အပိုင်း ၇၀
Viewers 11k

✅️Chapter 70




ကျန်းရွှိ နံနက်စောစောနိုးလာသောအခါ ရှန့်ဖန်းယွိသည်သူ၏အခန်းထဲတွင်မရှိတော့ပေ။

ကျန်းရွှိ သည် သူ၏ဖုန်းအား လှမ်းကြည့်လိုက်ရာ ကိုးနာရီကျော်ပြီဖြစ်ကြောင်းတွေ့လိုက်ရသည်။ သူသည် ထိုကဲ့သို့ ခပ်ကြာကြာအိပ်မပျော်ခဲ့ရသည်မှာ အလွန်ကြာပြီဖြစ်သည်။ ပြီးခဲ့သည့်ညက သူအချိန်တိုက်ထားခဲ့သည့် နှိုးစက်နာရီအား ကြည့်လိုက်ရာ ပိတ်ထားပြီးဖြစ်ကြောင်းတွေ့လိုက်ရသည့်အတွက် အံ့ဩသွားသည်။

သူနှိုးစက်အသံ မကြားသည်မှာ အံ့ဩစရာမဟုတ်တော့ပေ။ရှန့်ဖန်းယွိ သည် သူအိပ်ပျော်သွားချိန်တွင် နှိုးစက်နာရီအား ထပိတ်ထားခဲ့သည်။

သူကထ၍ တရားခံကအား ပြစ်တင်ဝေဖန်ချင် သော်လည်း ထို ခဏတာ မှေးစက်ခြင်းသည် အတော်ပင်အဆင်ပြေသည်ဟုခံစားရသည်။ပျော့ပျောင်းသောအိပ်ရာသည် အိမ်၏ အနံ့အသက်ရနေကာ ခေါင်းအုံးအပျော့များသည်လည်း သူ၏မျက်နှာပင် နစ်ဝင်ကာ အလွန်သက်တောင့်သက်သာရှိလှသည်။

အိမ်သည် လူတစ်ဦးမျှ ရှိမနေသည့်အတိုင်းပင် အံ့ဩစရာကောင်းစွာ တိတ်ဆိတ်နေသည်။ သူသည် ရခဲသော အချိန်ခဏအတွင်း အိပ်ယာပေါ်တွင်သာနေခဲ့သည်။ သူ နောက်ထပ် အိပ်ပျော်ခါနီး ဖြစ်သွားသောကြောင့် ထထိုင်ကာ ကိုယ့်ကိုယ်ကို နှိုးရန် ကြိုးစားလိုက်သည်။

အချိန်ခဏမျှ ထိုင်ပြီးသည့်နောက် သူနိုးလာစဉ်ကတည်းကပင် အပြင်တွင် မည်သည့်လှုပ်ရှားမှုမျှမရှိကြောင်း ရုတ်တရက်သဘောပေါက်သွားခဲ့သည်။ သူသည် အပြင်သို့ထွက်၍ ကြည့်ရန် သံသယအပြည့်နှင့် ထလိုက်သည်။ သို့သော် မမျှော်လင့်ပဲ သူတံခါးကိုဖွင့်လိုက်သည်နှင့်ဖဲကြိုးများသည် သူ၏ဦးခေါင်းအထက်တွင် ပြန့်ကျဲကုန်သည်။

ရောင်စုံအစင်းများနှင့် ရွှေမှုန် များသည် ရောထွေးသွားသည်။ ကျန်းရွှိ သည် ရာဇဝတ်မှုများနှင့်ပြည့်နေသော ဦးခေါင်းဖြင့် တရားခံကိုသာ အရင်ရှာဖွေလိုက်ရာ သူ၏အကြိုက်ဆုံးဟင်းလျာများနှင့်ပြည့်နေသော စားပွဲကိုသာမြင်လိုက်ရ၏။ သူ၏မိဘများက စားပွဲတွင် ထိုင်နေကာ သူ့အား ကြည့်နေကြ၏။ စားပွဲအလယ်တွင် ကိတ်မုန့်တစ်လုံးရှိသည်။

အမေကျန်း သည်အနည်းငယ်ပျာယာခတ်နေပြီး အဖေကျန်း သည်လည်း သူ့အား ကြည့်ကာ…

"မင်း ဆေးကြောပြီးရင် လာပြီးစားတော့"

ရှန့်ဖန်းယွိ သည်သူ၏လက်အား စားပွဲပေါ်တင်ကာ မေးအားထောက်လိုက်ပြီး ပြုံး၍ ပြောသည်။

"မင်္ဂလာ နံနက်ခင်းပါ ကျန်းရွှိ"

ကျန်းရွှိ သည် ခဏတာ ဆေးကြောသန့်စင် ပြီးနောက် စားပွဲတွင် ထိုင်နေစဉ်အတွင်း အနည်းငယ်အံ့အားသင့်နေသည်။

"မင်းတို့တွေ ...... "
"အမေ မင်းတို့အတွက် အရသာရှိတဲ့ဟင်းတွေ အများကြီးချက်ထားတယ်…ဟို…ဟို"

အမေက အထစ်ထစ်အငေါ့ငေါ့နှင့် ဝင်ပြောသည်။ထို့ကြောင့် အဖေက သူမ ပြောရအဆင်ပြေစေရန် ဝင်ကူပြောပေးသည်။

" မင်းရဲ့အမေက မင်းကို တောင်းပန်ချင်နေတာ"

အမေသည် သူမ၏အိပ်ခန်းထဲမှ အဝါရောင်နှင်းဆီပန်းစည်းကိုယူ၍ ကျန်းရွှိထံ ကမ်းပေးကာ…

"ဒါ ရှန့်ဖန်းယွိရဲ့ အကြံလေ…ငါ့ဘဝမှာ တခါမှ ဘယ်သူ့ကိုမှ ပန်းမပေးဖူးဘူး…အဲ့တော့ ပထမဆုံးပန်းစည်းကို ငါ့သားဆီ ပေးလိုက်ပြီ"

"ဒီတခါတော့ ငါ့ဘာသာငါ စဉ်းစားခဲ့တာ…ဆရာရှာဖို့ အင်တာနက်ပေါ်တောင် မသွားခဲ့ဘူး"

ကျန်းရွှိသည် ထိုသို့ပြုံးကာပြောနေသော ရှန့်ဖန်းယွိအား ကြည့်နေခဲ့သည်။

ကျန်းရွှိသည် သူ၏ဆံပင်ပေါ် မှရွှေမှုန့်များအား ဖယ်ရှားရန် အချိန်အတော်ယူခဲ့ရပြီး သူ၏မျက်လုံးများတွင်အဓိပ္ပာယ်အပြည့်ပါသော အကြည့်များဖြင့် …

"မင်း နောက်တစ်ခါဆို အက်တာနက် ပေါ်က ရှာတာ ပိုကောင်းမယ်"

"ပန်းတွေကိုကြိုက်ရဲ့လား "
အမေကျန်းသည် ကျန်းရွှိ၏အခြေအနေကို သတိဖြင့်ကြည့်ကာမေးလိုက်သည်။

ကျန်းရွှိသည်သူ၏ ခေါင်းကိုငုံ့ထားကာအဝါရောင်နှင်းဆီများကို အနံ့ခံနေသည်။ ပန်းများသည် အလွန်မွေးကြိုင်ပြီး ထိုအဝါရောင်သည်လည်း နံနက်စောစောထ၍ အလင်း ဝင်ရောက်စေရန် လိုက်ကာဆွဲဖွင့်ချိန်တွင် မြင်ရသော နေရောင်ကဲ့သို့ လှပနေသည်။ ထိုပန်းများသည်သူ၏စိတ်အား ချက်ခြင်း လက်ငင်းပင် တောက်ပသွားစေသည်။

"ကျေးဇူးတင်ပါတယ် အမေ"

သူသည် စိတ်လှုပ်ရှားမှု အပြည့်ဖြစ်နေသော မျက်လုံးများအား ဖုံးကွယ်ရန် သူ၏ မျက်တောင်များ အားချထားကာ မော့မကြည့်ခဲ့ပေ။

"ခုကိစ္စက အသက်အန္တရာယ်နဲ့ ဆိုင်နေမယ်ဆိုတာ မသိခဲ့ဘူး…"

အမေကျန်း ၏ မျက်လုံးများမှာ နီရဲနေသည်။ သူမ တစ်ညလုံးမအိပ်ခဲ့ရ လောက်ပေ။ သူမ သည် ကျန်းရွှိ၏ လက်မောင်းကိုထိန်းကိုင်ကာ…

" သားအိမ်ထောင်ပြုပြု …မပြုပြု…အမေတို့နောက်မှအဲ့ကိစ္စကိုဆက်ပြောမယ်…အမေက အရာအားလုံးထက် မင်းကိုပဲ ပိုအဆင်ပြေစေချင်တယ်"

ကျန်းရွှိသည် သူ၏နှုတ်ခမ်းအား တင်းတင်းစေ့၍ "အင်း…" ဟုသာ ခပ်တိုးတိုးပြောလိုက်သည်။

လူကြီးများသည် သူတို့၏ဘဝတစ်လျှောက်လုံးတွင် အခြားအရာအားလုံးထက် ပို၍ တန်ဖိုးရှိသောဂုဏ်ယူမှုများကိုသာ အမြဲလက်ကိုင်ထားကြသည်။ သို့သော် သူတို့၏ကလေးများ ဒုက္ခရောက်နေချိန်တွင် ထိုစိတ်ကို ခဏတာဘေးဖယ်ထားနိုင်သည်။

အတိတ်ကာလမှ မျှော်လင့်ချက်များနှင့်တောင်းဆိုမှုများသည် မည်မျှပင် ပြင်းထန်စေကာမူ ကျန်းမာရေးနှင့် ပတ်သက်၍ နှိုင်းယှဉ်လျှင်အခြားအရာအားလုံးသည် မှေးမှိန်သွားသည်။

လူနေမှုသည်အခြားအရာအားလုံးထက် ပို၍ အရေးကြီးသည်။လျန်းမြောင်၏ မိဘများသည် ထိုကဲ့သို့ဖြစ်ကာ သူ၏မိဘများသည်လည်းအတူတူပင်ဖြစ်သည်။

အမေကျန်း ကသူ့အားကြည့်ကာ…

"ဒီလိုတွေဖြစ်လာမှတော့…အမေတို့ရင်ဆိုင်ကြတာပေါ့…"

သူမသည်သူမနောက်ကွယ်မှဒိုင်ယာရီစာအုပ်အားထုတ်ယူကာ…

"ဒါက မင်းကို ကိုယ်ဝန်ရှိနေချိန်မှာ အမေရေးခဲ့တာ… မင်းအတွက် အကူအညီ ဖြစ်မယ်လို့ အမေမျှော်လင့်တယ်… မင်းကအရွယ်ရောက်ပြီးသား ဆိုတာ အမေသိပါတယ်…အမေနဲ့အဖေက မင်းနဲ့အတူနေကြမှာကိုလည်း မင်းမကြိုက်ဘူးဆိုတာသိပါတယ်… ဒီနောက်ပိုင်းလတွေမှာသားနေမကောင်းလို့ အမေ့ကို သားနဲ့အတူနေစေချင်ရင် အချိန်မရွေးသာခေါ်လိုက်…အမေချက်ချင်းထွက်လာခဲ့မယ် သားကို ဂရုစိုက်ပေးဖို့"

ကျန်းရွှိသည် ဒိုင်ယာရီကိုယူကာ ပေါ့ပေါ့ပါးပါးလှန်ကြည့်လိုက်သည်။ ထိုစာအုပ်သည် ကလေးတစ်ယောက်အတွက် မိခင်ဖြစ်သူ၏ မျှော်လင့်ချက်များစွာဖြင့် ပြည့်နေသည်။

မိခင်ဖြစ်သူ ကျန်းသည် သူ၏အပြုအမူများအားကြည့်ကာ သူမကိုယ်သူမ အပြစ်ရှိသည်ဟုခံစားနေရသည်။

"မနေ့က မင်းအဲ့လိုပြောတော့ အမေကြားကြားချင်းမလို့ အရမ်းစိတ်ထိခိုက်သွားခဲ့တာ…အမေအများကြီးမစဉ်းစားပဲ လွန်လွန်ကြူးကြူး ပြောခဲ့မိတယ်…စိတ်ထဲမထားပါနဲ့…အမေ ဒေါသထွက်သွားလို့ပါ…အမေအဲ့လို ပြောဖို့မရည်ရယ်ပါဘူး "

"ဒီမနက်တုန်းက ရှောင်ရှန်းကအမေ့ကိုအများကြီးပြောပြတယ်…မင်းအဖေလည်းငါ့ကိုအများကြီးပြောခဲ့တယ်…အမေလည်း အင်တာနက်ပေါ်ကနေ အချက်အလက်တွေ ရှာကြည့်ခဲ့သေးတယ်…တချို့တွေပြောထားကြတာတော့ သားရဲ့အဲ့လိုအခြေနေမျိုးဖြစ်တာက သားကိုကိုယ်ဝန်ဆောင်နေတဲ့အချိန်မှာ အမေသေချာဂရုမစိုက်မိလို့ သားရဲ့ခန္ဓာကိုယ်က အခုလို ပုံမှန်မဟုတ်ဖြစ်သွားတာတဲ့…"

သူမသည်သူမကိုယ်ကို အပြစ်တင်နေကာ…

"အမှန်တော့ သားအမှားမဟုတ်ပါဘူး…အမေ့အမှားပါ ….အမေသားကို ကိုယ်ဝန်လွယ်ထားတုန်းက သေချာဂရုစိုက်ခဲ့လိုက်ရမှာ…"

သူမသည် ကျန်းရွှိအား အနံ့သင်းနေသော ကြက်သားနှစ်တုံးထည့်ပေးလိုက်သည်။ သို့သော် မထိန်းနိုင်ပဲ မျက်ရည်နှစ်စက်ကျသွားခဲ့သည်။

"သားလေး…ကျန်းရွှိ..မင်းဘယ်လိုပုံစံပဲ ဖြစ်နေပါစေ…အမေဝမ်းနဲ့လွယ်ပြီးမွေးခဲ့တဲ့သားပါ…မင်းက အမေ့ရဲ့သားလေးပါပဲ…"

"အမေ…အဲ့လို အရေးမပါတဲ့ တချို့ဟာတွေ လိုက်ဖတ်ကြည့်မနေပါနဲ့"

ကျန်းရွှိသည် သူ၏အမေ ထိုသို့စဉ်းစားလိမ့်မည်ဟုမထင်ခဲ့မိပေ။သူသည် ဒိုင်ယာရီစာအုပ်အားချထားလိုက်ကာ သူ၏စိတ်သည်လည်းအနည်းငယ် မကျေမချမ်းဖြစ်နေသည်။

သူ၏အကြည့်သည် ပန်းကန်လုံးရှိကြက်သားများထံမှ ရှန့်ဖန်းယွိထံသို့ရောက်သွားသည်။ထို့နောက် ရုပ်တည်နေသော်လည်း စိုးရိမ်သည့်မျက်ဝန်းများရှိနေသည့် ဖခင်ဖြစ်သူကိုကြည့်လိုက်သည်။

နောက်ဆုံးတွင်သူသည် သူ၏အကြည့်အား အမေဖြစ်သူထံသို့ပြန်ရောက်စေသည်။ထို့နောက် သက်ပြင်းရှည်ချကာ…

"ကျွန်တော် ကံမကောင်းလို့ဖြစ်သွားတာပါ…အမေနဲ့ ဘာမှမဆိုင်ပါဘူး"

သူ၏စကားထဲတွင် မည်သည့်စကားလုံးသည် မိခင်ဖြစ်သူအား စိတ်ထိခိုက်သွားစေသည်ကို မသိခဲ့ပေ…။သူမ၏ မျက်ရည်များသည်ရုတ်တရက် ဒလဟောကျဆင်းလာကာ သူမ၏ရှိုက်ငိုသံသည်လည်း သဲကွဲစွာမကြားရပဲ ရောထွေးနေလျက်…

"ကျန်းရွှိ..သား… မင်းက အရမ်းကို အကောင်းမြင်ပေးတတ်တာပဲ…"

သူမ၏သားဖြစ်သူ ကျန်းရွှိသည်နားလည်ပေးတတ်လွန်းသည်။

လူတစ်ယောက်သည် မထင်ထားသော အဖြစ်ပျက်များနှင့်ကြုံတွေ့ရသောအခါ သူတို့၏နောင်တနှင့်အပြစ်များကိုလျော့ပါးသွားစေရန်အခြားသူတစ်ဦးဦးအားမလွဲမသွေအပြစ်ပုံချတတ်ကြသည်။

သို့သော် သူမ၏သားသည် တစ်ကြိမ်တစ်ခါမျှ သူ၏မိဘများနှင့်ပတ်သက်၍အထွန့်တက်ခြင်းမျိုး သို့မဟုတ်…" အမေတို့ အဖေတို့က ကျနော့်ကို ဒီလိုဖြစ်အောင်လုပ်ခဲ့တာ" ဟု ပြောဆိုခြင်းမျိုး မရှိခဲ့ပေ။

"ဟုတ်ပါပြီ…ဟုတ်ပြီ.. ဒီလိုငိုတာက ရှောင်ရွှိ ကိုမစားနိုင်အောင်လုပ်သလိုဖြစ်နေပြီ….ဒီနေ့မနက်ငိုတာကိုရပ်ကြရအောင်.."

အဖေဖြစ်သူကျန်းသည် အမေ့ပုခုံးအားဖျစ်ညစ်ကာ တစ်ရှူးတချို့ကမ်းပေးရင်းပြောလိုက်သည်။

"ငါတို့ရဲ့ ရှောင်ရွှိက ဆရာ၀န်လေ… မင်းအင်တာနက်ပေါ်ကဟာတွေကို ယုံနေတာ ရပ်ပြီး ... သူပြောတာကိုနားထောင်ရမှာ…ဘယ်သူမှန်တယ် ဘယ်သူမှားနေတယ်ဆိုပြီးလဲ ဒီမှာ ပြောမနေနဲ့…မင်းအဲ့လိုပြောကြေးဆို ငါလည်းအမှားလုပ်မိတာပဲလေ… ငါ့သားကို ဒီလို နာကျည်းစရာကိစ္စမျိုးတွေ ဖြစ်စေတာ ငါ့ရဲ့ မကောင်းတဲ့မျိုးရိုးဗီဇကြောင့်ပဲ…"

"ဟုတ်တယ် ဟုတ်တယ် ငါမငိုတော့ဘူး"

မိခင်ဖြစ်သူသည် သူမ၏မျက်ရည်များကိုသုတ်ကာ ကျန်းရွှိအားဖျစ်ညစ်ပြုံးပြရင်း…

"မင်း ဒီကြက်သားတွေကိုစားကြည့်…မင်းအကြိုက်ဆုံးတွေလေ…"

ကျန်းရွှိ သည်အသက်ပြင်းပြင်းရှူလိုက်သည်။ သူ၏ ရင်ထဲမှ အလွန်အကျွံ ဖြစ်နေသော စိတ်ခံစားမှုများကို ထိန်းထားလိုက်သည်။ သူ၏မျက်လုံးအောက်ရှိမှဲ့မှာ ထင်းနေကာ ရီဝေနေသော မျက်လုံးများဖြင့် မိဘများထံပြုံးပြလိုက်သည်။

"ဟုတ်ပါပြီ"

သူတို့သည် B မြို့ မှထွက်ခွာရန်အဆင်သင့်ဖြစ်ချိန်တွင် ကျန်းရွှိ မည်မျှပင်ငြင်းဆန်သည်ဖြစ်စေ ကျန်းစုံတွဲသည် သူတို့နှစ်ယောက်အားဘူတာရုံသို့ခေါ်သွားရန်အတင်းပြောဆိုခဲ့သည်။ ဘူတာရုံသို့ဝင်ရန် သူတို့၏ ID ကဒ်များကိုစစ်၍ ဖြတ်ဆွဲပြီးသည့်နောက် သူ၏မိဘများသည်ခပ်လှမ်းလှမ်းအကွာအဝေးတွင်ရပ်နေသည်ကို ကျန်းရွှိ တွေ့မြင်နေရသည်။

ရှန့်ဖန်းယွိက လက်များကိုမြောက်၍ ကျန်းရွှိခေါင်းပေါ်မှ ဖြတ်ကာ ဝှေ့ယမ်းပြသောကြောင့် ကျန်းရွှိ၏ မျက်လုံးများ တလှပ်လှပ်ဖြစ်သွားသည်။ သူ့မိဘများသည်လည်းသူတို့၏လက်များကိုဆန့်ကာ မှန်အထပ်ထပ်ကို ဖြတ်၍ ဝှေ့ယမ်းပြနေသည်။

ကျန်းရွှိသည် ထိုကဲ့သို့သော လူများကိုဘူတာတွင်မကြာခဏတွေ့မြင်ခဲ့ဖူးကာ သူကိုယ်တိုင် တွေ့ကြုံခံစားနေရသူမဟုတ်သောကြောင့် ထိုသို့သော အရာများသည် ပုံကြီးချဲ့နေကြခြင်းဟုသာ အမြဲတွေးခဲ့သည်။ ရှန့်ဖန်းယွိက သူ၏မိဘများအား လက်ပြနေသည်ကိုမြင်သောအခါ သူ့နှလုံးသားထဲတွင် ရုတ်တရက် ရှုပ်ထွေးသော အတွေးများဝင်လာခဲ့သည်။

ရှန့်ဖန်းယွိသည် ဘူတာရုံအတွင်းလမ်းလျှောက်ရန်လှည့်လာသောအခါ ကျန်းရွှိက…

"ငါ့မိဘတွေနဲ့ဘာလို့ ရုတ်တရက်ကြီး ရင်းနှီးသွားပြန်တာလဲ"

"ငါက အန်တီနဲ့ ဦးလေးတို့ဆီမှာ အမြဲ ဆက်ဆံရေးကောင်းခဲ့တာပဲလေ.."

ရှန်ဖ့န်းယွိက ခပ်ပြောင်ပြောင် အပြုံးနှင့် ပြန်ဖြေသည်။

"အရင်တခေါက်ကဆို သူတို့ငါ့လက်ကိုဆွဲပြီး သူတို့ရဲ့ ခေါင်းကိုင်သားလုပ်ဖို့ပြောသေးတာလေ… ဒီနေ့မနက်ကတောင် မင်းအမေကချက်ပြုတ်နေတုန်း အဲဒီဟင်းတွေအားလုံးက မင်းရဲ့အကြိုက်ဆုံးတွေတဲ့…ပြီးတော့ အဲ့ဒါတွေကိုငါလေ့လာထားရမယ်လို့တောင်ပြောသေးတယ်"

ကျန်းရွှိကသူ့အားကြည့်လိုက်စဉ် ရှန့်ဖန်းယွိကထရယ်ကာ…

"ဒါပေမယ့်မင်းအဖေက တော်တော် ရက်စက်တယ် …ဒီမနက်က ၅နာရီကြီး ငါ့ဆီလာပြီး ၁နာရီကျော်လောက်စကားပြောသွားတာ…မင်းနဲ့ကလေးကို ကောင်ကောင်းဆက်ဆံမယ်လို့ ထပ်ခါထပ်ခါကျိန်ဆိုပြီးမပြောခင်ထိ သူ့မျက်မှောင်ကြီးကုပ်ထားတုန်း…ပြောလိုက်မှ သူကျေနပ်တဲ့ရုပ်ဖြစ်သွားတာ…"

ထိုစဉ် မည်သည့်အမှားမျှ မပါခဲ့သော်လည်း ကျန်းရွှိနားထဲတွင်မူ တစ်ခုခု ထူးဆန်းသွားသည်။

စဉ်းစားကြည့်မည်ဆိုလျှင် ထိုစကားသည် တရုတ် တီဗီရုပ်သံဇာတ်လမ်းတွဲများတွင် သုံးနေကျစကားပြော ဖြစ်သည်။အထူးသဖြင့် လူဖျင်းခေါင်းဆောင်မင်းသားမှ ခေါင်းဆောင်းမင်းသမီးအား ပြောလေ့ရှိသည်။

ကျန်းရွှိ သည်သူ၏မျက်နှာပေါ်တွင် "ငါဘာမှားသွားလို့လဲ…" ဟူသော မေးခွန်းထုတ်နေဟန်ရှိသည့် ရှန့်ဖန်းယွိမျက်နှာ သို့ လှမ်းကြည့်လိုက်သည်။

ကျန်းရွှိ သည် သူ့အား လျစ်လျူရှုထားသည်။ သို့သော် မိနစ်အနည်းငယ်အကြာတွင် ရှန့်ဖန်းယွိ သည် သူ၏ဘေးတွင် ရုတ်တရက်လာထိုင်ကာဖုန်းထဲမှ အော်ဒါများစွာတက်နေသော စာရင်းအား ပြလာသည်။ စာအုပ်နာမည်များသည် "စိတ်ခံစားမှုမြင့်မားသောအသိဉာဏ်များအကြောင်းဆွေးနွေးခြင်း" ၊ "ကိုယ့်အကြောင်းကို မသိ၍ အရှုံးပေးခြင်းမပြုပါနဲ့" ၊ ကျန်းရွှိမြင်လိုက်ရသည့် "စကားဆိုခြင်း နည်းလမ်းအသွယ်သွယ်" ဟူသည့် စာအုပ်များ ဖြစ်သည်။

အဆုံးတွင် အလွန်ထူးဆန်သော ခေါင်းစဉ်နှင့် စာအုပ်တစ်အုပ်ရှိနေသည်။ "သင်၏ဇနီးအား ချော့ရန် အချစ်ဝေါဟာရ ၃၆၅လုံး" ဟူသည့်စာအုပ်ပင်…။

ကျန်းရွှိ၏ နှုတ်ခမ်းထောင့်များတွန့်သွားသည်။

"အဲ့ဒါတွေကို သင်ထားလို့ရော ငါ့အတွက် အသုံးဝင်ပါ့မလား" ဟု ရှန့်ဖန်းယွိက လေးနက်စွာမေးလာသည်။

"…" ကျန်းရွှိသည် သူ၏ပခုံးကိုပုတ်လိုက်သည်။ထို့နောက် ဖုန်းကိုယူကာ အော်ဒါများကို ပြန်ငြင်း၍ ပြန်အမ်းငွေ ထုတ်ခဲ့သည်။

သူတို့သည် Aမြို့ သို့ ပြန်ရောက်သောအခါ နောက်ကျနေပြီဖြစ်သည်။ ထို့ကြောင့် သူတို့အိမ်ပြန်မလာခင်တွင် ဆေးရုံသို့ ခဏ အရင် ဝင်ခဲ့ကြသည်။

ရှန့်ဖန်းယွိ ရေချိုးပြီးနောက် အိပ်ခန်းတံခါးကိုခေါက်တော့မည်ဖြစ်သည်။ ထိုစဉ် ယခင်ကအမြဲ ပိတ်ထားခဲ့သောတံခါးသည် ယနေ့တွင် အမှန်တကယ်ပင် အနည်းငယ်ဟ နေကြောင်းတွေ့လိုက်ရသည်။သူသည် အနည်းငယ် တွန့်ဆုတ်သွားသော်လည်းတံခါးကို ခေါက်လိုက်သည်။

ရှန့်ဖန်းယွိ အနေနှင့် တိုက်ရိုက်မ၀င်လာသင့်ကြောင်းသိစေရန် အခန်းတံခါးကို တမင်ဟထားသော ကျန်းရွှိသည် အသံတိတ်နေခဲ့သည်။

အခန်းတွင်းပိုင်းမှ မည်သည့်တုန့်ပြန်မှုမျှ မကြားရသောအခါ ရှန့်ဖန်းယွိ သည် တံခါရကိုထပ်ခေါက်သည်။

"ကျန်းရွှိ…"

ထို့နောက် ကျန်းရွှိသည်လည်း သူ၏လည်ချောင်းကိုရှင်းလိုက်ကာ အသံခပ်တိုးတိုးဖြင့်ပြောလိုက်သည်။

"ဝင်လာခဲ့…"

သူသည်တံခါးကိုဖွင့်လိုက်ကာ…
" ဒီနေ့ ဘာလို့ တံခါးကိုပိတ်ဖို့မေ့နေတာလဲ.. အေးတယ်လေ ဧည့်ခန်းကနေဝင်တဲ့လေတွေ သတိထား…"

သူသည် တံခါးကိုပိတ်လိုက်ပြီးနောက် လှဲတော့မည့်အချိန်တွင် ကြမ်းပြင်ပေါ်မှ သူ၏အိပ်ယာပျောက်သွားသည်ကိုရုတ်တရက် သတိထားမိသွာရသည်။

"မင်းငါ့ကိုနှင်ထုတ်ဖို့ကြိုးစားနေတာလား "

ရှန့်ဖန်းယွိ ၏မယုံနိုင်စွာပင် ဝမ်းနည်းကာ ပွစိပွစိလုပ်နေတော့သည်။

"ကျန်းရွှိ …မင်းအဲ့လောက် အကြင်နာတရားမဲ့လို့မရဘူးလေ…ငါ့ကို ညသန်းခေါင်ကြီး ဘယ်မှာနေစေချင်တာလဲလို့…မင်းဘာလို့ရက်စက်ရတာလဲ…"

သူသည် မိဘများ၏ ဒေါသအလျောက်နှိပ်စက်မှုများကို ကျန်းရွှိ နှင့်အတူဖြတ်သန်းခဲ့ရသည်။ မိခင် ဖြစ်သူကျန်း ထံမှသူရခဲ့သောကျောဘက်မှ ထိုးနှက်ချက်မှာ နာကျင်နေဆဲဖြစ်သည်။ ထို့နောက် သူတို့၏အတိတ်များနှင့် ပတ်သက်၍ အချိန်ကြာမြင့်စွာပြောဆိုခဲ့သည်။သူနှင့် ကျန်းရွှိ တို့သည်သူတို့၏နှလုံးသားများကိုဖွင့်ဟကြ၍ ပြိုင်ဘက်များဖြစ်နေသော အခြေအနေမှတဆင့် ရိုးသား၍ ပွင့်လင်းသောဆက်ဆံရေးသို့ အောင်မြင်စွာပြောင်းလဲနိုင်ခဲ့ကြသည်ဟုထင်ခဲ့သည်။မမျှော်လင့်ဘဲ ကျန်းရွှိက အိမ်ပြန်ရောက်သည်နှင့် သူ၏အိပ်ယာကိုဖယ်ပစ်လိုက်ပြီဖြစ်သည်။

"…"
ကျန်းရွှိ ကသူ့အားကြည့်ကာ ခဏတိတ်ဆိတ်နေခဲ့သည်။ရှန့်ဖန်းယွိက ကျန်းရွှိ ၏ပုံပန်းသဏ္ဌာန်သည် သူ၏အတွေးများနှင့် ပတ်သက်၍မေးခွန်းအနည်းငယ်ရှိနေသည်ဟုခံစားလိုက်ရသည်။

ထို့နောက် ကျန်းရွှိ က
"ဒီကိုလာ…"

"ဟင်…"

ရှန့်ဖန်းယွိက သူနားကြားမှားခြင်း သို့မဟုတ် ကျန်းရွှိက စကားမှားပြောခြင်းဖြစ်မည်ဟု သံသယရှိလိုက်သည်။ မဖြစ်နိုင်ပေ…။ကျန်းရွှိသည်ထို စကားမျိုး မှားပြောသည်မှာ မဖြစ်နိုင်ပေ…။

သူသည် ကျန်းရွှိအား စိတ်ကောက်ခဲ့ပြီး အိမ်မှထွက်သွားစဉ်က ရှန့်ဖန်းယွိ သည် ဤအချက်ကို ပို၍သတိပြုမိလာသည်။

"ငါမင်းကို ဒီမှာလာပြီးအိပ်ဖို့ပြောတာ…ကြမ်းပြင်ကအေးနေတာလေ…မင်းရဲ့ကျောကိုလည်း ထိခိုက်ခဲ့သေးတယ်မလား"

ကျန်းရွှိသည်ရှားရှားပါးပါး ဒေါသမထွက်ပဲနှင့် စိတ်ကောင်းဝင်ကာ ပြောနေသည်။

ယခင်က ရှန့်ဖန်းယွိအား ကြမ်းပြင်ပေါ်တွင် အိပ်ခွင့်ပေးသောအခါ ရှန့်ဖန်းယွိသည် သူ့အိပ်ယာပေါ်သို့တက်အိပ်ချင်သောကြောင့် အမြဲတစေဆင်ခြေများစွာပေးဖူးသည်။ ဥပမာ-ကြမ်းပြင်သည် အလွန်မာနေသောကြောင့်သူ၏ကျောရိုးမကောင်း၍ထိခိုက်နိုင်ကြောင်း စသဖြင့်ပင်…။ကျန်းရွှိက ရှန့်ဖန်းယွိအား သူနှင့်အတူအိပ်ခွင့်ပြုရန်ကမ်းလှမ်းခဲ့ပါက ဝမ်းသာရလိမ့်မည်ဟုထင်ခဲ့သည်။

သို့သော် ရှန့်ဖန်းယွိက သူ့အားရီဝေဝေကြည့်ကာ

"ဟင်…ဘာလို့လဲ…"

ကျန်းရွှိ ကသူ့အား ခပ်အေးအေးပင်ကြည့်ကာ ပြန်ပြောသည်။

"မင်းကို ငါအခုဂရုစိုက်ပေးမယ်လို့ပြောခဲ့တယ်လေ…"

ရှန့်ဖန်းယွိသည် ထိုစကားအား ကြားပြီးနောက်စကားလုံးတစ်လုံးမျှပြန်မပြောနိုင်ခဲ့ပေ။

"မင်း လာမှာလား မလာဘူးလား"

ရှန့်ဖန်းယွိက…

" ငါ…ငါ ….ကြမ်းပြင်မှာ အိပ်တာပိုကောင်းလိမ့်မယ်…ငါက အပူကိုကြောက်တယ်လေ…ငါ့အရိုးတွေက မာတယ်လေ…အဲ့တော့ ငါက အိပ်ရာပျော့ပျော့တွေပေါ်မှာအိပ်ရတာအဆင်မပြေဘူး"

"….. "
ကျန်းရွှိ အနည်းငယ်ဒေါသထွက်သွားရသည်။