အပိုင်း ၁၂၆
Viewers 14k

Chapter 126



ကျုံးယို့ယို့ ထိုညတွင် စိတ်အခြေအနေကောင်း‌နေသည်။ သူမ အိမ်ပြန်ရောက်သောအခါ အိပ်ယာပေါ်တွင် လဲလျောင်း၍ စာအုပ်ဖတ်ရင်း နားကြပ်ဖြင့် သီချင်းနားထောင်သည်။ သူမ၏ပါးစပ်ထောင့်က ကောင်းကင်ထိ မြင့်တက်နေ၏။  အချစ်၌လူသစ်လေးဖြစ်သည့် ချင်းယောင်သည် စိန်လက်စွပ်ကို မပြင်ဆင်ထားသော်လည်း ကျုံးယို့ယို့က သူ၏သစ္စာစောင့်သိသောအပြုအမူကြောင့် လက်ထပ်ခွင့်တောင်းဆိုမှုကို တုံ့ဆိုင်းစွာ စဉ်းစားပေးနိုင်သည်။


****

နောက်တစ်နေ့ မနက်စောစောမှာ နှိုးစက်သံမြည်လာချိန်

ကျုံးယို့ယို့ ခရီးဆောင်အိတ်များကို ထုပ်ပိုးရန် အိပ်ရာပေါ်မှ ခုန်ဆင်းလိုက်သည်။  


ကြီးမားသောခေါင်းစွပ်ကြီးကြောင့်  ခရီးဆောင်အိတ်တစ်ခုလုံးသုံးရမည်ဖြစ်ပြီး အိတ်ထဲတွင် အဝတ်အစားအတွက် များများစားစား နေရာမရှိပေ။  သို့သော် ကံကောင်းထောက်မစွာ ရာသီဥတုက ယခုအခါ ဧပြီလ၌ ရှိနေဆဲဖြစ်ကာ အ၀တ်အစားများ မကြာခဏ လဲ၀တ်ရန် မလို‌ချေ၊၊ နွေဦးအဝတ် နှစ်စုံခန့် ယူလာလျှင်ရ၏ ။


ကျုံးယို့ယို့ အမြန်ရေချိုးသန့်စင်ပြီးသောအခါ တံခါးခေါက်သံ မြည်လာသည်။


သူမ  တံခါးကိုဖွင့်လိုက်ပြီး ချင်းယောင်က ဝင်လာသည် ။ နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက်ကြည့်နေကြပြီးကျုံးယို့ယို့ ချင်းယောင်၏ မျက်လုံးအောက်ရှိ အနက်ရောင်များကို မြင်သည့်အခါရယ်မောလုနီးပါးပင်။ လှုပ်လှုပ်ရွရွနှင့် အိပ်မပျော်ဘဲ တစ်ညလုံး နှိုးနေခဲ့သည်က ထင်ရှားသည်။ ထို့နောက် ရှောက်ကျောက် ဝင်လာသည်။


ချင်းယောင်က ချောင်းဆိုးလိုက်ပြီး ကျုံးယို့ယို့၏လက်ကို ကိုင်၍ ဘေးနားမှာရပ်ပြီး " ဒါက ဌာနကဝန်ထမ်း ရှောင်ကျောက် "


ကျုံးယို့ယို့ လျှာကို ထုတ်လိုက်မိပြီး ရှောင်ကျောက်ဘက်လှည့်ကာ လက်ကို ဆန့်ထုတ်လိုက်ပြီး "ဟဲလို"


ရှောင်ကျောက်သည် ဒဏ္ဍာရီဆန်ဆန် "ဥက္ကဌချင်၏ ချစ်သူ" ကို ပထမဆုံးအကြိမ်အဖြစ် တွေ့မြင်ခြင်းဖြစ်သည် ။ သူသည် ကျုံးယို့ယို့အား မှိတ်တုတ်မှိတ်တုတ် စိုက်ကြည့်ပြီးသည့်နောက် တိုက်ခန်း၏အလှဆင်ခြင်းကို  မျက်နှာပေါ်တွင် စာတစ်ကြောင်း ရေးထားသကဲ့သို့ မျက်လုံးများဖြင့် ကြည့်လိုက်သည် ။ ' လူတစ်ယောက်က ဤမျှစျေးကြီးသောနေရာ၊ ဤမျှကျယ်ဝန်းသော တိုက်ခန်းတစ်ခု၌ တစ်ယောက်တည်း နေထိုင်နေသည် လား '


သူက ကျုံးယို့ယို့၏လက်ကို အမြန်ဆွဲကိုင်လိုက်ပြီး " ဟုတ်ကဲ့၊ ကျွန်တော့်နာမည်က ရှောင်ကျောက်ပါ။ သူဌေးကတော် ကျွန်တော့်ကို ကိစ္စအားလုံးအတွက် လာရှာလို့ရပါတယ် "


ချင်းယောင်က ရှောင်ကျောက်ကို ဝမ်းသာအားရ စိုက်ကြည့်လိုက်ပြီး ' ဒီကောင် အရမ်းတော်တယ် '


" ရှောင်ကျောက်က ဒီကပရောဂျက်ကိုလုပ်နေတာ ပြီးသွားပြီ။ အတော်ပဲဖြစ်သွားတယ်၊၊ သူကို မင်းနဲ့အတူ ထည့်ပေးလိုက်မယ်။ မင်း ဟိုမှာ အလုပ်ကိစ္စ တစ်ခုခုလိုရင် သူ့ဆီ သွားလို့ရတယ်၊ မဟုတ်ရင် ကိုယ် စိတ်ပူ‌နေရမှာ "


ကျုံးယို့ယို့က ပြုံးပြီး " ရှောင်ကျောက် ရှင့်ကို နှောင့်ယှက်မိလို့ တောင်းပန်ပါတယ် "


" ပြဿနာ မရှိပါဘူး၊ ပြဿနာ မရှိပါဘူး" ချင်းယောင်က ကျုံးယို့ယို့ကို အကြိမ်အနည်းငယ် မကြည့်ဘဲ မနေနိုင်ပေ။ ကုမ္ပဏီထဲ၌ ဥက္ကဌချင်၏ အချစ်ရာဇဝင်သည်  အတင်းအဖျင်း အကြောင်းအရာ အဓိကများထဲက ထိပ်ဆုံးတစ်ခုဖြစ်သည် ။ ရုံးကအမျိုးသမီးများ၏ ပါးစပ်ထဲတွင် ဥက္ကဌချင်သည် မကြာခဏ အလုပ်စောစောဆင်းပြီး မင်းသယ် အထက်တန်းကျောင်းမှ ကျောင်းသူကို ကြိုရန်သွားလေ့ရှိသည်ဟု ဆိုကြသည်။


ဥက္ကဌ၏ ချစ်စဖွယ် ချစ်သူလေးသည် မည်မျှ ချောမောလှပမည်ကို လူတိုင်း ခန့်မှန်းခဲ့ကြသည်။ သူမသည် ကျောင်း၏အလှ‌လေးဖြစ်ရမည်။ ချစ်ဖို့ကောင်းပြီး အလိုလိုက်ခံထားရ၍ အကျင့်ပျက်သော ကလေးကဲ့သို့ ပြုမူတတ်‌ရမည်။ ထို့ကြောင့် ဥက္ကဌချင်ကဲ့သို့ ဇွဲလုံ့လရှိသော ယောက်ျားက အလုပ်ကို ပစ်ပြီး ပျော်ပျော်ရွှင်ရွှင်နှင့် နေ့တိုင်း အလုပ်စောစောဆင်း‌နေသည်။


ယနေ့မြင်လိုက်ရသည့်အချိန် ဂုဏ်သတင်းနှင့် တကယ်ပင် ထိုက်တန်သည်။

 

သို့သော် နူးညံ့သိမ်မွေ့သော အလှမျိုးမဟုတ်ဘဲ ရဲရင့်ကာသူရဲကောင်းဆန်သည့် အလှမျိုးဖြစ်သည်။  တခြားမိန်းကလေးများနှင့် ယှဉ်လျှင် ထက်မြက်သည့်အလှတရားမျိုးရှိပြီးမျက်နှာပေါ်၌ ယုံကြည်မှုအပြည့်နှင့် တက်ကြွလန်းဆန်းသော အသွင်အပြင်မျိုး ရှိသည်။


ချင်းယောင်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ရုတ်တရက် မျက်မှောင်ကြုတ်ကာ " ရှောင်ကျောက် ကားသွားမောင်း "


ရှောင်ကျောက် တုန်တုန်ယင်ယင်နှင့် ကျုံးယို့ယို့ကို ဆုပ်ကိုင်ထားဆဲဖြစ်သော သူ၏လက်ကို ပြန်ရုတ်လိုက်သည်။


သစ္စာရှိမှုကို ပြသရန်အတွက် ခြေတစ်လှမ်း နောက်ဆုတ်လိုက်သည်။  ဥက္ကဌချင်၏ ပိုင်ဆိုင်လိုစိတ်သည် အံ့ဩစရာဖြစ်သည်။ သူ အာဖရိကသို့ မပြောင်းရွှေ့ချင်ပေ။


ကျုံးယို့ယို့ မရယ်ဘဲ မနေနိုင်‌ပေ။


ချင်းယောင်သည် ကျုံးယို့ယို့ကို လေဆိပ်သို့ ပို့ဆောင်ခဲ့ပြီး နှစ်နာရီကြာ လေယာဉ်စီးပြီးသည့်နောက် မြို့တော်သို့ ရောက်ရှိလာသည်။  ကျုံးယို့ယို့နှင့် ရှောင်ကျောက်တို့သည် ပရိုဂရမ်အဖွဲ့ငှားထားသော ပြိုင်ပွဲကျင်းပရာနေရာသို့ တက္ကစီစီးသွားကာ အနီးနားရှိ ဟိုတယ်တစ်ခုကို ရှာဖွေပြီး ထိုနေရာတွင် ဦးစွာတည်းခိုလိုက်သည်။


နောက်တစ်နေ့တွင် ကျုံးယို့ယို့က ရှောင်ကျောက်ကို ပြိုင်ပွဲဧရိယာအပြင်ဘက်ရှိ Starbucks တွင် စောင့်ဆိုင်းရန် တောင်းဆိုပြီး ယှဉ်ပြိုင်ရာနေရာဆီသို့ ပစ္စည်းများကို ယူဆောင်ကာ သွားရောက်ပြီး တာဝန်ခံကို တွေ့ဆုံသည်။


ရိုက်ကူးရေးပြိုင်ပွဲနေရာတစ်ခုလုံးသည်  အလွန်ကျယ်ဝန်းသည်။ ပရိုဂရမ်အဖွဲ့သည် အဆောက်အအုံများစွာ ပိုင်းခြားရန် ငွေကြေးများစွာသုံးစွဲခဲ့ပုံရသည်။ ပြိုင်ပွဲဝင်အချို့အတွက် အစားအသောက်ဝန်ဆောင်မှုပေးရန် ကန်တင်းဧရိယာကိုပင် ဆောက်လုပ်ခဲ့ကြသည်။


ဤပြိုင်ပွဲ၌ နိုင်ငံတစ်ဝှမ်းမှ ကစားသမား ၅၀၀ ခန့်ကို နယ်မြေငါးခု ခွဲထားသည်။


ကျုံးယို့ယို့ သူမ၏ နယ်မြေ အချက်အလက်ကို အွန်လိုင်းတွင် စစ်ဆေးလိုက်ပြီး သူမကို ဧရိယာ B တွင် နေရာချထားပြီး ရှစ်ကျစ်ထန်နှင့် မုန့်ရှစ်ရွှမ်တို့သည် ဧရိယာ C နှင့်  ဧရိယာ D အသီးသီးတွင် ရှိနေကြောင်း တွေ့ရှိရသည်။  ပြည်နယ်တစ်ခုစီမှ လူများကို အတတ်နိုင်ဆုံး ခွဲထုတ်ရန် ကြိုးပမ်းသည့် နိယာမအပေါ် အခြေခံထားခြင်း ဖြစ်သည်။


ရှစ်ကျစ်ထန်နှင့် မုန့်ရှစ်ရွှမ်တို့ကို နောက်တစ်ကြိမ် တွေ့ဆုံနေရမည်ကို စိုးရိမ်နေရာ ဤအရာက ကောင်းမွန်သွားသည်။


သို့သော် ကျုံးယို့ယို့နှင့် အလားတူ ခရိုင်တွင် အသိမိတ်ဆွေတစ်ဦးရှိပြီး ပြည်နယ်၏ တတိယအဆင့် ကျန့်ကျီရိဖြစ်သည်။


ဧရိယာ B အတွင်းသို့ ဝင်ရောက်သည့်အခါ  အရှေ့ဘက်တွင် အသံသွင်းစတူဒီယိုတစ်ခုနှင့် နောက်ကျောတွင် စောင့်ဆိုင်းခန်းကျယ်ကြီးတစ်ခု ရှိသည်။ ပြိုင်ပွဲဝင်များသည် အထဲ၌ နှစ်ယောက်၊ သုံးယောက်စု‌ဝေးစောင့်ဆိုင်းနေကြပြီး အများစုမှာ ပြည်နယ်နှင့်မြို့အသီးသီးမှ လူများနှင့် အတူရပ်နေကြသည်။


ကျုံးယို့ယို့ ဝင်မသွားခင်မှာပသ် သူမ၏ မျက်လုံးများနာကျင်လာသလိုခံစားလိုက်ရသည်။ ပြိုင်ပွဲဝင်များအားလုံးက ထူးဆန်းလွန်းသည့် အဝတ်အစားများ ၀တ်ဆင်ထားကြသည်။


ဤအစီအစဉ်သည် ကွဲပြားပြီး ပါဝင်ပြိုင်ပွဲဝင်များအတွက် ယူနီဖောင်းမရှိ‌ချေ။ ပုံမှန်အားဖြင့် လူတိုင်းသည် ကိုယ်ပိုင်အဝတ်အစားများကို ဝတ်ဆင်ကြသည်။  ဗဟုသုတပြိုင်ပွဲ၌ အမှန်တကယ်ပါဝင်လိုသူ အနည်းငယ်မှလွဲ၍ ဤပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်လိုသူ အများစုသည် မိမိကိုယ်ကို ဖော်ထုတ်ပြသရန် ကြိုးစား‌နေကြသည်။


နာမည်ကြီးလာသည့်အခါ ကျော်ကြားမှုနှင့် ငွေကြေးချမ်းသာမှုက လိုက်လာမည်။ ထို့ကြောင့် ထင်ရှားပေါ်လွင်ပြီး အာရုံစူးစိုက်မှုကို ဆွဲဆောင်သည့်ပုံစံဖြင့် ၀တ်ဆင်လာကြသည်။


ကျုံးယို့ယို့၏ ရောင်စုံကွက်များ ရေပန်းစားလာပြီးနောက် ပြိုင်ပွဲဝင်များစွာသည် ခေါင်း‌ဆောင်းများ ဝတ်ဆင်ကာ သူမအား အတုယူခဲ့ကြသည်။ထို့ကြောင့် စောင့်ဆိုင်းခန်းတစ်ခုလုံး သရဲတစ္ဆေမကောင်းဆိုးဝါးများနှင့် ရှုပ်ပွ‌ နေသည်။


မိတ်ကပ်ဆရာများက သူတို့၏ အားထုတ်မှု များစွာကို သက်သာစေသည်ဟု ရယ်ရယ်မောမော မှတ်ချက်ချကြသည်။


ထိုသို့ဖြစ်သွားသည်က ကောင်းပေသည်။ ထို့အတွက်ကြောင့် ကျုံးယို့ယို့ ၏ ရက်ကွန်းခေါင်းစွပ်ကို ၀တ်ဆင်ထားမှုက ဤလူအုပ်စုကြားတွင် အလွန်ထူးဆန်းပုံမဖြစ်‌တော့ချေ။


ခေါင်းစွပ်ကိုဝတ်ပြီး လမ်းလျှောက်လာရင်း ညာဘက်မှာ အုပ်စုဖွဲ့စုရုံးနေသည့်မိန်းကလေးတချို့ကို တွေ့လိုက်ရသည်။အလယ်ကတစ်ယောက်သည် အရမ်းလှကာ ဟန်ဖူ၀တ်စုံဝတ်ထားပြီး သပ်သပ်ရပ်ရပ်နှင့် ကြည့်၍ကောင်းသည်။ သူမက တခြားမိန်းကလေးတော်တော်များများကို ဟောပြောပို့ချနေသည်။ ကျုံးယို့ယို့ သူမရင်ဘတ်ပေါ်ရှိ နာမည်ကဒ်မပြားကို လှမ်းကြည့်လိုက်သည်။


 နာ့ချောင်လန် ။


ချောင်လန်သည် နာမည်ကြီး ပြိုင်ပွဲ၀င်တစ်ဦးဖြစ်ပုံပေါ်သည်။ အဘယ့်ကြောင့်ဆိုသော် ယခုအချိန်တွင် ကင်မရာဆရာသည် သူမကို ရိုက်ကူးနေပြီး အချို့သောအပိုင်းများကို တည်းဖြတ်ရန် ပြင်ဆင်နေပုံရသည်။


ကျုံးယို့ယို့  ဂရုမစိုက်ချေ။ ဓာတ်သတ္တုရေနှင့် ကျောင်းလွယ်အိတ်ကိုယူကာ ခဏတာ ပြန်လည်စာကြည့်ရန်  တိတ်ဆိတ်ငြိမ်သက်သောထောင့်တစ်ခုကို ရှာရန် စီစဉ်လိုက်သည်။


သို့သော် သူမ ဝင်လာသည်နှင့် လူတော်တော်များများက သတိပြုမိသွားကြသည်။ နောက်ဆုံး၌ ရောင်စုံကွက်ကြီးများနှင့် ကျုံးယို့ယို့သည်  အင်တာနက်၌ အလွန်ရေပန်းစားနေသည်။ ယခုနောက်ပိုင်း လူတော်တော်များများက ခေါင်းစွပ်များနှင့် ထူးဆန်းသည့် အဝတ်အစားများကို ဝတ်ဆင်ကြကာ ကျုံးယို့ယို့က ထိုဖြစ်ရပ်၏ စံနမူနာဖြစ်သည်။  ထိုကဲ့သို့သော ရှေ့ဆောင်ပုဂ္ဂိုလ်များအတွက် လူတိုင်း၏ခံစားချက်များသည် အမြဲလိုလို အနည်းငယ်ရှုပ်ထွေးတတ်ကြသည်။


ထို့အပြင် ပြည်နယ် Z ရှိ နံပါတ်တစ် ဘော့စ်သည် ပြိုင်ပွဲတွင် လုံးဝကြောက်မက်ဖွယ်ကောင်းသော ရန်သူဖြစ်သည်။


လူတော်တော်များများက အုပ်စုကွင်း ပထမအကြိမ်မှာ ကျုံးယို့ယို့နှင့် တိုက်ခိုက်ရန်အတွက် နေရာချထားခြင်းမဖြစ်ရစေရန် စိတ်ထဲ၌ တိတ်တဆိတ် ဆုတောင်းနေကြသည်။


ရှိုးမန်နေဂျာက ထောင့်နားဆီသို့ ဦးတည်နေသည့် ကျုံးယို့ယို့ကို " အခုက ပြင်ဆင်ချိန်ပဲ ရှိသေးတယ်၊ စည်းမျဥ်းစည်းကမ်းတွေကို ကြေညာဖို့ နောက်မှ တစ်ယောက်ယောက် ရောက်လာလိမ့်မယ်။ အတန်းဖော်တချို့က မိတ်ကပ်မပြင်ရသေးဘူး။ မိတ်ကပ်ပြင်ဖို့ မလိုအပ်တဲ့သူတွေ ဟိုဘက်​သွားစောင့်​​။"


ကျုံးယို့ယို့က ခေါင်းညိတ်ပြပြီး သူညွှန်ပြသည့် လမ်းကြောင်းအတိုင်း လျှောက်သွားသည်။


 ရုတ်တရက် ရှိုးမန်နေဂျာက “ခဏစောင့်” ဟု ဟန့်တားလိုက်သည်။

 "မင်းရဲ့ နာမည်ကဒ် ဘယ်မှာလဲ"


ကျုံးယို့ယို့ ခဏလောက် ထိတ်လန့်သွားပြီး သူမ၏အိတ်ကပ်ကို ထိလိုက်ကာ နာမည်ကဒ်ပြားမရှိသည်ကို သိလိုက်ရသည်။ သူမ မလာခင်က အိတ်ကပ်ထဲတွင် နာမည်ကဒ်ကို  ထည့်ခဲ့သည်ကို ရှင်းရှင်းလင်းလင်း မှတ်မိသည်။ ဖြစ်နိုင်သည်က မနေ့ည ချင်းယောင် သူမကို အနှောင့်အယှက်ပေးပြီး ပစ္စည်းတွေကို မှားယွင်းစွာ ထုပ်ပိုးမိသွားသည်လား။


ကျုံးယို့ယို့ သူမနဖူးပေါ် လက်တင်လိုက်သည်။ အချစ်က လူတွေ၏ဉာဏ်ရည်ဉာဏ်သွေးကို ဆုံးရှုံးစေသည်မှာ မှန်လေသည်။ ' ဒါက ချင်းယောင်အပြစ်ပဲ။ ပြန်ရောက်ရင် အ၀တ်လျှော်ဘုတ်ပြားပေါ်မှာ ဒူးထောက်ခိုင်းပစ်မယ် '


သို့သော် ထိုအရာက ပြဿနာအကြီးကြီးမဟုတ်သဖြင့် ကျုံးယို့ယို့က မေးလိုက်၏ ။


" ကျွန်မပျောက်သွားတယ် အသစ်တစ်ခုရနိုင်မလား "ရှိုးမန်နေဂျာက ချက်ချင်းပင် စိတ်မရှည်ဖြစ်သွားကာ သူ၏ရှေ့က ရက်ကွန်းဖြင့်သူကို စိုက်ကြည့်ရင်း

"ဒီမှာ အလုပ်ရှုပ်နေတာ မမြင်ဘူးလား။ မင်းလို လူတိုင်းကနာမည်ကဒ်တွေ ပျောက်သွားရင် ငါတို့က ရိုက်ကူးရေးစလို့တောင်ရပါ့မလား။ ဟိုမှာ ပစ္စည်းတွေ ဖို့နေရာကို တွေ့တယ်မလား။ နာမည်ကဒ် အလွတ်တွေ ရှိတယ်။  ကိုယ်တိုင်သွားလုပ်ချေ "


ကျုံးယို့ယို့က ခေါင်းညိတ်ပြပြီး ထိုနေရာဆီသို့ လျှောက်သွားတယ်။


ရှိုးမန်နေဂျာ၏သဘောထားက သိပ်မကောင်းသော်လည်း နားလည်နိုင်ပါသည်။ သူမသာ လူအများကြီး ဆူညံပွက်လောရိုက်နေသည့် ဤနေရာ၌  အလုပ်လုပ်ရလျှင် သူမဒေါသသည်လည်း ပိုကောင်းမှာ မဟုတ်‌ချေ။


ထို့အပြင် သူမက မိမိ၏ နာမည်ကို  ဆုံးရှုံးခဲ့သူလည်း ဖြစ်သည်။


သို့သော် သူမ ခြေလှမ်းအနည်းငယ်မလှမ်းမီတွင် သူမနောက်မှ ရယ်မောသံကိုကြားလိုက်ရပြီး " ဝိုး ၊ ဒီလူက အွန်လိုင်းမှာ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်တဲ့ ရောင်စုံကွက်တွေဖြစ်ဖို့ ခေါင်းစွပ်ဝတ်လာပြီး တကယ်ကို တီထွင်ဖန်တီးနိုင်လွန်းတယ်။ အခု နာမည်ကဒ်ကလည်း ပျောက်သွားပြန်ပြီ။ လူတိုင်းက နင့်ကို သတိထားမိကြပြီမို့ အဲဒါကို အာရုံကိုဖမ်းစားနိုင်တဲ့ စွမ်းရည်တစ်မျိုးလို့ ယူဆလို့ရတယ် မဟုတ်လား။


မှတ်ချက်သည် ဟာသဉာဏ်ရွှင်‌‌သော်လည်း ကျုံးယို့ယို့က မျက်လုံးများကို ဝေ့ချင်မိသွားသည်။


ပြက်လုံးများသည် လူအများကို ရယ်မောစေမှသာ ဟာသအဖြစ်မှတ်ယူနိုင်သည် ။  မဟုတ်လျှင် ထိုအရာများက စော်ကားခြင်းသာဖြစ်သည်။


သူမက ပြန်လှည့်လာပြီး " နင်ကဘယ်သူလဲ "