အပိုင်း ၁၈၉
Viewers 15k

Chapter 189

(ရှန့်ကျန်း ‌အပြော)


ရှန့်ကျန်းသည် သူ့အား လက်ပိုက်ပြီး အေးစက်စွာ စိုက်ကြည့်နေသော ဝေ့ထင်ကို မြင်လိုက်သည်။စုမုန့်ကလည်း  ပြုံးပြကာ နူးညံ့စွာ ကြည့်နေသော်လည်း သူမ၏ မျက်လုံးများက ဒေါသမီးနှင့် တောက်လောင်နေပြီဖြစ်သည်။


ဝေ့ထင် သည် စုမုန့် ၏လက်ကို ကိုင်ထားပြီး မခံမရပ်နိုင်အောင် ငိုကြွေးနေသူ ရှန့်ကျန်းအား စိတ်ဆိုးနေရ၏။ဤသည်က လာဘ်လည်း မကောင်းပေ။ 

ထို့ကြောင့် သူသည် ရှန့်ကျန်း ၏ နားရွက်ကို လိမ်ဆွဲကာ မတ်တတ်ထစေလိုက်ခြင်းပင်။ အကြောင်းမှာ သူ့တစ်ကိုယ်လုံးကို ပတ်တီးတွေနှင့် ဖုံးအုပ်ထားပြီး သူ့နားရွက်ကပဲ ထွက်နေတာကြောင့်ပင်။


 " မင်း အဆင်ပြေရဲ့လား…ကိုယ် အရမ်းလန့်သွားတာပဲ"


ရှန့်ကျန်း က သူ့ရင်ဘတ်ကို ပုတ်ရင်းဆိုလိုက်သည်။သူက ဝေ့ထင်ကို လျစ်လျူရှုထားကာ စုမုန့် မသေသေးသည့်အတွက် အလွန်ပျော်နေသလိုမျိုး ပြောလိုက်သည်။


 !!


တစ်ကယ်တမ်းက ရှန့်ကျန်း သည် ဝေ့ထင် ကို လျစ်လျူရှုခဲ့ခြင်းမှာ သူနှင့် စကားမပြောဝံ့သောကြောင့် ဖြစ်သည်။ ဝေ့ထင် အကြည့်တွေက တစ်ကယ်ကို ကြောက်စရာကောင်းသည်။ ဝေ့ထင် သည် စုမုန့် ကို အမြဲတမ်း စိတ်ပူနေမှန်း သူသိသည်။စုမုန့် ၏ လက်ကို သူက သွားကိုင်လိုက်တာကြောင့် ဝေ့ထင် သူ့ကို သတ်ချင်နေလိမ့်မည်ဖြစ်သည်။ ဝေ့ထင်ကို မကြည့်ဘဲနှင့်ပင် သူ့အား အသက်ရှင်လျက် အစိမ်းလိုက်ဝါးစားချင်နေသည့် အကြည့်ကို မျက်စိထောင့်မှ ခံစားနိုင်သည်။


 အခုလေးတင် သူတို့ရဲ့ ပျော်ရွှင်စရာအချိန်တွေကို သူ နှောင့်ယှက်ခဲ့မိတာလား…မဟုတ်ရင် စုမုန့်ကလည်း သူ့ကို ဘာလို့ ကြောက်စရာကောင်းတဲ့ အကြည့်နဲ့ ကြည့်ရတာလဲ… ဒါပေမယ့် မဖြစ်နိုင်ဘူး ထင်ပါတယ်လေ…ဝေ့ထင်က စုမုန့်ကို ကြိုက်ချင်ရင်တောင် စုမုန့်က သူ့ကို မကြိုက်ဘူးမလား


စုမုန့် မဖြေသေး၍ ရှန့်ကျန်း စိတ်က အဝေးကို လွင့်နေပြီဖြစ်သည်။


 "ဘာလို့လဲ…ကြည့်ရတာ ကျွန်မ နေကောင်းနေတာတွေ့လို့ ရှင် စိတ်ပျက်နေပုံပဲ"  


စုမုန့်က သူ့ကို မေးသည်။


စုမုန့် ၏မေးခွန်းကိုကြားလျှင် ရှန့်ကျန်း ကျောပြင်သည် ချက်ချင်းပင် တင်းမာလာပြီး မြန်မြန်ရှင်းပြသည်။


" မင်းကလည်း ဘယ်လိုဖြစ်တာလဲ…အတွေးလွန်နေပြီထင်တယ်"


သူသည် အများအားဖြင့် ခပ်တုံးတုံးခပ်အအ ဖြစ်သော်လည်း၊ အရေးကြီးသောအခိုက်အတန့်များတွင် အမြဲတမ်း ဖြတ်ထိုး ဉာဏ်ကောင်းသူဖြစ်သည်။


 "အခုပဲ ကျူးရွှင်းက မင်း အခြေအနေစိုးရိမ်ရတယ်လို့ ပြောလိုက်တယ်…ကိုယ်လည်း အရမ်းကြောက်လန့်သွားတော့ ဆေးတစ်ဝက်သွင်းပြီးတာနဲ့ အမြန်ဆင်းလာခဲ့တာ… မင်းနေကောင်းနေပြီဆိုတော့ ငါပြန်သွားပြီး ဆေးပြန်ချိတ်ရမယ်…အခုနက အပ်ကို အရမ်းဆွဲထုတ်ပြီး ကိုယ့်လက်က သေတော့မလိုပဲ နာနေတာ"


သူက ကျူးရွှင်းအား အပြစ်တွေ အားလုံးကို သူနှင့်မဆိုင်အောင် တွန်းပို့လိုက်သည်။


ရှန့်ကျန်း ပြောပြီးသည်နှင့် ချက်ချင်း ထွက်ပြေးဖို့ ပြင်လိုက်သည်။ မပြေး၍လည်းမရ၊ဝေ့ထင်က သူ့ကို တစ်ချိန်လုံး ကြောက်ဖို့ကောင်းအောင် စိုက်ကြည့်နေလေတော့သည်။  


 "နေဦး"  


သို့သော် သူထွက်သွားခါနီးတွင် စုမုန့်က ရုတ်တရက် သူ့ကိုလှမ်းခေါ်သည်။


 " ဘာကိစ္စရှိလို့လဲ…မင်းရဲ့ခင်ပွန်းဟောင်း၊ မဟုတ်ဘူး.ဥက္ကဌဝေ့ ဒီမှာရှိတယ်လေ…ကိုယ်က ဘာမှမကူညီတတ်ဘူး ဟုတ်တယ်မလား"


ရှန့်ကျန်း က ဖြည်းညှင်းစွာ လှည့်ပြီး မေးသည်။ သူက ဝေ့ထင် ရှေ့မှာ စုမုန့်၏ လက်ကို ဆုပ်ကိုင်ထားမိတာမို့၊ ဝေ့ထင် မခံချင်အောင်လုပ်မိခဲ့၏။ထို့ကြောင့် သူ အရိုက်မခံရဖို့အတွက်  ဝေ့ထင်ကိုပါ စကားထဲအမြန်ဆွဲထည့်လိုက်သည်။ ဤသည်မှာ ဝေ့ထင်အား မျက်နှာလုပ်ရန် အခြားနည်းလမ်းတစ်ခုဖြစ်သော်လည်း၊အလုပ်ဖြစ်လားမဖြစ်လားကိုတော့ မသိပေ။


 "ဆရာ ရှင့်ကို ဆက်သွယ်ခဲ့လား"  


စုမုန့် သည် ဤနှစ်ရက်အတွင်း ဖုန်းလိုင်းမမိတာကြောင့် ဆရာဖြစ်သူ သူမကို ဆက်သွယ်၍မရ၍ စိတ်ပူနေမှာကို စိုးရိမ်နေမိသည်။


 “အဆက်အသွယ်ရတယ်လေ…အဘိုးက သူ့မှာ ကိစ္စတစ်ခုခု ဆိုးဆိုးရွားရွား ဖြစ်သွားလို့ ခဏကြာမှ ပြန်လာမယ်လို့ပြောတယ်…ပြီးတော့ မင်းရဲ့ခန္ဓာကိုယ်ကို ကောင်းကောင်းဂရုစိုက်ပြီး မကောင်းတဲ့လူတွေနဲ့လည်း အချိန်အများကြီးမဖြုန်းဖို့ ပြောသေးတယ်" 


ရှန့်ကျန်း မျက်လုံးတွေက ဝေ့ထင်ကို ခဏခဏ ကြည့်နေရင်းပြောလိုက်သည်။


အဘိုးကောက ဝေ့ထင် ကို သဘောမတွေ့ပေ။ ရှန့်ကျန်း အပြင်ဝေ့ထင် သည် စုမုန့် နှင့် အချိန်အကြာဆုံး အတူနေခဲ့သူဖြစ်သည်။ထို့ကြောင့်၊ အဘိုးကော မည်သူကို ရည်ညွှန်းမှန်း ထင်ရှားပါသည်။ ဝေ့ထင် ဒေါသထွက်သွားလိမ့်မည်ဟု ရှန့်ကျန်း တွေးထင်ခဲ့သော်လည်း ကြည့်လိုက်သောအခါ ဝေ့ထင်၏မျက်နှာမှာ တည်ငြိမ်နေပြီး ဒေါသအရိပ်အယောင်မပြမှန်း သူမြင်လိုက်ရသည်။တစ်ကယ့်ကို ထူးဆန်းလှသည်။ ဝေ့ထင်သည် အများအားဖြင့် အလွန်အေးစက်ပြီး မာနကြီးတတ်သော်လည်း ယခုအချိန်တွင် သူ့အား အပြောခံနေရတာကိုပင် နည်းနည်းမှ တုံ့ပြန်မှု မရှိပေ။


သူ ဝေ့ထင် ကို ကြည့်ပြီး စုမုန့်ကိုပြန်ကြည့်သည်။သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးမှာ တစ်ခုခု မှားနေပြီဟု သူခံစားမိသည်။


 "အဲဒါကလွဲလို့ တခြားဘာပြောသေးလဲ"


စုမုန့်က ရှန့်ကျန်း စကားကို သိပ်ဂရုမစိုက်ဘဲမေးလိုက်၏။


 "အင်း၊ပြန်စဉ်းစားကြည့်​ရ​အောင်​"  


ရှန့်ကျန်းက တင်းတင်းကျပ်ကျပ် ပတ်တီးနှင့် ပတ်ထားသည့်လက်ဖြင့် ခေါင်းက်ုထိလိုက်ရင်း


 “ဘာမှမပြောပါဘူး"


"ကောင်းပြီ ကျွန်မနားလည်ပါတယ်. စိတ်မပူပါနဲ့ ကျွန်မ အဆင်ပြေပါတယ်…  ပြန်သွားပြီး ဆေးသွင်းလိုက်ဦး"


 "ကောင်းပြီ မင်းတစ်ခုခုလိုအပ်ရင် ကိုယ့်ကိုဖုန်းဆက်လိုက်ပါ… ကိုယ် အချိန်မရွေးရှိနေမှာပါ"  


ရှန့်ကျန်းသည် တံခါးကို ဂရုတစိုက်ပိတ်ရင်း ဝေ့ထင်ကို နောက်တစ်ကြိမ် စိုက်ကြည့်လိုက်သည်။


သူ ထွက်သွားသည်နှင့် တစ်ပြိုင်နက် လူ‌နာဆောင်ကလေးသည် တိတ်ဆိတ်သွားပြန်သည်။ ဝေ့ထင်က စုမုန့် ကို ကြည့်လိုက်သည်။သူ့အကြည့်တွေက၊စောစောက ရှန့်ကျန်းကို ကြည့်သလိုမျိုး အေးစက်စက် မဟုတ်တော့။


 “မုန့်အာ…”


 "ရှင် တစ်ကယ်ပဲ ပြန်စချင်တာလား"  


ဝေ့ထင် စကားမဆုံးခင် စုမုန့်က အရင်ပြောသည်။


( နားလည်မှုလွဲမှားခြင်းကို ပယ်ဖျောက်ခြင်း…)


 “ကိုယ်…”


 "စုမုန့်...."


ဝေ့ထင် စကားတစ်ခွန်းပဲ ပြောရသေးသည်၊ရှန့်ကျန်း ပြန်ရောက်လာပြီး ဝင်နှောင့်ယှက်လိုက်သည်။ဝေ့ထင်က ရှန့်ကျန်း ကို မှုန်ကုပ်ကုပ် အမူအရာဖြင့် စိုက်ကြည့်နေသည်။


 ဤတစ်ကြိမ်တွင် ရှန့်ကျန်း  သင်ခန်းစာရသွားပြီဖြစ်သည်။သူသည် တံခါးကို အသာဖွင့်လိုက်ပြီး ခေါင်းကိုသာ အထဲသို့ပြူထား၏။သူ့ခန္ဓာကိုယ်က အပြင်မှာရှိနေတုန်းပင်။သူ့လက်တစ်ဖက်က လမ်းလျှောက်တုတ်ကိုကိုင်ရင်း ကျန်လက်တစ်ဖက်က တံခါးချပ်ကို ကိုင်ထားသည်။


 “လင်းအိုက်နဲ့ အစ်ကိုဟုန်စစ်က မင်းကိုတွေ့ဖို့ လာခဲ့သေးတယ်…ကြည့်ရတာ သူတို့ ဒုက္ခရောက်နေပုံရတယ်…သူတို့က ဘာမှတော့မပြောပါဘူး၊ ဒါပေမယ့် လင်းအိုက်ကတော့ တစ်မျိုးပဲ"


 “ကောင်းပြီ ရပြီ…တစ်ခြား ပြောစရာရှိသေးလား"  


စုမုန့်က မေးသည်။


"အင်း.မရှိတော့ဘူး…ကဲ ကိုယ် ဆက်ပြီး မနှောင့်ယှက်တော့ဘူးနော်"  


ရှန့်ကျန်းက သဘောကျစွာ ပြုံးပြီး စုမုန့် နှင့် ဝေ့ထင်ကို နှုတ်ဆက်သည်။ ထို့နောက် တံခါးကိုပိတ်ကာ ထွက်ခွာသွားခဲ့သည်။


ရှန့်ကျန်း အနှောင့်အယှက်ပေးပြီးနောက် စုမုန့် စိတ်က ပြန်ပြောင်းသွားသည်။ သူမ ဝေ့ထင် နှင့်ဤကိစ္စကို ဆက်ပြီး မဆွေးနွေးချင်တော့။အက်ကွဲနေသည့် မှန်တစ်ချပ်လို တစ်ချိန်က လွဲချော်ခဲ့သည့် အရာတွေရှိခဲ့သည်။မည်သို့ပင်ဆိုစေ၊ထိုအက်ကြောင်းတွေက ဘယ်တော့မှ ပြန်ကောင်းလာမှာ မဟုတ်။သူမ ငုံ့ထားပြီး ဝေ့ထင်နှင့် စကားမပြောချင်တော့၍၊ ခေါင်းကိုတစ်ဖက်လှည့်လိုက်သည်။


 "ရှင် သွားလို့ရပြီ…ကျွန်မ တစ်ယောက်တည်း ခဏနေချင်တယ်" 


သူမက ဆုတ်ခွာသွားသော်လည်း ဝေ့ထင် နောက်ပြန်မဆုတ်သေးပေ။သူတို့နှစ်ယောက် နားလည်မှု လွဲနေရသည်မှာ အချိန်အတော် ကြာပြီဖြစ်သည်။ စုမုန့် သူ့ကိုဖွင့်ပြောခြင်းက ယခုတစ်ခါပင်ဖြစ်နိုင်၏။ဤအခွင့်အရေးကောင်းကို သူလက်လွတ်မခံနိုင်၊သို့မဟုတ်လျှင် နောက်တစ်ကြိမ်ရှိတော့မှာမဟုတ်ပေ။


 "မုန့်အာ၊ ကိုယ်အရင်တုန်းက အမှားတွေ အများကြီးလုပ်ခဲ့တာကို သိပါတယ်…ကိုယ် မင်းကို လျစ်လျူရှုပြီး နားလည်မှုလွဲအောင်လို့ အများကြီး လုပ်မိခဲ့တယ်…အခုမှ အားလုံးသိသွားတော့ ဘယ်လိုပြောင်းရမှန်း မသိတော့ဘူး…ကိုယ် ဘယ်တော့မှ ထပ်မလုပ်တော့ဘူးဆိုတာယုံပေးပါ… မင်း ကိုယ့်ကိုနောက်ထပ်အခွင့်အရေးပေးနိုင်မလားဟင်"


ဝေ့ထင် သည် စုမုန့် ကို စိုက်ကြည့်ရင်း သူ့မျက်လုံးထဲတွင် မျှော်မှန်းချက်များသန်းလျက်ရှိနေသည်။


ဝေ့ထင် ယခုလို စိတ်မတည်မငြိမ် တစ်ခါမှ မဖြစ်ဖူးဘူးမလား…


“အရင်တုန်းကတော့ ကိုယ့်စိတ်ထဲမှာ အလုပ်တွေပဲရှိတော့ တစ်ခါမှ မချစ်ခဲ့ဖူးဘူး… ကောင်မလေး တစ်ယောက်ကိုလည်း ပျော်ရွှင်အောင် ဘယ်လိုလုပ်ရမှန်းမသိဘူး… ပိုက်ဆံကို ဘယ်လိုသုံးရမယ်ဆိုတာပဲ သိတယ်…  ဒါပေမယ့် နောက်ဆို ကိုယ်လေ့လာမယ်…မင်းမကြိုက်တဲ့ကိစ္စရှိနေရင် ကိုယ် ဘယ်တော့မှ အတင်းအကြပ် ဖိအားပေးမှာမဟုတ်ဘူး"


စုမုန့်က သူ့ကို လျစ်လျူရှုထားသဖြင့်၊ ဝေ့ထင် သူ့ကိုယ်သူ ဆက်ပြောနေမိသည်။ စုမုန့်နှင့် သူ၏ဆက်ဆံရေးသည် တစ်ရက်နှစ်ရက်အတွင်း ပြောင်းလဲမည်မဟုတ်ကြောင်း သိသောကြောင့်၊ယခုချက်ချင်း အလွန်အကျွံပြောဖို့မသင့်ပေ။စုမုန့်ကို သူသိသမျှ အကုန် ပြောပြထားပြီးသားပင်။ဆက်ပြော၍လည်း အသုံးမဝင်တော့၊သူမကို သူ၏ ရိုးသားမှုအား ပြသရန် အပြုအမူဖြင့်သာ သက်သေပြရပေမည်။


 “ကျွန်မ ပင်ပန်းလို့ အနားယူချင်ပြီ…ရှင် ပြန်သွားလို့ရတယ်နော်"  


စုမုန့်က အဆုံးအထိ သဘောမတူသေးဘဲ၊ ပြောပြီးသည်နှင့် မျက်လုံးမှိတ်ထားလိုက်သည်။


ဝေ့ထင်သည် စုမုန့်၏ဖြူဖျော့ဖျော့မျက်နှာကိုကြည့်ကာ သူမ တကယ်ပင်ပင်ပန်းနေမှန်းသိသောကြောင့် ဘာမှမပြောဖို့ဆုံးဖြတ်လိုက်သည်။


 “ကဲ…ကောင်းကောင်းအနားယူပါ…ကိုယ် သွားတော့မယ်…မင်းတစ်ခုခုလိုအပ်ရင် ကိုယ်ကိုခေါ်ပါနော်"


သူ ပြောပြီးသည်နှင့် လှည့်ထွက်သွားသည်။


စုမုန့် တံခါးပိတ်သံကြားတော့ လှည့်ကြည့်လိုက်ရာ ဝေ့ထင် ထွက်သွားပြီးပြီဖြစ်သည်။ သူမ သက်ပြင်းချလိုက်ပြီး မျက်နှာကျက်ကို ဆက်ကြည့်နေမိသည်။ ရိုးရိုးသားသားပြောရလျှင် သူမ ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်တိုင်းသည် ဝေ့ထင် နှင့်ဘာမှမဆိုင်ကြောင်း၊ သူ ဘာမှမသိကြောင်းသိလိုက်ရသောအခါတွင် သူမ နှလုံးသားမှာ အနည်းငယ်ယိမ်းယိုင်သွားခဲ့ကြောင်း ဝန်ခံရမည်။ယခင်ဘဝက ဝေ့ထင်အပေါ်ထားသည့် သူမ၏ ချစ်ခြင်းမေတ္တာမှာ စစ်မှန်ခဲ့သည်။ဝေ့ထင်ကို သူမ မုန်းတီးကာ နာကြည်းခဲ့သော်လည်း၊ယခု သူမ အထင်လွဲခဲ့မှန်းသိသွားပြီဖြစ်သည်။ ယခုတော့ နားလည်မှုလွဲမှားခြင်းများကို ရှင်းရှင်းလင်းလင်း ရှင်းထုတ်ပြီးဖြစ်ကာ၊သူမ ဆက်ပြီးမငြင်းနိုင်တော့။ 


ဘယ်ကိစ္စကိုမဆို ပြတ်ပြတ်သားသား လုပ်ခဲ့ဖူးသော သူမ ယခုအခါ အကျပ်ရိုက်နေပြီဖြစ်သည်။  သူမ ခေါင်းတွေ မူးနေပြီး၊ အတွေးများ၍ လေးလံရီဝေလာ၏။


အဆုံးမှာတော့ ဝေ့ထင် ကို ခွင့်လွှတ်ပြီး အခွင့်အရေးပေးသင့်သလား…  နောက်ဆုံးတော့ သူမ သည်းမခံနိုင်တော့ဘဲ နောင်တစ်ချိန်မှာ ထိုအကြောင်း ပြောဖို့ ဆုံးဖြတ်လိုက်သည်။မည်သို့ပင်ဆိုစေကာမူ ဝေ့ထင်သည် ယခုအချိန်တွင် သူမ အနားတွင်မရှိသဖြင့်၊မတွေးထားလည်းဖြစ်သေးသည်။ထို့ကြောင့် သူမ ဘာမှမတွေးဘဲ ကောင်းမွန်စွာ အနားယူပြီး အိပ်ပျော်သွားခဲ့သည်။


စုမုန့် နိုးလာသောအခါ နောက်တစ်နေ့ မွန်းတည့်နေပြီဖြစ်သည်။မနက်ခင်း၏ နွေးတေးတေးနေရောင်ခြည်သည် ပါးလွှာသော ကန့်လန့်ကာကိုဖြတ်၍ သူမ ခန္ဓာကိုယ်ပေါ်သို့ ထွန်းတောက်လာပြီး ကိုယ်ပေါ်ရှိ လေးလံထိုင်းမှိုင်းစေသော လေများက လွင့်စင်သွားပုံရသည်။ သူမ စိတ်ထဲမှာ အလွန်သက်တောင့်သက်သာ ခံစားရပြီး ဒဏ်ရာများပင် အရင်ကလောက် မနာကျင်တော့ပေ။


အချိန်အကြာကြီး အိပ်ပျော်သွားပြီးနောက် သူမ ပို၍နိုးကြားလန်းဆန်းလာခဲ့သည်။သို့သော်လည်း သူမ အနည်းငယ် အားနည်းနေသေးပြီး ဗိုက်ကလည်း တဆတ်ဆတ် တုန်ခါကာ ဆာလောင်နေသည်။


သူမ ပျင်းရိစွာ အကြောဆန့်လိုက်သည်။ရေချိုး၊ အဝတ်အစားလဲပြီး ညစာထွက်စားချင်သော်လည်း ဘေးကို လှည့်ကြည့်လိုက်လျှင်၊ စားပွဲပေါ်မှာ သစ်သီးခြောက်တွေနှင့် သစ်သီးများကို တွေ့လိုက်ရသည်။


စုမုန့် ပစ္စည်းများကိုကြည့်ရင်း စိတ်ရှုပ်သွားသည်။ မနေ့ညက သူမ အခန်းထဲကို ဘယ်သူရောက်လာတာလဲ…



xxxxxx