Chapter 185
(ဝိညာဉ်ရေးရာ စွမ်းအင်ရှိသော သစ်ပင်)
တစ်ကယ်တော့ ကြာနေရခြင်းမှာ စုမုန့် တောင်တက်နှေးတာကြောင့်ပင်။သူမကို ပိုမိုသက်တောင့်သက်သာဖြစ်စေရန်အတွက် ဝေ့ထင်သည် ခရီးအလယ်ရောက်လျှင် သူမကို ကုန်းပိုး၍ခေါ်ခဲ့၏။အစပိုင်း ပြောလာစဉ်က၊သူမ ငြင်းခဲ့၏။နောက်ပိုင်း ပင်ပန်းလွန်းမက ပင်ပန်းလာမှ ဝေ့ထင်၏ အကူအညီကို လက်ခံခဲ့သည်။
တည်နေရာကြောင့် ဘုရားကျောင်းသည် ကြီးကြီးမားမားမဟုတ်သလို နံ့သာတိုင်များ လာလှူသူလည်း အများအပြားမရှိပေ။ လျှောက်လာချိန်မှစ၍ စုမုန့် သည် ကြမ်းပြင်ကို တံမြက်စည်းလှည်းနေသည့် ဘုန်းကြီးနှစ်ပါးနှင့် ကိုးကွယ်ဆည်းကပ်သူတစ်ဦးကိုသာ တွေ့လိုက်ရသည်။
"အမိ ဒကာမတို့ကို ကူညီပေးနိုင်တာ တစ်ခုခုရှိလား"
ကြမ်းပြင်ကို တံမြက်စည်းလှည်းနေသည့် ဘုန်းကြီးတစ်ပါးက စုမုန့် နှင့် ဝေ့ထင် ကို တွေ့လိုက်ရာ၊ တံမြက်စည်းကိုချလိုက်ပြီး လက်အုပ်ချီကာ သူတို့နှစ်ယောက်ရှေ့သို့ လျှောက်သွားသည်။
စုမုန့် က ဘုန်းကြီး၏ နှုတ်ခွန်းဆက်စကားကို ပြန်ပြောလိုက်သည်။
"တန်ဖုန်း အကြောင်း သိသလားလို့ မေးလို့ရမလား"
"တန်ဖုန်း"
ဘုန်းကြီးက ခဏလောက်စဉ်းစားပြီးမှ ခေါင်းယမ်းလိုက်သည်။
"ကိုယ်တော် တစ်ခါမှ မကြားဖူးဘူး"
"ချူးရှင်း ကိုရော ဘယ်လိုပါလဲ"
စုမုန့် ဆက်မေးသည်။
"ဟင့်အင်း တစ်ခါမှ မကြားဖူးဘူး"
ဘုန်းကြီးက ဘာမှမသိသဖြင့် စုမုန့် ခက်ခက်ခဲခဲ အနေအထားနှင့် ရင်ဆိုင်နေရသည်။တန်ဖုန်း သည် ဘုရားကျောင်းတွင် အစီအရင်ကို တည်ထောင်ခဲ့သည်။ ဘုရားကျောင်းက ကြီးကြီးမားမားမဟုတ်သော်လည်း ဘယ်မှာရှိမှန်း သူမ မသိချေ။ နေရာတိုင်းကိုလည်း မကြည့်နိုင်၊ နေရာတိုင်းမှာ လိုက်ရှာဖွေလျှင် နတ်ဘုရားများနှင့် ဗုဒ္ဓဘုရားကို မရိုမသေပြုသလို ဖြစ်ပေလိမ့်မည်။
“ဒါဆို ဘုန်းဘုန်း...ဧည့်သည်တွေက ဘုရားဝတ်ပြုပူဇော်တဲ့အခါ ဘယ်မှာ ရှိခိုးကြတာလဲ”
စုမုန့် အခြားနည်းလမ်းကို မတွေးနိုင်သေး။ဧည့်သည်တွေ သွားနိုင်သည့် နေရာတွေ အားလုံးကို သူမ သွားရပေမည်။
ဤနေရာ၌ ဧည့်သည်အနည်းငယ်သာ လာနိုင်သော်လည်း လောလောဆယ် ဘယ်သူမှ ရှိပုံမရပေ။ ရှောင်ဖုန်း သည် ဤနေရာတွင် အစီအရင်ကို အမှန်တစ်ကယ်ပင် ပြုလုပ်ခဲ့ပါက၊ ၎င်းသည် ဝေးလံခေါင်သီသော နေရာတစ်ခု ဖြစ်ရမည်၊ မဟုတ်ပါက ဘယ်သူမဆို အလွယ်တကူ ရှာဖွေတွေ့ရှိသွားမည်ဖြစ်သည်။ ဧည့်သည်အနည်းဆုံးရှိသည့်နေရာကို အရင်ဆုံးသွားပြီး ဖြည်းဖြည်းချင်းရှာကြည့်ရမည်ဖြစ်သည်။
“ဝတ်ပြုဖို့က ဒီက ကျောင်းဆောင်တိုင်းကို သွားလို့ရပါတယ်...”
ဘုန်းကြီးသည် ဘုရားကျောင်း၏ အတွင်းဘက်စွန်းကို ညွှန်ပြလိုက်သည်။
“အထဲမှာ ရှေးဟောင်းသစ်ပင်တစ်ပင်ရှိတယ်… ရှေးဟောင်းသစ်ပင်ရဲ့ ဘေးနားက ခန်းမထဲမှာ ဘုရားဝတ်ပြုသူ တွေက ရှိခိုးကြ၊ဆုတောင်းကြတယ်…"
“ခန်းမထဲမှာ သေတ္တာတွေအများကြီးရှိတယ်…ဒကာမတို့ ဆုတောင်းဖို့ လုပ်ပေးထားတာ… ဆုတောင်းချင်ရင် အဲဒီကို သွားလို့ရပါတယ်..အဲ့ဒါက ဝတ်ပြုသူတွေ အတွက် အထူးပြင်ဆင်ထားတဲ့ နေရာ...အဲ့ဒီမှာ သူတို့ထားချင်တဲ့ပစ္စည်းကို ထားလေ့ရှိကြတယ်….ကိုယ်တော်တို့ကို မဝင်ဖို့ တားမြစ်ထားတာလေ…ဒါကြောင့် ကိုယ်တော် လမ်းပြမပေးနိုင်ပေမယ့် အဲဒီကို သွားနိုင်ပါတယ်"
ပင်မခန်းမ… သေတ္တာ ဘုန်းကြီးတွေ မဝင်ရဘူးလား?
ထိုအရာကိုကြားတော့ စုမုန့် ရုတ်တရက် တစ်စုံတစ်ခုကို နားလည်သွားသလိုပင်။
“ကျေးဇူးတင်ပါတယ် ဘုန်းဘုန်း ..… အခု သွားလိုက်ပါမယ်"
ဘုန်းကြီးက ခေါင်းညိတ်ပြပြီး တံမြက်စည်းကို ထပ်ကောက်ပြန်သည်။
"အဲဒီမှာ သူအစီအရင်ကို ထားတာလို့ မင်း သံသယရှိနေတာလား"
ဝေ့ထင်က စုမုန့် အတွေးကို ခန့်မှန်းပြီး မေးသည်။
စုမုန့် ခေါင်းညိတ်လိုက်သည်။
“ဘုရားကျောင်းက တခြားနေရာတွေနဲ့ မတူဘူး.…အရမ်း မြင့်မြတ်တယ်…ဒီနေရာမှာ အညစ်အကြေးတွေကို ခွင့်မပြုဘူးလေ…တချို့ အရမ်းကျင့်ကြံအားကောင်းတဲ့ ဘုန်းကြီးတွေဆိုရင် စိတ်ထဲကနေ မကောင်းတဲ့စွမ်းအင်တွေကို ခံစားမိကြတယ်… "
“ဘုန်းကြီးတွေက အဲဒီနေရာကို မသွားနိုင်ဘူးဆိုတော့ လျှို့ဝှက်လို့ရတဲ့ဟာကို သေချာပေါက် ထားနိုင်တယ်…ဘုရားကျောင်းမှာ ဒါမျိုးလုပ်မယ်လို့ ဘယ်သူက ထင်မလဲ"
"ဟုတ်တယ်နော်" ဝေ့ထင် က ခေါင်းညိတ်ပြီး မေးသည်။
" ဧည့်သည်တွေက အဲဒီကို သွားပြီးတော့ သူတို့ရဲ့ ပစ္စည်းတွေ လိုချင်သလို ထားလို့ရတယ်တဲ့…သူတို့ ပစ္စည်းတွေကို မကောင်းတဲ့လူက တစ်ခုခုလုပ်မှာ မကြောက်ကြဘူးလား"
စုမုန့်က ရယ်ပြီး ခေါင်းယမ်းသည်။
“အထူးသဖြင့် ဒီလမ်းကြီးကို ဖြတ်ပြီး ဘယ်သူက ဒီဘုရားကျောင်းကိုတကူးတက လာဖို့ အချိန်ရှိမလဲ…လူတိုင်းက ရှင့်လို အားကောင်းနေတာမဟုတ်ဘူး"
ဘုရားကျောင်းမှာ မကြီးကျယ်ပေ။ ဘုန်းကြီးပြောခဲ့သည့် ပင်မခန်းမကလည်း သိပ်မဝေး။ စကားအနည်းငယ်ပြောပြီးနောက် သူတို့နှစ်ဦးရောက်လာသည်။
ဘုန်းကြီးပြောသလိုပင်၊ လူသုံးယောက်ဖက်၍ရသော သစ်ပင်ကြီးတစ်ပင်ရှိသည်။၎င်းသည် နှစ်ရာနှင့်ချီ၍ သို့မဟုတ် ထောင်နှင့်ချီ၍ သက်တမ်းရှိနိုင်ပြီး အတော် အေးရိပ်သာယာသည်။ သို့သော် သစ်ပင်သည် အလွန်ကြီးသော်လည်း သိပ်မမြင့်။ ချည်နှောင်ထားသော ကြိုးနီများစွာက မြေပြင်တွင် တွဲလောင်းကျလုနီးပါး ဖြစ်နေသည်။သစ်ပင်ကို တစ်ခုခုလုပ်မှာ ကြောက်ရွံ့သဖြင့် အောက်၌ တစ်မီတာခန့်မြင့်သော သစ်သားပျဉ်ပြားများဖြင့် ခြံစည်းရိုးကာထားကာ သစ်ပင်ကို ကာကွယ်ကြသည်။
“ဒီသစ်ပင်ပေါ်က ပိုးမွှားတွေတောင် အာရုံခံစားနိုင်ကြပါလား"
စုမုန့် သည် သစ်ပင်အောက်တွင် ရပ်ကာ မော့ကြည့်လိုက်သည်။နေရောင်သည် သစ်ရွက်များကို ဖြတ်၍ သူမ မျက်လုံးထဲသို့ တောက်ပနေ၏။နေရောင်စူးစူးကြောင့် သူမ၏ အမြင်အာရုံမှာ မှုန်ဝါးသွားရသည်။ သစ်ပင်ရိပ်ကြားမှ တစ်စွန်းတစ်စ ပေါ်နေသော တိမ်တိုက်တွေကို သူမ မြင်လိုက်ရ၏။
ဝေ့ထင် အနားမှာ ရပ်နေပြီး သူမကို တစ်ချက်ကြည့်လိုက်သည်။သူမ ပုံစံက ထူးခြားနေသည်။ သူမ တစ်ကိုယ်လုံး နွေးထွေး ညင်သာသည့် အလင်းရောင်တွေ ထွက်လာသလိုမျိုး အိမ်မက်ဆန်ဆန်လှပလျက်ရှိသည်။ဤမြင်ကွင်းသည် လှပလွန်းသဖြင့် သူ မဖျက်ဆီးချင်သောကြောင့် အသာရပ်ကြည့်နေမိတော့သည်။
စုမုန့် သည် သစ်ပင်အောက်တွင် ခဏတာ ငြိမ်သက်စွာ ရပ်နေပြီးနောက် ဝေ့ထင်ဘက်သို့ ရုတ်တရက် လှည့်ပြီး
"ဒီမှာ ကျွန်မ ရပ်နေမိတာ ဘယ်လောက်ကြာပြီလဲ"
ဝေ့ထင် က အချိန်ကို ကြည့်ပြီး ပြန်ဖြေသည်။
“ငါးမိနစ်လောက်ကြာတယ်”
“တစ်ကယ်ကို အံ့သြစရာကောင်းတာပဲ..ကျွန်မ ဒီလောက်ကြာကြာ ရပ်နေမိမယ်လို့ မထင်ထားမိဘူး"
(စက်ဆုပ်ဖွယ်သေတ္တာ...)
"ဘယ်လို"
ဝေ့ထင် သည် စုမုန့် ဘာကိုဆိုလိုမှန်း နားမလည်ပေ။
စုမုန့်က ဝေ့ထင် ကို မရှင်းပြချင်ဘဲ ခေါင်းခါလိုက်သည်။
“ဘာမှမဟုတ်ပါဘူး…တန်ဖုန်း ရဲ့ပစ္စည်းတွေ ဒီမှာရှိမရှိ ဝင်ကြည့်ရအောင်"
ဝေ့ထင် အံ့ဩသွားသော်လည်း စုမုန့် က သူ့ကို မပြောပြသဖြင့် ဆက်မမေးရန် ဆုံးဖြတ်လိုက်၍ ခေါင်းညိတ်ပြီး ခန်းမထဲကို လိုက်သွားသည်။
ဘုရားကျောင်းသို့ လာရောက်လည်ပတ်သူ အလွန်နည်းပါးသော်လည်း ဤဘုရားကျောင်းသည် နှစ်ပေါင်းများစွာကတည်းက တည်ရှိခဲ့သည်။ခန်းမအတွင်းရှိ ဗီဒိုများထဲတွင် သေတ္တာများ ထည့်ထားသည်။ သေတ္တာများသည် သိပ်ပြီး ကြီးကြီးမားမားမဟုတ်၊ လက်ဖဝါးအရွယ်ခန့်၊ အမြင့်ငါးစင်တီမီတာခန့်ရှိ၍ နေရာမစားပေ။ သို့သော် သေတ္တာများ သေးငယ်လေ၊ အရေအတွက် ပိုများလေဖြစ်သည်။ စုမုန့် သည် ထုပ်ပိုးထားသော သေတ္တာများကို ကြည့်ကာ ဦးရေပြားပေါ်တွင် ထုံကျဉ်သွားရသည်။
သူမ ဘယ်လိုရှာရမလဲ… တစ်ခုပြီးတစ်ခု ကြည့်ရမှာလား…သို့ဆိုလျှင် ရက်အတန်ကြာသွားနိုင်၏။
သူမ စိတ်ရှုပ်နေချိန်မှာ ဝေ့ထင် က တစ်ဘက်ကို သွားပြီး ကြည့်လိုက်သည်။သေတ္တာ၏ အပြင်ဘက်တွင် နာမည်တစ်ခုစီ ရှိတာကြောင့် နာမည်ကို မြင်နိုင်သည်။
သူမ စိတ်ဓာတ်ကျနေသော်လည်း ဝေ့ထင် သွားရာ တစ်ဖက်သို့ သွားရန်မှလွဲ၍ အခြားရွေးချယ်စရာမရှိပေ။
"တွေ့ပြီ၊ ဒီမှာပဲ"
သူတို့နှစ်ယောက် ခဏအကြာ လိုက်ရှာကြပြီးနောက် သူမ မျက်လုံးများ မှုန်ဝါးသွားရရင်း၊နောက်ဆုံးတွင် သတင်းကောင်းကို သူမကြားလိုက်ရသည်။ သူမ ချက်ချင်းလှည့်ပြီး ဝေ့ထင်ဆီသို့ လျှောက်သွားသည်။ ဝေ့ထင် သည် သူ့လက်ထဲမှာ သေတ္တာသေးသေးလေးကို ကိုင်ထားသော်လည်း၊မဖွင့်ဘဲ သူမကို ပေးလိုက်၏။အစီအရင်များအကြောင်း သူဘာမှ မသိ၍ ရမ်းသမ်းပြီးဖွင့်ပါက ဆိုးရွားသောအကျိုးဆက်များ ရှိလာနိုင်သည်။
"ဒါကို ရှင်က ဘယ်လိုလုပ် အမြန်ရှာလိုက်နိုင်တာလဲ"
စုမုန့်က စိတ်ဝင်တစား မေးသည်။
သေတ္တာတွေက အတူတူချည်းပင်။ တစ်ခုတည်းသော ကွာခြားချက်မှာ ပိုင်ရှင်၏ အမည်ကိုသာ အပြင်ဘက်တွင် ကပ်ထားခြင်းဖြစ်သည်။စာရွက်ကလည်း အနီရောင်ဖြစ်ကာ စာလုံးတွေက သေးနုတ်သည်။ထို့အပြင် စင်များက မြင့်လွန်းတာကြောင့် သိပ်မကွဲပြားချေ။
“တန်ဖုန်းက ဒီအစီအရင်ကို လူတွေကို အန္တရာယ်ပြုဖို့ အသုံးပြုတဲ့အတွက်၊ တစ်ကြိမ်ထက်ပိုပြီး လာမယ်ဆိုတာ သေချာတယ်၊ ဒါကြောင့် အလယ်မှာ ထားမှာ သေချာတယ်လေ… နောက်ပြီး သူသုံးတဲ့ စက္ကူအရောင်က တခြားစာရွက်တွေနဲ့ မတူဘူး”
ဝေ့ထင် က ရှင်းပြသည်။
စုမုန့် သေတ္တာကို ကောက်ကိုင်လိုက်ပြီး စာရွက်ပေါ်ရှိ နာမည်ကို ကြည့်လိုက်သည်။ထို့နောက် အခြားသေတ္တာများကို ကြည့်လိုက်သည်။အမှန်တစ်ကယ်ပင် ဤသေတ္တာက အခြားဟာများနှင့်မတူချေ။ တန်ဖုန်း၏ စာရွက်သည် အနည်းငယ် အရောင်ဖျော့သော်လည်း ချက်ချင်းကြည့်လျှင် အလွယ်တကူ မတွေ့နိုင်ပေ။သူမ ဝေ့ထင်ကို မုန်းဆဲဖြစ်သော်လည်း သူ့အမြင်အာရုံကို သူမ သဘောကျသွားမိသည်။
"ချက်ချင်း ဖွင့်ချင်တာလား ဒါမှမဟုတ် သေတ္တာကို အပြင်ကိုအရင်ထုတ်မလား"
"ဖွင့်ကြည့်လိုက်မယ်…အထဲမှာ ဘာတွေရှိလဲဆိုတာ အရင်ကြည့်ချင်တယ်"
စုမုန့်သည် သူမ၏ အိတ်ကပ်ထဲမှ အတားအဆီးအင်းစာရွက်တစ်ခုကို ထုတ်ယူပြီး လက်ချောင်းတစ်ဝိုက်တွင် ရစ်ပတ်ထားသည်။ထို့နောက် ပုလင်းကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။ထိုအခါ မခံမရပ်နိုင်အောင်ပင် ပြင်းထန်သော အနံ့အသက်ဆိုးများ ထွက်လာသည်။
စုမုန့် မျက်မှောင်ကြုတ်ပြီး အတွင်းထဲကို ကြည့်လိုက်သည်။အထဲမှာ အသားတစ်ခုရှိနေသော်လည်း၊ အမွှေးများပါ ရှိနေတာကြောင့် ဘာမှန်းသေချာမမြင်ရပေ။
"ဒါက ဘာအသားလဲ… သားမွေးတွေ ပေါက်နေတာလား”
ထိုအရာသည် အလွန်ရွံရှာစရာကောင်းသောကြောင့် စုမုန့် မထိချင်မတို့ချင် ဖြစ်နေရ၏။စိတ်ထဲမှာ မအီမသာဖြစ်ရခြင်းအပြင် သေတ္တာကိုဖွင့်လိုက်သောအခါတွင် ထွက်လာသည့် မကောင်းဆိုးဝါးချီစွမ်းအင်ကိုလည်း ခံစားမိသေးသည်။ထို့နောက် သူမသည် သေတ္တာ၏ထိပ်တွင် အင်းစာရွက်တစ်ခုကို ကပ်ထားလိုက်သည်။အင်းစာရွက်ကို မီးရှို့ရမည်ဖြစ်သော်လည်း အခုတော့ လက်ထဲမှာ ကိုင်ထား၏။
စုမုန့် အင်းစာရွက်ကို ထုတ်ယူပြီးနောက် သေတ္တာကိုပိတ်ကာ ဝေ့ထင် အား ပြန်ထားရန် ပေးလိုက်သည်။ပြီးလျှင် ဖယောင်းတိုင်မှမီးဖြင့် အင်းစာရွက်ကို မီးရှို့လိုက်၏။အင်းစာရွက်က တဖြည်းဖြည်း ပြာအဖြစ်သို့ ပြောင်းလဲသွားသည်ကို ကြည့်ရင်း သူမ ကျေနပ်စွာပြုံးလိုက်သည်။
"ကောင်းပြီ၊ ရှောင်ယွီ က အခုဆို ပုံမှန်ပြန်ဖြစ်နိုင်ပြီလေ… ဒါပေမယ့် မကြာခင် တန်ဖုန်းဘဝလည်း ပြီးဆုံးသွားလိမ့်မယ်”
စုမုန့်က ခန်းမအ၀င်ဝမှအမှိုက်ပုံးထဲကို စက္ကူပြာတွေ ပစ်ချရင်း ပြောလိုက်သည်။ဝေ့ထင် လည်း သေတ္တာကိုပြန်ထားရင်း သူမစကားကြောင့် မေးလာသည်။
"သူ ဘာဆက်ဖြစ်မှာလဲ"
" သူ စုပ်ယူထားတဲ့ ကံကြမ္မာက မူရင်းပိုင်ရှင်ဆီ ပြန်သွားလိမ့်မယ်… အပေါ်ယံမှာတော့ သူက ရှောင်ယွီရဲ့ ကံကြမ္မာကိုလိုချင်တယ်လို့ ဆိုပေမယ့် တစ်ကယ်တမ်းတော့ သူက ရှောင်ယွီရဲ့ ကိုယ်ကတစ်ဆင့် သူများတွေရဲ့ ကံကြမ္မာကို စုပ်ယူထားတာ…ဒီကံကြမ္မာက ရုတ်တရက် ပျောက်သွားရင် သူ့နေ့ရက်တွေလည်း ကုန်ဆုံးသွားလိမ့်မယ်”
“ဟင်...ရှောင်ယွီက သူများတွေဆီကနေ ကံကြမ္မာတွေကို စုပ်ယူခဲ့တာမလား... ရှောင်ယွီက ဘယ်လိုလုပ်ပြန်ကောင်းလာမှာလဲ"
ဝေ့ထင်နားမလည်နိုင်သေး။
"ရှောင်ယွီက ကြားခံသက်သက်ပါ… တခြားသူတွေရဲ့ ကံကြမ္မာက သူမခန္ဓာကိုယ်ကနေ တန်ဖုန်း ဆီကို ကူးသွားတာပါပဲ… ရှောင်ယွီ အတွက်လည်း အကျိုးမရှိတော့ သူမကို ထိခိုက်မှာမဟုတ်ဘူး"
“အဆိုးကို အဆိုးက တန်ပြန်အနိုင်ယူလိမ့်မယ်...ဒီကမ္ဘာကြီးက ယင်နဲ့ ယန်ရဲ့ ဟန်ချက်ညီမှုကို ဂရုစိုက်တယ်လေ...ယင်နဲ့ယန် ပျက်ရင် ဒုက္ခရောက်လိမ့်မယ်"
ကံမကောင်းစွာပင်၊ စုမုန့် ၏ ပျော်ရွှင်မှုသည် ကြာရှည်မခံခဲ့ပေ။ပြောနေရင်း ဝေ့ထင် သည် သူမကိုကြည့်ရင်း ရုတ်တရက် မျက်မှောင်ကြုတ်ကာ အမြန်လျှောက်လာနေသည်။
စုမုန့် သည် ဝေ့ထင် ရုတ်တရက် သူမဆီ ဘာလို့လာနေရမှန်း နားမလည်မိပေ။သူက ခန်းမထဲက စားပွဲပေါ်ရှိ တစ်ရှူးတစ်ရွက်ကိုထုတ်ပြီး သူမဆီအမြန်လျှောက်လာနေလေသည်။
xxxxx