အပိုင်း ၆၄
Viewers 6k

🍬Chapter 64


------------


ဒါရိုက်တာထံမှ" ဒါနောက်ဆုံးပိုင်းပဲ ပြီးပြီ။" ဟူသည့်အသံကြားရသောအခါ၊ အရိပ်အသွင်ပြောင်းကောင်ကဲ့သို့ ရွှီလော့ယန်က အဝတ်လဲခန်းထဲသို့ အလျင်အမြန်ပြန်ပြေးသွားကာ နာရီကိုကြည့်လျက် ပွစိပွစိရေရွတ်နေခဲ့သည်။ 


"၅:၃၀ .... အိမ်ပြန်ရောက်ရင် ၆:၃၀ ရှိနေလောက်ပြီ။ အား... အရမ်းကိုနောက်ကျသွားတာပဲ...ချန်အန်းဗိုက်ဆာနေမှာပဲ မဟုတ်လား။"


တံခါးဖွင့်ကာဝင်လာသည့်ကျန်းသုန့်က ထိုစကားကို နားစွန်နားဖျားကြားသွားကာ၊ ခွေးစာကိုပါးစပ်ထဲအထိ အတင်းထိုးသွပ်ခံလိုက်ရသလို ခံစားလိုက်ရလေသည်။ 


သို့နှင့် သူက တံခါး၌သာရပ်လိုက်ကာ "ဒါရိုက်တာက ညပိုင်းတွေ့ဆုံပွဲလုပ်ဖို့ ခေါ်ခိုင်းလိုက်တယ်။"


သူ့ဘာသာသူမိတ်ကပ်ဖျက်နေသည့် ရွှီလော့ယန်လက်တို့ ရပ်တန့်သွားရသည်။ 


ထို့နောက် ချက်ချင်းဆိုသလို သူ့ဝမ်းဗိုက်ကို အုပ်ကိုင်လိုက်ပြီး "ငါ့ခေါင်းကိုက်နေတယ်" ဟု နာကျင်မှုအပြည့်ဖြင့် ပြောလာတော့သည်။


"....." ကျန်းသုန့်က ထိုပုံစံကို ဆက်မကြည့်နိုင်တော့ပေ။ 


"မင်းကပဲရူးနေတာလား ငါကပဲရူးနေတာလား။"


သူ့လက်က နေရာမှားပြီး ကိုင်ထားမိကြောင်း သတိထားမိသွားရာ၊ ရွှီလော့ယန်က ဇွဲကြီးစွာနှင့် သူ့ဗိုက်ကိုသာ ဆက်လက်ကိုင်ထားပြီး "အဓိပ္ပာယ်ကို နားလည်ရင်ပြီးတာပဲလေ ကျွန်တော်တို့က ဒီလောက်အထိအသေးစိတ်လိုက်ဂရုစိုက်နေစရာလိုတဲ့သူတွေမို့လို့လား နော်.. ကျန်းကော။"


ကျန်းသုန့်က ခေါင်းကို ‌အပေါ်သို့မော့ထားရသည်။


ထိုအပြုအမူက တိတ်တဆိတ်သဘောတူလက်ခံလိုက်ကြောင်း သိရှိသွားသဖြင့် ရွှီလော့ယန်က သူ့မိတ်ကပ်ကို ဆက်၍ဖျက်လိုက်သည်။


"ဒါဆိုကျွန်တော် ညစာစားပွဲကို မတက်တော့ဘူးနော်။ ကျန်းကော၊ ဒီအတိုင်း .... ကျွန်တော်အစာအိမ်ရောဂါပြန်ထလာလို့သာ ပြောလိုက်။ ဒါရိုက်တာက သေချာပေါက် ယုံလိမ့်မယ်။"


အနုပညာရှင်တစ်ယောက်က အလုပ်များလာသည်နှင့်၊ အချိန်မှန် စားသောက်ရန် မလွယ်ပေ။ သို့နှင့် အနုပညာရှင်တိုင်းလိုလိုတွင် အစာအိမ်ပြဿနာများရှိတတ်ကြပြီး၊ ရောဂါ အပြင်း၊ အပျော့သာ ကွာလေသည်။ ငယ်ငယ်လေးကတည်းက ကျန်းမာရေးဒေါင်ဒေါင်မြည်ကောင်းသည့် ရွှီလော့ယန်ကတော့ ချွင်းချက်ပင်။ သူ့ထံ အစာအိမ်ပြဿနာတစ်ခုလေးမျှမရှိပေ။


"အေးပါ...ဒါနဲ့ မင်းဘာလို့ ဒီလောက်အထိ အိမ်ပြန်ချင်နေရတာတုန်း အရေးကြီးကိစ္စရှိလို့လား။"


ရွှီလော့ယန်၏ပုံစံက ချက်ချင်းပင် ဂုဏ်ယူဝံ့ကြွားနေဟန်ပြောင်းသွားကာ၊ မျက်နှာလေးပါ ဝင်းလာတော့သည်။ 


"ကျန်ူကော၊ ကျွန်တော်က မိသားစုရှိတဲ့သူတစ်ယောက်ဖြစ်နေပြီလေ။ ဒါကြောင့် ကျွန်တော့်ကို အရင်တုန်းကလိုပဲ မြင်နေလို့ မဖြစ်တော့ဘူးနော်။" 


ထိုသို့ပြောရင်း သူက သက်ပြင်းချလိုက်ကာ "ချန်အန်းရဲ့လေယာဉ်က မနက်ဖြန်မနက်ထွက်မှာလေ။ ဒါကြောင့်မို့ မကြာခင် ‌အနေဝေးအချစ်ငှက်လေးဖြစ်တော့မယ့် ကျွန်တော့်ကို စာနာသနားဖို့ အခွင့်အရေးပေးလိုက်မယ်နော်" 


သူ့ရဲ့ဝမ်းနည်းနေသည့်မျက်နှာလေးကို မြင်လိုက်ရသည့်အခါ၊ အရည်အချင်းရှိသူနှစ်ယောက် အတူတူတွဲသွားကြသည့်မြင်ကွင်းကို စဉ်းစားမိကာ၊ မခံစားနိုင်စွာဖြင့် "အဲ့ဒါဆို‌လည်း ပြန်တော့လေ။ ငါဒီမှာ ကြည့်ရှင်းထားပေးမယ်။ မနက်ဖြန်မနက်ကော သူ့ကို လိုက်ပို့ချင်သေးလား။ လိုက်ပို့ချင်တယ်ဆိုရင်လည်း ငါ မင်းအချိန်ဇယားကို ဆယ်နာရီအထိ နောက်ဆုတ်ထားပေးမယ်။ "


ထိုစကားတို့ကိုကြားသည်နှင့် ရွှီလော့ယန်၏မျက်နှာပေါ်မှ ဝမ်းနည်းနေဟန်အရိပ်အယောင်များက ရုတ်ချည်းပျောက်ကွယ်သွားလေ၏။ 


"သွားမှာပေါ့ သေချာပေါက် သွားမှာပေါ့။ ကျန်းကောက အကောင်းဆုံးဆိုတာ ကျွန်တော်သိတာပေါ့။"


အိမ်ရောက်သည်အထိ သီချင်းလေးညည်းကာ၊ ရွှီလော့ယန်က အိမ်တွင်းစီးဖိနပ်ကို လဲလှယ်လိုက်ပြီး အိမ်ထဲတွင် ချီချန်အန်းကို လိုက်ရှာလေသည်။ ထို့နောက် ရှာနေသည့်လူကို ဗီဒီယိုခန်းထဲ၌တွေ့လိုက်ရသည်။ ကြီးမားသည့် ဖန်သားပြင်ထက် ရှေး‌ဂန္တဝင်ရုပ်ရှင်တစ်ခု ပြသလျက်ရှိပြီး ချီချန်အန်းက သူ၏သရုပ်ဆောင်မှုကို ဆန်းစစ်နေဟန်ရှိသည်။ ရွှီလော့ယန်က တိတ်တိတ်လေး နေလိုက်သည်။


ထိုသူ့ဆီသို့ တိတ်တိတ်လေး အသာလေးလျှောက်သွားပြီးနောက် ချီချန်အန်း၏လက်မောင်းများကြားထဲဝင်ခွေလိုက်ကာ၊ နားနားကပ်၍ "ငါ အိမ်ပြန်ရောက်ပြီ။"


သူ့အား လက်မောင်းများဖြင့် ရင်ခွင်ထဲဆွဲသွင်းလျက်၊ ချီချန်အန်းက သူ၏မျက်လုံးစပ်လေးများကို နမ်းရှိုက်ကာ၊ နူးညံ့စွာဖြင့် "အင်း ကိုယ်နဲ့တူတူ ရုပ်ရှင်ကို အပြီးထိ ကြည့်ပေးနိုင်မလား" ဟု မေးလာသည်။


"ကြည့်မယ် ကြည့်ပေးမယ်။" 


ထို့နောက် ရွှီလော့ယန်က စကားတစ်ခွန်းမှမဆိုတော့ဘဲ ရုပ်ရှင်ကိုသာ အာရုံစိုက်၍ကြည့်နေလေ၏။ သို့သော်လည်း ရုပ်ရှင်ကြည့်နေရင်းဖြင့်၊ သူနှင့်ချီချန်အန်းက အသက်ကြီးမြင့်လှပြီဖြစ်သော အိမ်ထောင်ရှင်စုံတွဲများကဲ့သို့ဖြစ်နေသည်ဟု ရုတ်တရက်သူခံစားလိုက်ရသည်။


စိတ်ထင်တာပဲဖြစ်ရမယ်...။ သူတို့အတူတူရှိနေကြပြီဆိုရင်၊ သဲကန္တာရကိုတောင်လောင်ကျွမ်းနိုင်လောက်တဲ့ စိတ်အားထက်သန်မှုတွေနဲ့လောင်ကျွမ်းသွားကြတာပဲကို...။


သူက ရင်ခွင်ထဲပိုပိုတိုးသွားကာ၊ သူ့စိတ်ကမူလေလွင့်နေခဲ့သည်။ သတိထားမိချိန်မှာတော့ သူ့အနောက်ကလူက ထိုင်နေသည့်ပုံစံပြောင်းသွားလေပြီ။ ထို့နောက်ချက်ချင်းဆိုသလိုပင်၊ ချီချန်အန်း၏ အနည်းငယ်အေးစက်နေသည့်လက်များက သူ့ပါးပြင်ထက်ပွတ်သပ်လာပြီး သူ့ကို နမ်းရှိုက်လာလေ၏။


သူ့နှုတ်ခမ်းအစုံကို ထိန်းချုပ်ခံလိုက်ရသည့်အခါ၊ ရွှီလော့ယန်က အလိုအလျောက်ပင်ကိုယ်ကို ဖြေလျော့လိုက်မိကာ၊ ဆိုဖာပေါ်တွင် ပစ်လှဲခံလိုက်ရသည်။


ရုပ်ရှင်၏အဆုံးသတ်မှ ဂုဏ်ပြုမှတ်တမ်းနာမည်များကို စတူရီယို၌ပြသနေကာ၊ အမျိုးသမီးတစ်ဦး၏ ချစ်စဖွယ်ပြင်သစ်သီချင်းဆိုသံနှင့် လေထုအနေအထားကပင် ရွှေပျားရည်ကဲ့သို့ ချိုမြသည့်အနံ့အသက်တို့ကို ထုတ်လွှတ်နေခဲ့သည်။ ထိုလေထုအနေအထားကပြင်းထန်လွန်းသည့်အတွက် ရွှီလော့ယန်က အချိန်များကို ဤအနေအထား၌ပင် ရပ်တန့်ထားချင်မိသည်။


ရုပ်ရှင်အဆုံးသတ်မှ ဂုဏ်ပြုမှတ်တမ်းအမည်များ ပြီးဆုံးသွားသည့်အခါ၊ သူတို့၏အနမ်းသည်လည်း အဆုံးသတ်သွားခဲ့ပြီဖြစ်သည်။ ချီချန်အန်း၏ အသံက အနည်းငယ် အက်ရှနေလေ၏။ 


"ကိုယ်မင်းကို အရမ်းလွမ်းတာပဲ။"


ရွှီလော့ယန်က အသက်ရှုသံတို့ ကမောက်ကမဖြစ်နေကာ စကားပြောရင်းပင် မောဟိုက်နေရသည်။ 


သူက မျက်လွှာကိုချကာ "ငါတို့ သေချာပေါက်....သေချာပေါက်ကို ဒီနေ့မနက်ကလေးတင် တွေ့ခဲ့ကြတာလေ"


ချီချန်အန်းက ဖြေရှင်းချက်မပေးဘဲ ဆိုဖာမှထကာ၊ ခါးကိုကုန်း၍ သူ့ကို ပွေ့ချီလိုက်သည်။ 


"သွားရအောင် ညစာစားကြမယ်လေ"


သူ၏တင်ပါးက ချီချန်အန်း၏လက်ထဲရောက်နေသဖြင့် ရွှီလော့ယန်က နည်းနည်းရှက်သွားသည်။ သို့နှင့် သူက ထိုအကြောင်းကိုမတွေးမိရန် ကြိုးစားကာ၊ ပို၍အရေးကြီးသောမေးခွန်းကိုမေး၍ အာရုံလွှဲလိုက်ရသည်။ 


"ညစာက ဘာစားမှာလဲ။"


ထိုစကားကိုပြောနေစဉ်၊ သူက ခြေနှစ်လှမ်းစာမျှ အသယ်ခံလိုက်ရပြီးဖြစ်ကာ ရွှီလော့ယန်က စိတ်ပူစပြုလာလေသည်။ 


သူက ပေါင် တစ်ရာ့နှစ်ဆယ်သာရှိကာ အရမ်းမလေးပေမယ့်၊ ချန်အန်းရဲ့ကျန်းမာရေးက သိပ်မကောင်းတာမို့ လမ်းနည်းနည်းလောက်လျှောက်ပြီးသွားရင် သူ့ကိုဆက်သယ်နိုင်ပါဦးမလား။


ခေါင်းကို‌ခါယမ်း၍ ရွှီလော့ယန်က တိတ်တိတ်လေးတွေးလိုက်သည်။ 


သူ့ရဲ့ နတ်ဆိုးကြီးကို သူယုံကြည်ရမယ်လေ။


"Spire club ကို ဒယ်လီဗာရီ လာပို့ပေးဖို့ ခေါ်ထားပြီးပြီ မင်းကြိုက်တဲ့ 'ဗုဒ္ဓခုန်ထ' ဟင်းပွဲကိုမှားထားပေးတယ်။"


"'ဗုဒ္ဓခုန်ထ..." ရွှီလော့ယန်က သူ့ခြေထောက်များကို ချီးချန်အန်း၏ခါးတွင် ရစ်ပတ်လိုက်သည်။ 


သူက ပျော်ရွှင်နေသလို နည်းနည်းလေး ပဟေဠိလည်း ဖြစ်နေမိသည်။ 


"Spire club က ဒယ်လီဗာရီမပို့ဘူးလို့ သေချာကြော်ငြာချက်တောင် ထုတ်ထားတာမဟုတ်ဘူးလား" 


ထို့နောက် သူက သူ့ဘာသာသူ အဖြေကို ရှာတွေ့သွားလေသည်။ 


ချန်အန်းက သူ့ရဲ့နတ်ဆိုးစွမ်းအင်တွေကို ထပ်သုံးလိုက်တာပဲဖြစ်ရမယ်။


သူ၏ တဖြည်းဖြည်းသဘောပေါက်သွားပုံကိုကြည့်ကာ၊ ချီချန်အန်းက သူဘာတွေးနေသည်ကို ခန့်မှန်းမိသွားကာ၊ မနေနိုင်စွာဘဲ သူ့အပေါ်နှုတ်ခမ်းသားကို ငုံ့၍ ကိုက်ခဲလိုက်မိသည်။ 


"နျောင်နျောင်၊ မင်းရဲ့အတွေးတွေဆီ မျောမပါသွားနဲ့လေ။"


"အိုး၊ ကောင်းပါပြီ။" 


ငါစဉ်းစားစရာ အကြောင်းပြချင်တွေ ပိုများလာပြီပဲ။


စားပွဲအထိသူ့ကိုသယ်သွားကာ ထိုင်ခုံပေါ်သို့ချပေးလိုက်ပြီး၊ ချီချန်အန်းက သူ့ခြေအိတ်နှင့် အိမ်စီးဖိနပ်တို့ကို သွား၍ယူလာပေးသည်။ထို့နောက် ရှည်လျားသည့်၊ အရောင်ဖျော့ဖျော့ cashmere အမွှေးဖြင့်ရက်လုပ်ထားသည့် ကော်ဇောထက် ဒူးတဝက်ထောက်ကာ၊ ရွှီလော့ယန်၏ ဘယ်ဘက်ခြေထောက်ကိုလှမ်းဆွဲ၍ သူ့ပေါင်ပေါ်သို့တင်ကာ၊ ခြေအိတ်ကို ‌သေသေချာချာ ဝတ်ပေးလိုက်သည်။ 


ရွှီလော့ယန်က သူ၏ခြေချောင်းများကို ကွေးကာ၊ မျက်နှာမှာလည်း အနည်းငယ် ပူလောင်နေသဖြင့် သူက စကားစရန် ခေါင်းစဉ်တစ်ခုကို ရှာကြံလိုက်သည်။ 


"ဒီအနေအထားကနေကြည့်လိုက်ရင် ချန်အန်း၊ မင်းနှုတ်ခမ်းတွေက အရမ်းလှတာပဲ"


"အင်း... မင်းအခုလေးတင်ပဲ နမ်းခဲ့တာမဟုတ်လား "


"....." သူအစခံလိုက်ရပြီ။ 


စောစောတုန်းက နမ်းနေရင်းဆိုဖာပေါ် ပစ်လှဲခံလိုက်ရသည်ကို ပြန်တွေးမိကာ၊ ကူရှင်ပေါ်တင်ထားသည့် ရွှီလော့ယန်၏လက်ချောင်းလေးများက မသိမသာ လှုပ်ရှားသွားလေသည်။


ချီချန်အန်းက သူ့ဘယ်ဘက်ခြေထောက်ကို အိမ်စီးဖိနပ်စွပ်ပေးလိုက်ပြီး "ညာဘက်ခြေထောက်.." 


လိမ်လိမ်မာမာနှင့် သူ၏ညာဘက်ခြေထောက်ကို လှမ်းပေးကာ၊ ရွှီလော့ယန်က ရင်ဖိုစွာနှင့် "တကယ်တော့.... ငါ့ဘာသာငါ ဝတ်လို့လည်းရပါတယ်။ ဒီလိုလုပ်နေရင်၊ ငါ့အပေါ်နည်းနည်း ဖိအားက....."


ထိုစကားကိုကြားသော်၊ ချီချန်အန်းက ခေါင်းမော့လာပြီး "ဒါဆို နျောင်နျောင် ဒါကို ကျင့်သားရသွားမှဖြစ်မယ် ဘာဖြစ်လဲဆိုတော့ နောက်ကျရင်လည်း ကိုယ်က မင်းကို ဂရုစိုက်ပေးဖို့ကို အမြဲစိတ်အားထက်သန်နေတော့မှာမို့လို့လေ"


သူ၏မျက်ဝန်းများကို စိုက်ကြည့်နေရင်း ရွှီလော့ယန်က မတတ်နိုင်စွာ အကြည့်လွှဲလိုက်မိသည်။ 


တကယ်ပဲ အရမ်းလွန်တာပဲ...။


ညဆယ်နာရီအချိန်၌ မိုးများစတင်ရွာသွန်းလာကာ၊ မိုးရေစက်များ၏အသံက ကျယ်လောင်စွာကြားနေရသည်မှာ ညသန်းခေါင်ချိန်ထိတိုင်ပင်။ အိပ်ရာပေါ်တွင် လှဲလျောင်းကာ ရွှီလော့ယန်က ဟိုလှည့်၊ဒီလှည့်နှင့် အိပ်မပျော်နိုင်ပေ။ အလိုအလျောက်ပင်၊ နေ့ဘက်၌ဖြစ်ပျက်ခဲ့သမျှ အဖြစ်အပျက်များအားလုံးကို ခေါင်းထဲပြန်တွေးနေမိသည်။ ပို၍ပြန်တွေးလေလေ၊ ပို၍အိပ်မပျော်နိုင်လေ ဖြစ်သည်ကိုတော့ သူသတိမထားလိုက်မိပေ။


စောင်ကိုပိုက်ကာ ကုတင်ပေါ်တွင် ခဏကြာသည်အထိထိုင်နေပြီးနောက်၊ ရွှီလော့ယန်က အိမ်စီးဖိနပ်ကိုစီးကာ၊ အိပ်ခန်းတံခါးကိုဖွင့်လိုက်ပြီး ဘေးဘက်ရှိအခန်းထဲသို့ ဝင်သွားလေသည်။


ချီချန်အန်းက မအိပ်သေးပေ။ စာအုပ်ဖတ်နေဆဲဖြစ်သည်။ ရွှီလော့ယန်ဝင်လာသည်ကိုမြင်သောအခါ၊ သူက စာအုပ်ကိုပြန်ပိတ်လိုက်ပြီး "အတူတူ အိပ်ချင်လို့လား" 


သူတို့ရဲ့ဆက်ဆံရေးက ပိုပြီး ရင်းနှီးလာသည်မှာထင်ရှားသော်လည်း သူတို့နှစ်ယောက်အတူတူမရှိခင်တုန်းထက် ပို၍ ထိန်းထိန်းသိမ်းသိမ်းရှိလာကြလေသည်။ ဟိုတယ်မှာဖြစ်စေ၊ အိမ်မှာပဲဖြစ်စေ၊ သူတို့က ကိုယ့်ကိုယ်ကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ထားသကဲ့သို့ နားလည်မှုရှိစွာနှင့်၊အခန်းခွဲအိပ်ကြသည်။ 


စကားတစ်ခွန်းမျှမပြောဘဲ၊ ဖိနပ်ကိုချွတ်ကာ၊ ကုတင်ပေါ်သို့တက်လာပြီး ရွှီလော့ယန်က ချီချန်အန်း၏ရင်ခွင်ထဲတိုးဝင်ကာ သူနှင့်အတူတူ စာအုပ်ကိုဖတ်လေသည်။


"လက်တင်...ဒီစာအုပ်က အရင်ကမြင်ဖူးတဲ့စာအုပ်ပဲလား" 


သူက သေသေချာချာပြန်တွေးကာ၊ "ချင်းလီမြို့မှာ အိမ်ငှားနေတုန်းကလည်း မင်းဒီစာအုပ်ကိုဖတ်နေတာကို ငါသေသေချာချာမှတ်မိတယ်။ အဲ့ဒီတုန်းက ဒီစာအုပ်ဘေးမှာ ရှေးဟောင်းဂရိဘာသာစကားနဲ့ မူရင်းစာအုပ်လည်း ရှိတယ်လေ။"


ချီချန်အန်းက သဘာဝကျကျပင် သူ့ခေါင်းထိပ်ရှိဆံနွယ်များကို နမ်းလိုက်ကာ "အင်း။ ဒီစာအုပ်ထဲက ကဗျာတွေက အရေးအသားကောင်းတယ်လေ။"


"ကဗျာလား။" ရွှီလော့ယန်က ပြန်တွေးမိသွားသည်။ 


"ပြောကာမှပဲ၊ ငါတက္ကသိုလ်တက်တုန်းက လက်တင်ဘာသာက မသင်မနေရဘာသာလေ။ ဒါပေမယ့် အဲ့ဒီဘာသာက ငါ့အတွက်တော်တော်လေးခက်တာ။ အခုချိန်ဆို ငါတော်တော်များများ မေ့သွားပြီ။" 


"ဒါဆို ကိုယ်မင်းကို ဖတ်ပြမယ်လေ။"


"ကောင်းပြီ" 


ရွှီလော့ယန်က ခေါင်းညိတ်လိုက်ပြီးနောက် ချီချန်အန်း၏ သံလိုက်လိုဆွဲငင်အား‌ကောင်းသည့်အသံကို သူ့နားထဲတွင် ကြားလိုက်ရသည်။ အသက်ရှုမှားကာ၊ သူတွေးလိုက်မိသည်။ 


ကဗျာကို ဖတ်နေစရာကိုမလိုတော့ဘူး။ ချီချန်အန်းရဲ့အသံတစ်ခုတည်းကတောင် လှပလွန်းလှတဲ့ တုနှိုင်းမဲ့ကဗျာတစ်ပုဒ်ဖြစ်နေပြီးသား။


သို့သော်၊ များမကြာမီပင်၊ ရွှီလော့ယန်၏မျက်ခွံတို့ လေးလံလာကာ၊ သူက နိုးနိုးကြားကြားဖြစ်အောင်ကြိုးစားသော်လည်း မအောင်မြင်တော့ပေ။


____


Translated By IQ-Team.