အပိုင်း ၇၀
Viewers 6k

🍬Chapter 70

------------


ရွှီလော့ယန်က မူလက သုံးမိနစ်ခန့် စိတ်ဆိုးရန် ပြင်ထားသော်လည်း သုံးစက္ကန့်မျှပင် သူက ထိန်းမထားနိုင်ပေ။ သူက ထိုင်ချလိုက်ပြီး တွေးလိုက်ကာ ဤကဲ့သို့သော မကောင်းသောအကျင့်ကို အားပေးအားမြှောက်မပြုနိုင်ဟု ဆုံးဖြတ်ချက်ချလိုက်သည်။ မဟုတ်ပါက သူက မကြာခဏဆိုသလို ချီချန်အန်းထံမှ လှည့်စားခံရမည်ကို မြင်ယောင်နေပေသည်။ ထို့ကြောင့် သူက ယခုကဲ့သို့ ဒီအတိုင်း မလွှတ်ထားနိုင်တော့ပေ။


သို့သော်၊ သူက ချီချန်အန်းကို စိတ်မဆိုးရက်ပေ။ ထို့ကြောင့် ခဏလောက် တွန့်ဆုတ်နေပြီးမှ ရွှီလော့ယန်က ချီချန်အန်း၏နမူနာကိုယူကာ သူ့ပါးစပ်ကိုဖွင့်၍ ထိုသူ၏လက်လောက်ဝတ်ကို ကိုက်ချလိုက်သည်။


ချီချန်အန်း၏ လက်များက အင်မတန်လှပလေသည်။ သိသာထင်ရှားသည့် လုံးဝန်းသည့် လက်ကောက်ဝတ်မှ အရိုးအဆစ်ရှိပြီး ဖြူဖွေးသည့်အသားအရည်ကြောင့် အရေပြားအောက်မှ အပြောရောင်သွေးကြောလေးများကိုပင် မြင်နေရသည်။


ကိုက်ထားရာမှ လွှတ်လိုက်ပြီး မနေနိုင်ဘဲ မိန်းမောနေဟန်ဖြင့် လက်ကောက်ဝတ်မှ မြင့်တက်နေသည့်အဆစ်ကို သူ့လျှာဖျားဖြင့် အသာအယု လျက်လိုက်မိရာ၊ စိုစွတ်စွတ်အရည်ကွက်တစ်ကွက် ဖြစ်သွားလေသည်။


ချီချန်အန်း၏ နွေးထွေးသည့်လက်ဖဝါးက ပူလာသည်ကို ရွှီလော့ယန်သတိထားမိသောအခါမှ ၊ သူအသိဝင်လာရသည်။ ဘယ်လိုပဲကြည့်ကြည့်၊ သူ့ရဲ့ အပြုအမူက ဆင်ဆာဖျက်ခံရမည့် ပုံပေါက်နေခဲ့သည်ပင်။ 


ကမန်းကတန်း ချီချန်အန်း၏လက်ကို လွှတ်လိုက်ပြီး ထစ်အထစ်အဖြင့် "ငါ.. ဟုတ်တယ်။ ငါ အရမ်း စိတ်ဆိုးလွန်းလို့ ပုံပျက်ပန်းပျက်ကွေးသွားရတာ။ မစ္စတာချီ၊ မင်းငါ့ကို ဘယ်လိုချော့မလဲလို့ စဉ်းစားထားလဲ"


နောက်သို့မှီကာ၊ ချီချန်အန်းက ပြုံးလိုက်မိသည်။ လေယာဉ်ပြတင်းပေါက်မှဝင်လာသည့် နေရောင်ခြည်က သူ့မျက်လုံးထောင့်နားမှ အေးစက်မှုများကို နွေဦးရေစင်ကဲ့သို့ ပြောင်းလဲပေးလိုက်လေသည်။ 


သူက ခေါင်းညိတ်ကာ အလေးအနက်မေးလိုက်သည်။ 


"ကိုယ်မေးချင်တယ် ရွေးချယ်စရာတွေရော ရှိလား။"


အံ့အားသင့်နေသည့် အမူအယာက ရွှီလော့ယန်၏မျက်နှာထက် ပေါ်လာခဲ့သည်။ 


ထို့နောက် သူက အလွန်တရာမှ ချဲ့ကားထားသည့် လေသံဖြင့် "အိုက်ယား...အိုက်ယား။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ မင်း ကိုယ့်ဘာသာကိုယ် စဉ်းစားမှ ရမှာပေါ့။" 


ထို့နောက် သူက ဘေးနှစ်ဖက်ကို ကြည့်ကာ အနည်းငယ် ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။ 


"ပထမတန်းမှာ စီးတဲ့ခရီးသည်တွေက ဒီလောက်ထိ နည်းတာလား အခုထိ ဘယ်သူမှ ထပ်ရောက်မလာသေးဘူး။" 


သူပြောပြီးသည်နှင့် "ဒီလေယာဉ်ရဲ့ ပထမတန်းတစ်တွဲလုံးကို ကိုယ်ဝယ်ထားပြီးသားလေ" ဟု ချီချန်အန်းထံမှ ပြန်ဖြေသံကို ကြားလိုက်ရသည်။


ရွှီလော့ယန်က စက္ကန့်အနည်းငယ်မျှကြောင်အနေပြီးနောက်မှသာ ပြန်လည်တုံ့ပြန်နိုင်ခဲ့သည်။ သို့သော်လည်းသူက ရှုပ်ထွေးနေဆဲ။ 


"ဝယ်....ထားတာ....."


"အင်း ကိုယ် တခြားလူတွေနှောင့်ယှက်တာ မလိုချင်လို့။"


ရွှီလော့ယန်က ထိုစာကြောင်းအား သူ့စိတ်ထဲ အလိုလိုဖြည့်တွေးလိုက်သည်က - တခြားလူတွေက ကိုယ်တို့အတူတူရှိနေမယ့် အချိန်ကို နှောင့်ယှက်တာ မလိုချင်ဘူး ငါ့ရဲ့ချီချီက တအား ချိုမြိန်တာပဲ။


သူ့နှစ်ခမ်းထောင့်များက မထိန်းနိုင်တော့ဘဲ အပြုံးတစ်ခုဖြစ်တည်လာသည်။ သူ၏ဘယ်ဘက်လက်ထဲ ချီချန်အန်း၏ လက်ကောက်ဝတ်ကို လျော့ရဲရဲ ကိုင်ထားကာ၊ ရွှီလော့ယန်က လှုပ်ခါလိုက်ပြီး သူ့အသံက တက်ကြွနေပေသည်။ 


"ပြောရရင်၊ မစ္စတာချီက အရမ်း ချီးမွမ်းစရာကောင်းတာပဲ။"


မည်သူမျှ ရောက်မလာမှန်း သေချာသွားပြီးနောက်၊ ရွှီလော့ယန်က ပို၍သက်တောင့်သက်သာဖြစ်စွာနှင့် ပြောဆိုလာသည်။ 


သူက "ချန်အန်း။ မင်းလုပ်တာက လူကို တအားလှည့်စားတာပဲ မင်း ငါနဲ့အတူတူလိုက်လာမယ်လို့ ဆုံးဖြတ်ထားတာကို ငါ သတိတောင်မထားမိဘူး။ ပြီးတော့ မင်းက ငါ မှတ်စုအရှည်ကြီးရေးနေတုန်းကတောင် သိသိသာသာကြီး ဆူပုတ်နေတာလေ။ အဲ့ဒါနဲ့ငါလည်း မင်းက ငါနဲ့မခွဲချင်လို့ ဝမ်းနည်းနေတယ်ထင်လိုက်တာ။" ဟု စွတ်စွဲလိုက်သည်။


ရလဒ်ကတော့ အဲ့ဒါတွေအကုန်လုံးက ဟန်ဆောင်နေတာတဲ့လေ။


"ကိုယ် မှတ်စုစာရွက် ယူလာပါတယ်။" 


ချီချန်အန်းက လက်ကောက်ဝတ်ကိုလှည့်ကာ ရွှီလော့ယန်၏လက်ကို ကိုင်လိုက်သည်။ ထို့နောက် သူ့လက်မဖြင့် လက်ဆစ်လေးများကို ပွတ်သပ်ကာ နှုတ်ခမ်းပေါ်၌ အပြုံးက ပျောက်ကွယ်မသွားပါချေ။


"အင်း။ ကိုယ် မင်းကို အံ့သြစေချင်လို့လေ။ ဒါကြောင့်ပဲ ကိုယ့်သရုပ်ဆောင်မှုစွမ်းရည်ကို ထုတ်သုံးလိုက်ရတာပေါ့။"


"ဟုတ်ပါပြီ။ တကယ်လည်း အရမ်း ပျော်ရတဲ့ အံ့အားသင့်စရာလေးဖြစ်ခဲ့တာပဲကို။" 


ရွှီလော့ယန်၏မျက်လူံများက အပြုံးများဖြင့် ကွေးညွတ်သွားရသည်။ သူက စိတ်ဆိုးနေရန်ကိုပင် လုံးဝမေ့လျော့သွားပြီဖြစ်သည်။


နှစ်ယောက်သား အတူတူရှိနေပြီဆိုလျှင် အချိန်များက အကုန်မြန်လွန်းလှသည်။ လေယာဉ်ဆိုက်သောအခါ၊ ရွှီလော့ယန်က သန်းရင်း၊ ချီချန်အန်း၏ပခုံးထက် သူ့နဖူးကို မသိလိုက်ဘဲ ပွတ်သပ်မိသွားသည်။ 


သူ့လက်က သူ၏ရှပ်အင်္ကျီစကို ဆွဲဆုပ်ထားကာ "ငါတို့ဘာလို့ ဒီလောက် မြန်မြန်ကြီး ရောက်လာတာလဲ" ဟု မေးလိုက်သည်။ 


သူက မျက်လုံးတောင် မဖွင့်နိုင်သေးပေ။


ချီချန်အန်းက အနည်းငယ်ရှုပ်ပွနေသည့် သူ့ဆံပင်ခွေလေးများကို အသာအယာဆွဲဆန့်ကာ "ကိုယ်တို့ ဒီ‌ကို ရောက်နေပြီလေ။ သွားကြစို့။ လေယာဉ်ပေါ်ကဆင်းရင် မင်းအလုပ်တွေရှုပ်နေတော့မှာ။"


ရွှီလော့ယန်က ကိုယ်ကို မနည်းထိန်း၍ရပ်လိုက်ကာ ၊ နှစ်စက္ကန့်မျှအကြာတွင် သူက ချီချန်အန်းထံ ပြန်၍ ပစ်လှဲချလိုက်သည်။ 


"လေယာဉ်ကဆက်သွားနေပြီး မရပ်တော့ရင်ကောင်းမယ်လို့ တွေးမိတယ်။ အဲ့ဒါဆို ငါမင်းနဲ့ အမြဲတမ်း အတူတူရှိနေနိုင်ပြီ။"


ထိုသို့ပြောကာ သူကသက်ပြင်းချလိုက်သည်။


"ငါ တစ်ချိန်လုံး ကင်မရာတွေနဲ့ ဝိုင်းခံထားရတာ။ အဲ့ဒါကို နေသားကျနေခဲ့ပြီးတော့၊ ငါ့အလုပ်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တာမို့ ရေးကြီးခွင်ကျယ်လည်းမဟုတ်ပါဘူး တွေးထားခဲ့တာ။ ဒါပေမယ့် အခု မင်းနဲ့အတူတူရှိနေပြီးတော့၊ ဒါက နည်းနည်း မွန်းကြပ်လာသလို ခံစားရတယ်။ ငါ မင်းကို ကင်မရာအောက်မှာ သာမန်လိုမျိုး တွဲထားလို့မရသလို၊ ငါဖက်ချင်တဲ့‌အချိန်တိုင်းလည်း မင်းကို ဖက်လို့မရဘူး။"


စကားအဆုံးတွင် ရွှီလော့ယန်၏နာကြင်မှုတို့က အလုံးအထည်ပင်ပေါ်လာတော့မလိုပင်။


"မင်း နောက်ကျရင် ဒီကိစ္စကို စိုးရိမ်စရာ မလိုတော့ပါဘူး" 


ချီချန်အန်းက သူ့ကို ချော့မော့လာသည်။ 


"လေယာဉ်ပေါ်ကဆင်းပြီးရင် မင်းနဲ့အတူတူ ကိုယ်တို့ ဟိုတယ်ကိုသွားကြမယ်။ ပြီးရင် မင်းက ကိုယ့်ကို ညအိပ်ဖို့ခေါ်ထားလေ။ အဆင်ပြေတယ်မဟုတ်လား။"


ရွှီလော့ယန်က ချက်ချင်း ပြုံးရွှင်သွားတော့သည်။ 


"အင်း အင်း။ သေချာတာပေါ့။"


သို့သော်ထင်ထားသည့်အတိုင်း သူလေယာဉ်ပေါ်မှဆင်းလိုက်သည်နှင့် ရွှီလော့ယန်က ဝန်ထမ်းများထံမှ ဝန်းရံခံလိုက်ရသည်။ စတိုင်လစ် မူလန်က၊ သူ့အတွက် ပခုံးတွင်လွယ်ရသည့်အိတ်တစ်လုံးကို ယူလာကာ၊ သူ့အား ခေါင်းဖျားမှခြေဆုံးထိ ရှာဖွေပြီး ဓာတ်ပုံဆရာက ဓာတ်ပုံရိုက်ရန်ခွင့်မပြုပေးမီ ကြည့်ကောင်းနေရန် သေချာပြုပြင်ပေးလိုက်သည်။ 


ထိုအချိန်တွင် C မြို့၌၊ ညနေပိုင်းအချိန်ဖြစ်ပြီး ရွှီလော့ယန်၏ ဝေးပေါ်အကောင့်မှ လေဆိပ်ရှိ သူ့ဓာတ်ပုံကို တင်လာလေသည်။ သတင်းကိုစောင့်နေသည့် ပရိသတ်များက လျှင်မြန်စွာ ပြန်လည်ဝေမျှလိုက်ကြသည်။ သို့သော် မကြာမီပင်၊ စူးရှသည့်မျက်လုံးရှိသည့် ပရိသတ်များက သတိထားမိသွားကြ၏။


"ငါပဲ ထင်ယောင်ထင်မှားဖြစ်နေတာလား သူ့ဘေးက လူက မစ္စတာချီမလား။ အတည်ပြုချက်ကို တောင်းဆိုပါတယ်။"


"-ဒါဆို ဒါက အုပ်စုလိုက်ကြီးအမြင်မှားတာပဲဖြစ်ရမယ်။ ဘာဖြစ်လို့လဲဆို၊ ငါလည်း သူ့ကို မြင်လိုက်ရတယ်။ ဒါပေမယ့် ဒီအပိုင်းက မစ္စတာချီရဲ့ ခရီးစဉ်ထဲမှာ မပါဘူးမို့လား။ ငါအခုလေးတင် သွားကြည့်လာပြီးပြီ။ လမ်းပေါ်ကပုံတွေ၊ လေဆိပ်ကပုံတွေ တစ်ခုမှ မတင်ထားဘူး။"


"- အား အား အား မြေခွေးအော်သံ...၊ မစ္စတာချီရဲ့ လက်ထဲက ဘာပစ္စည်းတွေတုန်း အဲ့ဒါက လော့ယန်ရဲ့ duffel အိတ်အမဲရောင်နဲ့ hat mask မို့လား။ [ပုံ] "


"-- အိုက်ယား...ဘုရားရေ။ ငါတို့တွေ အရမ်းကိုကြီးကျယ်တဲ့ လျှို့ဝှက်ချက်တစ်ချို့ကို ရှာတွေ့ခဲ့တာများလား။ [စိတ်လှုပ်ရှားနေ.jpg]"


ကားပေါ်သို့တက်ကာ ဝေးပေါ်ထဲဝင်၍ တင်ထားသည့်ဓာတ်ပုံအား တုံ့ပြန်မှုများကို ကြည့်လိုက်သည့် ရွှီလော့ယန်မှာလည်း ထိတ်လန့်သွားရသည်။ 


"ဒီလောက်အချိန်တိုလေးအတွင်းမှာ၊ စာလုံးရေနှစ်ထောင်လောက်ရှိတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ကို ဘယ်လိုတောင် ကြီးမြတ်လှတဲ့လက်တစ်စုံက ဖန်တီးလိုက်တာလဲဆိုတာ ငါလည်းမသိလိုက်ပါလား" 


ချီချန်အန်းက သူ့အနားတိုးလာကာ "စာလုံးရေနှစ်ထောင်လောက်ရှိတဲ့ ဇာတ်လမ်းတိုလား အဲ့ဒါက ဘာအကြောင်းလဲ။"


မသိလိုက်ဘာသာနှင့် ဖုန်းကိုပိတ်လိုက်ကာ၊ ရွှီလော့ယန်၏အမူအယာက အနည်းငယ် သဘာဝမကျဖြစ်နေလေသညါ။


အဲ့ဒါက သူနဲ့ချီချန်အန်းတို့ လေယာဉ်ပေါ်မှာ လေယာဉ်ပျံကစားနည်းတွေ ကစားခဲ့ကြပြီး သူ့ကလည်း အကြီးအကျယ် ဆင်ဆာဖြတ်ခံထားရတဲ့အတွက် လုံးဝ ပင်ပန်းနွမ်းနယ်နေတာမို့ ချီချန်အန်းက သူ့ရဲ့အိတ်၊ mask နဲ့ မျက်မှန်ကို ကူသယ်ပေးလာရတာဆိုတဲ့ အကြောင်းလေ။ 


အဲ့ဒါက မထင်မှတ်ထားလောက်အောင်ကို အရမ်းကို စေ့စေ့စပ်စပ် ရေးထားသေးတယ်။


ဒါကြောင့်မို့ ဒီလိုအရည်အသွေးမြင့်မားပြီး ပြင်းထန်လှတဲ့ အကြောင်းအရာကို ချီချန်အန်းကို မပြတာက ပိုပြီးကောင်းမယ်......။

------------


ထိုအရာများ အားလုံးပြီးနောက်၊ သူစဉ်းစားထားသည့် ချီချန်အန်းနှင့်အတူတူညစာစားရန် အကြံမှာ လှည့်စားမှုတစ်မျိုးသာဖြစ်ပြီး အနည်းငယ်အချောင်ခိုရန်စီစဉ်ထားသည့် အကြံလေးမှာလည်း ဟန်ပြသာဖြစ်သွားခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော်၊ အရာအားလုံးမှာ အိမ်မှာရှိနေစဉ်ကနှင့် မကွာခြားသွားပေ။ သူက အရမ်း အလုပ်ရှုပ်နေတုန်းပဲ။ 


ပြီးတော့ သူက ယာယီဘာသာပြန်အနေနဲ့လည်း လုပ်ရသေးသည်။ သူက ဒီမှာတက္ကသိုလ်တက်ခဲ့ပြီး အင်္ဂလိပ်စကားမှာ သူ့ရဲ့ဒုတိယဘာသာစကားဖြစ်နေသည့်အတွက်ကြောင့်ပင်။ သုံးရက်အတွင်း မဂ္ဂဇင်းအင်တာဗျူးများ၊ ဒီဇိုင်နာများ၊ ဘရန်းမန်နေဂျာများဆီသို့ အလည်အပတ်သွားပြီး လျှောက်ပတ်ပြီးသည့်အခါ၊ ရွှီလော့ယန်မှာ လုံးဝကို ပင်ပန်းသွားပြီဖြစ်သည်။သူ ရှိုးပွဲမှာထိုင်လိုက်သည့်အချိန်မှသာ စိတ်သက်သာရစွာ သက်ပြင်းတစ်ချက်ချလိုက်မိသည်။ 


သူ့နေရာတွင်ထိုင်ပြီး နောက်တစ်ခေါက် ပုံရိုက်ရန် pose ပေးပြီးနောက်၊ ရွှီလော့ယန်က တင်းမာနေသည့်အာရုံကြောများကို ဖြေလျော့ရန် အခွင့်အရေးယူကာ၊ ကျွမ်းကျင်စွာနှင့် သူ့စိတ်သူဗလာကျင်းလိုက်သည်။


သို့သော် သူဒီတိုင်း ကြည့်နေမိစဉ်၊ ရုတ်တရက်၊ catwalk လျှောက်ပြသည့် ဝတ်စုံမှာ ချီချန်အန်းသာဝတ်လိုက်မည်ဆိုပါက မည်မျှပင် ကြည့်ကောင်းမည်ကို သူသတိထားမိသွားသည်။ 


ဒီတစ်ခုလည်း ကြည့်လို့ကောင်းတယ်။ပြီးတော့ အဲ့ဒီ tie ကလည်း ကြည့်လို့ကောင်းနေတာပဲ။ 


သို့နှင့် နောက်ပိုင်းတွင်၊ ရွှီလော့ယန်ကရှိုးပွဲကို အလွန်ပင်အာရုံစိုက်ကာ ကြည့်၍ ချီချန်အန်းအတွက် အဝတ်အစားရွေးပေးနေလေသည်။


ရှိုးပြီးသွားသည့်အခါ၊ ရွှီလော့ယန်က မျက်စိတမှိတ်အတွင်း ငွေနှစ်သန်းကျော်မျှ သုံးစွဲခဲ့သည့်အတွက် ကျန်းသုန့်က ထိတ်လန့်သွားခဲ့သည်။


"နှစ်သန်းတစ်ရာနဲ့ရှစ်ဆယ်၊ အဝတ်သုံးစုံ။ မင်းက ငွေကိုရေလိုသုံးတယ်ဆိုတဲ့ အဓိပ္ပာယ်ကို လက်တွေ့ပြသဖို့ သရုပ်ဖော်နေတာလား။" 


ကျန်းသုန့်မှာ ရွှီလော့ယန်၏ပခုံးကိုရိုက်၍၊ 'ဘယ်လိုလုပ်ပြီး မင်းအတွက် ဒီလောက်ဈေးကြီးတဲ့ အင်္ကျီတွေဝတ်ဖို့ စိတ်မပူရတာလဲ' ဟု မေးချင်စိတ်များ ဖြစ်ပေါ်နေလေသည်။


ရွှီလော့ယန်က အလွန်ကောင်းသည့် အကြောင်းပြချက်ရှိနေသည်။ 


"ဒါတွေက ချန်အန်းနဲ့ဆို ကြည့်ကောင်းမှာ။" 


ပြီးတော့ ချီချန်အန်းနဲ့ယှဉ်ရင် ဒါတွေက နည်းနည်းတောင် ဈေးပေါနေသေးတယ်လို့ သူတွေးနေမိသည်။ သို့သော်လည်း ဤသို့ပြောလိုက်ပါက ကျန်းသုန့်၏ဒေါသရေချိန်ကို ပို၍တိုးသွားစေမည်စိုးသဖြင့် သူ့ပါးစပ်ကို ပိတ်ထားရန်သာ ဆုံးဖြတ်လိုက်သည်။


"....."


ရွှီလော့ယန်၏မျက်ဝန်းထဲမှ ထင်သာမြင်သာသည့်အပြုံးကိုကြည့်ကာ ကျန်းသုန့်မှာ ဒါက တကယ့် စိန်နဲ့လုပ်ထားတဲ့ ခွေးစာပဲ ဟု ခံစားနေရသည်။


နောက်တစ်နေ့နေ့လည်တွင်၊ ကျန်းသုန့်က သူတို့အဖွဲ့သားများကို သူတို့နိုင်ငံသို့ အရင်ပြန်ခေါ်သွားခဲ့ပြီး ရွှီလော့ယန်ကတော့ နေရစ်ခဲ့လေသည်။ brand ဘက်မှ ငှားထားပေးသော ဟိုတယ်အခန်းထဲတွင်၊ သူက အထုပ်များဖြည်နေရင်း ချီချန်အန်းကို စိတ်အေးလက်အေး စကားလှမ်းပြောနေသည်။


"ကျန်းကောက တကယ်ကြီး ငါ့ကို သူံးရက်တောင် အနားယူဖို့ ခွင့်ပေးလိုက်တာကို ငါမယုံနိုင်သေးဘူး။ ဒါပေမယ့် ချန်အန်း၊ ခနနေ ငါတို့ဘယ်သွားကြမှာလဲ။ ငါကိုတကယ်ပဲ ကြိုပြီး မပြောပြတော့ဘူးလား။"


သူ့မျက်လုံးများနှင့်တိုက်ခိုက်မှုများအောက်၊ ချီချန်အန်းက လျှို့ဝှက်ထားဆဲဖြစ်သည်ကို သိသွားသည့်အခါ၊ ရွှီလော့ယန်က သက်ပြင်းရှည်ကြီးချကာ၊ အဝတ်များက ရှုပ်ပွနေပြီး ဆုံးရှုံးသွားသည့်မျက်နှာပေးလေးနှင့် သူက ပြောလိုက်သည်။ 


"အချစ်က ခဏလေးနဲ့ ထွက်ပြေးသွားပြီ။ အချိန်ခဏလေးပဲရှိသေးတာကို မင်းက ငါ့ကို မချစ်တော့ဘူးဘဲ။"


ခိုင်မာသည့် လိုင်းကျွမ်းကျင်မှုများကို ပြသလိုက်သည်။


 (ဒီ လိုင်းဆိုတာက ရုပ်ရှင်ရိုက်ရင် သုံးကြတဲ့ စကားလုံးပါ၊ ကိုယ်ပြောရမယ့်ဇာတ်ကွက်ထဲက စာသားကို သူများရသွားတာတို့ဘာတို့ဆိုလည်း လိုင်းခိုးတယ်လို့ ပြောကြပါတယ်။) 


သူ့အမူအယာနှင့် လေသံတို့ကြောင့် သဘောတကျဖြစ်သွားကာ ချီချန်အန်းက ရွှီလော့ယန်ကို ရင်ခွင်ထဲဆွဲသွင်းလိုက်ပြီး ခေါင်းငုံ့ကာ သူ့နှုတ်ခမ်းထောင့်လေးများကို နမ်းလိုက်သည်။ 


"ကိုယ်ဆယ်နှစ်လောက် နေလာတဲ့နေရာကို မင်းကိုခေါ်သွားမလို့ပါ။"


ရွှီလော့ယန်၏ မျက်လုံးများ အတမ်ငယ်ပြူးကျယ်သွားရသည်။ 


နတ်ဆိုးရဲ့ သားရဲတွင်းလား...။


နှစ်နာရီခန့်အကြာတွင်၊ အိမ်ယာအသေးလေးတစ်ခု၏ရှေ့၌ ကားကရပ်လိုက်သည်။


ရွှီလော့ယန်က ကားတံခါးကိုဖွင့်ပြီး မြေပြင်ပေါ်ဂရုတစိုက်ခြေချလိုက်သည်။ အနီနှင့်ခရမ်းအဆင်းရှိသည့် ပန်းရိုင်းများက သူ့ခြေထောက်အောက်တစ်လျှောက် ဖူးပွင့်နေကာ၊ မဝေးလှသည့်နေရာမှ တောင်ခြေရင်းကို မြက်ပင်များဖြင့် ဆက်သွယ်ထားလေသည်။အနီးအနားတွင် လူတစ်ယောက်မှရှိမနေပေ။ ငှက်များ၏သီးချင်းဆိုသံတို့ကို ပြတ်ပြတ်သားသားကြားနေရသည်။ လိပ်ပြာများက ဟိုဟိုသည်သည်မှ ထွက်လာကာ ‌စီးဆင်းနေသည့် ရေတိမ်တိမ်သေးငယ်သည့်စမ်းချောင်းငယ်လေးကို အဝေးမှ လှမ်းမြင်နိုင်လေသည်။


ကောင်းကင်မှာ ဆေးကြောထားသကဲ့သို့ ပြာလဲ့နေပြီး ချီချန်အန်း၏အဖြူရောင်ရှပ်အင်္ကျီမှာ နေရောင်ခြည်အောက်တွင် တောက်ပနေလေသည်။ အင်္ကျီလက်များကို တံတောင်ဆစ်အထိ ပင့်တင်ထားကာ၊ သူက သံဖြင့်ထွင်းထုထားသည့် တံခါးလက်ကိုင်ကိုဖွင့်ကာ ရွှီလော့ယန်အား ပြုံး၍မေးလာသည်။


"မင်းမလာတော့ဘူးလား။"


ရွှီလော့ယန်က ပြန့်ကျဲနေသည့်သူ့အာရုံများကို စုစည်းကာ နောက်မှ ခပ်သွက်သွက်လေး လိုက်သွားလိုက်သည်။


ဂိတ်တံခါးမှ ဝင်လိုက်လျှင် အုတ်နှင့်ကျောက်များဖြင့် စီတန်းထားသော ဖြောင့်ဖြူးသည့်လမ်းရှိပေသည်။ သေသေသပ်သပ်ညှပ်ထားသည့် မြက်ခင်းပြင်များ၊ စကျင်ကျောက်များဖြင့်ထွင်းထုထားသည့် ရေပန်းမှ ရေများတဖွားဖွားထွက်နေပြီး၊ ခြုံပုတ်အတည်းငယ်နှင့် ရာစုနှစ်အနည်းငယ်ရှိနေပြီဖြစ်သည့် သစ်ပင်အိုကြီးများလည်း ရှိသည်။ ဥယျာဉ်မှာ စိမ်းလန်းစိုပြည်နေပြီး အစိမ်းရောင်သစ်ရွက်များဖြင့် လုပ်ထားသည့် နံရံများ၊ စာကလေးပန်းပင်များနှင့် လူပင်သစ်ပင်များတို့က နေရာတိုင်းတွင် မြင်နိုင်လေသည်။ သိပ်မဝေးသည့်နေရာတွင်၊ အစိမ်းရောင်နွယ်ပင်များက အုတ်နီရောင် သုံးထပ်အဆောက်အဦး၏မျက်နှာစာအထိတွယ်တက်နေကာ၊ အဖြူရောင်ပြတင်းပေါက်အနည်းငယ်ကိုသာ မြင်နိုင်လေသည်။


ထူးဆန်းသည့်ပုံစံဖြင့် သော့ကိုထုတ်ကာ အဆောက်အဦး၏တံခါးကို ချီချန်အန်းဖွင့်လိုက်သည်ကို မြင်သော်၊ ရွှီလော့ယန်က နည်းနည်းလောက် သိချင်သွားသည်။ 


"ဒီမှာ ဘယ်သူမှ မနေဘူးလား။" 


ဒီအိမ်ကြီးက နတ်ဆိုးစွမ်းအင်တွေပေါ်မှီခိုပြီး သူ့ဘာသာသူ မြက်ခင်းတွေကို သေသေသပ်သပ်ရိပ်၊ သစ်ရွက်တွေ၊သစ်ကိုင်းတွေကို ချိုင်ထားတာများလား။ 


"ဒီအိမ်နဲ့အပင်တွေကို စောင့်ကြည့်ပေးနေတဲ့လူတွေရှိတယ် သူတို့က ဒီမှာပဲနေတာ ဒါပေမယ့် ငါနှစ်ရက်လောက် ဒီမှာလာနေမယ်ဆိုလို့ မနေ့ကပဲ သူတို့ထွက်သွားကြတာ။"


ခေါင်းတငြိမ့်ငြိမ့်ဖြင့် ချီချန်အန်းအနောက်မှလိုက်ကာ ရွှီလော့ယန်အိမ်ထဲလိုက်ဝင်လာခဲ့ပြီး အိမ်က ခေတ်ဟောင်းစတိုင် အလှဆင်ထားသည်ကိုတွေ့လိုက်ရသည်။ ကြီးမားသည့် သိုးမွှေးကော်ဇောများ၊ ကြမ်းပြင်မှ မျက်နှာကြက်အထိမြင့်သည့် ပြတင်းပေါက်များ၊ ကျေားသားနံရံပေါ်လှပစွာ ထွက်ထုထားသည့် ပန်းပုများနှင့် ငွေဖြင့်ပြုလုပ်ထားသည့် အဆင်တန်ဆာများ။ အရာအားလုံးမှာ ခေတ်နောက်ပြန်ရောက်သွားသကဲ့သို့ပင်။


ချီချန်အန်းက နံရံကပ်မီးအိမ်ကိုဖွင့်လိုက်ကာ၊ ရွှီလော့ယန်ကို အပေါ်ထပ်သို့ ခေါ်သွားရင်း ပြောပြနေလိုက်သည်။ 


"ကိုယ်အလယ်တန်းတုန်းက ဘော်ဒါကျောင်းမှာ တက်ခဲ့တာ။ အားလပ်ရက်တိုင်း ဒီကိုပြန်လာပြီး ကိုယ်တစ်ယောက်တည်း နေတယ်။ တက္ကသိုလ်တက်တုန်းကလည်း အတူတူပဲ။ ကိုယ့်ရဲ့ အားလပ်ရက်တွေအကုန်လုံး ဒီနေရာမှာပဲ အချိန်ဖြုန်းခဲ့တာ။"


အပြင်ဘက်မှ တောအုပ်ငယ်လေးအကြောင်းတွေးမိကာ၊ ရွှီလော့ယန်က သူ့ကိုမေးလိုက်သည်။ 


"ဒီနေရာမှာ တစ်ယောက်တည်းနေရတာက အရမ်းကို လစ်ဟာနေတယ်လို့ မခံစားရဘူးလားဟင် မိုးကြိုးမုန်တိုင်းတွေ့ရင်ကော မကြောက်ခဲ့ဘူးလား။"


ချီချန်အန်းက အိပ်ခန်းတံခါး၏ တံခါးဘုလုံးလေးကို လှမ်း၍ လှည့်ဖွင့်လိုက်သည်။ သူ့မျက်ဝန်းထဲ အတိတ်မှအရိပ်အယောင်များဖြတ်ပြေးသွားကာ၊ မသိလိုက်ပါဘဲ စကားကို နှေးနှေးလေးပြောမိသွားသည်။ 


"ကိုယ်‌မကြောက်ပါဘူး အဲ့ဒီအချိန်တုန်းက၊ ကိုယ်တစ်ယောက်တည်းရှိနေတဲ့အချိန်ပဲ လုံခြုံတယ်လို့ ခံစားခဲ့ရတာ။"


ဆေးရုံကုတင်ထက်ဆီမှ လွတ်မြောက်လာကာစ၊ သူ့နံဘေးတွင်ရှိသည့်လူအားလုံးအပေါ်တွင် အမြဲလိုလိုသတိထားနေမိကာ၊ သူ့အာရုံကြောများက အဆုံးစွန်တွင်သာ ရှိနေခဲ့ပြီး ထိုအချိန်ကသူ့ဘဝ၏ စက္ကန့်တိုင်းကို ခက်ခဲစေလေသည်။


မုန်တိုင်းထန်သည့်ညများ၌၊ မုန်တိုင်းကြောင့် အိမ်တစ်ခုလုံးက ကမ္ဘာကြီးနှင့်အဆက်အသွယ်ပြတ်တောက်သွားသကဲ့သို့ ခံစားရသည့်အခါမျိုးမှသာ၊ သူ့ကိုယ်သူအနည်းငယ်အလိုလိုက်ကာ၊ နည်းနည်းလောက်စိတ်လျှော့လိုက်ပြီး အိပ်စက်နိုင်ခဲ့သည်။ 


"ချန်အန်း..."


ရွှီလော့ယန်၏အသံကြောင့် ချီချန်အန်းက ဘေးဘက်သို့လှည့်ကြည့်ကာ၊ အလိုလိုပြုံးလိုက်မိသည်။ 


"ဒါက ကိုယ့်အိပ်ခန်းပဲ ဒီည ဒီမှာအတူတူနေကြမယ်ဆို အဆင်ပြေမလား"


ရွှီလော့ယန်က ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။ 


"အင်း"


_____


ရွှီနျောင်နျောင်ရဲ့ ခံစားချက်သေးသေးလေး: 


အခုနက အခိုက်အတန့်လေးမှာ၊ ဘာကြောင့်မှန်းတော့ ငါမသိပေမယ့် ၊ မင်းဝမ်းနည်းနေတာကို ငါသိတယ်။


__


Translated By IQ-Team.