အပိုင်း ၆၅
Viewers 11k

🧑‍⚕️Chapter 65



ရှန့်ဖန်းယွိ ဆေးတက္ကသိုလ် ရှိ သူ၏အတန်းမှပြန်လာပြီး ရုံးသို့သွားရမည့်အစား ခွဲစိတ်ခန်းသို့ အရင်တန်းဝင်သွားခဲ့သည်။

"ကျန်းရွှိ ထွက်မလာသေးဘူးလား..."
သူ့နာရီအားလှမ်းကြည့်ကာ

"နာရီနဲ့ ချီ ပြီးကြာနေပြီကို…"

"အခြေအနေတွေက မျှော်လင့်ထားတာထက် ပိုရှုပ်ထွေးတယ်..."
ဆရာဝန်က ခေါင်းကို ခါယမ်းကာ ဆက်ပြောသည်။

" ဒါဟာလွယ်ကူတဲ့ ခွဲစိတ်မှုမဟုတ်ဘူး..ဒေါက်တာ ကျန်းလည်း အဲ့ဒါကိုသိပြီးသားပါ…ဒီနေ့အဲဒီခွဲစိတ်မှု တစ်ခုတည်းကိုပဲ စီစဉ်ထားတာပါ.."

သူသည်ပြတင်းပေါက်မှလှမ်းကြည့်လိုက်ကာ
" ကျွန်တော်လည်း ဘယ်လောက်ကြာမယ်ဆိုတာကိုမသိပါဘူး"

" သူအစားရော စားသွားလား.."
ရှန့်ဖန်းယွိက ထပ်မေးသည်။

"မစားသွားဘူး.."ဆရာဝန်က ပြောသည်။

"သူကလည်း…အကျိတ်ကို ခွဲဖို့ကြိုးစားနေတာကို…မင်းအာရုံနည်းနည်း ပြန့်သွားတာနဲ့ အကျိတ်ကို သေချာ မဖြတ်ထုတ်နိုင်တော့ဘူး…လူတွေလည်း ပြောင်းမရတော့ဘူး…ဘာမှ ရပ်မရတော့ဘူး အဲဒီအခါကျ…"သူ တကိုယ်တည်း ရေရွတ်နေသည်။

ရှန့်ဖန်းယွိ သူ့့စကားများကြောင့် စိတ်ဓာတ်ကျသွားသည်။

သူသည်အဝတ်အစားပြောင်းဝတ်ရန် လော့ကာ အခန်းသို့သွားပြီး ဧည့်ခန်းမှ မှနို့ဘူးတစ်ဘူးယူကာ ဘူးမျက်နှာပြင်အား အကြမ်းဖျင်းပိုးသတ်လိုက်သည်။ ပိုက်ကိုကောက်ထည့်ပြီး ကျန်းရွှိ ကင်ဆာအကျိတ်ခွဲစိတ်နေသောခွဲစိတ်ခန်းသို့ လမ်းလျှောက်သွားသည်။

အဓိကအကျိတ်ကိုဖယ်ရှားလိုက်ပြီးသော်လည်း အန်းဝေသည်ထွက်သွားရန်အလျင်မလိုခဲ့ပေ။ ကျန်းရွှိက သူ့အားသတိမပြုမိသော်လည်းအန်းဝေက သူလာသည်ကိုမြင်သောအခါ ရှန့်ဖန်းယွိအား ခေါင်းညိတ်ပြသည်။

သူသည် ကျန်းရွှိ အနောက်မှ လှည့်ပတ်သွားပြီး သူ့အနားရှိသူနာပြုအား မျက်လုံးများဖြင့်အချက်ပြလိုက်သည်။ထို့နောက်ပိုက်အားပါးစပ်ထဲသို့မထည့်မီ ကျန်းရွှိ၏နှာခေါင်းစည်း ကိုအနည်းငယ်ပင့်လိုက်သည်။

အချိန်ကြာကြာခွဲစိတ်ကုသမှုသည် ရုပ်ပိုင်းဆိုင်ရာစွမ်းအားကိုလျော့ကျစေသည်။ ယေဘုယျအားဖြင့်သူနာပြုများသို့မဟုတ်လက်ထောက်ဆရာဝန်များသည် ဤနည်းလမ်းကို အသုံးပြု၍ ခွဲစိတ်ဆရာဝန်ကြီးအတွက် လိုအပ်သော စွမ်းအင်ကို ပြန်လည်ဖြည့်တင်ပေးကြသည်။ ကျန်းရွှိ သည် သူ၏လက်များကိုဆက်လက်ရွေ့လျားနေကာ ပိုက်ကိုကိုက်ရန် ပါးစပ်ကိုသတိရှိရှိနှင့် ဖွင့်လိုက်သည်။ ရှန့်ဖန်းယွိသည် နို့ဗူးမှနို့ကုန်သည်အထိ ကျန်းရွှိ၏ လည်ဆံ လှုပ်နေသည်ကိုကြည့်ပြီးနောက် ဘူးကို ပြန်ယူပြီး သူ၏မျက်နှာဖုံးကို နောက်ကျောမှတဆင့်လက်တစ်ဖက်ဖြင့် ကူပြင်တပ်ပေးလိုက်သည်။

သူ့အနားတွင် သူနာပြုကတစ်ခုခုပြောချင်ပုံပေါက်နေသော်လည်း ရှန့်ဖန်းယွိက အသံထွက်စရာမလိုကြောင်း အချက်ပြပြီးနို့ဘူးကိုင်ကာ လှည့်ထွက်သွားသည်။သူနာပြုသည်သူ၏နောက်ကျောကိုကြည့်နေခဲ့ပြီး အံ့ဩစွာ မှင်သေသေနှင့် ရပ်နေမိသည်။

သူကခွဲစိတ် ဦးထုပ်ကိုဝတ်ထားကာ နှာခေါင်းစည်းသည်လည်း အလွန်မြင့်သောကြောင့်သူနာပြုက သူ့မျက်နှာအား ဂရုတစိုက်မကြည့်ခဲ့ပေ။ အစာစားချိန်တွင်ဆရာဝန်၏အာဟာရကိုဖြည့်စွက်ရန်လာသော ပုံမှန်သူနာပြုသာဖြစ်သည်ဟုတွေးလိုက်ချိန်တွင် သူက သူနာပြုအားတိတ်တိတ်နေရန် အချက်ပြသောအခါမှသာ ရှန့်ဖန်းယွိဖြစ်နေမှန်း သိလိုက်ရသည်။ တကယ်ပင် ဒေါက်တာ ရှန့်ဖြစ်နေခဲ့သည်။

သေစမ်း… ဒေါက်တာရှန့်နဲ့ ဒေါက်တာကျန်းက ရန်သူဟောင်းတွေ မဟုတ်ဘူးလား…။

သူနာပြုက ကျန်းရွှိအား ကြည့်လိုက်သည်။ ကျန်းရွှိသည် ခွဲစိတ်နေသည်ကိုသာ အပြည့်အဝအာရုံစိုက်နေကာ မည်သူလာခဲ့သည်ကို သူမသိခဲ့ပေ…။

"ချွေးသုတ်ပေးပါ"

ကျန်းရွှိက ရုတ်တရက်ပြောလိုက်သည်။

"အို့…ဟုတ်ကဲ့ပါ"
သူနာပြုသည်သူ၏နဖူးထောင့်မှချွေးများကိုအလျင်အမြန်သုတ်ပေးလိုက်ပြီး သူစောနက ကြုံခဲ့ရသည့် ထူးဆန်းမှုများအား မေ့ပစ်လိုက်သည်။

ချွေးများသုတ်ပြီးတဲ့နောက်တွင်လည်း သူနာပြုက သူမြင်လိုက်သည်နှင့်ပတ်သက်၍ ဖြစ်နိုင်ချေ ကို တွေးမိသွားသည်။ ဂျူတီကျနေသောသူနာပြုမှ အလုပ်ရှုပ်နေသော ကြောင့် ဒေါက်တာ ရှန့်အား အကူအညီတောင်းလိုက်သဖြင့် မည်မျှပင် မရင်းနှီးသည်ဖြစ်စေ ဒေါက်တာရှန့်ကကူညီခဲ့ခြင်းဖြစ်နိုင်သည်။

ထို့ပြင် သူသည် ကျန်းရွှိအား ကြည့်ပင်မကြည့်ခဲ့၊ခွဲစိတ်ဆရာဝန်က ကျန်းရွှိဖြစ်ကြောင်း သူမသိခဲ့ခြင်းဖြစ်နိုင်သည်။

သူ့အတွေးနှင့်သူပင် သူနာပြုက ကျန်းရွှိအား လှမ်းကြည့်ကာ ခေါင်း တညိတ်ညိတ်နှင့် ထောက်ခံနေလိုက်သည်။

နောက်ထပ်နှစ်နာရီကြာမျှ စောင့်ဆိုင်းပြီးနောက် ကျန်းရွှိသည်ငြီးငွေ့ဖွယ်ကောင်းသောမျက်နှာထားဖြင့်ဖြင့်ခွဲစိတ်ခန်းမှထွက်လာပြီး ရှန့်ဖန်းယွိအား တွေ့သောအခါ သူ၏ မျက်လုံးထဲမှာပင်ပန်းနွမ်းနယ်မှုများအားလုံး ပျောက်ကွယ်သွားသည်။

"အခြေအနေ ဘယ်လိုလဲ..."

"အဆင်ပြေပြေပြီးသွားတယ်…သူ့အတွက် မျော်လင့်ချက် ရှိတယ်လို့ ငါထင်တယ်..."

ရှန့်ဖန်းယွိသည်သူ၏ပခုံးပေါ်သို့ လက်တင်၍ ကျန်းရွှိအား ခပ်ပြင်းပြင်း နှိပ်နယ်ပေးသည်။ သူ့ကိုထပ်သတိပေးရန်မမေ့ဘဲ

"အဲ့အကြောင်းကို လူနာကိုမဟုတ်ဘဲ ငါ့ကိုပဲပြော…"

ကြွက်သားများနာကျင်မှုသည် ကျန်းရွှိ၏အာရုံကြောများကို များစွာသက်သာစေသည်။ ရှန့်ဖန်းယွိ၏စကားများအရ…သူသည်ရှန့်ဖန်းယွိထံမှ အကြည့်များမရုပ်သိမ်းမီ

"အေးပါ ငါသိပါတယ်…"

ရှန့်ဖန်းယွိသည် ခေါင်းညိတ်ပြလိုက်ကာ သူ၏လက်များအားအလယ်သို့ ဦးတည်လိုက်သည်။ သူ့လည်ပင်း၏နောက်ကျောဘက်ကိုနှိပ်ရန်အဆင်သင့်ဖြစ်သော်လည်း ကျန်းရွှိ ကသူ့အား တားရန်လက်ကိုမြှောက်လိုက်သည်။

သူက ရှန့်ဖန်းယွိအား အဓိပ္ပာယ်ပါပါကြည့်ကာ
"နောင်လည်း ငါ့လည်ပင်းကိုမထိပါနဲ့"

ရှန့်ဖန်းယွိ သည်စကားပြောနေရင်းမှ တစ်ခုခုအား ရုတ်တရက် သတိရသွားကာ အနည်းငယ်လှောင်ပြောင်သောအပြုံးဖြင့်ပြောလိုက်သည်။

“ ငါ က လည်ပင်းသွေးကြောရဲ့ ဖိအားကို မထိန်းနိုင်မှာ စိုးလို့ကြောက်တာလား… ယားတတ်လို့လား"

ကျန်းရွှိ ဘာမျှမပြောသည်ကို မြင်သောအခါ သူကရှေ့ကိုကိုင်း၍ ကျန်းရွှိ၏ လည်ပင်းနောက်သို့ လေဖြင့်မှုတ်လိုက်သည်။ ကျန်းရွှိသည်ရုတ်တရက် မတ်တပ်ထရပ်ကာ သူ့အား ဒေါသဖြင့်ကြည့်သည်။

ရှန့်ဖန်းယွိသည်သူ၏ခေါင်းပေါ်တွင် လက်ကိုချက်ချင်းမြှောက်ပြီး၍ လျင်မြန်စွာတောင်းပန်လိုက်သည်။

“ ငါမှားသွားပါတယ် …နော်"

ထို့နောက် ကျန်းရွှိ၏ ဖော်ရွေမှုမရှိသော စူးစိုက်ကြည့်နေသော အကြည့်အောက်တွင်

"..... ငါနောက်ထပ်မလုပ်ရဲတော့ပါဘူး"ဟုပြောလိုက်ရသည်။

လျန်းမြောင် ၏ ခွဲစိတ်ကုသမှုဆိုင်ရာပြန်လည်ထူထောင်ရေးသည် အလွန်မြန်ဆန်သည်။ ဓာတုကုထုံးအား တဖြည်းဖြည်းအစီအစဉ်အတိုင်းထည့်သွင်းကုသသည်။ ကျန်းရွှိသည် အနားမယူမီ သူမအားစစ်ဆေးရန် လူနာဆောင်သို့သွားခဲ့သည်။သို့သော်သူသည်တံခါးဝသို့ရောက်လာသည်နှင့် ရှန့်ဖန်းယွိနှင့်ဆုံရန်မမျှော်လင့်ခဲ့ပါ။

လူနာဆောင်များသည်အခန်းသုံးခန်းပါဝင်ကာ ကုတင်နှစ်ခုအကြားလိုက်ကာကြီးများရှိသည်။တံခါးနှင့်အနီးဆုံးအိပ်ရာသည် ပြဿနာသိပ်မရှိသော်လည်း အလယ်ကုတင်များ အကြားတွင် လိုက်ကာများကို ချိတ်ဆွဲထားသည်။

လျန်းမြောင်သည် အခန်း၏ အတွင်းဆုံးနေရာမှ ကုတင်ပေါ်တွင် အိပ်ပျော်နေကာ ကျန်းရွှိ က သူမအခြေအနေစစ်မေးခါနီးတွင် သူ့နောက်မှရုတ်တရက်ကြီး ထွက်လာသော ရှန့်ဖန်းယွိက လက်ကိုမြှောက်ပြီးသူပြောတော့မည့်စကားလုံးများပိတ်ဆို့ကာ အရှက်တကွဲအကျိုးနည်းဖြစ်သွားစေသည်။

ကျန်းရွှိသည်သူ၏နောက်ကျော နွေးထွေးသောပွေ့ဖက်မှုထဲသို့နစ်ဝင်သွားသောအခါအံ့အားသင့်သွားပြီး

"အကယ်၍ မင်းလှုပ်တာနဲ့ ငါလည်ပင်းကိုထိမှာနော်…ဟုတ်ပြီလား"

ရှန့်ဖန်းယွိ က အသံတိုးတိုးဖြင့်ရုတ်တရက်ခြိမ်းခြောက်သောအခါ ကျန်းရွှိက ပြန်လည်တိုက်ခိုက်တော့မည့်ဟန်ပြင်လိုက်သည်။

"...... "

ကျန်းရွှိက ရှန့်ဖန်းယွိ အဘယ့်ကြောင့် လိုက်စနေသည်ကို သိချင်သွားသည်။ခဏအကြာတွင် သူသည် လိုက်ကာအတွင်းမှလာသည့်အသံကိုကြားခဲ့ရသည်။

ပြတင်းပေါက်အပြင်ဘက်မှ လေပြေသည် အဖြူရောင်လိုက်ကာနှစ်ခုအား ဝင်တိုးလိုက်သောကြောင့် ခပ်မှေးမှေးအရိပ်နှစ်ခုပေါ်လာသော်လည်း ကျန်းရွှိသည် မည်သူ့ကိုမျှ မမြင်နိုင်ပေ။ မိန်းကလေးနှစ်ယောက်စကားပြောနေသည်မှာမူ သေချာသည်။

"ငါသိရတာ နင့်နာမည်က လျန်းမြောင်တဲ့ …တိုက်ဆိုင်မှုသိပ်များလွန်းတယ်နော်…ငါ က လျန်းဟန် ပါ ငါတို့နာမည်တွေက ညီအစ်မတွေလိုမျိုးနဲ့ တူတယ်လို့မထင်ဘူးလား"

" တိုက်ဆိုင်လိုက်တာ…ငါတို့တွေ အသက်လည်း တူလောက်မယ်ထင်တယ်…"
လူနာက ပျော့ပြောင်းသောအသံနှင့်ပြောသည်။ ”

"ဟုတ်တယ်…နင်က ဘာရောဂါဖြစ်နေတာလဲဟင်"

လျန်းဟန် ကသူမကိုမေးပြီးတဲ့နောက်လျန်းမြောင်၏အဖြေကိုမစောင့်ပဲ သူမအခြေအနေကိုအရင်ပြောခဲ့သည်။

" ငါနေမကောင်းဖြစ်မယ်လို့မတွေးမိခဲ့ဘူး…. ဒါပေမယ့်ငါ့ဆီမှာ ကင်ဆာအကြိတ် တစ်ခုကို မမျော်လင့်ပဲ တွေ့ ခဲ့ရတယ်…ဆရာဝန်က ငါကအဲ့ဒီအကြိတ်ကြောင့် ရာသီသွေးတွေ အများကြီး ဆင်းနေတာလို့ပြောတယ်…ငါလေသေလောက်အောင်ကြောက်တယ်… ငါအရင်ကဒီလိုရောဂါကြီးမျိုး တစ်ခါမှမကြုံဖူးဘူး…ဒီ ရက်အနည်းငယ်အတွင်းမှာပဲ ငါ ခွဲစိတ်ခန်းဝင်ရမယ်တဲ့…"

သူမသည် အမှန်တကယ်ကြောက်လန့်စွာပြောပြသည်။ တစ်ဦး နှင့်တစ်ဦး နှစ်သိမ့်မှုအနည်းငယ်ရရန်ကြိုးစား၍ ပြောနေကြသည်။

"နင်လေ ခွဲစိတ်ခန်းဝင်ဖူးလား"

လျန်းမြောင် ကသူမအားကြည့်လိုက်သည်။ သူမသည် နူးညံ့သိမ်မွေ့သောမျက်လုံးများသည် မနာလိုစွာအနည်းငယ်ဖြင့်တောက်ပနေသည်။

" ငါခွဲစိတ်ခဲ့ပေမယ့် ...... အရမ်းနေမကောင်းဖြစ်နေပုံရတာပဲ….ငါ့မိဘတွေကတော့ အမြဲ ဘာမှမပြင်းထန်ပါဘူးသာ ပြောနေတာ…ဘာဖြစ်နေလဲငါ့ကိုပြောပြမှာမဟုတ်ဘူး "

"အာ…."

လျန်းမြောင်က တီးတိုး သက်ပြင်းချသည်။

" ငါငယ်ငယ်တုန်းက သူတို့ကငါ့ကို လုံးဝတင်းတင်းကျပ်ကျပ်ထိန်းချုပ်ထားကြတယ်..ငါ့ကိုကွန်ပျူတာဂိမ်းတစ်နာရီထက်ကျော်ပြီး ကစားခွင့်မပေးဘူး…ငါ့အပြင်ကဝတ္ထုတွေကိုသိမ်းပြီး မဖတ်ဖို့တားမြစ်ခဲ့တယ်၊ ငါ့ကိုစန္ဒရားလေ့ကျင့်ခိုင်းတယ်…ဒါပေမဲ့ငါနေမကောင်းဖြစ်ပြီးနောက်ပိုင်းမှာကျ ငါလုပ်ချင်တဲ့အရာရှိသလားလို့သူတို့ကငါ့ကိုမေးတယ်…သူတို့ကငါ့ကိုဘာမှကန့်သတ်ပြီးမတားတော့ဘူးလို့ပြောကြတာပဲ"

လျန်းမြောင်၏သူမရဲ့မျက်နှာတွင် ခါးသီသော အပြုံးလေးရှိနေသည်။

" ငါထင်တာတော့ ငါ့မှာအချိန်အများကြီးမကျန်တော့လို့နေမယ်"

"မဟုတ်လောက်ပါဘူး…နင် အခုတောင် အဆင်ပြေပြီးကျန်းမာနေပုံပဲဟာ… နင် အတွေးများနေလို့နေမှာပါ… နင့်မိဘတွေက နင့်အပေါ်စိုးရိမ်နေကြတာနေမှာပေါ့… ငါတောင် နင့်ကိုမနာလိုဖြစ်လာပြီ… နင်နေမကောင်းဖြစ်တော့ မိသားစု ၀င်တော်တော်များများကနင့် ကိုလာတွေ့ကြတယ်လေ… ငါနဲ့မတူတာကနင့်ရဲ့မိဘတွေကနင့်အနားအမြဲရှိနေတယ်လေ…ငါဆို ခွဲစိတ်တာတစ်ခုလုပ်မှာကို ငါ့မိဘ တွေက လာဖို့အချိန်တောင်ရှိကြတာမဟုတ်ဘူး…သူတို့ကခွဲစိတ်မှု လုပ်တဲ့ရက်ကျမှ ပြန်လာမယ်လို့ပြောသွားကြတယ်"

သူမသည်ယခင်က လျန်းမြောင် နှင့်စကားပြောချင်ခဲ့သော်လည်း လျန်းမြောင်၏မိဘများသည်သူမအနားတွင်အမြဲရှိနေသောကြောင့်သူမဘာမှမပြောနိုင်ခဲ့ပေ။ လျန်းမြောင် ၏ ဆွေမျိုးများက သူမအားတွေ့ရန်လာမှသာ သူမ၏မိဘများကထွက်ပို့ သဖြင့် လျန်းမြောင်နှင့်စကားပြောခွင့်ရခဲ့သည်။

"နင့် မိဘတွေက နင့်ကို ဂရုမစိုက်ဘူးလား"

လျန်းမြောင်သည် လျန်းဟန် ၏ဆံပင်နှင့်တက်တူးများကိုကြည့်ကာ ရုတ်တရက် အနည်းငယ်မနာလိုဖြစ်ခဲ့ရသည်။

လျန်းဟန် သည်အနည်းငယ်စိတ်ရှုပ်ထွေးနေကာ ခေါင်းကိုခါလိုက်သည်။

"သူတို့က အရမ်းအလုပ်များပြီး ရင်းနှီးမြှုပ်နှံတာနဲ့ငွေရှာတယ်လေ ...... ”
ထို့ကြောင့်သူမသည် အမြဲတမ်းတစ်ယောက်တည်းပင်ဖြစ်သည်။ကလေးထိန်းကသာ သူမကိုဂရုစိုက်ပေးသည်။

သို့သော် သူမ မည်သည့်အရာများပင် လုပ်ခဲ့ပါစေ..သူမ၏ ကို့ရို့ကားယား ဆံပင်အရောင်နှင့်သေသွားသည်ဖြစ်စေ… ပို၍ မသင့်လျော်သောအရာများ ပြုလုပ်သည်ဖြစ်စေ … သူမ၏မိဘများသည် သူ့အားလျစ်လျူရှုထားဆဲဖြစ်သည်။

သူမသည်တမင်တကာကျောင်းမသွားပါ ..စာမလေ့လာခဲ့ပါ…သူ့မအဆင့်များ တမင်ကျဆင်းစေခဲ့ကာ အတန်းပိုင်ဆရာမမှတဆင့် ဖုန်းဆက်၍သာ သူမ၏မိဘများအားတွေ့ရသည်။သူမမိခင်က သူမကိုဖုန်းဆက်ကာ သူမစာမလေ့လာလိုပါက ပြည်ပသို့ပို့မည်ဟုပြောခဲ့သည်။ထို့ပြင် သူတို့သည် သူမနိုင်ငံခြားကိုသွားရန် ကျူရှင်စရိတ်ပင် ပိုရှာခဲ့ကြသည်။

သူမသည် ဘာပြောရမည်ပင် မသိခဲ့တော့ပေ။

သူမမိဘများက သူမကိုချစ်ကြောင်းသိသော်လည်းသူမအနေနှင့် အာရုံစိုက်မှုအနည်းငယ်လိုချင်ခဲ့သည်။ တစ်ညတွင်အင်တာနက်ပေါ်ရှာဖွေနေစဉ် အမျိုးသမီးအခွင့်အရေးအသင်းမှ ကြော်ငြာကိုမတော်တဆတွေ့ရှိခဲ့သည်။

သူမလည်းအကူအညီလိုအပ်သည်ဟုခံစားခဲ့ရသော်လည်းသူမသည်ငွေကြေးချို့တဲ့ခြင်းသို့မဟုတ် နာမကျန်းဖြစ်ခြင်းကဲ့သို့ အဖွဲ့၏ဖော်ပြချက် စည်းမျဉ်းများနှင့်မကိုက်ညီပေ…။

သူမသည် သူမအား စောင့်ရှောက်ပေးမည့် တစ်စုံတစ်ဦး ကို လိုအပ်နေသည်။

လျန်းဟန်သည် မျှော်လင့်ချက်အနည်းငယ်ဖြင့် အဖွဲ့ဝင်များထဲမှ လူကောင်းတစ် ဦး ဖြစ်ပုံရသော ယန်ဟွား ကိုရွေးချယ်ကာ နာမကျန်းမှုကိုမူ ကျပန်းရွေးချယ်ပြီးအီးမေးလ်ပို့ခဲ့သည်။ ယန်ဟွားကသူမအား အလျင်အမြန်ဆက်သွယ်ခဲ့သည်။

ယန်ဟွားအနားတွင် နောက်ဆုံး သူမဂရုစိုက်ခံရသည်ဟုခံစားခဲ့ရသော်လည်း ယန်ဟွားသည် သူမအလုပ်နှင့် သူမပင် အရမ်းအလုပ်ရှုပ်နေပြီး သူမထက်ပို၍အကူအညီလိုအပ်နေသူများအား ကူညီနေခဲ့သည်။

"ဒါဆို ငါ နင့်ကိုဂရုစိုက်ပေးမယ်... "

လျန်းမြောင်က ရုတ်တရက်ထပြောသည်။

"ဟင်…"

လျန်းမြောင်က သူမအား ကြည့် ကာ

"မင်းကိုသိပ်ကြာကြာဂရုမစိုက်နိုင်ပေမဲ့ ငါအသက်ရှင်နေတုန်း နေ့တိုင်းမင်းကိုဂရုစိုက်မယ်လို့ ငါကတိပေးတယ်"

လျန်းဟန်၏နှလုံးသား နွေးထွေးသွားသလိုခံစားရကာ အနည်းငယ်ရှက်ကိုးရှက်ကန်းဖြစ်သွားသည်။

"ဒါကြောင့် နင်မသေဘူးလို့ငါပြောတာပေါ့"

လျန်းမြောင် သည်သူမ၏နှုတ်ခမ်းများကိုတင်းတင်းစေ့ထားသည်။

"တကယ်တော့ ငါ့အမေနဲ့အဒေါ်ရဲ့ စကားပြောထားတာတွေကို ခိုးပြီး တိတ်တဆိတ်ဖတ်ခဲ့တာ .. စာကြောင်းနည်းနည်းကိုသာဖတ်လိုက်ပေမယ့် ငါနေမကောင်းဘူးဆိုတာဘာမှန်း မသိခဲ့ရဘူး ဒါပေမဲ့သူတို့ကဓာတုကုထုံးအကြောင်းကိုပြောနေခဲ့ကြတာ… ငါကတီဗီစီးရီးမှာအဲ့တာကို မြင်ဖူးတယ် ကင်ဆာရောဂါသည်တွေပဲ ဓါတုဆေးသွင်းကုသမှုလိုတာလေ"

လျန်းဟန်ကဝိုးတဝါးနှင့်ပြောသည်။

"တကယ်လား…ငါ…တောင်းပန်ပါတယ်…"
လျန်းဟန်က လျန်းမြောင်ပြောသည်ကိုကြားပြီးနောက် ထိုအခြေအနေမျိုးသည် မလွဲမှားနိုင်ကြောင်း သိလိုက်ကာ စိတ်မကောင်းဖြစ်သွားသည်။

" ရတယ် အဆင်ပြေပါတယ်"
လျန်းမြောင်ကပြုံးပြီး

" နင့်ကိုသိပြီးစကားပြောရတာဝမ်းသာတယ်"

သူမသည်ပြတင်းပေါက်မှတဆင့် အဖြူရောင်တိမ်တိုက်များကိုကြည့်ပြီး ကူကယ်ရာမဲ့နေပုံရသည်။

"ငါနဲ့စကားပြောတဲ့အခါ လူတိုင်းက သတိထားပြောကြတယ်"

"အဆင်ပြေပါတယ်လျန်းမြောင်ရဲ့… ကင်ဆာရောဂါက အမြဲ သည်သေခြင်းတရားပဲ ဦးတည်နေတာမဟုတ်ဘူးလို့ ငါကြားဖူးတယ်"

" ဒါပေမယ့် သေဆုံးမှုနှုန်း အရမ်း မြင့်မားတယ်လေ…"

"သေဆုံးမှုနှုန်းမြင့်မားတာကိုကြောက်ရွံ့တယ်ဆိုတာ ဘာလဲ… သေနှုန်း ၁၀၀ ရာခိုင်နှုန်းမဟုတ်သေးသရွေ့ နင်ကံကောင်းတယ်လို့ပြောနိုင်တယ်…"

သူမသည် ပို၍ကျယ်လောင်သောစိတ်ချရသောအသံဖြင့်

"ယုံကြည်မှု ရှိစမ်းပါ… နင်ကအရမ်းကောင်းတယ် ဘုရားသခင်ကနင့်ကိုသေခိုင်းမှာမဟုတ်ဘူး"

သူမပြောပြီးသည့်နောက် သူ့ဆံပင်ကိုသူဆွဲကိုင်လိုက်သည်။ လျန်းဟန် က အစိမ်းရောင်ဆံပင်များကိုလွယ်ကူစွာဆွဲထုတ်လိုက်သည်ကိုကြည့်နေစဉ် လျန်းမြောင် ၏မျက်လုံးများသည်ကျယ်သွားသည်။

"ဒါက ဆံပင်တုကြီး ငါ့မှာ အဲ့လို ဆံပင်တွေအများကြီးရှိတယ်"

လျန်းဟန်က လျန်းမြောင် ၏ ဆံပင်ကို ကိုင်ကြည့်လိုက်သည်။ လျန်းမြောင်ထံတွင် လှပတဲ့ဆံပင်အနက်ရောင်ရှိပြီး ပခုံးပေါ်တွင်စင်း၍ကျနေသည်။

" ဓာတုကုထုံးကနင့်ဆံပင်တွေဆုံးရှုံးစေမယ်ဆိုတာ ငါကြားတယ်…အချိန်တန်လာရင် ငါ့ရဲ့ဆံပင်တုတွေ နင့်ကို ပေးလို့ရတယ်… ငါ့မှာအရောင်စုံအားလုံးရှိတယ်…သူတို့က ဒီတစ်ခုထက်တောင် ပိုလှသေး"

"ဆံပင်ကျွတ်တဲ့အခါကျရင် ဦး ထုပ်တောင်ဝတ်စရာမလိုတော့ဘူး…အရမ်းအဆင်ပြေတယ်…ငါဆီမှာ နင်ဝတ်ဖို့လိုက်တဲ့ ကော့စ်ပလေးဝတ်စုံတွေအများကြီးရှိတယ်…"

လျန်းမြောင် ၏နူးညံ့သိမ်မွေ့သောအသွင်အပြင်ကိုမြင်သောအခါ လျန်းဟန်က

" ကော့စ်ပလေး ဝတ်စုံဆိုတာဘာလဲ နင်သိလား"

လျန်းမြောင်က သူမ၏ခေါင်းကိုခါပြလိုက်သည်။

" ဒီလိုမျိုးတွေလေ.."
လျန်းဟန်သည်သူမ၏ဖုန်းကိုထုတ်ယူကာ လျန်းမြောင်အား ပြသရန် ဓာတ်ပုံအယ်လ်ဘမ်ကို နှိပ်လိုက်သည်။

"ဒီဇာတ်ကောင်တွေအားလုံးက (အန်နမဲ)anime ဇာတ်ကောင်တွေချည်းပဲလေ… နင်ကအရမ်းလှတယ် …နင်က အန်နမဲ(anime) ဇာတ်ကောင်တွေလိုပဲ အဲ့တော့ နင် ဝတ်ရင် လုံးဝကြည့်ကောင်းမှာ…ငါက နင့်အတွက်ဓာတ်ပုံတွေလည်းရိုက်ပေးမယ် နင့်မှာအကြိုက်ဆုံကောမစ်စ် တွေရော ရှိလားတွေ"

"ငါ့အမေ ...... ငါ့ကို အဲ့ဒါတွေ ဖတ်ခွင့်ပြုမှာ မဟုတ်ဘူး…" လျန်းမြောင် ကပြောသည်။

"သူမက အခုနင့်ကို ဖတ်ခွင့်ပေးလောက်မှာပေါ့ "
လျန်းဟန်ကပြောလိုက်သည်။

" နင်က အခုကစပြီး ငါ့ရဲ့အကောင်းဆုံးသူငယ်ချင်းပဲ… အခုမှစပြီးနင် လုပ်ချင်တာကိုလုပ်နိုင်တယ်…ငါ နင့်အတွက်ဘေးမှာရှိနေမယ် "

"တကယ်ကြီးလား"

"တကယ်……နင်ငါ့ကိုမယုံဘူးဆိုရင် ကတိလုပ်ကြရအောင်" လျန်းဟန်ကပြောသည်။

အဖြူရောင်လိုက်ကာများသည် ညင်ညင်သာသာယိမ်းလွင့်နေကာ လိုက်ကာပေါ်တွင်အလင်းကျနေသောကြောင့် မိန်းကလေးနှစ်ဦး၏ အရိပ်အားမြင်နေရသည်။ တစ်ဦး နှင့်တစ်ဦး သူတို့၏လှပသော လက်ချောင်းများနှင့်အတူ ကတိတစ်ခုပြုလုပ်နေသည့်အရိပ်များကိုတွေ့မြင်ရပြီးတိုတောင်းသော်လည်းလှပသောရယ်မောနေသည့်အသံများအားကြားနေရသည်။

ကျန်းရွှိသည် ရှန့်ဖန်းယွိ၏ ပွေ့ဖက်မှုမှ မျက်မှောင်ကြုတ်ကာ ရုန်းထွက်လိုက်ပြီးလူနာဆောင်မှထွက်သွားသည်။

ရှန့်ဖန်းယွိ ကသူ့နောက်ကိုလိုက်ဖမ်းကာ
"အခန်းကို မစစ်တော့ဘူးလား" ဟုမေးသည်။

"သူတို့ပြောနေတာမပြီးမချင်းစောင့်ကြရအောင်"

ကျန်းရွှိ သည်ထိုမြင်ကွင်းကိုအနှောင့်အယှက်မပေးရက်ပါ။

" လျန်းဟန်က ခွဲစိတ်မှု မလုပ်ရသေးဘူးမလား…"

" မလုပ်ရသေးဘူး"

ရှန့်ဖန်းယွိက.." ငါမနက်ဖြန်လုပ်မှာပါ…ငါသူမကိုစစ်ဆေးဖို့သွားခဲ့တာ… မနက်ဖြန်အတွက်စီစဉ်ထားတဲ့ အချိန်ဇယားအတွက် တခြားတယောက်တယောက်နဲ့ သန်ဘက်ခါ အချိန်စာရင်းနဲ့ အပြောင်းအလဲလုပ်ထားတယ်…အဲ့တာကြောင့် မနက်ဖြန်ညခွဲစိတ်ပြီးတာနဲ့ မင်းနဲ့အတူ B မြို့ ကို ပြန်မယ်လေ"

သူသည် ကျန်းရွှိ အားမြန်နှုန်းမြင့် ရထားလက်မှတ်ကိုကမ်းပေးခဲ့ပြီး " မနက်ဖြန်ညပြန်လာမှာမလား "

ကျန်းရွှိသည် ခေါင်းညိတ်လိုက်သည်။ နားရက်သည် အချိန်အကန့်အသတ်ရှိသဖြင့် သူ၏ ခွဲစိတ်ကုသမှုတစ်ခုပြီးတစ်ခုရှိကာ လုံးဝအနားမယူနိုင်ခဲ့ပေ…တစ်ရက်တာသည်အချိန်များစွာရသည်။

မြန်နှုန်းမြင့်ရထားပေါ်တွင်ပြတင်းပေါက်အပြင်ဘက်ရှိသစ်ပင်များသည်လျင်မြန်စွာဖြတ်သန်းသွားသည်။ ကျန်းရွှိက တစ်ခုခုဖတ်ရန် သူ့ထိုင်ခုံတွင်မှီထိုင်လိုက်ချိန်တွင် ရှန့်ဖန်းယွိ ကသူ့အား ကြည့်ပြီး သူ့တဘလက် ဖန်သားပြင်အား မမေးမမြန်းပဲ ပိတ်ပစ်လိုက်သည်။

" အိပ်တော့.."

" စောနေသေးတယ်လေ…"ကျန်းရွှိက ပြန်ပြောသည်။

" အိပ်ရေးဝအောင် အိပ်လိုက်ပါ..ပြီးရင်ညကျရင် ကောင်းကောင်း အိပ်ပျော်တာလည်း မဟုတ်ပဲနဲ့…"

ရှန့်ဖန်းယွိ ကအဓိပ္ပာယ်ပြည့်ဝစွာ ပြောသည်။

ကျန်းရွှိ ကခဏ ငြိမ်နေသော်လည်း နောက်ဆုံးတွင် တက်ဘလက်ကိုဖယ်လိုက်ပြီး သူ၏မျက်လုံးများကိုပိတ်ချလိုက်တော့သည်။