အပိုင်း ၆၈
Viewers 12k

🧑‍⚕️Chapter 68


သူတို့ သား၏ ကိုယ်ဝန်သတင်းကိုကြား၍ ထိတ်လန့်ရသည်နှင့်ယှဉ်လျှင် ကျန်းရွှိ ရင်ဆိုင်သွားရမည့် အန္တရာယ်သည် ပိုမိုစိုးရိမ်ဖွယ်ရာဖြစ်ခဲ့သည်။

"ကျန်းရွှိက အန်တီ့ရဲ့ ဂုဏ်ဆောင်လေး ဆိုတာ သိပါတယ်…အန်တီ့သားကို လူရှေ့ချပြရတာ ကြိုက်တာက လူသားဆန်တာပါပဲ…ကျွန်တော်နားလည်ပါတယ်…"

သူကသူတို့နှစ်ယောက်အားကြည့်ပြီး လိုရင်းသို့ တည့်တိုးပြောလိုက်သည်။

" အန်တီတို့ သားရဲ့ ကိုယ်ဝန်ကို ရှက်စရာလို့ ခံစားရပြီး လက်မခံနိုင်တာကို နားလည်ပါ…သူလည်း မိသားစုကောင်းက မိန်းကလေးတစ် ဦး နဲ့လက်ထပ်ပြီးကလေးတွေမွေးမယ်…အဲ့ကျ အန်တီ့ ဆွေမျိုးတွေနဲ့ သူငယ်ချင်းတွေရှေ့ သားအကြောင်း ဂုဏ်ဖော် ပြောရင်း ကျေနပ်ကြတာမျိုးပေါ့…ဒါပေမယ့် ကျန်းရွှိက အန်တီ့ရဲ့ သားပါ…ဂုဏ်ဖော် ပြီး အကောင်းပြောခံရဖို့အတွက်နဲ့ သူ့ကို အသုံးချနေသလို ဖြစ်နေတာ…တစ်နေ့ ကျန်းရွှိသာ အန်တီ့ ဂုဏ်ဆောင်လေး မဟုတ်တော့ရင် သူ့ကိုမချစ်တော့ပဲနေမှာလား.."

ကျန်း စုံတွဲဖြေဆိုရန် စောင့်ဆိုင်းခြင်းမရှိဘဲသူသည်ခေါင်းကိုခါလိုက်ပြီး
"ကျွန်တော်တော့ မထင်ပါဘူး…ကျန်းရွှိရဲ့ အကျင့်ကို ကျနော်သိထားတာက သူဟာချစ်ခြင်းမေတ္တာနဲ့ကြီးပြင်းလာခဲ့တဲ့ကလေးတစ်ယောက်ဖြစ်သင့်ပြီး သူ့ကိုဖိအားပေးခဲ့ပေမဲ့ အန်တီက အမှန်တကယ် သူ့ကိုကောင်းစေဖို့ ဆန္ဒရှိတယ်ဆိုတာ နားလည်ပါတယ်"

သူက ကျန်းရွှိ ၏ အိပ်ခန်းတံခါးကို တစ်ချက်ကြည့်ကာ

"အန်တီရဲ့သားကသူ့ဘဝမှာအကြီးမားဆုံးအခက်အခဲတွေနဲ့ရင်ဆိုင်နေရတယ် ကျနော်တို့ အားလုံးသူ့ကို အားပေးဖို့လိုနေတယ်"

အမေကျန်း ၏အမူအရာ သည်အတန်ငယ် ပြေလျော့သွားခဲ့ပြီး အချိန်ခဏအကြာတွင်

" ငါသူ့ကို သူကောင်းဖို့ အတွက်လက်ထပ်စေချင်တာပါ… လက်မထပ်ပဲ ကလေးမရှိပဲ အသက်ကြီးရင် ဘယ်လောက်သနားစရာကောင်းသလဲ"

"ကလေးမရှိဘဲဘဝကို အန်တီတို့တစ်ခါမှမကြိုးစားဖူးဘူးလေ…ဒါကြောင့်လူတွေရဲ့ဘဝကိုအကဲဖြတ်တဲ့ စာရွက်ထဲကဆင်ခြေတစ်ခုပဲ…အဲ့အပြင် အခုက ကျန်းရွှိမှာ ကလေးလေးရှိပြီး သူလည်းတကယ်လိုချင်နေတာပါ"

သူကသူ့မျက်လုံးကို ငုံ့၍

"ကျွန်တော် သူနဲ့အတူ အနာဂတ်ကိုဆွေးနွေးပြီးပါပြီ …ကျွန်တော်လည်း လက်ထပ်မှာ မဟုတ်ပါဘူး…ကျွန်တော်တို့ ဒီကလေးကို အတူတူ မွေးပြီးအသက်ကြီးလာရင်တောင်အတူတူနေမယ်…ကျွန်တော်တို့ တခြားသူတွေထက်ပိုဆိုးမှာမဟုတ်ပါဘူး"

"ဒါပေမယ့် ဒီ… ဒီလိုမျိုးမရှိဘူးလေ…မင်းတို့နှစ်ယောက်ကျန်နေတဲ့ဘဝတစ်လျှောက်လုံး ဘယ်လိုဆက်ဆံရေးမျိုးနဲ့ဆက်သွားမှာလဲ"

"ကျန်းရွှိ ပြောသလိုအရပဲ ကျွန်တော်တို့က လုပ်ဖော်ကိုင်ဖက်တွေပါပဲ ကျွန်တော့်အတွက်ကလည်း လုပ်ဖော်ကိုင်ဖက်တွေပါပဲ…"

ရှန့်ဖန်းယွိက ခဏရပ်ပြီး သူပြောမည့်စကားများကိုပြန်လည်မျိုချလိုက်သည်။

"ဒါပေမယ့်ကျွန်တော်တို့နှစ်ယောက်ကြားမှာ ဆက်နွယ်မှုကဘာပဲဖြစ်ဖြစ် အတူတူအချိန်ဖြုန်းရတာပျော်တယ်..ကလေးကိုအတူတကွမွေးမယ်…စိတ်မပူပါကျန်းရွှိကို တတ်နိုင်သလောက်လုံခြုံနေ စေချင်တယ်…ကျွန်တော်သူ့ကိုအမြဲတမ်းပျော်ရွှင်စေချင်တယ်"

သူကမတ်တပ်ရပ်ပြီးအမေဖြစ်သူအား

"ဖြစ်နိုင်ရင် အန်တီကို သူ့ကိုသွားတောင်းပန်စေချင်ပါတယ်. အန်တီ အစောပိုင်းကပြောခဲ့တာကအရမ်းနာကျင်စရာကောင်းတယ်"

သူကသူ့စကားများ ပြီးအောင်ပြောပြီး နောက် ကျန်း စုံတွဲအား ကိုယ့်ဘာသာကိုယ်ပြန်တွေးနိုင်ကြရန်ထားခဲ့လိုက်သည်။

ထိုအချိန်တွင် ဧည့်ခန်းနှင့်သိပ်မဝေးသော ကျန်းရွှိ၏ အိပ်ခန်းတံခါးသည် အနည်းငယ်ဟနေသည်ကို မည်သူမျှ သတိမထားမိပေ။

တံခါးသည် ကွယ်နေသည့်အပြင် အခန်းထဲမှ သူသည် တံခါးလက်ကိုင်အား ကိုင်လျက် မတ်တပ်ရပ်နေကာ အသံတိတ်နေသည်။

အချိန်ကြာမြင့်စွာ ပြောနေသော စကားဝိုင်းအဆုံးသတ်သွားသည့်အချိန်တွင် သူသည် တံခါးအားဖြည်းညင်းစွာ ပြန်ပိတ်လိုက်သည်။

ကျန်းရွှိ သည်အိပ်ရာပေါ်တွင်ပြန်လှဲနေလိုက်သည်။ သူ၏ ကျောဘက်တွင် ခေါင်းအုံးတစ်လုံးထည့်လိုက်ကာ တစ်ဝက်ထိုင်နေသည့်အနေအထားဖြင့် မှီနေသည်။

သူ၏ရှုထောင့်မှကြည့်လျှင် နံရံအပြည့် ဆုတံဆိပ်များစီထားသော ဆုတံဆိပ် တံတိုင်း ကြီးအား သူ၏ရှေ့တည့်တည့်တွင် မြင်နိုင်သည်။သူ၏ဘေးရှိ စာရေးစားပွဲခုံသည် ဆုနာမည် အမျိုးမျိုး ရေးကပ်ထားသော ဆုဖလားအရောင်စုံများနှင့်ပင် ပြည့်နေသည်။

ကျန်းရွှိ သည်သူ၏ဖုန်းကိုကောက်ယူကာ ရှန့်ဖန်းယွိအားစာတစ်စောင်ပို့ရန်ကြိုးစားလိုက်သည်။ သို့သော် သူစီတန်း၍ ရိုက်နှိပ်ထားသောစာကြောင်းများ များစွာအားပြန်ဖျက်ပစ်ခဲ့သည်။

သူသည် သူ၏ဖုန်းအား ခဏတာမျှ ငေးကြည့်နေသည်။သူ၏အတွေးများသည် မိခင်ဖြစ်သူ၏စကားလုံးများနှင့် ပြည့်နှက်နေသည်။ သူသည် သူ၏နား နှစ်ဖက်အား ဖုံးအုပ်ရန်ကြိုးစားခဲ့သော်လည်း ထိုအသံအား သူ၏ခေါင်းထဲတွင် ရှင်းလင်းစွာကြားနေရသေးသည်။

ဤသို့ မည်မျှကြာနေသည်ကို သူမသိခဲ့ပေ…။ သို့သော် ရုတ်တရက်ပင် တံခါးဆီမှ တရွှတ်ရွှတ်မြည်သံကြားလိုက်ရသည်။ သူကလှမ်းကြည့်လိုက်သော်လည်း ထိုလူသည် လူဝင်မလာခဲ့သေးပေ။ တံခါးအား တစ်ဝက်မျှသာ တွန်းဖွင့်ကာ ခပ်တိုးတိုးမေးသည်။

"ငါဝင်လာလို့ရလား…"

ထိုလူသည် ရှန့်ဖန်းယွိဖြစ်သည်။

ကျန်းရွှိ ၏မျက်လုံးများ တဖျတ်ဖျတ်ခတ်သွားသည်။ ခဏတာမျှ တိတ်ဆိတ် နေပြီးနောက်…

"အင်း…ဝင်ခဲ့လေ"

ရှန့်ဖန်းယွိသည် ဝင်လာကာ တံခါးကိုပိတ်လိုက်သည်။သူ၏အကြည့်သည် ကျန်းရွှိကြည့် နေသော နေရာအား လိုက်၍ ကြည့်လိုက်ရာ သူနေရာအနှံ့အပြားတွင် တင်ထားသောဆုဖလားများထံသို့ အကြည့်ရောက်ခဲ့သည်။

သူကကျန်းရွှိ၏ ရူပဗေဒ ပြိုင်ပွဲ ဆုဖလားအား အံ့အားသင့်စရာကောင်းစွာ ကြည့်ကာ

"အဲ့တုန်းက ငါလည်း ဒီပြိုင်ပွဲမှာဝင်ပြိုင်ခဲ့သေးတယ်…ပြီးတော့ ဖိုင်နယ်ရောက်သွားတော့ ငါမှတ်မိသေးတယ် အဲ့မှာ နည်းပြက အမှတ် ၄ကျောင်း နဲ့ အမှတ် ၆ ကျောင်း အသင်းတွေကို အတူတူ လေ့ကျင့်ရမယ်ဆိုပြီး စီစဉ်လိုက်တာလေ…"

သူ၏ သူ့မျက်လုံးများတွင် နောင်တရနေပုံပေါ်ကာ…

" ဒါပေမယ့်ငါနည်းနည်းဖျားနေတော့ မသွားနိုင်ခဲ့ဘူး…မဟုတ်ရင် မင်းကိုငါ စောစောတွေ့ခဲ့မှာ…"

ကျန်းရွှိ ၏မျက်လုံးများသည် ဆတ်ခနဲဖြစ်သွားပြီး သူ၏ ခေါင်းအား အနည်းငယ်စောင်းကာ….

" တော်သေးတာပေါ့…အနည်းဆုံးတော့ ငါပိုပြီးလွယ်ကူ အဆင်ပြေတဲ့ အထက်တန်းကျောင်းသားဘဝကိုရခဲ့တယ်လေ"

ရှန့်ဖန်းယွိသည် မနေနိုင်ပဲ ပြုံးလိုက်ကာ
"အဲ့ဒါတော့ အမှန်ပဲ…"

"အဲ့ဒါ နာနေသေးလား"

ရှန့်ဖန်းယွိ က ကျန်းရွှိသည် သူ့အားမေးလာမည်ဟု မမျှော်လင့်ထားပေ။ ကျန်းရွှိ စိတ်ပူနေမည်ကိုစိုးရိမ်သောကြောင့် သူသည်အလျင်အမြန်ပင် ငြင်းဆိုလိုက်သည်။

"မနာပါဘူး…"
ထို့နောက်ခပ်ပေါ့ပေါ့ သဘောဖြင့်စလိုက်သည်။

" ဒါပေမယ့် ကျန်းရွှိ …မင်းမဟုတ်ပဲ တခြားသူငါ့ကို ရိုက်တာ ဒါပထမဆုံးပဲ"

ကျန်းရွှိ သည် သူ၏ မျက်လုံးများအား အောက်ငုံ့လိုက်ပြီးနောက် ခဏမျှအကြာတွင်

" မင်းဒီမှာဘာလုပ်နေတာလဲ "

" ညဘက်တွေ မင်းကို မစောင့်ပေးရရင် ငါမနေတတ်ဘူး…မင်းနေမကောင်းဖြစ်မှာစိုးရိမ်လို့…."

"မင်းက မအိပ်တော့ဘူးလား…"

ရှန့်ဖန်းယွိ သည် စားပွဲခုံရှေ့ရှိ ထိုင်ခုံအားဆွဲထုတ်ကာ
"မင်း အိပ်လိုက်.. ငါ့မှာ ကိုယ်ဝန်မရှိဘူး အဲ့တော့ နောက်ကျတဲ့ထိနေလို့ ရတယ်…မင်း မိဘတွေ မနက်စောစော မထခင် ငါပြန်သွားရမယ်… ငါမနက်ဖြန်ကျမှ ကားထဲမှာ ကြည့်လုပ်လိုက်မယ် "

ကျန်းရွှိ ၏မျက်လုံးများသည် ရှန့်ဖန်းယွိ ၏ ခြေအိတ်များထဲမှ ခြေထောက်များကို ကြည့်နေသည်။ ရှန့်ဖန်းယွိသည် သူ့ကိုကြည့်အား တွေ့လိုက်ကာ အပြုံးနဲ့ပြန် ရှင်းပြလိုက်သည်။

" မင်းမိဘတွေ ငါ့ကိုကြားသွားမှာကို စိုးရိမ်လို့…အဲ့ဒါကြောင့်ငါဖိနပ်မဝတ်ရဲလို့လေ"

ကျန်းရွှိ သည် အိပ်ရာဘေးတွင်ရှိသော ဖိနပ်အပါးများကိုသူ၏မျက်လုံးများဖြင့်ငေါ့ပြကာ

" ကြမ်းပြင်က အေးတယ်… ငါ့ဟာ ဝတ်သွားလိုက်"

ရှန့်ဖန်း ယွိ သည်လမ်းလျှောက်သွားပြီးသူ၏ ဖိနပ်အားစီးလိုက်သည်။ သူ၏မျက်လုံးများသည် အပြုံးများကြောင့်ကွေးတက်နေသည်။

"မင်း ဒီနေ့ ဘာလို့ အရမ်းသဘောကောင်းနေရတာလဲ…ငါမနေတတ်တော့ဘူး"

ကျန်းရွှိက သူ့အား ကြည့်လိုက်ပြီး ခဏအကြာတွင်သူ၏အကြည့်များအားသွေဖယ်ကာအိပ်ယာပေါ်သို့ လှဲချလိုက်သည်။

"မင်း..လုပ်နိုင်…"

ကျန်းရွှိသည် သူ၏ ဒုတိယစကားတစ်ဝက်အား မပြောသေးပဲ ဝန်လေးနေသည့် အချိန်တွင် ရှန်ဖ့န်းယွိသည် စားပွဲခုံရှေ့ရှိ သစ်သားကုလားထိုင်သို့ခြေလှမ်းအနည်းငယ်လှမ်းကာ

"ဘာကို မင်းလုပ်နိုင်တာလဲ"

"…"

"ဘာမှမဟုတ်ဘူး"
ကျန်းရွှိသည် အခန်းမီးအား ပိတ်ကာ အိပ်လိုက်သည်။ သူသည် အိပ်ယာအခင်းအား သူ၏ရင်ဘတ်အထိဆွဲတင်ခြုံကာ ကိုယ်ခန္ဓာတစ်ခုလုံးအား ဖုံးလိုက်ပြီး ခေါင်းကိုသာ ဖော်ထားသည်။

"မင်းပျင်းနေရင် ဖုန်းကိုကြည့်နေလေ"

"ဖုန်းရဲ့ အလင်းက မင်းအိပ်ဖို့ကို အနှောင့်အယှက်ဖြစ်နေလိမ့်မယ်… ငါအဆင်ပြေတယ် …ငါမပျင်းပါဘူး"

"အို့…"
ကျန်းရွှိသည် သူ၏မျက်စိများအားပိတ်လိုက်သည်။

ရှန့်ဖန်းယွိ ရောက်မလာမီတွင် သူ၏စိတ်သည် မိဘများ၏ ထိတ်လန့်စိတ်ပျက်နေသောပုံံများနှင့်သာ ပြည့်နှက်နေသော်လည်း အကြောင်းပြချက်အချို့ကြောင့် သူသည် ဤအချိန်တွင် မျက်စိများမှိတ်ထားလိုက်သောအခါ သူ၏ အာရုံစိုက်စရာကိစ္စများအားလုံးကို ရှန့်ဖန်းယွိကဖယ်ရှားပေးလိုက်သကဲသို့ပင် ခံစားရသည်။

ညသည် အလွန်တိတ်ဆိတ်သောကြောင့်ဖြစ်မည်။ ကျန်းရွှိသည် ရှန့်ဖန်းယွိ၏ အသက်ရှူသံကိုပင်ကြားနေရသည်။

ကျန်းရွှိသည် ရှန့်ဖန်းယွိ ဘာလုပ်နေသည်ကို သိချင်နေသည်။ သူ၏ မျက်လုံးများကိုပိတ်ထားသည်လား…ဖွင့်ထားသည်လား… သူတရေးမှေးနေသည်လား…သို့မဟုတ်…ပြဿနာတစ်ခုခုအကြောင်း စဉ်းစားနေသည်လား…။အကယ်၍ သူသည်ပြဿနာတစ်ခုခုအကြောင်းစဉ်းစားနေပါလျှင် ပညာရေးနှင့်ပတ်သက်သော ပြဿနာ သို့မဟုတ် သူ့ဘဝ၏ ခက်ခဲသောပြဿနာ ကို စဉ်းစားနေသည်လား…။

"အိပ်လို့မရဘူးလား"
ရှန့်ဖန်းယွိက ရုတ်တရက် ထပြောသည်။

ကျန်းရွှိသည် လူမိခံလိုက်ရသောအခါ ရုတ်တရက် အနည်းငယ်ရှက်ကိုးရှက်ကန်းဖြစ်သွားသည်။ခဏတာမျှ တိတ်ဆိတ် နေပြီးနောက်တွင်သူသည်အလွန်နူးညံ့စွာဖြင့်ပြန်ဖြေသည်။

"အင်း…"

"မင်းရဲ့ ပန်းရောင်ယုန် လေး ဒီနေရာမှာ မရှိလို့လား…မင်းအိပ်တဲ့ အချိန်တိုင်း အဲ့ဒါကို အမြဲကိုင်ထားတာ ငါသတိထားမိတယ်လေ…အိပ်တဲ့အလေ့အကျင့်တွေ ရုတ်တရက်ပြောင်းသွားတာက အိပ်ရေးပျက်လွယ်စေတယ်…"

" ငါမအိပ်ဘူး ဆိုတာ မင်း ဘယ်လိုသိတာလဲ"

"မင်းအိပ်နေတာကို ငါခဏခဏ ကြည့်ခဲ့ဖူးတယ်..အဲ့တော့ ငါပြောနိုင်တယ်လေ… အကယ်၍ မင်းတကယ်အိပ်ပျော်နေရင်မလှုပ်ပဲမနေဘူး… မင်းကအခု ပုံစံတစ်မျိုးတည်းနဲ့ မလှုပ်ပဲ တည်တည်ကြီး နေနေတာကြာပြီလေ…"

ကျန်းရွှိ သည်သူ၏နှုတ်ခမ်းကို ဆူလိုက်ကာ သူစဉ်းစားနေသည့်မေးခွန်းအတွက် အဖြေတစ်ခုရှိနိုင်သည်ဟု သဘောပေါက်လိုက်သည်။

ရှန့်ဖန်းယွိမျက်လုံးများပွင့်နေသည်။ သူသည်မှေးနေခြင်းမဟုတ်ပဲ ကျန်းရွှိအားကြည့်နေခြင်းဖြစ်သည်။

ထိုသဘောပေါက်မှုသည် ကျန်းရွှိ၏ အတွင်းစိတ်တနေရာသို့ ထိသွားခြင်းကြောင့်ဖြစ်နိုင်သည်။ သို့မဟုတ် ထိုညသည် ခံစားချက်များပြည့်နှက်ခြင်း နှင့် စကားပြောလိုသောဆန္ဒရှိခဲ့ကြသောကြောင့် ကျန်းရွှိသည် ပန်းရောင်ယုန်လေးနှင့် ပတ်သက်သော ကျန်းရွှိ၏ မှတ်ချက်စကားအား ဆက်၍ စကားချီလိုက်သည်။

"အမွေးပွရုပ်တွေကို ပြန်ချုပ်တာမျိုးအားလုံးက ငါ့ ခေါင်းထဲကနေပေါ်လာတဲ့ အရာတွေကြီးပါပဲ… အဲ့ဒါတွေကို မင်း ကြောက်သွားမယ်လို့မထင်ခဲ့ဘူး"
သူဝန်ခံလိုက်သည်။
ရှန့်ဖန်းယွိက နှုတ်ခမ်းများတွန့်ကာပြုံး၍မေးသည်။
"ဟုတ်ပြီ ကျန်းရွှိ အဲ့ဆို မင်းဘယ်အချိန်တုန်းက ဒီလိုဆိုးသွမ်းဖို့ သင်ယူခဲ့တာလဲ…"

ကျန်းရွှိသည် သူ၏ခေါင်းအုံးထောင့်ကိုခေါက်လိုက်ကာဆက်ပြောသည်။

"ငါ….ငယ်ငယ်တုန်းက ငါ့အဒေါ်က ငါ့ကို အမွေးပွရုပ်လေးတစ်ရုပ်လက်ဆောင်ပေးခဲ့ဖူးတယ် …အဲ့လိုပဲ ပန်းရောင်ယုန်လေးပဲ…"

"ဪ"
ရှန့်ဖန်းယွိသည် ဂရုတစိုက် နားထောင်နေသည့်အကြည့်သို့ပြောင်းသွားသည်။

"ငါ့မိဘတွေရဲ့ ဇာတိမြို့တွေမှာက ဓလေ့မျိုးစုံ ရှိတယ်လေ…ငါ့အမေဘက်ကကျ ပဒေသရာဇ်နဲ့အယူအရမ်းသီးတယ်…ယောက်ျားလေးတွေကို အမွှေးပွရုပ်တွေ တာက သူတို့ကို အားနည်းတဲ့သူတွေအဖြစ် ကြီးပြင်းလာစေပြီးတော့ ယောကျာ်းမပီသစေဘူးတဲ့…အဲ့တော့ အမေက အဲ့တာတွေနဲ့ပတ်သက်ပြီး အမြဲ ဆန့်ကျင်နေတာလေ"

"တကယ်တော့ ငါ့အဒေါ်က ထိခိုက်စေဖို့မရည်ရွယ်ပါဘူး… ဒါပေမယ့် အမေက ငါ့အဒေါ်ပြန်သွားတာနဲ့ အဲဒီ အရုပ်ကို ဖြဲပစ် ညှပ်ပစ်ပြီးအမှိုက်ပုံးထဲ ပစ်လိုက်တယ်လေ…သူက မိသားစုကိုတောင် “ရုန်” ဆိုတဲ့ နာမည်ပြောင်တောင် ဆက်မသုံးခိုင်းဘူး…အဲ့တာက အရမ်းနူးညံ့တဲ့ပုံစံပေါက်နေလို့တဲ့လေ…"

*Rong သည် Fluffy-အမွှေးပွသော အဓိပ္ပာယ်ဖြစ်သည်။

"အဲ့နာမည်ပြောင်ကလည်း ငါ့အဒေါ်က ပေးခဲ့တာပဲ…ပြီးတော့ အဲ့လိုခေါ်ခဲ့တာ အရမ်းကြာနေပြီ ငါကမေ့တောင်မေ့နေပြီ…အဲ့တာ အန်တီကဟိုနေ့ကခေါ်မှ ငါပြန်မှတ်မိတာ"

" ငါအရင်က အဲ့လိုအမွှေးပွအရုပ်တွေမကြိုက်ခဲ့ဘူး… ဒါပေမယ့်အဲ့ဒီမြင်ကွင်းကိုမြင်ပြီးကတည်းက ပြဲနေတဲ့ယုန်ရုပ် အကြောင်းအိပ်မက်ဆိုးတွေ ခဏခဏမက်နေခဲ့တာ..ငါအမြဲတမ်းပြန်ချုပ်ချင်ခဲ့တယ်…ဒါပေမယ့်ငါမလုပ်နိုင်ခဲ့ဘူး…"

ကျန်းရွှိ ကအသက်ပြင်းပြင်းရှူကာ

" အဲဒီအချိန်ကတည်းက ...ငါဆရာဝန်ဖြစ်ချင်ခဲ့တယ် ပျက်စီးနေတဲ့ခန္ဓာကိုယ်တွေ အားလုံးကို ပြုပြင်ပေးချင်ခဲ့တယ်…"

"ငါကောလိပ်မသွားခင် အဲဒီပန်းရောင်ယုန်ရုပ်ကို ၀ယ်ပြီးနောက်တော့ အဲဒီအိပ်မက်ဆိုးတွေတဖြည်းဖြည်းရပ်တန့်သွားတယ်… အဲ့ကျ ငါတဖြည်းဖြည်းနဲ့ အမွှေးပွရုပ်တွေက ချစ်စရာကောင်းတယ်လို့ စတွေးမိပြီး အလှဆင်ဖို့အနေနဲ့ အများကြီး ထပ်ဝယ်ဖြစ်ခဲ့တာပဲ…"

ရှန့်ဖန်းယွိသည် သူ့အားကြည့်ကာ တည်ငြိမ်သောအသံဖြင့်…
"အကယ်၍ မင်းသာငါ့ကို ဒီလိုစောစောပြောပြရင် ငါအိပ်မက်ဆိုးတွေ မက်မှာ မဟုတ်ဘူး…"

ကျန်းရွှိ ၏မျက်နှာပေါ်တွင် ပေါ်နေသောမျက်နှာအနေထားသည် ဘဝင်မကျကြောင်းထင်ပေါ်နေသည်။

ရှန့်ဖန်းယွိ က " ကျန်းရွှိ မင်းရဲ့မိဘတွေက မင်းကြီးပြင်းလာတာနဲ့ ပိုပြီးတင်းကျပ်ကြတယ်မဟုတ်လား"

မှောင်မိုက်နေသော်လည်း ကျန်းစုံတွဲ၏ သူတို့သားဂုဏ်ပုဒ်နှင့်ပတ်သက်၍ အရေးကြီးသည်ဟု မှတ်ယူထားသော ပြယုဂ်များဖြစ်သည့် နံရံအပြည့်ပေါ်မှ ဆုတံဆိပ်များအား ရှန့်ဖန်းယွိကောင်းစွာမြင်နေရသေးသည်။

ကျန်းရွှိသည် ရှန့်ဖန်းယွိအား ပို၍ ကျိုးကြောင်းဆီလျော်သောနည်းလမ်းဖြင့် ပြန်ဖြေခဲ့သည်။

"မျှော်လင့်ချက်တွေက အတော်မြင့်တယ်လေ…ငါက သူတို့စီစဉ်ပေးထားတဲ့ လမ်းကြောင်းအတိုင်းလိုက်ဖို့ပဲ မျှော်လင့်လို့ရတယ်"

ထို့ကြောင့် သူတို့၏အသက်တစ်ဝက်မျှ ဂုဏ်ယူခဲ့ကြသောသူတို့၏သားဖြစ်သူသည် ကလေးရတော့မည် ဆိုသည့်ကိစ္စအား လက်ခံရန်အလွန်ခဲယဉ်းသည်။

"မင်းရဲ့မိဘတွေဆီကိုဝန်ခံတဲ့အခါ မင်းမှာ ဖိအားတွေအများကြီးရှိတယ်လို့ခံစားခဲ့ရတဲ့ပုံပဲ…ပြီးတော့ငါသိချင်တာက ငါ့ကိုအဲ့လိုပြောပြတဲ့အခါလည်း မင်းအနေနဲ့ ခက်ခဲတယ်လို့ခံစားရလား…မင်းအဲ့လို ခက်ခဲနေတာမြင်ရင် ငါလည်း အဆင်မပြေဘူး ရင်ကွဲသလိုခံစားရတယ်…"

ကျန်းရွှိသည် ရှန့်ဖန်းယွိအားလှည့်ကြည့်ကာ မတ်တပ်ရပ်လိုက်သည်။

"အဲ့အချိန်တုန်းက မင်းပူပန်နေတဲ့ပုံမပေါ်ပါဘူး"

ဆန့်ကျင်ဘက်အနေနှင့် သူကအံ့ဩနေသည်။

"ရုန်ရုန်" ရှန့်ဖန်းယွိက ရုတ်တရက်ထခေါ်သည်။

ကျန်းရွှိက ရုတ်တရက် လန့်သွားသည်။သူသည် ရှန်ဖ့န်းယွိဆက်ပြောသည်ကို ကြားလိုက်သည်။

"ငါတို့အခုကစပြီး အတူတူနေကြပြီမို့ မင်းလုပ်ချင်သမျှကိုလုပ်နိုင်တယ် မင်းလိုချင်သမျှကိုပြောနိုင်တယ်..ဘာမှ စိတ်ဖိအားဖြစ်တာမျိုးမခံစားနဲ့…"

လျန်းမြောင်သည် လျန်းဟန်အား ထိုကဲ့သို့ ပြောခဲ့ဖူးသည်။

ကျန်းရွှိ ၏နှလုံးသည် တလှပ်လှပ်ခုန်သွားကာ အနည်းငယ် နွေးထွေးသွားခဲ့သည်။ သူသည် ထို စိတ်အပြောင်းအလဲအား ဖုံးကွယ်ရန်ကြမ်းတမ်းသောစကားလုံးများကိုသာအသုံးပြုလိုက်သည်။

"မိန်းကလေးငယ်တစ်ယောက် ပြောခဲ့တဲ့ စကားကို လိုက်ပြီးပြောတာ မင်းမရှက်ဘူးလား"

"သူ က ကောင်းကောင်းပြောခဲ့သားပဲ"

ရှန့်ဖန်းယွိ က အရှက်မဲ့စွာပြန်ပြောလိုက်သည်။

"ကိုးကားချက်တစ်ခု ဖြစ်လာဖို့က များများပြောပေးရမှာလေ…အဲ့လိုဖြစ်ဖို့ကို ငါက သူ့အတွက် ကူပြီး လိုက်ပြောပေးတာ"

ကျန်းရွှိသည် သူ့မျက်နှာ အား ရှန့်ဖန်းယွိ ထံမှ လှည့်လိုက်ပြီး အခန်းသည်လည်း တိတ်ဆိတ်သွားသည်။

ရှန့်ဖန်းယွိ သည် ကျန်းရွှိ အနားယူတော့မည်ဟုထင်သည့် အချိန်တွင် အိပ်ရာပေါ်မှရုတ်တရက်အသံထွက်လာသည်။

"မင်းကရော…မင်းက မင်းအိမ်မှာ ဖိအားပေးခံရတာမျိုးတစ်ခါမှမကြုံဖူးဘူးလို့ထင်ရတယ်"

ရှန့်ဖန်းယွိ သူ့မိဘများအကြောင်းပြောသည်ကို တစ်ခါမျှမကြားဖူးပေ…။

" ငါ့မှာ ဖိအားပေးခံရတာမျိုး သိပ်မရှိဘူး… ငါကအတော် လွတ်လပ်တယ်လို့ပြောရမယ်…ဘယ်သူကမှလည်း လက်ထပ်ဖို့ မတိုက်တွန်းဘူး…"

"သူတို့က မင်းကိုဂရုမစိုက်ဘူးလား"

ရှန့်ဖန်းယွိ က ခေါင်းခါပြသည်။

" ငါကလေးဘဝကတည်းက အရမ်းဆိုးနေတာဆိုတော့ သူတို့က ငါ့ကို ထိန်းချုပ်လို့မရဘူး…ထပ်ပြောရရင် သူတို့လည်း ငါ့ကိုထိန်းချုပ်ဖို့အရမ်းအလုပ်များနေတာပေါ့"

“ အဲဒီအချိန်တုန်းက ချန်းကြာ မှာပွဲလုပ်ဖို့စီစဉ်နေတာမဟုတ်လား"

ကျန်းရွှိက ရုတ်တရက် ထပြောသည်။

ချန်းကြာ သည် B မြို့ ရှိ နာမည်ကြီးသောစားသောက်ဆိုင်တစ်ဆိုင် ဖြစ်သည်။ကျန်းရွှိက သူသည်ကောလိပ်ဝင်ခွင့်စာမေးပွဲတွင်ပထမနေရာ ရရှိသောအခါ သူ၏မိဘများသည် သူ့အားဂုဏ်ပြုရန် ချန်းကြာ သို့ခေါ်လာခဲ့ဖူးသည်။မန်နေဂျာ က B မြို့ မှအခြားအထက်တန်းစကော်လာရှစ်ကျောင်းသားတစ်ဦးသည်လည်း ထိုနေရာတွင် ပွဲလုပ်ရန်စီစဉ်ခဲ့သေးကြောင်း၊ သို့သော် ပွဲလုပ်မည့်ရက်သည် ကျန်းရွှိတို့ထက် စောကြောင်း ပြောနေသည်ကို သူတို့ကြားခဲ့သေးသည်။

ထိုအချိန်တွင် အမေကျန်း က သူတို့နှစ်ဦးလုံးသည် ထိပ်တန်းစကော်လာရ ကျောင်းသားများဖြစ်သောကြောင့် အခြားမိသားစု၏အခြေအနေများ ကိုတွေ့မြင်လိုကြောင်းနှင့် သူတို့မျက်နှာအား မမေ့သွားနိုင်ရန် ဟု ပြောခဲ့သေးသည်။ သို့သော် သူမတို့ မူရင်းရက်စွဲအတိုင်း ရောက်သွားသောအခါသူမ သည် ရှန့်ဖန်းယွိ မိသားစု၏ ကျင်းပပုံကို မမြင်ခဲ့ရပေ…။ လိုက်မေးမြန်းကြည့်ပြီးနောက်အကြောင်းပြချက် အချို့ကြောင့် ပွဲကို ဖျက်သိမ်းခဲ့ကြောင်းသူမသိလိုက်ရသည်။

"အင်း…ငါ့မိဘတွေ စီးပွါးရေးနဲ့ပတ်သက်ပြီး ပြဿနာရှိခဲ့တာ… သူတို့ မြို့ပြင်ထိထွက်ပြီး ဖြေရှင်းရမှာဆိုတော့ အဲ့ပွဲကို ဖျက်လိုက်ရတာပေါ့…"