🍬Chapter 69
------------
ထိုအခိုက်အတန့်မှာပင်၊ ရွှီလော့ယန်က သူ့ရင်ခွင်ထဲမှ လှုပ်ရှားလာကာ၊ သူ့နားနားသို့ကပ်၍၊ တီးတိုးပြောလာသည်။
"ငါ ချန်အန်းကို ပြောပြချင်တယ်။ အဓိပွာယ်မရှိတာတွေလျှောက်လျှောက်မတွေးနဲ့။ ကိုယ့်ကိုယ်ကို တွန်းအားမပေးနဲ့။ မင်းက ဒီအတိုင်းလည်း တကယ်ကိုကောင်းနေပြီးသားပါ။"
ချီချန်အန်းက ဘာမှထပ်မပြောဘဲ သူ့ရင်ခွင်ထဲရှိသူကိုသာ ပို၍ တင်းကြပ်စွာဖက်တွယ်လာလေသည်။
နောက်တစ်နေ့ ချီချန်အန်း အိပ်ရာမှနိုးလာသည့်အခါ၊ အိမ်ထဲတွင် သူတစ်ယောက်တည်းသာ ရှိနေလေသည်။ ကုတင်ပေါ်တွင် ထိုင်လိုက်သောအခါ၊ ကုတင်ဘေးတွင် ကပ်ထားသည့် ခပ်သော့သော့လက်ရေးလေးဖြင့်ရေးထားသည့် စာတိုလေးတစ်စောင်ကို မြင်လိုက်ရသည်။
"ချစ်လှစွာသော ကျွန်တော့်ရဲ့ မစ္စတာချီ၊ မနက်စာစား၊ ဆေးသောက်ပါ။ ငါနောက်ကျတော့မှာပဲ အား အား အား။"
လက်ထဲတွင် စာရွက်လေးကိုကိုင်ကာ၊ ချီချန်အန်းက မီးဖိုခန်းသို့ သွားလိုက်သည်။ မီးဖိုပေါ်တွင်၊ နှလုံးပုံစံပေါ်ထားသည့် ကြက်ဥကြော်နှင့် ပြန်နွေး၍စားရန်သာလိုသည့် ဗိုက်အတွက် သင့်တော်မည့် ပြောင်းဆန်ပြုတ်တစ်ခွက်ကို မြင်လိုက်ရသည်။ ထိုနံဘေးတွက် ရေတစ်ဖန်ခွက်နှင့် ဆေးပုလင်းတစ်ပုလင်းကို တင်ထားသည်။
နေရာ၌သာရပ်နေကာ ချီချန်အန်းက လက်ထဲမှ မှတ်စုစာရွက်လေးကို ဖိလိုက်မိသည်။
ဒီကမ္ဘာပေါ်ကဘဝက ဒီလောက်တောင်ကောင်းမယ်လို့ တစ်ခါမှမတွေးထားမိဘူး။ ဒါပေမယ့် မင်းကြောင့်၊ နောက်ဘဝဆိုတာရှိဖို့ မျှော်လင့်မိတယ်။
အခြားတစ်ဖက်တွင်တော့၊ ဒါရိုက်တာက ရိုက်ကွင်းတွင်သုံးမည့် ပစ္စည်းများကို ပြင်ဆင်နေစဉ်၊ ရွှီလော့ယန်က ဘာမှမဖြစ်သလိုလိုနှင့် ကျန်းသုန့်အနား သွားရပ်နေကာ၊ ရေခွက်တစ်ခွက်ကိုသာကိုင်ထားပြီး စကားမပြောပေ။
ကျန်းသုန့်က သူ့ကို အနည်းငယ် အာရုံစိုက်ပေးလိုက်သည်။
"မင်း ဘာပြဿနာတွေလုပ်လာပြန်ပြီလဲ။"
အယ်..... သူက ဒါကိုတောင် ပြောနိုင်တယ်လား။
ရွှီလော့ယန်က သူ့မျက်နှာကိုသူ ကိုင်ကြည့်လိုက်ပြီး 'ငါ ပြဿနာ ရှာလာပါတယ်' ဆိုတဲ့ စကားလုံးများ သူ့မျက်နှာပေါ်ရေးထားတာလားဟု တွေးနေမိသည်။
ကျန်းသုန့် သူ့ကိုကြည့်နေသည့်အတွက်၊ ရွှီလော့ယန်က ချောင်းဟန့်ကာ လည်ချောင်းရှင်းလိုက်ပြီး၊ ဟိုကြည့်ဒီကြည့်နှင့်၊ အသံကို နှိမ့်ကာ ခပ်သွက်သွက်ကလေး ပြောလိုက်သည်။
"ကျန်းကော၊ မနေ့ညက ကျွန်တော့်ကို ဖုန်းနဲ့ပုံရိုက်သွားတယ်ဆိုတဲ့ သတင်းမျိုး ကြားလိုက်သေးလား။"
ထိုစကားကို ကြားလျှင်ကြားချင်း၊ ကျန်းသုန့်က မျက်လုံးတို့ကို မှေးကျဉ်းလိုက်ကာ၊ "မင်း မနေ့က ရှန်ရှန်နဲ့ ညစာသွားစားတာ မဟုတ်ဘူးလား"
ထို့နောက် မနေ့ညမှ ချီချန်အန်းထံမှ ဖုန်းခေါ်ဆိုမှုကို သတိရသွားပြီး "ချီချန်အန်းက ပြန်လာပြီလား" ဟု အလျင်အမြန် တုံ့ပြန်မေးမြန်းလိုက်သည်။
"အင်း သူပြန်ရောက်လာပြီ။"
ထိုသို့ပြောပြီးနောက် ရွှီလော့ယန်၏အပြုံးမှာ ပို၍တောက်ပလာလေသည်။
ရင်တုန်စွာနှင့် သူ့ကို ဘေးသို့ဆွဲခေါ်ကာ ကျန်းသုန့်က မေးလာသည်။
"သေချာပြောစမ်း ဘာကို (ဗီဒီယို )ရိုက်သွားနိုင်တာလဲ။"
ရွှီလော့ယန်က ကောင်းကင်ကိုမော့ကြည့်ကာ တန်းထျန်ထဲသို့ အသက်ရှုသွင်းလိုက်ပြီး "နမ်းနေတာကို"
"......"
အစထဲက သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုကို ခိုင်ခိုင်မာမာလုပ်ထားတာကြောင့်ဖြစ်နိုင်သည်။ ကျန်းသုန့်မှာ သူ့ စိတ်ထဲ ဝရုန်းသုန်းကာဖြစ်မသွားတာကို သိလိုက်ရသည်။
"အခြေအနေက ဘာလဲ ငါ့ကိုသေချာပြော။"
"အချိန်က မိုးမလင်းခင်။ နေရာက သီးသန့်စားသောက်ဆိုင်တစ်ဆိုင်ပဲ။ ချန်အန်းနဲ့ငါ နှစ်ယောက်ပဲ။ ငါ .... ငါ ဝိုင်နည်းနည်းသောက်ထားပြီးတော့ ချန်အန်းက ငါ့ကို လာကြိုတာ။ သူနဲ့ငါ မတွေ့ရတာ ရက်တွေအကြာကြီးလည်း ရှိနေပြီဆိုတော့၊ အဲ့ဒါနဲ့ အပြင်ဘက်က ကားပါကင်မှာ၊ ငါသူ့ကို ဆွဲလိုက်ပြီးတော့ ..... အင်း..."
ပြောနေရင်းဖြင့် ရွှီလော့ယန်ကိုယ်တိုင်ပင်လျှင် အရက်သောက်ခြင်းက မကောင်းကြောင်း သေချာပေါက် ခံစားမိလိုက်သည်။
ကျန်းသုန့်၏ဘေးပတ်ပတ်လည်မှ လေထုဖိအားတစ်ဖြည်းဖြည်းနိမ့်လာသည်ကို သတိထားမိသွားပြီး ရွှီလော့ယန်က အလောတကြီးနှင့် ထပ်ပေါင်းပြောလိုက်သည်။
"ဒါပေမယ့် အဲ့ဒီအချိန်တုန်းက ချန်အန်းက ငါ့ကို ထောင့်ကိုဆွဲခေါ်သွားပြီးအမှောင်ထဲမှာ နေပြီး သူ့ ဂျက်ကတ်နဲ့လည်း ငါတို့မျက်နှာတွေကို ဖုံးထားပေးတယ်။ ငါတို့ရဲ့ ကိုယ်အပေါ်ပိုင်းတစ်ဝက်လောက်ကို မတွေ့ရပါဘူး။ သူရပ်နေတဲ့နေရာကလည်း ငါ့ကို သေချာ လုံးဝကာထားပေးတာ။ ဒါကြောင့် တစ်ယောက်ယောက်က ရိုက်သွားရင်လည်း သူ့နောက်ကျောပုံကိုပဲ ရိုက်သွားလို့ရမှာ။"
စိတ်သက်သာရာရသွားသဖြင့် သက်ပြင်းချကာ ကျန်းသုန့်က ရွှီလော့ယန်ကို ပြူးကြည့်နေလေသည်။
"သူ့ရဲ့ ကြိုတင်ကာကွယ်နိုင်စွမ်းက မင်းထက်ပိုကောင်းတယ် ကံကောင်းလို့ပေါ့။ မဟုတ်လို့ကတော့ မင်း ဒီနေ့ hot search ပေါ်မှာ စောင့်နေရပြီသာမှတ်။"
ရွှီလော့ယန်က နှာခေါင်းကို ပွတ်သပ်လိုက်သည်။ သူ့အမှားကို သူသိသဖြင့် ဝေဖန်သည်ကို ပွင့်လင်းစွာ လက်ခံလေသည်။
သို့သော် ခဏအကြာတွင် သူက မနေနိုင်တော့ပေ။
"ကျွန်တော်လည်း ချန်အန်းက အရမ်းအားကြီးတယ်လို့ ထင်တယ်။"
"....."
ဆက်ပြောနေပါက သူ ဒေါသထွက်လွန်းသဖြင့် ပေါက်ကွဲသွားရလိမ့်မည်ကို စိုးရိမ်ကာ ကျန်းသုန့်က မြန်မြန်ဆန်ဆန်ပင် စကားကို အဆုံးသတ်လိုက်သည်။
"နောက်တစ်ခေါက်ကျ သတိထား မဟုတ်ရင် မင်း ကင်မရာထဲ ပါသွားရင်၊ အခွင့်အရေးက ငါတို့လက်ထဲက လွတ်သွားလိမ့်မယ်။နောက်တစ်ခု ရှိသေးတယ်။ ငါတို့ လန်ဒန်ရှိုးအတွက် သုံးရက်နေ့မှာ ထွက်မယ်။ လေဆိပ်မှာ ဖိုတိုရှုရိုက်ဖို့ရှိတယ်။ မူလန်က ဝတ်စုံလေးစုံလောက် ပြင်ထားပြီးပြီ။ ငါတို့ ဒီမှာပြီးသွားရင် မင်းဘာသာမင်း တစ်စုံရွေးလိုက်။"
ရွှီလော့ယန်က ခေါင်းညိတ်လိုက်သည်။ "အိုကေ"
ထို့နောက် သူက ကျန်းသုန့်ကို ကြည့်လိုက်မိသည်။
"ကောင်းပြီ...ကောင်းပြီ။ မင်းကို ဒါရိုက်တာခေါ်နေတယ်။ သွားတော့။"
ကျန်းသုန့်မှာ အမှန်တကယ် စိတ်မဆိုးတော့ကြောင်းကို သေချာစေပြီးမှ ရွှီလော့ယန်က စိတ်အေးသွားလေသည်။
"ဒါဆို ကျွန်တော် သွားပြီနော်။"
ဧပြီလ၊ သုံးရက်နေ့ မနက်ခင်းတွင်၊ ရွှီလော့ယန်က လေယာဉ်ပေါ်မတက်ခင် ဖိုတိုရှုကို ရိုက်ကူးခဲ့သည်။ သူက luxury brand တစ်ခုမှ နွေဦး/နွေ ရှိုးပွဲတစ်ခုကို တက်ရောက်ရန် ဖိတ်ခေါ်ခံထားရကာ ထိုနေရာတွင် မဂ္ဂဇင်းကာဗာလည်း ရိုက်ကူးရမည်ဖြစ်သည်။ ထိုခရီးက ငါးရက်လောက်ကြာမည်ဟု ခန့်မှန်းရသည်။
မသွားခင်တွင် ရွှီလော့ယန်က A4 စာရွက်ဖြင့် ချီချန်အန်းအား မှတ်စုရေးပေးခဲ့သော်လည်း သူက စိတ်ထဲ မလွယ်ကူဟု ခံစားနေရသည်။ ထို့ကြောင့်၊ ဗီဒီယိုကော်လ်နှင့် ဖုန်းခေါ်၍ရသေးသဖြင့် တော်သေးသည်ဟုသာ ကိုယ့်ကိုယ်ကို နှစ်သိမ့်ထားရသည်။
ထိုအခိုက် သူထိုင်ရမည့်ခုံနံဘေးတွင်ရပ်နေကာ၊ ဘေးတွင်ထိုင်နေသည့်လူကို ကြည့်နေမိသည်။ သူက မျက်တောင်ပင်မခတ်ရဲပေ။ မျက်တောင်ခတ်လိုက်ပါက သူ့အရှေ့မှလူ ပျောက်ကွယ်သွားမည်ကို စိုးရိမ်မိလေ၏။
လေယာဉ်၏ပထမတန်းတွဲတွင် ၁-၂-၁ ပုံစံခင်းကျင်းထားလေသည်။ အလယ်မှ ဆက်လျှက်ခုံနှစ်ခုံက အခန်းကာလေးဖြင့်ပိုင်းထားသော်လည်း ထိုအခန်းကာလေးကို ချထားလေသည်။ ရွှီလော့ယန်၏နှုတ်ခမ်းတွင် အပြုံးတစ်ခုက ဖြည်းဖြည်းချင်းဖြစ်တည်လာပြီး အနားတွင် ဘယ်သူမှမရှိမှန်း သေချာအောင်လုပ်ပြီးမှ သူကမေးလိုက်သည်။
"လူကြီးမင်းရဲ့ နာမည်ဘယ်လိုခေါ်လဲလို့ ကျွန်တော်မေးလို့ ရမလား။"
"ကိုယ့်မျိုးရိုးနာမည်က ချီ၊ နာမည်က ချီချန်အန်း။"
"ကျွန်တော့်နာမည်က ရွှီလော့ယန်။ ကျွန်တော်တို့ရဲ့ နာမည်တွေက လိုက်ဖက်ညီတယ်လို့ မထင်ဘူးလား။"
"တောင်းပန်ပါတယ် ကိုယ်မထင်မိဘူး။"
"ဒါဆို ခင်ဗျားရဲ့လက်ကို ခဏလောက် ကျွန်တော့်ကို ပေးလို့ရမလား။"
လက်ထဲရှိ သတင်းစာကို ချကာ၊ ချီချန်အန်းက လက်လှမ်းပေးကာ ပူးပေါင်းပေးလိုက်သည်။ ထို့နောက် သူ့လက်ဖဝါးအတွင်း၊ ရွှီလော့ယန်က သူ့လက်ချောင်းများဖြင့် စာလုံးသုံးလုံးရေးလိုက်သည်ကို ခံစားလိုက်ရသည်။ ထို့နောက် သူက ခေါင်းမော့၍ ပြုံးပြလာခဲ့သည်။
ချီချန်အန်း၏ မျက်နှာပေါ်မှ အမူအယာက ပြောင်းလဲမသွားပေ။
"ဘာရေးလိုက်တာလဲ။"
ရွှီလော့ယန်က နောက်တစ်ခေါက် သေသေချာချာ ပြန်ရေးလိုက်သော်လည်း သူကြည့်လိုက်သည့်အခါ ချီချန်အန်းက ရှုပ်ထွေးနေဟန်ပေါ်သည်ကို တွေ့လိုက်ရသည်။ သို့နှင့် သူက တတိယတစ်ခါ စိတ်ရှည်ရှည်နှင့် စုတ်ချက်တစ်ခုချင်းစီ နှေးနှေးလေးနှင့် သေသေချာချာ ထပ်ရေးလိုက်သည်။
နောက်ဆုံး စုတ်ချက်ကို ရေးပြီးသွားသည့်အခါ၊ သူက ချီချန်အန်းကို မျှော်လင့်တကြီး မော့ကြည့်လိုက်သော်လည်း စက္ကန့်ပိုင်းမျှအကြာတွင် ရွှီလော့ယန်က မယုံနိုင်သည့် မျက်နှာဖြစ်သွားလေသည်။
"မင်းထပ်ပြီး လှည့်စားတာကို ငါယုံတောင် မယုံနိုင်ဘူး"
ရွှီလော့ယန်၏လက်ကို သူ့အခြားလက်တစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ အားအနည်းငယ်သုံး၍၊ ထိုလူကို ဆွဲခေါ်လိုက်သည်။ ယခုလေးတင် စာရေးရန် ရွှီလော့ယန်သုံးခဲ့သည့် လက်ချောင်းထိပ်လေးကို ကိုက်ကာ၊ ချီချန်အန်းက ခပ်ဟဟရယ်မောလိုက်တော့သည်။
"လိမ္မာပါကွာ... ကိုယ်လည်း မင်းကို ချစ်တယ်"
_____
ရွှီနျောင်နျောင်ရဲ့ ခံစားချက်သေးသေးလေး :
အရမ်း စိတ်တိုရတာပဲ...ဘာလို့ ငါပဲ အကြိမ်တိုင်း ခံနေရတာလဲ။
___
Translated By IQ-Team.