Chapter 174
" ငါ့ကို အခုဘယ်လိုကူညီရမလဲဆိုတာ တွေးမနေနဲ့ ...မင်းကိုယ်မင်းသာ အရင်ကူညီဖို့စဥ်းစားထားလိုက် ။ စိတ်ပူမနေနဲ့ ..."
အဖွားအိုကို သူပြောလိုက်သည် ။
" နောက်ထပ် လူနှစ်ယောက်... သုံးယောက်လောက်ပြီးသွားရင် ရှောင်ယွီက ပုံမှန်ပြန်ဖြစ်သွားလိမ့်မယ် ...အဲ့ဒီအခါကျရင် အားလုံးပြီးဆုံးသွားပြီ ... "
" ရှင်က တကယ်အရေထူတာပဲ ...လိမ်နေတာ အရှက်တောင်မရှိဘူး ... "
တာအိုဆရာ၏ ကတိစကားတို့ကို ကြားသောအခါ စုမုန့် လှောင်ရယ်လိုက်သည် ။
" အခုအားလုံးရှင်းသွားပြီ ... ဝင်လာခဲ့တော့ ..."
စုမုန့်ပြောလိုက်သည် ။
" မင်းဘာကိုပြောနေတာလဲ ... ဘာက ရှင်းသွားတာလဲ ... "
တာအိုဆရာ မျက်မှောင်ကြုတ်လိုက်သည် ။
ဘာလို့လဲ သူမသိပေမဲ့ စုမုန့်ကို သူတွေ့လိုက်သောတခဏတွင် တစ်ခုခုမှားနေတာတော့ သူခံစားမိလိုက်သည် ။စုမုန့်၏ စကားလုံးတို့မှာ သူ့ကို ပို၍ ခေါင်းရှုပ်သွားစေခဲ့သည် ။
ရှုပ်ထွေးလာစေမည့်အရာများကို တားဆီးဖို့ တာအိုဆရာက အစီအရင်ကို အသက်သွင်းဖို့ လုပ်လိုက်သည် ။
သို့သော် စုမုန့်ဘက်သို့ အဆောင်စာရွက်ဖြင့် သူလျှောက်လာစဥ် အပြင်ဘက်ကနေ တံခါးကို ကန်ဖွင့်ခံလိုက်ရသည် ။ အရပ်မြင့်သောသူတစ်ယောက်က မည်းမှောင်နေသောအမူအရာဖြင့် တံခါးအပြင်ဘက်တွင် ရပ်နေပြီး လက်ထဲတွင် လူတစ်ယောက်ကို သယ်လာသည် ။
တစ်ချက်ကြည့်လိုက်ရုံဖြင့် ထိုလူက ဘယ်သူ့ကိုသယ်လာလဲဆိုတာကို အဖွားအိုနှင့် တာအိုဆရာတို့က ပြောနိုင်သည် ။
" ရှောင်ဖုန်း " နှစ်ယောက်လုံးတစ်ပြိုင်ထဲ အော်လိုက်ပြီး ထိုလူဆီသို့ အမြန်သွားလိုက်သည် ။ သူ့ဆီသို့ပြေးလာနေသော တာအိုဆရာကို ထိုအမျိုးသားက ကန်ထုတ်လိုက်ပြီး သူ့ကို ခုန်အုပ်ဖို့လုပ်နေသော အဖွားအိုကို ရှောင်လိုက်သည် ။ ထို့နောက်ရှောင်ဖုန်းကို သူအခန်းထဲသို့ သယ်သွားလိုက်သည် ။
သူ့နောက်တွင် လူနှစ်ယောက်ရှိသည် ။ ဘာတွေဖြစ်နေလဲဆိုတာက သူတို့သတိမထားမိသေးဘဲ သူတို့၏ မျက်နှာက ရှုပ်ထွေးမှုများ အပြည့်ဖြစ်နေသော်လည်း သူတို့ဘာမှမပြောခဲ့ပေ ။
ထိုအမျိုးသားက စုမုန့်ဘက်သို့ လျှောက်သွားလိုက်ပြီး ရှောင်ဖုန်းကို ရွံရှာစွာ ဘေးသို့ ပစ်ထုတ်လိုက်သည် ။ ထို့နောက် စုမုန့် နှင့် ပေါင်းစည်းလိုက်သည် ။
" ရှင်က တော်တော်ယုံကြည်ရတာပဲ "
သူမကို တိတ်တဆိတ်ကြိုးဖြည်ပေးနေသော ဝေ့ထင်ကို စုမုန့်ကြည့်ကာ သူမ၏ နှလုံးသားအောက်ခြေမှပင် ပြုံးပြလိုက်သည် ။ သူမ နားရွက်ကိုပြန်ထိလိုက်ပြီး ဆက်သွယ်ရေးကိရိယာက လုပ်ဆောင်နေဆဲဖြစ်တာကို ခံစားလိုက်ရသည် ။
ကံကောင်းစွာဖြင့် သူမ၏ ဆံပင်များက ပြေလျော့နေပြီး ဆက်သွယ်ရေးကိရိယာကလည်း မကြီးသောကြောင့် ထိုအရာမှာ သူမ၏ဆံပင်ဖြင့် လုံးဝဖုံးကွယ်နေသည် ။
တကယ်တမ်းတွင် အစောင့်ခန်းထဲသို့ မသွားခင်ကတည်းက အဖွားအို၏ ပုံမှန်သောမဟုတ်သော အပြုအမူတို့ကို သူမ သတိထားမိသည် ။ သူမနှင့် တစ်ခါမှမတွေ့ဖူးသောသူက ဘာလို့ သူမ၏သူငယ်ချင်းအကြောင်းကို အရမ်းဂရုစိုက်နေရသနည်း ။ထို့နောက် သူမက ဝေ့ထင်ကို သူမနှင့်အတူ အောက်ထပ်မဆင်းအောင် ကာကွယ်နေသေးသည် ။ တွေးကြည့်လိုက်ရုံနှင့်ပင် ထိုအရာက ပြဿနာရှိနေသည် ။
သူမ စောင့်ကြည့်ခံနေရတယ်ဆိုတာ စုမုန့် သိနေသည် ။ ဘာတွေဆက်ဖြစ်မလဲဆိုတာကို သူမ သိချင်မိသောကြောင့် အဖွားအိုနှင့် အတူ သူမကစားပေးလိုက်ခြင်းဖြစ်သည် ။ သူမ သတိလစ်သွားအောင်ရိုက်ခံရပြီး ဖမ်းဆီးခံရမည်ကို စုမုန့် ခန့်မှန်းမိပြီးသားဖြစ်ပြီး သူမ သိပ်မသေချာသော်လည်း ထိုအရာမှာ မှန်နေသည် ။
သူမ၏ ဆက်သွယ်ရေးကိရိယာကို မပိတ်ရသေးသောကြောင့် သူမ ကြားနေရသမျှကို ဝေ့ထင်လည်း ကြားနေရသည် ။ သူမ မဆင်းသွားခင် ဝေ့ထင်ကို ဆက်သွယ်ရေးကိရိယာကတစ်ဆင့် သူမ၏အစီစဥ်တို့ကို သတင်းပို့ထားပြီးသားဖြစ်သည် ။
အစပိုင်းတွင် ဝေ့ထင် သဘောမတူခဲ့သော်လည်း သူမက မရမက တောင်းဆိုနေပြီး သူသာ မသွားလျှင် သူမဘာသာ တစ်ယောက်ထဲသွားမည်ဟုပင် သူ့ကို ခြိမ်းခြောက်လာခဲ့သည် ။ ထို့နောက်မှသာ သူမနှင့် ပူးပေါင်းဖို့ ဝေ့ထင် သဘောတူလာခဲ့သည် ။
" ဒီတစ်ကြိမ်ပဲနော် ... ဒါက အရမ်းအန္တရာယ်များလွန်းတယ် ... "
ဝေ့ထင် လေးနက်သော အသံဖြင့် သတိပေးလာခဲ့သည် ။အချို့သော အကြောင်းအရာများကြောင့် ဝေ့ထင်၏ လက်ရှိအခြေအနေကို စုမုန့်မြင်သောအခါ သူမ ရုတ်တရက် သူ့ကို စနောက်ချင်လာသည် ။
သူမ ဝေ့ထင်ကို ကြည့်ကာပြုံးလိုက်ပြီး သူမ၏မျက်နှာတွင် နူးညံ့မှု အပြည့်ရှိနေခဲ့သည် ။ထို့နောက်သူမ ဖြည်းဖြည်းချင်း ပြောလိုက်သည် ။
" ရှင့်ကြောင့်သာ ကျွန်မဒီလောက် ယုံကြည်မှုရှိနေနိုင်တာပေါ့ ...ဘာပဲဖြစ်ဖြစ် ရှင်ကကျွန်မကို သေချာပေါက် လာကယ်မှာပဲလေ ဟုတ်တယ်မလား ... "
စုမုန့် ဤကဲ့သို့ ရုတ်တရက်ပြောလာလိမ့်မည်ဟု ဝေ့ထင် မမျှော်လင့်ခဲ့ပေ ။ သူခဏလောက် မှင်သက်သွားပြီး သူ၏ နှလုံးသားထဲတွင် ရှင်းမပြနိုင်သော ခံစားမှုတစ်ခုက ဖြတ်သန်းသွားခဲ့သည် ။ ဤခံစားချက်ကို သူအလွန်သဘောကျသည် ။
ဝေ့ထင်၏ မည်းမှောင်နေသော အမူအရာမှာ နောက်ဆုံးတွင် အနည်းငယ် ပြေလျော့ သွားခဲ့သည် ။
စုမုန့်ကို သူကြည့်လိုက်ပြီး တည်တည်ငြိမ်ငြိမ်ပင် ခေါင်းညိတ်လိုက်သည် ။
" အင်း ...ကိုယ်မင်းကို ကာကွယ်ပေးမယ် ... "
၎င်းမှာ တိုတောင်းသော စာကြောင်းသာဖြစ်သော်လည်း ထိုအရာမှာ လေးနက်မှုအပြည့်ရှိနေခဲ့သည် ။
စုမုန့်က သူ့ကို စချင်ရုံသာဖြစ်ပြီး ဟာသအနေနဲ့သာပြောခဲ့သည် ။ဝေ့ထင် သူမကို အလေးအနက်ကတိပေးလာလိမ့်မည်ဟု စုမုန့်မမျှော်လင့်ထားခဲ့ပေ ။
သူမ၏ နှလုံးသားထဲတွင် တစ်ခုခု အရည်ပျော်သွားသလိုမျိုး စုမုန့် ရှက်သွေးဖြန်းလာခဲ့သည် ။
သူမ ဝေ့ထင်ကို ဆက်ကြည့်မနေတော့ဘဲ တစ်နေရာရာကိုသာ ကြည့်နေလိုက်သည် ။
" ကျေးဇူးပါပဲ "
သူမ မသဲမကွဲအသံဖြင့် ပြောလိုက်သည်။ဝေ့ထင် အလျင်အမြန်သူမကို ကြိုးဖြည်ပေးလိုက်သော်လည်း သူမ၏ ကိုယ်ပေါ်မှာ ချိန်းကြိုးများကိုတော့ မဖြည်နိုင်ခဲ့ပေ ။သူတစ်ဖက်သို့လှည့်ကာ တာအိုဆရာနှင့် အဖွားအိုကို ကြည့်လိုက်ပြီး သူ၏ မျက်နှာက တစ်ဖန်ပြန်လည် မည်းမှောင်သွားခဲ့သည် ။သူအေးစက်စွာ ပြောလိုက်သည် ။
" သော့ရော "
အဖွားအိုက တာအိုပညာရှင်ကို ကြည့်လိုက်ပြီး သူ၏ အကြံကို မေးချင်သော်လည်း တာအိုဆရာက အကန်ခံလိုက်ရသော သူ၏ ဝမ်းဗိုက်ကို ပွတ်သပ်ဖို့ကိုသာ အာရုံရနေပြီး အဖွားအိုကို ဂရုစိုက်နေဖို့ အချိန်မရှိပေ ။
ဝေ့ထင်၏ ကန်ချက်မှာ အလွန်အားပြင်းသည် ။
" ကျုပ်ကို သော့ပေး ... သုံးခါမြောက်မပြောရစေနဲ့ ..."
ရှောင်ဖုန်းကို ဝေ့ထင် ကန်လိုက်သည် ။ ရှောင်ဖုန်းမှာ နဂိုက သတိလစ်နေသော်လည်း ဝေ့ထင်၏ ကန်ချက်ဖြင့် နှိုးခံလိုက်ရသည် ။
သူ၏မျက်နှာ နှင့် ခန္ဓာကိုယ်မှာ ပွန်းပဲ့ဒဏ်ရာများဖြင့် ပြည့်နေခဲ့သည် ။ထိုအရာက သူရိုက်နှက်ခံထားရတာကို ပေါ်လွင်စေသည် ။
သူနိုးလာပြီးနောက်တွင် စစချင်းသူလုပ်သောအရာမှာ ဝေ့ထင်၏ ရှေ့တွင် ဒူးထောက်ပြီး နှာရည်များထွက်ကာ မျက်လုံးထဲတွင် မျက်ရည်များအပြည့်ဖြင့် တောင်းပန်နေခြင်း ဖြစ်သည် ။
" ကျွန်တော် မှားသွားပါတယ် ဆရာ ... ခင်ဗျားကို ကျွန်တော် မဖမ်းခဲ့သင့်ဘူး ... ကျွန်တော်တောင်းပန်ပါတယ်...ကျွန်တော် ထပ်မလုပ်တော့ပါဘူး ... ကျေးဇူးပြုပြီး ကျွန်တော့်ကို သွားခွင့်ပေးပါ ... "
ဝေ့ထင်က တိုက်ခိုက်သည့်နေရာတွင် အလွန်တော်နေလိမ့်မည်ဟု သူမမျှော်လင့်ထားပေ ။ သူ၏ ညီအကိုလေးယောက်ကို သူနှင့် အတူခေါ်လာခဲ့သော်လည်း သူမနိုင်နိုင်ပေ ။ ဆန့်ကျင်ဘက်အားဖြင့် ကိုယ်တစ်ပိုင်းသေမလိုပင် ဖြစ်သွားရသည် ။
အဖွားအိုက သူမ၏ သားကန်ထုတ်ခံလိုက်ရတာကို တွေ့သောအခါ သူမချက်ချင်း စိုးရိမ်သွားခဲ့သည် ။ သူမ အိတ်ကပ်ထဲမှ သော့ကို အလျင်အမြန်ထုတ်လိုက်ပြီးနောက် တုန်တုန်ရီရီဖြင့် လျှောက်သွားကာ ဝေ့ထင်ကို ကမ်းပေးလိုက်သည် ။
သူမ နှင့် ရှောင်ဖုန်းကြားတွင် အထင်လွဲစရာများ များစွာရှိပြီး မကြာခဏရန်ဖြစ်တတ်သော်လည်း အဆုံးတွင် ရှောင်ဖုန်းက သူမသားအရင်းသာဖြစ်သည် ။ အမေတစ်ယောက်အနေနှင့် ရှောင်ဖုန်းရိုက်ခံနေတာကို သူမဘယ်လိုလုပ် လျစ်လျူရှူနိုင်ပါမည်နည်း ။
ဝေ့ထင်ကို သော့ပေးလိုက်ပြီးနောက် ရှောင်ဖုန်းကို မတ်တပ်ရပ်နိုင်အောင် သူမ ကူညီပေးချင်သော်လည်း ဝေ့ထင်က သူမကို အခွင့်အရေးမပေးခဲ့ပေ ။ ရှောင်ဖုန်းကို လည်ပင်းအနောက်ကနေ သူဆွဲထားပြီး သူ၏အနောက်သို့ ပစ်ထုတ်လိုက်သည် ။
သူ့ကို သွားရှာတုန်းက ဒီကလေးပြောခဲ့သောစကားများကို ဝေ့ထင်၏ နားထဲတွင် ကြားယောင်နေဆဲဖြစ်သည် ။
သူ့ကိုရှာဖို့ ရှောင်ဖုန်းက အကူအညီ လေးယောက်ကို ခေါ်လာခဲ့သည် ။ သူမထွက်သွားခင် ထိုပြင်းထန်သောစကားများကို ပြောခဲ့ခြင်းက အံ့သြစရာမရှိတော့ပေ ။သူ့ထံတွင် ဝှက်ဖဲရှိနေခဲ့သည် ။
သူ၏နောက်တွင် ညီအကိုများရှိနေသည့်အချက်ကို အားကိုးပြီး ဝေ့ထင်ကို သူပထမဆုံးပြောခဲ့သောစကားမှာ
" မင်းရဲ့ ရည်းစားလေး ကငါ့ရဲ့လက်ထဲမှာပဲ...ကျစ်..သူမက တကယ်အရသာရှိတာ ... ငါ့ရဲ့ညီအကိုတွေ သူမကို မမြည်းကြည့်ရသေးတာ သနားစရာပဲ ...ငါမင်းကို ဖမ်းပြီးသွားရင် မင်းကို ငါ့ရဲ့ကိုယ်ရေးကိုယ်တာလေးတွေကိုပါ စောင့်ကြည့်ခိုင်းအုန်းမယ် ... "
ဝေ့ထင် သူ့ကို မသတ်ချင်ခဲ့သော်လည်း ရှောင်ဖုန်းပြောတာကို ကြားပြီးသောအခါ သူအလွန်ဒေါသထွက်လာခဲ့သည် ။ သူ့ခွန်အားကို သူမထိန်းချုပ်နိုင်တော့ဘဲ ရှောင်ဖုန်း နှင့် သူ၏ ညီအစ်ကိုလေးယောက်ကို အလဲထိုးချလိုက်တော့သည် ။
ဆက်သွယ်ရေးကိရိယာ၏ တည်နေရာမှ ဟိုတယ်၏ မြေအောက်ခန်းသို့ စုမုန့်ခေါ်ဆောင်သွားခံရပြီဖြစ်ကြောင်း ဝေ့ထင်သိလိုက်သည် ။ထို့ကြောင့် ရှောင်ဖုန်းကို အလဲထိုးပြီးနောက်တွင် အောက်သို့သူ့ကို သယ်ဆောင်သွားပြီး စုမုန့်သူ့ကို ခေါ်လာမည့်အချိန်ထိ အပြင်ဘက်တွင် စောင့်နေလိုက်သည် ။
ဆက်သွယ်ရေးကိရိယာမှတစ်ဆင့် စုမုန့်၏ လှုပ်ရှားမှုများကို သူအာရုံစိုက်နေခဲ့သည် ။ စုမုန့် သူ့ကို ခေါ်လိုက်တာနှင့် တစ်ပြိုင်နက် သူတံခါးကို ဖျက်ပြီး ဝင်လာခဲ့သည် ။
စုမုန့်၏ ချိန်းကြိုးကို ဝေ့ထင်ဖြည်ပေးလိုက်ပြီးနောက်တွင် သူမကို ကုတင်ပေါ်မှ အသာအယာချပေးလိုက်သည် ။ အပြင်ဘက်တွင် ရပ်နေသော ဝမ်လဲ့ နှင့် ယာဥ်မောင်းက အထဲသို့ဝင်လာခဲ့သည် ။
" ဆရာမ ... ဥက္ကဋ္ဌ ဝေ့ ဘာတွေဖြစ်နေကြတာလဲ ...ကျွန်တော်အခန်းထဲမှာ ခဏလေးပဲ အိပ်လိုက်တာပါ ။ ဆရာမက ဘယ်လိုလုပ် ပြန်ပေးဆွဲခံလိုက်ရတာလဲ ..."
ဝမ်လဲ့ ပဟေဠိဖြစ်စွာ မေးလိုက်သည် ။
အခန်းထဲမှ မြင်ကွင်းကို မြင်လိုက်ရသောအခါ သူလုံးဝ အံ့အားသင့်သွားခဲ့ရသည် ။ စုမုန့် ချည်နှောင်ခံထားရသော သံကုတင်၏ အောက်တွင် သူနားမလည်နိုင်သော ပုံများဆွဲထားသည် ။ ထိုရုပ်ပုံများတွင် အဆောင်စာရွက်များကိုပါ ကပ်ထားပြီး ရိုးရားဓလေ့ကို ဖော်ပြနေသလိုပင် ။
" ဝမ်လဲ့ "
စုမုန့် သူ့ကိုခေါ်လိုက်သောအခါ ဝမ်လဲ့ ဝင်လာခဲ့သည် ။စုမုန့်သူ့ကို ထိုကဲ့သို့ ရုတ်တရက်ခေါ်လိုက်သောအခါ ကြက်သီးပင်ထလာခဲ့သည် ။ သူအလျင်အမြန်မေးလိုက်သည် ။
" ဆရာမ ... ဘာဖြစ်လို့လဲ ..."
ဝေ့ထင်နှင့် အခြားသူများ တိုက်ခိုက်နေတာကို သူတစ်ချိန်လုံး ကြည့်ခဲ့ရသည် ။ ဝေ့ထင်က တိုက်ခိုက်သည့်နေရာတွင် ထိုမျှလောက် တော်နေလိမ့်မည်ဟု သူမထင်ထားခဲ့ပေ ။ တစ်ဖက်တွင် လူငယ်ငါးယောက်ရှိနေပြီး အားလုံးကလက်နက်များနှင့်ဖြစ်သည် ။ အစပိုင်း ထိုအရာက အဆုံးသတ်သွားပြီဟု သူထင်ခဲ့သည် ။ ဝေ့ထင် မသေလျှင်တောင် ခြေကျိုးလက်ကျိုးဖြစ်လိမ့်မည် ။ ဇာတ်သိမ်းတွင် ဝေ့ထင်အနိုင်ရလိမ့်မည်ဟု မထင်ထားခဲ့ပေ ။ သူက လက်ဗလာနှင့်ပင် ထိုလူငါးယောက်ကို အလဲထိုးနိုင်ခဲ့သည် ။
ယခုတွင် ဖြစ်သွားသောကိစ္စပြီးနောက် စုမုန့်က ဝေ့ထင်အတွက် ဘယ်လောက်အရေးကြီးသလဲ ဆိုတာကို သူသိလိုက်သည် ။ထို့ကြောင့် စုမုန့် သူ့ကိုခေါ်လိုက်သောအခါတွင် နှေးတိနှေးတုံ့လုပ်နေပါက ထိုသူနှစ်ယောက်ကို မပျော်မရွှင်ဖြစ်အောင် လုပ်မိမည်စိုးသောကြောင့် သူချက်ချင်း မတ်တပ်ရပ်ပြီး ပြန်ဖြေလိုက်သည် ။
ဝမ်လဲ့ကို စုမုန့်အာရုံစိုက်ပြီး ကြည့်လိုက်သည် ။ ဝမ်လဲ့ ဆက်တိုက် ဂူဖောက်ခဲ့သောအကျိုးကြောင့် သူ၏ယင်သူတော်ကောင်းတရားကို ဖျက်ဆီးခံရလုနီးပါးဖြစ်ခဲ့သည် ။ သူ၏ ကံကြမ္မာက ကောင်းကင်ဘုံကလက်မခံနိုင်သော ဆိုးရွားသည့်ကိစ္စများကိုဆောင်ရွက်ခဲ့တာနှင့် ဆင်တူသည် ။အားလုံးက အမဲရောင်အငွေ့အသက်များ ထုတ်လွှင့်နေသည် ။ ထို့ကြောင့် သူတစ်စုံတစ်ယောက်ကို သတ်ခဲ့လားဆိုတာ စုမုန့် သေချာမပြောနိုင်ပေ ။
" ရှင်နဲ့ အတူသင်္ချိုင်းဖောက်ခဲ့တဲ့ သူငယ်ချင်းကသေသွားပြီ ... ရှင်အဲ့ဒါကို သိလား ... "
ဝမ်လဲ့၏ မျက်လုံးထဲသို့ စုမုန့်ကြည့်ကာ မေးလိုက်သည်။သူ၏သူငယ်ချင်းက သေသွားပြီဆိုတာကို ကြားလိုက်ရသောအခါ ဝမ်လဲ့ခဏတာမှင်သက်သွားပြီး မယုံကြည်နိုင်သလို ပြောလိုက်သည် ။
" သေသွားပြီလား ...လူအိုချန်း ကသေသွားပြီလား ...ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ..."
ဝမ်လဲ့၏ အမူအရာမှာ သူတကယ်ကို ဘာမှမသိသည့်ပုံပေါ်သည် ။
" ကျွန်တော်သူ့ဆီက ဘာလို့သတင်းမကြားလဲဆိုပြီး သိချင်နေတာ ...ဒါဆို သူတစ်ခုခုဖြစ်သွားခဲ့တာပေါ့ ... ဒါပေမယ့် သူကဘယ်လိုလုပ်သေသွားရတာလဲ ။ ဆရာမ ၊ ခင်ဗျားဘယ်လိုလုပ်သိတာလဲ ... "
ဝမ်လဲ့ နှင့် လူအိုချန်းမှာ လုပ်ဖော်ကိုင်ဖက်အဖြစ် အကြိမ်အနည်းငယ်လောက်အတူလုပ်ခဲ့ပြီး သူတို့၏ဆက်ဆံရေးမှာ ကောင်းမွန်သည်ဟု ပြောလို့ရသော်လည်း ညီအကိုလိုခင်မင်သော ဆက်ဆံရေးလို့တော့ ပြောလို့မရပေ ။ ထို့ကြောင့် လူအိုချန်းသေသွားပြီဟု သူကြားလိုက်ရသောအခါတွင် ဝမ်လဲ့၏အမူအရာမှာ အစပိုင်းတွင်ထိတ်လန့်သွားကာ နောင်တရပြီး ဝမ်းနည်းနေသောအမူအရာတို့ပါ ဖြစ်လာခဲ့သည် ။
သူ၏အမူအရာကို စုမုန့်ဆန်းစစ်နေခဲ့သည် ။သူလိမ်နေသည့်ပုံမပေါ်သောကြောင့် သူမဆက်မေးလိုက်သည် ။
" ရှင်မသိဘူးလား ... အဲ့ဒါပြီးတော့ ရှင်တို့နှစ်ယောက် လုံးဝမဆက်သွယ်ဖြစ်ဘူးလား ..."
" ဆရာမ ...ခင်ဗျားကျွန်တော့်ရဲ့ အခြေအနေကို သိပါတယ် ...အဲ့အချိန်တုန်းက ကျွန်တော်ဘယ်သူ့ကိုမှ မဆက်သွယ်ခဲ့ဘူး ... အိုး ... ဟုတ်သားပဲ ... တစ်ခြားဖုန်းရွှေဆရာတွေအများကြီးကိုပဲ ကျွန်တော်ဆက်သွယ်ခဲ့တယ် ... ဒါပေမယ့် တစ်ယောက်မှ အဆင်မပြေခဲ့ဘူး ..."
" ခင်ဗျားက ကျွန်တော့်အခြေအနေကို ကျွန်တော့်ထက်ပိုသိမှာပါ ...ကျွန်တော့် စိတ််ညာဥ်ကိုပါပျောက်သွားသလို ကျွန်တော်ခံစားခဲ့ရတာ ... နေ့တိုင်း ကျွန်တော်ရီဝေနေပြီး ဘာတွေလုပ်နေမိမှန်းတောင် မသိဘူး ...ကျွန်တော့်အခြေအနေက ပိုဆိုးပြီးရင်း ဆိုးလာတာ ... ကျွန်တော် ကိုယ့်ကိုယ်ကို သတ်သေမိခါနီးအခြေအနေမှာပဲ တစ်စုံတစ်ယောက်က ခင်ဗျားကို ညွှန်းပေးခဲ့တာ
... ကျွန်တော်ခင်ဗျားကို ရှာချင်ခဲ့ပေမယ့် ခင်ဗျားကအဲ့ဒီလောက် တော်နေတဲ့နတ်ဘုရားဖြစ်နေလိမ့်မယ်လို့ မထင်ထားဘူး ..."
" တစ်စုံတစ်ယောက်က ရှင့်ကိုညွှန်းပေးခဲ့တာလား ... ဘယ်သူညွှန်းပေးတာလဲ ... "
ဝမ်လဲ့၏ စကားလုံးထဲတွင် စုမုန့်အဓိကအချက်ကို ဖမ်းဆုပ်မိသွားသည် ။
xxxxxx