အပိုင်း ၆၅
Viewers 6k

🍬Chapter 65


------------


သူ့နားဘေးမှ အသက်ရှုသံက တဖြည်းဖြည်းတည်ငြိမ်လာသည်ကို သတိထားမိသောအခါ၊ ချီချန်အန်းက စာအုပ်ကို အသာလေးပိတ်ကာ၊ မီးများမှိတ်လိုက်ပြီး ရွှီလော့ယန်ကို ရင်ခွင်ထဲဆွဲသွင်းကာ၊ အသံတိုးတိုးဖြင့် "ကောင်းသောညပါ၊ ကိုယ့်ရဲ့နျောင်‌နျောင်"


နောက်တစ်နေ့၊ ရွှီလော့ယန်နိုးလာသောအခါ၊ သူ့အနားတွင် မည်သူမျှမရှိပေ။ အော်ဟစ်ကာ၊ ကုတင်ပေါ်လှိမ့်၍၊ သူက အလျင်အမြန်ချီချန်အန်းထံသို့ ဖုန်းခေါ်လိုက်သည်။ 


ချီချန်အန်းက လေယာဉ်ပေါ်တက်တော့မည်ဖြစ်ကြောင်း သိလိုက်ရသောအခါ၊ သူက စောင်ကိုဆွဲကာ၊ "အရမ်းစိတ်ဆိုးတာပဲ။ စိတ်ဆိုးလွန်းလို့ ကွေးသွားတော့မတတ်ဘဲ မင်းထွက်သွားတာကိုတောင် ငါဘာလို့ သတိမထားမိရတာလဲ။"


ချီချန်အန်း၏အသံမှာ ရယ်သံတို့စွက်နေလျက် "ကိုယ်နိုးတော့ မင်းလည်းလိုက်ထလာတယ်လေ မျက်လုံးတွေက ပိတ်နေတာတောင်၊ ကိုယ့်နောက်လိုက်ခဲ့မယ်လို့ ခေါင်းမာနေတုန်း ဒါနဲ့၊ ကိုယ်လည်း မနက်အစောကြီးရှိသေးတာမို့၊ မင်းခဏလောက်ဆက်အိပ်လို့ရသေးတယ်လို့ပြောပြီး မင်းပြန်အိပ်ပျော်သွားအောင် ချော့သိပ်ခဲ့တာ"


"...."


ရွှီလော့ယန်၊ မင်းက ဘယ်လိုတောင် အလားအလာမရှိရတာလဲ။


အယုံလွယ်လွန်းတယ်။


လေယာဉ်ထွက်သွားသည်အထိ ရွှီလော့ယန်က အိပ်ရာပေါ်တွက်လှဲကာ၊ ချီချန်အန်းနှင့် ဖုန်းပြောနေခဲ့သည်။ ထို့နောက် သူက အိပ်ရာမှထကာ၊ ရေမိုးချိုး၊ဆေးကြောသန့်စင်၍ အဝတ်အစားလဲလိုက်၏။


အပြာရောင်မှိုင်းမှိုင်း ဂျာကင်အင်္ကျီအတိုကိုဝတ်ဆင်ကာ၊ ရွှီလော့ယန်က အိမ်ခန်းထဲမှ တံခါးမကြီးဆီသို့လျှောက်သွားရင်း၊ ရုတ်တရက် အိမ်က ဟာလာဟင်းလင်းဖြစ်နေကြောင်း သတိထားမိလိုက်သည်။ 


သူက တံခါးဝတွင်ရပ်ကာ၊ ဖိနပ်လဲနေရင်း "မနေ့တုန်းကပဲ၊ ငါ့ကို မြန်မြန်ကျင့်သားရတော့ဆိုပြီး၊ ငါ့ကို ဂရုစိုက်ပေးရတာကို ပျော်တယ်ဆိုပြီး..... ခဏလေးတစ်ရေးလောက်အိပ်ပြီး အိပ်ယာကလည်းထလာရော၊ မင်းက ထွက်သွားတော့တာပဲ။"


တစ်ယောက်တည်း ပွစိပွစိ ခဏလောက်ပြောနေပြီးသည့်အခါ၊ ရွှီလော့ယန်က ရယ်ချင်စိတ်ကို ထိန်းမရတော့ပေ။ ခဏလောက်စဉ်းစားပြီးနောက်၊ နံရံပေါ်၌ချိတ်ဆွဲထားသည့်၊ အချိန်စာရင်းရေးဆွဲထားသည့် သင်ပုန်းထံသို့ ပြေးသွားကာ၊ စာရွက်နှင့် ဘောပင်ကိုထုတ်ယူ၍၊ ဂရုတစိုက်နှင့် ရေး‌လိုက်လေသည်။ 


"အသာလေး လစ်ပြေးသွားပြီး၊ ငါ့ကို သူနဲ့အတူတူ လေဆိတ်ကို မခေါ်သွားတဲ့ မစ္စတာချီကို လွမ်းတယ်။"


‌နေ့စွဲကိုရေးကာ၊ စာအဆုံး၌ လက်မှတ်ထိုးလိုက်ပြီး စာရွက်ကို သင်ပုန်းပေါ်တွင်ကပ်ရန်၊ အပြာရောင်သံလိုက်သေးသေးလေးတစ်ခုကို သုံးလိုက်သည်။ ထို့နောက်မှ ရွှီလော့ယန်က အိမ်မှထွက်သွားတော့သည်။


S မြို့။


ချီချန်အန်းက လေယာဉ်ပေါ်မှဆင်းကာ၊ အထူးလမ်းကြောင်းမှတစ်ဆင့် လျန်ချိုးကိုခေါ်၍၊ မြို့လယ်ခေါင်ရှိ Brighton ဟိုတယ်သို့ တန်းသွားလေသည်။


 penthouse suite အခန်းတွင် စိတ်ကြိုက်ဝတ်စုံကို ပြောင်းလဲဝတ်ဆင်ကာ၊ အင်္ကျီလက်ထိပ်မှ ကြယ်သီးများကို တပ်လိုက်ပြီး "ကျန်းလင်းရှီ ရောက်ပြီလား"


စက္ကန့်နှစ်ဆယ်ကြာသည့်အခ့ါ၊ လျန်ချိုးက ပြန်ဖြေလာသည်။ 


"မန်နေဂျာပြောစကားအရ၊ လွန်ခဲ့တဲ့ တစ်ဆယ့်တစ်မိနစ်တုန်းက ကျန်းလင်းရှီက သီးသန့်ခန်းကို ရောက်နေပါပြီတဲ့။"


"အင်း သွားစို့။"


ထိုင်ခုံတွင်ထိုင်ကာ၊ ဝိုင်နီထည့်ထားသည့်ဖန်ခွက်ကိုင်ထားသည့် လက်ကိုလှည့်နေရင်း၊ ကျန်းလင်းရှီက ‌နံရံထောင့်ရှိ နာရီကို ရံဖန်ရံခါလှမ်းကြည့်ရင်း စိတ်ရှည်ရှည်ဖြင့် စောင့်နေလေသည်။


မိနစ်လက်တံက "၁၂" ကိုထိုးသည့်အခါ၊ သီးသန့်ခန်း၏တံခါးက ပွင့်လာပြီး အနည်းငယ် ဖြူဖတ်ဖြုလျော်ဖြစ်နေသည့်မျက်နှာနှင့် လူငယ်တစ်ဦးကဝင်လာလေသည်။ အဓိကလူရောက်လာပြီကို နားလည်စွာနှင့် ကျန်းလင်းရှီက ထရပ်လိုက်ကာ၊ အပြုံးဖြင့် နှုတ်ဆက်လိုက်သည်။ 


"သခင်လေးချီက အချိန်မှန်ပါပဲ။"


ချီချန်အန်းက ခေါင်းကိုသာ အသာငြိမ့်ပြလိုက်ကာ "မစ္စတာကျန်းအနေနဲ့၊ စောင့်ရတာ ကြာသွားပြီ။"


နှစ်ဦးသား မျက်နှာချင်းဆိုင်တွင်ထိုင်လိုက်ကြပြီး၊ လျန်ချိုးက ချီချန်အန်း၏အနောက်တွင် အရိပ်တစ်ခုကဲ့သို့ တိတ်တိတ်ဆိတ်ဆိတ်ဖြင့် ရပ်နေလေသည်။


ကျန်းလင်းရှီက ကွေ့ဝိုက်မနေတော့ဘဲ ပွင့်လင်းစွာ မေးလာခဲ့သည်။ 


"သခင်လေးချီအရင်က ပြောခဲ့တာက အမှန်ပဲလားလို့ မေးပါရစေ။"


"အမှန်ပါပဲ။ ဒီနှစ်တွေအတွင်း သူနဲ့ ပုဂ္ဂလိကပိုင်းဆိုင်ရာ ငွေကြေးရောင်းဝယ်မှုတွေလုပ်နေတဲ့ ကျန်းမိသားစုထဲက လူတွေရဲ့အထောက်အထားတွေအပြင်၊ သိုက်ရွှယ်ချင်းရဲ့ ဘဏ်အကောင့်တွေရှိတယ်။ ဒါ့အပြင်၊ သူ ဘယ်လိုမျိုး အဆင့်ဆင့်ကျော်ဖြတ်လာနိုင်သလဲဆိုတာနဲ့၊ တောင်အမေရိကလို အဝေးမှာရှိနေတာတောင် မင်းရဲ့လှုပ်ရှားမှုတွေကို သူဘယ်လိုသိနေသလဲဆိုတာတွေပါ ရှိတယ်။"


ကျန်းလင်းရှီ၏ မျက်နှာက အနည်းငယ် ပျက်ယွင်းသွားသော်လည်း သူက အလျင်အမြန် ဖုံးကွယ်လိုက်လေသည်။ 


"သခင်လေးချီရဲ့ တောင်းဆိုချက်တွေကရော။"


"တောင်အမေရိကဖြစ်ဖြစ်၊ အာဖရိကဖြစ်ဖြစ်။ သူအသက်ရှင်နေသရွေ့ ဘယ်တော့မှ ပြန်မလာပါစေနဲ့။"


ကျန်းလင်းရှီက အနည်းငယ်အခက်အခဲဖြစ်သွားဟန်နှင့် "ဘယ်လိုပဲဖြစ်ဖြစ်၊ သူက ကျွန်တော့်ရဲ့ ဦးလေးတော်နေတုန်းပါပဲ ကျွန်တော် မတတ်နိုင်....." 


ထို့နောက် ချီချန်အန်း၏အေးစက်သည့်အကြည့်များနှင့် ဆုံလိုက်ရပြီး ဒီလူက သူဖီဆန်နိုင်သည့်လူမျိုးမဟုတ်ဟု ပင်ကိုယ်အသိစိတ်အရ ခံစားမိသွားကာ၊ ပြောနေသည့်စကားကို ရပ်လိုက်လေသည်။


ကျန်းလင်းရှီက စာနာချင်ယောင်ဟန်ဆောင်နေခြင်းကို ရပ်လိုက်ကာ "သခင်လေးချီနဲ့ ကျွန်တော်မှာ တူညီတဲ့ရည်ရွယ်ချက်ရှိတာပဲ ပျော်ပျော်ရွှင်ရွှင်နဲ့ ပူးပေါင်းကြတာပေါ့။" 


အခြားတစ်ဖက်တွင်တော့ နေ့လည်စာစားပြီးသည့်အခါ၊ ရွှီလော့ယန်က Star TV ၏ စတူဒီယိုသို့ အစီအစဉ်တစ်ခုကို ရိုက်ကူးရန်ရောက်နေပြီဖြစ်သည်။ သူက [Starlight Show] ၏ ယခုအပိုင်းတွင် အထူးဧည့်သည်တော်အဖြစ်ပါဝင်ရမည်ဖြစ်သည်။ သို့သော် နိပါတ်ခင်းခြင်းအရ၊ ရိုက်ကူးရေးပြီးစီးရန်အတွက် အလွန်ဆုံးနှစ်နာရီခန့်မျှ ကြာမည်ဖြစ်သည်။


"စစချင်း လော့ယန် ဆွဲလိုက်မိတဲ့ ခေါင်းစဉ်က ဘာများဖြစ်မလဲလို့ ကြည့်ကြည့်ရအောင်။" 


အမျိုးသားအစီအစဉ်မှူးက၊ ခေါက်ထားသည့် စာရွက်ကတ်ကိုဖွင့်ကာ၊ ရေးထားသည့်စာများကို ဖတ်ပြလာသည်။ 


"ဖန်သားပြင်ထက်မှာ ပြမယ့် ရုပ်ရှင်အပိုင်းကို လိုက်ပြီး သရုပ်ဆောင်ပြပါ။"


အမျိုးသမီးအစီပစဉ်မှူးက ဆက်လက်၍ "ကောင်းပြီ။ အခု ၊ လော့ယန် လိုက်ပြီး သရုပ်ဆောင်ရမယ့်သူက ဘယ်သူဖြစ်မလဲလို့ အားလုံးအတူတူ ကြည့်လိုက်ကြရအောင်။ အားလုံးပဲ ဖန်သားပြင်ကို ကြည့်ကြပါ။"


ဖန်သားပြင်ထက် ရုပ်ပုံပေါ်လာသည်နှင့် ပရိသတ်များဆီမှ အော်ဟစ်သံက စင်တစ်ခုလုံးကိုပင် ဖုံးလွှမ်းသွားကာ တဖြည်းဖြည်းနှင့် တစ်ညီတစ်ညာတည်း သံပြိုင်ကြွေးကြော်လာလေသည်။ 


"ကုချန်....ကုချန်..."


အမျိုးသားအစီအစဉ်မှူးက တမင်တကာ စနောက်လိုက်လေသည်။ 


"မင်းတို့ ဘယ်သူ့ကို ခေါ်နေတာတုန်း။ ငါတို့ရဲ့ ဒီစင်ပေါ်မှာ ကုချန်လို့ ခေါ်တဲ့သူ မရှိဘူး။"


ပရိသတ်များထံမှ အသံက ပို၍ကျယ်လောင်လာလေသည်။


ရွှီလော့ယန်က ခုံအမြင့်ပေါ်တွင် ထိုင်နေလေသည်။ သူ၏ အဖြူစွတ်စွတ်ဂျင်းဘောင်းဘီက သူ့ခြေတံများကို ပေါ်လွင်စေကာ၊ လက်ထဲတွင် မိုက်ခရိုဖုန်းကိုကိုင်ထားပြီး ပြုံးလိုက်မိ၏။ 


"တောင်းပန်ပါတယ်။ ဒီနေ့တော့ ကျွန်တော်တစ်ယောက်တည်းပါပဲ။ ချန်အန်း မပါလာပါဘူး။"


အမျိုးသမီးအစီအစဉ်မှူးက ပြုံးလိုက်သည်။ 


"ကြည့်ရတာ၊ ကျွန်မတို့ရဲ့ အစီအစဉ်အဖွဲ့ကတော့ ချန်အန်းရော၊လော့ယန်ရော နှစ်ယောက်လုံးကို ရှိုးမှာပါဖို့အတွက် ကြိုးကြိုးစားစားအားထုတ်ရတော့မယ်ထင်တယ်"


ထိုသို့ပြောကာ သူမက လက်ဟန်ပြ၍ "ဒီသရုပ်ဆောင်ချက်ကိုလုပ်ဖို့ လော့ယန်ကို အခု အဆင်သင့်ပြင်ထားတော့လို့ ပြောချင်ပါတယ်။"


ဖန်သားပြင်ထက်တွင် ပြသနေသည်က ချီချန်အန်းက လူမိုက် အားဟွေ့အဖြစ်သရုပ်ဆောင်ထားသည့် [နှင်းမုန်တိုင်း] ဖြစ်သည်။ အဆောက်အဦး၏ ခေါင်မိုးထပ်တွင်၊ နေရောင်ခြည်က ဖြာကျနေသည့်အတွက်၊ မြို့တစ်မြို့လုံးကို တစ်ဝက်ကိုအလင်းပေးကာ၊ တစ်ဝက်ကို အမှောင်ကျနေစေသည်။ ထို အလင်းနှင့်အမှောင်၏ နယ်နမိတ်မျဉ်း ထိုအလယ်တည့်တည့်တွင်အားဟွေ့က ရပ်နေလေသည်။  


စတိတ်စင်၏ အလယ်၌၊ ရွှီလော့ယန်ကလည်း တစ်နေရာတည်းတွင်ရပ်နေကာ၊ ထပ်တူညီသည့် ကြိမ်နှုန်းနှင့် ပီကေကို စိတ်မပါလက်မပါဖြင့် ဝါးနေလေသည်။


ထို့နောက် အနောက်ဘက်ရှိ နေဝင်နေသည်ကိုကြည့်ကာ၊ ရုပ်ရှင်ထဲမှ အားဟွေ့နှင့် စတိတ်စင်ပေါ်မှ ရွှီလော့ယန်တို့က တစ်ပြိုင်တည်းပင် လက်ကိုမြှောက်ကာ တစ်ချိန်တည်းပင် တူညီသည့် စာသားကို ပြောလာခဲ့သည်။ 


"ဒါက အလင်းပဲ"


အချိန်နှင့်နေရာ(အာကာသ)တို့ ရောယှက်သွားသည့်အလားပင်။ 


စတိတ်စင်ပေါ်တွင်မီးများပြန်လင်းလာပြီး အစီအစဉ်မှူးနှစ်ယောက်က ပြန်တက်လာခဲ့သည်။ 


နှစ်ယောက်လုံးက အင်မတန်အံ့အားသင့်နေဟန်ဖြင့် "လော့ယန် ငါတို့ နည်းနည်းလောက် အတင်း ပြောလို့ရမလား။ ဒီလောက်ထိကောင်းတဲ့ သရုပ်ဖော်ချက်မျိုး မင်းဘယ်လိုလုပ်နိုင်ရတာလဲ။ ဒါရိုက်တာကြီး၊ ကျေးဇူးပြု၍ ဖန်သားပြင်ထက်ကို ရိုက်ပြပေးလို့ရမလား။ ဟုတ်တယ်.... မင်းတို့ သေသေချာချာကြည့်ကြ.... လော့ယန်က ရုပ်ရှင်ထဲက ချီချန်အန်းအတိုင်း တစ်ထပ်တည်းကျအောင် လက်မြှောက်လိုက်တာပဲ။"


"တကယ်တော့၊ မင်း အကြိမ်နည်းနည်းလောက် ပိုကြည့်မယ်ဆို၊ လွယ်လွယ်နဲ့ မှတ်မိမှာပဲလေ" 


ရွှိလော့ယန်က ပြန်တွေးလိုက်ကာ "ကျွန်တော် [နှင်းမုန်တိုင်း]ရုပ်ရှင်ကို အကြိမ် ငါးဆယ်လောက်နီးပါး ကြည့်ဖူးတယ်။"


အစီအစဉ်မှူးနှင့် ပရိသတ်များထံမှ အံ့အားသင့်သွားသည့် အာမေဋိတ်သံတို့က ရှေ့ဆင့်နောက်ဆင့်ထွက်လာ‌သည်။


 အမျိုးသားအစီအစဉ်မှူးက သူ့လက်ထဲမှကတ်ကိုကိုင်ကာ အင်မတန်မှ ချဲ့ကားသည့် လေသံဖြင့် "ငါတို့ရဲ့လော့ယန်က မစ္စတာချီရဲ့ လျှို့ဝှက်တဲ့အမာခံဖန်လေးဖြစ်နေမယ်လို့ ငါလုံးဝမထင်ထားမိခဲ့ဘူး။"


ရွှီလော့ယန်က အသိအမှန်ပြုဟန်ဖြင့် ခေါင်းညိတ်ကာ၊ ဖန်သားပြင်ထက်ရှိ ပုံရိပ်ကိုကြည့်၍ အပြုံးလေးဖြင့်ပြောလိုက်တော့၏။ 


"ကျွန်တော် သူ့ရဲ့ရုပ်ရှင်တွေကို တော်တော်လေး သဘောကျတယ်" 


သူ့ကို ပိုလို့တောင် သဘောကျသေးတယ်...။


-----------


ရွှီနျောင်နျောင်၏ ခံစားချက် သေးသေးလေး:


မင်းကို လွမ်းတယ်...မင်းနဲ့ငါရဲ့ကြားက အကွားအဝေးက တစ်ထောင့်တစ်ရာငါးဆယ့်တစ် ကီလိုမီတာ။



__


Translated By IQ-Team.