Chapter 190
(ကျိုးမိသားစုနှင့် သက်ဆိုင်သည်)
သူမ၏ စိတ်ရှုပ်ထွေးမှုက ကြာရှည်မခံ၊နောက်တစ်စက္ကန့်တွင် ရုတ်တရက် တံခါးခေါက်သံကြားရသည်။
"အထဲဝင်ပါ"
စုမုန့် ထထိုင်လိုက်ပြီး ခေါင်းမှီသည့်ဘုတ်ပြားကိုပင် မမှီဝံ့ချေ။ သို့မဟုတ်ပါက သူမ၏ နောက်ကျောပြင်သည် ဖိအားကြောင့် ထိခိုက်သွားမည်ဖြစ်သည်။ သူမ အသံဆုံးသည်နှင့်အမျှ တံခါးချပ်မှာ ညင်သာစွာ ပွင့်သွားပြီး ကျူးရွှင်းကိုတွေ့ရသည်။
“သခင်မလေး နိုးပြီလား…ဥက္ကဌဝေ့က အစားအသောက်တွေ ပြင်ဆင်ခိုင်းထားပါတယ်…သခင်မလေးက အခု အားနည်းနေလို့ ဆီများပြီးအီမယ့်ဟာတွေ ဘာမှစားလို့မဖြစ်ဘူးလို့ ဆရာဝန်က ပြောပါတယ်… နောက်ပြီး မနေ့ညနဲ့ ဒီမနက်ကလည်း ဘာမှမစားရသေးတဲ့အတွက် ဥက္ကဌဝေ့က သခင်မလေးအတွက် အစာကြေလွယ်တဲ့အစားအစာတွေ ပြင်ဆင်ခိုင်းထားပါတယ်”
ကျူးရွှင်းက မနက်စာကို သူမဘေးရှိ စားပွဲပေါ်တင်ပြီး ပြောသည်။
"ကျေးဇူးတင်ပါတယ်"
စုမုန့် ယခုအချိန်တွင် တစ်ကယ်ဗိုက်ဆာနေရသည်။ ဝေ့ထင်ကို ခွင့်လွှတ်သည်ဖြစ်စေ၊ မလွှတ်သည်ဖြစ်စေ အစားအသောက်ကိုတော့ မငြင်းရက်နိုင်ပေ။ ဝေ့ထင်က သူမဆီ ယူလာပေးထား၍၊စားကိုစားရမှာပင်။ သူမ ဗိုက်ဆာလွန်းတာကြောင့်လားမသိ၊ အချိုပွဲတွေအားလုံးက အရသာရှိပြီး ကျူးရွှင်း ယူလာသမျှ အကုန်ကုန်သွားသည်။
"သခင်မလေး၊ ဥက္ကဌဝေ့က သခင်မလေး အိပ်နေတဲ့အချိန်မှာ ဒီအသီးအနှံတွေကို ပို့ပေးထားတာပါ"
ကျူးရွှင်းက စုမုန့် နားလည်မှုလွဲမှာစိုး၍ သူမ မမေးခင် ရှင်းပြလေသည်။
"ဒါဆို ဝေ့ထင် နောက်တစ်ခေါက် ပြန်လာသွားတာလား"
စုမုန့် မနေ့ညကအကြောင်းကို ပြန်တွေးမိသည်။သူမတို့စကားပြောပြီးသည်နှင့် သူက ချက်ချင်းထွက်သွားတာပင်။ ဒါပေမယ့် သူပြန်လာတာလား…သူမ အိပ်ပျော်နေပြီး မသိလိုက်ခြင်းပေလား…
"ဟုတ်တယ်၊ ဥက္ကဌဝေ့က သခင်မလေးကို စိတ်ပူနေသေးလို့ ထပ်လာတွေ့တာပါ… မနေ့ညက သခင်မလေး အခြေအနေမကောင်းလို့ ဥက္ကဌဝေ့က တစ်ခုခုဖြစ်သွားမှာကို ကြောက်နေတာလေ… ပြီးတော့ ဒီအသီးတွေက သခင်မလေး အကြိုက်တွေချည်းပဲ…သူ အိမ်က အစေခံတစ်ယောက်ကို သေချာ ရွေးခိုင်းထားတာ… အရမ်းလတ်ဆတ်ပြီး ပိုးသတ်ဆေးလည်း မသုံးထားဘူး”
ကျူးရွှင်းသည် မနေ့ညကအကြောင်းကို တွေးနေမိသည်။ ဝေ့ထင် ဘာဖြစ်နေမှန်း သူမသိသော်လည်း၊မျက်နှာကကြည်လင်လျက်ပင်။သူ့အတွင်းရေးမှူးက အမှားလုပ်မိတာကိုပင် မဆူဘဲ အမှန်သာပြန်ပြင်ခိုင်းလိုက်၏။ဝေ့ထင်၏ တုံ့ပြန်မှုကို သူမြင်သောအခါ၊သူ ပါးစပ်အဟောင်းသားဖြစ်ရလေ၏။
နောက်ပိုင်းတွင် ဝေ့ထင်သည် စုမုန့်နိုးလာပါက၊ လတ်ဆတ်သောအသီးအနှံများကို ချက်ချင်းစားနိုင်စေရန် ညသန်းခေါင်အချိန်၌ လူတစ်ယောက်ကို အိမ်သို့စေလွှတ်လိုက်သည်။ထို့ကြောင့် သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးမှာ အနည်းငယ်ပြေလျော့သွားသည်ဟု ကျူးရွှင်း ထင်ထားသည်။
ဝေ့မိသားစုတွင် စုမုန့် ခံစားရသောအဖြစ်တို့အား သေချာစုံစမ်းထားသည့်ကိစ္စကို သူ ပြန်သတိရမိသည်။ထို့ကြောင့်လည်း ဝေ့ထင်ကို စုမုန့် အလွန်အေးစက်စက်ဖြစ်နေတာက အံ့သြစရာ မရှိချေ။ ထို့ကြောင့် ဝေ့ထင် သည် သူမ ကျေနပ်စေရန် ဘယ်အရာမျိုးမဆို လုပ်ခဲ့သည်။
"သခင်မလေး၊ ဥက္ကဌဝေ့က သခင်မလေးကို ပြောတာတစ်ခုရှိသေးတယ်"
စုမုန့် စားပြီးသွားသည်နှင့် ကျူးရွှင်း သန့်ရှင်းရေးလုပ်ရန် ပြင်လိုက်သည်။
"ဘာလုပ်တာလဲ…ရှင် ရှင်းစရာမလိုပါဘူး…ကျွန်မ ကိုယ်တိုင်လုပ်ပါမယ်"
စုမုန့် သူ့ကိုတားဖို့ကြိုးစားသည်။ ယခုအချိန်တွင် သူမ ကျန်းမာရေးမကောင်းသော်လည်း အမှိုက်များကိုတော့ ကောက်နိုင်ပစ်နိုင်သေးသည်။ သို့သော်၊ ကျူးရွှင်းသည် သူမလက်ကို တားထား၍ ပြုံးပြီးပြောသည်။
"သခင်မလေးကို ဥက္ကဌဝေ့က ဂရုစိုက်ပေးဖို့ တောင်းဆိုထားပါတယ်…သူ အခု အလုပ်များနေပေမယ့် ပြီးတဲ့အခါ သခင်မလေးကို လာတွေ့ပါလိမ့်မယ်"
စုမုန့် သည် ကျူးရွှင်းက သူမအား သန့်ရှင်းရေးမလုပ်ရန် တားနေတာသောကြောင့် သူမ ပြန်ထိုင်လိုက်သည်။ ထိုမှသာ ကျူးရွှင်းသည် ပြောနေရင်း သန့်ရှင်းရေးလုပ်နေတော့သည်။
"ဥက္ကဌဝေ့က သခင်မလေးရဲ့ ကားမတော်တဆမှုအကြောင်း သိသွားပြီလေ… အဲ့ဒါဟာ သာမန်ကားမတော်တဆမှု မဟုတ်ဘူး…သူများက စီစဉ်ခဲ့တာပါ”
ကျူးရွှင်းက ထိုစကားကိုပြောပြီး အသံလျှော့လိုက်သည်။
"သခင်မလေးကို စောင့်ကြည့်နေကြတယ်… အဲဒီလူက သခင်မလေးကို ဒုက္ခပေးဖို့ အဖွဲ့အစည်းကို လာဘ်ထိုးထားတယ်တဲ့…အဲ့ဒီအဖွဲ့အစည်းက မြေအောက်အမှောင် လောကကလေ...အဲ့ဒီလို အလုပ်မျိုးကို လုပ်ကြတာ…ဒီအကြောင်းကို ဥက္ကဌဝေ့က သိထားပြီးသားဖြစ်ပေမယ့် အဖွဲ့အစည်းရဲ့သူဌေးက ရုတ်တရက် မြစ်ထဲကို ပြုတ်ကျပြီး ရေနစ်သေဆုံးသွားခဲ့တယ်"
“အဖွဲ့အစည်းထဲက တခြားလက်အောက်ခံတွေကတော့ သူတို့ သူဌေးက ဖောက်သည်တွေကို ကိုယ်တိုင်ကိုယ်ကျ ဆက်သွယ်လေ့ရှိတယ်လို့ ပြောကြတယ်…သူဌေးပြောတာကိုသာ နားထောင်ဖို့သာ သူတို့မှာ တာဝန်ရှိတာမို့ သူဌေးသေဆုံးပြီးတာနဲ့ ဒီအမှုကို ရပ်ဆိုင်းထားလိုက်ရတာ”
“ပြီးခဲ့တဲ့ နှစ်ရက်အတွင်း ဒီအမှုမှာ အလားအလာကောင်းတွေ တွေ့ရတယ်… ဥက္ကဌဝေ့ကလည်း သဲလွန်စနောက်ကို လိုက်ပြီး ကြည့်တော့ ဘဏ်အကောင့်နဲ့ ဖုန်းမှတ်တမ်းကို တွေ့ရတယ်… ဒါပေမယ့် အဲဒီလူက သခင်မလေး မတော်တဆမှုဖြစ်တဲ့ညမှာ ဒီတိုင်းပြည်က ထွက်သွားတဲ့အချိန်ကြီး…ဥက္ကဌဝေ့မှာကလည်း လုပ်စရာတွေ အများကြီး ကျန်နေသေးတယ်... ဒီတော့ ဒီကိစ္စကို ကိုင်တွယ်ဖို့ သူ့လူတွေကို လွှတ်လိုက်ပါတယ်”
“စိတ်မပူပါနဲ့ သခင်မလေး…ဒီနောက်ကွယ်မှာ ဘယ်သူရှိတယ်ဆိုတာ ဥက္ကဌဝေ့က သေချာပေါက် သိလာပါလိမ့်မယ်… တစ်ခုတော့ ရှိတယ်… ကျိုးမိသားစုက ဒီကိစ္စမှာ ပါဝင်ပတ်သက်နေပုံရတယ်လို့ ဥက္ကဌဝေ့ သိထားပါတယ်"
စကားပြောပြီးသောအခါ ကျူးရွှင်း မျက်နှာသည် အနည်းငယ် ပဟေဠိဆန်သည့် အမူအရာမျိုး ဖြစ်သွား၏။
(စုမုန့် စောင့်ကြည့်ခံနေရသည်...)
ယခင်ကဆို ဝေ့ထင်သည် သူမနှင့် ပတ်သက်တာမှန်သမျှ စုံစမ်းတိုင်း သူမကို မပြောခဲ့ဖူးပေ။မကောင်းသူတွေလက်ထဲရောက်မှသာ သူမကို သူက တိတ်တဆိတ် ကူညီပေးတတ်၏။ဒါပေမယ့် ဒီတစ်ခါ သူ သူမကို ဘာလို့ပြောတာလဲ…
ကျူးရွှင်းက နားမလည်သော်လည်း ထိုနေ့က ဝေ့ထင် သူမကိုပြောပြရန် ကတိပေးထားသည့် အချက်အလက်မှန်း စုမုန့် သိသည်။ သူမက အဘိုးဝေ့ကိုတွေ့ဖို့ ဝေ့မိသားစုဆီ ပြန်လာခဲ့သည်။ အပြန်အလှန်အားဖြင့် သူက ကားမတော်တဆမှုအကြောင်း ပြောပြမည်ဟုဆိုထားသည်။ လွန်ခဲ့သည့် ရက်အနည်းငယ်က အလုပ်များနေသောကြောင့် ယခုမှ သူမကို ပြောပြခြင်းဖြစ်နိုင်သည်။
!!
ကျူးရွှင်းက ကျိုးမိသားစုဟုဆိုလာသည့်အခါ သူမ စိတ်ထဲတွေးမိသည်က၊ကျိုးဖုန်းပင်။ထိုနေ့မှာပဲ ကျိုးဖုန်းက ဤကိစ္စမှာ သူလည်း ပါဝင်ခဲ့သည်ဆိုတာကို သူမ ယုံကြည်သလားဟု မေးခဲ့သည်။သူအမှန်အတိုင်းပြောနေတာ ဖြစ်နိုင်သလား....သို့သော်၊ ထိုသို့ဖြစ်ပုံမပေါ်ပေ။ နောက်ပိုင်း၊ဝေ့ထင်က ကျိုးဖုန်းသည် သူ့ဆီက ဤသတင်းကို ကြားရခြင်းဟု ပြောခဲ့၏။
ကျိုးဖုန်း မှလွဲ၍ ကျိုးမိသားစုတွင် သူမအပေါ် အငြိုးထားတတ်သော အခြားသူတစ်ယောက်ရှိသေးသည်။ ဝေ့ရွှယ် နှင့် တွဲနေသော ကျိုးကျာ ဖြစ်၏။ ခွန်အားအရဆိုလျှင် ကျိုးမိသားစုသည် ဝေ့မိသားစုထက် အနည်းငယ်နိမ့်ကျသည်။ သို့သော် ကျိုးကျာ နှင့် ဝေ့ရွှယ်တို့ကို နောက်ခံမိသားစုတူ သူငယ်ချင်းများအဖြစ် သတ်မှတ်နိုင်သည်။ထို့ကြောင့် ဤကဲ့သို့သော သူမအား ချောက်ချသည့်ကိစ္စများကို အတူတကွလုပ်ဆောင်ခြင်းမှာ မထူးဆန်း။
ကျိုးကျာ နှင့် ဝေ့ရွှယ် တို့ကို တွေးရင်း စုမုန့် စိတ်ထဲမှာ ရုတ်တရက် အတွေးတစ်ခုဝင်လာသည်။ ဒီတစ်ခါ အကြံအစည်ကို လုပ်ခဲ့တာ ဝေ့ရွှယ်လား…
" ကျိုးမိသားစုနဲ့ ဘာဆိုင်လို့လဲ…ရှင့်မှာ တိကျတဲ့ သတင်းအချက်အလက်တွေရှိလို့ လား…"
သူမက မေးလိုက်သည်။
ကျူးရွှင်းက ခဏလောက်စဉ်းစားပြီး
“ဒီကိစ္စက နည်းနည်းရှုပ်ထွေးတယ်ဗျ… အသေးစိတ်ကို စုံစမ်းစစ်ဆေးပြီးမှပဲ သိနိုင်မှာပါ …အခု ကျွန်တော်တို့ ရလာတဲ့ အချက်အလက်က အဖွဲ့အစည်းရဲ့ ခေါင်းဆောင်က ကျိုးကျာနဲ့ ဆက်သွယ်ထားပုံရတယ်”
ကျိုးကျာ…သူမ မျှော်လင့်ထားသည့်အတိုင်းပါပဲလား
“ကောင်းပြီ…ရပြီ၊ ပြောပြပေးလို့ ကျေးဇူးတင်ပါတယ်"
စုမုန့် ခေါင်းညိတ်ပြီး သူ့ကို ကျေးဇူးတင်လိုက်သည်။
"သခင်မလေး၊ ကျွန်တော့်ကို သိပ်ယဉ်ကျေးနေစရာမလိုပါဘူး…ဒါက ကျွန်တော့်တာဝန်ပါ… ဒါ့ပြင် ဥက္ကဌဝေ့က သခင်မလေးကို ဒီလိုပြောခိုင်းသေးပါတယ်…သူက ဒီကိစ္စကို တာဝန်ယူမှာမို့ စိတ်ပူစရာ မလိုပါဘူးတဲ့…ကဲ ဒါဆို ကျွန်တော် လုပ်စရာကိစ္စလေးရှိလို့ သွားလိုက်ပါဦးမယ်၊လိုအပ်တာရှိရင် အချိန်မရွေးဖုန်းဆက်ပါနော်"
ကျူးရွှင်း ထွက်သွားရင်း အခန်းထဲက အမှိုက်တွေကို ယူသွားသည်။
စုမုန့်သည် ကျူးရွှင်း ထွက်သွားသည်ကိုမြင်ပြီးနောက် အိပ်ယာမှထလိုက်သည်။ထို့နောက် သာမာန် ရိုးရိုးရှင်းရှင်း အဝတ်အစားတို့ လဲကာ အိမ်ပြန်ဖို့ ပြင်ဆင်လိုက်ပြီး တံခါးဖွင့်သည်။သူမ ခန္ဓာကိုယ်က ယခုချိန်မှာ ပိုကာင်းလာနေပြီဖြစ်၍ ဆေးရုံမှာနေ၍လည်း ပိုကောင်းလာဖို့ နည်းလမ်းမရှိချေ။အိမ်မှာနေပြီး စိတ်လန်းဆန်းမှသာ သူမ မြန်မြန်ပြန်ကောင်းလာနိုင်သည်။သူမ တံခါးဖွင့်လိုက်ရာ အခန်းအပြင်ဘက်တွင် မတ်တပ်ရပ်နေသည့် ကျူးရွှင်းကို ဘွားကနဲတွေ့လိုက်ရ၏။
"ရှင် ထွက်မသွားသေးဘူးလား"
စုမုန့် တံခါးဝမှာရပ်နေသည့် ကျူးရွှင်းကိုမြင်ပြီး ထိတ်လန့်သွားရ၏။
“ဥက္ကဌဝေ့က ဒီမှာနေပြီး သခင်မလေးကို စောင့်ရှောက်ဖို့ ကျွန်တော့်ကို တောင်းဆိုထားပါတယ်…ကိစ္စတစ်ခုခုရှိရင် သူ့ကို ဆက်သွယ် ပေးပါလို့ ပြောပါတယ်…သခင်မလေး ကျွန်တော့်ကို ကြိုက်တာခိုင်းပါ"
ကျူးရွှင်းက စိတ်ပါလက်ပါ ပြုံး၍ပြော၏။
"ကောင်းပါပြီ၊ ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့်မလိုအပ်ပါဘူး…ကျွန်မမှာ လုပ်စရာရှိလို့ အပြင်ထွက်မှရမယ်"
စုမုန့် ပြောပြောဆိုဆို အပြင်ထွက်ဖို့ပြင်ရာ ကျူးရွှင်းက သူမကို တားထားလေသည်။
"သခင်မလေး ဘယ်သွားမလို့လဲ"
ကျူးရွှင်းက သူမကို အခန်းထဲမှ မထွက်စေချင်ပုံရသည်။
"ဘာကိုဆိုလိုတာလဲ… ကျွန်မ သွားတဲ့နေရာကို ရှင့်ကို သတင်းပို့ရမှာလား"
သူမ မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။သူမနှင့် စကားတစ်ခွန်းစ၊နှစ်ခွန်းစ ပြောပြီးနောက် ကျူးရွှင်း ထွက်သွားမည်ဟု ထင်ခဲ့သော်လည်း သူက သူမကို တစ်ချိန်လုံးစောင့်ကြည့်နေခဲ့သည်။
စုမုန့် စိုက်ကြည့်နေတာကြောင့် ကျူးရွှင်း အနည်းငယ် ထိတ်လန့်သွားသည်။ယခု သူ့ကိုကြည့်နေသည့် သူမ အကြည့်က ဝေ့ထင်အကြည့်နှင့် အလွန်ဆင်တူသည်။သူတို့ နှစ်ယောက်က တစ်ကယ်ကို နတ်ဖက်သည့် အကြင်လင်မယားများပင်။သူတို့ အမူအရာတွေက ပို၍ပင်ဆင်တူလာရသည်။သို့သော် ထိုစကားကို အကျယ်ကြီး ထုတ်မပြောဝံ့ပေ။ သူ နဖူးမှ ချွေးများကို သုတ်လိုက်ပြီး
“မဟုတ်ဘူး… မဟုတ်ဘူး၊ ကျွန်တော်က သခင်မလေးရဲ့ ကိစ္စမှာ ဝင်စွက်ဖက်ပိုင်ခွင့် မရှိပါဘူး…ဒါပေမယ့်လည်း ဥက္ကဌဝေ့က သခင်မလေး ကျန်းမာရေးမကောင်းလို့ ဆေးရုံမှာ ခဏလောက် အနားယူဖို့ လိုတယ်လို့ ပြောပါတယ်… ဒီအချိန်မှာ သခင်မလေးကို ဘယ်သူမှ မနှောင့်ယှက်စေပါနဲ့တဲ့"
ဝေ့ထင်က သူမ ဆေးရုံမှာ မနေတော့ဘူးလို့ အစကတည်းက ထင်ခဲ့တာလား ၊ ဒါကြောင့် ကျူးရွှင်းကို ကြိုပြီး စောင့်ကြည့်ခိုင်းခဲ့တာလား… စုမုန့် မျက်မှောင်ကြုတ်ရင်း တွေးလိုက်သည်။သို့သော်၊
"ကျွန်မ အပြင်ထွက်ရမယ်" ဟုပြောပြီး သူမ ဆက်လျှောက်သွားဖို့ပြင်သော်လည်း၊ကျူးရွှင်းက တားထားလေသည်။
“သခင်မလေး ဥက္ကဌဝေ့က ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် ကျွန်တော့်ကို အကုန်လုပ်ခိုင်းပါတဲ့…ဒါပေမယ့် သခင်မလေး ထွက်သွားလို့မရဘူးတဲ့…အခု သခင်မလေးရဲ့ ခန္ဓာကိုယ်က အရမ်းအားနည်းနေတော့ ပြန်သက်သာလာဖို့ ဆေးရုံမှာနေသင့်တယ်လို့ ဆရာဝန်က ပြောပါတယ်…သခင်မလေး ဘယ်မှမသွားပါနဲ့"
ကျူးရွှင်း သည် စုမုန့် ရှေ့မှာရပ်ကာ အပိုင်အနိုင်ပြောချလိုက်သည်။
ကျူးရွှင်းက သူမကို တားဖို့ စိတ်ပိုင်းဖြတ်ထားတာကြောင့် အနည်းငယ် စိတ်ဆိုးသွားရသော်လည်း၊ဤသည်က ကျူးရွှင်း အကြံမဟုတ်မှန်း သိလိုက်သည် ။ သူသည် သူဌေးဖြစ်သူ၏ အမိန့်ကို လိုက်နာခြင်းသာဖြစ်သည်။
xxxxxxx