🧑⚕️Chapter 71
ယခင်ကသူသည် ရှန့်ဖန်းယွိအား သူနှင့်ရင်းနှီးကျွမ်းဝင်ခြင်းမရှိသောကြောင့် အတူအိပ်ခွင့်မပြုခဲ့ပါ။ ထို့ပြင် တစ်ညတာအမှားနှင့်ပတ်သက်၍လည်း စိတ်ပျက်နေခဲ့သောကြောင့်ဖြစ်သည်။ သို့သော် ယခုသူတို့၏ဆက်ဆံရေးသည် ပို၍ လွယ်ကူအဆင်ပြေလာကာ ရှန့်ဖန်းယွိသည် ဤအချိန်အတွင်း မည်သည့်ထူးဆန်းသောအပြုအမူကိုမျှ ပြသခြင်းမရှိသေးသောကြောင့် ရှန့်ဖန်းယွိအား သူ၏ နှစ်ယောက်အိပ်အိပ်ယာပေါ်တွင် အတူလာအိပ်ရန် ခေါ်ခဲ့သည်။ထို့အပြင် ရှန့်ဖန်းယွိသည် သူ့ကြောင့်ရိုက်နှက်ခံခဲ့ရသေးသည်။
သို့သော်လည်း ရလဒ်အနေဖြင့် ရှန့်ဖန်းယွိ ကငြင်းဆန်ခဲ့သည်။
"ကောင်းပြီလေ…မင်းသဘောပဲ"
ကျန်းရွှိ သည်မီးကို အလျင်အမြန် ပိတ်လိုက်ပြီးနောက် ရှန့်ဖန်းယွိသည်လည်း လှည့်ပတ်သွားလာနေကာ ဗီရိုမှအိပ်ရာခင်းများကိုထုတ်၍ ကြမ်းပြင်ပေါ်တွင်အိပ်ရာခင်းနေသည်ကိုသူကြားရသည်။ ကျန်းရွှိသည်ထိုအကြောင်းအား စဉ်းစားလေလေ ဒေါသထွက်လာလေလေပင်ဖြစ်သည်။
သူကဘယ်လို တောကောင်ကြီးလဲ…
ရှန့်ဖန်းယွိသည် သူနှင့်အတူအိပ်ရသည်ထက် ကြမ်းပြင်ပေါ်တွင်ပို၍ အိပ်ချင်သည်လား…။
သူသည် ရှန့်ဖန်းယွိအား မေးမြန်းလိုသော်လည်း သူသည်အလွန်အမင်း စိတ်ရောက်နေသည့်ပုံစံဖြစ်နေသည်ဟု ခံစားခဲ့ရသဖြင့် တစ်ဖက်သို့လှည့်ကာဒေါသတကြီးဖြင့်မျက်စိကိုပိတ်လိုက်သည်။
အခြားတစ်ဖက်တွင်လည်း ရှန့်ဖန်းယွိ သည် သူ၏မျက်နှာအား စောင်နှင့်ဖုံးအုပ်ထားကာ ကြမ်းပြင်ပေါ်ရှိအိပ်ရာတွင်လဲလျောင်းနေသည်။
ကံကောင်းထောက်မစွာပင် ကျန်းရွှိ သည်မီးကိုအမြန်ပိတ်လိုက်၍တော်သေးသည်။ မဟုတ်လျှင် ထိုညတွင် သူသည် မောင်းထုတ်ခံရနိုင်သည်။
သူက ကျန်းရွှိ မည်သည့်အကြောင်းစဉ်းစားနေသည်ကို လိုက်စဉ်းစားရန် အချိန်မရှိသကဲ့သို့ ကျန်းရွှိသည် အဘယ်ကြောင့် ရုတ်တရက်စိတ်ပြောင်းသွားကာ သူ၏အိပ်ရာပေါ်သို့လာရန်တောင်းဆိုခဲ့သည်ကိုလည်း သူမတွေးနိုင်ခဲ့ပေ…။
ကျန်းရွှိ ၏စကားများသည် သူ့အား အတွေးများစေသည်။
ရှန့်ဖန်းယွိ၏ အရေပြားများပင် စပ်ဖျဉ်းဖျဉ်းဖြစ်နေသည်။
သူသည်ပထမဆုံးအကြိမ်အရက်မူးခဲ့သည်။ ဒုတိယအကြိမ်သည် ကျန်းရွှိအား သူ၏ရှပ်င်္အကျီမပါဘဲတွေ့ရသောအခါဖြစ်သည်။ တတိယအကြိမ်မှာ ကျန်းရွှိအားသူ၏လက်မောင်းထဲတွင် သဘာဝကျကျ နူးညံ့စွာ ထိန်းကိုင်ထားသည့် အချိန်တွင်ဖြစ်သည်။
သို့သော် ယခု ဘာတွေဖြစ်နေသည်လဲ…။
အရက်လည်းမသောက်ထားသကဲ့သို့ ရုပ်ပိုင်းဆိုင်ရာအထိအတွေ့များ မရှိသည့်အပြင် အမြင်အာရုံလှုံ့ဆော်မှုများလည်းမရှိပဲနှင့် အဘယ့်ကြောင့် သူ၏ခန္ဓာကိုယ်သည် စိတ်လှုပ်ရှားနေရသည်ကို နားမလည်နိုင်တော့ပေ…။
အစ်ကိုကောင်းတစ်ဦး က သူ့ညီအား သူနှင့်အတူအိပ်ရန်ခေါ်ခြင်းသည် မည်သို့မှားနေသနည်း…။
သူ၏အာရုံကြောများနှင့် ဦးနှောက်သည် "ကျန်းရွှိ" ဟူသော နာမည်ကြားသည်နှင့် တုံ့ပြန်လွယ်ကာ အနည်းငယ်ပို၍တက်ကြွလွန်းသည်။
ကျန်းရွှိခင်းထားပေးသည့် ပျော့ပျောင်းသောမွေ့ယာများနှင့်မတူဘဲ ရှန်ဖ့န်းယွိသည် သူ့တစ်ကိုယ်စာ အလွန်ပါးလွှာသောအိပ်ယာခင်းတစ်ခုသာခင်းထားသည်။ သူသည်ကြမ်းပြင်၏ မာကြောမှုနှင့် အေးစက်မှုကိုပင် သိသိသာသာခံစားရနိုင်သည်။
သို့သော်သူ၏နှလုံးသည် ပူလောင်နေကာ အေးစက်နေမှုသည် ပုံးထဲရှိရေတစ်စက်မျှလောက်သာ ဖြစ်သည်။ သူသည်စိတ်အေးအေးမထားနိုင်ရုံသာမက အချိန်ကုန်လွန်လာသည်နှင့်အမျှ သူ၏အတွေးများမှာပိုမိုရှုပ်ထွေးလာခဲ့သည်။ သူသည် ကျန်းရွှိနှင့်အတူတူ အိပ်ခဲ့မည်ဆိုလျှင် စိတ်အေးရန် အချိန်မည်မျှပြန်ယူရမည်ကို တွေး၍ပင်မရပေ။
သူအပြင်ထွက်ခွင့်ရလျှင် ဆေးရုံသို့သွားရမည်။ထိုပြဿနာသည် နောက်ထပ်တစ်စက္ကန့်မျှပင် စောင့်၍မရတော့ပါ။
ရှန့်ဖန်းယွိ သည် နေ့ခင်းဘက်တွင် ညလူတယောက်ကဲ့သို့ မိမိကိုယ်ကို ဖုံးအုပ်ဝတ်ဆင်ခဲ့သည်။
အနက်ရောင် ဦးထုပ်၊ အနက်ရောင်မျက်နှာဖုံးနှင့်အနက်ရောင်နေကာမျက်မှန်များဖြင့် သူသည် လမ်းလျှောက်နေသည့်နာမည်ကျော်တစ်ဦးထက်ပင် ပို၍ ဖုံးကွယ်ဝတ်ဆင်ထားသေးသည်။
အဓိကအကြောင်းပြချက်မှာ ကျီဟွားဆေးရုံ၏ လူမှုရေးလိပ်ပြာလေး ဒေါက်တာရှန့်ဟူသော ဂုဏ်ပုဒ်ကြောင့်ဖြစ်သည်။ သူ့အား လူသိအလွန်များသောကြောင့် ဆေးရုံတွင် သူသိပြီးသား တစ်ယောက်ယောက်နှင့် မဆုံနိုင်ပါဟု အာမ မခံနိုင်ပေ။
အကယ်၍ အခြားရောဂါအချို့ဖြစ်ခဲ့လျှင်အဆင်ပြေလိမ့်မည်ဖြစ်သော်လည်း ရှန့်ဖန်းယွိသည် ယခုအချိန်တွင်သူ၏နာမကျန်းမှုနှင့်ပတ်သက်၍ သူ၏မိတ်ဆွေများအား မပြောနိုင်ပါ။ သူသည်နံရံတစ်ခုကဲ့သို့ သန်မာသောသူဖြစ်နေလျှင်ပင် သူသိသောအခြားသူတစ်ဦးဦးထံသို့ သွား၍ မမှီခိုလိုပါ…။
A မြို့ ရှိဆေးရုံများကို ဖြတ်ကျော်လာပြီးနောက် သူသည်အနီးအနားပြည်နယ်မှ ဝေးလံခေါင်သီသော ဆေးရုံတစ်ခုတွင်ခြေချလိုက်သည်။သူသည်နံနက်စောစောတွင် မြို့ဆင်ခြေဖုံးသို့ကားမောင်းလာကာ အမျိုးသားလိင်ပိုင်းဆိုင်ရာအထူးကုဆရာဝန်နှင့်ပြရန်အတွက် ဂရုတစိုက်စာရင်းပေးပြီးနောက် ထောင့်တစ်နေရာတွင်နေကာ နာမည်အခေါ်ကို တိတ်ဆိတ်စွာစောင့်နေလိုက်သည်။
ထိုအထူးကုသည် ကြိုတင်ရက်ချိန်းများနှင့် ပြည့်နေခဲ့သည်။ ထို့ကြောင့် ရှန့်ဖန်းယွိသည် ပုံမှန်နံပါတ်များအတွက်သာစာရင်းပေး၍ရသည်။သူသည်ဆရာဝန်၏အမည်ကိုပင် မမြင်ရပေ။၎င်းသည်ကျပန်းဖြစ်ကာ ဝေးလံခေါင်သီသောပြည်နယ်တွင်ရှိနေသော်လည်း ရှန့်ဖန်းယွိ သည်စိတ်အေးတည်ငြိမ်မှုမရှိသေးပေ။
"နံပါတ် ၈၃ ရှန့်ဖန်းယွိ"
ခဏစောင့်ပြီးအကြာ နောက်ဆုံးတွင် ရှန့်ဖန်းယွိ၏နံပါတ်သည် စခရင်အကြီးကြီးပေါ်တွင် ပေါ်လာခဲ့ပြီး သူ့အား အထဲသို့ခေါ်ခဲ့သည်။ သူသည် အသက်ကိုလေးပင်စွာရှူရှိုက်လိုက်ပြီး ဆွေးနွေးခန်းထဲသို့ ဖြည်းညင်းစွာလမ်းလျှောက်ဝင်လာခဲ့သည်။ အထဲတွင် ဆရာဝန်ကိုတွေ့သည့်အခါ မှသာချက်ချင်း သက်ပြင်းချနိုင်တော့သည်။
ဆရာဝန်သည် ငယ်ရွယ်သောအမျိုးသားဆရာဝန်တစ်ယောက်ဆိုသော်လည်း သူ့အသိထဲကမဟုတ်ပေ။
သူ၏ နှာခေါင်းစည်းနှင့် မျက်မှန်ကိုချွတ်ကာ ပြင်ပလူနာဌာနမှ ဆရာဝန်အား ပြုံးပြလိုက်သည်။
"နာမည်ကြီးတဲ့သူလား"
ဆရာဝန်က သူ့၏ချောမောသောမျက်နှာကိုမြင်ကာ ထိုသို့ ဖုံးအုပ်ထားသည်ကို တွေ့ရသောကြောင့်တစ်ခုခုကိုနားလည်သည့်ပုံစံမျိူးလည်းပေါ်လွင်နေသည်။
ရှန်ဖန်းယွိသည် ပျာပျာသလဲနှင့် ခေါင်းခါလိုက်သည်။
ဆရာဝန်ကနားလည်သော မျက်နှာအမူရာဖြင့် "အခြေအနေကဒီလိုမျိုးကိုး…" ဟု ပြောသည်။
ဆရာဝန်တစ်ယောက်အနေနှင့် ရှန့်ဖန်းယွိသည် အခြေအနေတစ်ခုအား အတိုချုပ်နဲ့ အရှင်းဆုံး သဘောပေါက်ရန် မည်သို့ ပြောပြရမည်ကိုသိသော်လည်း လူနာတစ်ယောက်အနေနှင့်တော့ သူ့အခြေအနေအား ရှင်းရှင်းလင်းလင်း မပြောပြနိုင်ပေ။
"အဲ့ဒါက...ငါ့မှာသူငယ်ချင်းတစ်ယောက်ရှိတယ်...သူကအဖြောင့်ကြီး"
ပြင်ပလူနာဆရာဝန်က သူ့ကိုစူးစူးစိုက်စိုက်ကြည့်နေသည်။
"အမ်.."
ရှန်ဖန်းယွိက သူ့ရဲ့လည်ချောင်းကိုရှင်းလိုက်ကာ စကားကို ခပ်မြန်မြန်ပြောလာသည်။
"သူက အမှတ်တမဲ့ သူ့လုပ်ဖော်ကိုင်ဖက်နဲ့ sexတစ်ကြိမ်ဖြစ်ပြီးနောက်ပိုင်း ဒီလုပ်ဖော်ကိုင်ဖက်နဲ့ပတ်သတ်ရင် အရမ်းပဲ စိတ်က ထိလွယ်ရှလွယ်ဖြစ်လာတယ် ပြီးတော့ သူ့ရဲ့တုံ့ပြန်ပုံတွေကိုလည်းအရမ်း သတိထားတတ်လာတယ်"
ထိုအကြောင်းကိုပြောပြီးနောက် ရှန်ဖန်းယွိ၏ မျက်နှာသည် အနည်းငယ် ပူလောင်သွားပြီး ထိုကိစ္စကြောင့်ရှက်၍လား သို့မဟုတ်…တခြားအကြောင်းကိစ္စကြောင့်လား သူမသိခဲ့ပေ။
"ငါရဲ့အဲ့ဒီသူငယ်ချင်းမှာဘာတွေမှားနေတယ်လို့မင်းထင်လဲ"
ရှန့်ဖန်းယွိက ထပ်မံ၍
"အဲ့ဒါကကုလို့ရလား"
"အဲ့လုပ်ဖော်ကိုင်ဖက်ကလည်းယောကျာ်းတစ်ယောက်ပဲလား"
ဆရာဝန်သည် ရှန့်ဖန်းယွိ၏ ထစ်ထစ်ငေါ့ငေါ့ စကားများကြား တမူထူးခြားနေသည့် တစ်ခုခုကို သတိပြုမိနေသည်။ ရှန်ဖန်းယွိကသူ့ခေါင်းကို ငြိမ့်ပြလိုက်သည်။ ပြင်ပလူနာဆရာဝန်၏အမူအရာမှာ အနည်းငယ်ရှုပ်ထွေးနေခဲ့ပြီး…
"မင်းက ယောက်ျားတွေရဲ့ အထိအတွေ့ကို တုံ့ပြန်တတ်ပြီး သူတို့နဲ့ အိပ်တယ်…ဒါပေမယ့် မင်းက အဖြောင့်ကြီး အဲ့လိုလား"
ရှန်ဖန်းယွိကအလျော့မပေးပဲ့ကျားကုတ်ကျားခဲငြင်းဆန်ကာ…
"အဲ့ဒါငါ့ရဲ့သူငယ်ချင်းပါ..ငါမဟုတ်ဘူးဆိုနေ"
မည်သို့ပင်ဆိုစေကာမူ အမျိုးသားလိင်ပိုင်းဆိုင်ရာ ဌာနရှိ ပြင်ပလူနာဆရာဝန်သည် သူ၏ဇာတ်လမ်းကို စိတ်မ၀င်စားပေ…ရှန်ဖန်းယွိပြောသမျှအားနားထောင်ရင်း သူ၏ကွန်ပျူတာတွင် စာတချို့ရိုက်နှိပ်ပြီးတအောင့်အကြာ
"မင်းရဲ့ရက်ချိန်း ကို စိတ်ရောဂါကုဌာနကို လွှဲပေးလိုက်ပြီ… ဌာနကအပေါ်ထပ်မှာရှိတယ်…ရက်ချိန်း ယူပေးတဲ့ ကြေးကိုထပ်ပေးစရာမလိုဘူး…သွားကြည့်လိုက်ပါ…"
"….."
စော်ကားခံရသလို ခံစားလိုက်ရသော ဒေါက်တာ ရှန့်သည် ဒေါသတကြီးဖြင့် နေကာမျက်မှန်နှင့် နှာခေါင်းစည်းအား ၀တ်ဆင်ကာ ဆွေးနွေးရေးအခန်းမှ လှည့်မကြည့်ဘဲ ထွက်လာခဲ့သည်။
အမျိုးသားလိင်ပိုင်ဆိုင်ရာအထူးကုသည် သူထွက်သွားသည်ကိုမတုန်မလှုပ်ဖြင့်ကြည့်နေကာ idolsများကို အရူးအမူးသဘောကျတတ်သောသူ၏ကောင်မလေးဆီ သတင်းပို့ရန် ရှန်ဖန်းယွိမည်သို့ပုံစံရှိသည်ကို မှတ်မိဖို့ကြိုးစားနေလေသည်။
"ဒီ နာမည်ကြီးစတားက အမျိုးသားတွေကို နှစ်သက်ပေမယ့် သူ့ရဲ့လိင်စိတ်ကို ဝန်ခံဖို့ငြင်းဆိုတယ် ဒါက ပြဿနာတွေ ဖြစ်လာနိုင်တယ်"
ခပ်ဆိုးဆိုးကြယ်ပွင့်လေးရှန်ဖန်းယွိသည် ကားထဲတွင် စူအောင့်သုန်မှုန်စွာထိုင်နေခဲ့သည်။
"ဒီဆရာဝန်ကဘယ်လိုကောင်မျိုးလဲ…ငါဒီကိုမလာခင်ပိုလေ့လာထားသင့်ခဲ့တာကွာ"
သူက အိမ်ပြန်ဖို့ ရည်ရွယ်ချက်နဲ့ ကားသော့ကို ထည့်၍လှည့်လိုက်သည်။ကားစတင်ထွက်ခွာပြီးနောက် သူ့လက်များသည် ကားစီယာတိုင်ပေါ်တင်ကာ နောက်ကြည့်မှန်ပေါ်မှတဆင့်သူ၏မျက်လုံးများထံပြန်ကြည့်ကာ ခဏတာမျှ မလှုပ်ရှားနိုင်ပေ။
"မင်းသွားမှာလားမသွားဘူးလား လူငယ်လေး"
ကားတစ်စီးက ဖြည်းညှင်းစွာ ချဉ်းကပ်လာကာ သူရပ်ထားသည့်ကားပါကင် နေရာလွတ်ဆီသို့ လိုချင်သည့်မျက်နှာဖြင့်ကြည့်နေသည်။
သူဒီနေ့အစောကြီးရောက်လာသည်မို့ ကံကောင်းထောက်မစွာနှင့်ပင် သစ်ပင်အရိပ်အောက်တွင် နေရာယူနိုင်ခဲ့သည်။
ခဏအကြာတွင် ရှန်ဖန်းယွိက အသက်ကိုပြင်းပြင်းရှူကာ ကားသော့ကိုဆွဲထုတ်လျှက် ထိုဦးလေးအား "ကျွန်တော်မသွားတော့ဘူး"ဟုပြောလိုက်သည်။
မေ့လိုက်တော့...။စိတ်ရောဂါကုဌာနကို သွားကြည့်ရုံမျှပင် မဟုတ်လား။ သူသွားတော့ ကြည့်ရလိမ့်မည်။
သူယူထားသော ကားပါကင်နေရာကောင်းသည် မနက်စောစောတွင် အချိန်ကြာကြာ ပတ်ပြေးခဲ့ရသော ထိုခက်ခဲသည့် အလုပ်များကြောင့်ဟု သူက ထည့်တွက်နေသည်။
သူ၏ခြေလှမ်းများသည် ပြင်ပလူနာ အဆောက်အဦဆီသို့ နောက်ပြန်ဆုတ်ကာ စိတ်ရောဂါကုဌာနသို့ အပြေးအလွှားသွား၍ ဖော်ရွေတတ်သော ဆရာဝန်ကြီးတစ်ဦးအား တွေ့လိုက်ရသည်။
စိတ်ရောဂါကုထုံးများသည် အခြားဌာနများနှင့်မတူပေ။နံပါတ်များသည် ဖြည်းဖြည်းချင်းကျော်ဖြတ်သွားကြကာ ဆရာဝန်များသည်ဆိုးရွားသောအခြေအနေတွေ့ပါက အချင်းချင်း ဝင်၍ ကောင်းမွန်စွာစကားပြောဆိုတတ်ကြသေးသည်။
"အဆင်ပြေပါတယ် လူငယ်လေး"
ဆရာဝန်ကြီးမှ ယုံကြည်ချက်အပြည့်ဖြင့်ပြောသည်။
"ငါလူနာတွေ အများကြီးတွေ့ဖူးပါတယ်…မင်းမှာရှိနေတဲ့ ပြဿနာတွေကို မင်းငါ့ကို ပြောပြနိုင်တယ်"
ရှန်ဖန်းယွိ သည် အမျိုးသားလိင်ပိုင်ဆိုင်ရာအထူးကုအား သူပြောခဲ့သည့် အတိုင်း အသက်မဲ့သော ပုံစံဖြင့် ပြောလိုက်သည်။
သူသည်အံအားသင့်စွာဖြင့် ထိုဆရာဝန်ကြီးက အမျိုးသားလိင်ပိုင်ဆိုင်ရာအထူးကုနှင့်တူညီသောဇာတ်ညွှန်းကိုဖတ်ဖူးလေသလားဟုတွေးမိသည်။
သူက နောက်သို့ မှီကာ ရှုပ်ထွေးသော အမူအရာဖြင့် ရှန့်ဖန်းယွိအား အလားတူ ပြောလာသည် ။
"မင်းက ယောက်ျားတွေရဲ့ အထိအတွေ့ကို တုံ့ပြန်တတ်ပြီး သူတို့နဲ့ အိပ်တယ်…ဒါပေမယ့် မင်းက အဖြောင့်ကြီး ပေါ့ အဲ့လိုလား"
ရှန့်ဖန်းယွိကအားနည်းဖျော့တော့စွာပြန်လည်ချေပလျက်။
"ကျွန်တော်မဟုတ်ဘူး...အဲ့ဒါ ကျွန်တော့်သူငယ်ချင်းပါဆိုနေ...သူ့ကို ကယ်တင်နိုင်သေးမယ်လို့ခင်ဗျားထင်လား"
"မင်းကိစ္စက...တကယ်ကိုကြုံတောင့်ကြုံခဲရှားရှားပါးပါးကိစ္စပဲ"
ဆရာဝန်အိုကြီးက သူ့အား ခဏမျှကြည့်ရင်း မဝင့်မရဲဖြင့် မေးလာသည်။
"ဘာလို့ ငါတို့ဘောင်အပြင်ကနေမတွေးတာလဲ"
"ဟမ်"
နောက်ဆုံးတော့ရှန့်ဖန်းယွိ၏မျက်ဝန်းတွေထဲအလင်းရောင်တချို့စမြင်လာပြီဖြစ်သည်။
"ကျွန်တော့်ကိုပြောပြပါ"
"ဖြစ်နိုင်ချေရှိလား……” ဆရာဝန်ကြီးက ခဏရပ်လိုက်ပြီး ဆက်ပြောသည်။
“မင်း မတော်တဆ အိပ်ခဲ့တဲ့ လုပ်ဖော်ကိုင်ဖက်ကို သဘောကျသွားဖို့”
"ကျွန်တော်ကြိုက်..."
ရှန့်ဖန်းယွိက ဆရာဝန်ကြီးပြောသည်ကိုတွေးကာနောက်မှသံယောင်လိုက်ရင်း လမ်းတစ်ဝက်မှာပင် လျှာဖျားကို အမှတ်မဲ့ကိုက်မိသည်။သူသည် ထပ်၍ငြင်းဆန်ကာ…
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ…ကျွန်တော်ကသူ့ကိုဘယ်လိုလုပ်ကြိုက်မှာလဲ"
ဆရာဝန်ကြီးကတည်ငြိမ်စွာဖြင့်
"ဒါက ဂေးတွေအတွက်သာမန်ပဲလေ…ဒါကြောင့် အရမ်းဝန်လေးမနေပါနဲ့"
"ကျွန်တော်သိတယ် ဒါပေမယ့်…"
ရှန့်ဖန်းယွိသူ့ပါးစပ်ပေါက်ကိုဖွင့်ပြီးတစ်ခုခုပြန်ပြောဖို့လုပ်ရာက အရာအားလုံးကိုမြင်နေရပုံရသည့်ဆရာဝန်ကြီး၏မျက်လုံးများအား သူတွေ့လိုက်ရသောကြောင့် ရုတ်တရက် သူ ဘာမျှပြန်မပြောနိုင်တော့ပေ။
"အရင်ကမင်း လိင်တူကြိုက်ဖူးလား"
ဆရာဝန်ကြီးက မေးလိုက်သည်။
ရှန့်ဖန်းယွိခေါင်းထဲ ရုတ်တရက်ထိတ်လန့်သွားကာ မိန်းမောတွေဝေသွားသည်။
"ဒါဆိုလိင်ကွဲရော"
ရှန့်ဖန်းယွိခေတ္တခမျှတွေးတောနေပြီး အရင်က ဝေဝေဝါးဝါးပုံရိပ်ရောင်တချို့အားပြန်ခေါ်လျှက် ဆရာဝန်ကြီး ကို ပြောသည်။
"ကျွန်တော်အများကြီးသိပ်မမှတ်မိတော့ဘူး …ကောလိပ်မတိုင်ခင်က ဖြစ်ချင်ဖြစ်မယ်"
ဆရာဝန်ကြီးက ခေတ္တမျှတိတ်ဆိတ်သွားပြီးအကြံပြု ၏။
"ဒီ...bisexuality(လိင်နှစ်မျိုးလုံးကို နှစ်သက်သူ) ကလည်းတကယ်ကို အရမ်းကို သာမန်ဆန်တာပါပဲ မင်းဘာလို့ဒါကိုဘာလို့ထပ်မတွေးမိတာလဲ"
“Bisexualityလား”
"ဟုတ်တယ်…မင်းစိတ်ထဲ ပုံသွင်းထားတာ ကြာပါပြီ…မင်းကိုယ်တိုင်သတိမထားမိသေးတာကြောင့် မင်းသဘောမပေါက်သေးတာပါ…တစ်ပတ်နှစ်ပတ်လောက်ကြာလို့မှ မင်း မရှင်းသေးရင် ငါ့ဆီပြန်လာပါ…မင်းငါ့ကိုယုံရင် ရက်ချိန်းထပ်ယူလို့ရတယ်… ငါဒီမှာ အပတ်တိုင်း ထိုင်နေတာ"
ရှန့်ဖန်းယွိ သည် ဆရာဝန်ကြီးကို မော့ကြည့်လိုက်သည်။ဆရာဝန်ကြီး၏အကြည့်တွေသည် အမျှော်အမြင်နှင့် အိနြေ္ဒရေတစ်ခွဲသား ရှိသော်လည်း နားမလည်နိုင်စွာပင် ထိုအကြည့်တွေက သူ့အား စိတ်ရှုပ်စေသည်။
သူသည် ပျံ့လွင့်နေသော စိတ်ဝိညာဉ်တစ်ခုကဲ့သို့ ဆေးရုံမှ ထွက်လာကာ ကားပေါ်တွင် အချိန်အတော်ကြာ ထိုင်နေပြီး သူ၏ခေါင်းသည်မိန်းမောတွေဝေနေဆဲပင်ဖြစ်သည်။
သူ့အတိတ်က သူ့ကိုယ်သူ ခံယူချက်တွေက ပြိုကျနေတဲ့ အဆောက်အဦတစ်ခုကဲ့သို့ ဖုန်မှုန့်သဏ္ဍန် ပြိုလှဲကျသွားသည်။
သူက ကျန်းရွှိကို ကြိုက်နေသည်လား…။
ဘယ်လိုဖြစ်နိုင်မှာလဲ…။
မှန်သည်။ သူ ကျန်းရွှိအား ဂရုစိုက်ပေးခြင်း…ပိုင်ဆိုင်လိုစိတ်ဖြစ်ခြင်း…သူ့ကြောင့် ရုပ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုများ ရှိခဲ့ခြင်း…အစသဖြင့် ရှိခဲ့သေးသည်။
သို့သော် အဘယ့်ကြောင့် သူက ကျန်းရွှိအား သဘောကျနေသည်မှာ ဖြစ်နိုင်သနည်း။
ကျန်းရွှိကဘယ်သူဖြစ်ခဲ့လဲ။
ကျန်းရွှိသည် သူနှင့် ဆယ်စုနှစ်ကြာအောင် ယှဉ်ပြိုင်ခဲ့သောသူ၏အကုသိုလ် ကောင်ကြီးဖြစ်ကာ သူ့အား အကြောင်းအရင်းမရှိ ရန်လိုက်ဖြစ်နေသော်လည်း ယခုသူ၏ မဟာရန်သူနှင့် ဆက်ဆံရေး နွေးထွေးလာခဲ့သည်။
သို့သော် သူသည် ကျန်းရွှိအား ကြိုက်နေသည်ဟု ပြော၍ရသည်လား…။
ပြောရလျှင် ရှန်ယွိက လျိုဘေ့အား တစ်ဖက်သတ်ချစ်နေသကဲ့သို့၊ လျိုဘေ့ နှင့် ချောင်ချောင်း က လျှို့ဝှက်စွာ ဆက်ဆံရေးရှိသကဲ့သို့ ၊ကျူ့ကောလျန် နှင့်ကျို့ယွိတို့သည် တစ်ယောက်နှင့်တစ်ယောက်ချစ်နေကြသကဲ့သို့…ထိုကဲ့သို့သော ရာဇဝင်ရိုင်းသော သမိုင်းကြောင်းကိုမည်သူမျှ မယုံကြည်ဝံ့ကြပေ။
*ဟန်လူမျိုး နှင့် ချူးလူမျိုးတွေက အချင်းချင်းမုန်းတီးခဲ့ကြကာ သူတို့နှစ်ဖွဲ့လုံး၏ စစ်ပွဲများကြားတွင် စစ်ဖြစ်ပွါးခဲ့သော ပြည်နယ်များ၏ခေါင်းဆောင်များ ရှန်ယွိ(ဟန်) နဲ့ လျိုဘန့်(ချူး)တို့ဖြစ်ကြသည်။
*သေမှသာ အခဲကျေကြသော်လည်း မတူညီနိုင်ပဲကွဲပြားခြားနားသော ရန်သူတွေဖြစ်ကြသည့် လျူဘေ့ နှင့် ချောင်ချောင်း၊ကျူ့ကောလျန်နှင့်ကျုံယွိတို့မှာ “နိုင်ငံသုံးနိုင်ငံအချစ်ဇာတ်လမ်း” ထဲမှ ဇာတ်ကောင်များဖြစ်ကြသည်။
သို့သော်လည်း...အကယ်၍ သူ့တွင် ဥပဒေချိုးဖောက်မည့်အတွေးများ လုံးဝမရှိခဲ့ပါက ဆရာဝန်ကြီး၏ စကားများသည် အဘယ်ကြောင့်သူ့ခေါင်းထဲတွင် တဝဲလည်လည်ဖြစ်နေရသနည်း။
ထိုအရာကို မြင်အောင်ကြည့်နိုင်စေရန် သူ့နှလုံးသားထဲသို့ဝင်ရောက်၍ ပိုင်းဖြတ်ဖို့ရာ ကြိုးစားနေသည့်ပုံပင်…။
ရှန့်ဖန်းယွိစိတ်ထဲတွင် ဆရာဝန်ကြီး၏မျက်နှာနှင့် ကျန်းရွှိ၏မျက်နှာ သည် တချိန်တည်းပေါ်လာပြီးနောက် အတိတ်က အဖြစ်အပျက်များစွာကို ရုတ်တရက် သတိရသွားသည်။
အင်တာနက်ကဖေးတွင် သူနှင့် မျက်လုံးချင်းစုံခဲ့သောကျန်းရွိ…ကောလိပ်တွင် သူ့အား ရန်ဖြစ်ရန် အတိအလင်းကြေညာခဲ့ဖူးသော ကျန်းရွှိ… ထိုရက်တွေတုန်းက ပိုကျိုင်ကိတ်မုန့်ဆိုင်အား သူနှင့် အတူတူဖြတ်လျှောက်ဖူးသော ကျန်းရွှိ…စိတ်ကူးယဉ်ဆန်သောအိပ်မက်များထဲမှ စွဲမက်စရာကောင်းသောကျန်းရွှိ…သူ့အားပြုံးပြသော ကျန်းရွှိ…အမှောင်ညများတွင် သူ့အားထွေးပွေ့ပေးသော ကျန်းရွှိ…။
သူ့စိတ်ထဲတွင် ကျန်းရွှိသည် အများကြီးပင်ရှိနေသည်။ နောက်ဆုံးတွင် ကျန်းရွှိက သူ့အား ဂရုစိုက်မည်ဟု ပြောခဲ့သည့်အတိုင်း အလေးနက်ထား ဂရုစိုက်ပေးသည်။
ထိုညကသူ၏ စိတ်ခံစားမှုများရှိခဲ့ကာ ကျန်းရွှိက ကလေးအား စောင့်ရှောက်ရန် ဘာကြောင့် ရွေးချယ်ခဲ့သည်လဲဆိုသည့် မေးခွန်းအား သူအံ့ဩတကြီး တွေးမိသည်။
ထိုသို့ဆိုလျှင် သူနှင့်တစ်ခုခု ပတ်သက်မိရင် မည်သို့လုပ်မည်နည်း။ သူနှင့် ဘာမျှမဆိုင်ခဲ့သော်လည်း မည်သို့ လုပ်ရမည်နည်း။
ကျန်းရွှိထံမှ ဘာကို ကြားချင်နေသည်လည်း…သို့မဟုတ် အတိအကျအားဖြင့် သူဘာကိုအတည်ပြုချင်နေသည်လဲ။
ည၏ ပြင်းပြသော ခံစားနိုင်စွမ်းနှင့် နေ့ခင်းဘက်၏ ဆင်ခြင်တုံတရား အတွေးအမြင်များက အပြန်အလှန် ရန်ဖြစ်နေသောကြောင့် အမှားအမှန်ကို အချိန်အတော်ကြာအောင် မခွဲခြားနိုင်ပေ။
ရှန့်ဖန်းယွိ ၏ အတွေးများသည် တစစီ ကွဲအက်ကာ ဖရိုဖရဲ ဖြစ်နေကြောင်း ခံစားလိုက်ရသည်။ တစ်ခုခုက သူ့အား ထိန်းချုပ်ထားသကဲ့သို့ပင်…။ သူ၏တစ်ကိုယ်ကောင်းဆန်သောစိတ်ဆန္ဒများမှ လွတ်မြောက်ချင်နေသော်လည်း မစွမ်းဆောင်နိုင်ခဲ့ပေ ။အမှန်တရားဆီ ရောက်ချင်သော်လည်း သတ်မှတ်စံနှုန်းများနဲ့ အမြဲတမ်း လွဲချော်ခဲ့ပြန်သည်။
ကျန်းရွှိ နှင့်ပတ်သက်သောအခါ သူ၏အတွေးများသည် ဖြူစင်နေသည်လား။
ဖြူစင်နေသည်ဆိုလျှင် သူ့နှလုံးခုန်နှုန်းသည် အဘယ့်ကြောင့် ထိုမျှ မြန်နေရသည်လည်း။
သို့သော် သူ၏အတွေးများကသာဖြူစင်မနေလျှင် အနာဂတ်တွင် ကျန်းရွှိ နှင့် သူမည်သို့ အတူတူနေမည်လဲ။
ကျန်းရွှိ သည် သူ့အား တစ်သက်လုံး သူနှင့်အတူနေနိုင်မည်ဟု ထင်သည့်တိုင်အောင် သူ့အား အလွန်ယုံကြည်ခဲ့သည်။
သို့သော် ယခုသူ့တွင် မဖြစ်သင့်ဘူးဆိုသည့် တုံ့ပြန်မှုများနှင့်အတူ အတွေးများစွာဝင်လာခဲ့ကာ ကျန်းရွှိအားပိုင်ဆိုင်လိုစိတ်များ ပို၍ပင် ဝင်လာပြီဖြစ်သည်။
ထိုကိစ္စက သင့်လျော်ပါ့မလား…။