချန်းသည် အလွန်စိတ်အားထက်သန်ခဲ့၏။ ရှန်းအုပ်စု၏ ဥက္ကဌဖြစ်သည့် ရှန်းချီအတွက်တော့ အဆန်းမဟုတ်သော်လည်း သူ၏လုပ်ငန်းပိုင်ဆိုင်မှုတို့နှင့် ယှဥ်ကာ လူတွေကိုအထင်သေးခဲ့သည်။ ထို့ကြောင့် လွန်ခဲ့သည့်နှစ်များတွင် ရှန်းချီလုပ်ငန်းတိုးတက်လာချိန်၌ သူက ကျုံးမိသားစုနှင့်ယှဥ်၍ နေရာတိုင်းတွင် စီးပွားရေးလုပ်ခဲ့၏။ ကျုံးကော်ချန်း၏ ထူးခြားလှသည့် စီးပွားရေးအမြင်နှင့် လုပ်ငန်းတို့တိုးတက်အောင်မြင်နေသော်လည်း ရှန်းချီ၏ လက်စားချေလိုသော ပြင်းထန်သည့် စိတ်ကလဲ ကျုံးလုပ်ငန်းကိုအာရုံတစိုက်ရှိနေလေသည်။
မုန့်ရှစ်ရွှမ်အကူအညီလိုအပ်လျှင် ရှန်းမိသားစုမှ ရှန်းချီသည်သာ အသင့်တော်ဆုံးဖြစ်သည်။
ရှန်းချီသည် ငွေကြေးဆိုင်ရာသတင်းများတွင် နေရာယူထားသည်မှာ နှစ်ပေါင်း၃၀ကျော်ရှိခဲ့ပြီး ငယ်ငယ်နှင့်အောင်မြင်သူဟု သတ်မှတ်ခံထားရသူဖြစ်သည်။ သူက လက်ထဲတွင် ဝိုင်နီဖန်ခွက်ကိုကိုင်ထား၍ ရှေ့တွင်ရှိနေသော ဆံပင်အဝါရောင်နှင့် ငယ်ရွယ်သည့်မိန်းကလေးကိုပြုံး၍ကြည့်နေသည်။
မုန့်ရှစ်ရွှမ်က သိမ်မွေ့လှပသော်လည်း အမျိုးသမီးတစ်ယောက်၏ဆွဲဆောင်မှုတို့ရှိမနေပေ။ သူက သူမပါးစပ်ထဲရှိ အကြောင်းအရာတို့ကိုသာ စိတ်ဝင်စားသည်။
“ပြောပါဦး ကျုပ်ကိုဘာပေးမှာလဲ”
မုန့်ရှစ်ရွှမ်က ကြောက်လန့်မှုတစ်စုံတစ်ရာမရှိဘဲ တည့်တည့်ပင်ကြည့်ကာ ပြောလိုက်သည်။ “ဘယ်လိုထင်လဲ ကျွန်မက ကျုံးအိမ်မှာ နှစ်အကြာကြီးသမီးအရင်းတစ်ယောက်လိုနေခဲ့ပြီး ပြုစုယုယခံခဲ့ရတာဆိုတော့ ကျုံးမိသားစုအကြောင်းကောင်းကောင်းသိတယ် ကြီးကြပ်တဲ့သူတွေ၊ လည်ပတ်နေတဲ့လုပ်ငန်းတွေ၊ ကျုံးကော်ချန်းနဲ့ စီးပွားရေးတွဲဖက်လုပ်သူတွေရဲ့အကြောင်းတွေအထိ ကျွန်မသိတယ်”
ရှန်းချီစိတ်ဝင်စားလာခဲ့သည်။ “အိုး ပြောပါဦး”
“ကျွန်မအရင်ထိုင်လို့ရမလား”
ရှန်းချီက လက်တို့ကိုဖြန့်ကားလိုက်ပြီး “ဒါပေါ့ ထိုင်ပါ ထိုင်ပါ”
မုန့်ရှစ်ရွှမ် အသက်ရှူထုတ်လိုက်ပြီး ရှန်းချီရှေ့တွင်ထိုင်ကာ စတင်ညှိနှိုင်းတော့သည်။ “လူကြီးမင်းရှန်း ကျုံးမိသားစုက နှစ်အများကြီးကြာအောင်ရပ်တည်နေနိုင်တဲ့အကြောင်းအရင်းကိုသိလား ပြောရရင် အရှေ့ဘက်မှာရှိတဲ့မြေယာလုပ်ငန်းကို အခြေကုတ်ထားတဲ့အပြင် ကုမ္ပဏီရဲ့အတွင်းအပြင် စီမံခန့်ခွဲမှုတွေက လုပ်ငန်းအတွက် ကြေးနီနဲ့သံတံတိုင်းတွေလိုပဲ ကျုံးကော်ချန်းကအဲ့အပိုင်းမှာတော်တယ် သူကဆုံးဖြတ်ချက်ချတဲ့ အထူးအဖွဲ့တစ်ခုဖွဲ့ထားတယ် အဲ့အဖွဲ့ကအခရာပဲ ကုမ္ပဏီရဲ့တခြားလုပ်ငန်းတွေနဲ့ပတ်သက်မှုမရှိဘဲ သူ့စီမံခန့်ခွဲမှု အောက်မှာပဲထားတယ်”
“လုပ်ငန်းကိုအတွင်းကနေ ဖျက်စီးမယ်ဆိုရင် သေချာပေါက် အဲ့ဒီ့အဖွဲ့ကနေစရမယ် အဖွဲ့ထဲကို သူလျှိုတစ်ယောက်ထည့်ပြီး ဆုံးဖြတ်ချက်တွေကို နှောင့်ယှက်လိုက်မယ်ဆိုရင် ကျုံးကော်ချန်းသေချာပေါက် ပိုက်ဆံတွေဆုံးရှုံးလိမ့်မယ် ဘယ်လောက်ပဲနည်းပါစေဦး သူကပိုက်ဆံဆုံးရှုံးရတာကိုမုန်းတယ်”
ရှန်းချီကလှောင်ပြောင်လိုက်၏။ “ကလေးမလေး ဒီလောက်အခြေခံကျတဲ့အချက်အလက်တွေကို ငါမသိဘူးထင်လို့လား မင်းကိုဘာအတွက်လိုအပ်ရမှာလဲ”
မုန့်ရှစ်ရွှမ်ကဆက်ပြောလိုက်သည်။ “ဒါပေမယ့် ရှင်မသိသေးတဲ့အချက်ရှိတယ် ကျုံးကော်ချန်းအခုတလော ဘာလုပ်ဖို့ကြံနေလဲသိလား”
ရှန်းချီကမျက်မှောင်ကြုတ်လိုက်၍ “ကျုပ်ရထားတဲ့သတင်းက အစိုးရကမြို့ရဲ့တောင်ပိုင်းကို သုံးနှစ်အတွင်း ဖွံ့ဖြိုးတိုးတက်အောင်လုပ်မယ်ဆိုတဲ့သတင်းကိုသူကြိုသိပြီးနေပြီ ပြီးတော့ အဲ့ဘက်မှာမြေကွက်ဝယ်ပြီး ဂေါ့ဖ်ကွင်းတစ်ခုဖွင့်ဖို့ပြင်နေတယ်လို့ကြားထားတယ် ကျုပ်သူနဲ့လေလံဆွဲရလိမ့်မယ် ဟုတ်တယ်မလား”
“ကျုံးကော်ချန်းသာအဲ့ဒီမြေကိုတကယ်သဘောကျတယ်ဆိုရင် ဘာလို့သတင်းလွှင့်ပြီး ရှင်နဲ့လေလံဆွဲနေမှာလဲ စျေးပိုမြင့်သွားနိုင်ပြီး သူရှုံးသွားနိုင်တယ်မဟုတ်ဘူးလား ရှင်ကျွန်မအဖေကို အထင်သေးလွန်းနေပြီ” မုန့်ရှစ်ရွှမ်လှောင်လိုက်သည်။
ရှန်းချီ သူမကိုကြည့်လိုက်၏။ ကလေးမလေးသည် တကယ်ကို ကျုံးကော်ချန်းအကြောင်းသိသည်။ သူကပြုံးလိုက်ပြီး “ကျုံးမိသားစုကမင်းကို နှင်ထုတ်လိုက်ပြီမလား ဘာလို့သူ့ကိုအဖေလို့ခေါ်နေသေးတာလဲ ဘယ်မှသွားစရာမရှိတော့လို့ ကျုပ်ဆီရောက်လာတာများလား ပြောလက်စကိုဆက်ရအောင် ကျုံးကော်ချန်းရဲ့ အဓိကရည်ရွယ်ချက်က ချန်နန်းမဟုတ်ဘူးဆိုရင် ဘယ်နေရာကမြေကွက်လဲ”
“ထိုက်ကျင်းလမ်းဟောင်း” မုန့်ရှစ်ရွှမ်ပြော၏။ “ကျွန်မ အိမ်ကထွက်မလာခင် သူ့စာကြည့်ခန်းထဲက စာရွက်စာတမ်းတွေကို ဖတ်ကြည့်ခဲ့တယ် သူအဲ့ဖိုင်မှာလက်မှတ်ထိုးထားတယ် မြို့ရဲ့တောင်ဘက်ကမြေကွက်က အာရုံလှည့်အောင်လုပ်ထားတဲ့ လှည့်ကွက်တစ်ခုသပ်သပ်ပဲ ထိုက်ကျင်းလမ်းဟောင်းကိုလုံးဝစျေးတင်မထားဘဲ ထိုက်နန်းကိုပဲ စျေးပိုတင်လိုက်မယ်ဆိုရင် ရှင်ပိုက်ဆံအများကြီးရှုံးလိမ့်မယ် သူကလမ်းကိုပြန်ပြင်ပြီး စီးပွားရေးဗဟိုဌာနအဖြစ်လုပ်ဖို့စီစဥ်ထားတယ်”
ရှန်းချီက ဒီတစ်ခေါက်တွင်တော့ ယုံကြည်သွားပြီးပြောလာသည်။ “ကျုံးကော်ချန်းက တကယ်ကို မြေခွေးအိုကြီးပဲ လှည့်ကွက်ကောင်းလိုက်တာ”
ထိုက်ကျင်းလမ်းဟောင်းကို ပြုပြင်ပြင်ဆင်လျှင် ဒေါ်လာထောင်ပေါင်းများစွာကုန်လိမ့်မည်။ လုပ်ငန်းနေရာအတည်တကျဖြစ်မလာသေးခင် တခြားကုမ္ပဏီများသိသွားမှာကိုမလိုချင်သောကြောင့် သတင်းအမှားတို့ကိုလွှင့်ထားသေး၏။
မုန့်ရှစ်ရွှမ်က အကြံတို့ကိုဆက်ပြောလိုက်သည်။ “အခုလောလောဆယ် ကျုံးလုပ်ငန်းက အဲ့စီမံကိန်းတစ်ခုပဲရှိတယ် သူကထိုက်ကျင်းလမ်းဟောင်းကိုလက်မှတ်ထိုးပြီးသွားပြီးဆိုတော့ စာချုပ်ရလာရင် နောက်ပြန်လှည့်လို့မရတော့ဘူး အခုချိန်မှာ စျေးကိုတင်ခေါ်လိုက်ပြီး သူ့ဘဏ္ဍာငွေထဲမှာပါဖို့ အခွင့်အရေးယူလိုက် ပြီးတော့ အဲ့ဒီထိုက်ကျင်းလမ်းဟောင်းရဲ့ လူနေရပ်ကွက်မှာပြဿနာဖြစ်အောင်စီစဥ်လိုက် ပြဿနာကကြီးမှဖြစ်မယ် ထိခိုက်မိတဲ့သူတွေရှိရင်ပိုကောင်းမယ် အဲ့လိုဆိုရင် ကျုံးကုမ္ပဏီရဲ့ စတော့ရှယ်ယာတွေထိုးကျသွားမှာပဲ ကျုံးကော်ချန်းရဲ့ ဘဏ္ဍာငွေတွေက ဒီနှစ်ချက်နဲ့တင် ကုန်သွားလိမ့်မယ် သူဘာဆက်လုပ်မလဲ ရှင်ကျုံးကုမ္ပဏီမှာ ရင်းနှီးမြှုပ်နှံဖို့အခွင့်အရေးကိုမယူသေးဘူးလား”
“စိတ်ပူစရာမလိုဘူး” ရှန်းချီက ကျေနပ်မှုဖြင့်ပြုံးလိုက်၍ “ကျန်တာကို မင်းထက်ငါက ပိုကိုင်တွယ်တတ်တယ်”
“ဒါပေမယ့်...” သူကရှေ့ကိုကိုင်းလာကာ “မင်းအဖေက ထိုက်ကျင်းလမ်းဟောင်းကို ပစ်မှတ်ထားတယ်ဆိုတာ သေချာလား တကယ်လို့သတင်းကမှားခဲ့မယ်ဆိုရင်...”
“ကျွန်မ ရှင့်ကိုလိမ်မှာမဟုတ်ဘူး” မုန့်ရှစ်ရွှမ်ကကျိန်ဆိုလိုက်၏။ “ကျုံးမိသားစုက တခြားသူတွေထက် ပြိုကွဲပျက်စီးသွားဖို့မျှော်လင့်တယ်”
ရှန်းချီ သူမကိုကြည့်၍ပြုံးလိုက်သည်။
ဒါကတကယ်ကို ဘုရားပေးတဲ့အခွင့်အရေးပဲ ကျုံးမိသားစုကသူမကိုကျောခိုင်းခဲ့ပြီး အခုတော့ သူမက သူ့ဆီကို အရေးကြီးတဲ့သတင်းအချက်အလက်တွေယူလာပေးခဲ့တယ် ဒီတစ်ခေါက်သေချာပေါက် အခွင့်ကောင်းယူပြီး ကျုံးမိသားစုကိုဖြုတ်ချလိုက်မယ်ဆိုရင် နောက်ပိုင်း မိသားစုကြီးလေးခုထဲမှာ သူ့မျိုးရိုး ရှန်း ကသေချာပေါက် ရှိနေလိမ့်မယ်။