အပိုင်း ၁၇၃
Viewers 15k

Chapter 173



အသေအချာကိုပဲ သူမ အများကြီးမျှော်လင့်နေမိပြီဖြစ်သည် ။ စုမုန့် အနည်းငယ်စိတ်ပျက်သွားခဲ့သည် ။


" ရှင်ကတော်တော်လေးပါရမီရှိပြီး ရိုးသားတာပဲ ...ရှင်က ကြံဖန်ပြီးတောင်မလုပ်တော့ဘဲ တန်းပြောလိုက်တာပဲ ...ရှင့်မှာ အခြေခံကျွမ်းကျင်သူတွေရဲ့ ကျင့်ဝတ်တော့ရှိသေးတာပဲ ... "  


စုမုန့် သူ့ကို ချီးကျူးလိုက်သည် ။


စုမုန့်၏ ချီးမွမ်းခြင်းကို ကြားရသောအခါ ထိုလူ၏ ကိုယ့်ကိုယ်ကို ဘဝင်ခိုက်မှုမှာ ပိုလာခဲ့သည် ။


" ဒါပေမယ့် " 


စုမုန့်၏ အသံနေအသံထားမှာ ပြောင်းလဲသွားပြီး မျက်နှာထားက အေးစက်သွားခဲ့သည် ။


" ဖုန်းရွှေဆရာ တစ်ယောက်အနေနဲ့ ရိုးသားတဲ့သူတွေကို ဖမ်းပြီး တစ်ခြားသူရဲ့ ကံကြမ္မာကိုပြောင်းလဲဖို့ သူတို့ရဲ့ ကံကြမ္မာကို ခိုးယူတာမျိုး ဘယ်လိုတောင်လုပ်နိုင်ရတာလဲ ...ရှင်က ဖုန်းရွှေဆရာအသိုင်းအဝိုင်းကို အရှက်ရအောင် လုပ်နေတာပဲ ... " 


စုမုန့်၏ အေးစက်စွာ ကြိမ်းမောင်းခံလိုက်ရမှုကိုကြားသောအခါ ထိုလူ၏ဘဝင်ခိုက်နေသောအမူအရာက မပျောက်ကွယ်သွားသေးပေ ။သူ၏ မျက်နှာမှ အပြုံးက ရုတ်တရက် အေးခဲသွားပြီး တဖြည်းဖြည်းပျောက်ဆုံးသွားခဲ့သည် ။


"  ဖုန်းရွှေနယ်ပယ်လား ... မင်းကဖုန်းရွှေဆရာမ မှမဟုတ်တာ ...မင်းဘာသိလို့လဲ ... "


" ဘာလို့လဲဆိုတော့ ကျွန်မလည်း ဖုန်းရွှေဆရာမ မို့လို့ပဲ ..

 ." 

စုမုန့် ပေါ့ပေါ့ပါးပါးပင်ပြောလိုက်သည် ။


" မင်းက ဖုန်းရွှေဆရာမလား ..."


ထိုလူက စုမုန့်ကိုကြည့်ပြီးတော့ သူမက ငယ်ရွယ်ပြီး မိန်းမတစ်ယောက်ဖြစ်နေတာကို မြင်တဲ့အခါ ပြုံးလိုက်သည် ။


စုမုန့်က သူမကို သူတို့လွှတ်ပေးရန် လုပ်ကြံပြောနေတာဟု သူတို့တွေးလိုက်သည် ။ စုမုန့်က အလွန်ကြောက်နေပြီး စိတ်မမှန်တော့ပုံရသည် ။


ထိုအရာကို တွေးမိပြီး စုမုန့်ကို သူလျစ်လျူရှူလိုက်ကာ သူ၏လက်ထဲမှ ပစ္စည်းများကိုဆက်လုပ်ဖို့ ခေါင်းငုံ့လိုက်သည် ။


စုမုန့် အဖွားအိုဘက်သို့လှည့်ကာ မေးလိုက်သည် ။


" အဖွား ရှင်ဒါကို အဲ့ဒီလူကြောင့်လုပ်ခဲ့တာ ... ဟုတ်တယ်မလား ..."


အဖွားအိုက ခေါင်းညိတ်လိုက်သော်လည်း ဘာမှမပြောခဲ့ပေ ။


" အဖွား ...ကျွန်မက ဖုန်းရွှေဆရာမလို့ ရှင့်ကိုပြောခဲ့တုန်းက ကျွန်မရှင့်ကို လိမ်တာမဟုတ်ဘူး ...ရှင်ကျွန်မကို မယုံဘူးဆိုရင် ကျွန်မကို ရှောင်ယွီရဲ့ ဇာတာခွင်ကို ပြလို့ရတယ် ...ကျွန်မပြီးသွားရင် ရှင်ကျွန်မကို ယုံလာလိမ့်မယ် ဒီမတိုင်ခင်တုန်းက ကျွန်မရှောင်ယွီကို မသိဘူး ... ဒါကြောင့် ကျွန်မဆီကနေ တစ်ခြားသူ​တွေ သူမအကြောင်းသိသွားမှာကို စိုးရိမ်စရာမလိုပါဘူး ...အဲ့ဒါရော ဘယ်လိုလဲ ... "


စုမုန့်မှာ ကုတင်တွင် ချည်နှောင်ခံထားရသော်လည်း သူမက တည်ငြိမ်ပြီး စိတ်ထိန်းနေပုံရသည် ။သူမက ချည်နှောင်မခံထားရဘဲ အဖွားအိုနှင့် စကားစမြည်ပြောနေသလိုပင် ။


အဖွားအိုဘာမှမပြောနိုင်ခင် တာအိုဆရာက အထင်သေးသလို လှောင်ပြောင်လာခဲ့သည် ။


" မင်းလို မိန်းမတစ်ယောက်က ကိုယ့်ကိုယ်ကို ဖုန်းရွှေဆရာလို့ ခေါ်ရဲတာလား ... ငါက ဒီအသိုင်းအဝိုင်းထဲမှာရှိလာတာ နှစ်အတော်ကြာပြီ ...ဘယ်ဆရာကမှ အမျိုးသမီးတပည့်ခေါ်တယ်လို့ မကြားဖူးဘူး ...မင်းက  တကယ်ဟုတ်နေရင်တောင် ဒီအတိုင်း အဆင့်မရှိတဲ့ ဖုန်းရွှေဆရာတစ်ယောက်ပဲ ...ပြီးတော့ မင်းမှာ ဘာအရည်အချင်းမှ ရှိမှာမဟုတ်ဘူး ... "


ထိုလူကပြောပြီးသွားသောအခါ အဖွားအိုဘက်သို့လှည့်ပြီး ပြောလိုက်သည် ။


" သူမ ပြောတာကိုနားထောင်မနေနဲ့ ။ ဒီမိန်းကလေးက ထွက်ပြေးချင်နေရုံသပ်သပ်ပဲ ...ယုံချင်ယုံ မယုံချင်နေ ... မင်းသူမကို လွှတ်ပေးသ၍  သူမသေချာပေါက် ထွက်ပြေးလိမ့်မယ် ..."


" အိုး ...ဟုတ်သားပဲ ...ရှောင်ဖုန်းဘယ်မှာလဲ ... သူကအမြဲတမ်း ဒီမှာကြည့်ဖို့ရောက်နေကြ ... ဒီတစ်ခေါက် သူဘာလို့မရှိတာလဲ ..."


တာအိုဆရာက ရှောင်ဖုန်းအကြောင်းထုတ်ပြောမှသာ သူမရှိကြောင်း သတိထားမိသွားသည် ။ သူအခန်းထဲသို့ လှည့်ပတ်ကြည့်လိုက်သော်လည်း ရှောင်ဖုန်းကို မတွေ့ရပေ ။


" သူအပြင်ထွက်သွားပြီး ခဏနေရင် ပြန်လာမယ်လို့ ပြောတယ် ...သူ့အတွက် စိတ်ပူမနေပါနဲ့ ... သူအပြင်တစ်နေရာရာမှာ လျှောက်သွားနေတာဖြစ်မယ် ...ဒီမှာ သူရှိနေရင်လည်း အသုံးမဝင်ပါဘူး ... "


အဖွားအိုက ရှောင်ယွီ၏ခေါင်းကို နူးညံ့စွာ ဖွလိုက်သည် ။ ရှောင်ယွီ သွားရည်ကျနေတာကို သူမ တွေ့သောအခါ ဘေးမှ တစ်ရှူးအနည်းငယ်ကိုယူပြီး သူမကို သုတ်ပေးလိုက်သည် ။


ရှောင်ဖုန်း ဤနေရာတွင် မရှိဘူးဆိုတာကို ကြားလိုက်ရသောအခါ ထိုလူက မျက်မှောင်ကြုတ်လိုက်သည် ။


" ရှောင်ဖုန်းက စီစဥ်ဖို့ အသုံးမလိုပေမယ့်လည်း သူဒီနေရာမှာ ရှိနေရင် အကောင်းဆုံးပဲ ...အကယ်၍ သူဒီနေရာမှာ မရှိရင် စီစဥ်နေတာကို စောင့်ကြပ်ပေးဖို့သူဘယ်သူမှမရှိဘူး ...တစ်ခုခုဖြစ်လာရင် ဘယ်လိုလုပ်မလဲ..."


" အဲ့ဒါ အဆင်ပြေပါတယ် ....ကျွန်မလုပ်နိုင်တယ် ... ဒီမိန်းမကြီးက အိုနေပေမယ့်လည်း လက်ထောက်အနေနဲ့တော့ ကျွန်မလုပ်ပေးနိုင်ပါတယ် ... "


ထိုလူ၏ ဆိုလိုချင်သည့်အဓိပ္ပါယ်ကို အဖွားအိုက သဘောမပေါက်ပေ ။ရှောင်ဖုန်းက  ဒီနေရာကို ကာကွယ်ဖို့ သူအမှန်တကယ် လိုအပ်နေခြင်းဟု ထင်လိုက်သည် ။

ထိုလူက သူ၏ခေါင်းကို ခါလိုက်ပြီး ငြင်းဆိုလိုက်သည် ။


" မရဘူး ... မင်းက အရမ်းအသက်ကြီးနေပြီ ...ရှောင်ဖုန်းကို ဒီကိုလာဖို့ခေါ်လိုက်တာ ပိုကောင်းမယ် ...သူက ငယ်ရွယ်ပြီးတော့ အားမာန်ရှိတယ် ...ပြီးတော့သူက အဲ့ဒါကို ဖိနှိပ်နိုင်တယ် ..."


အဖွားအိုက တစ်ခုခုပြောချင်သော်လည်း စုမုန့်၏လှောင်ရယ်သံကြောင့် ကြားဖြတ်ခံလိုက်ရသည် ။အဖွားအိုက သူ့ကိုယ်သူဆက်တိုက်ညွန်းပေးနေသောအခါ စုမုန့်မရယ်မိဘဲမနေနိုင်ချေ ။


ထိုလူနှင့် အဖွားအိုက စုမုန့် ဘာကြောင့် ရယ်နေလဲဆိုတာကို နားမလည်သောကြောင့် သူမကို ကြည့်လာကြသည် ။စုမုန့်ထပ်ရယ်လိုက်ပြီးတော့ ရှင်းပြလိုက်သည် ။


" ဒီလောက်လူအများကြီးကို ဖမ်းဆီးပြီးတော့ သူ့ရဲ့ကံကြမ္မာကို လဲလှယ်ခဲ့တာတောင် ရှောင်ယွီက ဘာလို့ အခုထိရူးနေပြီး မသက်သာသေးတာလဲဆိုတာကို ကျွန်မသိချင်နေခဲ့တာ ...အခုတော့ ကျွန်မသိသွားပြီ..."


အဖွားအိုဘက်သို့ စုမုန့်လှည့်ကြည့်ပြီး ပြောလိုက်သည် ။


 " အဖွား ...ရှင်က တစ်ယောက်ယောက်ရဲ့အသုံးချတာကို ခံနေရတာပဲ ...ကျွန်မသာ မမှားဘူးဆိုရင် တာအိုပညာရှင်က ရှောင်ယွီကို သူမရဲ့ကံကြမ္မာအတွက် ကူညီပေးနေတာလို့ပြောတယ် ...တကယ်တမ်းသူက ရှင့်ရဲ့သားကို ကောင်းတဲ့ကြမ္မာတွေပေးနေတဲ့သူပဲ ... ရှင့်ရဲ့သားကို ဒီနေရာကိုကာကွယ်ဖို့အတွက် လိုအပ်နေတာလို့ ရှင်တကယ်ထင်နေတာလား ... အမှန်တရားက ရှင်ရဲ့သားက ဒီမှာမရှိဘူး ... ဒါကြောင့် သူအစီအရင်ကို စလို့မရသေးတာ ... "


တကယ်တမ်းတွင် ထိုလူမရောက်ခင်ကတည်းက ရှောင်ယွီ၏ထူးဆန်းသောကံကြမ္မာကို စုမုန့် ရှာတွေ့ထားပြီးပြီဖြစ်သည် ။ ရှောင်ယွီ၏ ကံကြမ္မာမှာ မွေးရာပါမဟုတ်ဘဲ ကျိန်စာတိုက်ခံထားရခြင်းဖြစ်သည် ။အဖွားအို၏စကားအတိုင်း သူလိုက်လုပ်ပြီး ရှောင်ယွီ၏ကံကြမ္မာကိုပြောင်းလဲဖို့ လူများကို ဖမ်းဆီးခဲ့သည် ။ ရလဒ်မှာ မထင်ရှားသော်လည်း အနည်းဆုံးတော့ ပိုကောင်းလာခဲ့သည် ။ သို့သော် သူမက ရှောင်ယွီ၏ ကံကြမ္မာကို ရှာဖွေခဲ့ရုံသာ ဖြစ်သည် ။ ၎င်းမှာ သူမ၏ ကိုယ်ပိုင်ကံကြမ္မာဖြစ်ပြီး ဘယ်တုန်းကမှ ပြောင်းလဲမခံခဲ့ရပေ ။ ပြောင်းလဲသွားသည့်တစ်ခုတည်းသောအရာမှာ သူမ၏ကံကြမ္မာက ကျိန်စာတိုက်ခံလိုက်ရခြင်း ဖြစ်သည် ။ ကျိန်စာပျက်ပြယ်သွားတာနှင့်အမျှ သူမက တဖြည်းဖြည်းပုံမှန် ပြန်ဖြစ်လာလိမ့်မည် ။


သို့သော် အဖွားအိုက ရှောင်ယွီ၏ ကံကြမ္မာကိုပြောင်းမည်ဟုပြောနေကတည်းက သူမ မှားနေသလားဟုထင်မိပြီး သေချာရှာဖွေဖို့ ခဏစောင့်နေခဲ့သည် ။သူမ ထိုအရာကို ကြားလိုက်ရသောအခါ တာအိုဆရာက ရှောင်ဖုန်းကို သူ၏ဘက်တွင် ရှိစေချင်ပြီး ဤလူက ရှောင်ယွီကို ကူညီပေးလိုခြင်းမဟုတ်ကြောင်း သူရုတ်တရက်နားလည်သွားသည် ။သူက ရှောင်ဖုန်းကို ကူညီပေးနေခြင်းသာ ဖြစ်သည် ။


သို့သော် သူက ရှောင်ဖုန်း၏ကံတရားလွှမ်းမိုးမှုကို ပြောင်းလဲပေးနေခြင်းမဟုတ်ပေ ။သူ၏ဘဝကံတရားကိုပြောင်းလဲပေးခြင်းက သူတို့ကို သေစေလိမ့်မည်မဟုတ်ပေ ။သူမ ခန့်မှန်းတာသာ မှန်မည်ဆိုလျှင် ရှောင်ဖုန်းကို သူက အခြားသူများ၏ ကံကောင်းမှုကို စုပ်ယူနိုင်အောင် ကူညီပေးနေခြင်းဖြစ်သည် ။


ကံကောင်းခြင်းများမရှိလျှင် လူက ရေအပြင်က ငါးလိုဖြစ်နေလိမ့်မည် ။ သူတို့ခဏတာသာ ရှင်သန်နိုင်သော်လည်း မကြာခင်မှာ သေဆုံးသွားလိမ့်မည် ။


ကံကြမ္မာကို ခိုးယူခံလိုက်ရသောသူများမှာ သာမန်သူများလိုပင် ။ ထို့ကြောင့် ရဲ နှင့် ဆရာဝန်များက အကြောင်းအရာကို ပုံမှန်အတိုင်းရှာမတွေ့နိုင်ခြင်း ဖြစ်သည် ။ ထို့နောက် မည်သူမဆို ဖုန်းရွှေကိစ္စရပ်များကို ယုံကြည်လိမ့်မည်မဟုတ်ပေ ။ ထို့ကြောင့် သူတို့ သဘာ၀ကျကျပင် ဆရာကိုခေါ်ပြီး မေးဖို့ မတွေးကြချေ ။ ထိုမိန်းကလေးများက နာကျင်မှုနှင့် သာသေဆုံးသွားကြရသည် ။


ရှောင်ယွီ က အဖွားအိုအတွက် အရေးပါဆုံးအရာဆိုတာကို စုမုန့်သိသောကြောင့် အဖွားအိုက သူမ ပြောတာမယုံကြည်မှာကို စိုးရိမ်မိသည် ။ထို့ကြောင့် သူမ ပြောလိုက်သည် ။ 


" ရှောင်ယွီရဲ့ အခြေအနေက အဲ့ဒီလောက်မရှုပ်ထွေးဘူး ... သူမက ကျိန်စာတိုက်ခံထားရရုံပဲ ...ပြီးတော့ တစ်ခါတည်းကျိန်စာကိုဖယ်ရှားလိုက်တာနဲ့ သူမ အဆင်ပြေသွားလိမ့်မယ် ...အဖွား သူမရဲ့ဇာတာခွင်ကို ကျွန်မကို ပြောပြပါ ... သူမကို သုံးရက်အတွင်း ပြန်ကောင်းသွားအောင် ကျွန်မလုပ်ပေးနိုင်တယ် ..."


စုမုန့်က သူ၏အစီအစဥ်များကို သိသွားလိမ့်မည်ဟု မထင်ထားကာ သူဒေါသတကြီး ပြောလိုက်သည် ။


" မင်းဘာသိလို့လဲ မိန်းကလေး ... ငါက ဆရာပဲ...မင်းက ရောက်တက်ရာရာတွေပြောနေတာပဲ ...မင်းက လွတ်မြောက်ဖို့ကြိုးစားနေတာမလား ... ဒီတိုင်း လက်လျှော့လိုက်ပါတော့ ... မင်းမှာလွတ်မြောက်ဖို့ အခွင့်အရေးမရှိတော့ဘူး ..."


သို့သော် အဖွားအိုက စုမုန့်၏ စကားများကို အလေးအနက်တွေးလိုက်ပြီး ထိုလူကိုကြည့်ကာ သေချာမေးလိုက်သည် ။


" ဆရာ အဲ့ဒါကတကယ်လား ..." 


ထိုလူက အဖွားအိုကို လှည့်ကြည့်ကာ သူ၏အမူအရာက ရှင်းရှင်းလင်းလင်း ဘဝင်မကျဖြစ်နေသည် ။


" ဘာလို့လဲ ...မင်းက သူမ ပြောတာကို တကယ်ယုံကြည်နေတာလား ...ငါက ရှောင်ယွီကို ကယ်ခဲ့တဲ့သူဆိုတာကို မမေ့နဲ့  ...ငါ့ကြောင့်သာမဟုတ်ရင် သူမက အသက်ရှင်နေမှာတောင် မဟုတ်ဘူး  ဒီမိန်းကလေးက အသက်ဘယ်လောက်ရှိသေးလို့လဲ သူမက ဖုန်းရွှေကို တကယ်လေ့လာခဲ့တယ်ဆိုရင်တောင် သူမဘယ်လောက်သိမှာမို့လို့လဲ ... ငါတို့နယ်ပယ်ထဲမှာ မိန်းမတွေကို လက်မခံဘူး ... အများဆုံးမှ သူမက တိတ်တိတ်လေးလေ့လာထားတာပဲ ဖြစ်မှာပေါ့ ..."


ထိုလူထံမှ ဟောပြောခံလိုက်ရပြီးနောက် အဖွားအိုက သူ့ကို သံသယဝင်မနေတော့ပေ ။ဖုန်းရွှေနယ်ပယ်အကြောင်း သူမ သိပ်မသိသော်လည်း ထိုလူပြောတာ တစ်ခုတော့မှန်သည် ။ သူက ရှောင်ယွီကို ကယ်တင်ခဲ့သောသူဖြစ်သည် ။ သူ့ကြောင့်သာမဟုတ်လျှင် ရှောင်ယွီက သေသွားလောက်သည် ။


သူမပြောတာကို စုမုန့်မယုံဘဲ သက်ပြင်းချလိုက်သည် ။ 


" တာအိုဆရာအဖိုး ...ကျွန်မရှင့်ကို နောက်ဆုံးအခွင့်အရေးတစ်ခုပေးမယ် ... ရှင်အခုရပ်လိုက်မယ်ဆိုရင် ရှင့်ကို ကျွန်မပျောက်ကွယ်ခွင့်ပေးပြီး ဉာဏ်အလင်းပွင့်သွားအောင်လည်း လုပ်ပေးလို့ရတယ် ... ရှင်ကတစ်ခြားသူတွေကို ဆက်ပြီး ထိခိုက်အောင် လုပ်နေမယ်ဆိုရင် အနာဂတ်မှာ ရှင်ကျွန်မကို ဘယ်လောက်ပဲ တောင်းဆိုပါစေ ၊ ကျွန်မကူညီပေးမှာ မဟုတ်ဘူး... "


စုမုနဲ့ အလေးအနက်ပြောနေသည် ။ သူမ နောက်နေတာ မဟုတ်ပေ ။


တာအိုဆရာမှာ သူ့ကိုယ်သူယုံကြည်မှုရှိနေပြီး စုမုန့်က သူ့ကို လိမ်လည်နေခြင်းဖြစ်မည်ဟု ထင်ခဲ့သည် ။သူလှောင်ရယ်လိုက်သည် ။


" မိန်းကလေး စိတ်မပူပါနဲ့ ...ငါက အကြာကြီးအသက်ရှင်လာတာ ပြီးတော့ ငါ့ဆရာတွေကလွဲရင် တစ်ခြားသူတွေကသာ ငါ့ကို​တောင်းပန်ရတာ ... ငါက မိုးကြိုးပစ်ခံရပြီး သေရင်တောင် မင်းစိတ်ပူစရာမလိုပါဘူး ... "


" အဲ့ဒါက သနားစရာပဲ ... ရှင်ကအတော်လေး အရည်အချင်းရှိပြီးတော့ သဘာဝကလည်း ဆိုးရွားနေတဲ့ပုံ မပေါ်ပါဘူး ... ကျွန်မရှင့်ကို ကူညီချင်ပေမယ့်လည်း အဲ့တာကို ရှင်မလိုဘူးဆိုမှတော့ မေ့လိုက်ပါတော့ ပြီးတော့ အနာဂတ်မှာလည်း ဂရုစိုက်ပါ ရှင်သာ မကောင်းတာတွေ အများကြီး လုပ်မယ်ဆိုရင် တကယ်မိုးကြိုးနဲ့ ပစ်ခံရလောက်တယ် ..." 


စုမုန့် သနားနေသလို ပြောလိုက်သည် ။


စုမုန့်၏ စကားတို့ကို ကြားလိုက်သောအခါ တာအိုဆရာမှာ ဒေါသထွက်သွားရသည် ။


သူသည် နှစ်ပေါင်းများစွာအသက်ရှင်ခဲ့သော်လည်း ဤတစ်ကြိမ်တွင် မိန်းမငယ်လေးထံမှ ပို့ချခံလိုက်ရသည် ။ အဓိကအချက်မှာ ဤမိန်းကလေးက ပြန်ပေးဆွဲထားသောသူဖြစ်သည် ။ သူမက ထိတ်လန့်ခြင်းမရှိယုံသာမက သူ့ကိုပင် ဆူပူကျိန်ဆဲရဲသေးသည် ။စုမုန့် ဆက်ပြောလိုက်သည် ။


" ရှင့်ရဲ့ ဆရာက အသက်ရှင်နေသေးလားတော့ ကျွန်မ မသိဘူး ...ဒါပေမယ့် သူ့ရဲ့ အရည်အချင်းရှိတဲ့တပည့်က ဒီလိုကိစ္စမျိုးကို လုပ်နေတယ်ဆိုတာ သူသိရဲ့လားဆိုတာ ကျွန်မသိချင်မိသား ... ဒါမှမဟုတ် ရှင့်ရဲ့ဆရာက ရှင့်လိုလူပဲလား  ပြီးတော့ ဒီလိုထိခိုက်စေမယ့် အကြံတွေကို ရှင်သူ့ဆီကနေ သင်လာတာလား ..."


"မင်းပါးစပ်ပိတ်ထား ...ငါမင်းကို ရိုက်တာမတွေ့သေးလို့ မင်းကစိတ်ကြီးဝင်နေတာလား ..."


 အကယ်၍ စုမုန့်ကသူ့ကိုပြောလျှင်တောင် သူအဆင်ပြေသေးသည် ။ သို့သော် တစ်စုံတစ်ယောက်က သူ၏ဆရာကို မကောင်းပြောလျှင်တော့ သူသည်းမခံနိုင်ပေ ။


တာအိုဆရာ၏ စိတ်နှလုံးတွင် ဆရာဖြစ်သူက သူ၏ဖခင်လိုပင် ဖြစ်သည် ။


" ငါ့ရဲ့ဆရာက အသက်ရှင်နေပြီး အကောင်းကြီးရှိသေးတယ် ... သူက သီးသန့်ခွဲနေတာ ... ဒါကြောင့် ငါဘာလုပ်နေလဲ သူသိမှာမဟုတ်ဘူး... မင်းက အခုအနည်းအကျဥ်းသိသွားပြီဆိုတော့ ဒါပြီးရင်တောင် မင်းကိုငါလွှတ်ပေးဖို့ မဖြစ်နိုင်တော့ဘူး ...မင်းသိတာတွေ အရမ်းများနေပြီ ... " 


" မင်းဘာကို မှီခိုနေလဲဆိုတာ ငါသိတယ်  ... မင်းနဲ့အတူလာတဲ့ ယောက်ျားသုံးယောက်ကိုမလား ... ဟမ့် သူတို့ကမင်းဆီကိုလာပြီး ကယ်တင်လိမ့်မယ်လို့ တွေးမနေနဲ့ ...သူတို့လည်း အဖမ်းခံရမှာပဲလေ ..."


တာအိုဆရာက အစီအရင်အတွက်ခင်းကျင်းမှုကိုလုပ်ပြီးသွားပြီဖြစ်သည် ။ သူမတ်တပ်ရပ်လိုက်ကာ စု​မုန့်​ကို ဂုဏ်ယူနေသလို ပြုံးကာကြည့်လိုက်သည် ။



xxxxxx