အပိုင်း ၆၉
Viewers 12k

🧑‍⚕️Chapter 69


ကျန်းရွှိသည် အနည်းငယ်အံ့အားသင့်သွားသည်။ ထိုအချိန်က ရှန့်ဖန်းယွိသည် B မြို့ ၏ ထိပ်တန်းကျောင်းသားတစ်ဦး ဖြစ်ကာ မည်သို့သောမိဘမျိုးက ထိုပွဲလေးကျင်းပရန်ကိုပင် မအားနိုင်အောင်အလုပ်ရှုပ်နေကြသနည်း…။

"ငါ့ မိဘတွေက ငါ့ရလဒ်တွေကို သိပ်ဂရုမစိုက်ဘူးလေ…ငါထိပ်တန်းကျောင်းသားဖြစ်လာလည်း ဒီတိုင်းတယောက်တည်း လွှတ်ထားတာလေ…အဲ့ဒါကြောင့် ငါ့လပတ်စာမေးပွဲမှတ်တမ်းကတ်တွေဆို ငါ့ဘာသာကိုယ်တိုင် လက်မှတ်ထိုးခဲ့ရတာ …ငါ့မိဘတွေက ထိပ်တန်းကျောင်းသားတွေဆိုတာ ကောလိပ်တက်နေရင်း ကျောင်းထွက်ပြီး ကိုယ်ပိုင်စီးပွါးရေးလုပ်ကြဖို့ပဲ ဆုံးဖြတ်သွားကြတယ်ဆိုတဲ့ ပုံပြင်တွေကိုပဲ ယုံကြည်နေကြတာလေ…"

"ပြီးတော့ ....ငါ့အစ်ကိုလည်း အဲဒီအချိန်တုန်းက ထိပ်တန်းကျောင်းသားတယောက်ပါပဲ…ဒါပေမယ့် သူက တယောက်တည်းသောပြိုင်ဘက်ကင်း ထိပ်တန်းကျောင်းသားလေ…သူများနေရာပူးတွဲယူထားတဲ့ ငါနဲ့တော့ ယှဉ်စရာမရှိပါဘူးလေ…"

ရှန်းဖန်းယွိက နောက်ပြောင်ကျီစယ်သော အသံဖြင့်ပြောပြသည်။

ဤအရာများကိုပထမဆုံးအကြိမ်လေ့လာဖူးသော ကျန်းရွှိသည် ခဏငြိမ်နေပြီးနောက် မှတ်ချက်ပြုလိုက်သည်။

"မင်းမိသားစုမှာက တော်တော်ကောင်းတဲ့ လေ့လာသင်ယူတတ်တဲ့ဗီဇရှိတာပဲ"

"လေ့လာသင်ယူတတ်တဲ့ ဗီဇက ကောင်းပေမယ့် ငါ့မိဘတွေက စီးပွါးရေးပဲ လုပ်ချင်နေကြတာလေ…မင်းတစ်ခုခုကို အချိန်ကြာကြီး အရမ်းလိုချင်တောင့်တ နေတဲ့အခါ ကံမကောင်းရင်တော့ မင်းအဲ့ဒါကို ရနိုင်ချေနည်းသွားတတ်ပြီးတော့…မလိုချင်တဲ့အရာက ရောက်ချလာတတ်တယ်လေ…ငါ့မိဘတွေရဲ့ စီးပွါးရေးနဲ့ပတ်သက်တဲ့ အရည်အချင်းတွေကလည်း သေချာမြင်ရတာမှမဟုတ်တာ…"

"ဒီနှစ်တွေ တစ်လျှောက်လုံး ငွေတွေဆုံးရှုံးလိုက် ပြန်ရလိုက်နဲ့ အချိန်ကောင်းတွေရော အဆိုးတွေ ရော ကြုခဲ့ရတယ်…သူတို့က ဘဝရဲ့ လမ်းတဝက်လောက် ရုန်းကန်လှည့်လည်ပြီး ကြိုးစားနေခဲ့တာတောင် တစ်ပြားမှ မစုမိခဲ့ကြဘူးလေ…သူတို့လည်း အလုပ်တွေကြိုးစားနေရတာနဲ့ပတ်သက်ပြီး ပင်ပန်းငြီးငွေ့ပြီးတော့ငါတို့အတွက် အမွေဆက်ခံစရာပေးနိုင်ဖို့ ဆန္ဒတွေကို လက်လျှော့လိုက်တာလည်း ဖြစ်မှာပေါ့.. သူတို့ငါ့အတွက် ဆန္ဒရှိတာကလည်း ငါ့ဘာသာ ကိုယ့်အားကိုယ်ကိုးပြီး A မြို့မှာ အခြေချနိုင်ဖို့ပဲလေ…အကယ်၍ ငါ အိမ်ဝယ်ဖို့ မတတ်နိုင်လို့ပြန်သွားရလည်း အဆင်ပြေပါတယ်… သူတို့မှာ ငါ့အတွက် ပိုက်ဆံမှ မရှိတာပဲ…"

သူကခပ်ပေါ့ပေါ့ရယ်မောကာ

" ငါတို့ မိသားစုမှာ စီးပွါးရေးလုပ်နိုင်တဲ့ ဗီဇမရှိဘူးဆိုတာသဘောပေါက်မိသွားလို့ ငါလည်း ဆရာဝန်ပဲ လုပ်ဖို့ဆုံးဖြတ်လိုက်တာ…"

ရှန့်ဖန်းယွိ၏ အသံသည် ဘာမျှ ဂရုမစိုက်တော့သကဲ့သို့ တည်တည်ငြိမ်ငြိမ်နှင့် အဆင်ပြေစွာပြောပြနေသော်လည်း ကျန်းရွှိ၍၏ နှလုံးသားကို မွန်းကြပ်စေသည်။

"သူတို့က အခု B မြို့မှာလား"

"ဟုတ်တယ်… သူတို့ အိမ်ရှေ့မှာ ပင်မင်း ဆိုင်ရှိတယ် သူတို့က ချမ်းသာပြီး ကျော်ကြားတဲ့သူတွေမဟုတ်ပေမယ့်အနည်းဆုံးတော့ ဝတ်ဖို့ စားဖို့တော့ မပူရပါဘူး"

"….. ဒီတစ်ခေါက်တော့ မပြန်ခင် သူတို့ကိုသွားတွေ့မယ်မဟုတ်လား"

" ငါ ပြန်မသွားဘူး…အချိန်ကမလောက်တော့ဘူး..ငါအခုပြန်သွားရင် သူတို့က ငါ့အတွက် ကြက်၊ဘဲနဲ့ ငါးတွေအများကြီးဝယ်ဖို့သေချာပေါက် စျေးသွားကြရတော့မှာ…သူတို့ကအရမ်းအသက်ကြီးနေပြီ… ဘာမှမဟုတ်ပဲနဲ့ သူတို့ကို အလကား ပင်ပန်းစေသလိုဖြစ်နေမှာ..ဘာပဲဖြစ်ဖြစ်နှစ်သစ်ကူးအကြိုလည်း နီးလာပြီဆိုတော့ အဲ့ကျမှ ပြန်သွားလိုက်မယ်…"

ကျန်းရွှိ က ရှန့်ဖန်းယွိ သည် သူ၏အိမ်ရှိမီးဖိုချောင်တွင်ချက်ပြုတ်ရန်ကြိုးစားခဲ့သည်ကို ရုတ်တရက်သတိရသွားသည်။ သူသည်တိတ်ဆိတ်နေသော အခြေအနေကိုထိန်းညှိရန် ပြောစရာ ခေါင်းစဉ် တစ်ခုခု ကြိုးစားရှာဖွေနေခဲ့သည်။

"မင်းမိဘများတွေက အချက်အပြုတ် ကောင်းကြလား"

ထိုမေးခွန်းကြောင့် မရှင်းမလင်းဖြစ်သွားသော ရှန့်ဖန်းယွိ၏ အမူအရာသည် အနည်းငယ် သိမ်မွေ့သွားကာ…

"သူတို့လက်ရာက မဆိုးပါဘူး …ငါ ပြီးခဲ့တဲ့ ၁နှစ် ၂နှစ်လောက်က သူတို့ရဲ့အချက်အပြုတ် လက်ရာကို အကြိမ်အနည်းငယ်လောက် မြည်းဖူးပါတယ်"

သူထိုသို့ပြောပြီး နောက် သူ၏စကားများသည် အနည်းငယ် စိတ်ထိခိုက်နေကြောင်း သူ့ဘာသာ သဘောပေါက်လိုက်သည်။ ထို့ကြောင့်သူသည် ကျန်းရွှိအား တုန့်ပြန်ရန်အခွင့်အလမ်းမပေးခဲ့ပဲ စကားလမ်းကြောင်း ပြောင်းလိုက်ကာ…

"ကျန်းရွှိ.. .ဒါက ငါတို့ အိပ်ဆောင်မှာတုန်းက ညလိုပဲမဟုတ်လား…"

သူကအပြုံးနှင့် ဆက်ပြောခဲ့သည်။

" အဲ့အချိန်တုန်းက ငါတို့ အိပ်ဆောင်က အသက်အဝင်ဆုံးပဲ…ငါတို့အိပ်ဆောင်ကလူတိုင်းက အခြားသူတွေထက် ပိုစကားများကြတာလေ…အထူးသဖြင့် နောက်ဆုံးစာမေးပွဲပြီးသွားတဲ့အချိန်လေ…အဲ့တုန်းက ၂နာရီ ၃နာရီတွေ ထိုးသွားတာတောင် တရုန်းရုန်းနဲ့ စကားပြောနေကြတုန်းပဲ"

ကျန်းရွှိ သည်စိတ်လှုပ်ရှားမှုအား သူ၏မျက်လုံးများထဲတွင်ဝှက်ထားကာ

" မင်းတို့ ဘာတွေပြောနေခဲ့ကြတာလဲ"

"မင်း မေးစရာ လိုသေးလို့လား…မင်းတို့တွေ မင်းတို့အိပ်ဆောင်ထဲမှာစကားမပြောကြဘူးလား ”

မှန်သည်။သူတို့လည်း စကားပြောခဲ့ကြသည် ။ သို့သော် ကျန်းရွှိက ရှန့်ဖန်းယွိနှင့် ကျန်သောသူများ ဘာပြောခဲ့ကြသည်ကို သိချင်နေခဲ့ခြင်းဖြစ်သည်။

"ငါတို့ရဲ့ မျှော်မှန်းချက်တွေ… အနာဂတ်တွေ Aမြို့ က အိမ်ရာစျေးနှုန်းတွေ…ဆေးပညာကိုဘာကြောင့်လေ့လာတဲ့ကြောင်းတွေ…ငါတို့ကြိုက်တဲ့ မိန်းကလေးတွေအကြောင်းရယ်…ပြီးတော့…."

ရှန့်ဖန်းယွိ သည် ခဏရပ်ကာဆက်ပြောသည်။

" ဘေးအိပ်ဆောင်က ကျန်းရွှိအကြောင်းရယ်…"

ကျန်းရွှိက ခပ်တိုးတိုးရယ်လိုက်သည်။

" ဒါပေမယ့်ငါမိသားစုအကြောင်းတစ်ခါမှမပြောဖူးဘူး…မင်းကိုပြောတာ ပထမဦးဆုံးပဲ"

ကျန်းရွှိ သည်ရုတ်တရက် ထမမေးမီ အခင်းပေါ်တွင် လက်ဖြင့်ပွတ်သပ်လိုက်သည်။

"ဒါဆို ငါအရာအားလုံးကိုနားထောင်လို့ရလား"

ရှန်ဖ့န်းယွိ သည်သူ၏စကားများဖြင့်အေးခဲသွားပြီးခဏကြာသည်အထိ ဘာမျှမပြောနိုင်ခဲ့ပေ။

တစ်ချိန်တည်းမှာပင် ပြတင်းပေါက်အပြင်တွင် မိုးများစတင်ရွာလာခဲ့ပြီး အခန်းသည် ခဏကြာ တိတ်ဆိတ်ခဲ့သည်။မိုး၏တိတ်ဆိတ်သောအသံသည် ထူးထူးခြားခြား အိပ်ချင်စရာ ကောင်းသော်လည်း မည်သူမျှ အိပ်ရန်ရည်ရွယ်ချက်ရှိပုံမရပေ…။

ရှန့်ဖန်းယွိ ညင်ညင်သာသာစကားပြောခဲ့ဖူးသည့် အချိန်မှာ ကြာခဲ့ပြီဖြစ်သည်။သူသည် တိတ်ဆိတ်မှုအား ဖြိုခွင်းလိုက်ကာ…

"ဟုတ်ပြီ…ငါမင်းကိုပြောပြမယ်လေ…"

သူသည် မျက်လွှာချကာ သူ၏ လက်ဆစ်များအား ဖြည်းညင်းစွာ ချိုးနေသည်။

"ငါပြောခဲ့တာကိုမင်းမှတ်မိတယ်မလား... ငါ့မှာအစ်ကိုကြီးရှိတယ်ဆိုတာလေ…ငါ့မိဘတွေက ငါငယ်ငယ်လေးတုန်းက စီးပွားရေးလုပ်ငန်းတစ်ခုအတွက် A မြို့ ကို သွားကြပြီး စားသောက်နေထိုင်ဖို့ လိုက်ရှာကြတာပေါ့…သူတို့အတွက်ငါက နည်းနည်း ဝန်ပိုနေသလိုဖြစ်နေတယ်လေ…အဲ့တော့ ငါ့အစ်ကိုကိုပဲ သူတို့နဲ့အတူခေါ်သွားတယ်"

"ငါကတော့ အဘိုးအဘွားတွေအိမ်မှာ ကြီးခဲ့တာပေ့ါ သူတို့ကိုတော့တစ်နှစ်မှ ၁ခါ ဒါမှမဟုတ် ၂ခါလောက်ပဲတွေ့ဖြစ်တာပေါ့… ငါအထက်တန်း ပထမနှစ် စတက်တော့ အဖွားကဆုံးသွားတယ်…သိပ်မကြာဘူး…အဘိုးကလည်း လိုက်သွားတယ်လေ"

"အဲ့ဒီ အချိန်မှာ ငါ့မိဘတွေက အသုဘကို လာတက်ဖို့ ပြန်လာခဲ့ကြသေးတာ… ငါက သူတို့ နောက်ထပ် ထွက်မသွားတော့ဘူးလို့ထင်ခဲ့တာ… ဒါပေမဲ့သူတို့က ငါ့အစ်ကိုကအဲဒီမှာစာဆက်သင်နေတုန်းတဲ့…နှစ်အလယ်ကြီးမှာကျောင်းတွေပြောင်းဖို့အဆင်မပြေဘူးတဲ့… အဲ့တော့ ငါ့ကို A မြို့ က ကျောင်း တစ်ကျောင်းကျောင်း ကိုပြောင်းချင်လားလို့ မေးကြတာပေါ့…အဲ့ဒီက သင်ကြားပုံ ပညာရေးစနစ်က ပိုပြီးကောင်းတယ်လည်းပြောကြတယ်လေ.."

"အဲဒီအချိန်တုန်းကတော့ ငါ့အတန်းဖော်တွေ…သူငယ်ချင်းတွေနဲ့ခွဲဖို့ကို ဝန်လေးနေခဲ့တာ… အဲ့ဒါကြောင့် ငါကတခြားကျောင်းကိုမပြောင်းချင်ဘူး.…ပြီးတော့ ငါ့ဘိုးဘွားတွေကလည်း မရှိကြတော့ဘူးလေ…သူတို့ကို အောက်မေ့နေမယ့်လူမရှိတော့မှာမျိုးလည်း မဖြစ်စေချင်ဘူး…နောက်တော့ မိဘတွေက ငါ့ကိုစကားပြောကြပြီး ငါ့အစ်ကို ဝင်ခွင့်စာမေးပွဲပြီးပြီးတဲ့အခါ သူတို့ပြန်လာမယ်လို့ပြောကြတာပေါ့"

"အနီးနားက ဆွေမျိုးတွေက တစ်ဦး နဲ့ တစ်ဦး ပိုဝေးကွာတတ်ကြတာ ပုံမှန်ပါပဲ"

"အဲဒီနောက် သူတို့က ငါ့ ဦး လေးတွေ အဒေါ်တွေနဲ့အိမ်နီးချင်းတွေကို ပိုက်ဆံနည်းနည်းပေးထားတော့ ငါ့ဆွေမျိုးတွေ အိမ်နီးချင်းတွေဆီသွားပြီး စားစရာရှိတဲ့နေရာတိုင်းမှာ စားနိုင်ခဲ့တယ်…အဲ့လိုနဲ့ပဲ ငါငတ်ပြီးတော့ မသေခဲ့တာပေါ့…ကျောင်းမှာလည်း နေစရာနေရာ ရှိတော့အဆင်ပြေသွားတယ်လေ…"

"နောက် နှစ်နည်းနည်း ကြာတော့ ငါ့အစ်ကို တက္ကသိုလ်တက်ရောက်သွားပြီး ငါ့မိဘ တွေလည်း နောက်ဆုံးတော့ ပြန်လာခဲ့ကြတာပေါ့… ဒါပေမယ့် သူတို့က ငါလူမှုရေးအရအဆင်ပြေပြီး တစ်ယောက်တည်းငတ်မသေနိုင်ဘူးဆိုတာ သိကြတော့ ၁နှစ် ၂နှစ်လောက်ပဲနေသွားကြတယ်…အဲ့အပြင် ငါ့အစ်ကိုမှာရည်းစားရှိနေတော့ မိဘတွေကသူ့ကိုအိမ်တစ်လုံးဝယ်ပေးချင်ကြရော…အဲ့ဒါနဲ့ သူတို့ကပိုက်ဆံရှာဖို့ ထပ်ထွက်သွားကြပြန်ရော…လွန်ခဲ့တဲ့ ၂ နှစ်လောက်ကမှ အခြေချဖို့ပြန်လာကြတာလေ…"

သူသည် ကျန်းရွှိ၏ အိပ်ခန်း ကြမ်းပြင်ကိုကြည့်ကာ

"လွန်ခဲ့တဲ့ ၂ နှစ်အတွင်းမှာ ငါပြန်သွားတိုင်း သူတို့ကငါ့ကို အစားကောင်းကြီးတွေ ချက်ကျွေးတာ..ပြီးတော့ သူတို့က ငါ့ကြောင့် ပြန်ပြောင်းလာကြတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့"

ရှန့်ဖန်းယွိက၏ခေါင်းကို ခါယမ်းကာ ပြုံးရင်း ပြောသည်။

"ဒါပေမယ့် ငါလည်း မိဘတွေ ဂရုစိုက်တာ ခံရတဲ့ အသက်အရွယ်ကို ကျော်သွားလို့နေမယ်…ငါ့အတွက်တော့ လုံးဝ ကို ခံစားလို့မရတော့ဘူးဖြစ်နေတယ်…"

ကျန်းရွှိ ကသူ့အား နားလည်ရခက်သော အမူအရာနှင့် ကြည့်လိုက်သည်။ ဆယ်ကျော်သက်အရွယ် နှစ်များသည် ထိရှအလွယ်ဆုံး အချိန်များ ဖြစ်ကာ အလယ်တန်းကျောင်းကျောင်းသားတစ် ဦး အဖို့ သူငယ်ချင်းများနှင့်ဆွေမျိုးများအကြား တစ်ဦးတည်းလိုက်လျောညီထွေစွာနေနိုင်ရန်နှင့် ကပ်ပါးကောင် ကဲ့သို့ တွယ်ကပ်နေနိုင်ရန်မှာ အလွန်ခက်ခဲနိုင်သည်။ ကျန်းရွှိသည် ရှန့်ဖန်းယွိနေရာတွင် သူသာဆိုလျှင် အလွန်ခက်ခဲလောက်မည်ဟု တွေးမိသွားသည်။

ထိုအဖြစ်ပျက်များသည် ရှန့်ဖန်းယွိအား ပို၍ လိမ္မာပါးနပ်စေကာ လောကနိယာမများအကြောင်းပို၍ နားလည်စေသည့် စမ်းသပ်မှုများဖြစ်လောက်သည်။ သို့သော် သူပေးဆပ်ရမည့် ပမာဏသည် ကျန်းရွှိအားပူပန်စိတ်ဝင်စေသည်။

လူ့နှလုံး၏သုံးပုံနှစ်ပုံသည်ခန္ဓာကိုယ် ဘယ်ဘက်တွင်ရှိကာ သုံးပုံတစ်ပုံသည် ညာဘက်တွင်ရှိသဖြင့် လူ့နှလုံးသည် သဘာဝအလျောက်ဘက်လိုက်ကာ တဖက်သို့ပိုယိမ်းနေသည်။ ထို့ကြောင့် မိဘအများစုသည်လည်း သူတို့၏ကလေးများအား တန်းတူညီမျှ မဆက်ဆံနိုင်ကြပေ။

သူသည် နောက်ကျစွာ မွေးဖွားလာခဲ့၍ သူ၏အစ်ကိုသည် အကောင်းဆုံးအဆင့်များထိရောက်ရှိခဲ့ပြီးဖြစ်သည်။ထို့ကြောင့် သူမည်မျှပင်ကြိုးစားစေကာမူ သူ့အစ်ကိုဖြစ်သူ၏ခြေရာများကို အမြဲလိုက်နေရမည်ဖြစ်သည်။ ထိပ်တန်းကျောင်းသား ဖြစ်လာခြင်းသည် အခြားသူများ၏ ရှေ့တွင် ကြွားဝါစရာတစ်ခုခုဖြစ်သော်လည်း ထိုအရာသည် အစ်ကိုဖြစ်သူ၏ အောင်မြင်မှုအတိုင်းဆက်လက်ဖြစ်တည်နေသောမိသားစုဂုဏ်သရေမပျက်စေသည့် အရာတစ်ခုပင်ဖြစ်သည်။

ထိပ်တန်ကျောင်းသားတစ်ဦး ရှိနေခြင်းသည် မိသားစုအတွက် အသစ်အဆန်းမဟုတ်ပါပေ။

"ကျန်းရွှိ.... မင်းလိုမျိုး မင်းမိဘတွေရဲ့ဂုဏ်ဆောင်လေး ဖြစ်ရတာကဘယ်လိုလဲဆိုတာ ငါတကယ်သိချင်တယ်"

ကျန်းရွှိက သူ့အားကြည့်လိုက်သည်။

ရှန့်ဖန်းယွိက သူ၏ နှုတ်ခမ်းများကို တင်းတင်းစေ့ကာ ပြောသည်။

"မင်းသိလား…ငါငယ်ငယ်တုန်းကဆို ငါက အစ်ကိုကြီး ဖြစ်ခဲ့ရင်ကောင်းမှာဆိုပြီး အမြဲတွေးနေခဲ့တာ"

"ဒါပေမယ့် ငါအခု စဉ်းစားကြည့်တော့ ဒါကကိစ္စကြီးမှမဟုတ်တာ… ငါ့မိဘနဲ့ အရမ်းကြီး သိပ်မနီးစပ်ခဲ့ပေမယ့် ငါ့အဘိုးအဘွားတွေနဲ့ နီးနီးကပ်ကပ်နေခဲ့ရတယ်လေ.. ”

ရှန့်ဖန်းယွိသည် ပြုံးကာ ယုံကြည်မှုအပြည့်နှင့်ပြောသေးသည်။

"ငါ့အစ်ကိုက ငရုတ်ပွစိမ်းကြော် အကြောင်းတောင် သိမှာမဟုတ်ဘူး"

"ပြီးတော့ ငါ့အကိုက သားကောင်းတစ်ယောက်ပါ… သူကသူတို့စကားကိုနားထောင်ပြီး ဘွဲ့ရပြီးတဲ့နောက် B မြို့ကိုပြန်လာတယ်လေ…လက်ထပ်ပြီးကလေးတွေလည်း ရပြီ အဲ့ဒီတော့ သူတို့မှာမြေးတွေရှိပြီးမိသားစုရဲ့ ပျော်ရွှင်မှုကိုရနိုင်သွားတယ်လေ…သူက ငါ့လို မိဘတွေကိုအလုပ်ပျက်စေပြီး ကလေးပိုမွေးမိလို့ ဒဏ်ပိနေတဲ့ သူတွေဖြစ်စေတဲ့သူမျိုးနဲ့ မတူပါဘူး…ထပ်ပြောရရင် ငါလည်း အမြဲ A မြို့ထဲမှာပဲလေ…အိမ်ပြန်ဖို့အမြဲ ငြင်းဆန်နေခဲ့တာပါပဲ…"

"...... ဒါပေမယ့် ငါပြန်သွားသည်ဖြစ်စေ မသွားသည်ဖြစ်စေ သူတို့တကယ်ဂရုမစိုက်ပါဘူး"

သူ၏မိဘများသည် အတိတ်ကာလတွင်လည်း ပေါ့နေခဲ့ကြကာ သူ့အားဂရုမစိုက်ခဲ့ကြပေ…။ ယခု သူ ကြီးပြင်းလာသော်လည်း သူ့အားမည်သို့ ဆက်လုပ်ရမည်ဟု ပြောရန်ကိုပင် ခဲယဉ်းနေကြသည်။ယခုသူ့အား စောင့်ရှောက်ပြမှုအားလုံးသည် ခပ်တန်းတန်းမျှသာဖြစ်ကာ နှစ်ပေါင်းများစွာ တစ်လျှောက်လုံး သူမျှော်လင့်ခဲ့ရသည်များအတွက် ယဉ်ကျေးသမှု ပြုပြရုံသာဖြစ်သည်။

ရှန့်ဖန်းယွိသည် သူ၏မိဘများက သူ့အားမွေးဖွားခဲ့ခြင်းနှင့်ပတ်သက်၍ နောင်တရနေကြသည်ဟုအမြဲခံစားမိသည်။

အကယ်၍ သူ၏ မိဘများကို ထပ်မံရွေးချယ်ရန်အခွင့်အရေးပေးခဲ့ပါလျှင် သူတို့သည်သူ့အား မွေးဖွားရန်မရွေးချယ်ကြလောက်ပေ။

သူတို့ မိသားစုတွင် သူ၏ အစ်ကိုနှင့် လုံလောက်ပြီးဖြစ်သည်။

ရှန့်ဖန်းယွိ သည် ခဏမျှ ငြိမ်ပြီးနောက် ခပ်ပေါ့ပေါ့ရယ်မောကာ

" ငါ့မိဘ တွေကိုလည်း အပြစ်မတင်ပါဘူး…ဘဝက ငါ့ကိုအဲ့လို ဖြစ်စေဖို့ တွန်းအားပေးနေတာပဲကိုး"

ဘဝ၏ ဖိအားသည် လူငယ်များမှမလွတ်မြောက်နိုင်သော တောင်တစ်တောင် ပင် ဖြစ်သည်။ရှန့်ဖန်းယွိ သည် ငယ်ရွယ်စဉ်က A မြို့ တွင်ဝေးကွာစွာ ရုန်းကန်နေရသော သူ၏မိခင်နှင့်ဖခင်အား မျှော်ခဲ့ရဖူးသည်။ သူ အသက်ကြီးပြင်းလာသောအခါတွင်မူ နောက်ပင်လှည့်မကြည့်ဘဲ ထိုမြို့သို့ သွားခဲ့ပြီဖြစ်ကာ အိမ်ကိုပင် ပြန်ခဲလှသည်။

A မြို့ ၏ အမြဲ တက်ကြွနေသော နှလုံးသားဟူသည် မရေမတွက်နိုင်သောလူငယ်များနှင့် အတူ မြင့်မားသော ရည်မှန်းချက်များဖြင့် ပြည့်နှက်နေသည်။ သူတို့သည်မြို့တော်ဆီသို့ တစ်ဦးပြီးတစ်ဦး ဆက်တိုက်လာနေကြကာ ကြိုတင် စာရင်းများ ပေးစရာမလိုအောင်ပင် သူတို့၏လူငယ်ဘဝ ငယ်ရွယ်မှုများအား ပြန့်ပွါးနေကြသည်။ အစဉ်မပြတ်နှင့် ထာဝရတည်တံ့သောတောက်ပမှုများဖြစ်သည်။

ထို့နောက်လူငယ်များသည် စွမ်းရည်များကျဆင်းလာပြီး တဖြည်းဖြည်းအသက်ကြီးလာကြသောအခါ လှိုင်းတံပိုးကြီးတစ်ခုက သူတို့အားဆေးကြောလိုက်တော့သည်။ အနည်းငယ်သော လူဦးရေသာ ဆက်လက်နေထိုင်ခွင့်ရကြ၍ ကျန်သူများမှာ ဖယ်ထုတ်ခံရ ခြင်း သို့မဟုတ်ထွက်သွားရခြင်းမျိုး ကြုံကြရသည်။

နှစ်အနည်းငယ်အကြာတွင် သူတို့၏သားစဉ်မြေးဆက်များသည် ယခုအချိန်တွင် ကြီးပြင်းလာကြကာ သူတို့၏စိတ်အားထက်သန်မှုများ နှင့်စံနမူနာများအတိုင်း ပြန်၍ လည်ပတ်ကြပြန်သည်။

ရှန့်ဖန်းယွိသည် အလွန်တရာ ငြီးငွေ့နေခြင်းမရှိပေ။

သူ၏ တစ်ခုတည်းသောနောင်တမှာ သူ့တွင် အခြားမိသားစုများထက် မိသားစုဝင်များသော်လည်း အခြားသူများထက် ပို၍ အထီးကျန်နေပုံရသည်။

ရှန့်ဖန်းယွိ သည်နောက်ဆုံးတွင် သက်ပြင်းချလိုက်သည်။

"ဟူး….ငါ ဘာလို့ ဒီပုံပြင်ဟောင်းတွေကို ပြန်အစဖော်နေရတာလဲ… နှစ်ပေါင်းများစွာကြာနေပြီးသားဆိုပေမယ့် ငါက ဂရုစိုက်နေမိတုန်း…"

သူ၏နှာတံကို ဖျစ်ရင်း သက်ပြင်းချကာ ပြောလိုက်သည်။

"ကျန်းရွှိ… မင်းမကြားခဲ့သလိုဟန်ဆောင်လိုက်…ဒါကြီးက ရှက်စရာကြီး"

ကျန်းရွှိ က သူ့စကားအား ကြားဖြတ်ကာ

" ဒါဖြင့် မင်းကိုငါဂရုစိုက်ပေးမယ်"

ရှန့်ဖန်းယွိ က ရုတ်တရက်မော့ကြည့်လိုက်သည်။

ကျန်းရွှိ ၏အသံသည် ညအချိန်တွင် ခပ်အေးအေးနှင့် ရှင်းလင်းသည်။

" ငါ့ရည်းစား မဟုတ်တဲ့သူနဲ့ ဘဝတစ်လျှောက်လုံး အတူနေထိုင်ရမယ်လို့ တခါမှ မတွေးခဲ့မိဘူး…ဒါပေမယ့် ငါ မင်းကို တွေ့ပြီးတဲ့အချိန်ကျတော့ ဒါ ဖြစ်နိုင်လိမ့်မယ်လို့ထင်ခဲ့တယ်…အခုကစပြီး ငါမင်းကို အဖော်ပြုပေးမယ်…မင်းကိုဂရုစိုက်ပေးမယ် "

ရှန့်ဖန်းယွိ ဘာမျှမပြောနိုင်တော့ပေ။

"ဘာဖြစ်လို့လဲ…"

ရှန့်ဖန်းယွိ၏ မျက်နှာအမူအရာအား အမှောင်ထဲတွင် တွေ့နိုင်ရန် ခဲယဉ်းသည်။ မလှုပ်မရှားထိုင်နေကာ ဘာမျှမပြောသောကြောင့် ကျန်းရွှိသည် သူ့အားမြင်နိုင်ရန် မီးထဖွင့်ဖို့ကြိုးစားသောအခါ…

"မလုပ်နဲ့…မီးမဖွင့်လိုက်ပါနဲ့"

ကျန်းရွှိ၏ လက်ချောင်းများတောင့်သွားသည်။သူသည် ရှန့်ဖန်းယွိ၏ အသံထဲတွင် အနည်းငယ်အက်ကွဲနေသယောင် အလွန်သိမ်မွေ့တဲ့သောခံစားချက်မျိုးနှင့်အသံအားကြားလိုက်သည်။

အိပ်ခန်းသည် တိတ်ဆိတ်သွားခဲ့သည်။ ရှန့်ဖန်းယွိသည် မျက်နှာအား တဖက်သို့လှည့်သွားသည်။ ကျန်းရွှိ၏ စကားများသည် လျန်းမြောင်၏ စကားလုံးများအား ကိုးကား၍ ပြောထားခြင်းဖြစ်သည်ကို ဂရုမစိုက်ပေ။

သူသည် လျန်းဟန်အား သာမန် ဂျစ်ကန်ကန် ဆယ်ကျော်သက်တစ်ဦး ဟုသာထင်ခဲ့သည်။

ထိုမိန်းကလေးနှစ်ယောက် စကားပြောနေသည်ကို သူကြားလိုက်ရသည့် နေ့မတိုင်ခင်ထိဖြစ်သည်။

သူသည် လျန်းဟန်အား အတော်အသင့် နားလည်နိုင်မည်ဟုထင်ခဲ့သည်။ ထို့ကြောင့် လျန်းမြောင် ပြောခဲ့သောစကားလုံးများသည် သူမအားမည်မျှ တွန်းအားဖြစ်စေခဲ့သည်ကို သူ ခန့်မှန်းသိနိုင်မည်။

သူမ၏နှလုံးသားထဲတွင် ဖုံးကွယ်ထားသော လျှို့ဝှက်တံခါးအား ဖွင့်လိုက်ခဲ့ပြီးနောက် ထိုအချိန်တွင် သူသည် လျန်းဟန်အား အမှန်တကယ်မနာလိုဖြစ်ခဲ့သည်။

သို့သော် တစ်စုံတစ်ဦး မှ သူ့အား ထိုသို့ပြောလာလိမ့်မည်ဟုလည်း မမျှော်လင့်ခဲ့ပေ။ ထို့အပြင် အံ့ဩစရာကောင်းသည်မှာ ထိုလူသည်ကျန်းရွှိ ဖြစ်နေခဲ့သည်။

ရှန့်ဖန်းယွိ က သူ၏စိတ်သည် ဝရုန်းသုန်းကား ဖြစ်နေကာသူ၏နှလုံးသည်လည်း အနည်းငယ်မကြည်မသာဖြစ်နေသည်ဟုခံစားခဲ့ရသည်။

လက်ရှိဖြစ်ပျက်နေသော ခံစားချက်များသည် ရှန့်ဖန်းယွိ အား သူအမြဲမေးချင်နေခဲ့သော မေးခွန်းတစ်ခုကို ထုတ်မေးရန် သတ္တိရှိစေခဲ့သည်။

"ဘာဖြစ်လို့ စိတ်ပြောင်းပြီး ကလေးကို ဆက်မွေးဖို့ဆုံးဖြတ်ခဲ့တာလဲ…"

"မင်း စိတ်ပျော့သွားလို့လား"

ကျန်းရွှိသည် အသံတိတ်နေသည်။

ရှန့်ဖန်းယွိက ဆက်၍…

"ဒါမှမဟုတ်ရင်... အဲ့ဒါက …ငါ့ကြောင့်လား…."

ကျန်းရွှိသည် အသံလုံးဝ ထွက်မလာသေးပေ။

ရှန့်ဖန်းယွိ သည် ထိုအချိန်တွင် သူ့ဖုန်းမှ အချိန်အားလှမ်းကြည့်လိုက်ကာ သူ အလွန်တွန်းအားပေးမိသွားသည်ကို သဘောပေါက်လိုက်သည်။ သူသည် ခေါင်းအားပြန်မတ်ကာ စိတ်ခံစားချက်များအားပြန်တွန်းကန်ပစ်လိုက်သည်။သူ၏မျက်လုံးများထဲတွင် မျော်လင့်ချက်များအပြည့် ရှိနေကာ အခြေအနေနှင့် လိုက်လျောညီထွေဖြစ်စေရန် အပြုံးတစ်ခု ဖန်တီးလိုက်သည်။

"မင်းမဖြေချင်ဘူးဆိုလည်း ရပါတယ်…အခုနောက်ကျနေပြီဆိုတော့ မင်းအိပ်……..."

"ဟုတ်တယ်"

လေသည် ပြတင်းပေါက်မျက်နှာပြင်များအား ဖြတ်၍ တိုက်ခတ်ခဲ့ပြီး လိုက်ကာကြီးများ၏ ထောင့်များကိုပင် ယိမ်းခါနေစေသည်။ထိုအချိန်တွင် ကျန်းရွှိ ကသူ့အား ကြည့်ကာ ရုတ်တရက်စကားပြောလာခဲ့သည်။