အပိုင်း ၁၈၂
Viewers 15k

Chapter 182

(အစ်ကိုစွန်း အရိုက်ခံရတယ်)


 ထိုလူသည် လှပချောမောသော်လည်း၊ သူ၏ ဖီးနစ်မျက်လုံးများက ဂရုမစိုက်လိုရိပ်များဖြင့် ပြည့်နှက်နေသည်။ သူဝင်လာပြီးနောက် အခန်းထဲကို သေချာကြည့်လိုက်ရာ ရှောင်ဖုန်း မရှိမှန်း တွေ့ရသည်။ သူက မျက်မှောင်ကြုတ်ကာ


 “သူ ဘယ်မှာလဲ” 


သူ ပြောပြီးသည်နှင့် ပန်းရောင်ရှပ်အင်္ကျီဝတ်ထားသည့် လူတစ်ယောက် တံခါးဝမှာ ပေါ်လာ၏။ သူက ထိုလူဆီသို့ လျှောက်သွားရင်း အခန်းထဲကို ကြည့်လိုက်ရာ ရှောင်ဖုန်း မရှိသည်ကို တွေ့လိုက်ရသည်။ထို့နောက် အခန်းထဲတွင် ရပ်နေသော လူအနည်းငယ်ကို ကြည့်လိုက်ရာ နောက်ဆုံးတွင် ဝေ့ထင်ထံသို့ မျက်လုံးရောက်သွားလေသည်။


 ပန်းရောင်ဝတ်ထားသူက လက်ကိုမြှောက်ပြီး 


“သူဌေး ပြောတာကို မကြားဘူးလား… ရှောင်ဖုန်း ဘယ်မှာလဲ  ဆရာကြီးရော ဘယ်မှာလဲ… မင်းတို့ သူတို့ကို ဘယ်မှာ ဖွက်ထားတာလဲ"


ဝေ့ထင် မဖြေဘဲ သူ့ကို ဂရုမစိုက်သလိုကြည့်နေသည်။


 ပန်းရောင်ဝတ်ထားသော အမျိုးသားသည် ဝေ့ထင်က ယခုလို လျစ်လျူရှုလိုက်သည့်အခါ၊အနည်းငယ် ရှက်ရွံ့သွားသလို ခံစားလိုက်ရပြီး ချက်ချင်းပင် ဒေါသထွက်သွားသည်။ သူ့ကို ဘယ်သူကမှ ဤကဲ့သို့ လျစ်လျူမရှုခဲ့ပေ။သူ သူဌေးနောက်ကို စ,လိုက်ကတည်းက သူဌေးကလွဲ၍ ဘယ်သူမှ သူ့ကို လျစ်လျူမရှုရဲခဲ့။


ယခုအချိန်၌၊ အခန်းထဲတွင် လက်အောက်ငယ်သားများစွာ ရှိနေသည်။ဓားစာခံ၏ လျစ်လျူရှုခြင်းကို ခံရသည်မှာ သူတို့အတွက် ရှက်စရာကောင်းလှသည်။ထိုသို့တွေးပြီး သူ နာမည်ကောင်းပြန်ရဖို့အတွက် ဝေ့ထင် ဆီကို လျှောက်လာပြီး လက်ညှိုးထိုးကာ ‌ပြောလိုက်သည်။


"မင်းနာမည်ဘယ်လိုခေါ်လဲ…ရှောင်ဖုန်း ကို ဘယ်ကို ခေါ်သွားတာလဲ"


သူစကားပြောပုံကိုကြည့်ပြီး အစ်ကိုစွန်း ဆိုသူမှန်း သိနိုင်သည်။


‌ဝမ်လဲ့ သည် အစ်ကိုစွန်း၏ ကနွဲ့ကလျလေသံကိုကြားလျှင် သူ ရယ်ချင်လာရ၏။အထူးသဖြင့် ဝေ့ထင် ရှေ့မှာထောင်ထားသည့် သူ၏ ပျော့နွဲ့နေသော လက်ညှိုးကလေးကို ကြည့်ပြီး ရယ်ချင်လာ၏။သူ ဒေါသဖြစ်နေမှန်းသိသာသော်လည်း၊အူကြောင်ကြောင်နိုင်လှ၍ ဝမ်လဲ့ မအောင့်နိုင်ဘဲ ကျယ်လောင်စွာ ရယ်မောလိုက်သည်။ထို့ကြောင့် ဝေ့ထင်အပါအဝင် အားလုံးက သူ့ကို ကြည့်လာကြသည်။


 "တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်… ဟာသတစ်ခုကို တွေးမိလို့ပါ...ခင်ဗျားတို့နဲ့ဘာမှမဆိုင်ဘူး...ဘာမှမဆိုင်ပါဘူး"  


အားလုံးက သူ့ကိုကြည့်နေသဖြင့် ‌ဝမ်လဲ့ အလျင်အမြန် ခေါင်းညိတ်ပြီး တောင်းပန်လိုက်သည်။


သူ့ရယ်သံကြောင့် ကားသမားပင် ထိတ်လန့်သွားခဲ့သည်။ ကားသမားသည် ဝမ်လဲ့ ငှားရမ်းခဲ့သူသာဖြစ်ပြီး ဘာဆက်နွယ်မှုမှ မရှိခဲ့ပေ။ဝမ်လဲ့၏ ရယ်မောသံကို ကြားလိုက်ရသည်နှင့် တစ်ဖက်လူများကို သေချာကြည့်မိသွားရသည်။သို့သော်၊ထိုလူများက တစ်စုံတစ်ယောက်ကို သတ်တော့မည်ကဲ့သို့ အေးစက်သောမျက်လုံးများဖြင့် သူ့အား ခေါင်းမော့ကြည့်နေကြသည်။သူလည်း ကြောက်နေမိသဖြင့်ဘေးနားကို တိတ်တဆိတ် ရွှေ့ရပ်လိုက်သည်။


‌ဝမ်လဲ့ သည် သူ့ကို ရယ်နေမှန်း အစ်ကိုစွန်း သိလိုက်သည်။သူက ဝမ်လဲ့ကို မှုန်ကုပ်ကုပ်ဖြင့် ကြည့်သည်။လူတွေက သူ့ကို ရယ်ကြသည်ကို အမုန်းဆုံးပင်။အောက်ခြေအဆင့်ကနေ စီမံခန့်ခွဲရေးအထိ တက်နိုင်ဖို့ သူ ကြိုးစားခဲ့ရခြင်းမှာ၊သူ့အား လှောင်ရယ်သူတွေကို ကောင်းကောင်းဆုံးမချင်တာကြောင့်ပင်။


အစ်ကိုစွန်း ယခုအချိန်တွင် အလွန်ဒေါသထွက်နေသော်လည်း ယခု အရေးကြီးဆုံးအရာမှာ ရှောင်ဖုန်း နှင့် တာအိုအဘိုးကြီးတို့ကို ရှာဖွေရန်ဖြစ်ကြောင်း သူသဘောပေါက်သည်။သူ ဝမ်လဲ့၏ မျက်နှာကိုသေချာမှတ်ထားလိုက်သည်။ကိစ္စအားလုံးဖြေရှင်းပါက၊ဝမ်လဲ့ကို ပညာပေးရပေမည်။ 


အစ်ကိုစွန်းသည် ‌ဝမ်လဲ့ကို တစ်ချက်မျှသာ ကြည့်လိုက်ပြီး ဝေ့ထင် ထံမှ စကားအချို့ရရန် မျှော်လင့်ကာ နောက်တစ်ကြိမ် ဝေ့ထင်အား စိုက်ကြည့်နေသည်။


 “မင်း ငါတို့လူကို ‌မပေးရင် ငါတို့ကို မယဉ်ကျေးလို့ဆိုပြီး အပြစ်မတင်နဲ့!"  


အစ်ကိုစွန်းက ဝေ့ထင်ကို ပျော့ပျောင်းနူးညံ့သော လက်ညှိုးလေးဖြင့် ထိုးကာ ဆက်၍မေးသည်။


 အစ်ကိုစွန်းက သူ့ကို လက်ညှိုးထိုးလာကတည်းက ဝေ့ထင် မျက်ခုံးတွေက တွန့်နေရလေပြီ။ယခု အစ်ကိုစွန်းက သူ့အား ခြိမ်းခြောက်လာသောအခါ၊  သူ့မျက်လုံးတွေထဲမှာ အန္တရာယ်ရိပ်များ ဖြစ်ပေါ်လာ၏။သူ့မျက်နှာထားက အေးစက်သည်ထက်အေးစက်လာကာ ပန်းရောင်ဝတ်ထားသူ၏ လက်ကို လျှပ်စီးလက်သောအရှိန်ဖြင့် ဆုပ်ကိုင်လိုက်သည်။အရှိန်ပြင်းပြင်းဖြင့် ဆုပ်ကိုင်လိုက်၍၊ကျွတ်ကနဲနေအောင် ပန်းရောင်လူကြီး၏ လက်ကောက်ဝတ်မှာ ကျိုးသွားခဲ့သည်။ယခုဆို သူ့လက်က အောက်ကို  တွဲကျနေ၏။


 ပန်းရောင်ဝတ်ထားသူသည် ဝေ့ထင် ရုတ်တရက် တိုက်ခိုက်လာမည်ဟု မမျှော်လင့်ထားသောကြောင့် သူ လုံးဝ သတိမထားခဲ့မိပေ။ ယခုတော့ လက်ကောက်ဝတ်ကျိုးသွားပြီဖြစ်၍  ပြင်းထန်သော နာကျင်မှုကို ခံစားရသည်။


 "အား!"  


ပန်းရောင်ဝတ်ထားသူသည် နာကျင်စွာ အော်ဟစ်ရင်း သူ့မျက်နှာက ဖျော့တော့လာသည်။


 "မင်း... မင်းငါ့ကို လုပ်ရဲတယ် ဟုတ်လား" 


ပြောရင်းဆိုရင်း အစ်ကိုစွန်းသည် နာကျင်မှုကြောင့် ငိုတော့သည်။သူ ငိုနေခိုက်၊ဝေ့ထင်ကိုလည်း နောက်လက်တစ်ဖက်ဖြင့် လက်ညှိုးထိုးနေလျက်ပင်။


 နောက်ဆုံးတော့ သူဌေးက ဝင်ပြောလာ၏။ 


“မင်းရဲ့လက်တစ်ဖက်ကို ထပ်မကျိုးချင်ဘူးဆိုရင် ဘေးနားကိုသွားပြီး ခဏစောင့်” 


သူ့လေသံမှာ ဘာမှမထူးခြားသလို အပြောင်းအလဲမရှိပေ။


(ဆက်ဆံရေး ကောင်းမွန်ချင်သူ...)


ထိုလူက ပြုံးလိုက်ရာ သူ၏ မူလအေးစက်နေသော ဖီးနစ်မျက်လုံးများသည် ကွေးညွှတ်လာပြီး အလွန်ကြည့်ကောင်းနေလျက်ရှိသည်။ သူသည် သာမာန်ချောမောသော ကောင်လေးတစ်ယောက်ကဲ့သို့ပင်။


 “မင်းပြောတာ မှန်တယ်…တစ်ယောက်နဲ့တစ်ယောက် မိတ်ဆက်လိုက်ရအောင်… ငါက ချူးရှင်းပါ"


ဝေ့ထင်ကို ဝင်လာကတည်းက သူသတိထားမိသည်။အန္တရာယ်ကို ရင်ဆိုင်ရာတွင် မကြောက်မရွံ့သည့် ဝေ့ထင်ကို အနည်းငယ် သိချင်လာမိသည်။


ချူးရှင်း သူ့ကိုယ်သူ မိတ်ဆက်ပြီးသောအခါ ဝေ့ထင် သူ့ကို မျက်မှောင်ကြုတ်ထားပြီးကြည့်လိုက်သည်။


ချူးရှင်း ဆိုသည့် နာမည်ကို သူ အရင်က ကြားဖူးသည်။ချူးရှင်းသည် မရဏတပ်ဖွဲ့များကြားတွင် အလွန်ကျော်ကြားသည်။ရဲများက ဖမ်းဖို့ကြိုးစားနေသည့် မာဖီးယားသူဌေးတစ်ယောက်ပင်။သူနှင့် ထိပ်တိုက်တွေ့ဖို့ မထင်ထားခဲ့ပေ။


 “ဝေ့ထင်” 


ဝေ့ထင်က သူ့နာမည်ကို ဂရုမစိုက်ဘဲ ပြောလိုက်သည်။


ဝေ့ထင် ၏နာမည်ကိုကြားတော့ ချူးရှင်း သည် မျက်ခုံးပင့်ကာ ပြုံးပြသော်လည်း အပြုံးသည် သူ့မျက်လုံးထဲထိ အသက်မဝင်ပေ။  


"ဝေ့ထင်…မင်းဟာ ဝေ့မိသားစုရဲ့ အသက်အကြီးဆုံး သခင်လေးကိုး...  တွေ့ဆုံရတာ ဂုဏ်ယူမိပါတယ်… ကောလဟာလတွေအတိုင်းဆို ဒီနေ့ မင်းတို့တွေ့ဖို့ မမျှော်လင့်ထားဘူး"


 “ငါက ဥက္ကဌဝေ့နဲ့ရန်သူမဖြစ်ချင်ပါဘူး… ဒါကြောင့် မင်းငါ့ကို ရှောင်ဖုန်း နဲ့ တာအိုအဘိုးကြီး ကို ပေးလိုက်ရင် မင်းကို ငါလွှတ်ပေးလိုက်မယ်…ဘယ်လိုလဲ"


ချူးရှင်း ၏ မျက်နှာအမူအရာကို ကြည့်ရုံဖြင့်၊ ဤလူနှစ်ယောက်သည် သူ့အတွက် အလွန်အရေးကြီးပုံရမှန်း သိနိုင်သည်။


 "ဆရာမ သူက ဟိုလူတွေကို သူတို့လက်ထဲအပ်ရင် လွှတ်ပေးမယ်ဆိုတော့...ကျွန်‌ေတာ်တို့ ပေးမှာလား ..." 


‌ဝမ်လဲ့ က စုမုန့် ကို အသံတိုးတိုးဖြင့်မေးနေရင်း ကုတင်အောက်ကို ငုံ့ကြည့်လိုက်သည်။


ကုတင်အောက်မှာ ထည့်ထားသည့် လူနှစ်ယောက်မှာ၊ သူတို့အဖော်တွေအား စောင့်နေကြခြင်းပင်။ယခုလည်း အဖော်များအား တုံ့ပြန်ချင်သော်ငြား၊ ဝေ့ထင် က သူတို့ကို တင်းတင်းကြပ်ကြပ် ချည်ထားသည့်အပြင် ပါးစပ်ထဲမှာလည်း ပြော၍မရအောင် စက္ကူများဆို့ထား၍ အသံမထွက်နိုင်တော့။


ထိုလူနှစ်ယောက်အား ကုတင်အောက်တွင် ကောင်းစွာ ဝှက်ထားခဲ့ပြီးဖြစ်၍၊တော်ရုံဆို တွေ့မှာမဟုတ်။သို့သော်လည်း၊ကံမကောင်းစွာပဲ၊ ‌ဝမ်လဲ့ ၏အကြည့်သည် သူတို့ နှစ်ယောက်၏ နေရာကို ထုတ်ဖော်ပြခဲ့သည်။


 “ဒါဆို သူတို့က ကုတင်အောက်မှာလား… ဥက္ကဌဝေ့ ငါတို့ အရင်ကဘယ်တုန်းကမှ အပြန်အလှန် ဆက်ဆံမှု မရှိခဲ့ဘူး…ဒါကြောင့် ခင်မင်ရင်းနှီးဖို့ လမ်းစ,အားလုံးကို ဖျောက်ဖျက်ဖို့ မလိုအပ်ပါဘူး…ငါ ဒီနေ့ မင်းနဲ့  ရန်မဖြစ်ချင်ဘူး...သူတို့တွေကို ငါ့လက်ကို လွှဲပေးပြီးရင် မင်းတို့ကို ငါ လွှတ်လိုက်မယ်”


 “ဟုတ်ပါတယ်၊ ဥက္ကဌဝေ့က ငါနဲ့ သူငယ်ချင်းမဖြစ်ချင်ဘူးဆိုရင်တော့ ငါတို့က ကိုယ့်အလုပ်ကို လုပ်ရမှာပေါ့… အပြင်မှာ စောင့်နေတဲ့ ညီအစ်ကိုတွေ ရှိပါသေးတယ်...မင်းက ဘယ်လိုသဘောထားမလဲဆိုတာ ကြည့်မယ်လေ”


ချူးရှင်း သည် ပျော့ပျောင်းသော နည်းပရိယာယ် နှစ်ခုစလုံးကို အသုံးပြုခဲ့သည်။သူသည် ပထမဦးစွာ ချစ်ကြည်ရင်းနှီးမှုကို ဖော်ပြခဲ့ပြီး ဝေ့ထင်နှင့် ဆက်ဆံရေးကောင်းမွန်နိုင်သည်ဟု မြှားကာ ခြိမ်းခြောက်ခဲ့သည်။သို့သော် ဤသည်မှာ နှုတ်ကတိတစ်ခုသာဖြစ်သည်။သူ့လို ဥပဒေကို ချိုးဖောက်သည့် ခေါင်းဆောင်တစ်ယောက်၏ ကတိက ယုံနိုင်စရာ ဆိုသည်ကို သိထားရမည်။


 "ငါက မပေးဘူးဆိုရင် ဘာဖြစ်မလဲ"  


ဝေ့ထင် သည် ချူးရှင်း ၏ ခြိမ်းခြောက်မှုကို လုံးဝအဖက်မလုပ်ဘဲ လျစ်လျူရှုကာ ပြောလိုက်သည်။


 “ဒီလူနှစ်ယောက်က ငါ့အတွက် အရမ်းအရေးကြီးတယ်… တခြားသူဆိုရင် ငါ လွှတ်ထားမိမယ်… ဒါပေမယ့် သူတို့ကိုတော့ ပြန်ခေါ်သွားရမယ်…တကယ်တော့ ငါမင်းတို့ကို ဖမ်းပြီး နောက်မှငါ့လူတွေကို လိုက်ရှာလို့ရနိုင်ပေမယ့် ဥက္ကဌဝေ့နဲ့တွေ့ဖို့ ငါ အရင်ကတည်းက စောင့်မျှော်နေခဲ့တာ…ငါ မင်းနဲ့ ဆက်ဆံရေးကောင်းချင်တယ်… အဲဒါကြောင့် မင်းကို ဆွဲဆောင်ဖို့ ကြိုးစားနေတာ"


ပြောပြီးနောက် ချူးရှင်း သည် နောက်သို့ ခြေတစ်လှမ်းဆုတ်ကာ သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။  


“ဥက္ကဌဝေ့က ငါနဲ့ ဆက်ဆံရေးကောင်း မလိုချင်ဘူးဆိုတော့ ငါတို့ စီးပွားရေးလိုပဲ လုပ်လို့ရမယ်လေ...  ငါ မင်းနဲ့ တစ်ကယ်ကို ခင်မင်ရင်းနှီးချင်တယ်၊ ဒါပေမယ့် မင်းငါ့ကို မခင်ချင်ရင်လည်း ဘယ်တတ်နိုင်မလဲ"


အနက်ရောင်ဝတ်စုံဝတ် ကိုယ်ရံတော်များသည် ချူးရှင်း ၏ အချက်ပြစကားကို လက်ခံရရှိပြီးနောက် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ကြကာ ဝေ့ထင်တို့အား ဖမ်းဖို့ အဆင်သင့် ပြင်ထားခြင်းပင်။


ဝေ့ထင် က စုမုန့် ရှေ့မှာ ပိတ်ရပ်လိုက်ပြီး အကြောက်အလန့်မရှိ သူတို့ကိုကြည့်နေသည်။


 သို့သော် ဝမ်လဲ့နှင့် ကားမောင်းသမားမှာ စုမုန့် အနားကို အမြန်ပုန်းပြီး ဝေ့ထင်ကိုပြောသည်။


 "ဥက္ကဌဝေ့၊ မစ္စတာချူးက ခင်ဗျားနဲ့ ခင်မင်ချင်တာတဲ့...ဘာလို့ မခင်ချင်ရတာလဲ...ဒါဆို ကျွန်တော်တို့လည်း  ချောချောမောမော ထွက်သွားနိုင်တယ်…ဟိုမှာ မြင်တယ်မလား... သူတို့က အများကြီး၊ခင်ဗျားက တစ်ယောက်ထဲပဲ…ခင်ဗျားဘယ်လောက်ပဲ အစွမ်းထက်နေပါစေ လူတော်တော်များများကို တစ်ယောက်တည်း တိုက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး"


 "သူတို့က ငါတို့ကို သွားခွင့်ပြုမှာမဟုတ်ဘူး"


ဝေ့ထင် က အေးစက်စွာပြောသည်။ ထိုစကားကိုကြားသောအခါ ဝမ်လဲ့၏ ပါးစပ်ထောင့်မှာ တွန့်ကနဲတုန်လှုပ်သွားရသည်။ ချူးရှင်းသည် ဝေ့မိသားစုအား မလိုမုန်းတီးနေသူဖြစ်နိုင်၏။အကယ်၍ သူတို့ဘက်က ချူးရှင်းစကားကို လိုက်လျောပါက၊သူတို့ ထောင်ချောက်ထဲ ရောက်သွားမှာ သေချာ၏။


 "ဥက္ကဌဝေ့ ငါ မင်းကိုနောက်ဆုံးတစ်ခုမေးမယ်…မင်းငါ့ကိုတကယ်ပဲ မခင်ချင်ဘူးလား"


ချူးရှင်း လက်ပိုက်ထားကာ တံခါးဘောင်ကို မှီလိုက်သည်။


ဝေ့ထင်သည် သူ့ကို အေးစက်စွာ တစ်ချက် ကြည့်လိုက်ပြီး အဝေးသို့လှမ်းမျှော်ကြည့်လိုက်သည်။ထို့နောက် ဖြည်းဖြည်းချင်း ချဉ်းကပ်လာနေသော သက်တော်စောင့်ကို ကြည့်ကာ သူ၏ နှုတ်ခမ်းပါးပါးလေးက ပွင့်ဟသွားသည်။  


“မင်းနဲ့ မထိုက်တန်ဘူး”


 ဝမ်လဲ့: “…”


ဝေ့ထင်က ဘာလို့ ချူးရှင်း ဒေါသကိုဆွတာလဲ…ဝေ့ထင် သည် တိုက်ခိုက်ရာတွင် ထူးချွှန်ကြောင်း သူသိသော်လည်း၊ဝေ့ထင် မည်မျှပင် အားကောင်းနေပါစေ လူများစွာကို သူတစ်ယောက်တည်း အနိုင်ယူရန် မဖြစ်နိုင်ပေ။ ပြီးသွားပြီ…သူတော့ ဒီနေ့ ဒီမှာပဲ သေတော့မယ်ထင်တယ်…



xxxxxx