Chapter 178
(သူပဲ...)
စုမုန့်က ရှောင်ဖုန်း အား သူမသိသမျှကို ပြောပြသည်။စကားပြောနေစဉ်တွင် ရှောင်ဖုန်း ၏မျက်လုံးများကို သူမ ဆက်လက်စိုက်ကြည့်နေသည်။သူမ ရှောင်ယွီ အကြောင်းကိုပြောသည့်အခါ ရှောင်ဖုန်း မျက်လုံးတွေမှာ ထိတ်လန့်တကြားဖြစ်သွားသော်လည်း၊ချက်ချင်းပင် ပုံမှန်ပြန်ဖြစ်သွားသည်။သူမ တစ်ချက်ဟက်ကနဲရယ်လိုက်မိ၏။
သူမ စကားကြာကြာ ပြောလေလေ၊သူ့လျှို့ဝှက်ချက်များကို ထုတ်ဖော်လေလေဖြစ်သည်။ ယင်းကြောင့် ရှောင်ဖုန်း သည် စုမုန့် နှင့် ဝေ့ထင် ကို ထိတ်လန့်စွာကြည့်ကာ ရာထူးကြီးသူ တစ်စုံတစ်ယောက်ကို စော်ကားလိုက်မိပြီဟု ထင်မြင်လာခဲ့သည်။
"ခင်ဗျားတို့က ဘယ်သူလဲ… လျှို့ဝှက်ရဲစုံထောက်တွေလား… ကျွန်တော့်အတိတ်အကြောင်းကို ဘယ်လိုလုပ် ရှင်းရှင်းလင်းလင်းသိနေရတာလဲ"
ဝေ့ထင် က သူ့ကို အေးစက်စွာ စိုက်ကြည့်ကာ ရှုံ့ချစွာ ပြောလိုက်သည်။
“မင်းကို သူလျှိုလုပ်ဖို့ လုံးဝ မထိုက်တန်ဘူး”
!!
ဤစကားတစ်ခွန်းသည် ရှောင်ဖုန်းအား ထိတ်လန့်စေခဲ့သည်။အသေးစိတ်အချက်အလက်တွေကို အချိန်တိုတိုအတွင်းမှာ ရှာတွေ့နိုင်ခြင်းက အံ့မခန်းပင်။ စုမုန့် က ဝေ့ထင် ကို တိတ်တဆိတ် လက်မထောင်ပြလိုက်သည်။သူမကိုကြည့်ပြီး ဝေ့ထင် နှုတ်ခမ်းတွေက သေချာကြည့်မှ မြင်နိုင်လောက်သည့် အပြုံးတစ်ခုထွက်ပေါ်လာ၏။
“နောက်ဆုံး စုံစမ်းလို့မရတော့ဘူး... ဘုရားကျောင်းက အရမ်းထူးခြားနေတော့ ငါ့လူတွေက မစုံစမ်းနိုင်ခဲ့ဘူး”
ဝေ့ထင် ၏ လေသံမှာ အနည်းငယ် ဝမ်းနည်းသွားသည်။
" ရပါတယ်…အခု ဘယ်ဘုရားကျောင်းလဲ သိပြီဆိုတော့ ကျန်တာက ရိုးရှင်းပါတယ်”
စုမုန့်က တိုးတိုးလေးပြောသည်။စုမုန့် နှင့် ဝေ့ထင် တို့နှစ်ယောက်မှာ တီးတိုးတီးတိုး ပြောနေသော်လည်း အခန်းတွင်းရှိလူတိုင်းသည် ကိုယ်ပိုင်အတွေးနှင့်ကိုယ်မို့ သူတို့နှစ်ဦးကို စိတ်မ၀င်စားကြပေ။
အထူးသဖြင့် အဘွားကြီးက ရှောင်ဖုန်း ကို မယုံနိုင်ခြင်းများစွာဖြင့် စိုက်ကြည့်နေ၏။သမီးဖြစ်သူကို နာကျင်အောင် လုပ်သူက သူမ၏ သားဟု တစ်ခါမှ မတွေးဖူးပေ။
"ကျွန်မ ရှင်းရှင်းလင်းလင်းပြောပြီးပြီ၊ ရှင် ခုထိ လက်မခံသေးဘူးလား…ရှင် ဝန်ခံဖို့ ငြင်းဆန်နေရင် ကျွန်မက ပိုပြီး ပြင်းထန်တဲ့ နည်းလမ်းကို အသုံးပြုရမယ်…အစီအရင်ကို ဖျက်ဆီးဖို့ ရှင့်ခန္ဓာကိုယ်ကို ငှားသုံးမယ်…ပြီးရင် ရှင်လည်း ရှောင်ယွီ လို ဖြစ်လာလိမ့်မယ်…ကဲ ဘယ်လိုလဲ"
စုမုန့် သူ့ကို အေးစက်စွာ သတိပေးခဲ့သည်။
ရှောင်ဖုန်း သည် စုမုန့် အမှန်အတိုင်း ပြောနေသလား၊ဘာလားကို မသိပေ။သူက သံခုတင်ပေါ်တွင် ကြိုးဖြင့်ချည်နှောင်ခံထားရသော တာအိုအဖိုးကြီးကို အရင်ကြည့်လိုက်၏။တာအိုအဖိုးကြီး၏ ပါးစပ်သည် အင်းစာရွက်များဖြင့် ပြည့်နေ၍ စကားလည်း လုံးဝ မပြောနိုင်ပေ။ကံကောင်းထောက်မစွာ၊ သူ့မျက်လုံးများကတော့ အချက်ပြနိုင်သေးသည်။
စုမုန့် စကားကိုကြားပြီးနောက်၊တာအိုအဖိုးကြီးက ရှောင်ဖုန်း ကိုကြည့်လိုက်ရင်း ခေါင်းကို ခါပြလိုက်သည်။ ဆိုလိုသည့်သဘောက သူမကို မယုံသင့်ဘူးဟု ပြောခြင်းပင်။
အနည်းငယ်ကြောက်သွားသော ရှောင်ဖုန်း သည် တာအိုအဖိုးကြီးကိုမြင်လိုက်သောအခါ ချက်ချင်းစိတ်သက်သာရာရသွားသည်။ သို့ဖြစ်၍၊အရိုက်ခံရလျှင်တောင် ဘာမှ မပြောဖို့ ဆုံးဖြတ်လိုက်သည်။ရှောင်ဖုန်း က အခုချိန်ထိ အမှန်တရားကို မပြောသေးသဖြင့် အဘွားကြီးခမျာ ကျယ်လောင်စွာ အော်ဟစ်လာ တော့သည်။
"သားမိုက်…သူက မင်းရဲ့အစ်မပါ…ဘယ်လိုလုပ်ရက်တာလဲ…ငယ်ငယ်တုန်းက အစ်မက မင်းအပေါ် ဘယ်လောက်ကောင်းလဲဆိုတာ မေ့သွားပြီလား”
ဖြန်း...
အဘွားကြီးက လက်ကို မြှောက်ပြီး သားဖြစ်သူအား ပါးရိုက်လိုက်သည်။ အားများများထည့်ရိုက်လိုက်၍၊နဂိုက ခရမ်းရောင်ဖြစ်နေသော သူ့မျက်နှာကို ပို၍ပင် ဖောင်းလာစေသည်။
စုမုန့် နှင့် ဝေ့ထင် တို့က သူမကို တားရန် ရည်ရွယ်ချက်မရှိဘဲ ဂရုမစိုက်စွာကြည့်နေကြသည်။
သူ့လိုလူမျိုးဟာ ရိုက်နှက်ခံရဖို့ ထိုက်တန်ပြီး စာနာစိတ်နှင့်လည်း မတန်ပေ။ဤအဘွားကြီးကိုလည်း စာနာနေ၍ မဖြစ်ပေ။သူမသည် သမီးဖြစ်သူ သတိပြန်ရလာဖို့အတွက် လူပေါင်းများစွာ၏ဘဝကို လဲလှယ်အသုံးပြုခဲ့သည်။ သူမသည်လည်း ကိုယ်ချင်းစာတရားနှင့် မထိုက်တန်ပေ။စုမုန့် သူမ လုပ်နေတာတွေကို နားလည်နိုင်သော်လည်း၊မှန်သည်ဟူ၍တော့ မဆိုလိုပေ။
တစ်ချိန်တည်းမှာပဲ ဘေးမှာရပ်နေသည့် ဝမ်လဲ့ က ရှောင်ဖုန်း နှင့် တာအိုအဖိုးကြီးတို့ အကြည့်ချင်းဖလှယ်နေကြသည်ကို မြင်လိုက်ရသည်။ဖြစ်နိုင်သည်က၊ သူတို့နှစ်ယောက် ထွက်ပြေးဖို့ ကြိုးစားနေခြင်းပင်။သူ ဘာမှ မပြောဘဲ ဆက်ကြည့်နေရင်း သက်ပြင်းချကာဖြင့်
"သူက လောင်းကစားလည်း လုပ်တယ်…မူးယစ်ဆေးဝါးလည်း သုံးစွဲတယ်...မိန်းမကလည်း ပွေသေးတယ်… ဒီလိုလူမျိုးက ဒီကမ္ဘာမှာ ကောင်းကောင်းနေနေရတယ်လို့…သူ့အစ်မကိုတောင် ဒုက္ခရောက်အောင်လုပ်ထားတာ...ဖွီး ရွံစရာကောင်းတယ်… ငါတို့သင်္ချိုင်းဓားပြတွေက လူသေတွေကိုသာ တိုက်ခိုက်တာ... သူကတော့ အသက်ရှင်နေတဲ့သူတွေကို တိုက်ခိုက်ရုံတင် မကဘူး..မိသားစုကိုတောင် ချမ်းသာမပေးဘူး"
ဝမ်လဲ့ ထိုသို့ပြောပြီးနောက် ခေါင်းကို ရင်ဘတ်နားအထိသို့ ငုံ့ထားသော တာအိုအဖိုးးကြီးအား ကြည့်လိုက်ရင်း အတွေးတစ်ခု ရုတ်တရက် ပေါက်ကွဲသွားသည်။ သူက စုမုန့် ကို မယုံကြည်နိုင်စွာ မေးလိုက်သည်။
“ဆရာမ ဒါ ဆရာမ ပြောခဲ့တဲ့သူလား”
စုမုန့် ခေါင်းငုံ့ပြီး ဖုန်းကိုကြည့်လိုက်သည်။ စာရွက်စာတမ်း၏အဆုံးတွင်၊ ဓာတ်ပုံနှစ်ပုံရှိသည်။ တစ်ခုက ရှောင်ဖုန်း ဓာတ်ပုံဖြစ်ပြီး နောက်ပုံကတော့ လူတစ်ယောက်၏ပုံပင်။သူမ ခေါင်းငုံ့ပြီး တာအိုအဖိုးကြီးကို ကြည့်လိုက်သည်။ သူ့မေးစေ့ပေါ်က မုတ်ဆိတ်မွေးကလွဲ၍ ဓာတ်ပုံထဲကမှ လူတစ်ယောက်နှင့် အတိအကျကို တူနေသည်။
"ဒါ သူပဲ"
စုမုန့် မဖြေခင် ဝေ့ထင် က ပြန်ဖြေသည်။ဝေ့ထင်က အချက်အလက်တွေဖတ်ပြီးပြီလား ဆိုသည်ကို တွေးရင်း အံ့သြတကြီးနှင့် သူ့ကိုမော့ကြည့်လိုက်၏။ဝေ့ထင်က သူမ စိတ်ကို ဖတ်ထားပုံရသည်။ သူမ ဘာမှမပြောမီ ပြန်ပြောသည်။
“ကိုယ် ဖတ်ပြီးပါပြီ"
စုမုန့် ခေါင်းသာညိတ်ပြီး တခြားဘာမှတုံ့ပြန်ခြင်းမရှိ။
(ဝေ့ထင် ငါ့ကိုသတ်ချင်နေတာ...)
"တခြားမကောင်းတဲ့ကိစ္စ လုပ်ရင်တောင် ဘာမှမပြောလိုဘူး…မင်းက ကောင်မလေးတစ်ယောက်ကိုတောင် မုဒိမ်းကျင့်ခဲ့တာပဲ…တာအိုအဖိုးကြီး တစ်ယောက်အနေနဲ့ ကူညီသင့်တဲ့လူတွေကို မကူညီဘဲ ဥပဒေကိုချိုးဖောက်တဲ့သူကို မင်း ကူညီခဲ့တယ်… မင်း တကယ်ပဲ အရိုက်ခံသင့်တယ်!”
နောက်ကွယ်မှ လူသတ်သမားသည် ဤနေရာတွင် ရှိနေကြောင်း ကြားသည်နှင့် တပြိုင်နက် ဝမ်လဲ့သည် သူ့လက်ကို မြှောက်ကာ နှစ်ကြိမ် အသက်ရှူသွင်းလိုက်သည်။ ထို့နောက် လက်ကို ဘယ်ပြန်ညာပြန် ပွတ်သပ်ကာ တာအိုအဖိုးကြီး၏ နံဘေးသို့ ဒေါသတကြီး လျှောက်သွားခဲ့သည်။ထို့နောက် တာအိုအဖိုးကြီး၏ဆံပင်ကို ဖမ်းကိုင်လိုက်ပြီး ခေါင်းကို မော့စေလိုက်သည်။
“ဝူ၊ ဝူ၊ ဝူး…ဝူးဝါး…”
တာအိုအဖိုးကြီး ရှင်းပြချင်သော်လည်း သူ့ပါးစပ်ထဲမှာ အင်းစာရွက်များအဆို့ခံထားရ၍ စကားလုံးဝမပြောနိုင်။
"အခုမှ မင်းဘာတွေကြောက်နေတာလဲ… မကောင်းတဲ့ အကြံအစည်တွေ ပေါ်လာတဲ့ အချိန်မှာ ကလေးမလေးကို ဘာလို့ မစာနာမိတာလဲ”
တာအိုအဖိုးကြီးကိုကြည့်ရင်း ဝမ်လဲ့ စိတ်ထဲတွင် ဒေါသစိတ်နှင့်ပြည့်နေသည်။သို့သော်လည်း၊လူတွေကို သူ ရိုက်၍မရသလို၊ သူတစ်ပါးအား ထိခိုက်စေပါက၊သူလည်း ဒုက္ခရောက်မည်ဆိုတာကို သိနေ၏။ဘယ်သူ့ကိုမှ မထိခိုက်စေနိုင်သော်လည်း တခြားအရာများကို သူလုပ်နိုင်သည်။ ဘယ်သူ့ကိုမှ ထိခိုက်နစ်နာအောင် မလုပ်သရွေ့ သူလည်း အဆင်ပြေနေလိမ့်မည်။ ထိုသို့တွေးပြီး ဝမ်လဲ့က တာအိုအဖိုးကြီး၏ ဆံပင်တွေကို ပိုနာအောင် ဆွဲယူလိုက်၏။
တာအိုအဖိုးကြီးခမျာ နာကျင်လွန်း၍၊ သူ့မျက်လုံးထဲက မျက်ရည်တွေ စီးကျလာသော်လည်း၊ စကားမပြောနိုင်ဘဲ ဝူးဝူးဝါးဝါး အသံတွေသာ ထွက်နေခဲ့သည်။ဝမ်လဲ့ ဘာမှမသိသလို ဟန်ဆောင်ကာ သူ့ဆံပင်တွေကိုသာ ခပ်ကြမ်းကြမ်း ဆုပ်ကိုင်လိုက်ပြီး လက်မလွှတ်ပေးပေ။သူ့ကိုယ်သူလည်း လူကောင်းမဟုတ်မှန်း အမြဲတွေးနေခဲ့သည်။ထို့ကြောင့် သူသည် တခြားသူများ၏ သင်္ချိုင်းတွင်းကို တူးဖော်ရာတွင် မည်သည့်ဖိအားကိုမှ မခံစားခဲ့ရပေ။သို့သော် သူခိုးများပင်လျှင် စည်းကမ်းရှိ၏။ သူကလည်း သင်္ချိုင်းတူးပြီး ပစ္စည်းခိုးယူခြင်းမှလွဲ၍ အခြားမကောင်းမှုများကို တစ်ခါမျှမလုပ်ဖူးပေ။ အထူးသဖြင့် အသက်ကြီးသူ၊ ငယ်ရွယ်သူများ၊ နေမကောင်းဖြစ်နေသူ၊ မသန်စွမ်းသူများကို အနိုင်မကျင့်ခဲ့ဖူးချေ။ ယခု တာအိုအဖိုးကြီးကို တော့ ချွင်းချက်ပင်။
ခဏလောက်ကြာတော့ အဘွားကြီးက သူ့သားကို ရိုက်နှက်ဆုံးမကာ၊ ဝမ်လဲ့က တာအိုအဖိုးကြီးအား ပညာပေးပြီးနောက် အခန်းငယ်လေးဟာ ရုတ်တရက် အသက်ဝင်သွားရ၏။
အဘွားကြီး ငိုယို၍ ဆဲဆိုကြိမ်းမောင်းနေသည်ကို စုမုန့် အချိန်အတော်ကြာအောင် ကြည့်ပြီးသည့်နောက် အချိန်ဖြုန်းသည်ဟု ခံစားရသည်။ သူမ မြန်မြန် အနားယူပြီး မနက်ဖြန် စောစော ဆေးရုံကို ပြန်သွားချင်သည်။ထို့ကြောင့် အဘွားကြီးကို တားပြီး ထပ်မရိုက်ဖို့ ပြောလိုက်သည်။
စုမုန့်က ရှောင်ယွီကို ကူညီနိုင်သူဖြစ်သည့်အတွက် အဘွားကြီးက သူမစကားကို နားထောင်ခဲ့သည်။ ထို့ကြောင့် သူမသည် ဒေါသထွက်နေသော်လည်း ဆက်ပြီး မပြောဆိုမရိုက်နှက်တော့ဘဲ ဘေးတွင်သာ ရပ်လိုက်သည်။
ရှောင်ဖုန်းလည်း အရိုက်ခံရခြင်းမှ လွတ်သွားကာ နောက်ဆုံးတွင် သူ့အသက်ရှူရန် အခွင့်အရေးရခဲ့သည်။ သူက စုမုန့် ကို မော့ကြည့်ပြီး
"ငါပြောရင် ဒီနေရာကနေ ထွက်သွားခွင့်ပေးမလား… သေချာတာကတော့ ငါဘာမှမဖြစ်ခဲ့ဘူးလို့ ဟန်ဆောင်ပြီး ဘယ်သူ့ကိုမှ မပြောဘူးဆိုတာ ကတိပေးတယ်”
“ငါ့ရဲ့ အကြောင်းတွေကို မင်း အခုပဲဖတ်လိုက်တာ ဆိုတော့ ငါ့နောက်မှာ သူဌေးတစ်ယောက်ရှိတယ်ဆိုတာ မင်းတို့ သတိထားမိမှာ သေချာတယ်… မင်းတို့ ငါ့ကို နှိပ်စက်ခဲ့တာကို သူသိရင် မင်းတို့ကို ခွင့်လွှတ်မှာမဟုတ်ဘူး…မင်းတို့ ဒီနေ့ ထွက်သွားရင်တောင် သူ့ရဲ့ အရှိန်အဝါနဲ့ဆို မင်းတို့ကို မကြာခင် တွေ့လိမ့်မယ်"
စုမုန့် ၏ မျက်နှာအမူအရာမှာ လုံးဝပြောင်းလဲခြင်းမရှိပေ။
"ကျွန်မ အသက်ကို လိုချင်တဲ့သူတွေ အများကြီးရှိတယ်၊ နောက်ထပ်တစ်ယောက်တိုးလာလည်း ဘာမှမဖြစ်ဘူး"
သူမက လျစ်လျူရှုကာ ပြန်ဖြေလိုက်ပြီး နောက်က ဝေ့ထင်ကို လက်ညှိုးထိုးပြရင်း
"သူ့ကို တွေ့လား"
ရှောင်ဖုန်း ခေါင်းညိတ်လိုက်ပြီး သူမ ဘာကိုဆိုလိုသည်ကို နားမလည်သလို ဝေ့ထင် လည်း စိတ်ရှုပ်သွားရသည်။
“သူကလည်း ကွန်မကို သတ်ဖို့ ကြိုးစားတဲ့လူထဲက တစ်ယောက်ပါ...ဒါပေမယ့် နောက်ပိုင်းမှာ ကျွန်မတို့ ဆက်ဆံရေးက ပိုကောင်းလာတယ်...”
သူမသည် မလိမ်မညာဘဲ သူမ၏ အတိတ်ဘဝအကြောင်းကိုသာ ပြောနေခြင်းဖြစ်သည်။
ရှောင်ဖုန်း "..."
သူဘာပြောနိုင်မှာလဲ...သူတစ်ယောက်တည်းတော့ မဟုတ်၊ဝေ့ထင် ပင် စကားမပြောနိုင်ဘဲ ဆွံ့အသွားရ၏။သူက စုမုန့် ကို သတ်ဖို့ ဘယ်တုန်းက တွေးဖူးလို့လဲ…
စုမုန့်က သူ့ကို တစ်ကယ်နားလည်မှုလွဲနေတာလား၊သို့မဟုတ် ရှောင်ဖုန်း ကို ကြောက်အောင်ခြိမ်းခြောက်ဖို့ ကြိုးစားနေတာလား မသိသော်လည်း၊ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် စုမုန့် တစ်ယောက်တည်းရှိနေချိန်မှာ သူ ရှင်းရှင်းလင်းလင်းပြောပြချင်နေမိသည်။
စုမုန့်သည် ရှောင်ဖုန်းက အမှန်အတိုင်းပြောဖို့ ငြင်းဆိုဆဲဖြစ်၍၊ ဆက်ပြောမနေတော့။သူမက သတင်း အချက်အလက်ပေါ်ရှိ လိပ်စာကို တစ်ချက်ကြည့်လိုက်ပြီး ရှောင်ဖုန်း သွားတတ်သော ဘုရားကျောင်းကို ဖတ်ကြည့်လိုက်သည်။
"ပုံစံမဲ့ဘုရားကျောင်း…ဒါဆို ဒီဘုရားကျောင်းပဲဖြစ်မယ်”
သူမသည် ဘုရားကျောင်းသို့ ရှားရှားပါးပါးသွားခဲသောကြောင့် ဘုရားကျောင်းသည် မည်သည့်နေရာတွင် ရှိသည်ကို သူမ မသိပေ။သို့သော်လည်း၊ အရေးမကြီး၊ နာမည်သိနေသရွေ့ ရှာရမခက်ချေ။
ဘုရားကျောင်းနာမည်ကို စုမုန့် က ပြောနေသည်ကို ကြားလျှင် ရှောင်ဖုန်း ရယ်လိုက်ပြီး ရှင်းပြသည်။
"ဘာပဲဖြစ်ဖြစ် အဲ့ဒီက သာမာန်လူတွေ ဝင်လို့မရဘူး"
"ဒါဆို ရှင့်အစ်မရဲ့ကံကြမ္မာကို ခိုးယူဖို့ ပုံစံမဲ့ဘုရားကျောင်းမှာ အစီအရင် တည်ထောင်ခဲ့တာကို ရှင် ဝန်ခံသလား…ဘုရားကျောင်းဆိုတာ ဗုဒ္ဓကို ကိုးကွယ်ဖို့ လုပ်ထားတဲ့ နေရာတစ်ခုပါ…ဘာလို့ ဘုရားကျောင်းကိုမှ သွားပြီး ဒီလောက်ဆိုးရွားတဲ့ အစီအရင်ကိုလုပ်ရတာလဲ..."
ရှောင်ဖုန်း ပါးစပ်ကို ပိတ်ထားလိုက်သည်။ စုမုန့်သည် သူ့ထံမှ သတင်းရယူရန် ကြိုးစားနေကြောင်း သူနားလည်သည်။ သူ များများပြောလေ အမှားများလေလေဖြစ်၍ စကားတစ်ခွန်းမှ မပြောဖို့ ဆုံးဖြတ်လိုက်တော့သည်။
xxxxxxxx