အပိုင်း ၁၈၄
Viewers 15k

Chapter 184

(ကစားပွဲကောင်း)


 သူ့လက်ကို မြှောက်ပြီး သူ့လက်ချောင်းတွေကို ကြည့်လိုက်သည်။တိုက်ခိုက်နေရင်း သူ့လက်ချောင်းတွေမှာ ပြင်းထန်သည့် နာကျင်မှုတစ်ခု ခံစားခဲ့ရ၏။ သို့သော်၊စုမုန့်ကို ကြည့်လိုက်ရာ သူမပုံစံက နေကောင်းနေပုံရသည်။သူမ သူ့နောက်ကွယ်မှာ ဘာတွေလုပ်နေသလဲ ဆိုသည်ကို သိချင်နေခဲ့၏။


သူမ လက်ကို ကြည့်ဖို့ပြောသော်လည်း၊သူမက အကြည့်မခံဘဲ ထွက်သွားခဲ့သည်။သူမ လက်ကို သူ့အား မပြချင်သည်မှာ ထင်ရှားသည်။


စုမုန့် မသိသောအရာမှာ သူမ ဘာမှ မပြောသော်လည်း ဝေ့ထင်သည် သူမ၏ ဒဏ်ရာများကို ရှင်းရှင်းလင်းလင်းခံစားရနိုင်ခြင်းပင်။


စုမုန့် လှေကားကို ဂရုတစိုက် လှမ်းတက်လိုက်သည်။  ထောင့်နားသို့ ရောက်သောအခါတွင် သူမဆီသို့ ပြေးလာနေသည့် လူတစ်ယောက်ကို တွေ့လိုက်ရသည်။ သူမ ကောက်ရိုးရုပ်လေးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး ငြိမ်သက်စွာ ရပ်နေလိုက်သည်။ ထိုလူရိပ်က  နီးကပ်လာသောအခါမှ ကျူးရွှင်းမှန်း ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။


 !!


 "ဒီမှာ ရှင် ဘာလုပ်နေတာလဲ"  


သူမ အံ့သြစွာမေးလိုက်သည်။  တစ်ချိန်တည်းမှာပင် ကောက်ရိုးအရုပ်ကို တိတ်တဆိတ် ဖွက်ထားလိုက်သည်။ သို့သော် သူမ မေးပြီးသည်နှင့်တစ်ပြိုင်နက် စိတ်ထဲမှာ အတွေးပေါက်သွားရသည်။ဝေ့ထင်က ကျူးရွှင်းကို ကြိုတင်ပြီး ခေါ်ထားခြင်းဖြစ်မည်။ထို့ကြောင့်၊သူက ချူးရှင်းကို တိုက်ခိုက်ရန် ယုံကြည်မှုအပြည့်ရှိနေခြင်းပင်။ သူ့မှာ အရန်အစီအစဉ်ရှိပြီးသားပင်။


 "သခင်မလေးနဲ့ ဥက္ကဌဝေ့ အဆင်ပြေရဲ့လား" 


ကျူးရွှင်း၏ မျက်နှာသည် နီရဲနေပြီး နဖူးမှ ချွေးများဖြင့် ရွှဲရွှဲစိုနေသည်။  သူတော်တော် ပြေးလာရပုံပင်။


 “ကျွန်မတို့ အဆင်ပြေပါတယ်…  ဝေ့ထင် ကတော့ ဒဏ်ရာရခဲ့တယ်...ဒါနဲ့ အဲဒီလူတွေ ဘယ်မှာလဲ"


ကျူးရွှင်း သူ့နဖူးက ချွေးတွေကို သုတ်လိုက်ပြီး ရှင်းပြသည်။


 "အပြင်က လူအများစုက ကျွန်တော်တို့ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေပေမယ့် ခေါင်းဆောင်ကတော့ ထွက်ပြေးသွားပြီ… ဒါ ကျွန်တော်တို့အပြစ်ပါ…ဒီလမ်းမှာ ကားက ရုတ်တရက် ပျက်သွားတာ၊ မဟုတ်ရင် ကျွန်တော်တို့ စောစောရောက်လာနိုင်တယ်…ဘော့စ်က စောစောကတည်းက ကျွန်တော်တို့ကို ရှင်းရှင်းလင်းလင်း အကြောင်းကြားထားတယ်လေ”


ကျူးရွှင်း သည် နောင်တရနေပုံရှိသော်လည်း တစ်ချိန်တည်းမှာပင် သူအလွန်ကြောက်နေခဲ့သည်။ မစ်ရှင်ကို ကောင်းကောင်းမပြီးမြောက်အောင် လုပ်ခဲ့သည်မှာ သူ့အပြစ်ပင်။


 "ရှင်တို့က ဒီမှာ ဘယ်နှစ်ယောက်ရှိလဲ"  


တစ်ဖက်က လူအားလုံးကို ထိန်းချုပ်နိုင်စေရန် ဝေ့ထင် လူများစွာကို ခေါ်ခဲ့ပုံရသည်။


ဝေ့ထင် လည်း လူမိုက်ငှားခဲ့တာလား…


 “ဥက္ကဌဝေ့က ကျွန်တော့်ကို ရဲခေါ်ခိုင်းတယ်လေ…ရဲအရာရှိ တစ်ဒါဇင်လောက်ရှိပါတယ်…တစ်ဖက်က များပေမယ့် သေနတ်မရှိကြတော့ ရဲကိုတွေ့တာနဲ့  မခုခံရဲကြပါဘူး”  


ကျူးရွှင်း အသက်ပြင်းပြင်းရှူပြီး စိတ်တည်ငြိမ်အောင် ကြိုးစားလျက် ပြောလေသည်။


 ရဲများလည်း လိုက်ပါလာခဲ့သည်ဟု ဆို၏။ ဝေ့ထင် တစ်ချိန်လုံး နှုတ်ဆိတ်နေခဲ့သည်မှာ အံ့သြစရာမဟုတ်ပေ။ စုမုန့် က ကျူးရွှင်းပခုံးကို ပုတ်ပြီး နှစ်သိမ့်ပေးရင်း 


“ရပါတယ်၊ ရှင်တို့ အချိန်မှီ ရောက်လာပါတယ်…ရှင်တို့ ကြောင့်သာ မဟုတ်ရင် ကျွန်မတို့ဒီနေ့ဒီမှာပဲ သေနိုင်တယ်"


 "စကားမစပ်၊ ဝမ်လဲ့နဲ့ အတူရှိနေသူကိုလည်း ကယ်လိုက်လား...သူတို့ကို ဝမ်လဲ့တို့က ဖမ်းပေးတာ"


စုမုန့်က ဝမ်လဲ့အကြောင်း ရုတ်တရက် တွေးပြီး အမြန်မေးလိုက်၏။


သူပျောက်သွားရင် ကျန်တဲ့အကြွေးတွေလည်း ဆုံးမှာမဟုတ်လား…


 “ကြိုးတုပ်ခံထားရတဲ့ လူနှစ်ယောက်လား… ဒါမှမဟုတ် သတိလစ်နေတဲ့ လူလား…သတိလစ်နေတဲ့ လူတစ်ယောက်ကိုလည်း ကယ်လိုက်ပါတယ်…အဲဒီလူတွေက ရက်စက်လွန်းတယ်ဗျာ…တကယ်ပဲ သူ့ကို မတရားရိုက်နှက်ထားတယ်…မသေရင်တောင် အဲဒီလူက ဆွံ့အသွားလိမ့်မယ်”  


သတိလစ်နေသောလူသည် ဓားစာခံဖြစ်နေသည်ဟု ကျူးရွှင်း တွေးထင်ကာ သူကြုံတွေ့ခဲ့ရသည်များအား နာကြည်းစွာ ပြောလေသည်။


 “ကြိုးချည်ထားတဲ့ လူနှစ်ယောက်ကို လွှတ်ပေးလိုက်ပါ…သူတို့က ကျွန်မတို့နဲ့အတူ တစ်ချိန်လုံးရှိနေကြတာ…   သတိလစ်နေတဲ့လူကတော့…” 


သူမက မြေအောက်ခန်းကို ပြန်ကြည့်ရင်း ပြုံးကာ


 “သူက ဟိုဘက်က လူဆိုတော့ ဝေ့ထင်ဆီက အရိုက်ခံခဲ့ရတာလေ"


ကျူးရွှင်း ၊ “…”


 "ဘော့စ်အခြေအနေက ကောင်းလားဟင်… သခင်မလေး၊ ကျွန်တော်အရမ်းစိတ်ပူတယ်…  ကျေးဇူးပြုပြီး သူ့ကိုတွေ့ချင်ပါတယ်"  


ဝေ့ထင်က ရိုက်လိုက်သည်ဟုဆို၍ ကျူးရွှင်း စကားကိုအမြန်ပြောင်းပြောလိုက်သည်။


 ဟာသပဲ…ဝေ့ထင် သာ သူပြောတာကို ကြားလျှင် သူ သေသွားလိမ့်မည်။  ကံကောင်းစွာပင်၊ ဝေ့ထင် ဤနေရာတွင် မရှိခဲ့ပေ။ သူလည်း ဘာမှ မပြောသလို၊ ဟန်ဆောင်နေရတော့သည်။


စုမုန့် ကလည်း သူ့ကို ဘာမှမပြောဘဲ ကျူးရွှင်း ကို မြေအောက်ခန်းထဲသို့ ပြန်ခေါ်သွားခဲ့သည်။ ကျူးရွှင်း သည် ဝေ့ထင် ကိုမြင်သောအခါ ပထမဆုံး တောင်းပန်ရမည်ဟု တွေးထားသည်။အပြစ်ပေးခံရဖို့ အဆင်သင့်ဖြစ်နေသော်လည်း၊ ဝေ့ထင်က ယခုတော့ ဘာမှ မပြောခဲ့ပေ။


ကျူးရွှင်း ဝေ့ထင် မျက်နှာကိုအကဲခတ်နေစဉ်၊ဝေ့ထင်က စုမုန့် အား စိုက်ကြည့်နေသည်ကို မြင်လိုက်ရပြီး သူ ချက်ချင်း သဘောပေါက်သွားသည်။

သူလည်း ဝေ့ထင်အား အစီရင်ခံပြီးသည့်အခါ စုမုန့် ကို ပြောလိုက်၏။


"သခင်မလေး၊ ကျွန်တော် ကိစ္စတစ်ခုရှိလို့ အပြင်ထွက်ရမယ်ဗျာ...ကျွန်တော်  ဥက္ကဌဝေ့ကို ဂရုမစိုက်နိုင်တော့ဘူး...ဒါကြောင့် သူ့ဒဏ်ရာကို သခင်မလေးပဲ ကုပေးလိုက်ပါနော်"


 အိုဘုရားရေ ..  စုမုန့်က ပုံစံမဲ့ ဘုရားကျောင်းကို သွားကြည့်ချင်သေးတာကြောင့် ငြင်းမည်ဟု ပြင်လိုက်သည်။သို့သော်ငြား၊ ကျူးရွှင်း က သူမကို ငြင်းဖို့ အခွင့်အရေးမပေးခဲ့ချေ။


 “အပြင်မှာ ဖြစ်ပျက်နေတာတွေ အများကြီးပဲ သခင်မလေး… နောက်မှ ရှေးဦးသူနာပြု ကိရိယာတွေ ယူလာပေးဖို့ ကျွန်တော် လူလွှတ်လိုက်ပါမယ်"

  

ကျူးရွှင်း ပြောပြီးသည်နှင့်၊ ပြေးထွက်သွားသည်။ တစ်ယောက်ယောက်က သူ့ကို အနောက်ကနေ လိုက်ဖမ်းနေသလိုမျိုး အလွန်စိုးရိမ်နေပုံရသည်။


စုမုန့် “…”


(အဝတ်ကိုချွတ်...)


ကျူးရွှင်း ပြောသလိုပင်၊သူထွက်သွားပြီးသည်နှင့်၊ ရှေးဦးသူနာပြုကိရိယာ အစုံဖြင့် လူတစ်ယောက်ဝင်လာသည်။ သူက ဝေ့ထင်ကို နှုတ်ဆက်ပြီး စုမုန့်အား ရှေးဦးသူနာပြု ကိရိယာများကို ပေးလိုက်သည်။ထို့နောက် စကားတစ်ခွန်းမှ မပြောဘဲ လှည့်ထွက်သွားသည်။


စုမုန့် သည် ရှေးဦးသူနာပြု ကိရိယာများကို ကိုင်ကာ ဝေ့ထင် အား တစ်ချက် ကြည့်လိုက်သည်။သူမ အနည်းငယ် တွန့်ဆုတ်နေသော်လည်း ဝေ့ထင်က သူမကို ကာကွယ်ထား၍ ကူညီရန် ဆုံးဖြတ်ခဲ့သည်။ သူမ ကိရိယာများကို မြေကြီးပေါ်တွင်ချထားပြီး ဝေ့ထင်၏ပါးစပ်ထောင့်ကို ပိုးသတ်ဆေးသုတ်ပေးလိုက်သည်။ သူ့မျက်နှာပေါ်ရှိ ဒဏ်ရာကို ကုသပြီးနောက် သူ့ အဝတ်အစားများကို ကြည့်လိုက်ရာ အနည်းငယ် အဆင်မပြေသလို ခံစားလိုက်ရသည်။


စုမုန့် ပုံစံကိုကြည့်ပြီး သူမ အဝတ်အစားချွတ်ခိုင်းဖို့ တွန့်ဆုတ်နေမှန်း ဝေ့ထင် သိသွား၏။သူက 


"ကိုယ့်ကိုပေး…ကိုယ် ကိုယ်တိုင်လုပ်မယ်"


သို့သော်လည်း၊ သူ့လက်ကို ဆန့်လိုက်သည့်အခါ သူ့ဒဏ်ရာမှာ မျက်ကနဲဖြစ်သွား၏။ သူ့မျက်နှာက အရောင်ဖျော့သွားပြီး တိုးတိုးလေးညည်းမိသွားသည်။ သေနတ်ဖြင့် အပစ်ခံရသည်ကိုပင်၊ ဘာမှမဖြစ်ခဲ့သလို ကျင့်သားရနိုင်သော ဝေ့ထင်သည် ဤအသားဒဏ်ရာများကိုတော့ သည်းညည်းမခံနိုင်ပေ။


တစ်ဖန်ပြန်ဝင်လာသူ ကျူးရွှင်းလည်း ဤမြင်ကွင်းကို မြင်လိုက်ရပြီး  နဖူးကိုကိုင်ကာ ချက်ချင်း လှည့်ထွက်သွားသည်။ အစီရင်ခံစာကို နောက်မှ သူ ပြောရမည်ဖြစ်သည်။ယခု ဝေ့ထင်က စုမုန့် အာရုံစိုက်လာအောင်ကြိုးစားနေမှန်း သူ သိလိုက်သည်။ သူ အခုဝင်သွားလိုက်လျှင်၊ သူတို့နှစ်ယောက်ကြားက ငြိမ်းချမ်းသည့်လေထုကို ချိုးဖျက်မိပြီး၊ သူသေသွားနိုင်၏။


ကျူးရွှင်း လျင်မြန်စွာ ထွက်ခွာသွားပြီး ‌ဝမ်လဲ့ နှင့် ဝင်လာနေသော ကားသမားကိုပါ အထဲမဝင်ရအောင် တားရင်း နှစ်ယောက်လုံးကို ဆွဲထုတ်လိုက်သည်။


 အခန်းထဲက လူနှစ်ယောက်မှာ ဘာကိုမှ သတိမထားမိကြပေ။


ဝေ့ထင်  စုမုန့်ကို စိုက်ကြည့်နေသည်။ သူမျှော်လင့်ထားသည့်အတိုင်း စုမုန့်သည် ယခု သူ့ပုံစံကို သနားနေပုံရ၏။သူမက သူ့လက်မောင်းကို ပြန်ရုတ်စေလိုက်ပြီး 


 “ကျွန်မ လုပ်ပါရစေ...ရှင့်ရဲ့အဝတ်အစားတွေကို ချွတ်လိုက်…ဒဏ်ရာကို ဆေးလူးပေးမယ်"


သူသည် စုမုန့် စကားကို အလွန်ကျေနပ်မိသော်လည်း သူ့ဘေးတွင် ထိုင်နေသော အဘွားကြီးနှင့် ရှောင်ယွီ ကို ကြည့်မိသွား၍၊ ခေါင်းယမ်းပြီး  ငြင်းဆိုသည်။


“ကိုယ် အဆင်ပြေပါတယ်၊ အလုပ်ကိစ္စကို အရင်လုပ်ရအောင်”


 ဒဏ်ရာက နာကျင်သော်လည်း၊ ခံနိုင်ရည်ရှိသည်။သူ့ကို စုမုန့်က စိုးရိမ်ပေးတာနှင့်ပင် သူ ကျေနပ်နေရပြီ ။သူ့အဝတ်အစားတွေကို ချွတ်၍မဖြစ်၊ဤနေရာမှာ အမျိုးသမီး နှစ်ယောက်ရှိ‌၏။  တစ်ယောက်က နေမကောင်းသူဖြစ်ကာ ကျန်တစ်ယောက်က  အဘွားကြီးဆိုသော်လည်း၊သူ မချွတ်ချင်ပေ။


ဝေ့ထင်၏အကြည့်ကိုမြင်လိုက်သောအခါ အဘွားကြီးသည် သူမ၏ပြဿနာကို ဦးစွာဖြေရှင်းရန် ကြိုးစားနေကြောင်း ချက်ချင်းသဘောပေါက်သွားသည်။


ချူးရှင်း ရောက်လာပြီးကတည်းက အဘွားကြီးသည် ရှောင်ယွီ ရင်ခွင်ထဲသို့ ဆွဲသွင်းထားခဲ့သည်။ တစ်ဖက်လူများ ထွက်သွားပြီးသည့်တိုင် သူမက ရှောင်ယွီကို ပွေ့ဖက်ထားဆဲဖြစ်ပြီး စုမုန့် နှင့် ဝေ့ထင် ကို စိုက်ကြည့်နေခဲ့သည်။


ဝေ့ထင်၏ စကားကိုကြားလျှင်၊ အဘွားကြီး စကားပြောရန်ပြင် လိုက်သည်။  


"သမီးလေး ရှောင်ယွီကို တကယ်ကုသပေးနိုင်မလား…အခု ငါ့ရဲ့ တစ်ခုတည်းသော ဆန္ဒက သူမ ပြန်ကောင်းလာတာကို မြင်ချင်တာပါ… "


စုမုန့် ခေါင်းညိတ်လိုက်သည်။  


“ရပါတယ်…အခု အားလုံးအဆင်ပြေနေပြီမို့ ဘုရားကျောင်းကို သွားကြည့်ရပါမယ်…ရှောင်ဖုန်းက ဘုရားကျောင်းမှာ အစီအရင်ကို တကယ်ပဲ လုပ်ခဲ့တယ်ဆိုရင်၊ ကျွန်မ အစီအရင်ကို ဖျက်ပစ်လိုက်မယ်…ဒါဆို သူမ ဖြည်းဖြည်းချင်း ပြန်ကောင်းလာနိုင်ပါတယ်"


စုမုန့် က ဝေ့ထင်ကို သူ့အဝတ်အစားတွေ အတင်း ချွတ်ခိုင်းပြီး ဆေးလိမ်းဖို့ ထပ်မပြောတော့ပေ။သူမ လုပ်ပေးစရာမလိုဘူးဆို၍ တခြားတစ်ခုခုလုပ်ရမည်။  


"ရှင့် ဒဏ်ရာက အရမ်းပြင်းထန်ပုံရတယ်…ဒဏ်ရာကို ပတ်တီးစီးဖို့ ရှင့်လက်ထောက်ကို ဆေးရုံကို ခေါ်သွားခိုင်းလိုက်…ကျွန်မက ဘုရားကျောင်းကို သွားကြည့်မယ်"


 "ဟင့်အင်း ကိုယ် မင်းနဲ့လိုက်ခဲ့မယ်" 


ဝေ့ထင်က ဂရုမစိုက်ဘဲ ပြောသည်။


 "ရှင့်မှာ ဒဏ်ရာတွေလည်းရထားတာကို ..ဘာမှ လုပ်စရာလည်း မရှိဘူးမလား"  


ဝေ့ထင်  သူမနောက်ကို လိုက်လာတဲ့ အကြောင်းရင်းကို သူမ မသိဘဲ ဘယ်နေမှာလဲ..သူမ ထိုအကြောင်းကို  လေးလေးနက်နက် မတွေးချင်တာကြောင့် လျစ်လျူရှုထားခြင်းပင်။


ဝေ့ထင် ကလည်း ကောင်းကောင်းဟန်ဆောင်သည်။ 


 "ကိုယ်က နေကောင်းပါတယ်… အပေါ်ယံဒဏ်ရာတွေချည်းပဲရတာပါ…ပြီးတော့ အဲဒီအစီအရင်ကိုလည်း ကိုယ် အရမ်းသိချင်တယ်… မင်းနဲ့အတူ လိုက်ကြည့်မယ်လေ"


 "သဘောပဲ"


မကြာမီ ဝေ့ထင် နှင့် စုမုန့် ထွက်သွားချိန်မှာ ရဲများက အခင်းဖြစ်ပွားရာနေရာကို စုံစမ်းနေသည်။ ကျူးရွှင်းနှင့် ပေါ့ပေါ့ပါးပါး ၀တ်စားထားသော အခြားလူအချို့သည် ရဲအရာရှိတစ်ဦးနှင့် စကားစမြည်ပြောနေကြသည်။


စုမုန့် သည် ကျူးရွှင်း နှင့် ‌ဝမ်လဲ့ ကို နှုတ်ဆက်ပြီးနောက် ဝေ့ထင် နှင့်အတူ ဘုရားကျောင်းသို့ သွားခဲ့သည်။ ဘုန်းကြီးကျောင်းက သိပ်မဝေးပေ၊ဆယ်မိနစ်ကျော်သာ ကြာလျှင် ရောက်သွားရ၏။ တစ်ခုတည်းသောပြဿနာမှာ ဘုရားကျောင်းသည် မဝေးသော်လည်း တောင်ပေါ်တက်ရာ လမ်းတစ်ဝက်တွင် ဆောက်ထားခြင်းဖြစ်သည်။ ကားဖြင့်မောင်းတက်ဖို့မဖြစ်နိုင်တော့သည့်အတွက် သူမတို့ အတူတူတောင်တက်ရသည်။ လမ်းလျှောက်ရန် ဘိလပ်မြေလမ်းရှိသော်လည်း တောင်က မတ်စောက်လှသည်။ ခဏလောက် လမ်းလျှောက်ပြီးလျှင် မျဉ်းဖြောင့်လို ဖြစ်နေသည့် လှေကားထစ်တွေကို မြင်ကြရသည်။ဝေ့ထင် သည် သူ့ခန္ဓာကိုယ်အနှံ့ ဒဏ်ရာများရသည့်ကြားထဲမှ အားတင်းလျှောက်လာသည်။ သူ့မျက်နှာက ခပ်ဖျော့ဖျော့ဖြစ်နေတာကလွဲ၍ ပင်ပန်းနွမ်းနယ်နေပုံလည်း မပေါ်ပေ။


စုမုန့် လည်း အသက်ရှုကြပ်နေပြီဖြစ်သည်။ သူမသည် ပုံမှန်လေ့ကျင့်ခန်း လုပ်နေသော်လည်း ယခုလို မတ်စောက်သောတောင်ပေါ်သို့ တက်ရသည်မှာ ခက်ခဲလွန်းနေသေးသည်။နှစ်ယောက်သား မိနစ်၂၀ကျော်ကြာ တက်ပြီးနောက် ဘုရားကျောင်းအဝင်ဝသို့ ရောက်ရှိလာကြသည်။



xxxxxxx