အပိုင်း ၆၈
Viewers 6k

🍬Chapter 68

------------


အချိန်ဇယားဘုတ်၏အရှေ့တွင်ရပ်နေကာ၊ စာရွက်လေးများတွင်ရေးထားသော စာကြောင်းစတ်ကြောင်းစီတိုင်းကို အသေအချာဖတ်ရှုပြီးနောက် မျက်နှာထက်အပြုံးတစ်ပွင့်နှင့် ချီချန်အန်းက သူ၏လက်ကိုမြှောက်ကာ စာလုံးလေးများကို လက်ဖြင့်အသာအယာဖွဖွပွတ်သပ်ကြည့်နေမိသည်။


သူ ထီးကိုကိုင်လိုက်တဲ့အချိန်တိုင်း သူ့အတွေးထဲပေါ်လာတဲ့လူကလည်း သူ့အကြောင်းကို စဉ်းစားနေခဲ့တဲ့ပုံပဲ။ ညဘက် ထိုသူ့‌အကြောင်းစဉ်းစားလိုက်တိုင်း သူအိပ်မပျော်နိုင်ခဲ့သလို ထိုလူကလည်း သူ့အတွက်ကြောင့် မအိပ်နိုင်ဘဲ လူးလှိမ့်နေရသည်တဲ့။


ပြတင်းပေါက်အပြင်တွင် တဖွဲဖွဲနှင့် မိုးစက်လေးများက ထပ်မံရွာသွန်းလာပြန်သည်။ ချီချန်အန်းက စာရွက်နှင့်ဘောပင်ကိုယူကာ တစ်ခုခုရေးရန် ပြင်လိုက်သော်လည်း၊ ဘောပင်၏ထိပ်ဖျားက စာရွက်မျက်နှာပြင်ကို ထိမိသွားချိန်တွင် ပထမဆုံးစာလုံး၏ စုတ်ချက်ကိုပင် သူမရေးဆွဲနိုင်ခဲ့ပေ။


အိပ်ခန်းတံခါးကိုဖွင့်လိုက်သည့်အခါ ရွှီလော့ယန်မြင်လိုက်ရသည်က ထိုမြင်ကွင်းပင်။ သူက အစတည်းက အရမ်းကြီးမူးမနေခဲ့တဲ့အပြင် ကားထဲမှာ အိပ်လာပြီတဲ့နောက်မှာ အိပ်တစ်ဝက်နိုးတစ်ဝက်ဖြစ်နေခဲ့သည်။ ယခုလေးတင်ပဲ မိုးရွာသည့်အသံကြောင့် သူက နိုးလာခဲ့ကာ သူ့ကိုလာကြိုပြီး အိမ်သို့ပြန်ခေါ်လာသည့်လူက ချီချန်အန်းဖြစ်မှန်း သတိရသွားသည်။ သို့နှင့် သူက အလျင်အမြန်အိပ်ယာထဲမှထွက်ကာ၊ ထိုသူ့ကိုရှာရန်ထွက်လာခဲ့ခြင်းဖြစ်သည်။ သူရေးရေးလေးမှတ်မိနေသည့် မှတ်ဉာဏ်က ထင်ယောင်ထင်မှားဖြစ်နေမိမှာ သူကြောက်မိသည်လေ။


သို့သော်လည်း ထင်ယောင်ထင်မှားဖြစ်တာ မဟုတ်ခဲ့ပေ။ 


အချိန်ဇယားဘုတ်ပေါ်မှာ သူကပ်ထားသည့်စာများကို ချီချန်အမ်းဖတ်နေသည်အား သိလိုက်ရသောအခါ၊ ရွှီလော့ယန်က တုန်လှုပ်သွားပြီး အပြေးလေးသွားတော့သည်။ 


သို့သော် ချီချန်အန်း၏အကြည့်များနှင့် ရင်ဆိုင်လိုက်ရသည့်အခါ၊ သူက ရှက်သွားပြီး "မင်း မြင်ပြီးသွားပြီပေါ့ ငါ....ငါက ဒီအတိုင်းလေးပဲ ရေးလိုက်တာ။" 


သူ့မျက်လုံးများကမူ ဟိုကြည့်ဒီကြည့်ဖြင့် "မင်း မနက်ဖြန်မှ ပြန်လာမယ်လို့ပြောထားတာမဟုတ်ဘူးလား။ ငါက မနက်ကျမှ ဒီစာတိုလေးတွေအကုန်လုံးကို ဖွက်ထားမလို့ လုပ်နေတာ။"


ပြောရင်းပြောရင်းဖြင့် သူ့အသံကတဖြည်းဖြည်းတိုးလာလေသည်။ ရွှီလော့ယန်က စိတ်ထဲမှသာ သက်ပြင်းခိုးချလိုက်သည်။ 


သူက တကယ်ကြီး ပိုပိုပြီး အဖြစ်မရှိတဲ့သူဖြစ်လာတာပဲ။


"ကိုယ်လည်း မင်းဆီကို စာရေးချင်လို့လေ။" 


သူ၏နီရဲနေသည့် နားရွက်ထိပ်လေးများကို သတိထားမိကာ ချီချန်အန်း၏အပြုံးက ပို၍ကြီးမားလာလေသည်။ 


"အခု မင်းလည်းနိုးလာပြီဆိုတော့၊ ကိုယ် မင်းကို တိုက်ရိုက်ပဲ ပြောလိုက်တော့မယ်။"


ရွှီလော့ယန်က မျော်လင့်မှုများပြည့်နေသော မျက်ဝန်းတို့ဖြင့် အလေးအနက် ခေါင်းညိတ်လာသည်။ 


"အင်း ပြောလေ။"


"ကိုယ်မင်းကိုချစ်တယ်။"


!!


သည်ဝန်ခံစကားက ရုတ်တရက်ကြီးထွက်လာသည်မို့ ရွှီလော့ယန်က အငိုက်မိသွားရသည်။ ရလဒ်အနေနှင့် သူ့နှလုံးကခုန်ပေါက်လာကာ၊ နားရွက်များလည်း ပူလောင်လာပြီး သူ့အကြည့်များက ချီချန်အန်းထံ၌သာ စွဲကပ်ထားမိသည်။ သူကိုယ်တိုင်ပင်သတိမမူမိပါဘဲ သူ့မျက်ဝန်းတို့က အပြုံးများဖြင့်ပြည့်နှက်နေသည်မှာ လျှံကျလာတော့မတတ်ပင်။


ချီချန်အန်းက ရွှီလော့ယန်၏ ပူနွေးနေသည့်နားရွက်ဖျားလေးကို နမ်းရှိုက်ကာ၊ လက်အစုံကိုမြှောက်၍၊ ထိုလူအား သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်လေသည်။ မင်းနဲ့မတွေ့ခင်တစ်လျှောက်လုံး၊ ကိုယ့်ဘဝက စကြ၀ဋာကြီးရဲ့အမှောင်ထုထဲကျရောက်နေသလိုမျိုး၊ ကြယ်တွေကြားဖြတ်သန်းပြေးလွှားနေခဲ့တာ အလင်းနှစ်ပေါင်းဘယ်လောက်များ ကြာခဲ့ပြီလဲ။ 


ရွှီလော့ယန်က အချိန်ဆွဲကာ ရေချိုးနေရင်း ပြုံးနေမိသည်။ 


သူက ငါ့ကို ချစ်တယ်လို့ပြောတယ်၊ ချန်အန်းက သူငါ့ကို ချစ်တယ်တဲ့။ 


ရွှီလော့ယန်က တွေးလေလေ၊ ပျော်လာလေလေပင်။ သူ့နှလုံးသားလေးထဲ အင်မတန်မှ စိတ်အားတက်ကြွနေသဖြင့် သူကိုယ်တိုင်ပင် ထိန်းမနိုင်တော့ပေ။ သူက ရေပန်းကို လှမ်းပိတ်လိုက်ပြီး ညအိပ်ဝတ်စုံကို ဝတ်ဆင်လိုက်သည်။ ထို့နောက် ဆံပင်များ၌ ရေစိုရွဲနေကာ ချီချန်အန်း၏ အိပ်ခန်းတံခါးကို သွားခေါက်လိုက်လေသည်။ 


တံခါးခေါက်နေရင်းဖြင့် သူ့ကိုယ်သူလည်း စိတ်ညှို့နေမိသည်။ 


ငါ့မှာ အရမ်းကိုခိုင်လုံတဲ့ အကြောင်းပြချက်ရှိတယ်။


သိပ်မကြာပါဘဲ၊ အခန်းထဲမှ ချီချန်အန်း၏အသံကို ကြားလိုက်ရသည်။ 


"ဝင်လာခဲ့လေ။"


ထိုစကားပြောပြီးလျှင်ပြောပြီးချင်း၊ ရွှီလော့ယန်က အခန်းတံခါးကို တွန်းဖွင့်ကာ၊ လက်ထဲမှ ဆံပင်အခြောက်ခံစက်ကို မြှောက်ပြလိုက်သည်ကို ချီချန်အန်းတွေ့လိုက်ရသည်။ 


"ချန်အန်း၊ ငါခေါင်းလျှော်လာတယ်။"


ချီချန်အန်းက သူဖတ်နေသည့်စာအုပ်ကို လက်ထဲမှချကာ၊ အိပ်ယာပေါ်တွင်ထိုင်လိုက်ပြီး သူ့ထံလက်လှမ်းပြ၍ခေါ်လိုက်သည်။


 "အင်း ဒီကိုလာခဲ့လေ။ ကိုယ်မင်းကို ကူပြီးလေမှုတ်ပေးမယ်။"


"လာပြီ လာပြီ"  


ရွှီလော့ယန်က ကုတင်အစွန်နားတွင် ချီချန်အန်း၏ရင်ခွင်ထဲ ကျောမှီလျက် ပျော်ရွှင်စွာဝင်ထိုင်လိုက်သည်။ ဆံပင်အခြောက်ခံစက်မှ လေပူများက ဦးရေပြားတစ်လျှောက် ရွေ့လျားနေပြီး သူ့ခေါင်းကို ဖွဖွပွတ်သပ်ပေးနေသည့်လက်တစ်စုံကလည်း သူ့အား သက်တောင့်သက်သာရှိစေသည်။ 


မျက်လုံးကို ဝစ်ဝက်မျှသာ မှေးစင်းထားကာ ချီချန်အန်းကို "ငါမင်းနဲ့အတူတူ အိပ်ချင်တယ် အိပ်လို့ရမလားဟင်" ဟု သူမေးလိုက်သည်။


သူ၏ဆံနွယ်များထက် ရွေ့လျားနေသော ချီချန်အန်း၏လက်များက တန့်သွားသော်လည်း သူက ဘာမှမဖြစ်သလို လုပ်လက်စကိုသာ ဆက်လုပ်‌လိုက်သည်။ 


"အင်း" 


ရွှီလော့ယန်က သင့်လျော်စွာ ထိုင်နေသည့်ပုံစံကို ပြန်ပြောင်းကာ "ငါ မနက်ဖြန်ကျ ပရိုမိုးရှင်းရုပ်ရှင်ရိုက်ဖို့ ရှိတယ်။ မနက်အစောကြီးသွားရမှာ။မင်းလည်း နားပြီးရင် အိပ်ပျော်အောင်အိပ်လိုက်နော်။" 


ချီချန်အန်း ဤသို့စောစောပြန်လာနိုင်ခြင်းမှာ သူအိပ်ရမည့်အချိန်များကို အလဲအလှယ်လုပ်ခဲ့၍ဖြစ်မှန်း သူသိရှိနေခဲ့သည်။ 


ချီချန်အန်း၏ပေါင်ထက် သူ့လက်ကိုတင်ကာ ပုတ်လိုက်ပြီး"အိပ်တော့။ ငါ့အကြောင်း အိပ်မက်မက်နော်။"


ချီချန်အန်းက ရယ်ရယ်မောမောဖြင့် ခေါင်းညိတ်လိုက်သည်။ 


"ကောင်းပါပြီ ကိုယ် မင်းအကြောင်း အိပ်မက်မက်ပါ့မယ်။" 


ရွှီလော့ယန်က ဤနေ့ဖြစ်ပျက်ခဲ့သည်များကို ပြောပြလေ၏။ 


"ရှန်ရှန်က အန္တာတိကကနေ ပြန်ရောက်လာပြီ အရင်ရက်တွေက ငါသူနဲ့ အတူတူ ညစာစားနေတာ" 


သူက မနေနိုင်ဘဲ ရယ်လိုက်ပြီး "ငါမင်းကို လျှို့ဝှက်ချက်တစ်ခု ပေးသိမယ် သူကလေ၊ တကယ်စားနိုင်တဲ့သူ။ သူ့အစာအိမ်က အာကာသတွင်းနက်ကြီးလိုပဲ။ သူ အန္တာတိကမှာ ‌ရှိနေတုန်း စားချင်စိတ် ပြင်းပျနေတာလို့တော့ ငါထင်တာပဲ။ သူအဲဒီမှာ နေနေတဲ့ တစ်နှစ်လုံးနီးပါး ဂေါ်ဖီထုပ်ဟင်းချိုနဲ့ ဆလတ်ရွက်ရှာဘူ-ရှာဘူကိုပဲ သောက်နေရတာလို့ပြောတယ်။"


သူ၏သူငယ်ချင်းကောင်းအကြောင်းကို ဤကဲ့သို့ ရင်းရင်းနှီးနှီးပြောနေသည်ကို ကြားသည့်အခါ၊ ယခင်က သူခံစားခဲ့ရသည့် စိုးရိမ်ပူပန်မှုများနှင့် မနာလိုမှုများကို မခံစားရတော့ကြောင်း ချီချန်အန်း ရုတ်တရက်သတိထားမိသွားသည်။ 


သူ့အတွင်းနှလုံးသားထဲမှ သားရိုင်းမှာ နေ့စဉ်နှင့်အမျှ ချော့မြူခြင်းခံနေရသဖြင့် "မင်းငါ့ကို အရင်တစ်ခေါက်က ခေါ်သွားတဲ့ ဆူကီယာကီဆိုင်ကလည်း အရသာရှိတယ်‌" ဟု သူက တည်ငြိမ်စွာဖြင့်ပင် ပြောနိုင်နေပြီ။


"အင်း ဒါဆို နောက်တစ်ခေါက်ကိရင် ငါ ရှန်ရှန်ကို အဲ့ဒီဆိုင်ခေါ်သွားလိုက်မယ်။" 


ဆံပင်များခြောက်သွားပြီဖြစ်သည့်အတွက် ရွှီလော့ယန်က ခေါင်းကို ပွတ်သပ်ရင်း "ချန်အန်း၊ မင်းရော တစ်ခါတည်း လိုက်ခဲ့ပါလား" ဟု မေးလိုက်သည်။


"မလိုက်တော့ဘူး ဒါပေမယ့် မင်းနောက်တစ်ကြိမ် မူးနေပြီဆိုရင်တော့၊ ကိုယ်လာကြိုမယ်လေ။" 


သူ၏လက်ကိုမြှောက်ကာ ရွှီလော့ယန်က ကျိန်ဆိုလာခဲ့သည်။ 


"မမူးပါဘူး ငါမမူးတော့ဘူး။ တတိယအကြိမ်ဆိုတာ လုံးဝရှိလာမှာမဟုတ်ဘူး။" 


ထို့နောက် သူ့လက်ကို ချီချန်အန်း၏ပခုံးထက်တင်ကာ "မစ္စတာချီ၊ အိပ်ရာဝင်ကြရအောင်လေ။ နောက်ကျနေပြီ။" 


ထို့နောက် အားအနည်းငယ်သုံးလိုက်ပြီး၊ နှစ်ဦးစလုံး အိပ်ယာပေါ်ပစ်လဲကျသွားသည်။


နှစ်ဦးကြားရှိ အကွာအဝေးမှာ အင်မတန်နီးကပ်နေသဖြင့် တစ်ဦးနှင့်တစ်ဦး၊ ခန္ဓာကိုယ်မှ ပြောင်းလဲမှုများကို အတိုင်းသား ခံစားသိရှိနိုင်သည်။


ထိုအခိုက်အတန့်၌၊ "ကောင်းကင်မိုးကြိုးနှင့် မြေပြင်မီးတောက်" ဟူသည့် လေးနက်သည့် စာလုံးကြီးများက ရွှီလော့ယန်၏ခေါင်းထဲပေါ်လာရသည်။ 


ထို့နောက် 'မရှိခြင်းက နှလုံးသားအား ပို၍ ကြောင့်ကြမက်မောစေသည်' ဟူသည့်ဆိုရိုးနှင့် "*" ဟူသည့်စကားများပင်။ 


မည်သည့်အရာကိုမျှ မပြုလုပ်ရသေးသော်လည်း၊ ရွှီလော့ယန်၏နှလုံးသားလေးမှာ စိတ်ကူးယဉ်နေရုံဖြင့်ပင် အလွန်အမင်းကို ခုန်ပေါက်နေပေ၏။


သို့သော်လည်း ၊ သူ့မျှော်လင့်ချက်များနှင့် ဆန့်ကျင်စွာ၊ ချီချန်အန်းက စောင်ကို နှစ်ယောက်လုံးပေါ်သို့ ဖုံးလွှမ်းလိုက်ပြီး သူ၏နှာခေါင်းထိပ်ဖျားလေးကို နမ်းကာ "ကောင်းသောညပါ၊ နျောင်နျောင် မြန်မြန်အိပ်ပျော်အောင် အိပ်လိုက်တော့နော် မနက်ကျ စောစောထပြီး အလုပ်သွားရဦးမယ်မဟုတ်လား"


ထို့နောက် သူက မီးကိုပိတ်လိုက်သဖြင့် အခန်းတစ်ခုလုံး မှောင်ရိပ်ကျသွားတော့သည်။ ရွှီလော့ယန်က ခဏလောက် ချိတုံချတုံဖြစ်နေပြီး အင်မတန်မှ သိသာနေသော ချီချန်အန်း၏ကိုယ်မှ တစ်နေရာကို ထိလိုက်ကာ သူ့စိတ်ထဲရှိသည့်အတွေးကို ပွင့်ပွင့်လင်းလင်း ထုတ်‌၍မေးလာခဲ့သည်။


"မင်း သေချာပေါက် ငါ့ကိုလိုချင်နေတာပဲကို ဘာဖြစ်လို့ ဟန်ဆောင်နေရတာလဲ။"


ချီးချန်အန်းက ပြန်မဖြေလာပေ။ 


ထို တိတ်ဆိတ်မှုက ပျံ့နံ့သွားပြီး ရွှီလော့ယန်လည်း ဘာမှဆက်မပြောတော့ပေ။ ဆယ်စက္ကန့်မျှကြာသည့်အခါ၊ သူက ချီချန်အန်း၏ နှုတ်ခမ်းထောင့်များကို မော့၍ နမ်းလိုက်ပြီး ပြုံးလျက်ဖြင့် ပြောလိုက်သည်။ 


"မင်းမပြောချင်ရင်လည်း ငါမမေးတော့ဘူးနော်။" 


ချီချန်အန်းမှ သူကိုယ်တိုင်ပြောမပြနိုင်သည့် အခက်အခဲရှိလိမ့်မည်ဟု တွေးမိကာ သူက နောက်တစ်ကြိမ်ထပ်၍နမ်းလိုက်သည်။ 


"အဆင်ပြေပါတယ် မင်းပြောပြချင်တဲ့အချိန်ရောက်မှ ငါ့ကိုပြောပြလေ ဟုတ်ပြီလား။"


သူ့လက်မောင်းများကို အားထည့်ကာ ချီချန်အန်းက သူ့ကိုရင်ခွင်ထဲ တင်းတင်းက့ပ်ကြပ်ဖက်ထားလိုက်သည်။ 


"အင်း ကောင်းပါပြီ။"


သူ့လေသံထဲတွင် အနည်းငယ်စိတ်ဓာတ်ကျနေသည့်အရိပ်အယောင်များကို ခံစားလိုက်ရသဖြင့် ရွှီလော့ယန်က ဘာကိုမှ ဆက်မမေးတော့ပေ။ 


သူက စကားလမ်းကြောင်းပြောင်းလိုက်သည်။ 


"ချန်အန်း။"


"ဟင်။"


"အခုချိန်ကစပြီးတော့ ငါတို့ အခန်းခွဲမအိပ်ဘဲနေရအောင် အိပ်ယာတစ်ခုတည်း တူတူအိပ်ကြမယ်လေ ဟုတ်ပြီလား။" 


ချီးချန်အန်း၏လက်ဖဝါးများကို သူ့လက်ချောင်းများက မသိလိုက်ဘာသာနှင့်ပွတ်သပ်နေမိပြီး ရွှီလော့ယန်က ရှင်းပြလာသည်။


"လွန်ခဲ့တဲ့ ရက်တွေတည်းက ငါဒီအကြောင်းကို တွေးနေတာ။ ငါတို့နှစ်ယောက်လုံး အလုပ်တွေအရမ်းများပြီးတော့ အချိန်ဇယားတွေကလည်း တိုက်နေတာ များတယ်လေ။ သိပ်မကြာခင်ဘဲ ငါတို့က အနေဝေးချစ်သူတွေလိုဖြစ်သွားပြီးတော့ ရက်တွေအကြာကြီး ငါတို့တွေ့ကြရမှာမဟုတ်ဘူး။ ငါတို့သာ အခန်းခွဲနေရင်၊ အိပ်ရာမဝင်ခင် အချိန်နည်းနည်းလေးလောက်ပဲ ငါတို့စကားပြောလို့ရမှာ။"


ရွှီလော့ယန်၏ လက်ချောင်းများကို ဆုပ်ကိုင်ကာ၊ ချီချန်အန်းက သူ့နှလုံးသားမှာ အချက်အချာနေရာအူတိုင်အထိ ပျော့ပျောင်းသွားသလိုပင်။ 


"ကောင်းပါပြီ။ ကိုယ် ကိုယ့်ရဲ့နျောင်နျောင်နဲ့ အခုကစပြီး တူတူအိပ်မယ်လေ။"


ရွှီလော့ယန်က ရယ်မောကာ၊ သူ့ကို အနမ်းကြီးကြီးပေးလိုက်ပြီး သူ့အသံကမူ အမှောင်ထဲမှာပင် ကြည်လင်ပြတ်သားနေလေသည်။


 "ကောင်းသောညပါ၊ မစ္စတာချီး"


ချီချန်အန်းကလည်းနွေးထွေးသည့်လေသံဖြင့် ကောင်းသောညပါဟု ပြန်လည် နှုတ်ဆက်လာခဲ့သော်လည်း သူ့နှလုံးသားမှာ တင်းကြပ်မှုများ ပြည့်နှက်နေလေ၏။ ရုတ်ချည်းဆိုသလိုပင်၊ သူက ရွှီလော့ယန်အပေါ် မတရားလုပ်မိသည်ဟု ခံစားလိုက်ရသည်။ ယခုလေးတင်ပြုလုပ်လိုက်သည့် သူ၏ငြင်းဆန်မှုက သူ့အား ဝမ်းနည်းမိသွားစေမှာပင်။ 


___


Translated By IQ-Team.