အပိုင်း ၆၆
Viewers 6k

🍬Chapter 66


------------


ရှိုးပွဲပြီးဆုံးသွားသည့်အချိန်တွင်၊ ရွှီလော့ယန်ထံ အားအင်များလည်း မရှိတော့ပေ။ အဝတ်လဲခန်းထဲတွင် ခြေပစ်လက်ပစ်ထိုင်နေကာ၊ အားကုန်လုနီးပါးဖြစ်နေသော ကျန်းသုန့်သည်လည်း သူ့နံဘေးတွင် ထိုင်လျက်ရှိသည်။ 


သူမ၏ ပစ္စည်းအသစ်များကို ပါကင်ဖောက်နေသည့် မိတ်ကပ်ဆရာမ ထန်းယာ့ယာ့က သူတို့ကိုကြည့်ကာ "ရွှီကော၊ ကျန်းကော၊ နှစ်ယောက်စလုံးဘာလို့ အရမ်းစိတ်ပျက်လက်ပျက်ပုံဖြစ်နေရတာလဲ။"


ရွှီလော့ယန်က မှန်တင်ခုံ‌ပေါ်လှဲချကာ "အမှန်အတိုင်းပြောရရင်၊ ဒီနေ့က ကမ္ဘာလုံးဆိုင်ရာ စိတ်ဓာတ်ကျတဲ့နေ့ပဲ။ သူငယ်ချင်းလေး၊ ငါတို့နဲ့အတူတူ စိတ်ဓာတ်လာကျချင်လား။"


"...."


"သူ့ကို လျစ်လျူရှုထားလိုက်၊ သူ့အချစ်လေးနဲ့ဝေးနေရလို့ စိတ်ညစ်နေပြီး စင်ပေါ်မှာလည်း ချီချန်အန်းပုံစံအတိုင်း လိုက်တုလုပ်ပြလိုက်ရတာမို့ ပိုပြီး လွမ်းနာကျနေတာ။" 


ကျန်းသုန့်က သူ့ရဲ့ဘလက်ကော်ဖီကို တစ်ငုံလောက်သောက်လိုက်ပြီး "ငါဘာလို့ ဒီလိုဖြစ်နေတာလည်းဆိုတော့ ငါ့ရဲ့ ဟက်စကီးလေးက ငါ့ကို လျစ်လျူရှူနေလို့။"


ထိုစကားကိုကြားလျှင်ကြားချင်း ရွှီလော့ယန်က အားနည်းနည်းပြန်ရလာလေသည်။ 


သူကချက်ချင်းပင် မတ်မတ်ထိုင်ကာ "ကျန်းကော၊ ဒီတော့ ဒီလိုမျိုးအဖြစ်မိုးကလည်း ကျန်းကောဆီမှာ ဖြစ်လာနိုင်တာပဲကိုး။"


ရွှီလော့ယန်က ပုံမှန်အားဖြင့် ကြောင်၊ခွေး၊အပင်တို့ကို လျစ်လျူရှုထားလေ့ရှိသည်။ ဒါပေါ့။ အထူးဖြစ်ရပ်အနေနဲ့ သူခွေးလိုက်ခံခဲ့ရတဲ့ နှစ်ကြိမ်နှစ်ခါကိုသာ ထည့်မတွက်ရင်ပေါ့။ 


ထျန်းယာ့ယာ့က အနားငယ် စိုးရိမ်သွားကာ "သူဖျားနေတာများလား။ အခု နွေဦးလည်းရောက်လာပြီတော့ ဘက်တီးရီးယားတွေနဲ့ အကောင်တွေက အရမ်းပေါလာပြီလေ။"


"သူမဖျားပါဘူး။ အိမ်ဘေးက အလက်စကာခွေးအသစ်လေးက သူ့ကိုကြည့်လိုက်ပြီဆိုရင် ယွစိထိုးပြီး လိုက်သွားတော့တာပဲ။ ဒါပေမယ့် ငါသူ့နာမည်ကို ခေါ်လိုက်တိုင်း ကြမ်းပြင်ပေါ်မှာ ဒီတိုင်းလှဲနေပြီး မကြားချင်ယောင်ဆောင်နေရော။"


ရွှီလော့ယန်က သူ့နံဘေးမှနေ၍ လေးလေးနက်နက်ဖြင့် အခြေအနေကိုသုံးသပ်ကာ "ငါ့အထင် သူဆန္ဒပြနေတယ်ထင်တယ်"


"ဆန္ဒပြတယ် ဟုတ်လား"


"အင်း ဟက်စကီးတစ်ကောင်ကို "ဟက်စကီး"လို့ နာမည်မှည့်တာ‌က နည်းနည်းစိတ်ရင်းမပါတဲ့ပုံပေါ်တယ်။ ဒါကြောင့် သူက ဆန္ဒပြပြီး နာမည်အသစ်ပေးဖို့ စောင့်နေတာဖြစ်မယ်"


ကျန်းသုန့်က မျက်ခုံးတစ်ဖက်ပင့်လိုက်ကာ "ဘယ်လိုမျိုးလဲ။"


"အလှဆုံးခွေးလေး ပြိုင်ဖက်ကင်းကင်းကောင်လေး။"


သူတို့၏စကားပြောခန်းကို နားထောင်ကာ၊ ထျန်းယာ့ယာ့က ဟက်ဟက်ပက်ပက်ရယ်နေရသဖြင့် လက်ထဲတွင်ကိုင်ထားသော မိတ်ကပ်ဖော့သည်ပင် လှုပ်နေလေ၏။


မိတ်ကပ်ဖျက်ပြီးသွားသောအခါ၊ ရွှီလော့ယန်၏ဖုန်းမှ ဗီဒီယိုကောလ်ခေါ်သည့် နိုတီတစ်ခုက ‌တက်လာလေသည်။ ဖုန်းကိုကောက်ယူကာ၊ ဖုန်းမျက်နှာပြင်ထက်ရှိ နာမည်ကိုမြင်လိုက်ရသော်၊ ရွှီလော့ယန်က အံ့အားသင့်သွားလေသည်။ 


"ကျန်းကော၊ ကျန်းကော၊ ဒီနားလာပြီး ကူကြည့်ပေးပါဦး။ ဖုန်းမှာပေါ်နေတာက ဘယ်သူ့နာမည်လဲ။"


ကျန်းသုန့်လည်း လာ၍ကြည့်လိုက်ပြီးနောက် အံ့ဩသွား‌ရသည်။ 


"ရှန်ရှန်၊ သူ အန္တာတိကကနေ ပြန်ရောက်လာပြီလား" 


ယဲ့ရှန်ရှန်မှာ ကျန်းသုန့်၏ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ယခင်က ရွှီလော့ယန်အား အန္တာတိကတိုက်မှ ရေခဲအား ပို့ပေးလိုက်သူလည်းဖြစ်သည်။


"လခွမ်း... နှစ်တွေအကြာကြီးပျောက်နေတဲ့သူက ပြန်ရောက်လာပြီပေါ့" 


ရွှီလော့ယန်က ပြောပြောဆိုဆိုနှင့် လက်ခံသည့်ခလုတ်ကို နှိပ်လိုက်သည်။ နှစ်စက္ကန့်မျှကြာသော်၊ ဖုန်းမျက်နှာပြင်ထက် ယဲ့ရှန်ရှန်၏မျက်နှာက ပေါ်လာလေသည်။ သူက ညှပ်ရိုးများကိုပေါ်လွင်စေသည့် အဖြူရောင် V shape ချည်ထိုးအင်္ကျီအကြီးကြီးကို ဝတ်ထားလေသည်။ သူ၏ အနက်ရောင်ဆံပင်များက ရှုပ်ပွနေပြီး သူက သတ္ထုဇွန်းဖြင့် ကိတ်မုန့်ကို စားနေလေသည်။ 


ကိတ်မုန့်ကို မြင်လိုက်ရသည်နှင့် ရွှီလော့ယန်က ရုတ်ချည်း ဗိုက်ဆာလာရသည်။


"လော့ယန် မင်းဘာလို့ ဝိတ်ကျသွားရပြန်တာတုန်း။ ကျန်းကောက မင်းကိုထပ်ပြီး အသားမစားခိုင်းပြန်ဘူးလား။ အဆင်ပြေပါတယ်။ ယဲ့ကောပြန်လာပြီလေ။ အခုကစပြီး မင်းကို ယဲ့ကော ကာထားပေးမယ်။ " 


ယဲ့ရှန်ရှန်မှာ ကင်မရာနှင့်အလွန်နီးကပ်နေသော်လည်း ထိုအချင်းအရာက သူ၏ရုပ်သွင်ကို နည်းနည်းမျှ မပျက်စီးစေပေ။ ထိုစကားကို ပြောပြီးပြီးချင်း သူက ရွှီလော့ယန်ဘေးနားတွင် တစ်စုံတစ်ယောက်ရပ်နေသည်ကို သတိထားမိသွားကာ နှစ်စက္ကန့်လောက်မျှ ကြောင်အသွားပြီး နှုတ်ဆက်လိုက်သည်။ 


"ကျန်းကောလည်း ရှိနေတာပဲ"


"....."


ကျန်းသုန့်၏ ရှုပ်ထွေးနေပြီး အမူအယာမဲ့နေသည့် မျက်နှာကိုမြင်လိုက်ရသည့်အခါ ရွှီလော့ယန်က အလျင်အမြန်ပင် စကားလမ်းကြောင်းလွှဲလိုက်သည်။ 


"မင်း အန္တာတိကက ပြန်လာပြီလား။ မင်း ဒီတစ်ခေါက် ဒီလောက်အကြာကြီး ခရီးထွက်သွားတာ ငါဖြင့် ယုံတောင်မယုံနိုင်ဘူး။ တစ်နှစ်လုံးနီးပါး မင်းဆီက ဘာသတင်းမှလည်း မကြားရဘူး‌လေ။" 


"ငါပြန်လာပြီ ပြန်လာပြီ။ ဒီနေ့ပဲ အိမ်ပြန်ရောက်တာ။ ဪ ဟုတ်သား။ မင်းအတွက် နောက်ထပ်လက်ဆောင်တစ်ခု ပါလာသေးတယ်။"


ကမ္ဘာတစ်ဖက်ခြမ်းမှနေ၍ သူ့ထံအရောက်ပို့လာသည့် အန္တာတိကရေခဲတုံးကို ပြန်စဉ်းစားမိကာ ရွှီလော့ယန်စိတ်ထဲမှ မကောင်းသည့်အရိပ်အယောင်ကို ခံစားမိလိုက်၏။ 


"ဘာကြီးလဲ"


ကင်မရာကလှည့်သွားပြီး ဘူးတွေအထပ်လိုက်ထပ်ထားသည့် ထောင့်တစ်ထောင့်ပေါ်လာခဲ့သည်။ ယဲ့ရှန်ရှန်က လက်ကိုဆန့်၍ ဘူးတစ်ခုကိုဖောက်လိုက်ကာ မိတ်ဆက်ပေးလာသည်။ 


"ဒါက ငါစုဆောင်းလာတဲ့ ပင်ကွင်းအမွှေးတွေလေ"


"....."


"ဒီသေးသေးလေးက သန္တာကျောက်တန်း။ ငါပင်လယ်ထဲဆင်းပြီး မျှားလို့ရခဲ့တာလေ။ အံ့ဩစရာမကောင်းဘူးလား။" 


ထို့နောက် ယဲ့ရှန်ရှန်က နောက်ထပ်ဘူးတစ်ဘူးကိုဖွင့်ကာ "ဒါက ပင်လယ်ဖျံရဲ့သွား။ စုစုပေါင်းနှစ်ခုရှိတယ်။ မင်းအတွက်တစ်ခု၊ ကျန်းကောအတွက်တစ်ခု။ ဒါကတော်တော်လေး ဟောင်းနွမ်းနေပြီဆိုပေမယ့်၊ စိတ်မရှိဖို့ မျှော်လင့်ပါတယ်။"


‌ဘူးဒါဇင်ပေါင်းများစွာကို ဖွင့်ကာ အထဲ၌ပါဝင်သည့်အရာများကို မိတ်ဆက်ပြီးသွားသည့်အခါ မိနစ်နှစ်ဆယ်မျှကြာသွားပြီဖြစ်သည်။ ထို‌မှသာ ‌ယဲ့ရှန်ရှန်က လိုရင်းကို ပြောလာလေသည်။ 


"လော့ယန်၊ ငါမပြန်လာဖြစ်တာကြာပြီဆိုတော့ အရသာရှိတဲ့အစားအသောက်အသစ်တစ်ခုခုများ ထွက်လာသေးလား။"


"အွန်း အွန်း အွန်း။ ငါအကုန်လုံးသေချာ မှတ်ထားတယ်။" 


ဝမ်းနည်းနေခြင်းကို ချက်ချင်းရပ်တန့်ကာ ရွှီလော့ယန်တစ်ယောက်၊ နောက်ရက်များအတွင်း မည်သည့်အစားအသောက်တို့ကို စားသောက်ရမည်နည်းဟု ယဲ့ရှန်ရှန်နှင့် စတင်ဆွေးနွေးတော့သည်။ ကျန်းသုန့်က သူ့နံဘေးတွင် မတ်တပ်ရပ်လျက်ရှိနေဆဲဟူသည်ကိုတော့ မေ့လျော့သွားလေပြီ။‌


ဘေးနားတွင်ထိုင်၍ ဟမ်ဘာဂါစားနေသည့် လုတိကကျန်းသုန့်ကို တိတ်တိတ်လေးလှမ်းပြောသည်။ 


"အခု ရှန်ရှန်ပြန်လာပြီဆိုတော့ ယဲ့ကောရဲ့ ကိုယ်အလေးချိန်ကတော့ ထိန်းချုပ်လို့ရနိုင်မှာ မဟုတ်တော့ဘူး။"


ကျန်းသုန့်ခမျာ သူ့ဆံပင်တွေ ထပ်ပြီးကျွတ်တော့မည်ဟု ခံစားလိုက်ရသည်။ ပြဿနာအိုးတစ်ယောက်က သူ့အရှေ့တွင်ရှိနေပြီး နောက်တစ်ယောက်ကလည်း ပြန်ရောက်လာပြန်ပြီ။ 


ဒါက သူ့ကို ခေါင်းတုံး‌ပြောင်ပြောင်ဖြစ်စေချင်တဲ့ ဘုရားရဲ့အလိုတော်ပဲလား။


သို့နှင့်၊ နောက်ရက်အနည်းငယ်အတွင်း၊ ရွှီလော့ယန်က သူ့အပြောနှင့်ညီစွာ၊ အားသည်နှင့် ယဲ့ရှန်ရှန်နှင့်အတူ မုန့်စားရန်ထွက်ထွက်သွားကာ အင်မတန်မှ သက်တောင့်သက်သာဖြစ်စွာဖြင့် နေနေတော့၏။

------------


ညနေခင်းအချိန်တွင်၊ နှစ်ဦးသားမှာ သီးသန့်စားသောက်ဆိုင်တစ်ခု၌ထိုင်ကာ၊ ဖုန်းဖြင့် Super Mario ဂိမ်းကိုဆော့နေလေသည်။ ရွှီလော့ယန်က တစ်ဆက်တည်း ခုနစ်ပွဲရှုံးသွားကာ သူ့နှလုံးသားလေးမှာ တစပြီးတစ ကွဲကြေနေရသည်။ 


သူက ယဲ့ရှန်ရှန်ကို တံတောင်ဆစ်ဖြင့်ထိုးလိုက်ကာ "ရှန်ရှန်၊ အပေးအယူလုပ်ရအောင်လေ။ မင်းငါ့ကို တစ်ခါလောက် အနိုင်ပေးပါလား။"


ယဲ့ရှန်ရှန်မှား မျက်လုံးများပင်ကွေး‌သွားအောင်ပြုံးနေရာ၊ သူ့နှုတ်ခမ်းထောင့်မှ သစ်တော်သီးသဏ္ဍာန်ပါးချိုင့်လေးပင် ပေါ်လာလေသည်။ 


"ရတယ်လေ မင်း ငါ့ကို ယဲ့ကော လို့ခေါ်ရင် ငါမင်းကို အနိုင်ပေးမယ်"


နည်းနည်းလေးမျှပင် တုံ့ဆိုင်းခြင်းမရှိဘဲ ရွှီလော့ယန်က ပြတ်ပြတ်သားသား ငြင်းလိုက်တော့သည်။ 


"ဒါဆိုလည်း မေ့လိုက်တော့ နောက်တစ်ခါကျမှ ငါ ချန်အန်းကို ခေါ်လာပြီး မင်းနဲ့ချခိုင်းမယ်။"


"ချန်အန်း...ချီချန်အန်းလား။" 


ယဲ့ရှန်ရှန်က သိချင်စွာဖြင့် "ငါ အဲ့ဒီမှာနေတုန်းက အပြင်က အင်တာနက်ကိုတောင် မချိတ်နိုင်ဘူးလေ ငါပြန်လည်းလာရော၊ မင်းက cp ရှိတဲ့သူတစ်ယောက်တောင် ဖြစ်နေပြီပဲ။"


သိသိသာသာကို စိတ်ထဲ အင်မတန် ကျေနပ်သွားသော်လည်း ရွှီလော့ယန်က တည်ငြိမ်ချင်ယောင်ဆောင်ကာ "အင်း အဲ့ဒါ သူပဲ" 


ပြောပြီးသည်နှင့် လေးရက်မျှ သူ့ကိုယ်သူ ဖိအားပေးချုပ်တည်းထားရသည်တို့က ပွင့်ထွက်လာလေသည်။ 


လက်ထဲမှဖုန်းကို ချကာ ၊လေသံတိုးတိုးလေးဖြင့် "ရှန်ရှန်၊ ငါ မင်းကို ပြောပြစရာ သတင်းအကြီးကြီးတစ်ခုရှိတယ်။"


သူ၏လေးနက်နေသည့်ဘအသွင်အပြင်ကိုကြည့်ကာ ယဲ့ရှန်ရှန်လည်း ရင်တမမဖြစ်သွားရကာ အနားသို့ကပ်လာပြီး တိုးတိုးလေးဖြင့် "ဘာသတင်းလဲ ငါမင်းအတွက် လျှို့ဝှက်‌ထားပေးမယ်လေ"


ချောင်းနှစ်ခါမျှဆိုးကာ၊ ရွှီလော့ယန်မနေနိုင်စွာ ပြုံးမိသွားပြီး တိုးတိုးလေးပြောလာသည်။ 


"ချီချန်အန်းက ... ငါ့ကောင်လေးပဲ"


ပြောလိုက်ပြီးပြီးချင်း၊ ရွှီလော့ယန်၏ရင်ထဲ မီးရှူးမီးပန်းများ ပေါက်ကွဲသွားသလိုပင်။ သူ့အနီးနားမှ ဝန်ထမ်းများမှလွဲ၍၊ သူနှင့် ချီချန်အန်းတို့ တွဲနေကြပြီဆိုသည်ကို မည်သူမျှမသိပေ။ ကျန်းသုန့်က သူတို့၏ဆက်ဆံရေးကို အချိန်တစ်ခုမျှအထိ လျှို့ဝှက်ထားကာ၊ ဖန်များက 'ကုချန်' cp ကို သေချာပေါက်လက်ခံနိုင်ပြီဆိုသည့်အခါမှ တရားဝင်ဖွင့်ပြဖို့ အကြံပေးသည့်အတွက်ကြောင့်ပင်။ ဤအသိုင်းပဝိုင်းထဲရှိ သူ့သူငယ်ချင်းများအားလုံးကိုလည်း ထိုကိစ္စကို လျှို့ဝှက်ထားရသည်။


သို့သော်လည်း ဤခံစားချက်က မလွယ်ကူပေ။ နေ့တိုင်းလိုလိုပင်၊ သူနှင့် ချီချန်အန်းတို့ တွဲနေကြပါပြီဟု ရွှီလော့ယန်တစ်ယောက် ကမ္ဘာကြီးထံ ကြေညာလိုက်ချင်သော်လည်း ယခု‌သူရောက်ရှိနေသည့် အခြေအနေများက သူ့အား အတွေးများစေမိပြီး သတိထားရန်အပြင် သူ့၌အခြားရွေးချယ်စရာမရှိပေ။ သူ့ကိုယ်သူနှင့် ချီချန်အန်းအတွက်သာမက၊ သူ့အနားရှိသူများနှင့် သူ့ပရိသတ်များအတွက်ပါ သူ့ထံတာဝန်ရှိလေသည်။


ယဲ့ရှန်ရှန်က မည်သို့မျှမတုံ့ပြန်ခင် မျက်တောင်နှစ်ချက်မျှခတ်လိုက်သည်။ 


"မင်းရဲ့ကောင်လေးလား...အာ၊ အဲ့ဒါဆို ငါမင်းအတွက် နောက်ထပ် ပင်လယ်ဖျံသွားကို ရှာပေးရမှာပဲ အရင်ကပြတဲ့နှစ်ခုက မင်းနဲ့ ကျန်းကောအတွက်ပဲ လောက်တာ"


ပင်လယ်ဖျံသွားရှာမယ်...။ 


ရွှီလော့ယန်က စဉ်းစားလိုက်ကာ "ဟုတ်သားပဲ သူကအခု မြို့တော်မှာပဲရှိနေသေးတာ မင်း ငါ့ကို မနက်ဖြန်မှ ပေးရင်လည်း အဆင်ပြေပါတယ်။"


"ကောင်းပြီလေ" 



ယဲ့ရှန်ရှန်က ခေါင်းညိတ်ကာ လေသံတိုးတိုးလေးဖြင့် ရွှီလော့ယန်ကို ထပ်ပြီးမေးလာသည်။ 


"သူမင်းကို ကောင်းကောင်းဆက်ဆံလား မင်း သူနဲ့ရော ပျော်လား။"


သူ၏မေးခွန်းကိုကြားသည့်အခါ ရွှီလော့ယန်မှာ နှလုံးသားထဲ ငှက်သိုက်မုန့်တစ်လုံးပစ်ထည့်လိုက်သလို ခံစားလိုက်ရသည်။ သူက လေးလေးနက်‌နက်ဖြင့် ပြန်ဖြေလိုက်သည်။ 


"သူက ငါ့ကို အရမ်း၊အရမ်းကို ကောင်းကောင်းဆက်ဆံပါတယ်။ ငါ သူနဲ့ဆို နေ့တိုင်းလိုလို ပျော်နေရတာ။ ဒီဘဝကုန်သွားရင်တောင် နောက်ဘဝမှာလည်း သူနဲ့ပြန်ဆုံနိုင်ဖို့ကို ငါဆုတောင်းမိတဲ့အထိပဲ။"


ယဲ့ရှန်ရှန်က သေသေချာချာ နားမလည်ပေ။သို့နှင့် သူက ဖော်ပြချက်တစ်ခုကိုသာ သုံးလာလေသည်။ 


"ငါ့အကိုကြီးနဲ့လိုမျိုး ခံစားချက်လား"


'ငါ့အကိုကြီး' ဟူသည်မှာ သူ့ချစ်သူကို ရည်ညွှန်းမှန်း သိနားလည်စွာဖြင့် ရွှီလော့ယန်မှာ တစ်နည်းနည်းဖြင့် ခွေးစားတစ်ပန်းကန် ထိုးကျွေးခံလိုက်ရသလို ခံစားလိုက်ရသည်။ 


သို့သော်လည်း ထိုဖော်ပြချက်က မှန်နေသည့်အတွက် "အင်း အတူတူလိုမျိုးပဲ သူငါ့ကို ထားသွားမှာ၊ ငါနဲ့ ဝေးကွာ‌သွားမှာ၊ ဒါမှမဟုတ် တခြားတစ်ယောက်ယောက်နဲ့ ချစ်သွားမှာကို ငါလက်မခံနိုင်ဘူး"


စဉ်းစားလိုက်ရုံနဲ့ နေရာမှာတင် ပေါက်ကွဲပစ်ချင်မိတယ်။


ယဲ့ရှန်ရှန်က အံ့အားတကြီး သူ့ကိုကြည့်ကာ "လော့ယန်၊ မင်းက ပိုင်ဆိုင်လိုစိတ် အရမ်းပြင်းထန်တာပဲ"


"....."


အခွံခွာထားသည့် မြေပဲကိုစားပြီးနောက် ယဲ့ရှန်ရှန်က ရုတ်တရက် တစ်ခုခုကို သတိရသွားလေသည်။ 


"ဒါပေမယ့် မင်းတို့ဘယ်လိုမျိုး တွေ့ခဲ့တာလဲ"


သူက သေသေချာချာပြန်တွေးကာ "လွန်ခဲ့တဲ့ နှစ်နှစ်လောက်က၊ ငါတို့ အကင်ဆိုင်ကထွက်လာတဲ့အချိန်၊ ကားပါကင်မှာရပ်ထားတဲ့ မင်းကားအတိုက်ခံထားရပြီး ကားအရှေ့က windshield မှာ 'ချီချန်အန်း' လို့နာမည်ပါတဲ့ စီးပွားရေးကတ်တစ်ခုကို ထောင်ထားတာကို ငါနည်းနည်းမှတ်မိတယ် ဒါပေမယ့် မင်း သူနဲ့ သွားမတွေ့ခဲ့ဘူးမို့လား"


"အွန်း...ချန်အန်းလို့ခေါ်တဲ့ လူတစ်ယောက်နဲ့ အဲ့ဒီတုန်းက ငါကြုံခဲ့ရတာကို ငါတကယ် အံ့ဩမိတယ်။ "


ရွှီလော့ယန်လည်း အခွံခွာထားသည့်မြေပဲကို ယူစားလိုက်ကာ "မနှစ်က၊ ဒါရိုက်တာကျန်းက ရုပ်ရှင်အသစ်တစ်ကားရိုက်တယ်လေ သူနဲ့ငါက အဓိကမင်းသားနှစ်ယောက်အဖြစ် အပြိုင်သရုပ်ဆောင်ရတာ အဲ့လိုနဲ့ ငါတို့ အချင်းချင်း သိလာတာပဲ။"


ရွှီလော့ယန်က မြေပဲကို ဖြည်းဖြည်းချင်း အခွံခွာနေသည်။ သို့သော် သူပြောသည့်အထဲ အလယ်မှအပိုင်းများကိုတော့ ချန်ထားလိုက်လေသည်။ စီးပွားရေးကတ်ကိုယူပြီးနောက်၊ 'ချန်အန်း' ဟုခေါ်သည့်လူအကြောင်း သိချင်သွားသဖြင့် သူက မက်စေ့ပို့၍ဆက်သွယ်ကာ တွေ့ရန် အချိန်နှင့်နေရာကို စီစဉ်လိုက်လေသည်။


သို့သော် ချိန်းဆိုထားသည့်နေရာသို့ သူအပြည့်အစုံရုပ်ဖျက်၍ရောက်သွားခိုက်၊ ချီချန်အန်းမှာ လူ့လောကထဲ ပုန်းကွယ်နေသည့် နတ်ဆိုးတစ်ကောင်ဖြစ်မှန်း သူရှာတွေ့သွားသဖြင့် သူ့ခမျာ အထိတ်တလန့်နှင့် ပြန်ပြေးထွက်လာရသည်။


သူတို့ ပြန်ဆုံလိမ့်မည်မဟုတ်ဟု သူထင်ထားခဲ့သော်လည်း၊ တစ်နှစ်မျှကြာပြီးနောက်၊ ချီချန်အန်းက ဆုရသွားကာ [နှင်းမုန်တိုင်း] ဇာတ်ကားဖြင့် သူ့နာမည်ကို ကျော်ကြားစေကာ၊ သူ၏တည်ရှိမှုကို သိစေခဲ့သည်။


သူရိုက်ကူးရမည့်ရုပ်ရှင်၌ ချီချန်အန်းကလည်း ခေါင်းဆောင်မင်းသားဖြစ်ကြောင်း သိလိုက်ရသောအခါ ရွှီလော့ယန်ခမျာ နေ့လည်စာထမင်းဘူးပင် လွတ်ကျသွားခဲ့ရ၏။


ထိုအချိန်၌ပင်၊ တံခါးခေါက်သံထွက်လာကာ၊ သီးသန့်ခန်း၏တံခါးက တွန်းဖွင့်ခံလိုက်ရပြီး လက်ထဲတွင် လင်ဗန်းအကြီးကြီးဖြင့် ဆိုင်ပိုင်ရှင်ကဝင်လာသည်။ 


"အစားအသောက်တွေ တည်ခင်းပေးပါတော့မယ်။"


ဟင်းခြောက်မျိုးနှင့် စွတ်ပြုတ်တစ်မျိုးကို နေရာချပြီးနောက် ပြုံးရွှင်နေသည့် ဆိုင်ရှင်က သူ့လက်များကို သုတ်ကာ အိတ်ကပ်ထဲမှ စာရွက်အဖြူတစ်ရွက်ကိုထုတ်၍ "တဆိတ်လောက် မင်းတို့နှစ်ယောက် ဆိုင်းထိုးပေးလို့ရမလားလို့ မေးချင်လို့ပါ"


သူက ခပ်ရှက်ရှက်ဟန်ဖြင့် ရှင်းပြလေ၏။ 


"ကျွန်တော်ရော၊ ကျွန်တော့်အမျိုးသမီးရောက မင်းတို့နှစ်ယောက်ပါတဲ့ [တောင်ပေါ်မြစ်၏ရုပ်ကလာပ်] ကိုတကယ် သဘောကျပြီးတော့ ရုံတင်တော့လည်း ရုပ်ရှင်ရုံကို အခါခါသွားကြည့်ခဲ့ပါသေးတယ်။" 


"ရတာပေါ့" 


ရွှီလော့ယန်ကညစာရွက်နှင့်ဘောပင်ကိုယူကာ သေသေချာချာလက်မှတ်ထိုးလိုက်ပြီး "စီးပွားရေးကံကောင်းပါစေ" ဟု ရေးပေးလိုက်သည်။


ထို့နောက် ယဲ့ရှန်ရှန်က ပါးစပ်ထဲမြေပဲများအပြည့်ဖြင့် ဘောပင်ကိုယူကာ လက်မှတ်ထိုးလိုက်ပြီး အောက်၌ "ကျန်းမာပါစေ" ဟု ‌ရေးပေးလိုက်လေသည်။


အလွန်ပင်ပျော်ရွှင်သွားကာ ဆိုင်ရှင်က "ခဏလေးစောင့်ပါဦး ကျွန်တော်ကိုယ်တိုင်လုပ်ထားတဲ့ မက်မွန်ပွင့်ဝိုင်တွေရှိတယ်။ စမ်းသောက်ကြည့်ဖို့ ယူလာပေးပါ့မယ်။"


ငါးမိနစ်ခန့်ကြာသော်၊ လူနှစ်ယောက်က စားပွဲဝိုင်းအလယ်ရှိ ဝိုင်ကရားကိုကြည့်ကာ အချင်းချင်း တစ်ယောက်မျက်နှာတစ်ယောက်ပြန်ကြည့်မိကြသည်။


"ငါတို့ သောက်ကြမလား"


"ဒါပေါ့"


__



Translated By IQ-Team.