အပိုင်း ၁၇၁
Viewers 15k

Chapter 171



" အဟွတ် ၊ အဟွတ်..."


စုမုန့် မီးခိုးငွေ့၏ အနံ့များကြောင့် နိုးလာခဲ့သည် ။

အနံ့များက သူမ၏ လည်ချောင်းနှင့် နှာခေါင်းတစ်လျှောက် တိုးဝင်လာခဲ့ပြီး သူမကို အဆက်မပြတ်ချောင်းဆိုစေသည် ။ သူမ မျက်လုံးများကို ဖွင့်လိုက်ချင်သော်လည်း မျက်လုံးတို့ကို ပိတ်စဖြင့် စည်းနှောင်ခံထားရသည် ။ ၎င်းတွင် ဟနေသော နေရာပင်မရှိဘဲ မှောင်အတိပြီးနေသည် ။


သူမ၏ စိတ်ထဲတွင် မကောင်းသောခံစားချက်က မြင့်တက်လာသည် ။ သူမ ပြန်ပေးဆွဲခံထားရပုံပေါ်သည် ။ 


အရမ်းကောင်းတယ် ...သူမ ဘယ်နှစ်ကြိမ်တောင်ပြန်ပေးဆွဲခံနေရတာလဲ ...ကြည့်ရတာ သူမပြန်လည်မွေးဖွားလာမှုရဲ့ တန်ဖိုးက တစ်ချိန်လုံးပြန်ပေးဆွဲရမယ့်ပုံပဲ ...


အရင်ကနှင့် မတူဘဲ ဤတစ်ကြိမ်တွင် သူမတင်းကျပ်စွာ ချည်နှောင်ခံထားရသည် ။ ဦးခေါင်းမှလွဲ၍ သူမ၏အခြားခန္ဓာကိုယ်နေရာများက လုံးဝလှုပ်လို့မရပေ ။


စုမုန့်၏ အခြေအနေမှာ သူမ သတိလစ်ပြီး လုံးဝမလှုပ်နိုင်တုန်းက အခြေအနေတိုင်းပင် ဖြစ်သည် ။ ဤတခဏတွင် သူမဘယ်ကိုရောက်နေလဲဆိုတာကို မသိရသလို အလျင်စလိုပြုမူပါက သူမအတွက် အန္တရာယ်များလိမ့်မည် ။


အဝေးမှ သတ္တုပစ္စည်းများ တိုက်မိနေသည့်အသံကို ရုတ်တရက်ကြားလိုက်ရပြီး အဝေးမှလာသောအသံက ပါလာခဲ့သည် ။


" သူမရဲ့ ကံကြမ္မာကတကယ် မြူခိုးတွေဖုံးခံထားရတာပဲ ...ဆရာတောင်မှပဲ ထိုးဖောက်မမြင်နိုင်ဘူး ...တကယ်ထူးဆန်းတယ် ... ဒီလို ကံကြမ္မာမျိုးက သုံးလို့ရောရရဲ့လား ... " 


အသံအရ အဖွားအိုက စကားပြောနေခြင်းဖြစ်သည် ။


" အဖွားကြီး ခင်ဗျားက ဒီလိုအချိန်မှာတောင် ရွေးနေသေးတာလား ...ဒီလို ဘုရားကတောင်စွန့်ပစ်ထားတဲ့နေရာမှာ မိန်းမတစ်ယောက်ကို ရှာဖို့ ဘယ်လောက်ခက်ခဲလဲဆိုတာ ခင်ဗျားမသိတဲ့ပုံမပေါ်ပါဘူး ...ခင်ဗျားအဲ့ဒါကို လုပ်ချင်ရင် မြန်မြန်လုပ်ဖို့ ကျွန်တော်အကြံပေးလိုက်မယ် ...ဒီနေ့ သူမကို ကာကွယ်ပေးတဲ့သူက ပေါ့သေးသေးတော့ ဟုတ်ပုံမရဘူး ... ဒီမိန်းမ ပျောက်နေတယ်ဆိုတာကိုသာ သူရှာတွေ့သွားရင် သူမကို သူသေချာပေါက် လာရှာလိမ့်မယ် ... "


စုမုန့်၏ နားများလှုပ်ခတ်သွားသည် ။ ထိုအရာမှာ ရှောင်ဖုန်း ဟုခေါ်သော သူ၏ အသံဖြစ်သည် ။


သူတို့၏ စကားပြောနေတာကို ကြားရသောအခါ ဘာတွေဖြစ်နေလဲဆိုတာကို စုမုန့် နောက်ဆုံးနားလည်သွားခဲ့သည် ။ သူမက အမေနှင့် သားဖြစ်သူထံမှ ပြန်ပေးဆွဲခံထားရသည် ။သူတို့က သူမ၏ကံကြမ္မာအကြောင်းကိုပင် ပြောနေသေးသည် ။ သူတို့ကိုကြည့်ရတာ တစ်ခုခုကို ဖန်တီးချင်ပုံပေါ်နေသည် ။


သို့သော် သူတို့ဘာပဲလုပ်ပါစေ အသက်ရှင်နေသော သူကို ပြန်ပေးဆွဲပြီး သင့်လျော်စွာလုပ်နိုင်သည့်အရာဘာမှမရှိပေ ။ထိုအရာအားလုံးမှာ ပရိယာယ်များပင် ဖြစ်သည်။


စုမုန့်ကြိုးကို ဖြည်ဖို့ ကြိုးစားသော်လည်း ချုပ်နှောင်ခံထားရပြီး သူမ၏ ကျွမ်းကျင်မှုဖြင့် မဖြည်နိုင်ပေ ။သူတို့ နှစ်ယောက်မှာ အလွန်သတိရှိနေပြီး သူမကို ကြိုးမဖြည်နိုင်အောင် တင်းကျပ်စွာချည်ထားလိမ့်မည်ဟု သူမ မထင်ထားမိပေ ။


နှစ်ယောက်သားမှာ စကားပြောနေတုန်းပင် ဖြစ်သည် ။စုမုန့် လှုပ်ရှားနေတာကို ရပ်လိုက်ပြီး သူတို့ပြောနေတာကို တိတ်တဆိတ်နားထောင်နေလိုက်သည် ။


ရှောင်ဖုန်းက အဖွားအိုကို စိတ်မရှည်တုန်းဖြစ်နေသည် ။


" အဖွားကြီး ... ကျွန်တော်ခင်ဗျားကို အကြိမ်ပေါင်းများစွာ ကူညီပေးပြီးပြီ  ခင်ဗျားကတိကို မဖြည့်ဆည်းပေးသင့်ဘူးလား အနည်းဆုံးတော့ ကျွန်တော်က ခင်ဗျားရဲ့ သားပဲလေ ...ခင်ဗျားရဲ့ သားအရင်းကိုတော့ ပြန်မလိမ်လောက်ပါဘူးနော် ..."


အဖွားအိုက လှောင်ရယ်လိုက်သည် ။ 


" ကတိကို ဖြည့်ဆည်းပေးရမှာလား ...မင်းကိုငါ ပျိုးထောင်ဖို့ပိုက်ဆံတွေ ဘယ်လောက်တောင်သုံးခဲ့ရလဲ ...ငါ့ရဲ့စွမ်းအင်တွေကိုရော ဘယ်လောက်တောင်သုံးခဲ့ရလဲ  အခု မင်းကအရွယ်ရောက်လာပြီးတော့ အတောင်တွေက ခိုင်မာလာပြီဆိုတော့ ငါ့ကိုစပြီး ဆန့်ကျင့်နေပြီပေါ့ ဟုတ်လား ... "


" ဘုရားရေ ...  ခင်ဗျားအဲ့ဒီလိုပြောတာ မရှက်ဘူးလား ... ခင်ဗျားက ကျွန်တော့်ကို ပျိုးထောင်ဖို့ အများကြီးအားစိုက်ခဲ့ရတယ်လို့တောင် ပြောရဲသေးတာလား ... ခင်ဗျားကျွန်တော့်ကို ဘယ်လောက် မြှုပ်နှံခဲ့လို့လဲ ... အဲ့ဒီ အရူးမကိုရော ခင်ဗျားဘယ်လောက် မြှုပ်နှံခဲ့လဲ ... ပြီးတော့ ကျွန်တော်ကမွေးဖွားလာပေးဖို့ ခင်ဗျားကို တောင်းဆိုခဲ့တာမဟုတ်ဘူး ...အဲ့ဒါကို ခင်ဗျားဘာသာ လုပ်ခဲ့တာ ... " 


" သူမကို အရူးလို့မခေါ်ဖို့ မင်းကိုငါပြောထားတယ် ...သူမက မင်းရဲ့အစ်မပဲ ..."


" အစ်မလား ...အရူးမက ကျွန်တော့်အစ်မဖြစ်ဖို့ ထိုက်တန်လို့လား ...သူက ကျွန်တော်ပိုင်တဲ့အရာတွေကို လုယူသွားခဲ့တာ ...သူမအတွက် ကျွန်တော့်မှာ ဘာခံစားချက်မှ မရှိဘူး ... "


အထဲသို့ မဝင်ခင် နှစ်ယောက်သားမှာ ဆက်၍ စကားပြောနေခဲ့သည် ။ သူတို့တွင် ရပ်လိုက်ဖို့ ရည်ရွယ်ချက်ပင်မရှိဘဲ ဆက်၍ပြောနေကာ ခိုက်ရန်ဖြစ်ပွားမည့် သင်္ကေတပင် ပြလာကြသည် ။


သူတို့ရန်ဖြစ်ဖို့ကိုသာ အာရုံရောက်နေပြီး စုမုန့် ချည်နှောင်ခံထားရဆဲဖြစ်နေတာကိုတောင် သူတို့မေ့နေခဲ့သည် ။


' သူတို့ဘာလို့ ကိုယ့်အလုပ်ကို မလုပ်ကြတာလဲ '


 စုမုန့် သူတို့အတွက် စိုးရိမ်နေသည် ။ သူမ အကြာကြီး ကိုယ်နေဟန်ထား တစ်ပုံစံထဲနေနေရတာ ပင်ပန်းနေပြီ ဖြစ်သည် ။ သူမ၏ ကိုယ်နေဟန်ထားကို ပြောင်းလဲချင်ခဲ့သည် ။ စုမုန့် မြင်ချင်တာ တစ်ခုရှိနေသေးသည် ။ အသက်ရှင်နေသည့် သူတစ်ယောက်ကို ပြန်ပေးဆွဲရလောက်အောင် သူတို့ဘာတွေများအသုံးချနေကြသည်လဲ ...


လူတစ်ယောက်ကို ပြန်ပေးဆွဲတာကို တွေးမိရာမှ စုမုန့် ရုတ်တရက် ဟိုတယ်အနောက်ရှိ သင်္ချိုင်းကိုတွေးမိသွားသည် ။


သူတို့လည်း အရင်တုန်းက ဤနေရာတွင် ပြန်ပေးဆွဲခံထားရသော လာရောက်တည်းခိုသည့် ဧည့်သည်များ ဖြစ်နိုင်မလား ... ဒီနေရာမှာ ဘာလိုင်းမှမမိသောကြောင့် ဧည့်သည့်များလည်း အကူအညီမတောင်းနိုင်ကြခြင်းများလား ... ထို့နောက် ဤနေရာမှာ ဝေးလံသောနေရာဖြစ်ပြီး ရဲများရှာဖွေတွေ့ရှိရန် မလွယ်ကူပေ ...ထို့ကြောင့် ဤအခွင့်အရေးကို အခွင့်ကောင်းယူကာ သူတို့လုပ်ချင်တာလုပ်နေခြင်းလား ...


 ထိုလူက တံခါးကို ဆွဲပိတ်လိုက်ပြီး အခန်းထဲမှ ထွက်သွားသောအခါတွင် စုမုန့်မှာ အခြေအနေကို ဆန်းစစ်နေဆဲဖြစ်သည် ။


" မိန်းကလေး မင်းနိုးနေပြီ ...ဟုတ်တယ်မလား ... " 


အဖွားအိုက စုမုန့်ဆီသို့ လျှောက်သွားပြီး သူမ၏မျက်လုံးကိုကာထားသော ပိတ်စကို ဖယ်ပေးလိုက်သည် ။ ရုတ်တရက် တောက်ပသောမီးအလင်းရောင်က စုမုန့်ကိုမျက်လုံးကို စူးရှစေသည် ။သူမ၏ မျက်လုံးကို မှိတ်ထားလိုက်ပြီး ထပ်ဖွင့်ဖို့ ခဏအချိန်ယူလိုက်သည် ။


" မင်းနိုးနေပြီဆိုတာ ငါသိသားပဲ ...မကြောက်ပါနဲ့ မိန်းကလေး ...ငါမင်းကို ဘာမှမလုပ်ပါဘူး ... ငါက မင်းရဲ့ ကံကြမ္မာကို ချေးငှားချင်ရုံပါပဲ ... " 


အဖွားအိုက စုမုန့်ကို ကြင်နာစွာကြည့်နေပြီး သူမ၏ ငယ်ထိပ်ကို ထိလိုက်သည် ။


အကယ်၍ တစ်စုံတစ်ယောက်ကသာ စုမုန့် အချည်နှောင်ခံထားရတာကို မျက်ကွယ်ပြုလိုက်လျှင် သူမက အမှန်တကယ်ပင် မြေးမလေးကို ဂရုစိုက်နေသည့် အဖွားနှင့် တူနေသည် ။


စုမုန့်ခေါင်းခါပြီး အဖွားအို၏ လက်ကိုရှောင်လိုက်သည်။

အဖွားအိုကို သူမ ထိတ်လန့်စွာမေးလိုက်သည် ။


" အဖွား ရှင်ဘာကိုဆိုလိုတာလဲ ...ရှင်ဘာလို့ ကျွန်မကို ဖမ်းထားတာလဲ ... ရှင် ကျွန်မတို့ကို တတ်နိုင်သမျှ ဟိုတယ်က မြန်မြန်ထွက်သွားဖို့ပြောခဲ့တာ မဟုတ်ဘူးလား ရှင် ကျွန်မကို မှတ်တမ်းရှာပေးဖို့တောင် ကူညီချင်သေးတယ်လေ ... ရှင်ဘာလို့ ရုတ်တရက် ကျွန်မကို ဖမ်းထားတာလဲ ... "


 စုမုန့် ဘယ်လောက်ကြောက်နေသလဲဆိုတာကို တွေ့ရသောအခါ အဖွားအိုက သက်ပြင်းချပြီး သူမကို နှစ်သိမ့်လိုက်သည် ။


" မိန်းကလေး မကြောက်ပါနဲ့  ...အဲ့ဒါ မနာပါဘူး ...ငါမင်းကို ဘာမှလုပ်မှာ မဟုတ်ပါဘူး ...  ခဏလေးနဲ့ ပြီးသွားမှာပါ ... " 


" အဖွား  ရှင်ကျွန်မကို သတ်မလို့လား ... " 


" မင်းအများကြီးသိထားတာမကောင်းဘူး ...အဲ့ဒါက မနာကျင်ဘဲ မကြာခင်မှာ အဆုံးသတ်သွားမယ်ဆိုတာ သိထားဖို့ပဲ လိုတယ် ...မကြောက်ပါနဲ့ ... မင်းသာကြောက်နေရင် အဲ့ဒါက ဖွဲ့စည်းမှုအတွက် စုပ်ယူဖို့ကို သက်ရောက်မှုရှိလာလိမ့်မယ် ..." 


အဖွားအိုက စုမုန့်ကိုကြည့်နေတာ ရပ်လိုက်ပြီး တစ်ယောက်အိပ်သံကုတင်ဆီသို့ လှည့်ပြီးလျှောက်သွားလိုက်သည် ။


စုမုန့်၏ မျက်လုံးက အဖွား၏အကြည့်နောက်သို့ လိုက်ကြည့်လိုက်သည် ။ အဖွားအိုက မွေ့ယာစွပ်ကို လှန်လိုက်သောအခါ သံကုတင်ပေါ်တွင် ထူထဲသော ချိန်းကြိုးများရှိနေတာကို စုမုန့် အံ့သြသွားရသည် ။


အဖွားအိုက ချိန်းကြိုးများအားလုံးကို ဖြည်ပြီးသည့်နောက်တွင် သူမ ပြန်လာပြီး စုမုန့်ကို သံကုတင်ဆီသို့ ဆွဲသွားသည် ။ထို့နောက် စုမုန့်ကို သူမက ချိန်းကြိုးဖြင့် ချည်လိုက်သည် ။


ထို့နောက် အဖွားအိုက အခန်းတွင်းသို့ လျှောက်သွားလိုက်သည် ။ အခန်းထဲတွင် ဘေးဘက်တံခါးရှိနေပြီး ၎င်းကဘာနဲ့တူလဲဆိုတာကို စုမုန့်မသိပေ ။


အဖွားအိုက တံခါးကို ဖွင့်ပြီးနောက်တွင် အသက်သုံးဆယ်အရွယ်လောက်ရှိပုံပေါ်သော မိန်းမက အဖွားအိုထံမှ ဆွဲထုတ်ခံလိုက်ရသည် ။ ထိုမိန်းမက ရူးသွပ်စွာ ပြုံးနေဆဲဖြစ်ပြီး သူမ၏ခေါင်းက သွားရည်ကျနေသည့်ဘက်ကို စောင်းနေခဲ့သည် ။သူမကို ကြည့်လိုက်သောအခါ သူမက ရှောင်ဖုန်း၏ အစ်မဖြစ်ပုံပေါ်သည် ။


" ရှောင်ယွီ လိမ္မာစမ်းပါ ...အမေက မင်းအတွက် ထူဆန်းတဲ့ကြံမ္မာနဲ့ မိန်းကလေးနောက်တစ်ယောက်ကို ရှာတွေ့ထားတယ် ... သူမရဲ့ ကံကြမ္မာက အသေးစိတ်မမြင်နိုင်ပေမယ့် လည်း ဆရာပြောတာကတော့ သူမရဲ့ကံကြမ္မာက အတော်လေးကောင်းတယ်တဲ့ ...သမီးရဲ့ ကံတရားကို ပြောင်းလဲနိုင်သ၍ သေချာပေါက် သမီး ပိုကောင်းလာမှာပါ ..." 


အဖွားအိုက စုမုန့်ဘက်သို့ ရှောင်ယွီကိုခေါ်ကာ တခစ်ခစ်ရယ်မောလိုက်သည် ။ထို့နောက် ရှောင်ယွီထိုင်ဖို့ သူမက ကြမ်းပြင်ပေါ်တွင် အောက်ခံကူရှင်ကို ချပေးလိုက်သည်။


ရှောင်ယွီက ရူးနေသော်လည်း  သူမက အလွန်နာခံသည် ။အဖွားအိုက သူမကိုပြောသောအခါ ဘာခုခံမှုမရှိဘဲ သူမထိုင်ချလိုက်သည် ။


အခန်းကို ကြည့်ရှူလိုက်ပြီးနောက် စုမုန့် မျက်မှောင်ကြုတ်လိုက်သည် ။သူမ၏ ခန္ဓာကိုယ် ချည်နှောင်ခံထားရသော်လည်း ခေါင်းကတော့ လှုပ်ရှားလို့ရနေဆဲဖြစ်သည် ။


သူမ လှဲနေရသော သံကုတင်မှလွဲ၍ ထောင့်နားတွင် အလုံပိတ်ဗီရို နှင့် စားပွဲအသေးတစ်လုံးရှိသေးသည် ။ ထိုအရာတို့မှလွဲ၍ အခန်းထဲတွင်ဘာမှမရှိပေ ။

ရှောင်ယွီမှလွဲ၍ စုမုန့် ဘာကိုမှမမြင်ရပေ ။ ထို့ကြောင့် အဖွားအိုက ဘာတွေစီစဥ်နေလဲဆိုတာကို သူမ မသိပေ ။


" မိန်းကလေး မင်းရေဆာနေပြီလား ...မင်းရေနည်းနည်းလောက်လိုချင်လား ..." 


အဖွားအိုက စုမုန့်ကို ဖမ်းထားသော်လည်း သူမက စု​မုန့်​ကို တကယ်ဂရုစိုက်နေသည့်အတိုင်း ညင်သာနေစဲဖြစ်သည် ။


" ကျေးဇူးပါပဲ ... ဒါပေမယ့် ကျွန်မရေမဆာဘူး ..." 


ဤကဲ့သို့သော အချိန်မျိုးတွင်တောင် စုမုန့် ယဥ်ကျေးစွာ ဆက်ဆံဖို့ မမေ့ပေ ။ စုမုန့်၏ ယဥ်ကျေးသည့်အမူအရာနှင့် နာခံတတ်မှုတို့ကို အဖွားအိုက အလွန်ကျေနပ်နေသည်။


" မိန်းကလေး ... မင်းက ကြင်နာတတ်တဲ့မိန်းကလေးမှန်း ဒီအဖွားအိုကြီးက သိပါတယ်...ဒါကြောင့် ငါမင်းကို ပိုဂရုစိုက်မှာပါ ... တစ်ခြားလူတွေအတွက်တော့ စိတ်မပူပါနဲ့ ..သူတို့တစ်ယောက်မှ လွတ်မြောက်မှာ မဟုတ်ဘူးလေ...သူတို့က ဒီည မင်းကို အဖော်ပြုပေးဖို့ရှိနေလိမ့်မယ် ...အထူးသဖြင့် ဝေ့ထင်လို့ခေါ်တဲ့ လူငယ်လေးပေါ့ ... မင်းတို့အချင်းချင်းနှစ်သက်နေကြတယ်ဆိုတာ ငါသိတယ် ... အဲ့ဒါကြောင့် ငါသူ့ကို အရင်တိုက်ခိုက်လိုက်တာ ...ငါ့သားက မကြာခင်က သူ့ကို ဖမ်းပြီးနေလောက်ပြီ ...မမျှော်လင့်ထားတဲ့ကိစ္စတစ်ခုခုသာဖြစ်မလာဘူးဆိုရင် သူမကြာခင် ဒီကိုရောက်လာလိမ့်မယ် ..."


ရှောင်ဖုန်းက ဝေ့ထင်ကို သွားဖမ်းလိမ့်မည်ဟု ကြားသောအခါ စုမုန့် နည်းနည်းမှ မစိုးရိမ်ပေ ။ ဝေ့ထင်၏ အရည်အချင်းကို သူမသိသည် ။ရှောင်ဖုန်း အကူအညီမရှာသ၍ ဝေ့ထင်ကို သူဘာမှလုပ်နိုင်မည် မဟုတ်ပေ ။


ဤတခဏတွင် သူမ၌ နောက်ထပ်အရေးကြီးမေးစရာတစ်ခုရှိနေသည် ။


အဖွားအိုကို စုမုန့် ပြုံး၍ကြည့်ကာ မေးလိုက်သည် ။


" ကောင်းပြီ အဖွား ...ကျွန်မက သေတော့မှာပဲ ... ကျွန်မ မသေခင် ကျွန်မသိချင်တာကို ရှင်ပြောပြပေးမလား ..." 


" သေချာတာပေါ့ ...ကျွန်မရှင့်ရဲ့ ဖွဲ့စည်းမှုအကြောင်းကို မမေးပါဘူး  ကျွန်မ သိချင်တာက ဝမ်လဲ့ ရဲ့ သူငယ်ချင်းက တကယ်သေသွားတာလားဆိုတာကိုပဲ  သူက တကယ်သေသွားတာဆိုရင် လူသတ်သမားဘယ်သူလဲဆိုတာကို ရှင်သိလား ... " 


သူမ သေတော့မည့်အချိန်တွင်တောင် စုမုန့်က ဤအကြောင်းအရာကို အာရုံစိုက်နေလိမ့်မည်ဟု မထင်ခဲ့ပေ ။ စုမုန့်ကို သူမ သေချာမစိုက်ကြည့်ဘဲ မနေနိုင်လိုက်ပေ ၊ သူမ၏ မျက်နှာမှ တစ်ခုခုကို  တွေ့နိုင်ဖို့ ကြိုးစားနေခဲ့သည် ။


အတိတ်တုန်းက သူမ ဖမ်းဆီးခဲ့သောသူများမှာ သူတို့သေတော့မည်ဟု ကြားလိုက်လျှင် သူမဘယ်လောက်ပဲ သူတို့ကို နှစ်သိမ့်ပါစေ ၎င်းမှာ အသုံးမဝင်ပေ ။သူတို့က ဘယ်လိုငိုရမလဲဆိုတာကိုသာ သိကြသည် ။ တစ်ဖက်တွင်တော့ စုမုန့်မှာ အံ့သြစရာကောင်းလောက်အောင် တည်ငြိမ်နေသည် ။သူမက သူမ၏အမူအကျင့်ကိုပင် ထိန်းထားနိုင်သေးသည် ။ အဖွားအိုက သတိရှိသွားပြီး စုမုန့်တွင် ဝှက်ဖဲတစ်ခုခုရှိနေမှာကို စိုးရိမ်သွားသည် ။


" သေချာတာပေါ့ ...ငါမင်းကို လိမ်မပြောပါဘူး ... သူ့ရဲ့ သူငယ်ချင်းက သေသွားပြီ...ဒါပေမယ့် မှတ်တမ်းတွေကို ငါလွှင့်ပစ်လိုက်ပြီ ...  ဘာလို့လဲဆိုတော့ အဲ့ဒါတွေက သိမ်းထားလည်း အသုံးမဝင်ဘူးလို့ ငါထင်လို့ပဲ ... " 


အဆုံးတွင် အဖွားအိုက စုမုန့်ကို အဖြေပြန်ပေးလိုက်သည် ။


" ကျွန်မမှာ နောက်ထပ်မေးခွန်းတစ်ခုရှိသေးတယ် ...ရှင့်ဟိုတယ်ကို လာသမျှ ဧည့်သည်အားလုံး ကျွန်မလို အဆုံးသတ်သွားတာလား ...နောက်ဆုံးမှာ အသတ်ခံလိုက်ရတာလား ... " 


စုမုန့်တွင် မေးခွန်းတွေအလွန်များနေသော်လည်း တစ်ကြိမ်တည်းနှင့် သူမမေးခွန်းအားလုံးကို မမေးနိုင်ပေ ။ ထို့ကြောင့် အရေးကြီးဆုံးတစ်ခုကိုသာ သူမရွေးမေးလိုက်သည် ။


အဖွားအို ခေါင်းညိတ်လိုက်တာကို မြင်တော့ သူမ ဆက်မေးလိုက်သည် ။


" ဒါဆို ရှင်ပြောပုံအရ ဒီဟိုတယ်ကို လာတဲ့ဘယ်သူမဆို သေရတယ်ပေါ့ ...  ဝမ်လဲ့ကရော ဘယ်လိုဖြစ်သွားတာလဲ ...ရှင်တို့နှစ်ယောက်က မသိသလို ဟန်ဆောင်နေကြပေမယ့် လည်း ရှင်တို့ကြားမှာ အရမ်းကောင်းတဲ့ဆက်ဆံရေးရှိတယ်ဆိုတာကို ကျွန်မမြင်နေရတယ် ..."


စုမုန့်၏ စကားလုံးများကို ကြားသောအခါ အဖွားအိုက ရယ်လိုက်သည် ။သူမ၏ မျက်နှာပေါ်မှ အရေးအကြောင်းများမှာ အလွန်တင်းနေပြီး ၎င်းတို့မှာ ဂန္ဓာမာပန်းနှင့်တောင်တူနေသေးသည် ။


သူမ ဖြည်းဖြည်းချင်းပြောလိုက်သည် ။


" ငါးကြီးကြီးကို ဖမ်းမိဖို့ ဇာတ်ကြောင်းအရှည်ကြီးကို သရုပ်ဆောင်ရတာပေါ့ ...သူက ဇာတ်ကြောင်းပဲ  ... ဘယ်လိုပဲဖြစ်ဖြစ် အခုအဲ့ဒီငါးက ဖမ်းမိသွားပြီ ... သူ့ဇာတ်ကြောင်းက အသုံးမဝင်ဘူး ... "



xxxxxxx