အပိုင်း ၁၂၂
Viewers 13k

Chapter 122



မုန့်ချန်၏ထောင်ဒဏ်ပြစ်မှုသည် နောက်ဆုံးတွင် အပြီးသတ်အခြေအနေသို့ ရောက်ရှိလာခဲ့သည်။ သတင်းဌာနများနှင့်ကျောင်း၌ ထိုအကြောင်းကို ပြောဆိုနေကြသူများရှိသေးသော်လည်း ယခင်‌ရှေ့နှစ်ရက်နှင့် နှိုင်းယှဉ်ပါက အတော်လေးလျော့ပါးသွားခဲ့ပြီး  ကျုံးယို့ယို့သည် နောက်ဆုံးတွင် လူအုပ်များကို ရှောင်ရှားရန်အတွက် ဦးထုပ်စောင်းဖို့ မလိုချေ။ 


ဤကိစ္စကို ဖြေရှင်းပြီးသွားခြင်းသည် သူမအတွက် နှလုံးရောဂါကို ကုသနည်း‌ တွေ့သကဲ့သို့ ဖြစ်သည်။


သူမသည် မူလပိုင်ရှင်နှင့် ဆက်စပ်မှုအချို့ရှိသည်ဟု ရေးတေးတေးခံစားရသည်။ မဟုတ်ပါက သူမ၏ ခံစားချက်များသည် တချို့သောအရာများ၌ ပြင်းထန်သည့် အတက်အကျများရှိပြီး သူမသည် သူမ မဟုတ်သကဲ့သို့ ဖြစ်ခဲ့သည်။ ဘာကြောင့် သူမသည် ဤခန္ဓာကိုယ်ထဲသို့ ရောက်လာခဲ့သနည်း။


သို့သော် ထိုအကြောင်း တွေးနေခြင်းက အသုံးမ၀င်ချေ။ ကျုံးယို့ယို့သည် သိပ္ပံပညာဖြင့် ရှင်းပြ၍ မရသည့် ဤကဲ့သို့ ရှုပ်ထွေးသည့်ကိစ္စရပ်များ၌ အချိန်ကုန်ခံမည် မဟုတ်ပေ။


သူမသည် နိုင်ငံတော်အဆင့်ဆီမီးဖိုင်နယ်အတွက် ပြင်ဆင်နေစဉ် ကျုံးရှီယို့ဘက်ခြမ်း၌ သူ၏ ရလဒ်များသည် မကြာခင်က ကိစ္စရပ်များကြောင့် အနည်းငယ် ကျဆင်းခဲ့သည် ။ သူသည် အထက်တန်း ဒုတိယနှစ်၏ လပတ်စာမေးပွဲများ၌  အမြဲတမ်းလိုလို ထိပ်ဆုံး အဆင့် ၃၀အတွင်းတွင် ရှိခဲ့သော်လည်း ယခုအခါ၌ အဆင့် ၈၀ ကျော်အထိ ကျဆင်းသွားခဲ့သည်။ 


ကျုံးရှီယို့သည် လူတော်များထဲမှ တစ်ယောက်ဖြစ်ပြီး ကျောင်းစာနှင့် အားကစားကို ညီမျှအောင် ထိန်းထားနိုင်ခဲ့သည်။ ကောလိပ်ဘတ်စကတ်ဘောပြိုင်ပွဲ၌ ပါ၀င်ပြီး စာသင်ချိန်အမြောက်အများလွတ်ခဲ့ချိန်ကတောင်မှ သူ၏ အဆင့်များက ယခုအတိုင်းအတာအထိ မကျဆင်းခဲ့ပေ။


စာမေးပွဲ၌ ရမှတ်များ အနည်းငယ်လျော့နည်းခြင်းသာ ဖြစ်ပါက အဆင်ပြေနိုင်သေးသော်လည်း  အဓိက ပြဿနာကား  စာသင်ချိန်များ၌ စိတ်လွင့်ပြီး အတွေးများနေခြင်းဖြစ်‌သည်။ သူ၏ဆရာများက နောက်ဆုံးတွင် သူ့အား လျစ်လျူမရှုနိုင်သဖြင့် ဆရာတစ်ယောက်သည်  ရုံးခန်းသို့ စကားစမြည်ပြောရန် ခေါ်ယူခဲ့သည်။


' စကားပြောပေးတာက ဘာအသုံး၀င်မှာလဲ ။ ငါ့မိသားစုက  ပြဿနာတွေကိုမှ ဖြေရှင်းမပေးနိုင်တာ '  ကျုံးရှီယို့က တွေးခဲ့သည်။


ထိုနေ့၌ သူသည် အိမ်သို့ မပျော်မ‌ရွှင် ပြန်လာခဲ့ပြီး ကျုံးပါပါးသည်လည်း ညစာအတွက် အိမ်သို့ ထပ်မံပြန်မလာခြင်းမရှိသည်ကို သိလိုက်ရသည်။ ဤရက်ပိုင်း၌ ကျုံးပါပါး၏ ကုမ္ပဏီသည် ပြဿနာတချို့ ရှိနေပုံရသည်။ အိမ်သို့ပြန်လာသည့်အခါ ညဉ့်နက်နေပြီဖြစ်သည်။ ကျုံးရှီယို့က မေးမြန်းသောအခါ ကျုံးပါပါးသည် ရန်ပုံငွေနှင့် ပက်သက်သည့်ကိစ္စသာဖြစ်ပြီး စိတ်မပူရန် ပြောခဲ့သည်။ သို့သော် ယခု ကျုံးမိသားစု၏ အဆင့်နေရာသည် ကျောက်တုံးကျောက်သားကဲ့သို့ အချိန်ကြာမြင့်စွာ ရှိနေခဲ့သည်ဖြစ်ပြီး လွန်ခဲ့သည့် နှစ်နှစ်မှာ ကျုံးရှီယို့သည် ကျုံးပါးပါး ယခုကဲ့သို့ ဖိအားများကာ ပင်ပန်းနွမ်းနယ်ဖြစ်သည်ကို မမြင်ခဲ့ဖူးချေ။ သူသည် ကုမ္ပဏီ၌ အရေးကြီးသည့် ကိစ္စတစ်ခုခု ကျိန်းသေ ရှိနေ‌လိမ့်မည်ကို စတင်သံသယရှိခဲ့သည်။


သို့သာ် ကျုံးပါပါးက ပြဿနာသည် အသေးအဖွဲဟူ၍ ထပ်လဲလဲ ပြောလာသည့်အခါ သူသည်လည်း စိတ်ထဲ၌ မထားတော့ချေ။


နောက်တစ်နေ့ ကျောင်းဆင်းသည့်အခါ ကျင်းမင်က လက်ထဲ၌ ဘတ်စကတ်ဘောလုံးနှင့် ရောက်လာခဲ့ပြီး " ကျုံးရှီယို့ မင်း ကစား‌မှာလား "


ကျုံးရှီယို့၏ အဆင့်များက ကျဆင်းနေပြီး ထို့အတွက်ကြောင့် နောက်ဆက်တွဲများနှင့် ရင်ဆိုင်နေရပြီး အတန်းပိုင်ဆရာသည်လည်း  အပိုအိမ်စာများ ပေးခဲ့သောကြောင့် သက်ပြင်းကာ ဖြေလာခဲ့သည်။


ကျင်းမင်သည် ကျုံးရှီယို့က ပြီးခဲ့သည့် နှစ်ရက်လုံး ရုပ်သံသတင်းအစီအစဉ်၌ ဖော်ပြခဲ့သည့် ကိစ္စများကြောင့် စိုးရိမ်စရာများနေသည်ကို သိသည်။ ထို့ကြောင့် သူက ကျုံးရှီယို့၏ ပခုံးကို ပုတ်လိုက်ပြီး အကြံဉာဏ်အချို့ ပေးခဲ့သည်။


" အတိတ်က အတိတ်ပဲ ပြီးသွားခဲ့ပြီလေ ။ အခုတွေးပူနေတော့ရော ဘာလုပ်လို့ရမှာလဲ ။ အဲ့ဒီအချိန်က ကျုံးယို့ယို့က မင်းအစ်မအရင်းဆိုတာ မသိခဲ့ဘူးမလား ၊ မင်းကအဲ့အချိန်က အသက်အရမ်းငယ်သေးတယ်မလား ။ ဘာလို့ ကိုယ့်ကိုကိုယ် အပြစ်တင်နေရတာလဲ "


" မင်း နားမလည်ဘူး ပြီးတော့ မင်းမသိဘူး "

ကျုံးရှီယို့သည် စိတ်ရှုပ်ထွေးပြီး သူ၏ ခေါင်းကို ခါ‌နေခဲ့သည်။


ထိုအရာက ကျင်းမင်ပြောကဲ့သို့ ရိုးရှင်းနေမည်ဆိုပါက သူသည် ယခု‌ကဲ့သို့ စိတ်သောကရောက်နေမည် မဟုတ်ပေ။ အဓိကအချက်သည် ကျုံးယို့ယို့ အိမ်သို့ ပြန်ရောက်လာသည့်အချိန် ယခင်ဘ၀ ဖြစ်စေ ယခုဘ၀ဖြစ်စေ သူသည် သူမအား ချစ်ခြင်းမေတ္တာမပေးခဲ့ဘဲ  အေးစက်စွာ တွန်းထုတ်ခဲ့သည်။ ယခု၌ သူ၏အစ်မသည် လွန်ခဲ့သည့် တစ်ဆယ့်ငါးနှစ်တာကာလပတ်လုံး မည်ကဲ့သို့ နေထိုင်ခဲ့ရသည်ကို သိရှိသွားခဲ့ပြီး သူ၏နှလုံးသားထဲမှ အပြစ်ရှိစိတ်သည် ရေအိုင်ထဲသို့ ပစ်ချလိုက်သည့် လေးလံသည့်ကျောက်တုံးပမာ  လှိုင်းဂယက်များဖြစ်နေခဲ့သည်။ 


သို့သော် ကျင်းမင်‌ပြောသည်က မှန်သည်။ သူသည် အပြစ်ရှိစိတ်ဖြင့် ၀မ်းနည်းဒေါသဖြစ်နေသော်လည်း မည်သည့်အရာကိုမှ ပြောင်းလဲနိုင်မည်မဟုတ်ချေ။သူနှင့်အစ်မတို့၏ ဆက်ဆံရေး တိုးတက်လာစေရန် နည်းလမ်းများကို စဉ်းစားခြင်းသည်သာလျှင် ပို၍ကောင်းလိမ့်မည်။


ထိုသို့တွေးရင်း ကျုံးရှီယို့သည် သူ၏ ပခုံးပေါ်မှ ကျင်းမင်၏ လက်ကို ပုတ်ချလိုက်ပြီး ပြောသည်။ " အိုခေကွာ ၊ ခဏနေဦး ၊ ငါ ‌သန့်စင်ခန်းဆီ သွားလိုက်ဦးမယ် ၊ ပြီးရင် တစ်ပွဲ ဆော့ရအောင် " တခါတရံ၌ ချွေးထွက်သွားမည်ဆိုလျှင် ခံစားချက်က ‌ပိုကောင်းလာလိမ့်မည်။


သူ သန့်စင်ခန်းထဲသို့ ၀င်သွားသည့်အခါ အပြင်ဘက်မှ ရေဖွင့်ထားသံနှင့်အတူ စကားစမြည်ပြောကာ ရယ်မောနေကြသည့် အထက်တန်းကျောင်းသားများတချို့၏ အသံများကို ကြားနေရသည်။  သူက ဘောင်းဘီဇစ်ကို ဖွင့်ရန် ခေါင်းငုံလိုက်ပြီး ထိုသူတို့ကို အာရုံစိုက်မနေခဲ့ချေ။  သို့သော် ကျောင်းသားတစ်ယောက်က ကျုံးယို့ယို့နာမည်အား ထည့်သွင်းပြောကြားလာသည်ကို သူ ကြားလိုက်ရသည်။


ကျုံးယို့ယို့သည် ကျောင်း၏ ပန်းပွင့်လေးဖြစ်ပြီး ကျုံးရှီယို့ကဲ့သို့ ထင်ရှားသည့် သူတစ်ယောက် ဖြစ်သည်။ ထို့အပြင် ကျုံးမိသားစုသည် အိမ်ခြံမြေသူဌေးကြီးဖြစ်ပြီး သူတို့သည် နေ့စဉ်နေ့တိုင်း မျိုးစုံသော သတင်းအကြောင်းအရာများ၌ ခေါင်းကြီးသတင်းပိုင်းများအဖြစ် အကြိမ်ဒါဇင်ပေါင်းများစွာ မဟုတ်လျှင်တောင်မှ အနည်းဆုံး တစ်လလျှင် ဆယ်ကြိမ်ခန့်ရှိ၏ ။ မောင်နှမ နှစ်ယောက်လုံးသည်လည်း ကျောင်းသားများ၏ အာလာပသလာပ စကား၀ိုင်းများ၌ အဓိက အကြောင်းအရာဖြစ်ပြီး ချီးကျူးမှု၊‌ ဝေဖန်မှု၊အားကျမှု၊မုန်းတီးမှု စသဖြင့် ထင်မြင်ချက်များစွာရှိကြ၏။ ထို့ကြောင့် ကျုံးရှီယို့သည် အသားကျနေပြီး  များများမတွေးချေ။


သို့သော် အနည်းငယ် နားထောင်းပြီးသည့်နောက်တွင် သူ၏ မျက်နှာအမူအရာသည်  ကြိတ်မှိတ်ဒေါသထွက်နေသကဲ့သို့ ဖြစ်လာခဲ့သည်။


" မင်းတို့ အစီအစဉ်ကို ကြည့်ပြီးကြပြီလား။ အဲ့ဒါက နည်းနည်းတော့ ဘက်လိုက်မနေဘူးလား ။ဟားဟား ။ အင်တာဗျူးသူတွေထဲက တစ်ယောက်က ပြောတာ ငါတို့ကျောင်းရဲ့ ပန်းပွင့်အလှလေးက ငယ်ငယ်တုန်းက ပေါင်မုန့်ခိုး‌ခဲ့လေ့ရှိတယ်ဆို  "


" ငါလည်း ကြည့်ခဲ့တယ် ။ အဲ့ဒါက သေအောင် အံ့ဩစရာကြီး  ၊ အခု သူမက ကျုံးမိသားစုဆီရဲ့ ချမ်းသာတဲ့ မမလေးအဖြစ် ပြောင်းလဲသွားပြီ ။ သူ့ငယ်ဘ၀က အရမ်းသနားစရာ ကောင်းပြီး သူမငယ်ငယ်တုန်းက အဲဒီလို ခိုးကြောင်ခိုး၀ှက်ကိစ္စမျိုး လုပ်ခဲ့တယ်ဆိုတာ တွေးကြည့်ဖို့တောင် ခက်ခဲသွားပြီ " သူတို့ထဲမှ တစ်ယောက်က ပြော၏ ။ 


" သူမက အဲ့လို ပတ်၀န်းကျင်မျိုးမှာ ကြီးပြင်းလာခဲ့တာ အသက်ရှင်အောင်နေထိုင်နိုင်စွမ်းက မြင့်လောက်တယ် ။ သူမကလည်း အတော်လေး အကြံသမားဖြစ်နိုင်တာပဲ ။ ပြန်ရောက်ရောက်ချင်း မုန့်ရှစ်ရွှမ်ကို အိမ်ကနေ နှင်ထုတ်ပစ်လိုက်ပြီး မွေးစားအမေကို ထောင်ထဲ ပို့လိုက်တာကိုပဲ ကြည့်လေ ။ ရက်နည်းနည်း‌လောက်တောင် ရှိပြီ မုန့်ရှစ်ရွှမ်က ခုထိ ကျောင်းမလာသေးဘူး ။ တကယ်၀မ်းနည်းစရာပဲ   " တခြားတစ်ယောက်က ၀င်ပြောခဲ့သည်။


" ငါလည်း သဘောတူတယ် ၊ အဲ့အချိန်က ဖြစ်ခဲ့တဲ့ကိစ္စက ထောင်ကျသွားတဲ့ သူကို အပြစ်တင်ရမယ် ၊ ဒါပေမဲ့ ကျုံးယို့ယို့ကလည်း အဲ့ဒီလို ဆုံးရှုံးနစ်နာမှုမျိုးကို လွယ်လွယ်ခံစားမဲ့ သူမျိုးဖြစ်မယ့်ပုံ‌ မပေါ်ပါဘူး " တတိယတစ်ယောက်က ပြောလာသည်။


သူတို့သုံးယောက်သည် နောက်ပြောင်ပြောဆိုနေကြပြီး ရုတ်တရက် သူတို့နောက်က သန့်စင်ခန်းများဆီမှ ကျယ်လောင်သည့် ဆူညံသံကို ကြားလိုက်ရသည်။ ထိတ်လန့်တကြားဖြစ်သွားကြကာ လှည့်ကြည့်လိုက်ကြသည်။


ကျုံးရှီယို့သည်  ဒေါသထွက်နေသည့် မျက်နှာနှင့် အထဲမှ ထွက်လာခဲ့ပြီး ဒေါသတကြီး ပြောသည်။

" ဘာအဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ မင်းတို့တွေ သေချင်နေကြတာလား "


******

အထက်တန်းတတိယနှစ်များ ကျောင်းဆင်းသည်နှင့် လီသုန်းဖျင်သည် ကျုံးယို့ယို့ဆီသို့ လျှောက်လာပြီး  သုံးမြောင်းထောင့်တြိဂံပေတံဖြင့် သူမစားပွဲကို ခေါက်လိုက်ပြီး ပြောခဲ့သည် ။

" ကျုံးယို့ယို့ ဆရာနဲ့ ရုံးခန်းလိုက်ခဲ့ "


တက္ကသိုလ်၀င်ခွင့်စာမေးပွဲမတိုင်မီ လအနည်းငယ်သာလျှင် ကျန်ရှိပြီး လီသုန်းဖျင်နှင့် တခြားဘာသာရပ်ပြဆရာများသည် အဆင့်မကောင်းသည့် ကျောင်းသားများ၊ ပျမ်းမျှအဆင့်ရှိ ကျောင်းသားများနှင့် အသင့်အတင့်အဆင့်ရှိသည့် ကျောင်းသားများကို အုပ်စုများခွဲကာ အချိန်ပိုသင်ကြားပေးရန်အတွက် အစီအစဉ်ဆွဲခဲ့ကြသည်။


မူလက လီသုန်းဖျင်သည် အတန်းနိမ့်များအတွက် ထိုကဲ့သို့ အကြံမရှိခဲ့ပေ။  သို့သော် မကြာခင်က ပြုလုပ်ခဲ့သည် လပတ်စာမေးပွဲက သူ့အား မျှော်လင့်ချက်အသစ် ပေးခဲ့သည်။ ကျောင်းသားများက အလွန်ကြိုးစား‌နေလျက်ရှိပြီး တိုးတက်လာခဲ့သောကြောင့် ဆရာများသည်လည်း ကူညီရန် လက်ကမ်းမပေးပဲနေရမည်နည်း။ 


သို့သော် သူနှင့် တခြားသောဆရာများသည် အားလုံးအတွက် အချိန်နှင့် အားအင်များမရှိကြသည်ကို သဘောပေါက်ခဲ့သည်။ ထို့ကြောင့် ကျုံးယို့ယို့နှင့် ရန်ကျီအန်းကဲ့သို့ ထိပ်ဆုံးအဆင့်ရှိကြသူများက အနည်းငယ် ကူညီပေးနိုင်မည်ဆိုလျှင် ဆရာများအတွက်လည်း ပိုမိုလွယ်ကူစေပြီး အကောင်အထည်ပေါ်ရန် ကြိုးစားအားထုတ်ရခြင်းမည်ဖြစ်သော်လည်း ခက်ခက်ခဲခဲဖြစ်မည်မဟုတ်ချေ။


ထို့အပြင် စာသင်ခန်းအတွင်း၌ စာလေ့လာခြင်းအခြေအနေက အလွန်ကောင်းမွန်နေရသည့် အဓိကအကြောင်းရင်းများထဲမှ တစ်ချက်သည်  ကျုံးယို့ယို့ကြောင့် ဖြစ်သည်ကို သူ မြင်နိုင်၏။ သူမသည် ထိုအပျော်မက်သည့်ကလေးများကို စိတ်ဓာတ်လှုံ့ဆော်ပေးခဲ့သည်။


သူသည် ကျုံးယို့ယို့နှင့် ရန်ကျီအန်းတို့ကို ရူံခန်းသို့လာစေခြင်းသည် ဤကိစ္စနှင့် ပက်သက်ပြီး ဆွေးနွေးလိုသောကြောင့်ဖြစ်သည်။


" ဟုတ်ကဲ့ " ကျုံးယို့ယို့က ခေါင်းငြိမ့်လိုက်သည်။ 


ထိုအချိန်၌ ဒုတိယနှစ်ကျောင်းသားတစ်ယောက်သည် စာသင်ခန်းထဲသို့ အလောတကြီး အပြင်ဘက်မှ ရုတ်တရက် ပြေး၀င်လာခဲ့ပြီး ကျယ်လောင်စွာဖြင့် " ကျုံးယို့ယို့ ဒီမှာရှိလား "


အတန်း (၁၉)မှ တံခါးအနီးအနားရှိ ကျောင်းသားတစ်ယောက်သည် ထိုသူကိုကြည့်ရင်း မေးလိုက်သည် ။  " ဘာလို့ ဒုတိယနှစ်က ငါတို့စီနီယာအတန်းက ကျုံးယို့ယို့ကို ရှာနေတာလဲ "


ကျုံးယိူ့ယိူ့က ထွက်လာခဲ့ပြီး မေးသည်။

" ဘာကိစ္စရှိလို့လဲ "


ကျင်းမင်သည် စိုးရိမ်တကြီးရှိ‌ပြီး  ချွေးများထွက်နေကာ  " မကောင်းတော့ဘူး အစ်မမောင်က လူသုံးယောက်ကို ဆေးရုံရောက်တဲ့အထိ ထိုးပစ်လိုက်တယ် "