Chapter 125
" အမလေး " ထူကျစ်ဖန်သည် ဖယောင်းတိုင်များကို နေရာချထားရင်း ပင်ပန်းနေပေပြီ။
သူ ချင်းယောင်ကို ကျေနပ်စေရန်အတွက် ဖယောင်းတိုင်များကို လုံ့လဝီရိယရှိစွာ နေရာချထားနေသည့် ရှောင်းကျောက်ကို ကြည့်ကာ မြေပြင်ပေါ်၌ ထိုင်ချလိုက်ပြီးပြောသည်။
" ဖယောင်းတိုင်တွေဘယ်လောက်၀ယ်လာခဲ့တာလဲ ။ကနေ့ ရာသီဥတုက သိပ်မကောင်းဘူး ။လေအရမ်းပြင်းနေတာ ထွန်းပြီးပြီးချင်း အကုန်ငြိမ်းကုန်နေတယ် "
ချင်းယောင်က " ဂရုမစိုက်ဘူး သူမရောက်လာတဲ့အချိန် ဖယောင်းတိုင်တွေအကုန်လင်းထိန်နေရမယ် "
" ဒါဆို မင်းဘာသာမင်းလုပ်"
ချင်းယောင်က အေးစက်စွာ ပြောလိုက်သည်။
" ထုတ်ပယ်ခြင်းအသိပေးစာ "
"... ဖယောင်းတိုင်လေးတွေကို ချက်ချင်း အစားထိုးလိုက်ပြီး ပြီးပြည့်စုံတဲ့ အသဲပုံလေးဖြစ်အောင် လုပ်ပေးမယ်လို့ ကတိပေးတယ် "
ချင်းယောင်က သူ၏ ဖုန်းကို ချလိုက်သည်။သူ့ကားကို အောက်ထပ်ကားပါကင်၌ ရပ်ထားဆဲဖြစ်၏။
သူ ကျုံးယို့ယို့အခန်း၏ မျက်နှာကျက်မှ ကြမ်းပြင်ထိ ရှည်လျားသည့် ပြတင်းပေါက်များကို ကြည့်လိုက်ပြီး စိတ်ထဲ၌ ၃၀ထိ စတင်ရေတွက်နေလိုက်သည်။ သူမသည် ဓာတ်လှေကားဆီသို့ ရောက်နေသင့်ပြီး ခလုတ်တွေကို စတင်နှိပ်နေလိမ့်မည်။
ထို့နောက် သူသည် တိတ်ဆိတ်စွာ ၁၀ထိ ထပ်မံရေတွက်ပြီးချိန်၌ စင်္ကြံမီးကလင်းထိန်သွားသည်။ ချင်းယောင်သည် လိုက်ကာများကြားမှ ရင်းနှီးသည့် မီးအ၀ါရောင်လေးကို နူးညံ့ေပျာ်ရွှင်မှုအပြည့် မျက်လုံးများဖြင့် ကြည့်နေသည်။
သူ သူမကို အလွန်သဘောကျလွန်းပြီး တချိန်လုံး သူ၏အိတ်ကပ်ထဲ ထည့်ကာ သယ်ထားချင်မိသည်။ သို့သော် သူ့ကိုယ်သူ အလောတကြီးလုပ်၍မဖြစ်၊ နှေးနှေးဖြေးဖြေးလေးသာ သွားရမည်ဟူ၍ သတိပေးလေ့ရှိသည်။ လွန်ခဲ့သော ခြောက်လအတွင်း နွေရာသီမှ ဆောင်းရာသီနှင့် ယခု နွေဦးရာသီတွင် သူအတွက် နွေဦးလေပြေ နှင်းများ အရည်ပျော်နေသည့် အိပ်မက်တစ်ခုလိုပင် ခံစားရသည်။
သူမသည် ရှစ်ကျစ်ထန်နောက်သို့ အမြဲတမ်းလိုက်နေခဲ့ပြီး သူကို အေးတိ အေးစက်ဖြင့် ခပ်ခွာခွာနေခဲ့သည်။ ထိုအရာအားလုံးကို သူ မြင်ခဲ့ရပြီး သူ၏မျက်ခုံးမှာ မှုန်ကုပ်ကုပ်ဖြင့် အသက်ရှူမဝဖြစ်လာသည့်တိုင်အောင် ပိုင်ဆိုင်လိုမှုက သူ့ကို ရစ်ပတ်ထားခဲ့သည်။
သို့သော် တစ်ရက်၌ သူမသည် အကြောင်းမရှိ သူမနောက်မှာရှိသည့် သူကို ရုတ်တရက် ကြည့်လာခဲ့သည်။
ပထမ၌ သူသည် စိုးရိမ်နေပြီး မယုံကြည်ရဲခဲ့ပေ။ထို့နောက် ပျော်ရွှင်လာပြီး သူနှသားလေးက ခုန်ပေါက်နေခဲ့သည်။
အချစ်ကိစ္စ၌ ပိုချစ်သည့်သူက ရှုံးရစမြဲဖြစ်သည်။ သို့သော် ဤကိစ္စ၌ ချင်းယောင်သည် ရှုံးရမည်ကို မကြောက်ပါ။ သို့သော် ရှုံး၍လည်း မဖြစ်ချေ။ဘဝနေဝင်ချိန်သို့မရောက်မချင်း သူမကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားရမည်။
မနက်ဖြန်၌ ကျုံးယို့ယို့သည် ရိုက်ကူးရေးအတွက် မြို့တော် C သို့သွားရမည်ဖြစ်ပြီး ချင်းယောင်သည် သူမကို တရား၀င်ဖွင့်ပြောရန် အကြွေးတင်နေသည်ဟူ၍ ခံစားနေရသည်။
သူ၏ကိုယ်ပိုင်တံဆိပ်ကို တံဆိပ်ခတ်ပြီး သည့်နောက်သူမ လှည့်ပတ်ပြေးမည်ကို သူ မကြောက်ချေ။
သူ၏စိတ်ထဲတွင် အကြိမ်တစ်ရာမက ကြိမ်ဖန်များစွာ လေ့ကျင့်ခဲ့ပြီး ခေတ်မမီဘဲ ကိုးယိုးကားယားနိုင်နေသည့် သူကိုယ်သူ လှောင်ပြောင်နေသည်။ သို့သော် ယခုအခိုက်အတန့်တွင် သူမအိမ်ရှိ ထွန်းလင်းနေသည့် မီးရောင်များကို ကြည့်လိုက်သောအခါ သူ့မျက်လုံးများသည် အဖိုးတန်ရတနာတစ်ခုကို ကြည့်နေသည့်အလား မျှော်လင့်ချက်အပြည့်နှင့် နူးညံ့နေသည်။
*
ကျုံးယို့ယို့သည် ရေချိုးပြီးနောက် တဘက်တစ်ထည်ဖြင့် ဆံပင်စိုများကို သုတ်နေရင်း ထွက်လာသည်။ သူမသည် သူမဖုန်း၏ ဖန်သားပြင်ကို ဖွင့်မကြည့်ဘဲ မနေနိုင်ချေ။
စာတစ်စောင်မှမရှိပေ။ လက်မလျော့သေးဘဲ Wechatမှ စာတိုများ အားလုံးကို ၀င်ဖတ်လိုက်သည်။ ယခုထိ မရှိသေးချေ။
ချင်းယောင်က ဘာလုပ်နေသနည်း ။ သူမ၏စိတ်များ ရှုပ်ထွေးနေသည်။
ချင်းယောင်သည် သူမ မနက်ဖြန် ပြိုင်ပွဲ၀င်ရန် သွားတော့မည်ကို အမှန်တကယ် မေ့နေခဲ့သည်လားဟူ၍ ထင်နေချိန်တွင် ပြိုင်ပွဲဆိုင်ရာဆော့ဝဲမှ ' ဒင်' ဟူသောအသံ ထွက်လာသည်။
z32ejfajhw2 မှ သူမကို စာတိုတစ်စောင်ပို့ခဲ့ပြီး " မနက် ပြိုင်ပွဲနေရာကို ကြိုသွားဖို့ မမေ့နဲ့နော် "
ဤကဲ့သို့ လေးနက်သောလေသံနှင့် သူမကို မမှတ်မိဟန်ဆောင်သည့်ပုံစံက ချင်းယောင်သည် ဒရာမာကင်းတစ်ေယာက်လားဟူ၍ ကျုံးယို့ယို့ကို အံ့သြသွားစေသည်။
သူမ စာပြန်လိုက်သည်။ " ဒီက ပရိသတ်လေး နာမည်ဘယ်လိုခေါ်လဲ "
မိနစ်အနည်းငယ်ကြာသောအခါ z32ejfajhw2c မှ အတည်ပေါက်ကြီးပြောလာသည်။
" ကိုယ့်နာမည်က နီနန်းဖျောင် "
ကျုံးယိူ့ယို့သည် အူမြူးသွားပြီး သူမ၏ နှုတ်ခမ်းတွေက ကော့တက်သွားကာ ဆိုဖာပေါ်၌ လဲလျောင်းနေရင်း စာပို့လိုက်သည်။ " ရှောင်နီ အနာဂတ်မှာ ဒီလိုစာတွေမပို့နဲ့နော် ၊ငါတို့ပြီးခဲ့တဲ့အခေါက်က ပြောထားတဲ့စာတွေကို မြင်ပြီး ငါ့ကောင်လေးက သ၀န်တိုနေလို့ "
z32ejfajhw2: " အာ .. ကောင်လေးရှိတာလား "
' ဟန်ဆောင်နေတုန်းပါလား '
ကျုံးယို့ယို့မှ စာပြန်လိုက်သည်။ " အင်း သူက အရမ်းချောတာ အရမ်းခန့်ညားတယ် စကြဝဠာတစ်ခုလုံးမှာ အချောဆုံးပဲ "
ချင်းယောင်သည် အိမ်ရာ၀န်းထဲမှ ကားကို လက်တစ်ဖက်ဖြင့်မောင်းရင်း မှန်တ၀က်ချကာ မောင်းထွက်လာသည်။ ထိုစာသားများကို မြင်သည့်အခါ သူ၏ ချောမောသည့် မျက်နှာလေးက ရုတ်တရက် နီရဲသွားသည် ။ ဂိတ်တံခါးစောင့်သည် သူကိုကြည့်ပြီး စိတ်ရှုပ်ထွေးနေလေသည်။ ချင်းယောင်က ချောင်းခြောက်ဆိုးလိုက်ပြီးနောက် လက်တစ်ဖက်တည်းဖြင့် ကားဆက်မောင်းလိုက်သည်။
တစ်ဖက်၌ ကျုံးယို့ယို့သည် ဆိုဖာပေါ်၌ လဲလျောင်းရင်း ခေါင်းထောင်ကာ ပြုံးရင်း ရေတစ်ငုံသောက်နေသည်။ သူမက ချင်းယောင်ကို ဖုန်းခေါ်တော့မည့်အချိန်၌ chat window ၌ ဓာတ်ပုံတစ်ပုံ ပေါ်လာသည်။
" မင်းကောင်လေးနဲ့ ယှဉ်ရင် ကိုယ်ကဘယ်လိုလဲ "
ထိုပုံသည် ချင်းယောင်အင်တာနက်ပေါ်၌ ရှာခဲ့သည့် ချောမောသည့် ကောင်လေးတစ်ယောက်ပုံဖြစ်သည်။ ထိုသူက မော်ဒယ်ဖြစ်ပုံရပြီး သူ၏မျက်နှာသွင်ပြင်က ရှစ်ကျစ်ထန်နှင့် အနည်းငယ်ဆင်သည်။
ကျုံးယို့ယို့၏ မြိုမချရသေးသည့် တံတွေးက လွင့်စဉ်လုနီးပါးဖြစ်သွားသည်။
' မဖြစ်နိုင်ဘူး ချင်းယောင်က ခုထိ ရှာလကာရည်အိုင်ထဲနစ်နေပြီး ရှစ်ကျစ်ထန်နဲ့ ယှဉ်ပြိုင်ဖို့ ကြိုစားနေတုန်းလား '
အကယ်၍ သူမသာ ဤအချိန်၌ ချင်းယောင်မကြားချင်သည့် အဖြေမျိုး ဖြေဆိုလိုက်လျှင် သူက ဖုန်းကို သေချာပေါက် ပစ်ပေါက်နိုင်မည်ကို ကျုံးယို့ယို့ သိ၏။
ဟန်ဆောင်နေသည်။ ကျုံးယို့ယို့ တွေးမိပြီး ပြုံးလိုက်သည်။သို့သော် တကယ်ချစ်ရာကောင်း၏။ သူမ အလိုလိုက်မိသွားသည်။
သူမက ရယ်မောလိုက်ပြီး ဆိုဖာပေါ်၌ လူးလိမ့်ရင်း စိတ်ခံစားချက်ကောင်းစွာဖြင့် စာရိုက်လိုက်သည်။
" ငါ့ကောင်လေးက အဆတစ်ရာ၊အဆတစ်ထောင်၊အဆတစ်သောင်း နင့်ထက် ပိုချောတယ် ရပြီလား "
ချင်းယောင်သည် ထိုစကားလုံးများကို ကြည့်နေခဲ့ပြီး သူ၏ နှုတ်ခမ်းထောင့်များက လွန်လွန်ကြူးကြူး မြင့်တက်သွားကာ စိတ်ထဲ၌ ပျော်ရွှင်မှုသည်လည်း ပြည့်လျှံလုနီးပါး ဖြစ်နေ၏။
သူ ခဏတာမျှ အချိန်ဆက်လက်မစီးဆင်းစေလိုဘဲ ဤအခိုက်အတန့်၌သာ ရှိနေချင်သည်။ သို့သော် မဖြစ်သေးချေ။ သူ ဖွင့်မပြောရသေးသလို အိမ်ထောင်လည်း မပြုရသေးချေ။
သူက ခဏကြာ ရယ်မောနေခဲ့ပြီးသည့်နောက် စာပို့လိုက်သည်။
"ဟမ် တကယ်လား ။ ညနေ ကိုးနာရီခွဲ ကစားကွင်းမှာ တွေ့ကြမယ် ။ ကိုယ် မင်းကို ကိုယ်နဲ့မင်းကောင်လေး ဘယ်သူကပိုကြည့်ကောင်းလဲ မင်းမျက်လုံးတွေနဲ့မြင်စေချင်တယ် "
ကျုံးယို့ယို့က အူတက်အောင် ရယ်မောလိုက်သည်။ 'သူကဘာလို့ခုချိန်ထိ သရုပ်ဆောင်ချင်နေသေးတာတုန်း '
" စောင့်နေလိုက် နောက်ကျတဲ့သူက ငတုံးပဲ "
*
ကျုံးယို့ယို့သည် ချင်းယောင်က သူမအတွက် အံ့ဩစရာတစ်ခုပြင်ဆင်ထားသည်ကို လွယ်ကူစွာ ခန့်မှန်းခဲ့သည်။ နောက်ဆုံး၌ အပန်းဖြေဥယျာဥ်ကဲ့သို့သောနေရာများက ချိန်းတွေ့သည့်နေရာနှင့် အဓိပ္ပာယ်တူသည်။ ဤလူက နောက်ဆုံးတွင် သတိတရား၀င်လာသည်လား။ ကျုံးယို့ယို့သည် အပြင်မထွက်ခင် အလွန်ပျော်ရွှင်နေပြီး မှန်ရှေ့၌ မိတ်ကပ်ပါးပါးလေးပြင်ရင်း အပြင်ထွက်လျှင် ၀တ်ရင် အ၀တ်အစားကို နာရီ၀က်ခန့် ရွေးချယ်နေသည်။
သူမ ခပ်တိုးတိုးသီချင်းလေးညည်းနေမိသည်။ ချင်းယောင်နှင့် တွေ့ဆုံခဲ့ရခြင်းသည် သူမဤကမ္ဘာသို့ ရောက်ရှိကတည်းက ဖြစ်ပျက်ခဲ့သည်များထဲမှ အကောင်းဆုံးအရာဖြစ်သည်။
ကျုံးယို့ယို့သည် အရပ်မြင့်ပြီး ပန်သွယ်သည့်ခန္ဓာကိုယ်ရှိ၏။ များသောအားဖြင့် ဖိနပ်အပါးများကိုသာ စီးလေ့ရှိသည်။ ယခု သူမက ယွမ်ယွမ်နှင့် ဈေး၀ယ်ထွက်စဉ်က ၀ယ်ယူခဲ့သည့် သေးငယ်small သိုးသားရေဖြင့် ပြုလုပ်ထားသောဒေါက်ဖိနပ်လေးကိုတောင် ထုတ်စီးလိုက်သည်။
သူမက အတတ်နိုင်ဆုံး မတ်မတ်ရပ်နိုင်ရန် ကြိုးစားကာ ဓာတ်လှေကားဖြင့် အောက်သို့ ဆင်းလာလိုက်သည်။
အောက်သို့ရောက်လာသည့်အခါ လေအနည်းငယ်ပြင်းသည်ဟူ၍ ခံစားရ၍ သူမ၏ အ၀တ်အစားများကို ဆွဲစေ့လိုက်ပြီး ကားငှားစီးရန် အိမ်ရာ၀င်ပေါက်ဆီသို့ လမ်းလျှောက်သွားသည်။
သို့သော် မည်သူသိမည်နည်း ။သူမ အိမ်ရာ၀င်းထဲမှ ထွက်သည်နှင့် သူမနှာခေါင်းက ရုတ်တရက် အေးစက်သွားကာ မိုးစက်ပေါက်ကြီးများက သူမခေါင်းထိပ်မှ ရုတ်တရက် ကျလာသည်။ တစ်မိနစ်၊နှစ်မိနစ်အတွင်းမှာပဲ မိုးက ပိုပိုသည်းထန်လာခဲ့ပြီး မြေပြင်ပေါ်ထိကာ အသံများဖြစ်နေသည်။
တံခါးဂိတ်စောင့်ဦးလေးကြီးက ပန်းများကို အထဲသွင်းရန် လျင်မြန်စွာထွက်လာ၏။
ကျုံးယို့ယို့ ထီးမယူလာခဲ့ချေ။သူမ ကြောင်အသွားခဲ့ပြီး မြန်မြန်ဆန်ဆန် ပြန်လှည့်ပြေးရုံသာလျှင် တတ်နိုင်သည်။
သူမက ဖုန်းကို ထုတ်ယူကာ မိုးလေ၀သခန့်မှန်းချက်ကို ကြည့်လိုက်ရာ ယနေ့ မိုးရွာမည်ဟူ၍ မဖော်ပြထားချေ။ ထိုအရာက အတော်လေး မတိကျသည်ပင်။ စက္ကန့်အနည်းငယ်အတွင်း၌ ကျုံးယို့ယို့သည် မိုးရေများ ရွှဲရွှဲစိုသွားပြီး သူမ မျက်နှာကို သပ်ချလိုက်သည်နှင့် မိတ်ကပ်များက ရွေ့လျားသွားသည်။
တိုက်ခန်း၏ အောက်ထပ်၌ မတ်တပ်ရပ်နေခဲ့ပြီး မိုးရွာခြင်းမှ အမိုးအကာရရုံမျှသာ ဖြစ်သည်။ သူမသည် အိမ်သို့ ပြန်ကာ အ၀တ်အစားလဲရမည်ကို ဇဝေဇဝါဖြစ်နေမိသည်။
ရုတ်တရက် ကားတစ်စီးက သူမဆီသို့ နီးကပ်လာပြီး မိုးစက်များကို အ၀ါရောင်ကားမီးများက ထိုးဖောက်နေသည်။ ကားသည် တဖြည်းဖြည်းနီးကပ်လာပြီး ချင်းယောင်က ကားတံခါးဖွင့်ကာ ပြေးလာသည်။
" ချင်းယောင် ဘယ်အချိန်ကို ရှင်ရွေးခဲ့တာလဲ မိုးအရမ်းရွာနေတယ် " ကျုံးယို့ယို့က သူမမျက်နှာကို သုတ်လိုက်ပြီး အောက်ခံမိတ်ကပ်များကို ဖယ်ရှားရင်း ညည်းညူလာသည်။
ချင်းယောင်သည်လည်း စိတ်ဓာတ်ကျနေသည်။
သူ အပန်းဖြေဥယျာဉ်သို့ ရောက်သည်နှင့် တပြိုင်နက် မိုးသည်းလာခဲ့ပြီး ပြင်ဆင်ထားခဲ့သည့် ဖယောင်းတိုင်များနှင့် နှင်းဆီပန်းများကို ပျက်စီးစေခဲ့သည်။ ဘုရားသခင်က သူ၏ဘ၀ကို ရည်ရွယ်ချက်ရှိရှိ ခက်ခဲအောင် လုပ်ကာ စမ်းသပ်နေပုံပေါ်သည်။ ထူကျစ်ဖန်နှင့် ရှောင်ကျောက်တို့ မည်သို့ ခံစားမည်ကို ပြောဖို့ရန်ပင် မလိုအပ်ချေ။
" အပေါ်ထပ်ကို တက်နှင့် ။အအေးမမိစေနဲ့ " ချင်းယောင်က သူ၏ ကုတ်အင်္ကျီကို ချွတ်ကာ ကျူံယို့ယို့ပေါ် ခြုံပေးလိုက်သည်။
သူက မီးရောင်ကို မျက်နှာချင်းဆိုင်ထားပြီး သူ၏ အမည်းရောင်ဆံပင်တိုက ဖြူကောင်၏ဆူးများကဲ့သို့ဖြစ်နေပြီး မိုးစက်များက နှာတံပေါ်၌ တွဲခိုနေကြသည်။ သူခေါင်းငုံ့လိုက်သည့်အခါ မိုးရေစက်များက လျှောကျလာပြီး ကျုံးယို့ယို့၏ မျက်နှာပေါ်သို့ ရောက်လာသည်။
ကျုံးယို့ယို့က သူ၏ အ၀တ်အစားများကို ဆွဲညစ်လိုက်ပြိး ခေါင်းမော့ကာ ချင်းယောင်၏ ခန့်ညားသည့် မျက်နှာသွင်ပြင်ကို ကြည့်နေလိုက်သည်။
သူတို့နှစ်ယောက်သည် တစ်ဦးကိုတစ်ဦး ကြည့်နေခဲ့ကြပြ တစ်ခဏကြာသည့်အခါ နှစ်ယောက်လုံး ရယ်မောလိုက်ကြ၏။
ကားမီးများက လင်းနေပြီး ကားနောက်ဖုံးထဲ၌ အသုံးမပြုရသည့် ဖယောင်းတိုင်များနှင့် နှင်းဆီပန်းများကို ထည့်ထားသည့် အိတ်ကြီးတစ်ထုတ်က ရှိနေသည်။ လမ်းမီးများက လင်းနေပြီး ကောင်းကင်နှင့် ကမ္ဘာမြေကို မိုးက ဆေးကြောသွားသည်။ အရာအားလုံးမှောင်မိုက်နေပြီး ထိုသေးငယ်သည့်မီးအလင်းရောင်နှစ်နေရာသာ ရှိနေသည်။
ကျုံးယို့ယို့က မြေပြင်ကို ခြေချောင်းများနှင့် ပွတ်တိုက်နေပြီး အနည်းကယ် ရှက်နေသည်။ သူမ ချင်းယောင်၏ အင်္ကျီလက်ကို ဆွဲယူလိုက်ပြီး " ချင်းယောင် ရှင်ပြောချင်တဲ့အရာကို ဒီမှာပြောလည်း ရပါတယ်။ အပန်းဖြေဥယျာဉ်ကိုသွားပြီး တခုခုကို အသေးစိတ် ပြင်ဆင်နေဖို့မလိုပါဘူး "
သူက သူမကို ငုံကြည့်လိုက်ပြီးသူ၏နားရွက်များကနီရဲနေကာ နက်မှောင်သည့်မျက်လုံးများက ကြင်နာယုယမှုများပြည့်နေသည်။
တခါတရံ၌ ကိစ္စများက တကယ်ပင် တိုက်ဆိုင်လှသည်။
ဥပမာ လွန်ခဲ့သည့် ကိုးနှစ် သူ၏အသက်ဆယ့်လေးနှစ်အရွယ်တွင် ဘတ်စကတ်ဘောကစားရင်း ခြေထောက်ကျိုးသွားခဲ့သည်။ နိုင်ငံခြားမှ ယာယီပြန်လာခဲ့ပြီး အနားယူရန် မြို့ပြင်ဗီလာသို့ သွားခဲ့ပြီး သူမနှင့် တွေ့ဆုံခဲ့သည်။
သူမက ပဲပြားနှင့် ဆန်မုန့်ကြော်ကို စားချင်နေပြီး သူမ၏လက်လေးများနှင့် အိတ်ထောင်ထဲသို့ စစ်ဆေးလိုက်သည့်အခါ ၀ယ်စားစရာ ပိုက်ဆံမရှိသည်ကို သိလိုက်ရသည်။ ထိုအချိန်၌သူမ...
ချင်းယောင်၏ အတွေးများ ဝေးဝေးမရောက်ခင် သူ၏ရှေ့မှကျုံးယို့ယို့က သူ့အား ဆွဲလိုက်ကာ လက်ရှိအချိန်သို့ ပြန်ရောက်လာစေသည်။
ကျုံးယို့ယို့က သူမခေါင်းကိုမော့လိုက်ပြီး ချင်းယောင်၏ မျက်နှာအစိတ်အပိုင်းများကို ကြည့်နေသည်။ တကယ်တော့ သူမ ဤနေရာသို့ ရောက်ရှိလာခဲ့ကတည်းက သူမသည် ချင်းယောင်ကို အကြောင်းပြချက်မရှိ နှစ်သက်ခဲ့ခြင်း မဟုတ်ချေ။
အကြောင်းအရင်း တစ်စိတ်တစ်ပိုင်းသည် သူမက မူရင်း၀တ္ထုဇာတ်ကြောင်းကို သိရှိပြီး ချင်းယောင်၏ ဇာတ်ကောင်က ယုံကြည်ရ၍ဖြစ်သည်။ နောက်တစ်ချက်က သူမလည်း သေချာမသိချေ။ သို့သော် ရင်းနှီးအကျွမ်း၀င်မှုကို ခံစားမိပြီး တစ်စုံတစ်ရာကို အလျော်ပေးလိုနေသည့် ခံစားချက်လည်း ရှိ၏။
ချင်းယောင်၏ မျက်နှာက အနည်းငယ် နီမြန်းနေသည်ကို မြင်သော် သူမက ပြုံးလိုက်ပြီး " တစ်ခုခု ပြောလေ "
ချင်းယောင်သည် မူလက အလွန်တရာ စိတ်ကူးယဉ်ဆန်သည့် နေရာလေးကို ပြင်ဆင်ထားခဲ့သော်လည်း သည်းထန်သည့်မိုးကြောင့် ပျက်စီးသွားခဲ့သည်။ မူလက အချိန်ကြာ ဖြည်းဖြည်းချင်း ပြင်ဆင်ထားခဲ့ပြီး ဖွင့်ပြောဖို့ လုပ်ခဲ့သော်လည်း တချို့သော အကြောင်းရင်းများကြောင့် စကားလုံးများက သူ၏ နှုတ်ခမ်းမှ ထွက်လာသည့်အခါ ရုတ်တရက် မာန်ပါသော စကားများအဖြစ် ပြောင်းလဲသွားသည်။
" နှစ်နှစ်နေရင် မင်း ကိုယ့်ကို လက်ထပ် "
' ဖြည်းဖြည်းချင်း ချဉ်းကပ်တယ်လား ။ ချီးပဲ ။ ဘယ်ယောင်္ကျားမှ အဲ့လိုမလုပ်နိုင်ဘူး '
ထို့နောက် ကျုံးယို့ယို့၏ မျက်နှာပေါ်က အပြုံးသည် ရုတ်တရက် အေးခဲသွားသည်။
ချင်းယောင်သည် ထိတ်ထိတ်ပျာပျာဖြစ်သွားပြီး တစ်စုံတစ်ရာ မှားပြောလိုက်သည်ဟူ၍ ထင်သွားသည်။
ကျုံးယို့ယို့သည် ဒေါသထွက်လွန်းသောကြောင့် သူကို ကန်လိုက်ပြီး ဒေါသတကြီးပြောခဲ့သည်။
" ချင်းယောင် ရှင်က စိန်လက်စွပ်လေးတောင်မပါဘဲ လက်ထပ်ခွင့်တောင်းနေတာလား။ ရှင် ရူးသွားပြီလား ။ လက်ဗလာနဲ့ ဝံပုလွေဖြူကို အမဲလိုက်ချင်နေတယ်ပေါ့လေ "
....
ဘာသာပြန်သူ၏ မှတ်စု :
[ 倪楠缥 - နီနန်းဖျောင် ]
- ဟုတ်မဟုတ်တော့မသိ ထင်တာကတော့ မင်းခင်ပွန်းပါ (◍•ᴗ•◍)
နီ=မင်း နန်းဖျောင် = ကိုရီးယားလိုဆို ခင်ပွန်း၊ ယောင်္ကျား
[ 空手套白狼 - လက်နက်မပါဘဲ လက်ဗလာဖြင့် ဝံပုလွေဖြူကို အမဲလိုက်ခြင်း ]
- အားစိုက်ထုတ်မှု၊ရင်းနှီးမြှုပ်နှံမှုမပါဘဲ တစ်စုံတစ်ရာကို အလကား လိုချင်မှု