Chapter 177
(အတွင်းပိုင်းဇာတ်လမ်း)
ဝမ်လဲ့သည် စုမုန့်၏မျက်နှာမှာ ဖြူဖျော့သွားသည်ကို မြင်လိုက်ရသဖြင့် ဘေးကနေပြီး သူ စိတ်အနှောင့်အယှက်ဖြစ်မိသည်။စုမုန့်သည် ရှေ့သို့လှမ်းကာ အင်းစာရွက်လက်တစ်ဆုပ်စာအား ကောက်ယူ၍ ဘောလုံးတစ်လုံးလို လိပ်ပြီး တာအိုအဖိုးကြီး၏ ပါးစပ်ထဲသို့ ထည့်လိုက်သည်။တာအိုအဖိုးကြီးက ၎င်းတို့ကို ဖယ်ထုတ်ရန် ကြိုးစားသော်လည်း ဝမ်လဲ့ သံကုတင်ပေါ်မှ သံကြိုးများကို ယူကာ သော့ခတ်ထားလိုက်သည်။
တာအိုအဖိုးကြီးကို ဖြေရှင်းပြီးနောက် အခန်းကလေးက နောက်ဆုံးတွင် တိတ်ဆိတ်သွားသည်။
တာအိုအဖိုးကြီးက စိတ်လှုပ်ရှားနေသော်လည်း၊ ဆန့်ကျင်ဘက်ဖြစ်သူ အဘွားကြီးက ဂရုမစိုက်ပေ။သူမက ရှောင်ယွီကိုကြည့်လိုက်ပြီး
"ကောင်းပြီ၊ အဆင်ပြေသွားပြီ... ရှောင်ယွီကို ကုသနိုင်မယ်ဆို ငါ ဘာပဲလုပ်ရလုပ်ရ လုပ်မယ်"
!!
စုမုန့် အဘွားကြီးကို ကြည့်ကာ ဆက်မပြောတော့။ အဘွားကြီး၏ အပြုအမူကို သူမ ဘာမှပြောချင်စိတ်မရှိပေ။ အဘွားကြီးလုပ်သမျှသည် သူမ၏ ကလေးအတွက်သာ ဖြစ်သည်။
"မိခင်သည် သားဖြစ်သူအတွက် နတ်ဆိုးကို တိုက်မည်၊ ကလေးဆိုသည်မှာ မိခင်တို့၏ ရဲစွမ်းသတ္တိဖြစ်သည်” ဟူသော ဆိုရိုးစကားကို သူမ ကြားဖူးထား၏။ သူမရဲ့ ကိုယ်ပိုင်ကလေးဆိုရင်ကော…
စုမုန့် သူမ၏အတိတ်ဘဝအကြောင်းကို တွေးနေမိသည်။ အကယ်၍ သူမ ကလေးကို ပြန်ကယ်တင်ဖို့ အခွင့်အရေးရခဲ့မယ်ဆိုရင် သူမလည်း အကုန်အကျ ကြိုက်သလောက်ခံပြီး ကယ်တင်ခဲ့မှာလား…အဖြေက အဘွားကြီးနဲ့ အတူတူပါပဲ…မိခင်တစ်ယောက်သည် သူမ၏ ကလေးအတွက် ဘာမဆိုလုပ်မည်ဖြစ်သည်။ သူမကလည်း ထိုအတိုင်းပင်။သူမ သက်ပြင်းချလိုက်သည်။သူမမှာ တရားစီရင်ပိုင်ခွင့်မရှိသောကြောင့် ကိစ္စအားလုံးကို ရဲများထံအပ်ထားခဲ့ရန် ဆုံးဖြတ်ခဲ့သည်။
အဘွားကြီးက ရှောင်ယွီ၏ မွေးနေ့သက္ကရာဇ်များအား စုမုန့်ကို ပေးခဲ့သည်။ ရှောင်ယွီ အပြင် ရှောင်ဖုန်း၏ မွေးနေ့သက္ကရာဇ်တွေကိုလည်း စုမုန့်က တောင်းလိုက်၏။
"အဘွားကြီး...ဘာလို့ကျွန်တော့်ဟာကို သူများကို သွားပေးတာလဲ"
ရှောင်ဖုန်း၏ မျက်လုံးများသည် မှေးစင်းနေသော်လည်း အဘွားကြီးသည် စုမုန့် အား မွေးသက္ကရာဇ်ကို ပေးတော့မည်ဟု ကြားသောအခါ ချက်ခြင်းပင် ငြိမ်သက်သွားပြီး တားဆီးလိုက်သည်။ တစ်ကယ်တော့၊ စောစောကတည်းက သူ နိုးနေခဲ့တာကြောင့် စုမုန့် အစွမ်းကို သူသိသည်။ ထို့ကြောင့် စုမုန့် တစ်ခုခုရှာတွေ့မှာကို သူနည်းနည်းစိုးရိမ်သွားရသည်။သို့သော် စုမုန့် သည် သူ့အတွေးများကို ရိပ်မိသွားဟန်လည်းရှိ၏။
“ခင်ဗျားက ကျွန်တော့်အမေအရင်းပါ…ပုံမှန်အချိန်မှာ ဘက်လိုက်တယ်ဆိုရင်တောင် ကျွန်တော် ဘာမှမပြောလိုပါဘူး... ဒါပေမယ့် ဘာလို့ ဒီအချိန်မှာ လုပ်နေရတာလဲ”
"ပါးစပ်ပိတ်ထား"
သူ့စကားမဆုံးခင် ဝေ့ထင်၏ အေးစက်သောအသံကြောင့် သူ ရပ်တန့်သွားသည်။ ဝေ့ထင် ရိုက်နှက်ထားတာကြောင့် ဒဏ်ရာတို့က နာကျင်နေဆဲဖြစ်သည်။ နောက်တစ်ကြိမ် ရိုက်နှက်ခံရမည်ကို ကြောက်သောကြောင့် သူ ပါးစပ်ကို အမြန်ပိတ်လိုက်သည်။ထို့နောက် မုန်းတီးမှုတွေ ပြည့်နှက်နေသည့် သူ့မျက်လုံးတွေက အဘွားကြီးကိုသာ စူးစူးဝါးဝါး စိုက်ကြည့်နေတော့သည။
စုမုန့် သူတို့ကို သေသေချာချာ ကြည့်လိုက်ရင်း ရှောင်ဖုန်း လုပ်ရပ်မှာ ဆိုးသွမ်းရုံတင်မကဘဲ၊အခြားကိစ္စတစ်ခုခုနှင့် နှီးနွယ်နေနိုင်ကြောင်း ရိပ်မိသွား၏။
စုမုန့်အား မွေးသက္ကရာဇ်များကို ပြောပြတော့မည့် အဘွားကြီးမှာ တစ်ချက် တုံ့ဆိုင်းသွားပုံရသည်။စုမုန့်က သူမကို အတင်းအကြပ်မခိုင်းချင်၍
"အဘွား၊ကျွန်မကိုမပြောချင်ရင် အတင်းအကျပ် မခိုင်းပါဘူး...ရှောင်ယွီ ကို ကုသတာ၊မကုသတာက အဘွားအပေါ် မူတည်တယ်... ဘာဖြစ်သွားသွား ကျွန်မ ဂရုမစိုက်ဘူး"
စုမုန့် အမှန်အတိုင်းပြောနေခြင်းပင်။သူမက ခါတိုင်းဆို ယခုလို မဟုတ်ပေ။အခြားလူများကို ကူညီပေးပါက၊ အခကြေးငွေတောင်းခံမည် ဖြစ်သော်လည်း ရှောင်ယွီကို အခမဲ့ကူညီရန် ဆန္ဒရှိသည်။သူမသည် ရှောင်ယွီ နှင့် နီးစပ်သည်ဟု ခံစားမိသောကြောင့် အဘွားကြီးဆီမှ ပြန်ပေးဆွဲခြင်း ခံရသည်ကိုပင် သူမ စိတ်မ၀င်စားခဲ့ပေ။ သူမတို့အရင်က တွေ့ဖူးသလိုမျိုး ထူးဆန်းသည့် ခံစားချက်တစ်ခုဖြစ်တည်နေရသည်။ ရှောင်ယွီ မှာလည်း အလားတူ ခံစားချက်မျိုးရှိနိုင်တာကြောင့် သူမနှင့် ရင်းနှီးနေတာ ဖြစ်ရမည်။
"မဟုတ်ဘူး…မဟုတ်ဘူး…နင့်ကို ငါလုပ်ခဲ့တာတွေကို စိတ်မ၀င်စားဘဲ ရှောင်ယွီကို နင် ကူညီချင်နေတုန်းပဲလေ... ငါအရမ်းကျေးဇူးတင်တယ်၊ ငါ နင့်ကိုဘာမှ မပြောချင်ပါဘူး"
ထို့နောက် အဘွားကြီးသည် ရှောင်ဖုန်း၏ မွေးသက္ကရာဇ်အကြောင်း စုမုန့် ကို ပြောပြသည်။
အဘွားကြီး ပြောပြီးသည့်အခါ စုမုန့်က လက်ချောင်းများချိုးကာ တွက်ချက်ပါတော့သည်။သူမ ကြာကြာတွက်လေလေ မျက်နှာက ပိုမည်းလာလေလေပင်။သူမ မှန်းဆထားသည့်အတိုင်း ရှောင်ယွီ သည် ကျိန်စာတိုက်ခံထားရသည်။ ကျိန်စာတိုက်ခြင်း၏ အကြောင်းရင်းနှင့် ပတ်သက်၍ သက်ဆိုင်သူအား မေးမြန်းရမည်ဖြစ်သည်။
စုမုန့်သည် ရှောင်ဖုန်း ထံသို့ လျှောက်သွားပြီး စကားတစ်ခွန်းမှ မပြောဘဲ သူ့တစ်ကိုယ်လုံးကို သေချာစိုက်ကြည့်နေသည်။
စုမုန့်၏ဖြူဖျော့သောမျက်နှာနှင့် သူ့ဘေးတွင်ရပ်နေပုံကိုမြင်လိုက်ရသောအခါ ရှောင်ဖုန်း စိတ်မလှုပ်ရှားဘဲ မနေနိုင်တော့ပေ။ စုမုန့် က သူလုပ်ခဲ့တာတွေကို သိသွားမှာ ကြောက်နေမိသည်။သို့သော်၊ စုမုန့်က ဘာမှပြန်မပြောသဖြင့် သူမကို မကြည့်ချင်တော့ဘဲ မျက်လုံးမှိတ်ပြီး သတိလစ်ချင်ယောင်ဆောင်လိုက်၏။
စုမုန့် လုံးဝ သည်းမခံနိုင်ဘဲ ခြေထောက်ကို ဆန့်ပြီး သူ့အား ကန်ထုတ်လိုက်သည်။ သို့သော် ရှောင်ဖုန်း က သူမကို လျစ်လျူရှုပြီး မျက်လုံးသာ မှိတ်ထားလိုက်သည်။
“ရှင် စောစောကမှ တောင်ပြောမြောက်ပြောတွေ ပြောနေတာလေ …ဘာလို့ ရုတ်တရက် သတိလစ်ချင်ယောင်ဆောင်နေတာလဲ…ရှင့်ရဲ့အတိတ်အကြောင်းတွေအားလုံးကို ကျွန်မကို ပြောပြရမှာကို ဘာလို့ကြောက်နေတာလဲ"
စုမုန့် စကားကိုကြားလျှင်၊ ရှောင်ဖုန်း ၏ မျက်ခွံများက လှုပ်ယမ်းသွားသော်လည်း အဆုံးတွင် သူ မျက်လုံးကို မဖွင့်သေးပေ။
စုမုန့် စိတ်မ၀င်စားဘဲ
“ရှင့် အစ်မအကြောင်း သိလား… သူမ ကျိန်စာသင့်ခံထားရတာကို”
ရှောင်ဖုန်းက မဖြေ။ ဘေးမှာရပ်နေသည့် ဝမ်လဲ့က သူ့ကို ကြောက်သွားဖို့ ပြောလိုက်သည်။
"မင်း စောစောကပဲ ဒဏ်ရာတွေအများကြီးရလို့ မေ့မြောသွားခဲ့တာ...ဒါတောင် ဆရာမအပေါ်ကို ဒီလိုပြုမူရသေးလား...မင်း ဆရာမကို စိတ်မချမ်းသာအောင် လုပ်ရဲရင် ငါတို့ မင်းကို ဆက်ပြီး ရိုက်ပြမယ်"
(မကောင်းမှုမှန်သမျှ လုပ်ထားသူ...)
ဝမ်လဲ့၏ ခြိမ်းခြောက်မှုသည် ရိုးရှင်းပြီး ရက်စက်ကြမ်းကြုတ်သည်။ရှောင်ဖုန်း သည် ဝေ့ထင်ထံမှ အရိုက်ခံရသည့်အချိန်ကို အမှတ်ရနေခဲ့သည်။သို့ဖြစ်၍၊ သူက မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်ကာ
“မသိဘူး..ဒီအကြောင်းကို ကျွန်တော် ဘာမှ မသိပါဘူး”
ရှောင်ဖုန်းသည် ထောင့်တစ်နေရာမှာ ပိတ်မိခံရပြီး ဒဏ်ရာရသွားသော်လည်း၊ ထွက်ပြေးဖို့ တွေးနေဆဲပင်။ သူနှင့် ခြေနှစ်လှမ်းသာ ဝေးသည့် နေရာတွင်ရှိသော စုမုန့် ကို ကြည့်လိုက်သည်။ သူသာ အမြန်တုံ့ပြန်ပါက၊သူမကို ဓားစာခံအဖြစ် ခေါ်ဆောင်ကာ ထွက်ပြေးနိုင်သည်။ ယခု သူတို့လက်ထဲမှာ သေနတ်မရှိ၍၊ ဘယ်လောက်ပဲမြန်မြန် ဖမ်းကြပါစေ သူ့ထက်တော့ မြန်အောင်မပြေးနိုင်ချေ။သို့သော်၊ သူ့လက်ထဲမှာလည်း လက်နက်မရှိခြင်းက သနားစရာကောင်းလှသည်။သို့မဟုတ်ပါက၊ သံလေးတစ်ချောင်းပဲ ဖြစ်ဖြစ်ရှိလျှင် သူ့ကိုယ်သူ လွတ်မြောက်ဖို့ တိုက်၍ရနိုင်သေး၏။
!!
သူသာ မလွတ်မြောက်လျှင် ထောင်ကျမည်ဆိုတာ သူသိသည်။ သို့သော်လည်း ထောင်ထဲမှာနေရခြင်းက ဆင်းရဲလွန်းတာကြောင့် ထောင်ကလွဲပြီး သူ ဘာမှ မကြောက်တော့။
ရှောင်ဖုန်း သည် စုမုန့် ကို အမည်ဖော်ပြ၍မရသော အကြည့်ဖြင့် ကြည့်လိုက်သည်။ အခြားလူများက သူ့အတွေးကို မမြင်နိုင်သော်လည်း ဝေ့ထင်က မြင်နိုင်ခဲ့သည်။သူက စုမုန့် ဘက်ကို အမြန်လျှောက်သွားပြီး ရှောင်ဖုန်းကိုမျက်လုံးပြူး၍ ငုံ့ကြည့်လိုက်၏။
ဝေ့ထင် လျှောက်လာနေသည်ကိုမြင်လျှင်၊ ရှောင်ဖုန်းက စုမုန့်ကိုဖမ်းမည့် စိတ်ကူးကို စွန့်လွှတ်လိုက်သည်။ဝေ့ထင် ကို အနိုင်မယူနိုင်မှန်း သူ သိသောကြောင့် သူ့စိတ်ထဲမှ ကျိန်ဆဲရန်မှတပါး အခြားရွေးချယ်စရာမရှိပေ။
စုမုန့် သည် ဝေ့ထင် နှင့် ရှောင်ဖုန်း ကြားက အကြည့်အမူအရာအသေးစိတ်ကို ဂရုမစိုက်မိပေ။ သူမ အာရုံစူးစိုက်ထားသည်မှာ ရှောင်ဖုန်း ၏ ကံဇာတာအပေါ်တွင်သာဖြစ်သည်။သူမ ခဏလောက် စောင့်ကြည့်ပြီးနောက်
“ရှင် ငြင်းဖို့ ကြိုးစားမနေပါနဲ့...ရှင့်ကိုကြည့်ပြီး ရှောင်ယွီ ရဲ့ အဖြစ်ကို တွက်ချက်ပြီး အတည်ပြုပြီးသားပါ..ရှင်တို့ရဲ့ ကိုယ်ရေးကိုယ်တာ အာဃာတတွေကို ကျွန်မ စိတ်မဝင်စားဘူး…ကျွန်မ စိတ်ဝင်စားတာက ရှင် အစီအရင်ကို ဘယ်မှာလုပ်ထားလဲဆိုတာပဲ"
"မင်း ဘာတွေပြောနေတာလဲ... ငါလုံးဝနားမလည်ဘူး… ငါက ဖုန်းရွှေ ပညာရှင်မဟုတ်ဘူး…ဒီအကြောင်းတွေကို ငါဘယ်လိုသိမလဲ"
ရှောင်ဖုန်း ကတော့ ဝန်ခံဖို့ ငြင်းဆိုနေဆဲပင်။သူ ဝန်ခံရန် ငြင်းဆန်နေသရွေ့ အဆင်ပြေနေမည်ဟု ခံစားမိသည်။ နောက်ဆုံးတော့ သူတို့မှာ သက်သေမှမရှိတာပဲ...
သို့သော် စုမုန့် သည် ထိတ်လန့်ခြင်းမရှိပေ။သူမ ပြုံးပြီး ဝေ့ထင်ကို လှည့်ကြည့်လိုက်သည်။ ဝေ့ထင် နားလည်ပြီး သူ့ဖုန်းကို ထုတ်လိုက်ကာ စာမျက်နှာတစ်ခုကို အမြန်ရှာပြီး စုမုန့် အား ပေးလိုက်၏။
စုမုန့်က ဖုန်းထဲမှ အကြောင်းအရာကို ကြည့်ပြီး ပြုံးလိုက်၏။
"ရှင့်ရဲ့အချက်အလက်အားလုံးက ဒီမှာရှိတယ်…ရှင် စကားကိုပြန်ပြောင်းချင်ရင်တောင် အသုံးမဝင်ဘူး"
တစ်ကယ်တော့ ဝေ့ထင်က သူမကို ဆက်သွယ်ရေးကိရိယာအား ပေးလိုက်သည့်အခါ ဝေ့ထင်ဟာ ပြင်ပကမ္ဘာကို ဆက်သွယ်နိုင်မှန်း သိသည်။ဝေ့ထင်သည် အင်တာနက်မလိုအပ်ဘဲ တခြား လူများနှင့်ဆက်သွယ်ရန် အထူးနည်းလမ်းတစ်ခုရှိသော်လည်း စုမုန့် ကတော့ ဘာမှန်းမသိပေ။ သူမ အဖမ်းခံရသောအခါ ဝေ့ထင်သည် ရှောင်ဖုန်း နှင့် ပတ်သက်သည့် အချက်အလက်အားလုံးကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ဆက်သွယ်ရေးကိရိယာမှတစ်ဆင့် သူမအား ပြောပြခဲ့သည်။ဝေ့ထင်သည် ရှောင်ဖုန်းနှင့်ပတ်သက်သည့် အချက်အလက်အချို့ကို ရှာဖွေတွေ့ရှိကြောင်း သူမ သိသာသိသော်လည်း အကြောင်းအရာကို မသိခဲ့ပေ။
ယခုမှ အကြောင်းအရာတွေကို ဖတ်ကြည့်လိုက်ရင်း လေးနက်မှုကို သိလိုက်ရပြီး မျက်နှာက မည်းမှောင်သွားရသည်။ ရှောင်ဖုန်း၏ နာမည်အပြည့်အစုံမှာ တန်ဖုန်း ဖြစ်သည်။သူသည် အသက် ၃၅ နှစ်ရှိပြီဖြစ်ပြီး အလယ်တန်းကျောင်းမှထွက်ထားသူဖြစ်ကာ ဘွဲ့မရသေးပေ။သူ အလယ်တန်းကျောင်းတက်တုန်းက ကောင်မလေး တစ်ယောက်ကို နှိပ်စက်အနိုင်ကျင့် သဖြင့် ကျောင်းထုတ်ခံထားရခြင်းပင်။ထိုအချိန်က သူသည် အသက်မပြည့်သေးသောကြောင့် ပြစ်ဒဏ်မခံခဲ့ရပေ။အပြစ်မပေးခံရတာကြောင့်၊နောင်တွင် ပို၍ပို၍ မရိုးသားလာခြင်းဖြစ်နိုင်သည်။
နောက်ပိုင်းတွင် မူးယစ်ဆေးစွဲခြင်း၊ လောင်းကစားလုပ်ခြင်း၊ ပြည့်တန်ဆာများနှင့် ရှုပ်ပွေခြင်း အစရှိသည်တို့ကို စွဲလမ်းလာခဲ့သည်။ သူသည် ဥပဒေအရ တားမြစ်ထားသော အရာအားလုံးကို ထိလုနီးပါး ကိုင်ဖူးသည်။ အရေးကြီးဆုံးအချက်မှာ ဆိုးဆိုးရွားရွား လောင်းကစားလုပ်တာကြောင့် ဒေါသပြေပျောက်ရန် ကြုံရာလမ်းသွားလမ်းလာကို ရိုက်နှက်ခဲ့သည်။သူ အားကုန်သွားပြီးနောက်မှသာ လမ်းသွားလမ်းလာများကို လွှတ်လိုက်သည်။ သူသည် ရက်စက်လွန်းသောကြောင့် လမ်းသွားလမ်းလာတစ်ချို့ကို အပြီးတိုင် မသန်စွမ်း ဖြစ်သည်အထိ ရိုက်နှက်ခဲ့သူဖြစ်၏။
ထို့ကြောင့် ရှောင်ဖုန်း သည် ထောင်ထဲတွင် နှစ်အနည်းငယ်ကြာနေခဲ့ရသည်။ မူလက သူ ကျူးလွန်ခဲ့သော ရာဇ၀တ်မှုများအရ နှစ်အနည်းငယ်ကြာသည်အထိ ပြန်လွတ်လာမည်မဟုတ်ပေ။သို့သော် သူ ဒုက္ခရောက်ချိန်တိုင်း သူ့နောက်ကွယ်မှ အကာအကွယ်ပေးမည့်သူ ရှိခဲ့သည်။
ရှောင်ဖုန်း ၏လောင်းကစားကံက မကောင်းသလို အမြဲလည်းရှုံးတတ်သည်။ နောက်ဆုံးတွင် သူ ဒေဝါလီခံရတော့မည်ဖြစ်၍၊သူ့မိဘများ၏ ပိုင်ဆိုင်မှုကို မျက်စိကျခဲ့သည်။သူ့မိဘများအား သူ့ကို ပိုင်ဆိုင်မှုအများစု ပေးဖို့ အတင်းအကြပ် ခိုင်းသော်လည်း၊လက်လွန်သွား၍ သူ့အဖေမှာ ဦးနှောက်သွေးကြောပေါက်ပြီး ဆုံးသွားခဲ့၏။သူ့အဖေဆုံးပြီးနောက် သူ့အမေနှင့် အစ်မဖြစ်သူကို တစ်နေ့လုံး အနိုင်ကျင့်ပြန်သည်။
နောက်ပိုင်းတွင် ရှောင်ဖုန်း သည် တာအိုအဖိုးကြီးတစ်ဦးနှင့် အလွန်ရင်းနှီးပြီး ဘုရားကျောင်းသို့ မကြာခဏသွားလေ့ရှိသည်။သူတို့ နှစ်ယောက်လုပ်ခဲ့သည့်ကိစ္စနှင့် ပတ်သက်ပြီးတော့ အချက်အလက်များက မဖော်ပြထားပေ။
စုမုန့် အချက်အလက်များကို ဖတ်ကြည့်၏။ ရှောင်ဖုန်း အကြောင်းကိုကြားလျှင်၊အခန်းထဲက တခြားလူများမှာ ဒေါသတကြီး ဖြစ်သွားကြသည်။သို့သော် အဘွားကြီးကတော့ ဘာမှတုံ့ပြန်ခြင်းမပြုပေ။ စုမုန့် သည် သူမကို တစ်ချက်ကြည့်လိုက်ပြီး ရှောင်ဖုန်း ဆီမှ သူမလည်း ဤကဲ့သို့ ဆက်ဆံခံရဖူးကြောင်း နားလည်သွားသည်။
"ရှင့်ကို ကူညီခဲ့တဲ့ တာအိုအဖိုးကြီးက ဉာဏ်ကောင်းတယ်…ရှင့်ကံကြမ္မာအားလုံးကို တခါတည်း မစုပ်နိုင်ဘူးဆိုတာ သူသိတယ်…မဟုတ်ရင် သူလည်း တုံ့ပြန်မှုကို ခံရရုံမကဘူး၊ရှင့်ကံကြမ္မာကိုလည်း ထိခိုက်စေလိမ့်မယ်…ဒါကြောင့် သူက ရှောင်ယွီ ရဲ့ကံကြမ္မာကို စုပ်ယူနိုင်ဖို့ အစီအရင်နဲ့ ရှင့်ကို ကူညီပေးခဲ့တာ…ဆိုးကျိုးက အရမ်းနည်းလို့ ရှောင်ယွီ အသက်ကလည်း အန္တရာယ်မဖြစ်နိုင်ဘူး"
"ဒါပေမယ့် ရှင့်ရဲ့လုပ်ရပ်ကြောင့် ရှောင်ယွီ တဖြည်းဖြည်းနဲ့ နောက်ဆုံးမှာ အသိစိတ်တွေ ပျောက်ဆုံးသွားခဲ့တယ်"
xxxxxx