အပိုင်း ၆၆
Viewers 12k

🧑‍⚕️Chapter 66



သူ အနည်းငယ်စိတ်လှုပ်ရှားနေ၍ သို့မဟုတ် သူ၏စိတ်ထဲတွင် အခြားအကြောင်းအရာတစ်ခုခုရှိကောင်းရှိနေသောကြောင့်ဖြစ်မည်။သို့သော် ကျန်းရွှိသည် အိပ်ပျော်ရန် အခက်အခဲရှိနေသည်။ အချိန်အတော်ကြာပြီးနောက်ဆုံးတွင် ကျန်းရွှိသည် အနည်းငယ်အိပ်ငိုက်လာကာ အိပ်မောကျသွားတော့သည်။ သူသည်အမှောင်ထဲကျရောက်သွားပြီးနောက် ကြည်နူးဖွယ် အိပ်မက်ကမ္ဘာထဲသို့ ပြန်ရောက်သွားကာရုတ်တရက် သူ့ဘေးမှ ဖုန်းမြည်သံကြားလိုက်ရသည်။

လသားအရွယ်ကလေးငယ်သည် မြန်နှုန်းမြင့်ရထားတစ်ခုလုံးအား မှောက်လှန်ပစ်လိုက်ချင် သကဲ့သို့ကျယ်လောင်စွာ အော်ငိုနေသည်။ သူ့ဘေးပတ်ဝန်းကျင်မှ လူတိုင်းသည်ဘေးဘက် သို့ ကြည့်နေကြသည်။ ကလေးအားသူ့လက် မောင်းထဲတွင်ချီထားသောမိခင်သည်အနည်းငယ်ရှက်ကိုးရှက်ကန်းဖြစ်နေကာ သူမ၏မျက်နှာပေါ်တွင်လည်း တောင်းပန်နေသည့်အပြုံးအား တွေ့နေရသည်။ သို့သော်လည်း ထိုကလေးငယ်သည် အပြစ်မရှိပါ။ သူသည်ဆက်၍ ကျယ်လောင်စွာအော်ငိုနေခဲ့ပြီး မည်သည့်အရာက သူ့အား ပို၍ ဆိုးရွာစွာငိုစေသည်ကိုမသိရပေ…။

ကျန်းရွှိ သည်ဌာနတွင်ထိုကဲ့သို့သောအော်ဟစ်သံများကိုကြားနေကျဖြစ်ရာ ယခု သူ၏အာရုံကြောများသည်လည်း အလွန်ဆတ်ဆတ်ထိမခံဖြစ်နေကာ ထိုကလေး၏မိုးကြိုးကဲ့သို့ငိုသံများက သူ၏ခေါင်းအား တဆစ်ဆစ်ကိုက်ခဲလာစေခဲ့သည်။ သူသည်မျက်စိကိုပိတ်လိုက်ကာထိုအိပ်ချင်စိတ်အနည်းငယ်အား ပြန်လည်ရယူရန်ကြိုးစားသော်လည်း ထိုကလေးက သူ့အား ဆန့်ကျင်နေပုံရကာ အသံပင်ပို၍ ကျယ်လာခဲ့သည်။

"ကလေးကို ချော့လေ… နင်ကတော့ ကလေးငိုသံကို အရမ်းမဆူဘူး ထင်နေလိမ့်မယ် ဒါပေမယ့် ငါတို့အတွက်တော့ အရမ်းဆူနေပြီ"

ကလေးကိုချီထားသည့် မိခင်က သူမမျက်လုံးများအားနှိမ့်၍တောင်းပန်ခဲ့သည်။
"ကျွန်မ သူ့ကို ချော့ပါတယ်…ဒါပေမယ့်သူက ဘာလို့ ဒီလိုပဲဆက်ငိုနေတာလဲဆိုတာ ကျွန်မလည်းမသိဘူး…တောင်းပန်ပါတယ်…"

သက်ကြီးရွယ်အိုအမျိုးသမီးသည် သူမ၏တောင်းပန်သည့်သဘောထားကိုမြင်ကာ ဘာမှမပြောနိုင်တော့ပါ။ ထို့ကြောင့်သူမသည်မျက်နှာမဲ့၍ တတွတ်တွတ် ပြောရုံတတ်နိုင်တော့သည်။

"ဒီလို ပုံစံမျိုးနဲ့ ကလေး ဘယ်လိုမွေးထားလဲ မသိဘူး.."

မိခင်၏မျက်လုံးများသည် ထိုစကားများကိုကြားပြီးနောက် နီရဲလာကာ ကလေး၏နောက်ကျောအား အလျင်အမြန်ပုတ်လိုက်သည်။သို့သော် ကလေး၏ငိုခြင်းသည် အမြဲတစေ ကျိုးကြောင်းဆီလျော်မှုမရှိခဲ့ပါ။ သူမသည် ကလေးအားအစားကျွေးခဲ့သည့်အပြင် အအေးလည်းမမိထားပေ…။ သို့သော် ကလေးသည် အငိုမရပ်ခဲ့ပေ…။

"ကျွန်တော် ကြိုးစားကြည့်လို့ရမလား.."

ရှန့်ဖန်းယွိက ရုတ်တရက်မတ်တပ်ရပ်ပြီး ထိုကလေးမိခင်ဆီသို့ လမ်းလျှောက်သွားသည်။

"ဟင်"

ရှန့်ဖန်းယွိ သည် ကျန်းရွှိအား ကြည့်ပြီးနောက် ထိုကလေးမိခင်အား
" ကျွန်တော်က သားဖွားဆရာဝန်ပါ..."

ကလေးသည် ရင်ခေါင်းထဲမှလှိုက်၍ ငိုနေစဉ် အမျိုးသမီးသည် ရှန့်ဖန်းယွိအား ကြည့်ပြီး လက်မောင်းထဲမှ ကလေးငယ်အား ဝန်လေးစွာပြန်ကြည့်နေသည်။

"သူ့ကိုချီခိုင်းလိုက်လေ.. သူက ရထားထဲမှာရှိနေတာဘယ်နေရာမှလည်း သွားမှာမဟုတ်ဘူး…ပြီးတော့ အဲ့လူငယ်လည်း လူဆိုးလို့ မထင်ရပါဘူး…"

အသက်ကြီးနေသော အမျိုးသမီးကြီးက ဝင်ပြောသည်။

" သူ့ကို ပေးချီခိုင်းလိုက်စမ်းပါ… ငါတို့ဘူတာမှာရောက်နေသလိုမျိုးမဟုတ်ဘူး…. ဒါကြောင့်နင့်က ကလေးကိုနင့်ဆီကနေယူသွားမှာကိုစိတ်ပူစရာမလိုဘူး…လူတိုင်းစောင့်ကြည့်နေတာပဲဟာ… ပြီးတော့ဒီ လူငယ်လည်း မကောင်းတဲ့လူ လို့ မထင်ရပါဘူး…"

"ဒါဖြင့် ...... ကျေးဇူးအများကြီးတင်ပါတယ်"

ထို ကလေးမိခင်သည် အလွန်သတိကြီးစွာဖြင့်သူမ၏လက်မှလွှတ်ပေးလိုက်သည်နှင့် ရှန့်ဖန်းယွိ သည် ကိုယ်ကို ညွတ်၍ကလေး၏လည်ပင်းကို လက်တစ်ဖက်နှင့်ထိန်းပြီး တင်ပါးအား တခြားတစ်ဖက်နှင့်ထိန်းထားကာ ကလေးအား သူ့လက်မောင်းထဲသို့ ထည့်၏ချီထားလိုက်သည်။

ကလေးသည်ခြောက်လသို့မဟုတ်ခုနစ်လသားခန့်ရှိခဲ့ပြီးအတော်လေးပြည့်ဖောင်းသောကြောင့် ရှန့်ဖန်းယွိအနေနှင့် သူ့အား ချီရန်အခက်အခဲများစွာမရှိခဲ့ပါ။ သူသည်ကလေးငယ်အား သူ၏လည်ပင်ဘေးမှ ပြည့်နေသောလက်မောင်းသားကိုချိတ်ထားစေသည်။ သူ၏တဝက်လိပ်တင်ထားသော င်္အကျီလက်များသည် ဖျစ်ညစ်ခံထားရသောကြောင့် လက်မောင်းကြွက်သားများအား ရှင်းလင်းစွာ မြင်နေရသည်။သူသည်ကလေးအား စည်းချက်ညီညီဖြင့် ညင်ညင်သာသာလှုပ်ကာ သူ၏ရင်ဘတ်ကိုဖြည်းဖြည်းဖိထားပေးပြီး အသံခပ်တိုးတိုးညည်း၍ ချော့မြူနေသည်။

ခဏတာအကြာတွင်ကလေးသည်တိတ်ဆိတ်သွားကာ ရှန့်ဖန်းယွိ သည် ဆက်၍ မလှုပ်တော့ပဲ ရထားတွဲဆက် ပြတင်းပေါက်နားသို့ကလေးကို ချီလျက်သွားထိုင်လိုက်သည်။

ပြတင်းပေါက်အပြင်ဘက်တွင် မြင်ကွင်းက ပျံ့နှံ့သွားသည်။ ခပ်နိမ့်နိမ့်နှင့်တည်ငြိမ်သောအဖြူရောင်မြူများကထိုနေရာမှာလာသည်။ကလေးသည် ရှုခင်းအားဖြင့်သဘောကျနေပုံရပြီး စူးစိုက်ကြည့်နေသည်။ ရှန့်ဖန်းယွိသည်စိတ်ကို လျှော့၍ ကလေးငယ်ကိုနောက်ကျောပုတ်ပေးလိုက်သည်။ ကလေးသည် နောက်တဖန်ငိုတော့မည်ဖြစ်သည့်အတွက် ကလေး၏ခေါင်းကို သူ၏လည်ပင်းဘေးဘက်တွင် ညင်ညင်သာသာညှပ်ထားလိုက်သည်။ အချိန်ခဏမျှအကြာတွင် သူ၏ရင်ဘတ်မှတည်ငြိမ်သောအသက်ရှူသံကိုကြားလိုက်ရသည်။

အရွယ်ရောက်ပြီးသူများ၏ နှလုံးခုန်သံ နှင့်အသက်ရှူသံ စည်းချက်သံသည်ကလေးတစ် ဦး အား အိပ်စက်စေရန်အကောင်းဆုံးနည်းလမ်းဖြစ်သည်။

သူသည်ကလေးအား ခဏကြာကြာ ချီထားခဲ့ပြီး သူအိပ်ပျော်နေသည်မှာ သေချာမှသာ မိခင်ဖြစ်သူထံသို့ ညင်ညင်သာသာ ပြန်အပ်ပေးခဲ့သည်။

"သားဖွားဆရာဝန်အနေနဲ့ မဆိုးဘူးပဲ… မင်းကတကယ်ကျွမ်းကျင်တယ်"

အသက်ကြီးသောအမျိုးသမီးက သူ့အား လေသံအနိမ့်ဖြင့်ချီးမွမ်းခဲ့ပြီး မိခင်ကကျေးဇူးတင်ကြောင်းပြသခဲ့သည်။

ရှန့်ဖန်းယွိ သည် ကျန်းရွှိဘေးတွင်ပြုံး၍ ထိုင်လိုက်သည်။ သူမျက်မှောင်ကြုတ်နေဆဲ ဖြစ်သည်ကိုမြင်ရသောအခါ…

"ဆူညံသံတွေမရှိတော့ဘူးလေ… အိပ်လို့မရသေးဘူးလား.."

ကျန်းရွှိသည် "အင်း" ဟုပြန်ဖြေကာ မျက်စိတဝက်သာဖွင့်၍ ရှန့်ဖန်းယွိအားကြည့်လိုက်သည်။

" ကလေးလေး အိပ်ပျော်သွားပြီလား"

" ဒါပေါ့.. ငါသူတို့ကိုချီထားတာနဲ့အိပ်မပျော်တဲ့ ကလေးမရှိဘူး"

ရှန့်ဖန်းယွိက ပြုံးရင်းဖြေသည်။

သားဖွားမီးယပ်အထူးကုဆရာဝန်များသည်ကလေးများအားအိပ်ပျော်အောင် ချော့သိပ်သည့် အလုပ်မျိုး မလုပ်ကြရပေ…။ ထို့ကြောင့် ကျန်းရွီိအား

" ဘယ်သူ့ကလေးတွေ ချော့သိပ်ခဲ့လို့လဲ"

"ငါ့အကိုရဲ့ ကလေးလေ"

" မင်းအစ်ကို…"

" ဟုတ်တယ်လေ.. "

ကျန်းရွှိ သည် အနည်းငယ်အံ့အားသင့်သွားကာ

"မင်းကတစ်ဦးတည်းသောကလေးမဟုတ်ဘူးလား.."

သူသည်မိသားစုစီမံကိန်းတင်းကျပ်သည့်အချိန်တွင်မွေးဖွားခဲ့ပြီး ကျန်းရွှိ ၏အတန်းဖော်များနှင့်သူ့ပတ်ဝန်းကျင်ရှိသူငယ်ချင်းများမှာလည်း တစ်ဦးတည်းသော ကလေးများသာဖြစ်သည်။

" ကြည့်…မင်းငါ့အကြောင်းကိုလုံးဝဂရုမစိုက်ဘူးပဲ..."
ရှန့်ဖန်းယွိက စကားလမ်းကြောင်းလွှဲလိုက်သည်။

" အဲ့ဒီတော့ ငါကအတွေ့အကြုံရှိတယ်လေ ဘာလို့မင်းကိုပါ ချော့မသိပ်ရမှာလဲ.."

ကျန်းရွှိကသူ့မျက်စိအား လှိမ့်လိုက်သည်။

"လုပ်ကြည့်မယ်လေ…မလုပ်ရဲဘူးလား.."

အရင်ကထို လှည့်ကွက်အတွင်း လဲကျခဲ့သူ ကျန်းရွှိသည် ရှန့်ဖန်းယွိ၏ တမင်ဆွပေးနေသော နည်းဗျူဟာအားမြင်သည်နှင့်…

" ငါ့ကိုလာမဆွနဲ့နော်…"

" ဒါဆို ငါမျှားတာ မင်းကို မိသွားပြီပေါ့..."

ကျန်းရွှိ သည်သူ၏မျက်လုံးများကိုပိတ်ကာ ဆူပူနေသောဒေါက်တာရှန့်အား လျစ်လျူရှုခဲ့သည်။

နာရီဝက်အကြာတွင် ကျန်းရွှိ သည်သူ၏မျက်လုံးများကိုပြန်ဖွင့်ကာ နိုးလာခဲ့သည်။ သူသည်ပြတင်းပေါက်အပြင်ဘက်ရှိမှောင်မိုက်သောရှုခင်းအား လှမ်းကြည့်လိုက်သည်။

" ဘာလဲ…အိပ်လို့မရသေးပြန်ဘူးလား"

ရှန့်ဖန်းယွိက သူ၏အမူအရာအား မြင်ပြီး လက်မောင်းကိုဆန့်လိုက်သည်။

" ငါမင်းကို ကြိုးစားကြည့်ဖို့ပြောသားပဲ…"

ကျန်းရွှိ ၏နဖူးသည် တဆစ်ဆစ်ကိုက်၍ နာကျင်နေသည်။

ကျန်းရွှိသည်အသက်မပါစွာဖြင့် ရှန့်ဖန်းယွီ၏ရင်ဘတ်ပေါ်သို့မှီဝင်ရန် သူ၏ ဦး ခေါင်းကို ငုံ့လိုက်သည်။

"မင်း…."

သူ၏လက်မောင်းများသည် ကျန်းရွှိ ၏အလေးချိန်ကြောင့် နစ်ဝင်သွားကာ ရှေ့တုန်းက တတွတ်တွတ် စကား ပြောခဲ့သော ရှန့်ဖန်းယွိ သည်ယခုအခါ ရပ်နားရန် ခလုတ်ကိုနှိပ်လိုက်သကဲ့သို့ရုတ်တရက်တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

"ငါ ကြိုးစားကြည့်ရုံပါ..." ကျန်းရွှိကပြောသည်။

သူ၏ရင်ဘတ်သည်နွေးနေပြီး ရှန့်ဖန်းယွိသည်တဖြည်းဖြည်းအာရုံပြန်လည်ရရှိပြီး သူတို့အကြား အကွာအဝေးကိုဂရုတစိုက် တင်းကြပ်ခြင်းမပြုမီ ခဏတစ်ဖြုတ် ငေးနေမိသေးသည်။

သူသည်လက်ကိုတင်းတင်းကျပ်ကျပ် ပင့်တင်လိုက်ပြီး ကျန်းရွှိ ပတ်ပတ်လည်တွင်ပတ်ရစ်ကာ နောက်ကျောတွင်ညင်ညင်သာသာကပ်ထားလိုက်သည်။

"မင်းရဲ့ နှလုံးခုန်သံက အရမ်းကျယ်တာပဲ..."
ကျန်းရွှိ ကသူ့မျက်လုံးတွေအားပိတ်ထားနေရင်းမှ ပြောသည်။

" ဒါဖြင့်မင်း ...... နည်းနည်းမှီလိုက်လေ"
ရှန့်ဖန်းယွိသည် တံတွေးမြိုချလိုက်ကာ

"မင်းရဲ့နားက ငါ့ရဲ့ နှလုံးခုန်သံရှုပ်ထွေးနေတဲ့နေရာကိုဖိထားမိလို့နေမယ်.."

ကျန်းရွှိသည် အပေါ်သို့တိုး၍ ရှန့်ဖန်းယွိ ၏ လည်ပင်းဘေးဘက်သို့ မှီလိုက်သည်။ သူ၏ဆံပင်အဖျားပျော့ပျော့သည် ရှန့်ဖန်းယွိမေးရိုးသို့ထိနေသည်။ ရှန့်ဖန်းယွိ သည်သူ၏ရင်ဘတ်မှ လည်ပင်းဘက်သို့မီးလောင်နေသည်ဟုခံစားရပြီး ယခုသူ၏လည်ပင်းအထက်တွင်ပါ ပျံ့နှံ့နေသည်။

"မင်း မှာ နှလုံးခုန်နှုန်း မူမမှန်တဲ့ ရောဂါရှိနေတာလား"

ကျန်းရွှိသည် ရှန့်ဖန်းယွိ အား ခုနက ကြားခဲ့ရသောနှလုံးခုန်နှုန်းနှင့် ပတ်သက်၍ ဆေးဘက်ဆိုင်ရာအကြံဥာဏ်အချို့ပင် ပေးလိုက်သေးသည်။

"အချိန်ရရင် ပြန်ပြီး ECG ရိုက်စစ်လိုက်အုံး"
** (electrocardiography ခေါ် နှလုံးခုန်နှုန်းအားစစ်ဆေးခြင်း)

"အင်း ...... အဆင်ပြေပါတယ်…နည်းနည်းပူ လို့နေမယ်…"
ရှန့်ဖန်းယွိက ဆက်မိစပ်ရာပြောလိုက်သည်။

ကျန်းရွှိ ကစကားမပြောတော့သော်လည်း ရှန့်ဖန်းယွိ၏စိတ်သည် ပရမ်းပတာဖြစ်နေသည်။ သူ၏ရင်ဘတ်နှင့်လည်ပင်း၏ဘေးဘက်ရှိထိတွေ့မှုသည် တစ်စစီကျိုးပဲ့နေသောအိပ်မက်များကိုထပ်မံသတိရစေခဲ့သည်။

သူကအသက်ပြင်းပြင်းရှူ၍ ကျန်းရွှိအားကြည့်လိုက်သည်။

ယခုအချိန်တွင် ကျန်းရွှိသည် စိတ်အာရုံချောက်ခြားခြင်းမဟုတ်ပဲ သတိလက်လွှတ်ဖြင့်ပင် သူ၏လက်မောင်းများကိုမှီနေသည်။ သူသည်အနည်းငယ်ပင်ပန်းနေပုံရသော်လည်းတစ်နည်းနည်းဖြင့်ဆွဲဆောင်မှုရှိသောပုံပေါက်နေသေးသည်။ သူ၏အသက်ရှုမှုသည် တဖြည်းဖြည်းအနီရောင်သမ်းလာသော ရှန့်ဖန်းယွိ၏ လည်ပင်းအပေါ်သို့တိုးဝှေ့ကျီစယ်နေခဲ့သည်။ ကျန်းရွှိသာ ယခုအချိန်တွင်သူ၏မျက်စိကိုဖွင့်လိုက်ပါက ရှန့်ဖန်းယွိနဖူးပေါ်တွင် ချွေးစီးများနှင့် မငြိမ်မသက်ဖြစ်နေသော သူ၏မျက်နှာအသွင်အပြင်ကိုမြင်တွေ့ရလိမ့်မည် ဖြစ်သည်။

သူ တံခါးမခေါက်ပဲဝင်သွားကာ ကျန်းရွှိအား အနှောင့်အယှက် ပေးမိသည့် အချိန်နောက်ပိုင်းတွင် သူသည် ကျန်းရွှိနှင့်တမင်ခပ်ခွါခွါနေခဲ့ခြင်း မရှိသော်လည်း ထိုရှုပ်ထွေးသော အမှတ်တရများကို ပြန်စဉ်းစားမိခြင်းအား ပို၍ထိန်းချုပ်လာခဲ့သည်။

သူသည် ကျန်းရွှိအား ထိုကဲ့သို့အရာမျိုးများကြောင့် နောက်တဖန် စိတ်မပျက်စေချင်ပေ…။

မူလကသူသည် ကျန်းရွှိ ၏ ငြင်းမရနိုင်သော ဆွဲဆောင်မှုနှင့်ကင်းလွတ်သည်ဟုထင်မြင်ခဲ့သော်လည်း ယခုကြုံနေရသောအခြေအနေများသည် ပိုမိုပြင်းထန်မှုစွာတစ်ကျော့ပြန်လည်နေပုံရသည်။

ရှန့်ဖန်းယွိသည် လျူရှောင်ဟွေ့ ကိုအနည်းငယ်လေးစားမိသည်။ အကြောင်းမှာသူသည်ဆန့်ကျင်ဘက်လိင်သူတစ် ဦး အားအနှောင့်အယှက်မရှိဘဲ ချုပ်ထိန်းထားနိုင်ခြင်းကြောင့်ဖြစ်သည်။ သူကမူ ကျန်းရွှိလို ယောက်ျားလေးချင်း ကိုထိန်းချုပ်နေရပြီး ဘာကြောင့် ပို၍ရှုပ်ထွေးသောအတွေးများစွာ ရှိနေရသည်လဲ…။

*ဒဏ္ဍာရီအရ လူ နိုင်ငံသား လျူရှောင်ဟွေ့သည် ခရီးရှည်ပြီးနောက် မြို့တော်တံခါးဝအပြင်ဘက်ရှိ တည်းခိုခန်းတစ်ခုတွင်နေခဲ့သည်။ထိုအချိန်က အရမ်းအေးသောကြောင့် မိန်းမတစ်ယောက်သည် ရုတ်တရက်တည်းခိုခန်းသို့ ရောက်လာသည်။ လျူရှောင်ဟွေ့ သည် သူမေအးခဲ၍သေသွားမည်ကိုစိုးရိမ်သောကြောင့်သူမအား သူ့လက်မောင်းထဲတွင်ဝင်ထိုင်စေကာ အဝတ်များဖြင့်ဖုံးအုပ်ထားခဲ့သည်။ တစ်ညလုံးဘာပြဿနာမျှမဖြစ်ခဲ့ပေ။*

သူသည် အရင်ကပရောပရည်လုပ်ခဲ့ဖူးသူတစ်ယောက်မဟုတ်ခဲ့ပေ…။ ကျန်းရွှိသည်လည်း သူနှင့်ဘယ်တော့မှမပရောပရည်လုပ်ခဲ့ဘူးပေ။

ရှန့်ဖန်းယွိသည် နှစ်ပေါင်းများစွာဖြောင့်မတ်သောလူဖြစ်ခဲ့ဖူးသည်။ အဘယ်ကြောင့် ကျန်းရွှိနှင့် ပတ်သက်၍ များစွာသောအတွေးများရှိနေရသည်ကိုနားမလည်နိုင်ပါ။

ကျန်းရွှိသည် မှန်ကောင်းမှန်လိမ့်မည်။ သူသည်ဆေးရုံသို့အမှန်တကယ်သွားပြီးစစ်ဆေးသင့်သည်။ သို့သော်သူ၏နှလုံးအတွက် သူသည်နှလုံးအထူးကု ဌာနသို့သွားရမည်ဖြစ်သည်။

ကျန်းရွှိ သည် ရှန့်ဖန်းယွိ တွင်အတွေးများစွာရှိပြီးသူ၏စိတ်ထဲတွင်ပတ်လှည့်နေသည်ကိုမသိခဲ့ပေ။ရှန့်ဖန်းယွိသည် အလွန်ပါးလွှာစွာဝတ်ဆင်ထားပြီးသူ၏ခန္ဓာကိုယ်သည်အနည်းငယ်နွေးသော်လည်း ၎င်းအိပ်ပျော်ရန် အဆင်ပြေသည်။

အကြောင်းပြချက်အချို့ကြောင့်သူသည် ရှန့်ဖန်းယွိ၏အသက်ရှူနှုန်းသည်အနည်းငယ်လေးလံသည်ဟုခံစားခဲ့ရသော်လည်း ထိုအသံသည်အလွန် အိပ်ငိုက်စေသောကြောင့် သူ့ကိုအချိန်မရွေးအိပ်ပျော်စေသည်။

အချိန်တစ်ဝက်မျှအိပ်ပျော်သွားပြီးနောက် သူသည် ရှန့်ဖန်းယွိကိုယ်ပေါ်မှ ထင်းရှူးသားရနံ့ ခပ်သင်းသင်းရလိုက်သည်။ထို ရနံ့၏ အဆုံးတွင်မိုးလင်းကာစ တွင်ရသော နူးညံ့ချိုအီသောရနံ့မျိုးပါ ရကာ စိတ်အပန်းပြေမှုနှင့် စိတ်ချမ်းမြေ့မှု ကိုရရှိစေသော ရနံ့မျိုးဖြစ်သည်။

သူက ထိုရနံ့သည် ကလေးငယ်များအိပ်ပျော်စေရန် သူမှီခိုနေသော ရနံ့လားဟု တွေးကာ သိချင်မိသွားသည်။

ရှန့်ဖန်းယွိ သည်ရေမွှေးအသုံးပြုရသည်ကို ကြိုက်သောကြောင့် သူသည်အိမ်တွင်လည်း အလင်းနံ့သာပုလင်းကိုသုံးသည်။သူအသုံးပြုသောရနံ့များသည်အလွန်ပေါ့ပါးကာ ကျန်းရွှိတွင်လည်း အနံ့ခံအာရုံ သိပ်မကောင်းသော ပြဿနာ ရှိသောကြောင့် ဘာနံ့မျှရမနေပေ…။

သို့သော် ယနေ့တွင်မူ အလွန်နီးကပ်နေသောကြောင့် ထိုရနံ့ကို အနံ့ရခဲ့ခြင်းဖြစ်မည်။

သူ့ပတ်ဝန်းကျင်တွင်နူးညံ့သောရနံ့နှင့်နုပျိုလတ်ဆတ်သောလေအားရှုရခြင်းသည် ပထမဆုံးမိုးရွာပြီးနောက်မြက်ခင်းစိမ်းပေါ်တွင် ဖြတ်တိုက်နေသော အပြာရောင်လေပြေညင်းများကဲ့သို့ပင် ဖြစ်သည်။ လေဝှေ့သောအခါပန်းများသည်အနည်းငယ်ယိမ်းယိုင်နေသည်။

မဟုတ်ပေ။ ကျန်းရွှိ မရေမရာသဘောပေါက်လိုက်သည်မှာ ဒီတစ်ကြိမ်သည် ရှန့်ဖန်းယွိ၏ ရေမွေးရနံ့အား ရခဲ့သည့် ပထမဆုံးအကြိမ်မဟုတ်ပေ။

နောက်ဆုံးတခေါက် က သူတို့သည်တစ်ဦး နှင့်တစ်ဦး အလွန်နီးကပ်နေပုံရပြီး ရနံ့သည်ယခုထက် ပို၍ အားကောင်းသည်။ အရိုင်းဆန်၍နှင့်မရေရာ ဖြစ်နေသောလေထုသည်ဝိုင်၏အနံ့နှင့်ရောနေပုံရသည်။

သို့သော်သူသည်ထိုကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းစွာစဉ်းစားရန်အချိန်မရှိခဲ့ပါ။ မှောင်နေသော အိပ်မက်ကမ္ဘာထဲသို့ ရောက်သွားပြီးအပြာရောင်လေပြေညင်းများက တိုက်ခတ်နေသည်။ နောက်ဆုံး အပြာရောင်ယောက်ျားလေးဝတ် ကျောင်းယူနီဖောင်းအဖြစ်အသွင်ပြောင်းမီ လေပြေနှင့်အတူ မျောလွင့် ယိမ်းထိုးနေသည်။

ကျန်းရွှိသည် မပီမပြင်နှင့် တွေ့ကြုံဖူးသလိုခံစားလိုက်ရသည်။