အပိုင်း ၇၁
Viewers 6k

🍬Chapter 71

------------



နှစ်ဦးသား ယူလာသမျှအဝတ်အစားများကို ဗီရိုထဲသို့ထည့်ကာ၊ အောက်ထပ်ရှိ မီးဖိုခန်းသို့ အတူတူဆင်းသွားကြသည်။ ယခင်က အိမ်ကို စောင့်ရှောက်သူများက ဟင်းချက်ပစ္စည်းအများအပြားကို ထားရစ်ခဲ့ကြသည်။ 


သို့သော် ရွှီလော့ယန်က သူ့လက်ချောင်းများရေတွက်ကာ "ငါ ခရမ်းချဉ်သီးနဲ့ ကြက်ဥတွေကို ပေါင်းလို့ရသားပဲ။ ဆန်ပြုတ်လည်း လုပ်လို့ရတယ်။ ပြီးတော့ ငါ ထမင်းအိုးနဲ့လည်း ထမင်းချက်နိုင်သေးတယ်။"


ရေတွက်ပြီးသွားသည့်အခါ၊ သူအရာတော်တော်များများကို ချက်နိုင်သည်ဟု ခံစားလိုက်ရသည်။


ရွှီလော့ယန်၏ ဘဝင်မြင့်နေသည့်အမူအယာလေးကို မြင်လိုက်ရသည့်အခါ၊ ချီချန်အန်းက သူ့ဆံနွယ်လေးများကို ပွတ်သပ်ပေးလိုက်ကာ "ဒါဆို ခရမ်းချဉ်သီးနဲ့ကြက်ဥ လုပ်စားရအောင် ကိုယ်မင်းကို ခရမ်းချဉ်သီးတွေ ဆေးပေးမယ်။"


နာရီဝက်ခန့်ကြာသော်၊ ညစာမှာ အဆင်သင့်ဖြစ်ချေပြီ။ ရွှီလော့ယန်က ချီချန်အန်းကို တူတစ်စုံကိုလှမ်းပေးလိုက်သည်။ ပန်းကန်ထဲရှိအစားအစာကိုကြည့်ကာ သူပြုံးနေသည်ကိုမြင်လျှင် သိချင်စွာနှင့် သူကမေးလိုက်မိသည်။ 


"မင်းဘာလို့ ‌ဒီလောက်ထိ ပျော်ရွှင်နေတဲ့ပုံနဲ့ ပြုံးနေရတာလဲ။" 


"ချင်းလီမြို့တုန်းက၊ ကိုယ်မင်းကို စတွေ့တုန်းကလည်း မင်း ဒီဟင်းနှစ်မျိုးကို ချက်ပေးခဲ့တာကို သတိရသွားလို့ပါ။ အဲ့ဒီအချိန်တုန်းက ကိုယ် မီးဖိုချောင်အပြင်မှာစောင့်နေပြီး မင်းကိုဘယ်လို ချီးမွမ်းရမလဲလို့ သေသေချာချာစဉ်းစားနေခဲ့တာ။"


ရွှီလော့ယန်က ရှက်သွားပြီး အကြည့်လွှဲလိုက်‌သည်။ 


"အမှန်အတိုင်းပြောရရင်၊ ငါ ကြက်ဥမွှေကြော်ကို ငါးခေါက်လောက်လုပ်လိုက်ရပြီးတော့၊ မင်းရှာမတွေ့အောင်လို့ အဲ့ဒါတွေအကုန် အမှိုက်ပုံးထဲ လွှင့်ပစ်ခဲ့တာ"


"တကယ်တော့ ကိုယ်မြင်လိုက်တယ် အဲ့ဒီပစ်ထားတာတွေကို ကိုယ်ပန်းကန်ဆေးနေတုန်း တွေ့လိုက်တာ ဒါပေမယ့် အဲ့ဒီအချိန်တုန်းက ကိုယ်မမြင်ချင်ယောင် ဆောင်ခဲ့တာလေ"


မျက်လုံးလေးများ အနည်းငယ် ပြူးကျယ်လာကာ၊ ရွှီလော့ယန်က သူ့မျက်နှာကို စားပွဲပေါ်တင်လိုက်ပြီး အော်ဟစ်ညည်းညူတော့သည်။ 


"ငါ ဒီအမှန်တရားကြီးကို လုံးဝမသိချင်ဘူးလို့။"


ငါ မျက်နှာရဖို့လိုသေးတယ်လေ။


နေ့လည်စာစားပြီးသည့်အခါ၊ နှစ်ဦးသား လမ်းလျှောက်ထွက်ကြသည်။ ‌ခပ်နွေးနွေးတိုက်ခပ်နေသော လေပြည်များနှင့် သာယာလှပသည့် ဧပရယ်နေ့လေးတစ်နေ့ပင်။ မြက်ခင်းများပေါ်လှဲလျောင်းလိုက်ပြီး ရွှီလော့ယန်က ပြန်မထချင်တော့ပေ။ သူက ချီချန်အန်းကိုပါ ဆွဲချ၍ သူနှင့်အတူ အချိန်ဖြုန်းရန် ကြိုးပမ်းလိုက်သေး၏။


ခရမါးရောင်ဖျော့ဖျော့ ပန်းရိုင်းလေးတစ်ပွင့်ကို ခူးဆွတ်လိုက်ကာ၊ ရွှီလော့ယန်က ချီချန်အန်းကိုပေးလိုက်သည်။


"ငါမှတ်မိသေးတယ်။ငါ့အမေ ဆယ်ကျော်သက်အရွယ်၊ စိတ်လှုပ်ရှားတတ်တဲ့ နှလုံးသားလေးရှိနေတုန်းကပေါ့။ သူမက ငါ့အဖေကို နေ့တိုင်း ဒီနေရာကိုလာပြီး ရဲတိုက်တစ်တိုက်ဝယ်ဖို့ ပြောတတ်တယ်။ ဒီနေရာလိုမျိုး၊ တောင်တွေနဲ့ ဟင်းလင်းပြင်ကြီး၊ ရေကန်တွေနဲ့၊ မြက်ခင်းပြင်တွေရော။ သူမကို ထောက်ခံဖို့အတွက်နဲ့ ဒီမိသားစုဆုံးဖြတ်ချက်ကို ခိုင်မာအောင်လို့ သူမက ငါ့ကိုပါစည်းရုံးသေးတယ်။ ငါတို့မိသားစုက ရဲတိုက်ကြီးထဲမှာနေကြမယ်၊ သူမက ဘုရင်မဖြစ်ပြီးတော့၊ ငါက မင်းသားလေးလုပ်လို့ရတယ်တဲ့။ အဲ့ဒီတုန်းက ငါက ဒုတ်ိယတန်း တက်နေတုန်းပဲ။"


"ပြီးတော့ရော ဘာဖြစ်သွားသေးလဲ။"


"ပြီးတော့၊ ဇနီးသည်ကို အလိုလိုက်တဲ့ မိစ္ဆာဘုရင်လို ငါ့အဖေက၊ ငါ့အမေကို ရဲတိုက်တွေကိုကြည့်ဖို့ ခေါ်လာခဲ့တယ်လေ။ ဒါပေမယ့် ရဲတိုက်က ဈေးကြီးလွန်းတာမို့၊ တစစီကို လက်နဲ့ သေချာပြန်တပ်ရတဲ့ ရဲတိုက်ပုံစံငယ်လေးတစ်ခုပဲ ဝယ်ပြီးပြန်လာခဲ့ရတယ်။"


ချီချန်အန်းက သူ့ညာဘက်လက်ပေါ် ခေါင်းအုံးအိပ်လိုက်ကာ၊ ဘေးဘက်သို့လှည့်၍၊ ဘယ်ဘက်လက်ဖြင့်‌ နေရောင်ကို ရွှီလော့ယန်အတွက် ကာပေးလိုက်သည်။ 


"ဒါဆို သူတို့တွေ အရမ်းစိတ်ပျက်သွားကြလား။"


"လုံးဝပဲ အမေက သူပြန်လာတာနဲ့ ချက်ချင်း ငါ့ကိုဖက်ပြီး ငိုချင်ယောင်ဆောင်တော့တာပဲ။ သူမက ပြောသေးတယ်။ ပန့်ကုန်းရဲ့ နျောင်နျောင်အာ... အမေ့အတွက် သားကို မင်းသားလေးဖြစ်အောင်လုပ်ပေးဖို့ နည်းလမ်းမရှိတော့ဘူး ဒါကြောင့် သားရဲ့ဝမ်းနည်းမှုတွေကို အားအင်အဖြစ်ပြောင်းပြီး ဒီရဲတိုက်ရဲ့ ပုံစံငယ်လေးကို ဆက်ရအောင်တဲ့။" 


ထိုသို့ပြောကာ ရွှီလော့ယန်က သူ့မျက်နှာလေးကြိ ဆူပုတ်ပုတ်လေး လုပ်ကာ၊ "အဲ့ဒီ ရဲတိုက်ပုံစံငယ်လေးက တော်တော်ရှုပ်တာ။ ဒါပေမယ့် အဲ့ဒီအချိန်တုန်းက ငါက အရမ်းကို ဉာဏ်ကောင်းပြီးလိမ္မာတာမို့၊ ငါက သူမပြောတာကို အတည်ယူလိုက်ပြီးတော့ နွေရာသီအားလပ်ရက်တစ်ဝက်လောက်ကို အဲ့ဒီရဲတိုက်လေးကို ဆောက်ရင်း ကုန်သွားခဲ့ရတယ်လေ။"


သူက ထိုအကြောင်းကို အကျဉ်းချုပ်လိုက်သည်။ 


"ဒါက ဝေဒနာတွေနဲ့ ကြီးပြင်းလာရတဲ့ အကြောင်းပဲ။"


ချီချန်အန်းက သူ့ကို ခဏလောက် နင့်နင့်သည်းသည်းစိုက်ကြည့်နေကာ၊ သူ့ရဲ့မျက်လုံးထောင့်လေးကို ငုံ့နမ်းလိုက်သည်။ 


သူက နူးညံ့စွာဖြင့် "နျောင်နျောင်" ဟု ခေါ်လာ၏။


"ဟင်"


"မင်းသိချင်လား........ ကိုယ့်အိမ်မှာ ဘာတွေဖြစ်ခဲ့လဲဆိုတဲ့ အကြောင်းကိုလေ။"


တိတ်ဆိတ်မှုက နှစ်ဦးကြားကျရောက်လာကာ သူတို့နှစ်ဦးကြားတိုက်ခတ်နေသည့် လေပြည်ညှင်းသည်သာ မူလအတိုင်း ကျန်ရစ်သည်။


ရွှီလော့ယန်က မျက်တောင်ခတ်လိုက်မိသည်။ အချိန်တော်တော်ကြာ အတူတူကုန်ဆုံးပြီးသည့်အခါတွင်၊ ဤအကြောင်းအရာနှင့် ပတ်သက်၍ ချီချန်အန်းက မည်မျှထိ လျှို့ဝှက်ထားချင်လဲဆိုသည်ကို သူရိပ်စားမိလေသည်။ ထို့ကြောင့် ရံဖန်ရံခါ၊ သူ၏မိဘများအကြောင်းကို သူပြောပြတတ်သော်လည်း ချီချန်အန်းအား ထိုအကြောင်းမေးရန် သူမည်သောအခါကမျှ စကားမစခဲ့ပေ။


ထို့ကြောင့် ယခု ချီချန်အန်းက ဤကဲ့သို့မေးလာရာ၊ ရွှီလော့ယန်က အနည်းငယ် တုံ့ဆိုင်းနေမိသည်။ 


"ငါ မေးလို့ရလား" 


သူမသိချင်ဘူးလို့ ပြောပါက ညာနေခြင်းသာဖြစ်မည်။ တစ်ခါတစ်လေ သူစိုးရိမ်မိသည်။ 


ချီချန်အန်းရဲ့ ဆွေမျိုးတွေက သူ့ကို သဘောမကျဘဲ၊ ဒေါ်လာသန်းငါးရာပါသည့် ချက်လက်မှတ်ကို သူ့ရှေ့မှာ ပစ်ချကာ ချီချန်အန်းကို ထားပြီးထွက်သားရန် ပြောခဲ့လျှင် ဘယ်လိုလုပ်မလဲ။


"သေချာပေါက် မေးလို့ရတာပေါ့။" 


ထိုစကားလေးလုံးကို ပြောသည့်အခါ၊ ချီချန်အန်း၏လည်ချောင်းတို့ ခြောက်ကပ်သွားလေသည်။ အသက်ရှုသွင်းလိုက်ကာ သူဆက်ပြောသည်။ 


"မင်းသိချင်တဲ့ အရာအကုန်လုံး ကိုယ့်ကိုမေးလို့ရတယ်"


နောက်ဆုံးတစ်ခေါက်၊ ရွှီလော့ယန် သူ့ကို "မင်း သေချာပေါက် ငါ့ကိုလိုချင်နေတာပဲကို ဘာဖြစ်လို့ ဟန်ဆောင်နေရတာလဲ" ဟု မေးလာခဲ့ပြီးနောက်ပိုင်းတွင် ရွှီလော့ယန်က ထို‌အကြောင်း သူ့အား ဘယ်တော့မှ ထပ်ပြီး‌မေးမလာတော့သည်ကို မသိမသာဖြင့် ချီချန်အန်းက သတိထားမိသည်။ 


နှစ်ယောက်သားမှာ ညတိုင်း အတူတူပွေ့ဖက်ပြီး အိပ်စက်ကြကာ၊ မနက်နိုးလာသည့်အခါတွင်လည်း အနမ်းများဖလှယ်ကြပြီး အရာအားလုံးက အရင်ကအတိုင်းပင်။


သို့သော်၊ သူ့အနေနှင့် ရွှီလော့ယန်၏ အလိုလိုက်သည်းခံနေမှုအပေါ်သာ မှီထား၍မဖြစ်ကြောင်း ချီချန်အန်းက ကောင်းစွာသိရှိလေသည်။ ရွှီလော့ယန်က ဂရုမထားသည့်ဟန်‌ပြထားပြီး ဗွေမယူသော်လည်း သူက ထိုအကြောင်းတွေးနေမိကာ စိတ်မကောင်းဖြစ်နေပေလိမ့်မည်။


ယင်းက သူ့ရဲ့ပြဿနာဖြစ်သည့်အတွက် သူ့ဘက်မှစတင်၍ ပထမခြေလှမ်းကို လှမ်းမှရပေလိမ့်မည်။


ချီချန်အန်း၏ မူမမှန်သည့်အသက်ရှုနှုန်းကို သတိထားမိကာ၊ ရွှီလော့ယန်က လေသံဖျော့ဖျော့လေးဖြင့် အခြေခံအကျဆုံး မေးခွန်းမှစတင်ကာ အစမ်းသဘောဖြင့် မေးကြည့်လိုက်သည်။ 


"ဒါဆို... ချန်အန်း။ မင်းမှာ အမျိုးတွေ ရှိလားဟင်။"


"အင်း။ ကိုယ့်မှာ ချီချန်ယင်းလို့ ခေါ်တဲ့ အစ်ကိုတစ်ယောက်ရှိတယ်။"


ချီချန်ယင်း....။ ထိုနာမည်အား ရွှီလော့ယန်ရင်းနှီးနေသလိုပင်။ သို့သော် သူက သိပ်ပြီး စဉ်းစားမနေဘဲ ဆက်မေးလိုက်သည်။ 


"သူက အခု နိုင်ငံထဲမှာလား"


"ဟင့်အင်း။ သူက အမြဲလိုလို Montreal မှာပဲနေပြီး အလုပ်ကိစ္စနဲ့မဟုတ်ရင် မလာတတ်ဘူး။" 


ချီချန်အန်းက အနည်းငယ် ဖြေလျော့လာသည်။ သို့သော် ချက်ချင်းဆိုသလို ရွှီလော့ယန်မေးလာသည့်မေးခွန်းကို ကြားလိုက်ရသည်။ 


"မင်းရဲ့ မိဘတွေကရော။" 


မိဘတွေ။


မီးစလေးတစ်စမှ စတင်လောင်ကျွမ်းလာသည့် မီးတောက်ကြီးတစ်ခုကဲ့သို့၊ ထိုစကားလုံးနှစ်လုံးကို ကြားလိုက်လျှင်ကြားလိုက်ခြင်း၊ ချီချန်အန်း၏ နှလုံးခုန်နှုန်းတို့က မြန်ဆန်လာလေသည်။သူ့မျက်လုံးများအရှေ့၌ သွေးစွန်းနေသည့်အရောင်တစ်ခုတည်းကိုသာ မြင်နေရပြီး မြေပြင်ပေါ်သို့ သွေးများက အဆက်မပြတ်စီးဆင်းနေကာ၊ ‌သူ့အား နစ်မြှုပ်တော့မည့်အလား သူ့ခြေထောက်အောက်ထိတိုင် ပျံ့နှံ့လာတော့မည့်အတိုင်းပင်။


ထိုအခိုက်အတန့်၊ ရွှီလော့ယန်၏ မြင်ကွင်းထဲတွင် ချီချန်အန်း၏မျက်နှာမှာ ရုတ်ချည်း အလွန်အမင်းဖြူလျော့သွားသည်မှာ အလွန်ကြောက်စရာကောင်းသည့် မြင်ကွင်းတစ်ခုကို ကြုံတွေ့လိုက်ရသည့်အလားပင်။ သူ့မျက်လူံသူငယ်အိမ်များက ကျဉ်းမြောင်းသွားကာ၊ နဖူးပြင်ဖက် ချွေးစေးများပင်ထွက်လာလေသည်။


ရင်တုန်ပန်းတုန်ဖြစ်သွားကာ ရွှီလော့ယန်က ထထိုင်လိုက်ပြီး ချီချန်အန်းကို သိုင်းဖက်ကာ သူ၏နောက်ကျောကို ပုတ်၍ ချော့မြူသည့် လေသံပြေလေးဖြင့် "ချန်အန်း ..... ချန်အန်း ငါမမေးတော့ဘူးလေ မတွေးနဲ့တော့။ အဲ့အကြောင်း မတွေးနဲ့တော့နော်။ "


ချီချန်အန်း၏တစ်ကယ်လုံး‌တောင့်တင်းနေပြီး သူ့ကိုယ်က အနည်းငယ်တုန်လှုပ်နေကြောင်း သတိထားမိသွားပြီး ရွှီလော့ယန်က သေချာမတ်မတ်ထိုင်လိုက်ကာ ချီချန်အန်း၏ပါးနှစ်ဖက်ကို သူ့လက်များဖြင့် အုပ်ကိုင်၍ သူ့လေသံကို တတ်နိုင်သလောက် နူးညံ့ညင်သာစွာဖြင့် "ချန်အန်း ငါ့ကိုကြည့်ပါဦး။ ငါ့မျက်လုံးတွေကို ကြည့်လိုက်။"


အကြိမ်ပေါင်းများစွာ ထိုစကားကို အဖန်တလဲလဲပြောပြီးမှ သူတို့မျက်လုံးချင်းဆုံသွားလေသည်။ 


ရွှီလော့ယန်က ပြုံးပြလိုက်ကာ အင်မတန်မှ နူးညံ့သည့်လေသံဖြင့် "အခု၊ ငါ့ကိုပဲတွေး၊ ဟုတ်ပြီလား ငါက မင်းအရှေ့မှာလေ၊ ငါတို့ အခုလေးတင် ညစာအတူတူစားပြီးတာ။ အတူတူလမ်းလျှောက်ကြပြီး ပန်းကန်တွေကို အတူတူဆေးကြောပြီးတော့လေ...... ငါ့တစ်ယောက်တည်းအကြောင်းတွေးရုံနဲ့တင်ရပြီ။ တခြားဘာအကြောင်းမှ မတွေးနဲ့တော့နော်..."


ကုန်ဆုံးသွားသည့် စက္ကန့်တိုင်းက ထာဝရကဲ့သို့ကြာညောင်းလှသည်။ ချီချန်အန်း၏ အသက်ရှုနှုန်းမှာ တဖြည်းဖြည်းနှင့် ပြန်လည်တည်ငြိမ်သွားရန် တစ်မိနစ်ခန့်ကြာခဲ့သည်။ သူ့နဖူးပေါ်မှ ချွေးစေးများကြောင့် ပွယောင်းနေသည့်သူ့ဆံပင်တို့က နဖူးထက် ကပ်တွယ်နေကာ၊ သူ့မျက်ဝန်းအောက်တွင် အနက်ရောင်‌လိုင်းက နက်မှောင်စွာဖြင့်။


ရွှီလော့ယန်က လက်ကိုဆန့်ကာ သူ့ဆံပင်များကို သပ်ပေးလိုက်ပြီး သူ့နှုတ်ခမ်းဖြင့် ချီချန်အန်း၏အေးစက်နေသည့်နှုတ်ခမ်းများထက်တင်၍ဖိကပ်လိုက်သည်။ 


"အဆင်ပြေတယ် အဆင်ပြေသွားပြီ။ ငါပါ ငါဒီမှာရှိနေတယ်။"


_____


Translated By IQ-Team.