Chapter 187
(ရုတ်တရက် စိုးရိမ်သည်)
ထိုနေ့တွင် သူသည် ကုမ္ပဏီတွင် အလုပ်လုပ်နေစဉ် ရုတ်တရက် သူ့ခန္ဓာကိုမှာ နာကျင်ကိုက်ခဲလာကာ မူးလဲသွားခဲ့သည်။ ကံကောင်းစွာပင်၊ သူ နဂိုကတည်းက ဤကိစ္စမျိုးအတွက်ပြင်ဆင်ခဲ့သည်။ သူ အကြောင်းပြချက်မရှိဘဲ မူးလဲသွားလျှင် ချက်ချင်းနှိုးဖို့ နည်းလမ်းရှာရမည်ဟု ကျူးရွှင်း ကို ပြောထားပြီးဖြစ်သည်။
ကျူးရွှင်း သည် သူ့ကိုနှိုးပြီးနောက်၊ သူ လုပ်ခဲ့သော ပထမဆုံးအရာမှာ စုမုန့် အား ရှာရန် သူ့လူများကို အမိန့်ပေးခြင်းဖြစ်သည်။သူ့လူများက စေ့စေ့စပ်စပ် ရှာဖွေပြီးနောက် နောက်ဆုံးတွင် သူမကို တွေ့ရှိခဲ့သည်။
စုမုန့် ကားထဲမှာ ပိတ်မိနေပြီး သွေးထွက်လွန်နေချိန်မှာ၊ယခုလိုပင် စာရွက်တစ်ရွက်လို ပိန်လှီနေခဲ့သည်။
!!
သူ သူမကိုတွေ့သော်လည်း မထိဝံ့ပေ။ လူနာတင်ကားရောက်လာမှ သူမကို ကယ်တင်နိုင်ခဲ့၏။ ထိုအချိန်မှစ၍ သူမကို စောင့်ကြည့်ပြီး နောက် ယခုလိုမျိုး သူမ ဘယ်တော့မှ ထပ်မဖြစ်စေရဘူးဟု ကိုယ့်ကိုယ်ကို ကတိပြုခဲ့သည်။သို့သော် သူနှင့်အတူ ခရီးတစ်လျှောက် လိုက်ပါလာသော်လည်း သူမကို နာကျင်စေလိမ့်မည်ဟု သူ မထင်မှတ်ခဲ့ပေ။ထိုအကြောင်းကိုတွေးရင်း ဝေ့ထင် သူ့ကိုယ်သူ အပြစ်တင်နေမိကာ၊ စုမုန့် ကိုကြည့်သည့် သူ့အကြည့်တွေက ပိုနူးညံ့လာရသည်။
စုမုန့် သည် IV ချိတ်ထားရင်း ကုတင်ပေါ်တွင် လဲလျောင်းနေသည်။အိပ်ယာမှ နိုးလာခါစဖြစ်နိုင်သော်လည်း ယခုအချိန်တွင် သူမ၏ မျက်လုံးများတွင် မည်သည့်အရိပ်အယောင်မှ မရှိပေ။ သူမသည် မျက်နှာကျက်ကို စိုက်ကြည့်ရင်း အချိန်အတော်ကြာအောင် မျက်တောင်ခတ်ကာ ကြောင်စီစီဖြစ်နေ၏။ ဝေ့ထင် ဝင်လာမှန်း သူမမသိပေ။
"မုန့်အာ"
ဝေ့ထင် က သူမကို တိုးတိုးလေးခေါ်သော်လည်း၊သူမက မတုံ့ပြန်ချေ။
"စုမုန့်"
ဝေ့ထင် ထပ်ပြီးအော်ကြည့်လိုက်မှ စုမုန့်က တုံ့ပြန်သည်။ နောက်ဆုံးတော့ သူမ မျက်လုံးထဲမှာ အလင်းရောင်တွေ စူးကနဲ လင်းလက်လာသည်။ သူမ ခေါင်းကို ဖြည်းညှင်းစွာ လှည့်ကြည့်လိုက်ရာ၊ ဝေ့ထင် ဘေးမှာ ရပ်နေသည်ကို တွေ့လိုက်ရ၏။
"အခု ဘယ်လိုခံစားရလဲ...ဘယ်နေရာက အဆင်မပြေ ဖြစ်နေတာလဲ"
ဝေ့ထင်၏ လေသံသည် နူးညံ့သော်လည်း ဖုံးကွယ်မထားသော စိုးရိမ်မှုများလည်း ရှိနေသည်။
"ကောင်းပါတယ်"
ယခုမှ နိုးလာသည်ဖြစ်၍ ခေါင်းမူးနေရကာ သူမ နဖူးကိုကိုင်ရင်း ခေါင်းကို ညင်သာစွာ ခါယမ်းကာ နိုးထရန် ကြိုးစားမိသည်။
“မလှုပ်နဲ့ဦး...မင်း အခုမှ နိုးလာတာ… ခဏလောက် အနားယူသင့်တယ်”
ဝေ့ထင်က သူမ လက်မောင်းကို ညင်သာစွာ ဆုပ်ကိုင်ကာ စောင်ထဲသို့ ပြန်ထည့်စေလိုက်သည်။
"အခု ဗိုက်ဆာနေပြီလား… စားချင်တာတစ်ခုခုရှိလား…ဘာသောက်ချင်လဲ…ဘာစားချင်လဲ…အခုချက်ချင်း ကိုယ် သွားဝယ်လိုက်မယ်"
စုမုန့် သည် ဝေ့ထင် ၏ နူးညံ့သိမ်မွေ့မှုထဲသို့ ပျော်ဝင်မသွားစေရန် ခေါင်းကို တစ်ဖက်သို့ အမြန်လှည့်ကာ အဝေးကို လှမ်းကြည့်လိုက်သည်။
ဝေ့ထင် သူမ နဖူးကို ထိလိုက်ရာ အဖျားသွေးမရှိသည်ကို တွေ့ရမှ သူ အနည်းငယ် စိတ်သက်သာရာရသွား၏။သူမ၏ ဒဏ်ရာမှာ ပိုးဝင်သွားပြီး ခန္ဓာကိုယ်ကလည်း အားနည်းနေသည့်အကြောင်း တိန့်ယွီ ပြောထားသဖြင့် သူမခန္ဓာကိုယ်ကို အာဟာရဖြည့်တင်းဖို့ တွေးမိခြင်းဖြစ်သည်။
"ဘာစားချင်လဲလို့...ကြိုက်တာပြောလေ...ကိုယ် သွားဝယ်ပေးမယ်"
ဝေ့ထင် ၏စိုးရိမ်မှုကြောင့် စုမုန့် စိတ်ရှုပ်သွားသည်။ သူမ ဘာလို့ ရုတ်တရက် သတိလစ်သွားတာလဲ… ဝေ့ထင် ကရော ရုတ်တရတ် နူးညံ့လာပြီး သူမကို ဘာကြောင့် စိတ်ပူနေတာလဲ… ရှောင်ယွီရဲ့ကျိန်စာကို ဖယ်ရှားလိုက်တာနဲ့ပဲ ဝေ့ထင်ပါ ကျိန်စာသင့်ပြီး ဦးနှောက်မမှန်တော့တာလား...
သူမ နှလုံးသားထဲမှ ဝေ့ထင် သည် တခြားသူတွေကို ဘယ်တော့မှ ဂရုမစိုက်ဘဲ အေးစက်ပြီး ခံစားချက်မဲ့သည့် ရေခဲတုံးတစ်တုံးပင်။ယခု ဝေ့ထင် ရုတ်တရက် နူးညံ့သိမ်မွေ့လာသဖြင့် သူမ စိတ်ရှုပ်သွားသလို ခံစားလိုက်ရသည်။သူ့လက်က သူမ နဖူးပေါ်လာတင် ထားသည်မှာ ခဏကြာသွား၍ သူ့လက်ကို ဆုပ်ကိုင်လိုက်ပြီး မျက်လုံးကို ကြည့်လိုက်သည်။
"ရှင် သရဲတွေဘာတွေများ အပူးခံနေရတာလား"
သူမ တစ်ကယ်အတည်ပြောနေခြင်းပင်။သူမ စကားဆုံးလျှင် ဝေ့ထင်၏ ကံကြမ္မာနှင့် ဝိဉာဉ်အခြေအနေကိုပါ ကြည့်လိုက်ရာ ထူးထူးခြားခြား ဘာမှမတွေ့ရ၍ စိတ်ရှုပ်ပြီး မျက်မှောင်ကြုတ်လိုက်မိသည်။
ဝေ့ထင် သည် စုမုန့် ၏ တုံ့ပြန်မှုကိုကြည့်ပြီး စိတ်ဓာတ်ကျသွားမိ၏။သူမ ထိုအတွေးမျိုးတွေးမည်ဟု မမျှော်လင့်ထားတာကြောင့်
“ဘာလို့ ဒီလိုပြောရတာလဲ”
"ရှင် တစ်ကယ်ပဲ တခြားသူတွေကို ဂရုစိုက်တတ်တာလား…ဒါ လုံးဝ မူမမှန်ဘူး…ရှင် အရင်တုန်းကနဲ့ လုံးဝမတူဘူး"
စုမုန့် ၏မျက်နှာအမူအရာသည် လုံးဝလေးနက်ပြီး နောက်ပြောင်ပုံမပေါ်ချေ။
"ကိုယ်က ဘာလို့ တခြားသူတွေကို ဂရုမစိုက်ရမှာလဲ"
သူ၏ မျက်လုံးများ မှေးမှိန်သွားကာ စုမုန့်ကို ဖော်မပြနိုင်သော ခံစားချက်ဖြင့် ကြည့်လိုက်သည်။
စုမုန့် က သူ့ကို ဘယ်လိုမျိုး တွေးနေတာလဲ...
ထို့နောက် ဝေ့ထင် သည် စုမုန့် နှင့် အတိတ်က ဆက်ဆံရေးကို ပြန်ပြောင်း သတိရသွားသည်။ သူ အမြဲအလုပ်တွေရှုပ်နေရတာကြောင့်၊ သူမ အကြောင်းကို ဝေ့ရွှယ်နှင့် သူ့လက်ထောက်ဆီကနေ သတင်းတွေ အမြဲရခဲ့သည်။သူတို့အားလုံးက သူမ နေကောင်းကြောင်း၊အဆင်ပြေကြောင်းကိုသာ အချိန်တိုင်းပြောတတ်တာမို့ သူ သိပ်ပြီးမစဉ်းစားမိခဲ့ပေ။စုမုန့်ကလည်း သူ့ရှေ့မှာဘယ်လိုအမူအရာ၊အပြုအမူမျိုးမှ မပြခဲ့ပေ။
အချိန်အတော်ကြာ အတူတူဖြတ်သန်းပြီးနောက် စုမုန့် နှင့် သူ၏ဆက်ဆံရေးမှာ အနည်းငယ် တိုးတက်လာသည်ဟု သူထင်ခဲ့သည်။ သို့သော် ယခုလို သူတို့ နှစ်ယောက်ကြားမှာ ပြဿနာအများကြီးရှိနေဦးမည်ဟု သူ မမျှော်လင့်ထားချေ။စုမုန့် သူ့အပေါ် ပိုမိုအကောင်းမြင်လာစေဖို့ နောက်ဆို သူအမြဲ သူမကို ဂရုစိုက်ရပေမည်။သို့မှသာ သူမက ကွာရှင်းခြင်းအကြောင်း ဆက်ပြောနိုင်မည် မဟုတ်ချေ။
စုမုန့်ကတော့ ဝေ့ထင် ဘာတွေတွေးနေမှန်းမသိ။ ဝေ့ထင်၏အမေးကို ကြားလိုက်သောအခါ သူမက အေးစက်စွာရယ်မောပြီး ပြောလိုက်သည်။
"ဥက္ကဌဝေ့က တခြားသူတွေကို ဂရုစိုက်ရင် စိုက်နိုင်ပေမယ့် ကျွန်မ အတွက်ကတော့ မတူပါဘူး… ဟိုတုန်းက ကျွန်မ ဆေးရုံမှာ သေလုနီးပါး ဖြစ်ခဲ့ပေမယ့် ကျွန်မအကြောင်း မေးကိုမမေးဘူး...ဒါပေမယ့် ရှင့်ညီမရဲ့ရောဂါကိုတော့ တော်တော်လေး စိတ်ပူနေခဲ့တာ"
(အတိတ်က မကျေနပ်ချက်များ...)
စုမုန့် မျက်လုံးထဲတွင် ဝေ့ထင်သည် ကြောင်သူတော်ဖြစ်သည်။ယခင်က သူ့ကို ချစ်နေခဲ့သည်ဖြစ်၍ သူမ လုံးဝဂရုမစိုက်ခဲ့ခြင်းပင်။ယခုတော့ ဝေ့ထင်နှင့် ဝေ့မိသားစုကို သူမ စွန့်ခွာဖို့ ဆုံးဖြတ်လိုက်သည့်အတွက် ထိုအတွေးမျိုးတွေးမနေနိုင်တော့ပေ။
'ဒီလူရဲ့ဦးနှောက်မှာ တစ်ခုခုမှားနေပြီထင်တယ်' သူမ စိတ်ထဲက ရေရွတ်မိ၏။
"မင်း ဘယ်တုန်းက ဆေးရုံမှာ သေလုနီးပါး ဖြစ်နေခဲ့တာလဲ"
ဝေ့ထင် စုမုန့်ကို ကြည့်နေသည့် သူ့မျက်လုံးထဲက စိတ်ရှုပ်နေရိပ်တို့မှာ အတုအယောင်မဟုတ်ပေ။
“ဒါ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး…တစ်ခါတုန်းက ကျွန်မ ဝတ်မှုန်နဲ့ ဓါတ်မတည့်မှုဖြစ်လို့ အခြေအနေ အရမ်းဆိုးသွားတယ်…ကျွန်မ နည်းနည်းသတိရှိနေတုန်းမှာ ဝေ့ရွှယ်ကို ရှင့်ဆီ ဖုန်းဆက်ဖို့ပြောခဲ့ပေမယ့် ရှင့်ဆီက ဘာတုံ့ပြန်မှုမှ မရခဲ့ဘူး…ကျွန်မ ဆေးရုံက မဆင်းမချင်း ဝေ့ရွှယ် ကသာ ကျွန်မဘေးမှာ ရှိနေခဲ့တာ”
!!
“ရှင် ဘာပြောချင်လဲဆိုတာ ကျွန်မသိတယ်…ရှင် ဘာသတင်းမှ မရခဲ့ဘူးမလား…ဘာလို့လဲဆိုတော့ ဝေ့ရွှယ် က ရှင့်ကို ခေါ်ပေးဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ...ကျွန်မ အဲဒါကိုသိတယ်"
စုမုန့် သည် ဝေ့ထင်၏ မျက်နှာထားကိုမြင်ပြီး သူဘာပြောချင်မှန်း သိသောကြောင့် သူမ ချက်ချင်းပြောလိုက်သည်။သူမ စကားဆုံးသည်အထိ သူက စကားပြန်မပြောသေး၍ သူမ ဆက်ပြောလိုက်၏။
“ဒါပေမယ့် အဲဒီဆေးရုံက ဝေ့မိသားစုပိုင်တယ်လေ…ကျွန်မကို ကုတဲ့ဆရာဝန်ကလည်း ရှင့်ရဲ့ကိုယ်ပိုင်ဆရာဝန်ပါ…ကျွန်မ အသက်အန္တရာယ်ကြုံလာတဲ့အခါ သူကတော့ ရှင့်ကို သေချာပေါက် ဆက်သွယ်မှာပဲ...ရှင့်ရဲ့ ကိုယ်တိုင်ဆရာဝန်က လုံးဝမဆက်သွယ်ဘူးလို့တော့ မပြောပါနဲ့…အဲ့ဒီဆရာဝန်မှာသာ ဆေးဘက်ဆိုင်ရာကျင့်ဝတ်ရှိနေရင် သူဒီလိုအမှားမျိုး လုပ်မှာမဟုတ်ဘူး"
အချိန်အတော်ကြာခဲ့ပြီ ဖြစ်သော်ငြားလည်း ထိုအချိန်က သူမ ခံစားခဲ့ရသော စိတ်ပျက်အားငယ်မှုနှင့် ဝမ်းနည်းမှုများကိုယခုထိ ခံစားနေရ၏။သူမ ဝေ့ထင် မွေးနေ့မှာ Surprise လုပ်ပေးချင်ခဲ့တာပင်။သို့သော် သူက သဘောမပေါက်ဘဲ စကားတစ်ခွန်းမှ မပြောမဆို လှည့်ထွက်သွားသည်။ သူမ ကျန်းမာရေးကိုပင် ဂရုမစိုက်နိုင်ဘဲ သူ့အတွက် လက်ဆောင်ကို အသက်နှင့်ရင်း၍ ပြင်ဆင်ခဲ့ရ၏။
"တောင်းပန်ပါတယ်… သူက ကိုယ့်ကို ဆက်သွယ်ပေမယ့် ကိုယ် အချိန်မီမသိလိုက်တာ…ကိုယ် ကျူးရွှင်း ကိုလည်း ဒီကိစ္စကို စုံစမ်းခိုင်းတယ်…မင်း ဝတ်မှုန်နဲ့မတည့်တဲ့နေ့မှာပဲ ဝေ့ရွှယ်လည်း ကိုယ့်ဆီ လာခဲ့တယ်… ဒါပေမယ့် အဲ့ဒီအချိန်မှာ ကိုယ်က အစည်းအဝေး လုပ်နေခဲ့တာလေ... ဝေ့ရွှယ် ကိုယ့်ရုံးခန်းထဲမှာ ခဏနေခဲ့တယ်လို့ ကျူးရွှင်းက ပြောတယ်…သူမကပဲ ဆရာဝန်ဆီက ဖုန်းကိုကိုင်လိုက်တယ်"
“ဒီကိစ္စနဲ့ ပတ်သက်ပြီး ဝေ့ရွှယ်ကို နောက်ပိုင်းမှ မေးခဲ့တယ်… အဲဒီနေ့က ဆရာဝန်က ဖုန်းခေါ်တာ အမှန်ပဲလို့ ပြောခဲ့ပေမယ့် ဘယ်သူဘယ်ဝါမှန်း မသိလို့ မကိုင်လိုက်ဘူးတဲ့...ပြီးတော့ ဖုန်းခေါ်တဲ့ မှတ်တမ်းကိုလည်း အမှတ်တမဲ့ ဖျက်မိသွးတယ်တဲ့...ကိုယ်က ဆူမှာကြောက်လို့ မပြောခဲ့တာတဲ့...ဒါပေမယ့် အဲ့ဒီလို ဖြစ်ပြီးနောက်ပိုင်း ကိုယ် သူမကို ရုံးခန်းထဲ ထပ်မဝင်လာဖို့ သတိပေးထားပါတယ်"
ဝေ့ထင် စကားကိုကြားလျှင်စုမုန့် သူ့ကို ထိတ်လန့်စွာ မော့ကြည့်လိုက်သည်။သူ့စကားကြောင့် မထိတ်လန့်သွားရသော်လည်း သူ့တောင်းပန်စကားကြောင့် တုန်လှုပ်သွားမိသည်။ ဝေ့ထင် ကို သူမ သိသည်မှာ ကြာပါပြီ။ပြီးခဲ့သည့်ဘဝနှင့် ယခုဘဝတွင် ဝေတင်ထံမှ 'တောင်းပန်ပါတယ်' ဆိုသောစကားကို သူမ မကြားခဲ့ဖူးသလို ဝေ့ထင်ကလည်း ဘယ်သူ့ကိုမှ မပြောခဲ့ဖူးပေ။ထို့ကြောင့် သူ ယခုလို တောင်းပန်လာဖို့ မမျှော်လင့်ထားပေ။ ထို့အပြင် သူ့အပြောအဆိုက လေးနက်ပြီး စစ်မှန်ကာ လိမ်ညာနေပုံ မပေါ်ပေ။
တစ်ကယ်တမ်း ဝေ့ထင် ဘက်ကကြည့်လျှင် သူသည် ဝေ့ရွှယ် ကို သူ့ညီမအရင်းလို အမြဲဆက်ဆံနေတာကြောင့် ဝေ့ရွှယ် ၏စရိုက်အမှန်ကို သူ မသိခဲ့ပေ။ ဒါဆို သူ့ညီမအရင်းက ဖုန်းခေါ်ဆိုမှုကို မတော်တဆ ဖျက်မိတာဆိုရင် ဘယ်လိုလုပ်မလဲ…သူ ဝေ့ရွှယ်ကို အထင်အမြင်မှားနေခဲ့တာလား
ထိုသို့ သူ တွေးနေစဉ် စုမုန့်က လက်ကို ဝှေ့ယမ်းပြီး
“အဆင်ပြေပါတယ်…သူမကို အပြစ်ပေးပေး၊မပေးပေး ကျွန်မနဲ့ ဘာမှမဆိုင်ဘူး…ဘာပဲဖြစ်ဖြစ် ကျွန်မ မသေပါဘူး၊အသက်ရှင်နေသေးတယ်… ဒါက ရှင့်မိသားစုရဲ့ ကိစ္စပါ… ကွာရှင်းပြတ်စဲစာချုပ်မှာ လက်မှတ်ထိုးပြီးတဲ့အခါ ကျွန်မတို့ တစ်ယောက်နဲ့တစ်ယောက် ဘာမှလည်း မဆိုင်သလို တစ်ယောက်ကိုတစ်ယောက် အကြွေးတင်နေမှာလည်း မဟုတ်ဘူး”
ဝေ့ထင် မျှော်မှန်းထားသည့်အတိုင်း စုမုန့်သည် ကွာရှင်းမည့်ကိစ္စကို ယခုထိ မမေ့သေး။သန်မာဟန်ဆောင်ထားသည့် သူမ၏ ဖြူဖျော့ဖျော့မျက်နှာလေးကို ကြည့်လိုက်ရင်း သူ့နှလုံးသားထဲကို ဓားနှင့် ထိုးသလို ခံစားလိုက်ရသည်။ နာကျင်မှုတွေက သူ့ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားပြီး မသက်မသာခံစားရသည်။ မူလက ဝေ့ရွှယ် ကိစ္စကို နောက်ရက်အနည်းငယ်အတွင်း ဖြေရှင်းဖို့ ဆန္ဒရှိခဲ့သော်လည်း၊ စုမုန့်က မြို့ပြင်သို့ ရုတ်တရက် ထွက်သွားခဲ့၏။သူပါ စိတ်မချ၍ လိုက်သွားမိပြီး ပြန်လာလျှင် ဤကိစ္စကို ဖြေရှင်းဖို့ အစီအစဉ်ဆွဲထားခဲ့သည်။ သူ မဖြေရှင်းသရွေ့ သူနှင့် စုမုန့် ဘယ်တော့မှ အဆင်ပြန်ပြေလာမှာ မဟုတ်ပေ။ဤအရာတွေက သူတို့နှစ်ယောက်ကြားမှာ ချောက်ကြီးတစ်ခုလိုပင်။ သူ ယခုလုပ်ရမည့်အရာက ထိုချောက်ကြီးကိုချက်ချင်းဖြည့်ဖို့ပင်။
ခဏတာ တိတ်ဆိတ်သွားပြီးနောက် ဝေ့ထင် သူ့ပါးစပ်ကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။
"မုန့်အာ…ကိုယ် မသိတာ ရှိသေးလား.မင်း ကိုယ်ကိုအကုန်ပြောပြရင် ကိုယ်အကုန်လုံးကို စုံစမ်းမယ်… အရင်တုန်းကတော့ ဝေ့ရွှယ်ကို အရမ်းယုံခဲ့တာဆိုတော့ ဘာမှ သိပ်ပြီးမစဉ်းစားမိဘူး…အခုတော့ ကိုယ် ရယ်စရာကောင်းလောက်အောင် မှားသွားပုံရတယ်”
သူ့စကားကိုကြားလျှင် စုမုန့် မျက်နှာထားက အနည်းငယ်ပြောင်းလဲသွားရသည်။ သူမ နားကြားမှားတာလား…ဝေ့ထင် က သူမ ဒေါသကို ဖြေဖျောက်ဖို့ ကြိုးစားနေတာလား…
ဝေ့ထင်က သူမ စိတ်ကျေနပ်အောင် လုပ်ပေးဖို့ မမျှော်လင့်ထားသော်လည်း၊ သူမတို့နှစ်ဦးကြားက ဝမ်းနည်းစိတ်ပျက်ဖွယ် ဆက်ဆံရေးကိုသာ ချိုးဖျက်နိုင်လျှင် အဆင်ပြေနိုင်၏။
xxxxxxx