Chapter 183
(ကောက်ရိုးလူရုပ်များ)
ဒါက ဘာလဲ… သူ့အသက်ကို ကယ်ဖို့ ဆရာမအား ခေါ်လာခဲ့တာ…သူ နောက်ဆုံးတွင် ပြဿနာကို ဖြေရှင်းခဲ့ပြီး ငြိမ်းချမ်းစွာ နေထိုင်နိုင်မည်ဟု တွေးခဲ့သည်။အဆုံးမှာတော့ ယခုလိုအဖြစ်မျိုး ကြုံခဲ့ရလေသည်။သူ့ခန္ဓာကိုယ်ထဲက မကောင်းဆိုးဝါးချီစွမ်းအင်ကို လုံးလုံးမဖယ်ရှားနိုင်သေးသလိုမျိုး ခံစားနေရသည်။မဟုတ်ရင် သူ ဒီလိုမျိုး ကံဆိုးမှာ မဟုတ်ဘူး...
ဝမ်လဲ့သည် သူ့မျက်လုံးများကို လက်ဖြင့်အုပ်လိုက်သည်။ နောင်ဘဝသာရှိလျှင် ဤကံမကောင်းသော အလုပ်မျိုးကို ဘယ်တော့မှ မထိပါဟုလည်း စိတ်ထဲမှ ကျိန်ဆိုမိသည်။ခဏကြာသော်၊ သူ့မျက်လုံးကို အုပ်ထားသည့် လက်ချောင်းလေးတွေကြားကိုနည်းနည်း ဟ,ထားပြီး တိတ်တိတ်လေး ချောင်းကြည့်လိုက်၏။ သက်တော်စောင့်များ အားလုံး လက်နက်များ ကိုင်ဆောင်ထားသည်ကို မြင်လိုက်ရသဖြင့် စိတ်ထဲမှ ငိုကြွေးမိကာ ရှောင်ဖုန်း နှင့် တာအိုအဘိုးကြီးတို့ကို လွှတ်ပေးသင့်သလားဟု တွေးတောနေမိသည်။
“ကိစ္စပြီးရင် ခြေလက်တွေကို ဆေးကြောသန့်စင်ကြ… သက်သေတွေ မထားခဲ့ပါနဲ့”
ချူးရှင်း တစ်ချက် လှည့်ကြည့်ပြီးမှ ထွက်သွားလိုက်သည်။သူ အခန်းမှ ထွက်လာပြီးနောက် ရုတ်တရက် တစ်စုံတစ်ခုကို တွေးလိုက်မိကာ နောက်ပြန်ဆုတ်ပြီး သူ့လက်အောက်ငယ်သားတွေကို ညွှန်ကြားလိုက်သည်။
“အဲဒီမိန်းကလေးကို မထိနဲ့…သူမကိုငါ့အတွက် ထားလိုက်"
“ဟုတ်ကဲ့”
သက်တော်စောင့်များက ပြန်ဖြေသည်။ ချူးရှင်း မထွက်သွားခင် စုမုန့် ကို လေးလေးနက်နက် ကြည့်လိုက်၏။
ထိုသက်တော်စောင့်များ အားလုံး လက်ထဲတွင် လက်နက်များ ကိုင်ဆောင်ထားကြသည်။ ဓားနှင့် လျှပ်စစ်နံပါတ်တုတ်များ ကိုယ်စီ ကိုင်ထားသည်။သူတို့အားလုံးက ရက်စက်ပုံပေါက်ပြီး တစ်ကယ် လူသတ်ချင်နေပုံရ၏။
ချူးရှင်း ထွက်သွားပြီးနောက်၊ သူတို့သည် လက်နက်များကိုသုံးကာ ဝေ့ထင် အား တိုက်ခိုက်ခဲ့သည်။ ဝေ့ထင် သည် သူ့ဆီ ပြေးလာနေသော သက်တော်စောင့်တစ်ဦးကို ရှောင်ပြီး ပုခုံးပေါ် ထမ်းတင်လိုက်သည်။တစ်ဖန် ပုခုံးပေါ်က လူကို မြေပြင်ပေါ်ကလူနှင့် အချင်းချင်းရိုက်ပစ်လိုက်၏။စုမုန့်ကိုတော့ သူ အကာအကွယ် ပေးထားပြီးဖြစ်၍၊ ဘယ်သူမှ သူမကို ထိလို့မရပေ။
သို့သော် ဝမ်လဲ့နှင့် ကားမောင်းသမားမှာ ကံမကောင်းလှပေ။ ဘယ်လိုတိုက်ခိုက်ရမှန်းမသိသူများဖြစ်၍၊နှစ်ယောက်သား အကြိမ်ပေါင်းများစွာ ထိုးနှက်ခံခဲ့ရသည်။ အခြားရွေးချယ်စရာမရှိဘဲ၊ သူတို့သည် ပရမ်းပတာအခြေအနေကို အခွင့်ကောင်းယူကာ တာအိုအဘိုးကြီး၊ရှောင်ဖုန်း တို့နှင့်အတူ ကုတင်အောက်ကို ဝင်ပုန်းလိုက်ရသည်။
သက်တော်စောင့်များ၏ အကြည့်များက ဝေ့ထင်အပေါ်တွင် ရှိနေသည်။ ဝေ့ထင်နှင့် တိုက်ဖို့ မလွယ်မှန်း သူတို့သိကြတာမို့ အားလုံးက သူ့ကို အရင်တိုက်ပစ်ဖို့ ဆုံးဖြတ်ခဲ့သည်။တခြားသူများကိုတော့ ကိုင်တွယ်ရလွယ်ပါလိမ့်မည်။
သို့သော် ဝေ့ထင်သည် မည်မျှပင် ကျွမ်းကျင်ပါစေ၊ လူအများနှင့် တိုက်ခိုက်ရန်မှာ သူ့အတွက် ခက်ခဲလိမ့်မည်။တစ်ချိန်တည်းမှာပင် သူ့အနား၌၊ သက်တော်စောင့်တွေ အများကြီးရှိတာကြောင့် သူ ဂရုမစိုက်နိုင်သည့် ဟာကွက်တစ်ခုဖြစ်သွားရ၏။ ထို့ကြောင့်၊လူတစ်ယောက်က ဝေ့ထင်ကို ဝင်ချတော့မည်ကို မြင်လိုက်ရသဖြင့် နောက်တွင် ရပ်နေသော စုမုန့်က သူ့ကို သတိထားဖို့လှမ်းပြောသည်။
စုမုန့် သည် သူမ ရှေ့က ရှုပ်ယှက်ခတ်နေသော မြင်ကွင်းကို ကြည့်ပြီး ထိုအရာကို သုံးသင့်သလားဟု တွေးမိသည်။ အကယ်၍ ၎င်းကို အသုံးပြုမည်ဆိုပါက၊ အားလုံး လွယ်ကူသွားပေမည်။သို့သော် အကျိုးဆက်များကို တွေးကြည့်ပြီးနောက်တွင် မကောင်းကြံကြံသော ဖုန်းရွှေပညာရှင်များသာ ၎င်းကို အသုံးပြုတတ်သည်ဟု သူမ သဘောပေါက်ခဲ့သည်။ မိမိကိုယ်တိုင်ရော တစ်ဖက်သားကိုပါ ကြီးကြီးမားမား ထိခိုက်နစ်နာစေပါလိမ့်မည်။သူမတစ်ယောက်တည်း ဤလူများစွာနှင့် တိုက်ခိုက်နိုင်မလားမသိပေ။ သူမသာ လူအနည်းငယ်ကို ထိန်းမထားနိုင်လျှင် ဝေ့ထင်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လိမ့်မည်။
သူမ ဆုံးဖြတ်ချက်ချဖို့အတွက် စိတ်နှစ်ခွဖြစ်နေချိန်တွင် ဝေ့ထင်၏ ပုခုံးကို သက်တော်စောင့်တစ်ဦးမှ တုတ်ဖြင့်ရိုက်လိုက်သည်။သို့သော် ဝေ့ထင်သည် အသံပင်မထွက်ဘဲ ဘာမှမဖြစ်သလိုမျိုးပင်။ သူသည် သက်တော်စောင့်ကို မျက်ချင်းဆိုင်လိုက်ပြီး ပေါင်ကြားနေရာအား ကန်ရန် ခြေထောက်ကို မြှောက်လိုက်သည်။
သက်တော်စောင့်များစွာရှိသော်လည်း ကျွမ်းကျင်စွာ လေ့ကျင့်မထားခဲ့သည်မှာ ထင်ရှားသည်။သူတို့၏ တိုက်ပွဲ လှုပ်ရှားမှုတွေက နည်းနည်း ရှုပ်နေသည်။တစ်ဖက်တွင် ဝေ့ထင်သည် မလိုအပ်သောလှုပ်ရှားမှုဆိုလျှင် တစ်သက်မှ မလုပ်ခဲ့ပေ။သူ၏ လှုပ်ရှားမှုတိုင်းသည် ရန်သူ၏ အားနည်းချက်များကိုသာ ဦးတည်သည်။
သို့သော် လူများစွာနှင့် တိုက်ခိုက်ရ၍ ဘယ်သူမဆို ပင်ပန်းနွမ်းနယ်နေလိမ့်မည်။ ဝေ့ထင် ၏ အသက်ရှုသံများ ပိုမိုပြင်းထန်လာသည်ကို စုမုန့် သတိပြုလိုက်မိသည်။
' မဟုတ်ဘူး၊ သေခြင်းတရားကို ထိုင်စောင့်နေရုံနဲ့ မရဘူး…ဝေ့ထင်က သူမကို ကာကွယ်ပေးရုံနဲ့ မရဘူး...သူမလည်း တစ်ခုခု လုပ်ရမယ်'
ထိုသို့တွေးရင်း သူမ၏ အိတ်ကပ်ထဲမှ အဝါရောင် ကောက်ရိုးလူရုပ်လေးတစ်ခုကို ထုတ်ယူလိုက်သည်။ အဆိုပါ ကောက်ရိုးရုပ်လေးသည် လက်ဖဝါး ထက်ဝက်မျှသာရှိပြီး လူသားပုံလေးဖြစ်၏။ထို့နောက် သူမသည် လက်ညိုးကိုက်ကာ ထွက်လာသော သွေးဖြင့် ကောက်ရိုးရုပ်ပေါ်တွင် သင်္ကေတတစ်ခုဆွဲလိုက်သည်။သူမ ဆွဲနေရင်း သက်တော်စောင့်တစ်ဦးကို စိုက်ကြည့်နေသည်။
တစ်ချိန်တည်းမှာပင် တိုက်ခိုက်နေသော ဝေ့ထင်သည် သူ၏လက်ချောင်းမှ စူးရှသောနာကျင်မှုကို ခံစားလိုက်ရသည်။သူ လှည့်ကြည့်ချင်သော်လည်း ပစ်ဝင်လာသော တုတ်တစ်ချောင်းက သူ့ကို ထိလုထိချင်ဖြစ်သွား၏။သူ ခေါင်းကို စောင်းငဲ့ကာ ရှောင်ပြီးနောက် ဘေးမှ ဓားတစ်ချောင်း ထွက်လာပြန်သည်။သူလည်း တိုက်ခိုက်ရင်း အလုပ်များနေသဖြင့်၊ စုမုန့်ကို လှည့်မကြည့်နိုင်တော့ပေ။သို့သော် သူမသည် သူ့နောက်တွင်ရှိပြီး မည်သူမှ မထိနိုင်မှန်း သိသောကြောင့် သိပ်စိုးရိမ်မနေပေ။
ပြီးသွားသည့်အခါ စုမုန့် က ငွေအပ်တစ်ချောင်းကို ထုတ်ပြီး ကောက်ရိုးအရုပ်၏ လည်ပင်းကို ထိုးထည့်လိုက်သည်။အပ်ကို ကောက်ရိုးရုပ်၏ လည်ပင်းမှာ ထိုးလိုက်သည်နှင့် သူမ စိုက်ကြည့်နေသည့် ဓားကိုင်ထားသူ လူမှာ ဗိုင်းကနဲ မြေပြင်ပေါ် လဲကျသွားလေသည်။ တစ်ယောက်ရှင်းသွား၍ သူမ အိတ်ကပ်ထဲက နောက်ထပ်တစ်ခုကို ထုတ်ပြီး ဤနည်းအတိုင်း အပြီးသတ်လိုက်သည်။
သူမသည် အမြဲတစ်ကိုယ်တည်းနေရမည့်သူဖြစ်သောကြောင့် သူမအား လိုက်နှောင့်ယှက်သူများကို ကိုင်တွယ်ဖြေရှင်းရန် ကောက်ရိုးရုပ်လေးများအား ပြင်ဆင်ထားခြင်းဖြစ်သည်။သူမကိုယ်သူမ ခုခံနိုင်စွမ်းမရှိလျှင် အသတ်ခံရနိုင်၏။ ဤနည်းလမ်းကို သူတို့အပေါ်မှာ သုံးရမည်ဟု သူမလည်း မမျှော်လင့်ထားပါချေ။
ကောက်ရိုးရုပ်လေးခုကို အသုံးပြုပြီးနောက် စုမုန့် အားနည်းလာသလို ခံစားလာရသည်။ ပြင်းထန်သော ပင်ပန်းနွမ်းနယ်မှုက သူမ၏ ဦးနှောက်ကို ရိုက်ခတ်လာရသည်။သူမ မူးမလဲစေရန် ခေါင်းကို တွင်တွင်ခါယမ်းလိုက်သည်။
(အားလုံး ဆုတ်ခွာသွားကြပြီ...)
တိုက်ပွဲဖြစ်ပွားနေ၍ ဝေ့ထင် ဂရုမစိုက်နိုင်ချိန်တွင် ရှောင်ဖုန်းအား ကယ်တင်ရန် သက်တော်စောင့်တစ်ဦးက ကုတင်အောက်သို့ တွားသွားပြီးဝင်လာခဲ့သည်။
သက်တော်စောင့်က ခေါင်းငုံ့ပြီး ကုတင်အောက်ကို ကြည့်လိုက်သည်။ ဝမ်လဲ့နှင့် ကားမောင်းသမားလည်း ကုတင်အောက်တွင် ပုန်းနေသည်ကို သူတွေ့လိုက်ရသည်။ သူက ပြုံးပြီး သူတို့နှစ်ယောက်ကို ဆွဲထုတ်ကာ ကြိုးနှင့်ချည်လိုက်၏။
"ဆရာမ… ဥက္ကဌဝေ့ ကူညီပါဦး"
ဝမ်လဲ့ နှင့် ကားမောင်းသူတို့က တညီတညွှတ်တည်း အော်ဟစ်ကြသည်။သို့သော် သူတို့အော်နေချိန်တွင် သက်တော်စောင့်က သူ့လက်ကို မြှောက်ကာ ကရာတေး လက်သီးတစ်လုံးစီ ကျွေးလိုက်သည်။ချက်ချင်း နှစ်ယောက်သား ချက်ခြင်း မူးလဲသွားကာ နောက်ဆုံးတွင် တိတ်ဆိတ်သွားရလေသည်။ သက်တော်စောင့်က ကြိုးဖြည်ပေးလိုက်ပြီဖြစ်သော ရှောင်ဖုန်းက ဝေ့ထင်ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်နေလေသည်။ သူ့အစီအစဉ်ပျက်သွားပြီး အရေးကြီးကိစ္စတွေကို နှောင့်နှေးစေတာကြောင့် ခံပြင်းနေရသည်ပင်။သူဌေးတောင်မှ ကိုယ်တိုင်လာခဲ့ရသည်။
ယခု သူ ကယ်တင်ခြင်းခံရသော်လည်း၊ မကြာမီ သူ့အတွက်လည်း ကောင်းမည်မဟုတ်ပေ။ သူ့ကို ရာထူးတိုးဖို့ ရည်မှန်းထားခြင်းခံရသော်လည်း ဝေ့ထင်ကြောင့် ပျက်စီးသွားရပြီဖြစ်၏။ တွေးရင်းနှင့် သူ့စိတ်ထဲမှာ ဒေါသများဖြင့် ပြည့်နှက်နေရသည်။ထို့ကြောင့် သူ့ခန္ဓာကိုယ်ပေါ်က ကြိုးများ ပြေသွားသည့်အခါ၊သက်တော်စောင့်၏ လျှပ်စစ် နံပါတ်တုတ်အား ကိုင်ပြီး ဝေ့ထင်ဆီ ပြေးသွားလိုက်သည်။သူ့ကို ရိုက်ထားသည့်အတွက် ဝေ့ထင်ကို ကလဲ့စားချေချင်မိသည်။
သို့သော် ဝေ့ထင်၏ အရည်အချင်းကို သူ လျှော့တွက်ထားမိသည်။ ဝေ့ထင် အနားကို သူ မရောက်ခင်မှာ ဝေ့ထင် က သူ့ကို သတိထားမိပြီးသားပင်။ သူ ပြေးလာအခိုက်၊ ဝေ့ထင် သူ့ဗိုက်ကို ကန်ထုတ်ပစ်လိုက်သည်။ ယခုတစ်ခေါက် ကန်ချက်က စောစောက လက်သီးထက် အများကြီး ပိုပြင်းသည်။ ဒဏ်ရာအသစ်နှင့် အဟောင်းများ ပေါင်းသွား၍၊ ရှောင်ဖုန်း ရုန်းကန်ချိန်ပင် မရဘဲ မေ့လဲသွားခဲ့သည်။
"ရှောင်ဖုန်း!"
အဘွားကြီးသည် ရှောင်ယွီကို ပွေ့ချီကာ ထောင့်တစ်နေရာတွင် ပုန်းနေခြင်းဖြစ်သည်။ ဝေ့ထင်၏ကန်ချက်ကြောင့် ရှောင်ဖုန်း မူးမေ့လဲသွားသည်ကို မြင်လိုက်ရလျှင်၊သူမ ချက်ချင်းပဲ စိုးရိမ်တကြီး အော်လိုက်သည်။
ရှောင်ဖုန်း ကို သူမကူညီချင်သော်လည်း တိုက်ပွဲအခြေအနေက ရှုပ်ထွေးလွန်းသည်။ သူမ ကျော်ဖြတ်ပြီး သွား၍မရသလို ရှောင်ယွီသည်လည်း ကြောက်လန့်တကြားနှင့် တုန်လှုပ်နေသည်။သူမ အများကြီးစဉ်းစားပြီးမှ ရှောင်ယွီကို အရင်ကာကွယ်ဖို့ ဆုံးဖြတ်လိုက်သည်။ ရှောင်ဖုန်း ဟာ သက်တော်စောင့်တွေနှင့်အတူ ရှိနေ၍၊ သူ့ကို ကယ်တင်ကြမှာ သေချာသည်။
တာအိုအဘိုးကြီးကတော့ အလွန်လိမ္မာပါးနပ်သူဖြစ်သည်။ သက်တော်စောင့်တွေက သူ့ကို ကြိုး ဖြည်ပေးပြီးနောက် ချက်ချင်း ပြေးထွက်သွားသည်။
ဝေ့ထင်သည် သက်တော်စောင့်များ၏ တိုက်ခိုက်ခြင်းကို ခံနိုင်ရည်ရှိသော်လည်း၊ အဆုံးတွင် သက်တော်စောင့်များသည် ပစ်မှတ်အား စုမုန့် ဆီသို့ပြောင်းသွားကြ၏။ကျန်လူတစ်ဝက်သည် စုမုန့်ဆီ သွားကြစဉ် ဝေ့ထင်အား ကျန်လူတစ်ဝက်က ဆက်လက်တိုက်ခိုက်ခဲ့သည်။
“ကိုယ့်နောက်မှာ အသာရပ်နေ"
ဝေ့ထင် က သူမကို ပြောပြီးနောက်၊ရှေ့သို့ခေါင်းပြန်မလှည့်သွားပေ။ဤအတိုင်းဆို သူမကို သူ သေချာစောင့်ကြည့်ရမည်ဖြစ်သည်။ ထို့ကြောင့် ရှေ့ကိုမကြည့်ဘဲ သူတို့ဆီသို့ ပြေးတက်လာသူတွေကို တားဆီးနေသည်။ဤ မြင်ကွင်းက ရုပ်ရှင်ရိုက်နေသည့်အလား ကြီးကျယ်ခမ်းနားလှ၏။
ဤအချိန်တွင် စုမုန့်မှာ ဝေ့ထင် မည်မျှတော်သည်ကို နောက်ဆုံးသိလိုက်ရသည်။ သူသည် လူအများကြီးနှင့် တပြိုင်နက်တည်း တိုက်ခိုက်နိုင်သည်။သူ၏ ဇွဲလုံ့လကလည်း အံ့သြစရာကောင်းသည်။ဒဏ်ရာတွေ အများကြီးရခဲ့သော်ငြား၊ ဇွဲမလျှော့သေးဘဲ အရှုံးပေးဖို့ ရည်ရွယ်ချက်မရှိသေးပေ။
“မနိုင်နိုင်ရင်လည်း သူတို့နဲ့ ညှိနှိုင်းလို့ရတယ်လေ”
ဝေ့ထင်သည် ဒဏ်ရာရထားသော်လည်း သူမကို အကာအကွယ်ပေးနေမှန်း တွေ့လိုက်ရသဖြင့်၊သည်းမခံနိုင်ဘဲ သူ့ကို ဆွဲဆောင်ရန် ကြိုးစားခဲ့သည်။
“မလိုပါဘူး”
သို့သော် ဝေ့ထင်က ငြင်းဆိုခဲ့သည်။
ချူးရှင်း နှင့် ညှိနှိုင်းဖို့ ကြိုးစားလျှင် စုမုန့် ကို ပစ်မှတ်ထားခံရမည်မှန်း သူသိသည်။ချူးရှင်း စုမုန့်ကို ကြည့်ပုံက ပိုင်စိုးပိုင်နင်းနိုင်လှ၍ သူမ ထိုလူ့လက်သို့ မအပ်နိုင်ပေ။
အပြင်းအထန် တိုက်နေကြစဉ်၊ အနက်ရောင်ဝတ် လူတစ်ယောက်က အပြင်ကနေ ရုတ်တရက် ပြေးဝင်လာပြီး စိုးရိမ်တကြီးနှင့် ပြေးလေသည်။
“ရဲတွေ ဒီမှာ ရောက်လာပြီ...သူဌေးက ငါတို့ကို နောက်ဆုတ်ဖို့ ပြောနေတယ်!”
သူတို့ကို အကြောင်းကြားပြီးနောက် ထိုလူ လှည့်ထွက်ပြေးသွားခဲ့သည်။
ဝေ့ထင်ကို တိုက်ခိုက်နေသော သက်တော်စောင့်များက ထိုစကားကို ကြားသောအခါ ဆက်မတိုက်ကြတော့ဘဲ တိုက်ပွဲကို ရပ်တန့်လိုက်သည်။ လက်နက်များကို ပြန်သိမ်းကာ လှည့်ထွက်ပြီး အပြင်သို့ ပြေးသွားကြသည်။ သူတို့ မထွက်ခွာခင် သတိလစ်နေသည့် ရှောင်ဖုန်း ကိုပါ ဆွဲထုတ်သွားကြ၏။
အခန်းက ချက်ချင်း တိတ်ဆိတ်သွားရသည်။ မြေပြင်ပေါ်တွင် သတိလစ်နေသော သက်တော်စောင့်အချို့လည်း ရှိနေသေးသည်။ ရှောင်ဖုန်းကိုတော့ ခေါ်ဆောင်သွားသော်လည်း ထိုသူများအား ချန်ရစ်ခဲ့သည်။
ဝေထင့်၏ မျက်နှာသည် ဖြူဖျော့နေလျက်နှင့် ကုတင်ဘေးမှာ ထိုင်ချလိုက်သည်။ စုမုန့် သူ့ဒဏ်ရာများကို စစ်ဆေးကြည့်လိုက်သည်။သူမျက်နှာက ဘာမှမဖြစ်သွား၊ ပါးစပ်ထောင့်မှာ အနည်းငယ်သာ ဒဏ်ရာရခဲ့သည်။သူ့ခန္ဓာကိုယ်မှာတော့ ဒဏ်ရာတွေ အပြည့်ရှိနေပုံပင်။
သူမ ဝေ့ထင် တစ်ကိုယ်လုံးကို သေချာကြည့်ချင်သော်လည်း သူ့အဝတ်အစားကို ချွတ်ရမည်ဟု တွေးပြီး လက်လျှော့လိုက်သည်။ အဲဒီလူတွေ နောက်ဆုတ်သွားပြီလား…သူတို့ ထွက်သွားပါက၊ ဝေ့ထင်အား သူ့ဒဏ်ရာတွေကို ကုသဖို့ ဆေးရုံသွားခိုင်းရမည် ဖြစ်သည်။
"ဒီကိုလာ၊ မင်း လက်ကိုကြည့်ရအောင်"
ဝေ့ထင် က စုမုန့်ကို ပြောလိုက်သည်။
"ဒီမှာ ခဏစောင့်နော်…ကျွန်မအပြင်ထွက်ကြည့်မယ်…သူတို့ တကယ် ထွက်သွားတာမှန်ရင် ဆေးရုံကို တန်းသွားမယ်”
စုမုန့် သည် ဝေ့ထင် စကားကို လျစ်လျူရှုပြီး ပြန်ပြောအောင်ပင် မစောင့်ဘဲ ထွက်လာခဲ့သည်။ယခု သူမ၏ခန္ဓာကိုယ်သည် အလွန်အားနည်းနေသော်လည်း ဝေ့ထင်ထက် များစွာ အခြေအနေကောင်းသည်။ စိတ်ပိုင်းဆိုင်ရာ စွမ်းအင်အချို့ကိုသာ သုံးစွဲခဲ့ပြီးဖြစ်၍ ကောင်းမွန်နေစေရန် ခဏ အနားယူရန် လိုအပ်သည်။သို့သော်၊ဝေ့ထင်ကတော့ ဒဏ်ရာအပြင်းအထန်ရထားသူပင်။
ဝေ့ထင် သည် ချူးရှင်း နှင့် အခြားသူများ ရုတ်တရက် ဆုတ်ခွာရသည့် အကြောင်းရင်းကို သိသောကြောင့် ကုတင်ပေါ်တွင် ထိုင်ကာ သူမကို မတားခဲ့ပေ။ သို့သော် ချူးရှင်းတို့ဘက်က ဤမျှ လုပ်ရည်ကိုင်ရည်နှေးကွေးမည်ဟု သူ မမျှော်လင့်ခဲ့ပေ။ မစ်ရှင်တစ်ခုကို အချိန်အတော်ကြာမှ ထမ်းဆောင်ရ၍၊ သူတို့၏လှုပ်ရှားမှုများမှာ နှေးကွေးသွားပုံရသည်။
xxxxxx