အပိုင်း ၁၇၅
Viewers 15k

Chapter 175



" သူကဘယ်သူလဲဆိုတာကိုတော့ ကျွန်တော်မသိဘူး ... ဒါပေမယ့် မိန်းမတစ်ယောက်အသံနဲ့တော့တူတယ် ...အစတုန်းက သူ့ကိုကြော်ငြာဝင်နေတာလို့ ကျွန်တော်က ထင်လိုက်တာ ....ဒါကြောင့် ကျွန်တော်ဖုန်းချလိုက်တော့မလို့ဘဲ ဒါပေမယ့်ကျွန်တော်ဖုန်းမချခင် သူက ကျွန်တော့်အကြောင်းအားလုံးကိုပြောပြပြီး ကျွန်တော်ရှာခဲ့တဲ့ ဖုန်းရွှေဆရာတွေအကြောင်းကိုပါ ပြောပြခဲ့တယ် ...သူမ အဲ့ဒါကိုပြောလိုက်တော့ ကျွန်တော့်ကို လုယက်တော့မယ်လို့ထင်လိုက်တာ ... ဒါပေမယ့် သူမက မလုပ်ခဲ့ဘူး ... " 


" အဲ့ဒီအမျိုးသမီးရဲ့ အသံက အရမ်းကောင်းတယ်...ကျွန်တော် ဒုက္ခရောက်နေတာ သူသိတယ်လို့ပြောပြီး ခင်ဗျားကို ရှာဖို့ သူကပြောခဲ့တာ ...ကျွန်တော်က လက်လျှော့ချင်ခဲ့ပြီး ကြံမိကြံရာလုပ်နေခဲ့တာ ...ဒါကြောင့် ခင်ဗျားဆီကို ကျွန်တော်လာခဲ့တယ်..."


ပုံမှန်အတိုင်း ၎င်းတွင် ဘာမှ မှာယွင်းနေခြင်းမရှိကြောင်း ဝမ်လဲ့တွေးလိုက်သည် ။သို့သော် စုမုန့်၏ မေးခွန်း ပြီးနောက် တစ်ခုခု မှားနေတာကို သူသတိထားမိသွားခဲ့သည်။


တစ်ဖက်လူကဘယ်သူများလဲ ...သူ့အကြောင်းဘာလို့ အဲ့ဒီလောက်တောင်သိနေရတာလဲ ... အဲ့ဒီမိန်းမက သူ့ကိုတစ်ဖက်သက်စိတ်ဝင်စားနေပြီး စောင့်ကြည့်နေခြင်းလား ...


" ကျွန်မတို့ပြန်ရောက်မှ ဒီအကြောင်းကို အသေးစိတ်ပြောကြတာပေါ့ ..." 


စုမုန့်ခေါင်းရှုပ်နေသော်လည်း ယခုအချိန်တွင် ထိုအရာက အရေးကြီးဆုံးမဟုတ်တာကို သူမ သိသည်။


" ကောင်းပါပြီ  ဆရာမ ..." 


ဝမ်လဲ့ သဘောတူလိုက်သည်။


သူမ၏ကိစ္စများကို ခဏဘေးဖယ်ထားဖို့ ဆုံးဖြတ်လိုက်ပြီး ဝမ်လဲ့ နှင့် သူ၏သူငယ်ချင်းအကြောင်းကို စုမုန့် တွေးနေခဲ့သည် ။


တကယ်တမ်းတွင် ဝမ်လဲ့မမှားပေ ။ သူ၏ဤကဲ့သို့သောအခြေအနေမျိုးတွင် ထိုကိစ္စကို သူလုပ်နိုင်မည်မဟုတ်ပေ ။ သူက သူ၏အိမ်ကိုတောင် ထားခဲ့နိုင်သည့်အခြေအနေမျိုး မရှိချေ ။


သေချာပေါက် သူ၏ သူငယ်ချင်းကို သတ်ဖို့ထောင်ချောက်ဆင်ခဲ့သလားဆိုသည့်အချက်ကိုလည်း သူတို့ဖြစ်နိုင်ချေထဲတွင် ထားခဲ့လို့မရပေ ။ အကြောင်းပြချက်အရ သူတို့၏အလုပ်တွင် အရင်းအမြစ်များကို ခွဲဝေရာတွင် အဝေမတည့်သောကြောင့် တိုက်ခိုက်ကြခြင်းမှာ ဖြစ်လေ့ဖြစ်ထရှိသည် ။


ဝမ်လဲ့ကို စုမုန့်ဆက်မမေးနေတော့ပေ ။ အဘယ်ကြောင့်ဆိုသော် သူ့ထံမှ သူမဘာမှဆွဲထုတ်လို့ရမည်မဟုတ်မှန်း စုမုန့်သိနေသောကြောင့်ပင် ။ဝမ်လဲ့ က သူမသိဘူးဟု ပြောမှတော့ သူမ တစ်နေရာရာတွင် စုံစမ်းရန်သာရှိတော့သည် ။


စုမုန့် အတွေးလွန်နေသည့်အချိန်တွင် သူမ၏ မျက်လုံးထောင့်မှ ခိုးကြောင်ခိုးဝှက်လုပ်နေသောအရာတစ်ခုကို ဖျတ်ခနဲမြင်လိုက်ရသည် ။


" တာအိုဆရာအဖိုး ...ရှင်ခိုးကြောင်ခိုးဝှက်နဲ့ ဘယ်ထွက်သွားမလို့လဲ ... " 


ဝမ်လဲ့ ကို စုမုန့်ကြည့်နေသည့်အချိန်တွင် သူမ၏မျက်လုံးထောင့်မှ တာအိုဆရာကတံခါးအရှေ့တွင် ရပ်နေတာကို တွေ့လိုက်ရသည် ။

ဝမ်လဲ့ စကား​ပြောနေသည့်အချိန်တွင် သူကအခွင့်အရေးယူကာ ထွက်ပြေးဖို့လုပ်နေသည် ။


ဝေ့ထင်၏ အာရုံက စုမုန့်ထံတွင်သာရှိနေသောကြောင့် တာအိုဆရာ၏ လှုပ်ရှားမှုကို သူသတိမထားမိလိုက်ပေ ။တာအိုဆရာကို စုမုန့်ခေါ်လိုက်တာကိုကြားပြီး တာအိုဆရာထွက်ပြေးဖို့ကြိုးစားနေခြင်းကို သူလည်း တွေ့လိုက်သည် ။ သူချက်ချင်း တံခါးဆီကို လျှောက်သွားလိုက်သည် ။


တာအိုဆရာက တိတ်တဆိတ်ထွက်သွားချင်သော်လည်း ဝေ့ထင်၏ ကန်ချက်မှာ အလွန်ပြင်းထန်လွန်းသည် ။ သူ၏ ဝမ်းဗိုက်မှာ အရမ်းနာကျင်နေသောကြောင့် မတ်တပ်မရပ်နိုင်ပေ ။


သူက အိုမင်းနေပြီဖြစ်ပြီး ထိုကဲ့သို့နာကျင်မှုကို သူ၏ခန္ဓာကိုယ်က သည်းမခံနိုင်ပေ ။ ထို့ကြောင့် သူခါးကိုင်းလိုက်ပြီး ဝမ်းဗိုက်ကို ဖိနှိပ်ထားခဲ့သည် ။ ထို့နောက် စုမုန့် နှင့်အခြားသူများ စကားပြောနေချိန်တွင် သူထွက်ပြေးဖို့ ကြိုးစားခဲ့သည် ။သူ့ကိုရှာတွေ့သွားကြလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ ။


" ခင်ဗျားဆက်ပြီး အရိုက်မခံချင်ဘူးဆိုရင် နာနာခံခံနဲ့ ပြန်သွားလိုက်တော့ ... " 


ဝေ့ထင် လက်ပိုက်ကာ တံခါးဆီကို လျှောက်သွားလိုက်ပြီး တာအိုဆရာကို ငုံ့ကြည့်လိုက်သည် ။တာအိုဆရာမှာ ဝေ့ထင်၏ ရိုက်နှက်မှုကို အလွန်ကြောက်လန့်နေပြီး အလျင်အမြန်သဘောတူလာခဲ့သည် ။


" ကောင်း..ကောင်းပြီ ငါမထွက်သွားတော့ဘူး ...ငါချက်ချင်းပြန်သွားလိုက်ပါ့မယ် ... "


တာအိုဆရာက အခန်းကိုပြန်သွားပြီးနောက်တွင် ဝေ့ထင် တံခါးကို ဘန်းခနဲမြည်အောင် ပိတ်လိုက်သည် ။


ဤခဏတွင် အရူးလိုပြုံးနေပြီး ငြိမ်သက်စွာထိုင်နေသော ရှောင်ယွီက ရုတ်တရက် စကားပြောလာခဲ့သည် ။ သူမ လက်ခုပ်တီးနေပြီး ပြုံးနေခဲ့သည် ။


" ဟီးဟီး ..အရူးတွေ အရိုက်ခံလိုက်ကြ ...ပျော်တယ် ... ပျော်တယ်  ပျော်တယ် ... " 


ရှောင်ယွီက တာအိုဆရာကို တစ်ချိန်လုံးစောင့်ကြည့်နေခဲ့သည် ။သူအရိုက်ခံနေတာကိုကြည့်ပြီး သူမပျော်ရွှင်နေကာ သူ့ကိုပင် လှောင်ရယ်လိုက်သေးသည် ။


ရှောင်ယွီဆီသို့ စုမုန့်လျှောက်သွားလိုက်ပြီး ဆောင့်ဆောင့်ထိုင်ချလိုက်သည် ။


" ရှောင်ယွီ ... ရှင်သူ့ကို မုန်းတယ်မလား ... "


အမြဲတမ်းရူးသွပ်နေပြီး စကားလုံးများကို နားမလည်သောရှောင်ယွီက စုမုန့်၏စကားတို့ကို အမှန်ပင် နားလည်နေခဲ့သည် ။ သူမ၏ ကြီးမားဝိုင်းစက်သောမျက်လုံးများက အနီရောင်ပြောင်းသွားပြီး မျက်ရည်များ စတင်ကျလာတော့သည် ။ သူမ တရှုံ့ရှုံ့ငိုကာ ပြောလိုက်သည် ။


" ငါသူ့ကို မုန်းတယ် ...သူ့ကို မုန်းတယ် ... "


သူမ သမီးစကားပြောလာတာကို အဖွားအိုက မြင်သောအခါ သူမ ရှောင်ဖုန်းကို လျစ်လျူရှူလိုက်ပြီး ရှောင်ယွီထံသို့ လေးဘက်ထောက်သွားလိုက်သည် ။သူမသွားနေရင်း မျက်ရည်များကျနေခဲ့သည် ။


" ရှောင်ယွီ ...သမီးတကယ်စကားပြောနိုင်တယ် ... ရှောင်ယွီ အမေ့ကိုမှတ်မိသေးလား ... "


အဖွားအိုက အလျင်အမြန်ရှောင်ယွီ့ဆီသို့ တွားသွားလိုက်ပြီး ရှောင်ယွီကို သူမ၏ လက်မောင်းထဲသို့ ပွေ့ဖက်ထားလိုက်သည် ။


" ရှောင်ယွီ ...သမီးသတိရလားပြီလား ...သမီးသတိရပြီဆိုရင် အမေ့ကိုပြောပါ ... ကြည့်ရတာ သမီးရဲ့ကံကြမ္မာကို ပြောင်းလဲတာက တကယ်အလုပ်ဖြစ်တဲ့ပုံပဲ ... သမီးတကယ် သက်သာလာပြီ ... " 


အဖွားအိုမှာ အလွန်ပျော်ရွှင်သွားပြီး သူမ၏ ကံကြမ္မာကို ပြောင်းလဲဖို့အတွက် စုမုန့်က နစ်နာသူပင် ဖြစ်ခဲ့တော့မည်ကို မေ့သွားခဲ့သည် ။ သူမက ကံကြမ္မာအကြောင်းကို ဆက်ပြောနေသေးသည် ။


ဝေ့ထင် သူမကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည် ။အဖွားအိုက တကယ်ကို မျှော်လင့်ချက်မရှိတော့ပေ ။ သူမက တကယ်ကို ကံကြမ္မာပြောင်းလဲခြင်းအကြောင်း ပြောနေသေးသည် ။ သူမက အဖွားအိုတစ်ယောက်သာဖြစ်နေသည် ။ အကယ်၍ သူမသာ လူငယ်တစ်ယောက်ဖြစ်ပါက သူမနောင်တမရမချင်း သူရိုက်နှိက်လိုက်သည် ။


ဤကဲ့သို့ အခြားသူ၏အသက်ကိုဂရုမစိုက်သော သူမျိုးက သနားဖို့ပင် မတန်ပေ ။


ရှောင်ယွီကို တင်းတင်းဖမ်းဆုပ်ထားသော အဖွားအိုကို ကြည့်လိုက်ကာ သူမကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်သည် ။


" အဖွား ...ရှင်ဘာလို့ ကံကြမ္မာပြောင်းလဲမယ့်အကြောင်းကို ဆက်ပြောနေရသေးတာလဲ...ကျွန်မရှင့်ကို မပြောခဲ့ဘူးလား  အဲ့ဒီ မကောင်းတဲ့တာအိုဆရာဆီက ရှင်လှည့်စားခံနေရတာ ...ရှောင်ယွီကလည်း သူ့ဆီက လှည့်စားခံနေရတာ ..."


" အိုး မဟုတ်သေးဘူး မိန်းကလေး  ...အဲ့ဒီလိုသူများတွေကို မကောင်းမစွပ်စွဲနဲ့ ...ငါက ဒီအတိုင်း အချိန်ပိုင်းအလုပ်သမားသာသာပါပဲ ...ငါ့ကို အလုပ်အပ်တဲ့သူတွေ ခိုင်းတာကို ငါလုပ်ရတာပဲ ... ငါကဘယ်လိုလုပ် သူမကို လိမ်ရမှာလဲ ... " 


တာအိုဆရာက ဝေ့ထင် သူ့ကို ထပ်ရိုက်မှာ စိုးရိမ်နေခဲ့သည် ။ ထို့ကြောင့် အလျင်အမြန် သူ့ကိုယ်သူ ကာကွယ်ပြောဆိုလိုက်သည် ။


စုမုန့် နောက်တစ်လှမ်းဆုတ်ပြီး ကုတင်ကို မှီနေလိုက်သည် ။သူမ ဘာမှမပြောဘဲ တာအိုဆရာကို ပြုံးပြနေလိုက်သည် ။


သူမ၏ စိုက်ကြည့်မှုကြောင့် တာအိုဆရာမှာ ပို၍ စိုးရိမ်ကာ ကြောက်လန့်လာရသည် ။ သူစုမုန့်ကို မကြည့်နေလျှင်တောင် သူမ၏ စေ့စပ်စွာကြည့်နေသော အကြည့်တို့ကို ခံစားနေမိသည် ။အဆုံး၌ သူဆက်၍ သည်းမခံနိုင်တော့ပေ ။ ဝေ့ထင်၏ ဖိအားအောက်တွင် သူ၏ အမှားကို ချက်ချင်းဝန်ခံဖို့ ဆုံးဖြတ်လိုက်ပြီး စုမုန့်ကို ခွင့်လွှတ်ဖို့ တောင်းပန်လိုက်သည် ။


" ငါတောင်းပန်ပါတယ် မိန်းကလေး ...အခုလေးတင် ငါမှားသွားခဲ့တာ  မင်းကိုငါအဲ့ဒီလို မပြောခဲ့သင့်ဘူး မင်းက ဖုန်းရွှေဆရာလို့မပြောခဲ့ဘူးလား ... အဲ့ဒါက အရမ်းတိုက်ဆိုင်တာပဲ ... ငါတို့ရဲ့ အသက်မွေးဝမ်းကြောင်းပညာတွေက အတူတူပဲလေ ... ဒါကြောင့် ငါ့ကို ကျေးဇူးပြုပြီး လွှတ်ပေးပါ ..." 


စုမုန့်ကို သူတောင်းပန်ရသည့် အဓိကအကြောင်းအရင်းမှာ ဝေ့ထင်က စုမုန့်ပြောတာကို နားထောင်သောကြောင့်ဖြစ်သည် ။


" ဒီလိုဆိုရင်ရော ...  ကျွန်မက ကျားရဲ့ခွန်အားကို ဖြိုခွဲလိုက်တဲ့ မြေခွေးအနေနဲ့တော့ သတ်မှတ်မခံချင်ပါဘူး ... ယှဥ်ပြိုင်ရအောင် ...ရှင်နိုင်ရင် ကျွန်မ ရှင့်ကိုလွှတ်ပေးမယ်..." 


တာအိုဆရာက ဝေ့ထင်ကိုကြောက်ရွံ့သောကြောင့်သာ သူမကို တောင်းပန်မှန်း စုမုန်းသိသည် ။


" ကောင်းပြီ ... မင်းဘယ်လိုပြိုင်ချင်လဲ ... ဘာတွေပြိုင်ချင်တာလဲ ... ငါဒါကိုတော့ အရင်​ပြောထားရမယ် ...ငါတို့ ဖုန်းရွှေ အရပဲ ယှဥ်ပြိုင်နိုင်မယ် ...တစ်ခြားအရာတွေနဲ့ ငါကဘာမှ ဆက်စပ်မှုမရှိဖူးဘူး ..."


စုမုန့် စကားတစ်ဝက်တွင် တာအိုဆရာက စကားဖြတ်ပြောခြင်းကို ခံလိုက်ရသည် ။ တာအိုဆရာက အလျင်အမြန်သဘောတူလိုက်သောအခါ သူမ မရယ်မိဘဲ မနေနိုင်ချေ ။ မိနစ်အနည်းငယ်အတွင် ထိုလူနှစ်ယောက်မှာ ပုံစံပြောင်းသွားခဲ့သည် ။


" အရမ်း မစိုးရိမ်ပါနဲ့ ... ကျွန်မပြီးအောင်ပြောပါရစေဦး...ရှင်နိုင်ရင် ထွက်သွားလို့ရပြီ ...  ဒါပေမဲ့ ရှင်ရှုံးသွားရင်တော့ ရှင့်ဘာသာရှင် ရဲစခန်းကို သွားရမယ် ..."


 စုမုန့် ဆက်ပြောလိုက်သည် ။သူ့ထံတွင် ရွေးချယ်စရာမရှိတော့ဘူးဆိုတာကို တာအိုဆရာသိသောကြောင့် စုမုန့် ပြောပြီးသည့်နောက်တွင် သူထပ်ပြီး သဘောတူလိုက်သည် ။ 


တာအိုဆရာက စုမုန့်နှင့် ယှဥ်ပြိုင်ချင်နေတာကို ဝမ်လဲ့ ဘေးမှ ကြည့်နေလိုက်သည် ။ သူခေါင်းခါကာ ယာဥ်မောင်းကို ပြောလိုက်သည် ။


" သူက ဆရာမနဲ့ ပြိုင်ရဲတာလား ...သူက သူ့ဘာသာသေဖို့လမ်းကြောင်းရှာနေတာလား ..."


" ဒါက အရေးမကြီးပါဘူး ... တာအိုဆရာက အရမ်းအသက်ကြီးနေပြီ  တစ်ချက်ကြည့်လိုက်ရုံနဲ့ သူကတစ်ခုခုပဲဆိုတာ ကျွန်တော်ပြောနိုင်တယ် အနည်းဆုံးတော့ သူ့ရဲ့အသိပညာကို အခြေခံပြီး သူမရှုံးလောက်ပါဘူး ... " 


ယာဥ်မောင်းမှာ ရိုးသားသောသူဖြစ်သည် ။ စုမုန့်၏အင်အားကို သူမသိဘဲ သူမနှင့်ယခင်က တစ်ခါမှ ပြောဆိုဆက်ဆံခြင်းမရှိခဲ့သော်လည်း တာအိုဆရာအပေါ်တွင် သူအမြင်ကောင်းရှိနေသည် ။


ယာဥ်မောင်း၏စကားတို့ကိုကြားပြီး ဝမ်လဲ့အလွန်ဒေါသထွက်သွားကာ ယာဥ်မောင်း၏ဦးခေါင်းအနောက်ကို ရိုက်ပြီး သတိပေးလိုက်သည် ။


" ဆရာမက ငယ်ရွယ်ပြီး မိန်းမတစ်ယောက်ပဲလို့ မတွေးနဲ့ သူမရဲ့ အင်အားက အဲ့ဒီအိုမင်းနေတဲ့ဖုန်းရွှေဆရာထက် မနိမ့်ဘူး ... မင်းသိလား ဝါရင့်နာမည်ကြီးဖုန်းရွှေဆရာတွေတော်တော်များကို ငါရှာခဲ့သေးတယ် ... ပြီးတော့ ရလဒ်ကဘာလဲ ... ဘယ်သူမှ ငါ့ကို ပျောက်ကင်းအောင်မလုပ်ပေးနိုင်ဘူး ...ငါ့ကို ကူညီပေးခဲ့တာ ဆရာမစုမုန့်ပဲ ... "


ယာဥ်မောင်းက ဝမ်လဲ့ထံမှ အရိုက်ခံလိုက်ရပြီး သူ၏မျက်နှာတွင် စိတ်မရှည်မှုများ ပြည့်သွားသည် ။ သို့သော် သူဒေါသထွက်နေသော်လည်း ဝမ်လဲ့က သူ၏ သူဌေးဖြစ်နေသည် ။ ထို့ကြောင့် သူဘာမှဆက်ပြောမနေတော့ဘဲ စုမုန့်ကိုသာ တိတ်တဆိတ်ကြည့်နေလိုက်သည် ။


" မင်းဘာကို ပြိုင်ချင်တာလဲ ..." 


တာအိုဆရာက သူ့ရဲ့အင်္ကျီတို့ကို သပ်သပ်ရပ်ရပ်လုပ်လိုက်ပြီး မတ်တပ်ထလိုက်သည် ။ စုမုန့်၏ ယှဥ်ပြိုင်မှုအတွက် တောင်းဆိုမှုကို သူအလွန်ယုံကြည်ချက်ရှိနေသည် ။သိထားရမည်မှာ သူထိုနယ်ပယ်ထဲကို ဝင်လာကတည်းက သူ၏အရည်အချင်းကြောင့် ဆရာဖြစ်သူထံမှ ချီးမြှောက်ခံထားရသည် ။


တကယ်တမ်းတွင် သူ၏ဆရာကို စိတ်ပျက်အောင် သူမလုပ်နိုင်ပေ ။ သူတတ်နိုင်သမျှ ဖုန်းရွှေပညာရပ်ကို ကျွမ်းကျင်အောင်လုပ်ခဲ့ပြီး သာမန်ဖုန်းရွှေဆရာများ မမြင်နိုင်သော ကံကြမ္မာအားလုံးကို မြင်နိုင်ခဲ့သည် ။ထို့ကြောင့် စုမုန့်ကို သူလုံးဝမကြောက်ပေ ။


စုမုန့် အခန်းထဲသို့လှည့်ပတ်ကြည့်လိုက်ပြီး ဘာမှမပြောခင် တာအိုဆရာကို စိုက်ကြည့်နေလိုက်သည် ။


" တစ်ဖက်လူရဲ့ ဒီနေ့ ကံကောင်းမှုကို ကျွန်မတို့ တွက်ကြည့်ရင်ဘယ်လိုလဲ ... " 


ထိုအရာကို ကြားလိုက်သောအခါ တာအိုဆရာမှာ သဘောတွေ့သွားခဲ့သည် ။ ဤအရာက သူအားသန်သောအရာပင် ။ သိထားရမည်က ရှောင်ဖုန်းကို အခြားလူများ၏ ကံကောင်းမှုကိုစုပ်ယူနိုင်ဖို့အတွက် သူကူညီခဲ့နေပြီး ဤအရာမှာ လွယ်လွယ်လေးလုပ်နိုင်သော အရာမဟုတ်ပေ။သို့သော် နောက်တစက္ကန့်တွင် သူမရယ်နိုင်တော့ပေ ။


စု​မုန့်​ကို တာအိုဆရာက ခဏကြည့်လိုက်သော်လည်း သူဘာမှ မမြင်နိုင်ပေ ။ ထိုအရာကို သူမယုံကြည်နိုင်ပေ ။ သူမျက်မှောင်ကြုတ်ကာ ထပ်ကြိုးစားကြည့်သော်လည်း သူမပြောနိုင်သေးပေ ။


" တစ်ခုခုမှားနေပြီ " 


တာအိုဆရာက ညည်းညူလိုက်သည် ။


စုမုန့်၏ ကံကြမ္မာကို မမြင်နိုင်ရုံသာမကဘဲ ဒီနေ့အတွက် စုမုန့်၏ ကံကောင်းမှုကိုလည်း မမြင်နိုင်ပေ ။ သူက စုမုန့်၏ ကံကြမ္မာကိုသာ အာရုံစိုက်နေခဲ့သောကြောင့် အခုလေးတင် ဤအရာကို သတိမထားမိခဲ့ပေ ။


" ဆရာ  ရှင်တကယ်ထွက်သွားဖို့ စဥ်းစားနေတာတော့ မဟုတ်ဘူးမလား ...ဒါပေမယ့် ရှင်ထွက်သွားရင် ရှောင်ယွီက ဘယ်လိုလုပ်မလဲ ... သူမက အခုပိုသက်သာလာပြီး စကားတောင်ပြောနိုင်နေပြီ ...သူမက လုံးဝသက်သာလာဖို့ကို တစ်လှမ်းပဲလိုတော့တာ ..." 


တာအိုဆရာ နှင့် စုမုန့် စကားပြောနေတာကို အဖွားအိုကြားလိုက်ရသည် ။ တာအိုဆရာတကယ်ထွက်သွားပြီး ရှောင်ယွီကိုဘယ်သူမှ မကူညီတော့မည်ကို သူမ စိတ်ပူမိသည် ။ထို့ကြောင့်သူမ အလျင်အမြန် သူ့ကို တားလိုက်သည် ။


ဝေ့ထင် တစ်ဖက်သို့လှည့်ကာ သူမအား အေးစက်သောအကြည့်ကို ပေးလိုက်သည် ။ သူဘာမှမပြောသော်လည်း ဝေ့ထင်၏ အရှိန်အဝါကြောင့် အဖွားအိုမှာ ကြောက်လန့်သွားပြီး သူမပါးစပ်ကို ချက်ချင်းပိတ်လိုက်သည် ။


ဘာတွေဖြစ်နေလဲဆိုတာ သူမ မသိသော်လည်း ဤ လူငယ်၏ အကြည့်မှာ ကြီးမားသောခြိမ်းခြောက်နိုင်မှုအားရှိနေသည် ။ဤခဏတွင် သူမ ဆက်မပြောရဲတော့ပေ ။


အဖွားအို၏ စကားလုံးတို့ကို တာအိုဆရာကြားလိုက်သော်လည်း သူမကို သူတုံ့ပြန်ခြင်းမရှိပေ ။ထိုအစား အဖွားအိုကို သူကြည့်ရုံသာကြည့်လိုက်သည် ။ ယခုသူလုပ်ရမည့်အရာမှာ တတ်နိုင်သမျှ မြန်မြန်ထွက်သွားဖို့ပင် ။ အဆုံးတွင် ဝေ့ထင်က အသေးအဖွဲဟုတ်မနေပေ ။



xxxxxxx