အပိုင်း ၁၈၀
Viewers 15k

Chapter 180

(ကောက်ရတဲ့ကလေး)


ထိုစဉ် ဝမ်လဲ့က တာအိုအဖိုးကြီး၏ ခေါင်းကို ဖြန်းကနဲရိုက်လိုက်ပြီး 


“ပါးစပ်ပိတ်ထား ဒါမှမဟုတ်ရင် မင်းကို အရင်သတ်ပစ်လိုက်မယ်”


 တာအိုအဖိုးကြီးသည် ဝမ်လဲ့က သူ့ကို မသတ်ဝံ့ကြောင်း သိသော်လည်း  ရိုက်နှက်မည် ဖြစ်ကြောင်း သိလေသည်။  ‌ဝမ်လဲ့သည် သင်္ချိုင်းသို့ တစ်နှစ်ပတ်လုံး ရောက်ဖူးသူဖြစ်သောကြောင့် သူ၏ ကာယကြံ့ခိုင်မှုမှာ သာမန်မဟုတ်ပေ။‌ဝမ်လဲ့၏ရိုက်ချက်က သူ့ကို တိုက်ရိုက် ထိတ်လန့်စေခဲ့သည်။တာအိုအဖိုးကြခမျာ စကားဆက်မပြောဝံ့ဘဲ ရှောင်ဖုန်း ကိုသတိပေးရုံသာ စိုက်ကြည့်နေတော့သည်။


တာအိုအဖိုးကြီးက ခြိမ်းခြောက်သလိုမျိုး ရှောင်ဖုန်းကို ကြည့်နေသဖြင့် ‌ဝမ်လဲ့ နောက်တစ်ကြိမ် ထပ်ရိုက်လိုက်၏။ဤတစ်ကြိမ်တွင် တာအိုအဖိုးကြီးသည် သူ့မျက်စိရှေ့တွင် ကြယ်လများကို မြင်သည်အထိဖြစ်ကာ ခေါင်းကို အမြန်ငုံ့ပြီး ဘာမှ မလုပ်ဝံ့တော့။


 “ဆက်လုပ်ပါ...သူ့ကို ငါတာဝန်ယူတယ်" 


‌ဝမ်လဲ့က ရှောင်ဖုန်းကို နှစ်သိမ့်သလိုမျိုး ပြောလိုက်၏။


 !!


ရှောင်ဖုန်း "..."


 အခု အရေးကြီးဆုံးအရာက သူ့အသက်ကိုသူ စောင့်ရှောက်ဖို့ပါလား..သူ့ရှေ့က လူတွေက သူ့ထက်တောင် ရာဇ၀တ်ကောင်တွေနဲ့ ပိုတူနေတာမလား... 


 "ကိုယ့်ကံကိုပြောင်းလဲဖို့ တခြား လူတစ်ယောက်ရဲ့ကံကြမ္မာကို စုပ်ယူရတယ်လို့ တာအိုအဖိုးကြီးက သူဌေးကိုပြောတယ်...သူဌေးကလည်း  စီးပွားရေးမကောင်းတဲ့အတွက် ကျွန်တော်တို့ကို လူရွေးခိုင်းတယ်…ကျွန်တော်လည်း  ဘယ်သူ့ကို ရွေးရမှန်း မသိဘူး...ဒါပေမယ့် မရွေးချယ်ရင်လည်း အရိုက်ခံရလိမ့်မယ်လေ"


ရှောင်ဖုန်းက သူ့အင်္ကျီကို ရုတ်လိုက်ပြီး စုမုန့် အား ဒဏ်ရာတွေကို ပြဖို့ပြင်လိုက်သည်။ထိုအခါ သူ့ကိုယ်ပေါ်မှာ ခရမ်းပုပ်ရောင် ဒဏ်ရာများအား တွေ့ရလေ၏။သို့သော်၊ဤဒဏ်ရာများက ဝေ့ထင် လက်ချက်ကြောင့်ပင်။အရင်ဒဏ်ရာများကို မြင်တောင်မမြင်ရတော့။ရှောင်ဖုန်းလည်း ခပ်ရှက်ရှက်ဖြင့် သူ့အဝတ်အစားကို ပြန်ချလိုက်သည်။


စုမုန့် "..."


ရှောင်ဖုန်းကပဲ ​​အခုချိန်မှာ သနားစရာ ကောင်းနေသလိုပဲလို့ သူမ ဘာကြောင့်ခံစားရတာလဲ...  


'မဟုတ်ဘူး၊ ငါက လူတွေကို နာကျင်အောင်လုပ်တဲ့လူတွေကို ကိုယ်ချင်းစာလို့ မရဘူး' သူမ အသက်ပြင်းပြင်းရှူပြီး ရှောင်ဖုန်း စကားကို ဆက်နားထောင်လိုက်၏။


“သူဌေးက တာအိုအဖိုးကြီးရဲ့ နည်းလမ်းကို လိုက်နာပြီး တခြားသူတွေရဲ့ ကံကြမ္မာကို စုပ်ယူချင်တယ်လေ...ငါလည်း ဘယ်သူ့ကိုရှာရမှန်းမသိလို့ နောက်ဆုံးမှာ အစ်မကိုပဲ ရွေးနိုင်ခဲ့တယ်…သူက ငါ့အစ်မအရင်းမဟုတ်ဘူး၊ ငါတို့ကြားမှာ သွေးသားချင်း ဆက်ဆံရေးမရှိဘူး”


 အဘွားကြီးအပါအဝင် ရောက်ရှိလာသူအားလုံးက သူ့စကားကြောင့် ထိတ်လန့်သွားကြသည်။


ရှောင်ယွီက အဘွားကြီး၏ သမီးအရင်းမဟုတ်ဘူးဆိုပါလား…ဒါဆို ဘာလို့ ဒီအဘွားကြီးက ရှောင်ဖုန်း ထက်တောင် သူမကို ကောင်းကောင်း ဆက်ဆံရတာပါလိမ့်…


 "သူက ရှင့်ရဲ့ အစ်မအရင်းမဟုတ်ဘူးလား"  


စုမုန့် လည်း အံ့သြသွားသည်။လူတစ်ယောက်၏ ကံကြမ္မာကို သူမ ဖတ်နိုင်သော်လည်း မျက်လုံးနှင့်ကြည့်ရုံဖြင့် သွေးသားရင်း ဟုတ်၊မဟုတ် သူမ မပြောပြနိုင်ပေ။ရှောင်ယွီအပေါ် အဘွားကြီး၏ သဘောထားမှာ သွေးသားရင်းချာလိုမျိုး ဖြစ်နေရ၏။


 အားလုံး အံ့အားသင့်သွားကြသည်ကို မြင်လိုက်ရလျှင် ရှောင်ဖုန်း ရယ်မောလိုက်သည်။


 "ရှောင်ဖုန်း မင်း...ဒါဆို မင်းလည်း သိပြီးပြီလား" 


 အဘွားကြီးက ရှောင်ဖုန်း ကို တုန်လှုပ်သောအသံဖြင့် မေးသည်။


ရှောင်ဖုန်း က ခေါင်းညိတ်လိုက်ပြီး


 "ဟုတ်တယ်၊ ကျွန်တော် ငယ်ငယ်လေးကတည်းက သိခဲ့တာ…အစ်မရဲ့အနာဂတ်အစီအစဥ်နဲ့ ပတ်သက်ပြီး ခင်ဗျား အဖေနဲ့ ရန်ဖြစ်ခဲ့တယ်မလား...ကျွန်တော် အကုန်ကြားတယ်"


 အဘွားကြီးသည် ထိုစကားကိုကြားသောအခါ တိတ်ဆိတ်နေ၏။


စုမုန့် က ဖြစ်ပျက်ခဲ့သမျှကို ခန့်မှန်းပြီး အကြမ်းဖျင်း သဘောပေါက်သွားရသည်။


 "ရှင့်အမေက ရှင့်ထက် ရှောင်ယွီကို ပိုချစ်လို့ သူမကိုမုန်းပြီး အညှိုးထားနေတာ မလား"


သူမ အဘွားကြီး၏ ရွှေရောင်ဘဝလမ်းခရီးကို တွေးတောရင်း အကြောင်းပြချက်ကို ရုတ်တရက် သဘောပေါက်သွားသည်။ သူမက အဘွားကြီးဆီ လှည့်ပြီး မေးလိုက်သည်။ 


"အဘွား၊ ရှောင်ယွီကို မွေးစားထားတယ်မလား...အဘွားရဲ့ မွေးစားသမီးကို ပြုစုပျိုးထောင်ဖို့အတွက် သားအရင်းကိုတောင် အဘွား လျစ်လျူရှုခဲ့တာပဲ မဟုတ်လား"


 အဘွားကြီးက ဘာမှမပြောဘဲ ခေါင်းညိတ်ပြီး သက်ပြင်းချလိုက်သည်။


“အဘွားရဲ့ ကံကြမ္မာကို ကျွန်မ စောင့်ကြည့်ပြီးပြီ...အဘွားက မကြောင့်မကြဘဲ နေနေခဲ့ရတာ...အခုလည်း ချမ်းသာလာမယ်ဆိုတဲ့ အရိပ်အယောင်တောင် ပြနေပါသေးတယ်…အဘွားမှာလည်း ကလေးနှစ်ယောက်လုံးကို တစ်ပြိုင်နက်တည်း ပြုစုပျိုးထောင်နိုင်စွမ်း အပြည့်ရှိပေမယ့် ဘာလို့ သားတစ်ယောက်ကိုပဲ ပစ်ထားတာလဲ"


 မွေးစားမိဘတော်တော်များများက မွေးစားသားသမီးတွေကို သူတို့သားသမီးအရင်းထက် ပိုချစ်ကြသည်။ မိဘများက သူတို့ သားသမီးများအား မည်ကဲ့သို့ ဆက်ဆံသည်ကို သူမမှာ အကဲဖြတ်ပိုင်ခွင့် မရှိကြောင်း  သိသည်။သို့သော်လည်း၊မိဘများ၏ ဘက်လိုက်ပြီး မျက်နှာသာပေးခြင်းကြောင့် ကလေးတစ်ယောက်မှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကြုံနိုင်သည်။ 


 "အာ…ငါ့အပြစ်ပါပဲ" 


အဘွားကြီး သက်ပြင်းချလိုက်သည်။


"ရှောင်ဖုန်း မမွေးခင်တုန်းက ငါ ကိုယ်ဝန်မဆောင်နိုင်ခဲ့ဘူး…အဘိုးကြီးက ကလေး တကယ်လိုချင်နေတာ…  နောက်တော့ ငါ အားငယ်မှာ စိတ်ပူပြီး ကလေး လိုချင်တယ်လို့ သိပ်မပြောတော့ပါဘူး...ဒါ‌ပေမယ့် သူက တခြားသူတွေရဲ့ ကလေးတွေကိုဆို သဘောတကျကြည့်နေတတ်တာ"


 “သူက ငါ အတွေးလွန်မှာကိုကြောက်လို့သာ မပြောတာ.. သူ့ရင်ထဲမယ် ဘာတွေ ဖြစ်နေလဲဆိုတာ ငါ သိတာပေါ့…ငါတို့လည်း တတ်နိုင်သမျှ ကြိုးစားခဲ့ပေမယ့် အလုပ်မဖြစ်ခဲ့ပါဘူး...  ဒီတော့ အဘိုးကြီးနဲ့ငါဟာ ပေါ့ပေါ့ပါးပါး ဘဝကို ဖြတ်သန်းရတာ မဆိုးဘူးလို့ စိတ်ကူးမိကြတယ်…  ဒါကြောင့် ကလေးယူဖို့ အတင်းအကြပ်မကြိုးစားတော့ဘဲ တို့နှစ်ယောက်တည်း ခရီးစထွက်တော့တယ်”


 “ ခရီးထွက်နေတုန်းမှာ ကလေး တစ်ယောက် ကောက်ရတယ်..ကြည့်ရတာ နှစ်လသုံးလပဲရှိသေးတယ်… အကြောင်းတစ်ခုခုကြောင့် သူ့မိဘတွေက သူမကို စွန့်ပစ်ခဲ့တာ”


 “အဲဒီတုန်းက ငါတို့မှာ ကလေးလိုချင်ပေမယ့် မမွေးနိုင်ခဲ့လို့ အဲ့ဒီကလေးကို မွေးစားဖို့ ဆုံးဖြတ်ခဲ့တာပါ...မွေးစားပြီးမှ အဲ့ဒီကလေးကို ဘာကြောင့် စွန့်ပစ်ခဲ့တာလဲဆိုတာ သိလိုက်ရတယ်… ကလေးက အပြင်းဖျားနေတာလေ...တော်သေးတာက၊ငါတို့လင်မယားမှာလည်း ငွေရှိတော့ ကလေးကို ကုသဖို့ ပိုက်ဆံအများကြီးသုံးခဲ့တယ်”


(အရည်အချင်းမရှိဘူး...)


“ထူးဆန်းတယ်...ကလေးကို ကုသပြီးနောက် တစ်နေ့မှာ ငါ ရုတ်တရက် ဖျားလာပြီး အန်လည်းအန်တယ်…ဖျားနေတယ်ထင်လို့ ဆေးရုံကို သွားစစ်ကြည့်တော့ ကိုယ်ဝန်ရှိနေတာကို သိလိုက်ရတယ်”


 “ဒီကလေးက ငါတို့ရဲ့ ကံကောင်းတဲ့ ကြယ်ပွင့်ကလေးပါ…သူမ စရောက်ကတည်းက တို့ရဲ့လုပ်ငန်းက ပိုကောင်းလာသလို တို့မှာ ကိုယ်ပိုင်ကလေးလည်း ရှိလာတယ်”


"အားလုံး အဆင်ပြေသွားပေမယ့် ရှောင်ဖုန်း မွေးပြီးတော့ ပြောင်းလဲလာမယ်လို့ တို့လည်း မမျှော်လင့်ထားပါဘူး... ရှောင်ဖုန်း ရှိလာကတည်းက ရှောင်ယွီ နဲ့  အဘိုးကြီးရဲ့ ကျန်းမာရေးက ပိုဆိုးလာပြီး လုပ်ငန်းမှာလည်း အမြဲတမ်း ပြဿနာတက်လာတယ်..နောက်တော့ ငါ ဗေဒင်ဆရာဆီ သွားကြည့်တော့ ရှောင်ဖုန်း က အကြွေးလာတောင်းတဲ့သရဲတဲ့...ရှောင်ဖုန်းက အဘိုးကြီးဆီက အကြွေးလာတောင်းတယ်လို့  ပြောတယ်"


 “ဒါကိုဖြေရှင်းနည်းက အရမ်းရိုးရှင်းပါတယ်၊ အဲဒါကတော့ သူ့ကို လျစ်လျူရှုပြီး သူ့ကို မိသားစုလို မဆက်ဆံပါနဲ့တဲ့…ငါတို့က သူ့ကို အပြင်ပန်းကပဲ လျစ်လျူရှုခဲ့တာ…သူ့ကို ငွေနဲ့ ပတ်သတ်လာရင်တော့ ဆိုးဆိုးရွားရွား မဆက်ဆံပါဘူး...ဗေဒင်ဆရာရဲ့ နည်းစနစ်ကို လိုက်နာကြည့်တော့ အလုပ်ဖြစ်ခဲ့တယ်…  မကြာခင်မှာပဲ ရှောင်ယွီ နဲ့ အဘိုးကြီးရဲ့ ကျန်းမာရေး ပိုကောင်းလာတော့တယ်”


 “ငါတို့က သူ့ကို အပေါ်ယံက လျစ်လျူရှုထားပေမယ့် သူ့ကို ငါတို့စိတ်ထဲကတော့  ချစ်နေတုန်းပဲ…ပိုက်ဆံဆိုလည်း ပေးတယ်…အထူးသဖြင့်တော့ ရှောင်ယွီက သူ့ကို သူ့မောင်လေးလို သဘောထားပြီး ကောင်းတာ တစ်ခုခုဖြစ်တဲ့အခါတိုင်း သူ့အတွက်ကို အမြဲတွေးနေတတ်တာ… ဒါပေမယ့် ဒီကောင်က ဒီလောက် ကျေးဇူးကန်းလိမ့်မယ်လို့ မမျှော်လင့်ထားဘူး…သူက ငါတို့အပေါ် သစ္စာမဲ့ရုံတင်မကဘူး၊ သူ့အပေါ်အရမ်းကောင်းတဲ့ ရှောင်ယွီ ကိုတောင် ထိခိုက်စေခဲ့တယ်!"


ထိုအချိန်တွင် အဘွားကြီး၏ မျက်နှာသည် ဒေါသများ ပြည့်နှက်နေ၏။သူမသည် ရှေ့မှ သားလေးကိုကြည့်ပြီး စိတ်ပျက်နေသော မျက်လုံးများဖြင့် ကြည့်လိုက်၏။သူမ၏ စကားကိုကြားပြီးနောက် ရှောင်ဖုန်း အလွန်တုန်လှုပ်သွားခဲ့သည်။သူက အဘွားကြီးကို မုန်းတီးစွာ စိုက်ကြည့်ကာ


 "ဒါကြောင့်ပဲ ကျွန်တော့်ကို ဂရုမစိုက်တာလား" 


 "ကျွန်တော် ဆိုးလာရတဲ့အကြောင်းရင်းက ခင်ဗျားကြောင့်ပဲ…ကျွန်တော်က ခင်ဗျားရဲ့ သားအရင်းပါ...သူမကိုတော့ လမ်းဘေးကနေ ခေါ်ထုတ်ခဲ့ပေမယ့် ဘာလို့ သူမကိုကျ ကျွန်တော့်ထက် ပိုကောင်း‌ပေးတာလဲ"


 "ကျွန်တော့်ဘက်က မှန်နေရင်တောင် ကျွန်တော့်ကို ဂရုမစိုက်ဘူး…ကျွန်တော် အနိုင်ကျင့်ခံရတာတောင် ကျွန်တော့်ကို ဂရုမစိုက်ဘဲ ကျွန်တော့်အပြစ်လားလို့တောင် မေးခွန်းထုတ်ခဲ့တယ်"


 “သူမ နေမကောင်းဖြစ်ပြီးနောက်မှာတောင် ကျွန်တော့်ကို ကောင်းပေးမယ်လို့ထင်ခဲ့တယ်… ဒါပေမယ့်.ကိုယ့်သားကို ဘယ်လိုကောင်းအောင် ပြုစုပျိုးထောင်ရမယ်ဆိုတာ မတွေးထားဘဲ ဒီသူစိမ်းကိုပဲ ဂရုစိုက်‌တယ်…ခင်ဗျား သူမအတွက် ပိုက်ဆံဘယ်လောက် သုံးခဲ့လဲ...ကျွန်တော် ပိုက်ဆံပြတ်နေလည်း သူစိမ်းတစ်ယောက်အတွက်ပဲ ခင်ဗျားတို့ ပိုက်ဆံသုံးပေးနေတယ်"


ရှောင်ဖုန်း ၏ စိတ်ခံစားမှုများသည် ချက်ချင်းပင် ပေါက်ကွဲထွက်လာသလိုပင်။


 "ဘာလို့ မပေးတာလဲ မင်းမသိဘူးလား…မူးယစ်ဆေးဝါး၊ လောင်းကစား၊ ပြည့်တန်ဆာ၊ပြီးတော့ တရားမ၀င်တဲ့ဟာမျိုးစုံကို မင်း လုပ်ခဲ့တာ...မင်း ထောင်ထဲတောင် ရောက်သွားခဲ့တာလေ...  မင်းဒီလိုဖြစ်နေချိန်မှာ မင်းကိုငါက ပိုက်ဆံတွေ ဘယ်လိုလုပ်ပြီး ပေးနိုင်မလဲ…မင်းလိုသားကို ငါဘယ်လိုမွေးခဲ့မိတာလဲ!"  


အဘွားကြီးလည်း စိတ်ဆိုးသွားပြီး အသံတောင် တုန်နေသည်။ ရှောင်ဖုန်း ဒေါသအရမ်းထွက်ပြီး ရယ်လိုက်ရင်း အံကြိတ်ကာ


 “ဒါဆို ကျွန်တော် ဘာလို့ အဲ့ဒီလိုဖြစ်သွားတာလဲဆိုတာကို ခင်ဗျား ကိုယ့်ကိုကိုယ် ပြန်သုံးသပ်ရမယ်ဆိုတာ မသိဘူးလား…ခင်ဗျားက ကျွန်တော့်ကို အရင် လျစ်လျူရှုထားတာ မဟုတ်ဘူးလား၊ အဲ့ဒါကြောင့် ကျွန်တော် ဒီလိုဖြစ်နေရတာ"


သားဖြစ်သူ၏ စကားကို နားထောင်ပြီးနောက်လည်း၊ အဘွားကြီးသည် အမှားကို သတိမထားမိသေးဘဲ ဆက်ပြော၏။


“မင်းက အမြဲတမ်း ဒုက္ခပေးတတ်တာ… မင်းပြောခဲ့သလို ငါ့အမှားဆိုရင်တောင် မင်း မူးယစ်ဆေးစွဲတာ မကောင်းဘူး… ပြီးတော့ မင်းက မူးယစ်ဆေးစွဲရုံတင်မကဘဲ အဲဒီလူယုတ်မာတွေနဲ့ လောင်းကစားလုပ်ပြီး အနိုင်ကျင့်နေတဲ့သူ ဖြစ်လာတာလေ"


အဘွားကြီးသည် အမှားကို မဆင်ခြင်သေးဘဲ သူ့ကို အပြစ်တင်နေသေးသည်ကို မြင်လိုက်ရသဖြင့် ရှောင်ဖုန်း ငြင်းခုံချင်စိတ်ဖြစ်လာသည်။သူက အေးစက်စွာ ရယ်မောပြီး 


"ခင်ဗျားက ဒီလောက်တောင် သူများအပေါ်ကို အရမ်းကြင်နာချင်တယ်ဆိုလည်း၊ ရှောင်ယွီကို တခြားတစ်ယောက်နဲ့ ကံကြမ္မာဖလှယ်ပြီး ကယ်တင်နိုင်မယ်လို့ ကျွန်တော်ပြောတုန်းက ဘာလို့ မြန်မြန်သဘောတူလိုက်တာလဲ…ခင်ဗျားလုပ်ရပ်က တခြားသူတွေရဲ့ဘဝကို တန်ဖိုးမထားဘူးဆိုတာ သိရဲ့လား…ဒါပေမယ့် ခင်ဗျားပဲ ဥပဒေကို စချိုးဖောက်ခဲ့တာလေ"

 

 အဘွားကြီးက သူ့ကိုယ်သူ ကာကွယ်ဖို့ ကြိုးစားသည်။


 “မင်းအစ်မက အပြစ်ကင်းတယ်… သူမဆီကို တခြားသူတွေရဲ့ အပြစ်တွေ အားလုံးကို ပစ်ချလို့ မရဘူး…မင်း  အပြစ်တင်ချင်ရင် ငါ့ကို အပြစ်တင်ပါ… ဒါ ငါ့အပြစ်ပဲ!"


“မကောင်းတာလုပ်ရင် မကောင်းတာလုပ်တယ်ပေါ့...ဘာကိစ္စ အပြစ်ကင်းတယ် ဘာညာလာပြောနေတာလဲ... အဘွားကြီး၊ အဲဒီအရူးမက ခင်ဗျားရဲ့ ဦးနှောက်ကို စားလိုက်တာလား.ကျွန်တော် ပြောတာကို ဘာလို့နားမလည်တာလဲ" 


ရှောင်ဖုန်း ​အော်​လိုက်​ပြီး​နောက်​ သူစိတ်​ငြိမ်​သက်​ရန် ထိန်းနိုင်သွားသည်​။မဟုတ်လျှင် သူ့ကိုယ်သူ မထိန်းနိုင်ဘဲ အဘွားကြီးကို ရိုက်နှက်မိမှာ ကြောက်မိသည်။ အဘွားကြီးသည် လူကောင်းမဟုတ်သော်လည်း၊ သူမသည် သူ့အမေဖြစ်နေဆဲပင်။သူမကို မထိဖို့ အတတ်နိုင်ဆုံး ကြိုးစားရလိမ့်မည်။ သူက သူ့ကိုယ်သူ တည်ငြိမ်အောင် ခဏငြိမ်လိုက်ပြီး 


"ဘာလို့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ခဲ့တာလဲ သိလား…  ဘာကြောင့်လဲဆိုတော့ ကျွန်တော် ကျောင်းတက်တုန်းက လူဆိုးတွေက အနိုင်ကျင့်ဖို့ ဝိုင်းအုံလာလို့ပါပဲ…ကျွန်တော်တို့ မိသားစုက ချမ်းသာတယ်ဆိုတာ သူတို့သိတယ်၊ ဒါကြောင့် သူတို့ကို ပိုက်ဆံပေးဖို့ အတင်းအကျပ် ခိုင်းတယ်…ကျွန်တော့်အသုံးစရိတ်တွေ ရုတ်တရက်ကြီး များလာတာကို ခင်ဗျား သတိမထားမိဘူးလား"



xxxxxxx