Chapter 172
အဖွားအိုက ရှင်းမပြခဲ့သော်လည်း သူမ ဘာကိုဆိုလည်းဆိုတာ စုမုန့်နားလည်နေသည် ။
စုမုန့် လျစ်လျူရှူကာမေးလိုက်သည် ။
" ဒါဆို ရှင်ပြောပုံအရ ဒီတစ်ကြိမ်မှာ ဝမ်လဲ့လည်း ရှင့်ဆီကနေ အသတ်ခံရမှာလား ..."
" အဲ့ဒါက သိပ်မကောင်းဘူး ...ငါမင်းကို ဘာမှမလုပ်ပါဘူးလို့ ပြောပြီးသားပဲ ...ဒီအတိုင်း ငါကမင်းရဲ့အကူအညီကိုလိုတာပါ ..."
အဖွားအိုက ပြုံးကာ ရှောင်ယွီ၏ဆံပင်တို့ကို ညင်ညင်သာသာလေး ဖွလိုက်သည် ။ သူမ၏ မျက်ဝန်းထဲတွင် အချစ်များပြည့်လျှံနေသည် ။စုမုန့် ပြောလိုက်သည်။
" ရှင်က သူမရဲ့ကံကြမ္မာကိုပြောင်းဖို့ အသုံးချနေတာပဲ ဟုတ်တယ်မလား ..."
ရှောင်ယွီကို စုမုန့်ကြည့်လိုက်သောအခါ သူမ၏ ဘဝအတွက်ကံတရားလွှမ်းမိုးမှုက အနက်ရောင်အငွေ့များဖြင့် ပြည့်နေတာကို တွေ့လိုက်ရသည် ။ အနက်ရောင်အငွေ့က သူမ၏ နှလုံးသားကြောင့် ဖြစ်ပေါ်လာခြင်းမဟုတ်ဘဲ အပြင်မှလာသော အကြောင်းအရင်းများကြောင့် ဖြစ်သည် ။ တစ်စုံတစ်ယောက်က သူမကို ကျိန်စာတိုက်ခဲ့ပြီး သူမကို မွေးဖွားလာသောအခါ သူမက အရူးတစ်ယောက်သာ ဖြစ်နေသည် ။
စုမုန့်၏ စကားလုံးတို့ကို ကြားသောအခါ အဖွားအိုက ခေါင်းငြိတ်လိုက်ပြီး သူမကို အံ့သြစွာမေးလာခဲ့သည် ။
" မဆိုးပါဘူး ...မိန်းကလေး ...မင်းဒီအကြောင်းကို သိနေလိမ့်မယ်လို့ ငါမမျှော်လင့်ပါဘူး ... မင်းဒီကိစ္စတွေကိုလည်း အနည်းအကျဥ်းသိတာပဲလား ... "
" အနည်းအကျဥ်းမဟုတ်ဘူး ... ကျွန်မကအဲ့ဒီအလုပ်လုပ်တာ ...တစ်စုံတစ်ယောက်ရဲ့ ကံကြမ္မာကို ပြောင်းလဲတယ်ဆိုတာ ကောင်းကင်ဘုံရဲ့အမိန့်ကိုဖီဆန်တာပဲ ... ရှင်အခု ပြန်ရလိုက်ရင်တောင် အနာဂတ်မှာ ရှင်ပြန်ပေးဆပ်ရလိမ့်မယ် ...ရှင်လိုအပ်ရင် ကျွန်မသူ့ကံကြမ္မာပြောင်းလဲဖို့ ကူညီပေးလို့ရတယ် ... "
" မင်းကလား "
အဖွားအိုက စုမုန့်ကို အကဲခတ်လိုက်သည် ။စုမုန့်၏ စကားတို့ကို သူမက ယုံကြည်ပုံမပေါ်ပေ ။ ထို့ကြောင့် သူမခေါင်းခါပြီး ငြင်းပယ်လိုက်သည် ။
" ကျွန်မသိချင်နေတာ တစ်ခုရှိသေးတယ် ...ဟိုတယ်ရဲ့အနောက်က သင်္ချိုင်းမှာ ဘာတွေဖြစ်နေတာလဲ ... အဲ့ဒီမှာမြှုပ်ထားတဲ့သူတွေက ရှင်သတ်ထားတဲ့သူတွေထဲကပဲလား ... "
ဟိုတယ်၏ ဖွဲ့စည်းပုံကို စုမုန့်ပြန်မြင်ယောင်ကြည့်လိုက်သည် ။ ဖွဲ့စည်းပုံက တကယ်ထူးဆန်းသော်လည်း ဟိုတယ်၏အတွင်းထဲ၌ မကောင်းတာ တစ်ခုခုကို သူမမခံစားခဲ့ရပေ ။ ၎င်းမှာ တစ်စုံတစ်ရာက အရာအားလုံးကို ပိတ်ဆို့ထားသလိုပင် ။
အဖွားအိုက တစ်စုံတစ်ယောက်၏ ကံကြမ္မာကို ဘယ်လိုပြောင်းလဲရမလဲဆိုတာကို သိရုံသာမက ဤကဲ့သို့ ကံမကောင်းသောပတ်ဝန်းကျင်ကိုတောင် ပုံမှန်အနေအထားအတိုင်းရှိနေအောင် လုပ်ထားနိုင်သည် ။ ကြည့်ရတာ ဟိုတယ်ထဲတွင် ဆရာတစ်ယောက်ရှိနေပုံပေါ်သော်လည်း အဖွားအိုမဟုတ်တာတော့ သေချာသည် ။ အဖွားအို၏ ပြောပုံအရ ဤကိစ္စများကို သူမ မသိပေ ။
စုမုန့်၏စကားလုံးတို့ကိုကြားသောအခါ အဖွားအိုက ရယ်လိုက်သည် ။ သူမ၏ ခေါင်းကို ကူကယ်ရာမဲ့စွာ ခါပြီး ပြောလိုက်သည် ။
" ငါကလူတွေကို ဘယ်လိုလုပ် တွေ့ကရာလိုက်သတ်နိုင်မှာလဲ ... ငါတို့နေရာက အရမ်း ဝေးလံပေမဲ့ လူတွေကို ကြုံရာလိုက်သတ်နေမယ်ဆိုရင် ရဲတွေဆီကနေ စုံစမ်းခံရလိမ့်မယ် ...ဟိုတယ် အနောက်မှာရှိတဲ့သင်္ချိုင်းက အရမ်းကြာနေပြီ ...အဲ့ဒါက မင်းနဲ့ ဘာမှမသက်ဆိုင်ဘူး ... "
" အရင်က ငါမိန်းကလေး နည်းနည်းကို ဖမ်းခဲ့ပေမဲ့လည်း စုစုပေါင်းမှ လေးယောက် ... ငါးယောက်လောက်ပဲရှိတယ် ...ငါဘယ်သူ့ကိုမှ ရည်ရွယ်ချက်ရှိရှိ သတ်ခဲ့တာမဟုတ်ဘူး ...ဒီမိန်းမအိုကြီးက သမီးကိုကယ်ဖို့ မကောင်းတဲ့အရာတစ်ချို့ကို လုပ်ပေမယ့် ရူးသွပ်တာထပ်ပိုတာတွေဘာမှမလုပ်ပါဘူး ... သူတို့ကို ငါက ကံကြမ္မာကိုပြောင်းလဲဖို့ဖမ်းခဲ့တာ ... အဲ့ဒါပြီးရင် အားလုံးကို ပြန်လွှတ်ပေးခဲ့တာချည်းပဲ ... "
" အဲ့ဒါက အားလုံးရဲ့ ပုံစံတွေက မတူညီဘူး ... ဒါကြောင့် အစီအရင်လုပ်ပြီးတော့အခြေအနေတွေက လည်း မတူညီဘူး သူတို့ရဲ့ ကံကြမ္မာကပြောင်းလဲသွားရင်တောင် သူတို့အဆင်ပြေမှာပါ ... အများဆုံးမှ သူတို့နည်းနည်းလေးရူးသွပ်သွားရုံလောက်ပေါ့ ... ဒါပေမယ့် တစ်ချို့လူတွေရဲ့ ကံတရားကအစကတည်းက အားနည်းနေတာ ... အစီအရင်လည်းပြီးသွားရော သူတို့မသေခင် ကြာကြာမနေလိုက်ရဘူး ..."
စုမုန့် " ရှင်က တစ်စုံတစ်ယောက်ရဲ့ ကံကြမ္မာကို ခိုးပြီးတော့ သူမရဲ့ဘဝကို ဆုံးရှုံးစေခဲ့တာ ...အဲ့ဒါက သူမကို သတ်လိုက်တာနဲ့ ဘာကွာတော့မှာလဲ ... "
" ကွာခြားချက်က သူမ ပုံမှန်အတိုင်း ခဏတာနေနိုင်ရုံလေးပဲ ပြီးရင် သူမရဲ့ ခန္ဓာကိုယ်မှာ မှားယွင်းနေတာ ဘာတစ်ခုမှ မရှိဘူး ဆရာဝန်ကတောင် သူမပုံမှန်ပဲ သေသွားရတာလို့ ထင်လိမ့်မယ် ... "
အဖွားအို၏ အပြုံးမှာ ကြင်နာသည်ဟု စုမုန့် ယခင်က တွေးခဲ့သော်လည်း အခုတော့ ထိုအပြုံးက ထိတ်လန့်စရာကောင်းနေပြီ ဖြစ်သည် ။ သူမသမီး၏ အသိတရားကိုပြန်ရဖို့ မိန်းကလေးတွေအများကြီးကိုဖမ်းပြီး သူတို့၏ ကံတရားကို လုယူခဲ့သည် ။
၎င်းမှာ အများကြီးမဟုတ်ဘဲ အနည်းငယ်ပဲဟုထင်ရသော်လည်း ပို၍ နက်နက်ရှိုင်းတွေးကြည့်လျှင် မိန်းကလေးတွင် မိသားစုများ မည်မျှရှိနေမည်နည်း ။ သူတို့ချစ်ရသည့်သူတစ်ယောက်က ရုတ်တရက်သေဆုံးသွားတာကို တွေ့ရလျှင် သူတို့မည်မျှ ယူကျုံးမရဖြစ်နေကြမည်နည်း ။
သူမထိုအရာကို ပြောတုန်းက အဖွားအိုမှာ အလွန်အလေးအနက်ဖြစ်နေသည် ။တစ်စုံတစ်ယောက်၏ ကံကြမ္မာကို ပြောင်းလဲလိုက်ခြင်းက အမှန်တကယ်မှားယွင်းသည့်အရာလို့ သူမက ထင်ပုံမပေါ်ပေ ။သို့သော် ထူးဆန်းတာ တစ်ခုရှိနေသည် ။ အဖွားအို၏ ကံကြမ္မာကို သူမ ရှာတွေ့ခဲ့သည် ။ သူမက ပုံမှန်ကြင်နာတတ်သည့်သူဖြစ်ပြီး ဘာကြောင့် ရုတ်တရက်ကြီး သွေးအေးသွားရသနည်း ။
ခဲရောင်မြူခိုးများက ဘာလဲဆိုတာကို စုမုန့်နောက်ဆုံးတော့ နားလည်သွားခဲ့သည် ။ လူတွေကို ဖမ်းဆီးပြီး သူတို့၏ကံတရားကို လုယူခြင်းက သူမ၏ကံကြမ္မာကို ခဲရောင်မြူခိုးများဖြင့် ဖုံးလွှမ်းသွားစေသည် ။ သို့သော် ရွှေရောင်က ဘာဖြစ်မည်နည်း ။ ဘယ်လိုလုပ်ပြီး တစ်စုံတစ်ယောက်က တစ်ခြားလူကို သေစေခြင်းကို ကြင်နာတတ်သည့်သူကအလွယ်တကူလက်ခံနိုင်ရသနည်း ။
စုမုန့်ပင် နားမလည်နိုင်တော့ချေ ။
" ရှင်က ရှင့်သမီးကိုချစ်တယ် ... ဒါပေမယ့် ရှင်သတ်လိုက်တဲ့ မိန်းကလေးတွေအတွက်ကိုရော တွေးမိရဲ့လား ... သူတို့ရဲ့မိဘတွေကလည်း သူတို့ကို ချစ်တာပဲ ...တစ်ရက်ကျ သူတို့အိမ်မှာရုတ်တရက် သေဆုံးသွားမယ်ဆိုရင် သူတို့မိဘတွေ ဘယ်လောက်တောင် ဝမ်းနည်းပက်လက်ဖြစ်နေမလဲ ... "
" မိန်းကလေး ... မင်းက ကြင်နာတတ်တဲ့သူဆိုတာကို ငါသိတယ် ဒါပေမယ့် ဒီစကားလုံးတွေက ငါ့အတွက် အသုံးမဝင်ဘူး ... အခု ငါကငါ့ရဲ့သမီးကိုပဲ ကယ်တင်ချင်တာ ... သူမကို ငါကယ်ပေးနိုင်သ၍ လမ်းကဘယ်သူကိုမဆို ငါသတ်ပေးနိုင်တယ် ... "
အဖွားအို၏မျက်လုံးတို့မှာ မှောင်မဲနေပြီး စုမုန့်ကို သူမ ဆက်မကြည့်တော့ပေ ။
သူမအမှန်တကယ် စုမုန့်၏ စကားတို့ကိုနားထောင်နေသော်လည်း ဘာဖြစ်မည်နည်း ...ကြင်နာဖို့အတွက် သူမ၏သမီးအရင်းကို လက်လျှော့လိုက်ရမည်ဆိုလျှင် သူမကြင်နာနိုင်တော့မည်မဟုတ်ပေ ...
စုမုန့် ပြောလိုက်သည် ။
" ကျွန်မလည်း တစ်ခြားသူတွေရဲ့ ကံကြမ္မာကို မြင်နိုင်တယ် ... ရှင်က ကြင်နာတဲ့လူတစ်ယောက်ဖြစ်ခဲ့ပြီးတော့ ကောင်းတဲ့အရာတွေအများကြီးကို ဆောင်ရွက်ခဲ့တယ် ...ဒါကြောင့် ရှင့်ရဲ့ကံကြမ္မာက အားကောင်းနေတာ ရှင်အခုရပ်လိုက်မယ်ဆိုရင် အတိတ်တုန်းက ရှင်လုပ်ခဲ့တဲ့ ကောင်းတဲ့အရာတွေအားလုံးနဲ့ ကိစ္စတွေကို ပြန်ပြောင်းလဲဖို့ ရှင့်မှာအခွင့်အရေးရှိပါသေးတယ် ...ဒါပေမယ့် ရှင်ဆက်လုပ်နေမယ်ဆိုရင် ရှင်အတိတ်မှာ စုဆောင်းမိခဲ့တဲ့ ကောင်းတဲ့အရာတွေအကုန်လုံးက အသုံးချခံလိုက်ရပြီး စိတ်ပျက်စရာအခြေအနေနဲ့ ရှင်အဆုံးသတ်သွားရလိမ့်မယ် ..."
အဖွားအိုက ဂရုမစိုက်ပေ ။
" ဟုတ်တယ် ... မင်းပြောသလိုဘဲ ငါကကောင်းတဲ့အရာတွေအများကြီးလုပ်ခဲ့တယ် ... ဒါပေမယ့် အဆုံးမှာ ငါ့ရဲ့သမီးက အဲ့ဒီလိုအရာမျိုးနဲ့ ကြုံတွေ့လိုက်ရတယ် ဒါကိုရော ဘာလို့ခေါ်တာလဲ ...အဲ့ဒါကို 'ကောင်းတဲ့လူတွေက ကောင်းတဲ့ဝဋ်ကိုကျတော့ ပြန်မခံစားရဘူး ' လို့ခေါ်တယ် ...မိန်းကလေး ဒါကို မင်းမကြားဖူးဘူးလား .. ယုတ်ညံ့တဲ့သူတွေက နှစ်ထောင်ပေါင်းများစွာ ရှင်သန်နေရတဲ့အချိန်မှာ ကောင်းတဲ့သူတွေကကျတော့ ကောင်းတဲ့အရာကို ပြန်မခံစားရဘူး ... အနာဂတ်က ဖြစ်မနေသေးရင် ဘယ်လိုလုပ်မလဲ ...ငါက ဆိုးဆိုးရွားရွားအဆုံးသတ်ရလိမ့်မယ်လို့ မင်းဘယ်လိုသိလဲ ... "
" ဘာလို့လဲဆိုတော့ လူတွေရဲ့ရှင်သန်မှုကိုဘယ်လိုဖတ်ရမလဲဆိုတာ ကျွန်မသိတယ် ...အဖွား ကျွန်မရှင့်ကို ကူညီနိုင်တယ်လို့ပြောဖူးပါတယ် ... အဲ့ဒါအတွက် တစ်ခြားသူတွေရဲ့ ဘဝနဲ့ ရှင်လဲလှယ်နေစရာမလိုပါဘူး ... "
အဖွားအိုထံတွင် စုမုန့် သူမကိုယ်သူမ ညွှန်းပေးဖို့ ထပ်ကြိုးစားလိုက်သော်လည်း အဖွားအိုက သူမကို လုံးဝမယုံပေ ။ စုမုန့်က လွတ်မြောက်ဖို့အတွက် ရှာကြံပြောနေတာဟုပဲ သူမကထင်နေခဲ့သည် ။
" ငါဖမ်းခဲ့ဖူးသမျှ သူတွေထဲမှာ မင်းက အထူးဆန်းဆုံးကံကြမ္မာရှိတဲ့သူပဲ ...သူက မင်းရဲ့ကံကြမ္မာကို မမြင်နိုင်ပေမယ့် အဲ့ဒါက ထူးခြားတယ်ဆိုတာကို သူခံစားလို့ရတယ် ... တကယ်လို့ အဲ့ဒါက တစ်ခြားတစ်ယောက်ဆိုရင်တော့ အဆင်ပြေပါတယ် ... ဒါပေမယ့် မင်းကတော့ ဘာပဲပြောပြော ...မင်းရဲ့ကံကြမ္မာကို ရှောင်ယွီကို သေချာပေါက်ပေးရမယ် ... "
အဖွားအို၏ စကားလုံးထဲမှ ' သူ' ဟူသော အဓိကအချက်ကို စုမုန့် ကြားလိုက်ရသည် ။
အဖွားအိုကို စုမုန့် စိုက်ကြည့်ပြီး မေးလိုက်သည် ။
" သူဆိုတာ ဘယ်သူလဲ ...အဲ့ဒီလူက ရှင့်ကိုဒီလိုလုပ်ဖို့ သင်ပေးတဲ့သူလား ..."
အဖွားအိုက သူမကို မဖြေနိုင်ခင် အပြင်ဘက်ရှိတံခါးက ရုတ်တရက် ကျွီခနဲမြည်ကာ ပွင့်လာခဲ့သည် ။ တာအိုဝတ်ရုံအနက်ရောင်နှင့် သူကဝင်လာခဲ့သည် ။
" ဆရာ "
ထိုလူဝင်လာတာကို အဖွားအိုက တွေ့လိုက်သောအခါ သူမ ရိုသေစွာ ဦးညွှတ်လိုက်သည် ။
တစ်စုံတစ်ယောက် ဝင်လာတာကို ကြားလိုက်ရပြီး အဖွားအိုက သူ့ကို ဆရာဟု ခေါ်လိုက်သောအခါ စုမုန့် ထိုလူကို ကြည့်လိုက်သည် ။ သို့သော် သူမက ကုတင်တွင် ချည်ခံထားရပြီး လုံးဝမလှုပ်ရှားနိုင်ပေ ။ အဖွားအို နှင့် ဆရာဟုခေါ်သောသူပြောနေတာကိုသာ သူမနားထောင်နိုင်သည် ။
" ငါဒီမှာ အားလုံးပြင်ဆင်ပြီးသွားပြီ ... မင်းရော ... "
ထိုလူ၏ အသံမှာ အနည်းငယ်အိုနေသည့် ပုံပေါက်ပြီး ငယ်ရွယ်သူဟုမထင်ရပေ ။အဖွားအိုက အလျင်အမြန် ပြန်ဖြေလိုက်သည် ။
" ကျွန်မလည်း ပြီးသွားပြီ ... အဆင်ပြေပါတယ် ..."
ထိုလူက ကျေနပ်သလို ခေါင်းညိတ်လိုက်သည် ။
" ကောင်းပြီ ...ငါထုပ်ပိုးပြီးရင် စလိုက်ရအောင် ..."
ထိုလူ၏ စကားလုံးတို့ကို ကြားလိုက်ပြီး စုမုန့် မျက်မှောင်ကြုတ်မိသည် ။ ကြည့်ရတာ အဖွားအိုစကားပြောနေသော သူမှာ ' သူ ' ဆိုသည့်သူဖြစ်မည်ထင်သည် ။အဖွားအို၏ ပြောပုံအရ ဤလူလည်း ဒီကိစ္စများကို သိပုံပေါ်သည် ။ သူက ဖုန်းရွှေဆရာဖြစ်သော်လည်း မကောင်းသော ဖုန်းရွှေဆရာဖြစ်နေသည် ။
အဖွားအို ဒီကိစ္စများကို လုပ်ဆောင်ခဲ့ခြင်းမှာ ဤလူ၏ လှုံ့ဆော်မှုကြောင့် ဖြစ်နိုင်သည် ။
ထိုလူက သူ၏အိတ်ထဲမှ အဆောင်စာရွက်နှင့် သစ်ကြံပိုးကလောင်တို့ကို ထုတ်ပြီး စုမုန့်ဆီသို့ လျှောက်သွားလိုက်သည် ။နောက်ဆုံးတော့ ထိုလူကို စုမုန့် မြင်လိုက်ရသည် ။ သူက အရမ်းအိုမင်းနေပုံပေါ်ပြီး အရပ်လည်းမရှည်ဘဲ ပိန်လှီနေသည် ။ ထိုလူ အရမ်းပိန်ပါးနေသောကြောင့် အဝတ်ဖြင့်ပင် ဖုံးကွယ်မထားနိုင်ပေ ။
ထိုလူ၏ ဆံပင်တစ်ဝက်ကျော်လောက်မှာ ဖြူနေပြီး သူ၏မျက်နှာမှ အရေးအကြောင်းတို့က ဘာအမူအရာမှမဖော်ပြထားတာတောင် ဂန္ဓာမာပွင့်ကဲ့သို့ဖြစ်နေသည် ။သူ၏ ပုတီးစေ့ကဲ့သို့ မျက်လုံးတို့မှာ ပါးနပ်မှုများ ပြည့်နေသည် ။ စုမုန့် သူ့ကိုကြည့်နေတာကို ထိုလူက အာရုံခံစားမိပုံပေါ်သည် ။ သူခေါင်းမော့ကာ စုမုန့်ကို ကြည့်လိုက်ပြီး သူတို့အကြည့်ချင်းဆုံသွားသည် ။
ထိုလူက စုမုန့်ကိုကြည့်နေသော်လည်း စုမုန့် လုံးဝမကြောက်ပေ ။ ထိုသူကို သူမပြန်ပြီး စိုက်ကြည့်လိုက်သည် ။
စုမုန့်ကို အလွန်သတ္တိရှိနေလိမ့်မည် ဟု သူမမျှော်လင့်ထားခဲ့ပေ ။ သူမက မကြောက်ရုံသာမက သူ့ကိုတောင် သူမက စိုက်ကြည့်ရဲသည် ။ ထိုလူက မျက်မှောင်ကြုတ်ပြီး စုမုန့်ကို မေးလိုက်သည် ။
" မင်းမကြောက်ဘူးလား ... "
စုမုန့် ရယ်ပြီး မေးလိုက်သည် ။
" ကျွန်မက ဘာလို့ကြောက်နေရမှာလဲ ..."
အဖွားအိုက အလျင်အမြန်ကြားဖြတ်ပြောလိုက်သည် ။
" မိန်းကလေးက အခုအရမ်းကြောက်နေတာပါ ...သူမကို လွှတ်ပေးဖို့ ကျွန်မကို တောင်းဆိုနေခဲ့တာ... အခု သူမမှာ လွတ်မြောက်ဖို့အခွင့်အရေးမရှိတော့ဘူးဆိုတာကို သိသွားတာဖြစ်မယ် ... သူမက လက်လျှော့လိုက်တာ ... "
အဖွားအိုကို စုမုန့် လျစ်လျူရှူလိုက်ပြီး ထိုလူကို မေးလိုက်သည် ။
" ရှင်ကျွန်မရဲ့ ကံကြမ္မာကို မြင်နိုင်လား ... "
ထိုလူက သူမ၏ကံကြမ္မာကို တကယ်ပဲမြင်နိုင်တယ်လို့ ပြောလာခဲ့လျှင် ထိုလူက တကယ်အင်အားရှိတာကိုပြောနိုင်သည် ။
ဤအရာမှာ တစ်စုံတစ်ယောက်က 'တောက်' အဆင့်ကို ရောက်သွားလျှင် မျက်လုံးဗလာနှင့်တောင်မှ တစ်စုံတစ်ယောက်၏ကံကြမ္မာကို တိုက်ရိုက်ကြည့်နိုင်သောကြောင့်ဖြစ်သည် ။
သူမ၏ဆရာတောင်မှ သူမ၏ကံကြမ္မာကို မကြည့်နိုင်ကြောင်း စုမုန့်ပြောနိုင်သည် ။ အကယ်၍ ဒီလူကသာ တတ်နိုင်လျှင် ထိုအရာက သူမအတွက် ကောင်းသောအရာပင်ဖြစ်လိမ့်မည် ။ သူမ အမြဲတမ်း သူမ၏ကံကြမ္မာကို သိချင်ခဲ့တာ ဖြစ်သည် ။
ဤလူက လူကောင်းမဟုတ်သော်လည်း အနည်းဆုံးတော့ သူမ၏ သံသယတစ်ခုကို ဖြေရှင်းနိုင်လိမ့်မည် ။
စုမုန့်၏ မေးခွန်းကို ကြားသောအခါ ထိုလူက ဂုဏ်ယူနေသောအမူအရာကို ဖော်ပြလိုက်သည် ။ သူဂုဏ်ယူစွာဖြင့် ပြောလိုက်သည် ။
" သေချာတာပေါ့ ...ငါကအတွေ့အကြုံရှိတဲ့ ဖုန်းရွှေဆရာပဲ ...တစ်ခြားသူတွေရဲ့ ကံကြမ္မာကို မြင်ဖို့ ငါတွက်ချက်နေစရာတောင်မလိုဘူး ... ငါ့ရှေ့မှာ ငါ့ရဲဆရာရှိနေသေးတာကြောင့် ငါကအတော်ဆုံးလို့သတ်မှတ်လို့မရပေမဲ့ ဖုန်းရွှေအသိုင်းအဝိုင်းထဲမှာတော့ ငါကအတော်ဆုံးတွေထဲက တစ်ယောက်လို့ ပြောလို့ရတယ် ..."
စုမုန့် ပြုံးကာ ဆက်မေးလိုက်သည် ။
" ရှင်ကျွန်မရဲ့ ကံကြမ္မာကို မြင်နိုင်တာလား ... "
" မင်းရဲ့ကံကြမ္မာက ငါမြင်ဖူးသမျှထဲမှာ အထူးဆန်းဆုံး ကံကြမ္မာပဲ ...တစ်ခြားသူတွေရဲ့ ကံကြမ္မာက မရှင်းလင်းနေရင်တောင် သူတို့ကို ယေဘုယျအနေနဲ့တော့ မြင်နိုင်သေးတယ် ဒါပေမယ့် မင်းရဲ့ကံကြမ္မာက မြူခိုးငွေ့ပါးပါးနဲ့ ဖုံးလွှမ်းခံထားရပြီး ငါတောင် ထိုးဖောက်မကြည့်နိုင်ဘူး ... "
xxxxxxx