အပိုင်း ၇၃
Viewers 11k

🧑‍⚕️Chapter 73


ရှန့်ဖန်းယွိ သည် သူ၏အာရုံကိုစာတမ်းများထံသို့ပြန်ပြောင်းရန် ရုန်းကန်ခဲ့ရသော်လည်း ထိုအင်္ဂလိပ်စာများသည်ယခုအချိန်တွင်စိတ်ဝင်စားစရာ မကောင်းဟုထင်ရကာအာရုံစိုက်ရန် အကြိမ်ပေါင်းများစွာကြိုးစားသော်လည်း မရပေ။ တစ်နာရီကြာ အချိန်ကုန်လွန်သွားပြီဖြစ်သော်လည်း သူသည်လွန်ခဲ့သောတစ်နာရီက စာကြောင်းကိုသာပြုပြင်နေဆဲဖြစ်သည်။

သူသည် အသက်ပြင်းပြင်းရှူကာမတ်တပ်ရပ်လိုက်သည်။ ကျန်းရွှိက ချက်ချင်းလှည့်ကြည့်ကာ
"ဘယ်သွားမလို့လဲ "

ထွက်ပြေးရန်ကြိုးစားနေသည့် ရှန့်ဖန်းယွိသည်သူ၏စိတ်ကိုပြောင်းလဲကာ…
" မင်းကိုနွားနို့နည်းနည်းထည့်ပေးမလို့"

ကျန်းရွှိသည်သူ၏နွားနို့ဖန်ခွက်မှ တစ်ငုံမျှသောက် ပြီး နောက် ရှန့်ဖန်းယွိမတ်တပ်နေသည်ကို မြင်သောအခါ နားမလည်နိုင်စွာကြည့်လိုက်သည်။

ရှန့်ဖန်းယွိ၏အကြည့်သည် သူ၏နွားနို့စွန်းနေသောအပေါ်နှုတ်ခမ်းသားပေါ်တွင် ရှိနေကာ သူ၏လည်ချောင်းသည်အနည်းငယ်ပူလောင်သွားသည်ဟု ရုတ်တရက်ခံစားလိုက်ရသည်။

သူသည် ကျန်းရွှိ၏ နှုတ်ခမ်းမှာ လှပကြောင်းတွေ့လိုက်ရသည်။သူ၏နှုတ်ခမ်းသည် အနည်းငယ် ဆူနေသည်။ သူ၏နှုတ်ခမ်းများသည်ပါးလျသောကြောင့် ယခင်က ထိုကဲ့သို့သောအသေးစိတ်ကို သတိမထားမိပေ။ယခုတွင်မူ သူ့နှုတ်ခမ်းများသည် နွားနို့ရည်များ ပေနေသောကြောင့်ပို၍ ရှင်းရှင်းလင်းလင်း မြင်နေရသည်။

ထို့နောက် ကျန်းရွှိသည် သတိမမူမိပဲ သူ၏လျှာနှင့် အပေါ်နှုတ်ခမ်းကိုသပ်လိုက်သည်။

ရှန့်ဖန်းယွိတကိုယ်လုံး ထုံကျဉ်သွားသည်။

သူသည် အစောပိုင်းက သစ်သီးဖျော်ရည်ကိုမသောက်ပဲနှင့် သူမသိသော မူးယစ်ဆေး အမျိုးအစားအသစ်ကိုသောက်ထားမိခဲ့သည်လား…။အဘယ့်ကြောင့် ရေငတ်မပြေသည့်အပြင် သူ၏လည်ချောင်းသည် ပို၍ခြောက်လာသည်ဟု ခံစားနေရသနည်း။

သူသည် သူ့ကွန်ပျူတာကိုကောက်ယူကာ မှန်မှန်မှားမှား ထိုနေရာမှ ထွက်လာခဲ့ခြင်းသည် ပိုကောင်းမည်ဟု ဆုံးဖြတ်လိုက်သည်။ သူသည်သူ၏စိတ်တည်ငြိမ်မှုအားစုစည်းကာ …

"ဆိုဖာကအရမ်းပျော့တော့ငါအိပ်ငိုက်လာပြီ အဲ့တော့ ငါစာတမ်းတွေလုပ်ဖို့စာကြည့်ခန်းကိုပဲသွားတော့မယ်"

သူသည်စာကြည့်ခန်းသို့သွား၍ သူ၏ကွန်ပျူတာကို ချလိုက်စဉ် ကျန်းရွှိသည် ရုတ်တရက်တံခါးကိုဖွင့်၍ လက်ထဲတွင်လည်း ကွန်ပျူတာကိုပိုက်ကာ ဝင်လာသည်ကိုတွေ့လိုက်ရသည်။ သူက ရှန့်ဖန်းယွိအားကြည့်ကာ

"ငါလည်း ဆိုဖာကအရမ်းပျော့တယ်လို့ထင်တယ်"

ရှန့်ဖန်းယွိသည် သူ၏ အပေါ်မေးရိုးအား လျှာဖြင့်တွန်းကန်မိသည်။ သူ၏စိတ်များကိုစုစည်း၍ ခေါင်းငြိမ့်ပြခဲ့သည်။

သူတို့နှစ်ဦးသည်တစ်ဦးနှင့်တစ်ဦး မျက်နှာချင်းဆိုင်ထိုင်နေကြသည်။ ကွန်ပျူတာ၏မျက်နှာပြင်ကြောင့်ကွယ်နေ၍ တော်သေးသည်။ ရှန့်ဖန်းယွိသည် တဖြည်းဖြည်းစိတ်အေးသွားကာ နောက်ဆုံးတွင် ပြီးခဲ့သည့်နာရီအတွင်းက သူ၏စာတမ်အား အာရုံစိုက်နိုင်ခဲ့သည်။ သူသည်အမှားများကို စစ်ထုတ်၍ ပြန်ပြင်ပေးနေစဉ် တစ်စုံတစ်ခုသည် သူ့အားလာထိနေသည်။

အေးစက်နေ၍ အသက်ရှိမနေသကဲ့သို့ပင်….။ထိုအရာသည် ကျန်းရွှိ၏ ခြေကျင်းဝတ်ဖြစ်နေခဲ့သည်။

ရှန့်ဖန်းယွိ ၏ နှလုံးသားတစ် ခုလုံးသည် ခုန်ပေါက်နေကာ သူအာရုံစိုက်နေသော စာတမ်းများအမှားစစ်၍ပြန်ပြုပြင်သည့်စိတ်သည် ဘယ်ဆီရောက်သွားမှန်းပင် မသိတော့ပေ။

သူသည် ကျန်းရွှိအား လှမ်းကြည့်လိုက်ပြီး လျင်မြန်စွာပြန်၍အကြည့်လွှဲလိုက်သည်။ ကျန်းရွှိ သည်အနည်းငယ်မျက်မှောင်ကြုတ်နေကာကွန်ပျူတာပေါ်တွင် အာရုံစိုက်နေပြီး ထိုရုတ်တရက်အထိအတွေ့အား သတိထားမိပုံမပေါ်ပေ။

ခဏကြာပြီးနောက် ရှန့်ဖန်းယွိ သည် ကျန်းရွှိအား

"မင်းဘာလို့ ခြေအိတ်တွေ မဝတ်ထားတာလဲ"

ကျန်းရွှိ ကသူ့အား နားမလည်စွာကြည့်လိုက်သည်။

ရှန့်ဖန်းယွိသည် ကျန်းရွှိစိတ်ဆိုးတော့မည်ဟုထင်သည့်အချိန်တွင် တဖက်လူမှာ ရုတ်တရက်မတ်တပ်ထရပ်၍ ခြေအိတ်တစ်စုံယူရန်အိပ်ခန်းကိုသွားနေသည်။

ရှန့်ဖန်းယွိ သည် ကျန်းရွှိပြန်လာသောအခါ သူ၏ခြေထောက်များကိုကြည့်လိုက်သည်။ သူ၏နှုတ်ခမ်းများကိုတင်းတင်းစေ့ထားရာမှမဝံ့မရဲနှင့်ထပ်၍ပြောလိုက်သည်။

"မင်းရဲ့ ခြေချင်းဝတ်တွေပါ ဖုံးတဲ့ ပိုရှည်တဲ့ ခြေအိတ်တွေကို ဝတ်ပါလား"

ကျန်းရွှိ သည်ခဏမျှ တိတ်ဆိတ်နေပြီးနောက် သူသည်ရှန့်ဖန်းယွိပုခုံအားပုတ်ကာ အိပ်ခန်းထဲသို့ဝင်ရန် လက်ဟန်လုပ်ပြသည်။

"ဒီကိုလာ"

ရှန့်ဖန်းယွိသည် ကျန်းရွှိ က သူ့အား ထိုးနှက်တော့မည်ဟုထင်ခဲ့သည်။ သို့သော် ကျန်းရွှိကဗီရိုအံဆွဲကိုဖွင့်လိုက်ကာ "မင်းတစ်စုံရွေးပေး"

ရှန့်ဖန်းယွိသည် အနည်းငယ်ထူးဆန်းသည်ဟုခံစားလိုက်ရသည်။ကျန်းရွှိမှ ဟုတ်ရဲ့လားဟု တွေးမိသွားသည်။
ထိုကဲ့သို့ စိတ်ကောင်းဝင်နေခြင်းသည် အလွန်ထူးဆန်းသည်။

သူသည်ခြေကျင်းဝတ်ထိဖုံးသော ခြေအိတ်ရှည်တစ်စုံ ကို အစမ်းသဘောဖြင့်ထုတ်ကာ ကျန်းရွှိအားကမ်းပေးလိုက်သည်။ သူသည်အံ့ဩစွာပင် ချက်ချင်းယူကာ သူ့ရှေ့တွင်ခြေအိတ်များကို ဝတ်လိုက်သည်။

ကျန်းရွှိသည်ရေချိုးပြီးကာစဖြစ်၍ ချောင်ပွသောအိမ်တွင်းဝတ် အဝတ်အစားကိုသာ အပေါ်ကြယ်သီးဖြုတ်၍ ဝတ်ထားသောကြောင့် သူကုန်းလိုက်သည်နှင့် သူ၏ ရင်ညွန့်ရိုးနှင့် ရင်ဘတ်မှ မှဲ့လေးအား ရှန့်ဖန်းယွိမြင်နေရသည်။

သူသည် အလျင်အမြန်အကြည့်လွှဲလိုက်ကာ
"မင်းကြယ်သီး သေချာလည်း မတပ်ထားဘူး"

ကျန်းရွှိ ကသူ၏ခေါင်းကိုငုံ့၍ကြည့်လိုက်သည်။ ကြယ်သီးများကို သပ်သပ်ရပ်ရပ်တပ်ထားရာ အမှားရှိမနေပေ။

ရှန့်ဖန်းယွိ က "မင်း အလုပ်သွားရင် မင်း ရှပ်အင်္ကျီရဲ့ ထိပ်ဆုံးကြယ်သီးရော တပ်သွားလား"

ကျန်းရွှိသည် ကိုယ်ကိုပြန်မတ်ကာ
"ဒါတွေကအိမ်ဝတ် အဝတ်အစားတွေပါ"

"ဒါဆို အိမ်အဝတ်အစားတွေကို ထိပ်ဆုံးကြယ်သီး တပ်စရာမလိုဘူးပေါ့"

"…"
ကျန်းရွှိသည်းမခံနိုင်တော့ပေ။
ရှန့်ဖန်းယွိနှင့် သူ၏ဆက်ဆံရေးကိုပြန်လည်ပြုပြင်ရန်အတွက်သူသည် ယနေ့အကောင်းဆုံး သဘောထားကိုပြသထားပြီးဖြစ်သည်။ သူ့အတွက် သောက်စရာပြင်ပေးခဲ့သည့်အပြင် သူနှင့်အတူ အလုပ်လုပ်ရန် ကြိုးစားအစပျိုးခဲ့သေးသည်။ သူနေရာပြောင်းသည့်အခါ ကျန်းရွှိလိုက်ပြောင်းခဲ့သေးသည်။ရှန့်ဖန်းယွိက ခြေအိတ်ဝတ်ခိုင်းသည့်အခါ သူဝတ်ခဲ့သည်။ ခြေအိတ်ပြောင်းခိုင်းသည့်အခါလည်း ပြောင်းပေးခဲ့သေးသည်။ယခုမူ ရှန့်ဖန်းယွိသည် သူ၏ကြယ်သီးများပြန်တပ်ရန်ပင်ပြောခဲ့သည်။

ဆက်ဆံရေးတွေပြန်ပြင်တာ အရေးကိုမပါဘူး…။

သူသည်ခြေအိတ်များကိုပြန်ချွတ်ကာ ဘေးဖယ်ပစ်လိုက်သည်။ သူ၏ရှပ်အင်္ကျီတွင်ကြယ်သီးများကိုပြန်ဖြုတ်လိုက်ပြီး သူ၏ကွန်ပျူတာကိုအိပ်ခန်းထဲသို့ ယူသွားကာ တံခါးကိုဆောင့်ပိတ်လိုက်သည်။

ခဏအကြာတွင် သူရုတ်တရက်တစ်ခုခုကို သတိရမိသွားကာတံခါး အား ထပ်ဖွင့်လိုက်သည်။

"မင်းနေမကောင်းဖြစ်နေရင်လည်း ဆေးရုံကိုသွားပြီးမင်းရဲ့ ဦးနှောက်ကိုပြန်ကုလိုက်"

သူသည် တံခါးအပြင်ဘက်ရှိ ဘာမျှနားမလည်သယောင်ဖြစ်နေသော ရှန့်ဖန်းယွိအား ပြောင်ပြောင်တင်းတင်းစကားများပြောလိုက်ကာ အိပ်ယာပေါ်သို့ ပြန်လှဲလိုက်သည်။

နောက်ဆုံးသူအဆင်ပြေခဲ့ပြီဖြစ်သည်။

ထိုအတောအတွင်း ရှန့်ဖန်းယွိသည်တံခါးအပြင်ဘက်တွင်ရပ်ကာ ဖြည်းဖြည်းချင်း အသက်ရှူနေခဲ့သည်။

သူသည် သူ၏ ဦးနှောက်အားစစ်ကြည့်ရန် ဆေးရုံသို့ မသွားခဲ့ပါလျှင် သူထိုကဲ့သို့ ဖြစ်လာမည်မဟုတ်ကြောင်း ကျန်းရွှိအား ပြောပြချင်သည်။

ဆရာဝန်ကြီး၏စကားများသည် ဓာတ်ကူပစ္စည်းတစ်ခုနှင့်တူကာ သူ၏မဆိုးသေးသော အခြေအနေအား ကူကယ်၍မရသော အခြေအနေအဖြစ်သို့ပြောင်းလဲစေသည်။ ယခုသူသည် ကျန်းရွှိနှင့်မျက်နှာချင်းဆိုင်သည့်အခါတိုင်း ဗြောက်အိုးကဲ့သို့ပင်ဖြစ်နေသည်။ သူ့အားထိတ်လန့်စေသည်။

သူသည် ကျန်းရွှိအား အမှန်တကယ်သဘောကျသည်ဟုခံစားရသည်။ အဘယ့်ကြောင့်ဆိုသော် မကောင်းသောအတွေးများစွာ သူ၏စိတ်ထဲတွင် ပေါ်လာခဲ့သည်။

ဥပမာအားဖြင့်သူသည် ကျန်းရွှိအား ကြယ်သီးမတပ်ထားစေချင်သလို။

နောက်တဖန်သူသည်တံခါးကိုဖွင့်ကာ ကျန်းရွှိ၏ ကြယ်သီးများကို အကုန်ချွတ်ပစ်ချင်ခဲ့သည်။ထို့နောက် သူဘာဆက်လုပ်မိမည့်အကြောင်းအား ဆက်၍ပင်မတွေးရဲတော့ပေ။

ရှန့်ဖန်းယွိသည် သူ့လက်အားမြှောက်ကာ သူ့ပါးသူ ရိုက်လိုက်သည်။ နောက်ဆုံးတွင်သူ၏ရှုပ်ထွေးသောအတွေးများကိုအနည်းငယ်ငြိမ်သက်သွားစေသည်။

သူသည် ထိုကဲ့သို့ သော အရာများအား မည်သို့တွေးလိုက်မိသနည်း…။

ဒေါက်တာရှန့်သည် သူ၏ မျက်ခုံးကိုဖိထားကာ ပထမဆုံးအကြိမ်အနေဖြင့် သူကိုယ်သူ အရှက်ကင်းမဲ့သူ အဖြစ်ခံစားလိုက်ရသည်။


ကျန်းရွှိ လတ်တလောတွင် စိတ်ဆိုးနေလေသည်။
ရှန့်ဖန်းယွိခမျာ သူ့ကိုယ်သူ ကျန်းရွှိနှင့်ခပ်ခွါခွါနေနေရသည်။

အပြင်ပိုင်းအရကြည့်လျှင်မူ သိပ်မသိသာပေ။သူတို့သည် အတူတူ အသွားအပြန်လုပ်နေဆဲ…အတူတူ နားရက်ယူဆဲသည့်အပြင် အချိန်ရသည့်အခါလည်း အတူတူစားကြသည်ဖြစ်သည်။ ရှန့်ဖန်းယွိသည် အလုပ်လုပ်ရန်အတွက် နှင့်ဧည့်ခန်းသို့တမင်တကာမသွားတော့ပေ။ သို့သော်ကျန်းရွှိသည် တစ်ခုခုခံစားမိသည်။ထိုကိစ္စသည်အလွန်နက်နဲသည်။

သို့သော် ရှန့်ဖန်းယွိသည် အချိန်အများစုတွင် ပြုံးနေဆဲဖြစ်ကာ ယခင်ရော ယခုရော လှည့်ပတ်၍ စနောက်ရယ်မောနေဆဲဖြစ်သောကြောင့်အနေဝေးသည်ဟုမခံစားရပေ။ ထို့ကြောင့် ကျန်းရွှိသည် သူစကားပြောချင်သော်လည်း ဘာစပြောရမည်မှန်းမသိပေ။ဝါဂွန်းစောင်အပါးအား လက်သီးနှင့်ထိုးနေရသကဲ့သို့ဖြစ်နေသည်။

"ဒေါက်တာကျန်း…တစ်ခုခုတွေးနေတာလား…"

လျန်းမြောင်နှင့် သူမ၏မိဘများက ကျန်းရွှိဘေးတွင်လမ်းလျှောက်နေကြသည်။ ထိုမိန်းကလေးသည် သူမ၏ဓါတုဆေးသွင်းကုသမှုကုသပြီးနောက် ဆံပင်တုကို ဝတ်ဆင်ထားသည်။ ပခုံးထိရှည်သော ရွှေရောင်ဆံပင်သည် သူမကိုပြီးပြည့်စုံစေသည်။သူမသည်နတ်သမီးပုံပြင်ထဲမှ မင်းသမီးလေးနှင့်တူသည်။

သူမသည် သူမ၏ဓါတုဆေးသွင်း ကုသမှုပြီးဆုံးသွား၍ သူမ၏ နောက်ထပ်ကုသမှုကိုစောင့်ဆိုင်းနေစဉ် ပြန်လည်ကျန်းမာလာစေရန်အိမ်ပြန်ရသည်။ ကျန်းရွှိ သည်သူမဆေးရုံမှ ဆင်းလာသည်နှင့် သူမထံ သွားကာ စောင့်ကြပ်ပေးရန်ဆုံးဖြတ်ခဲ့သည်။

သူ၏ အတွေးများသည် သူ၏မျက်နှာတစ်ပြင်လုံးတွင်ပေါ်နေသည်ကို သဘောမပေါက်ခဲ့ပေ။

ကျန်းရွှိ သည် သူ၏မျက်လုံးများကိုမြင့်၍ ဘာပြန်ပြောရမည်ကို စဉ်းစားနေစဉ်တွင် အတွင်းလူနာအဆောင်မှပြန်လာသော ရှန့်ဖန်းယွိအားတွေ့လိုက်ရသည်။သူသည် ခြေလှမ်းများရပ်တန့်သွားသည်။ ရှန့်ဖန်းယွိသည် သူနှင့်မတွေ့လိုပဲ ရှောင်ပုန်းနေသည်ဟု ခံစားလိုက်ရသည်။

အရင်က ထိုသို့လုံးဝကြုံခဲ့ဘူးပေ။
သူသည် ခပ်ဖြီးဖြီးအပြုံးနှင့်နှုတ်ဆက်ပြီး ဆက်တိုက် စကားပြောခြင်း သို့မဟုတ် သူ၏ ဆံပင်အား ဖွပစ်ခြင်းပြုလိမ့်မည်။

"မြောင်မြောင်ရေ… ဒေါက်တာကျန်းရဲ့ ပုဂ္ဂိုလ်ရေးကိစ္စတွေကို မစပ်စုရဘူးလေ"

လျန်းမြောင်၏ဖခင်က ဘေးမှနေ၍ ပြောသည်။လျန်းမြောင်၏ မျက်နှာသည် အောက်ကျို့သွားကာ

"ဟုတ် သိပါတယ်"

"ရပါတယ်" ကျန်းရွှိက အကြည့်ကို နှိမ့်၍ ပြောသည်။

"ဒေါက်တာ ရှန့်" လျန်းမြောင်က ရုတ်တရက် ခေါ်လိုက်သည်။

လျန်းဟန်ကြောင့် လျန်းမြောင်သည် ဒေါက်တာရှန့် အားသိခဲ့ရသည်။ဒေါက်တာ ရှန့် သည်သူတို့နှင့်အတူ ဟာသများပြောရသည်ကိုနှစ်သက်ကာ မာနကြီးချင်းလည်းမရှိပေ။ ထို့ကြောင့် လျန်းမြောင်သည် သူနှင့် ရင်းနှီးကျွမ်းဝင်လာသည်။

သူမ သည် လျန်းဟန် နှင့်အတူ စ၍ အပြင်ထွက်ချိန်ကတည်းကပင် လျန်းမြောင်၏ ကိုယ်ရည်ကိုယ်သွေးသည် ပို၍ ရွှင်လန်းလာခဲ့သည်။လျန်းမြောင် သည် ရှန့်ဖန်းယွိအား မြင်သောအခါ မကြောက်တော့ပေ။ သူမသည် မူလအစကတိတ်ဆိတ်နေတတ်သည့် မိန်းကလေးပုံစံမျိုးနှင့် အလွန်ကွာခြားသွားပြီဖြစ်သည်။

"လျန်းမြောင်…" ရှန့်ဖန်းယွိ၏ ခြေထောက်သည် သူတို့ရှေ့တွင်ရပ်လိုက်ကာ လျန်းမြောင်၏မိဘများက ရှန့်ဖန်းယွိအား ယဉ်ကျေးစွာခေါင်းညိတ်ပြကြသည်။

" ဆေးရုံကနေဆင်းပြီလား…"သူကအပြုံးနဲ့မေးလိုက်သည်။

လျန်းမြောင်သည် ခေါင်းညိတ်ပြကာ…
"ဒေါက်တာကျန်းက ကျမကို ဆင်းခိုင်းလိုက်ပြီ"

သူမပြောသည်ကိုကြားသောအခါ ရှန့်ဖန်းယွိ၏ မျက်နှာသည် ပုံမှန်မဟုတ်တော့ပေ။ အမှန်ဆိုလျှင် လျန်းမြောင် ကသူ့အားခေါ်လိုက်သည့်အချိန်တွင် ကျန်းရွှိ၏ အကြည့်သည် သူ့ထံရောက်နေသည်ကို ကြိုသိနှင့်နေခဲ့သည်။ သို့သော်လည်း သူ၏ခေါင်းကိုလှည့်ကာ ကျန်းရွှိဘက်သို့ကြည့်ရန် မဝံ့ရဲခဲ့ပေ။ ကျန်းရွှိမှ သူ၏ ခြေတစ်လှမ်းမျှသွေဖယ်သည်ကိုပင် မြင်ရနိုင်သည့်အခြေအနေတွင် ရှန့်ဖန်းယွိသည်သူ၏စကားပြောဆိုပုံ နှင့် မျက်လုံးနှစ်လုံးအား လျန်းမြောင်ထံတွင်သာ အာရုံပြုထားလိုက်သည်။

မမျှော်လင့်ပဲနှင့် ကျန်းရွှိက "သူတို့သွားတာကို ကြည့်ကြတာပေါ့" ဟုပြောလာသည်။

သူတို့သည် လူနာဌာန၏ တံခါးနှင့် အနည်းငယ်ကွာဝေးနေကာ ရှန့်ဖန်းယွိသည် ရှောင်ရှားသွားရန် တစ်ခုခုရှာချင်နေခဲ့သည်။ ၀မ်းနည်းစရာကောင်းသည်မှာ သူသည် အရမ်းအလုပ်များနေရာမှ ယခုမှသာ အားသွားခြင်းဖြစ်သည်။ထို့ကြောင့် လက်ရှိ အခြေအနေမှ ရှောင်ထွက်ရန်အတွက် လုပ်စရာအလုပ်တစ်ခုမျှမတွေ့ပေ။

ထို့ကြောင့် သူသည် ခေါင်းတဆတ်ဆတ်ညိတ်လိုက်ကာ လျန်းမြောင်အား တံခါးဝမှ အတူဆွဲခေါ်သွားသည်။

သေချာသည်။ ကျန်းရွှိသည် အတွင်း လူနာဌာန၏ ဝင်ပေါက်တံခါးကို ရောက်သည်နှင့် ချက်ချင်းရပ်လိုက်သည်။

"ပျော်ပျော်ရွှင်ရွှင် ဆေးရုံဆင်းသွားပြီပေါ့"

လျန်းမြောင်က ရုတ်တရက်ထမေးသည်။

"ဒေါက်တာ ကျန်း…ဒေါက်တာ့ကိုလက်ဆွဲနှုတ်ဆက်လို့ရမလား"
"ရတာပေါ့…" ကျန်းရွှိက သူ၏ လက်ကို ကမ်းပေးကာ

"မင်းကိုမြန်မြန်ဆန်ဆန် နာလန်ထူစေချင်တယ်"

သူသည်အစက လျန်းမြောင်သည် လက်ကိုမလွှတ်လိုက်ခင် အချိန်ထိသူ့အား ကျေးဇူးတင်ကြောင်းဖော်ပြရန်ကြိုးစားနေသည်ဟုထင်ခဲ့သည်။ ထို မိန်းခလေး မျက်လုံးထဲတွင်လည်း ထိတ်လန့်တုန်လှုပ်နေပုံကို မြင်နေရသည်။

ကျန်းရွှိသည် တစ်ခုခုကို သဘောပေါက်လိုက်သည်။
လျန်းမြောင်သည် သေခြင်းတရားကိုကြောက်ရွံ့ခဲ့သောကြောင့် သူမကိုကယ်တင်ပေးခဲ့သောသူထံမှ ခွန်အားရှာနေခြင်းဖြစ်မည်။

သူ လျန်းမြောင်၏မိဘများကိုကြည့်လိုက်သည်။လူကြီးနှစ်ဦးသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကာ ခြေလှမ်းအနည်းငယ်နောက်ဆုတ်၍ သူတို့၏သမီးအတွက်နေရာပေးလိုက်သည်။ ကျန်းရွှိ သည် သူ၏ခေါင်းကိုငုံ့ထားကာ လျန်းမြောင်ဘေးရှိ မြက်ခင်းပြင်ပေါ်တွင် ရှိသော ရုပ်ထုအားလက်ညှိုးထိုးပြကာ…

"သူမက ဘယ်သူလဲသိလား"

အဖြူရောင်ရုပ်ထုသည် အဖြူရောင်ဂျူတီကုတ်နှင့်အမျိုးသမီးဆရာဝန်တစ်ဦး ဖြစ်သည်။ သူမသည်အလွန်အသက်ကြီးနေပုံရကာ…သူမ၏ဆံပင်တိုသည်သေသပ်စွာဖြီးထားပုံရကာ သူမ၏မျက်နှာသည်အနည်းငယ်ချောင်ကျနေပြီး ကြင်နာတတ်သည့်ပုံစံဖြစ်သည်။

လျန်းမြောင်သည် သူမ၏ခေါင်းကိုခါ၍ ထိုဆရာဝန်ဟောင်းအား မသိကြောင်းပြောသည်။

"ဒေါက်တာ လင်းချောင်ချိ လို့ခေါ်တယ် "
ကျန်းရွှိက သူမအား မိတ်ဆက်ပေးခဲ့သည်။

"ဒီနေရာမှာ သားဖွားမီးယပ်အထူးကုဌာနကို တည်ထောင်ခဲ့တဲ့ သူတစ်ဦး ပေါ့... အသက်တွေအများကြီးမှ အများကြီး ကယ်တင်ခဲ့တဲ့သားဖွားမီးယပ်အထူးကုဆရာဝန်ကြီးလေ…"

"ဒေါက်တာတို့ ဌာနက လူနတွေဆို သူတို့ကိုကောင်းချီးပေးဖို့ဆိုပြီး သူ့ဆီလာတောင်းဆိုကြသေးတာလေ"

လျန်းမြောင် ပြုံးလိုက်ကာ
"ဒါဖြင့် သူတော်တော် အလုပ်ရှုပ်နေတော့မှာပဲ"

ကျန်းရွှိသည် ဒေါက်တာနှင့်မျက်နှာချင်းဆိုင်ကြည့်လိုက်၍ လက်နှစ်ဖက်အားအတူထပ်ကာ အရိုသေပေးရင်း…
"လျန်းမြောင်ကို ကျန်းမာရေးကောင်းမွန်ပြီး မြန်မြန် နာလန်ထူဖို့ ကောင်းချီးပေးမယ်လို့် မျှော်လင့်ပါတယ်"

လျန်းမြောင်၏ မျက်လုံးများ တဖျပ်ဖျပ်လက်သွားသည်။ကျန်းရွှိက သူမအတွက် ဆုတောင်းလိမ့်မည်ဟုမမျှော်လင့်ထားပေ။ စိတ်လှုပ်ရှားမှုများက သူမ၏ ရင်ထဲသို့ ပျံ့နှံ့သွားပြီးခဏအကြာတွင် ဒေါက်တာလင်း ရုပ်ထု၏နဖူးပေါ်မှ အရေးအကြောင်းများကိုကြည့်လိုက်ကာ အနည်းငယ်မှိုင်တွေမိသွားသည်။

သူမ ဆိုရိုးစကားဟောင်းတစ်ခုအားသတိရမိသည်။

"အကောင်းဆုံးကြိုးစားပါ…ဘုရားသခင်အသံအားနားထောင်ပါ"

ဆရာဝန်သည် သူလုပ်နိုင်သည်ကိုအကောင်းဆုံးလုပ်ခဲ့သည်။ ကျန်သည့်အရာများသည် ကံကြမ္မာအတိုင်း ပင်ဖြစ်သည်။

ကျန်းရွှိသည် လျန်းမြောင်၏ စိတ်ဓာတ်ကျနေမှုကို ခံစားခဲ့မိသောကြောင့် ရုတ်တရက်ထပြောလိုက်သည်။

" လျှို့ဝှက်ချက်တစ်ခုပြောပြမယ်လေ"

လျန်းမြောင်၏မှောင်မိုက်သောအတွေးများသည်ပြန်လည်တောက်ပသွားကာ လျှို့ဝှက်ချက်ဟူသော စကားကို ကြားသည်နှင့် စိတ်ဝင်တစားဖြစ်သွားသည်။

ကျန်းရွှိ မျက်လွှာချကာ မြေကြီးပေါ်သို့စိုက်ကြည့်နေရင်း…

"အင်း…ဒေါက်တာလည်း ...... ဒေါက်တာလည်း နည်းနည်း နေမကောင်းဖြစ်နေတာလေ..သိပ်မကြာခင် အရမ်းအန္တရာယ်ရှိတဲ့ခွဲစိတ်မှုလုပ်ဖို့လိုလာတော့မှာ…အသက်ရှင်နိုင်ပါ့မလားဆိုတာလဲ မသေချာဘူး"

လျန်းမြောင်ကသူ့မျက်လုံးများကို ပင့်ကြည့်ကာ အံ့ဩနေသည်။

ကျန်းရွှိသည် နေရောင်ထဲ တောက်ပနေသော ဒေါက်တာလင်း၏ ရုပ်ထုကိုကြည့်ကာ လျန်းမြောင်အားပြောလိုက်သည်။

"ဒါကြောင့် ကတိတစ်ခုထားကြမယ်…နောက်နှစ် ဒေါက်တာလင်းရဲ့မွေးနေ့ပွဲလုပ်တဲ့အခါ ဒေါက်တာတို့ဒီမှာပြန်ဆုံကြမယ် သူမကို ပန်းစည်းအတူတူပေးကြမယ်"

"အဲ့တော့ မင်းလည်းအသက်ရှင်ရမယ်…ဒေါက်တာလည်း အသက်ရှင်နေမယ်..နော်"

လျန်းမြောင် သည် နားထောင်နေစဉ်တွင် သူမမျက်လုံးများသည်အနည်းငယ်နားမလည်သယောင်ရှုပ်ထွေးနေသော်လည်း အနီးကပ်ကြည့်မည်ဆိုလျှင် ထိုမျက်လုံးများထဲမှ စိတ်ဓာတ်ကျမှုများသည် အနည်းငယ်ပျောက်ကွယ်သွားပြီး ဆန့်ကျင်ဖက်အနေနှင့် ပို၍စိတ်ပိုင်းဖြတ်လာနိုင်သကဲ့သို့ဖြစ်သွားသည်။

"သဘောတူတယ်…ဒေါက်တာကျန်း…ဒေါက်တာလည်း လာရမယ်နော်…ကျွန်မလည်းလာမှာ…"
ကျန်းရွှိနှင့်ကတိပေးရန် သူမ၏လက်အား ရုတ်တရက်ဆန့်လိုက်သည်။

"ကောင်းပါပြီ…သဘောတူညီချက်ဖြစ်ပြီနော်"

သူသည် လျန်းမြောင် သူမ၏မိဘများထံပြန်သွားကာ သူ့အားလက်ပြနှုတ်ဆက်သည်ကို ကြည့်နေသည်။ သူမ၏ခြေလှမ်းများသည်ပိုမိုပေါ့ပါးနေသည်။ ခဏကြာသည်အထိ ကျန်းရွှိသည်အတွေးများထဲတွင် ပျောက်ဆုံးနေခဲ့သည်။

အချိန်ကြာသည့်အခါ ဘေးတွင် ရပ်နေသော ရှန့်ဖန်းယွိ သည် ရုတ်တရက်သူ့ထံလမ်းလျှောက်လာကာ ဒေါက်တာလင်း၏ရုပ်ထုအားဦးညွတ်ခဲ့သည်။

"ကျန်းရွှိ ကိုလည်း ကောင်းချီးပေးနိုင်မယ်လို့မျှော်လင့်ပါတယ်"

ကျန်းရွှိက သူ့အား ကြည့်၍ အံ့ဩနေသည်။

"လျန်းမြောင် အတွက်ကျ ဦးညွတ်ဆုတောင်းပေးပြီး ကိုယ့်အတွက်ကိုယ်ကျကြောင့် ဦး မညွတ်တာလဲ"

ကျန်းရွှိသည် ထိုစကားများကြားပြီးနောက် သူ၏မျက်နှာကိုတဖက်သို့လှည့်လိုက်သည်။ထို့နောက် ရုပ်ထုအမြင့်ကြီးအားလှည့်ကြည့်ကာ

“ မင်းအခု အဲ့ဒီမှာရှိနေပြီမလား"

"ငါ…."