Chapter 241
သူက ထိုသို့ ပြုလုပ်နေစဉ် ကျိကျန်းဟုန်က ကျိအုပ်စုနှင့် အောင်ယွီတို့ကြားမှ ပူးပေါင်းလုပ်ဆောင်ခြင်းက ပျက်ဆီးသွားသည်ကို ရရှိသွား၏။
သူက ကျိမူကို ရှာဖွေလိုသည်ဟု ဟန်ဆောင်ကာ မေးမြန်းလိုက်သည်။
"ဘာတွေ ဖြစ်နေတာလဲ..."
ကျိမူက သူ့၏ မျက်ခုံးများ တွန့်ချိုးနေသည်ကို ချက်ချင်း သတိပြုမိသွားပြီး သူ့ကို နှစ်သိမ့်လိုက်သည်။
"ဦးလေး... ကျေးဇူးပြုပြီး ကောင်းကောင်းနားပါ... ကျွန်တော်က အောင်းယွီကို သေချာပေါက် သိမ်းသွင်းနိုင်မှာပါ... ကျွန်တော်ကို အချိန်နည်းနည်းပဲပေးပါ... ဒီကိစ္စပြေလည်သွားစေရမယ်လို့ ကျွန်တော် ကတိပေးပါတယ်..."
ကျိကျန်းဟုန်က စဉ်းစားပေးတတ်ဟန် ပြုလုပ်ကာ ပြန်ဖြေလိုက်သည်။
"အိုး... မင်းရဲ့ တတိယဦးလေးက မင်းအပေါ် မျက်စိဒေါက်ထောက်ကြည့်နေတာတောင် ဒီလောက် အမှုမဲ့အမှတ်မဲ့ လုပ်ရဲတယ်ပေါ့... ထန်ကျားကျိသာ ဒီအကြောင်းသိပြီးအောင်းယွီနဲ့ စကားသွားပြောရင် ဘုတ်အဖွဲ့တွေက ဘယ်လိုထင်မယ် ထင်လဲ... သူတို့က တစ်ခွန်းမှ မပြောရင်တောင် မင်းရဲ့ တတိယဦးလေးက ထကြွပီး မင်းကို ဆန့်ကျင်မယ်ဆိုရင် သူတို့က မင်းဘက်က ပါကြပါဦးမလား... မင်းက မင်းရဲ့ တတိယ ဦးလေးနဲ့ ထန်ကျားကျိကို ဒီအခွင့်အရေးကို အလကား ပေးနေတာ မဟုတ်ဘူးလား..."
"အဲ့လို မဖြစ်ရပါဘူး..."
ကျိမူက ဒေါသထွက်သွားသည်။
"အောင်းယွီက ဒီတစ်ခေါက် ပေါင်းမလုပ်ဖို့ တကယ်ကို ခေါင်းမာနေတယ်လို့ ကျွန်တော် ထင်တယ်... သူတို့ကလည်း ဒီတွဲဖက်လုပ်ဆောင်ရေးကို စောင့်မျှော်နေကြတာ... ဒါပေမဲ့ လောလောဆယ်က သူတို့ကုမ္ပဏီထဲမှာ တစ်ခုခုဖြစ်နေလို့... ထန်ကျားကျိက သူတို့ကို ဆက်သွယ်ရင်တောင် ရလာဒ်က ပြောင်းမယ် မထင်ဘူး..."
"မျှော်လင့်ရတာပဲ..."
ကျိကျန်းဟုန်က သက်ပြင်းချကာ ကျိမူကို ဆုံးမလိုက်သည်။
"မင်းကိုယ်မင်း ကြည့်ဦး... မင်း ဂရုတစိုက်တော့ ရှိရမယ်... အဲ့ဒါဆို တကယ်လို့ မင်းဦးလေးက ပြဿနာရှာလာရင် အနည်းဆုံးတော့ ငါမင်းကို ကာကွယ်နိုင်သေးတာပေါ့..."
ကျိမူက တစ်ကိုယ်တည်း အေးစက်စွာ လှောင်ရယ်လိုက်ပြီး တွေးတောလိုက်သည်။
ခင်ဗျားက ကျုပ်ကို ကာကွယ်ပေးဖို့ ရည်ရွယ်ချက်ရှိရင် မလုပ်နိုင်စရာ ဘာအကြောင်းရှိလို့လဲ...
နောက်ဆုံးကျတော့ သူဆိုသည်မှာ ကျိကျန်းဟုန်ရဲ့သား ကျိယွီရှောင်မဟုတ်သလို ကျိယွီလင်းလဲမဟုတ်ပေ.. အဲ့လိုမှ မဟုတ်ရင် သူ့ရဲ့ တတိယဦးလေး ဘယ်လောက်ပဲ ဟောင်ဟောင်၊ ဘယ်လောက်ပဲ မြင့်အောင်ခုန်ခုန် ဘာအသုံးဝင်မှာလဲ...(သူ့သားမဟုတ်လို့ မကူညီတာလို့ဆိုလိုတာပါ )
သို့သော် ကျိမူက အပြင်ပိုင်းတွင် ညင်သာစွာ တုံ့ပြန်လိုက်ဆဲပင်။
"ကျွန်တော် နားလည်ပါပြီ... ကောင်းကောင်းနားပါ ဦးလေး... ကျန်တာတွေကို ကျွန်တော် ဂရုစိုက်လိုက်ပါမယ်..."
"ကောင်းတယ်..."
ကျိကျန်းဟုန်က သူနှင့်စကားပြောပြီးနောက် ကျိမူအား အားပေးစကား အနည်းငယ် ပြောကာ ထွက်လာလိုက်သည်။
မကြာမီတွင် ကျိမူက ထန်ကျားကျိမှာ တွဲဖက်လုပ်ကိုင်မှုအကြောင်း ဆွေးနွေးရန် အောင်းယွီသို့ သွားသည်ကို အတွင်းရေးမှူးထံမှ သိလိုက်ရသည်။
ကျိမူ၏ လက်များက အေးစက်သွားပြီး ကျောက်ချန်၏ ဖုန်းနံပါတ်ကို အလျင်အမြန် ခေါ်လိုက်သည်။ ကံမကောင်းစွာဖြင့် ကျောင်ချန်၏ ဖုန်းက မအားပေ။ ကျိမူက ဟွမ်ရှင်းကို ဖုန်းခေါ်ရန်မှလွဲ၍ ရွေးချယ်စရာ မရှိတော့ချေ။
"အိုး... အဲ့လူတကယ်ရောက်နေတယ်... ကျွန်တော်တို့က သူနဲ့ ဆွေးနွေးဖို့ တာဝန်ရှိတဲ့ လူတွေပဲ... ကောင်းကောင်းနားပါ ဥက္ကဌကျိ... ကျွန်တော်တို့ သဘောမတူပါဘူး..."
ကျိမူက သက်ပျင်းချလိုက်ကာ ဆက်ပြောလိုက်သည်။
"ဥက္ကဌ ဟွမ်... ကျွန်တော်က အရင်ဆုံး ဒီတွဲဖက်လုပ်ကိုင်ရေးအတွက် ဆက်သွယ်လာတာပါ... လောလောဆယ် ကျိအုပ်စုမှာ ကျွန်တော်ရဲ့ ရာထူးကို ခင်ဗျားသိပြီးသားမလား... အောင်ယွီက စိတ်ပြောင်းသွားပြီး ကျိအုပ်စုနဲ့ ထပ်ပြီး တွဲလုပ်ချင်ရင် ကျွန်တော်နဲ့ စာချုပ်ချုပ်ဖို့ပဲ လုပ်ပါ..."
"ဒါပေါ့..."
ဟွမ်ရှင်းကရယ်လိုက်သည်။
"စိတ်မပူပါနဲ့ ဥက္ကဌ ကျိ... ကျွန်တော်တို့ ဥက္ကဌ ကျောက် စိတ်ပြောင်းသွားတာနဲ့ ကျွန်တော် အစ်ကိုကို့ ချက်ချင်း ဆက်သွယ်လိုက်ပါမယ်..."
"ကောင်းတယ်..."
ဟွမ်ရှင်းက ဖုန်းချလိုက် နှာမှုတ်ကာ ကျောက်ချန်ကို ထပ်ခေါ်လိုက်သည်။
"ဥက္ကဌ ကျောက်... ထန်ကျားကျိဆိုတဲ့လူတစ်ယောက်က အစ်ကိုနဲ့ စီးပွားရေး တွဲဖက်လုပ်ဖို့ ဆွေးနွေးချင်နေတယ်မလား... အစ်ကိုက ငြင်းလိုက်တုန်းပဲမလား..."
သူတို့က အမှန်တကယ်ပင် တစ်ယောက်ယောက်ကို ထပ်ပို့လိုက်သည်ဟု ကျောက်ချန်က တစ်ကိုယ်တည်း တွေးလိုက်သည်။
သူ့ စီနီယာအစ်ကိုက သူ့မိသားစုရဲ့ ကုမ္ပဏီကို ကောင်းကောင်းနားလည်တာပဲ...
"ခဏလေး... ကျွန်တော် အရင်မေးပါရစေ..."
သူက ကျိယွီရှောင်၏ နံပါတ်ကို အလျင်အမြန် နှိပ်ကာ မေးလိုက်သည်။
"စီနီယာ အစ်ကို... အစ်ကိုစောင့်နေတာက ထန်ကျားကျိဆိုတဲ့ လူလား... သူက လောင်ဟွမ်ဆီကို ဆက်သွယ်ပြီး ကျွန်တော်တို့နဲ့ စီးပွားရေး တွဲလုပ်ဖို့ ဆွေးနွေးချင်တယ်လို့ ပြောလာတယ်..."
ကျိယွီရှောင်က ရယ်မောလိုက်သည်။
အရမ်းကို စိတ်မရှည်ဖြစ်နေတာပဲ... ကျိမူ ကျရှုံးတဲ့ သတင်းက အခုမှ ထွက်လာကာရှိသေးတယ် ထန်ကျားကျိက သူ့တံခါးကို လာခေါက်နေပြီပေါ့...
သူ့အဖေဆိုတဲ့အတိုင်း အရမ်းကို ခန့်မှန်းရ လွယ်တာပဲ... မဟုတ်သေးဘူး... တကယ်တော့ သူက ကျိယွီရှောင် အစကတွေးထားတာထက် ပိုပြီး တာဝန်ယူတတ်ပြီး "ဝတ္တရားကျေ"နေတာပဲ... ထန်ကျားကျိရဲ့ အဖေကောင်းပီသပါပေတယ်...
"သူနဲ့စကားအလိုက်သင့်ပြောထားလိုက်... ဒါပေမဲ့ သူ့ကို အလွယ်တူလည်း မငြင်းနဲ့ အလွယ်တကူလည်း သဘောမတူနဲ့..."
ကျိယွီရှောင်က ပြန်ဖြေလိုက်သည်။
"ဟုတ်ကဲ့..."
ကျောက်ချန်က သဘောတူလိုက်သည်။
သူက ခေါင်းလှည့်ကာ ၄င်းအား ဟွမ်ရှင်းကို ပြောပြလိုက်ရာ ဟွမ်ရှင်းက အနည်းငယ် စိတ်ရှုပ်သွား၏။
ဒါက စကားပြောလို့ရတယ်ဆိုတဲ့ သဘောပဲမလား...
အဲ့တော့ တကယ်ဆိုရင် မင်းက ကျိအုပ်စုနဲ့ ပူးပေါင်းချင်သေးတယ်လို့ ဆိုလိုတာလား...
ကျိမူနဲ့ စာချုပ်မချုပ်ချင်ရုံပဲပေါ့...
ဘာလို့လဲ...
သူက ကျောက်ချန်ကို မရဲတရဲမေးလိုက်သော်လည်း ကျောက်ချန်က
"အဲ့ဒါကို စိတ်မပူပါနဲ့... ပြောတဲ့အတိုင်းပဲ လုပ်လိုက်ပါ..."
ဟုသာ ဆိုလာ၏။
ဟွမ်ရှင်းက မည်သည့် မေးခွန်းမှ ထပ်မမေးတော့ပဲ ကျောက်ချန်ပြောသည့်အတိုင်း ပြုလုပ်လိုက်သည်။
လဝက်ခန့် စကားပြောပြီးနောက် ထန်ကျားကျိက ရနိုင်သော အကျိုးကျေးဇူးများအားလုံးကို လက်လျော့ကာ ပေးနိုင်သော အကျိုးအမြတ်များအားလုံးကို ပေးလိုက်သည်။ ကျောက်ချန်က နောက်ဆုံးတွင် ခွင့်ပြုကာ သူနှင့် စာချုပ်ချုပ်ရန် သဘောတူလိုက်၏။
ထန်ကျားကျိက တက်ကြွနေပြီး နောက်တစ်ရက်တွင် ကုမ္ပဏီ၏ ပုံမှန်အစည်းအဝေးတွင် ဆိုလိုက်သည်။
"ကျွန်တော်က ဒီတစ်ပတ်ထဲမှာ အောင်းယွီက အဖွဲ့အစည်းနဲ့အရှိန်တင်ဆွေးနွေးပြီး တစ်ပတ်အတွင်းမှာပဲ အောင်းယွီနဲ့ ပူးပေါင်းဖို့ ကြိုးစားသွားပါမယ်..."
သူ ထိုသို့ ဆိုပြီးပြီးချင်းမှာပင် ကျိမူ၏ မျက်နှာက ချက်ချင်း ပြောင်းလဲသွားသည်။
ကျိကျန်းကောင်းက ရယ်မောလိုက်၏။
"အံ့ဩစရာပဲ ကျားကျိ... မင်းက တကယ်ကိုပဲ ငါတို့ ဥက္ကဌ ကျိမရနိုင်တဲ့ ဖောက်သည်တစ်ယောက်ကို ရလာနိုင်တာပဲ... မင်းက တကယ်ကို အထင်ကြီးစရာ လူငယ်တစ်ယောက်ပဲ..."
ထန်ကျားကျိက ပြုံးကာ ဆိုလိုက်သည်။
"မစ္စတာ ကျိက မြှောက်နေပြန်ပါပြီ..."
"မင်းမှာ ဒီလိုစွမ်းဆောင်ရည် ရှိတယ်ဆိုတော့ အရောင်း ဌာနမှာ လက်ထောက်မန်နေဂျာ လုပ်နေရတာက အရမ်း နိမ့်ကျလွန်းနေတာပဲ... မင်းသာအောင်ယွီနဲ့ တကယ်အောင်အောင်မြင်မြင် စာချုပ်ချုပ်နိုင်ရင် ဘာပဲဖြစ်ဖြစ် မင်းကို ရာထူးတိုးပေးရမယ်..."
သူပြောလိုက်သည့်အရာ၏ ရည်ရွယ်ချက်မှာ သိသာလှရာ ကျိမူ၏ အဖေ ကျိကျန်းယန်က ချက်ချင်းဆိုလိုက်၏။
"ဘာလို့လဲ... လက်ထောက် မန်နေဂျာ ထန်က လက်ရှိ ရာထူးကို မကျေနပ်ဘူးလား..."
"ကျွန်တော်က မကျေနပ်တာတော့မဟုတ်ပါဘူး... လူတွေက အမြင့်ကို တက်ပြီး ရေက နိမ့်ရာကို စီးတဲ့ သဘောပါပဲ... မစ္စတာကျိက ကျွန်တော်ကို ဒီတစ်ခေါက် စကားပြောတုန်းက အထွေထွေမန်နေဂျာဆိုတဲ့ အကြောင်းကိုတောင် ပြောနေတာ... အဲ့တုန်းက လူတိုင်းက ကျွန်တော့်ရဲ့ လုပ်နိုင်စွမ်းကို မယုံသေးလိုပါ... အခုဆို ကျွန်တော်က အဲ့ဒါကို အတည်ပြုပေးပြီးပြီလေ... ကျွန်တော်လုပ်နိုင်စွမ်းနဲ့ဆိုရင် ကုမ္ပဏီရဲ့ တန်ဖိုးထားခံရတာကို မျှော်လင့်မိတာ သဘာဝပါပဲ..."
ထန်ကျားကျိက မကြောက်ရွံ့သလို သူ့၏ ရည်ရွယ်ချက်ကိုလည်း လုံးဝ ထိန်းချုပ်မထားပေ။
"အဲ့တော့ ကျွန်တော် ရာထူးတိုးလာဖို့ မျှော်လင့်မိတာ သဘာဝပဲလေ..."
သူ အလွန်တည့်တိုးဆန်ဆန်နှင့် ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်က ကျိကျန်းယန်ကို ဘာပြောရမလဲ မသိ ဖြစ်သွားစေ၏။
ထိုကဲ့သို့ အရေးအကြီးဆုံး အချိန်တွင် ကျိကျန်းဟုန်က ဆိုလိုက်သည်။
"ဟုတ်ပြီ... ဟုတ်ပြီ... အခုထိ စာချုပ်မချုပ်ရသေးဘူးလေ... စာချုပ်ချုပ်ပြီးမှပဲ အကုန်လုံးပြောကြတာပေါ့... ရှောင်ထန် မင်းက လုပ်နိုင်စွမ်းရှိတယ်... ကုမ္ပဏီအတွက်လည်း အကောင်းဆုံး လုပ်နေတယ်... အဲ့ဒါတွေကို ကုမ္ပဏီကလည်း သိပါတယ်... အဲ့တော့ မင်း မနစ်နာစေရပါဘူး... စိတ်မပူပါနဲ့..."
"ဒါရိုက်တာ ကျိ အဲ့လိုပြောမှတော့ ကျွန်တော် စိတ်အေးသွားပါပြီ..."
ထန်ကျားကျိက ရယ်မောလိုက်သည်။
ပုံမှန်အစည်းအဝေးချိန်အတွင်းတွင် ကျိမူနှင့် ကျိကျန်းယန်တို့က စိတ်ခံစားချက်မကောင်းပေ။
သူတို့က ကျိမူ၏ ရုံးခန်းသို့ ပြန်ရောက်သည်နှင့် ကျိကျန်းယန်က တစ်စုံတစ်ခုကို မပစ်ပေါက်ပဲ မနေနိုင်ချေ။
"အဲ့အငယ်ဆုံးကောင်က တကယ်ကို မလွယ်ဘူးပဲ... လူတွေအများကြီးရှေ့မှာတောင် ထန်ကျားကျိအတွက် အမှတ်ယူပေးဖို့ မစောင့်နိုင်ဖြစ်နေတယ်... မင်းCEO ရာထူးယူတာကို မကျေနပ်တာ သူမဟုတ်ဘူးလား... သူက ထန်ကျားကျိကို အဲ့ရာထူး ပေးချင်နေတာလား... သူ့အိပ်မက်ထဲမှာပဲ ရမယ်..."
ကျိမူက ဤကိစ္စမှာ မြင်ရသည်လောက်မရိုးရှင်းဟု တွေးမိကာ မျက်မှောင်ကြုတ်လိုက်သည်။
အောင်းယွီက သူက သူတို့နှင့် အလွန်ပူးပေါင်းလိုသည်ကို သိကာ သူက ထိုအကြောင်းကို အရင်ကတည်းက ပြောထားသော်လည်း နောက်ဆုံးတွင် သူ့ကို ငြင်းပယ်လိုက်သည်။ သို့သော် ယခုတွင် သူက ထန်ကျားကျိနှင့် စာချုပ်ချုပ်ချင်နေ၏။
ဘာတွေ ဖြစ်နေတာလဲ... သူ့ကို လာနောက်နေတာလား...
"ရှောင်မူ အောင်းယွီက ဘာတွေ ဖြစ်နေတာလဲ... သူတို့က မပူးပေါင်းချင်တာ မဟုတ်ဘူးလား... ထန်ကျားကျိက ဘာလို့ သူတို့နဲ့ ပြောလို့ရတာလဲ..."
"ကျွန်တော်လည်း မသိဘူး..."
"သူက အောင်းယွီကို အကျိုးအမြတ် အလွန်အကျူး ပေးလိုက်တာလား... ဒါမှမဟုတ်ရင် အောင်ယွီက လက်လျော့ပြီး သူ့ကို ရွေးလိုက်တာလား..."
ကျိမူသည်လည်း ထိုသို့တွေးမိကာ ဖုန်းကိုဖိပြီး သူ့အတွင်းရေးမှူးကို ဆိုလိုက်သည်။
"ထန်ကျားကျိကို လာခဲ့ဖို့ ပြောလိုက်..."
ရလာဒ်အနေဖြင့် ထန်ကျားကျိမလာပဲ ကျိကျန်းဟုန်က အရင်ရောက်လာခဲ့သည်။
ကျိမူက ကျိကျန်းဟုန်ကို မြင်သောအခါ သူဘာပြောချင်သည်လည်းကို သိလိုက်သည်။ သူက အနည်းငယ် ရှက်ရွံ့နေကာ အလျင်အမြန် အပြစ်တင်လိုက်သည်။
"ဦးလေး ကျွန်တော် အောင်းယွီနဲ့ စကားပြောတုန်းက သူတို့က မပူးပေါင်းဘူးလို့ စပြောလာတာ... ထန်ကျားကျိက ဟုတ်ရော ဟုတ်ရဲ့လားလို့ ကျွန်တော်ထင်တယ်... သူက သူတို့ကို မပေးသင့်တဲ့ အမြတ်ပေးလိုက်လို့ သူနဲ့ထပ်ပြီး စာချုပ်ချုပ်ချင်သွားတာဖြစ်မယ်..."
ကျိကျန်းဟုန်က မျက်မှောင်ကြုတ်လိုက်သည်။
"မင်းဘာတွေ ပြောနေတာလဲ... မင်းက တခြားလူတွေထက် ညံ့ဖျင်းနေတာလေ... ဘာလို့ တခြားသူကို အပြစ်တင်နေသေးတာလဲ... ငါဒီကို လာတာက မင်းပဲဖြစ်ဖြစ် ထန်ကျားကျိပဲဖြစ်ဖြစ် အောင်းယွီနဲ့ ပူးပေါင်းနိုင်သွားပြီဆိုတာ လာပြောတာ... အရင်က မင်းဒီပူးပေါင်းရေးကို အတွေးအများကြီးထည့်ထားပြီး နာမည်ယူချင်တာ ငါသိတယ်... ဒါပေမဲ့ အောင်းယွီက ဒီနှစ်အတွက် ငါတို့ရဲ့ အဓိက ပူးပေါင်းမှုတွေထဲက တစ်ခုပဲ... အဲ့တော့ ထန်ကျိကျားက ညှိနှိုင်းပြီးပြီဆိုရင် မင်းက လက်လွတ်စပယ် ဝင်မနှောင့်ယှက်သင့်ဘူး... တကယ်လို့ ဒီစီမံကိန်းက အခုလို နောက်ဆုံးအချိန်ရောက်မှ ကမောက်ကမဖြစ်လာခဲ့ရင် မင်းလုပ်တာလို့ သံသယဝင်မိရင် ငါ့ကို အပြစ်လာမတင်နဲ့..."
ကျိမူက အံ့အားသင့်သွား၏။
"ဦးလေး... ကျွန်တော့်ကို ဘယ်လို ထင်နေတာလဲ..."
ကျိကျန်းယန်သည်လည်း ဒေါသထွက်သွားသည်။
"အစ်ကိုကြီး... ဘာတွေ ပြောနေတာလဲ... ရှောင်မူက ကုမ္ပဏီအပေါ် ဘယ်လောက်သစ္စာရှိလိုက်သလဲ... ယွီလင်း မတော်တဆဖြစ်ပြီး ရှောင်ယွီ လမ်းမလျှောက်နိုင်တော့ကတည်းက ကုမ္ပဏီကို ရှောင်မူပဲ စီစဉ်ပေးလာတာ... ရှောင်မူကို အဲ့လိုစကားမျိုး ဘယ်လိုလုပ်ပြီး ပြောနိုင်ရတာလဲ..."
"ငါက ရှောင်မူရဲ့ အကျင့်ကို ယုံတာပေါ့... သူနဲ့ တတိယ ညီလေးရဲ့ ရန်ပွဲထဲမှာ ကုမ္ပဏီကို ထိခိုက်စေမှာကိုပဲ စိတ်ပူတာပါ..."
"အဲ့ဒါက တတိယ ညီလေးရဲ့ အမှားလဲ ဟုတ်တယ်လေ... သူ့လိုမျိုး သူ့တူကို နေ့တိုင်းဆွဲချချင်နေတဲ့လူ မရှိပါဘူး... ရှောင်မူကလွဲလို့ ကမ္ဘာပေါ်က လူတိုင်းက အထွေထွေ မန်နေဂျာဖြစ်နိုင်နေသလိုပဲ..."
"ဟုတ်ပါပြီ..."
ကျိကျန်းဟုန်က ဖျောင်းဖျလိုက်သည်။
"ငါတို့အကုန်လုံးက ညီအစ်ကိုတွေပဲ... နောက်ထပ် ထပ်မပြောနဲ့တော့... ငါအခုထိ ထန်ကျားကျိကို အထွေထွေ မန်နေဂျာ ရာထူးမပေးရသေးပါဘူး..."
"တတိယ ညီလေး ရှိနေသရွေ့တော့ သူလက်လျော့မှာ မဟုတ်ဘူး... ကျွန်တော်က အစ်ကိုကြီးကို ပြောနေတာမဟုတ်ပါဘူး... သူလုပ်နေတာတွေက ကျွန်တော်တို့ ညီအစ်ကိုတွေကြားက ဆက်ဆံရေးကို အများကြီး ထိခိုက်စေလိမ့်မယ်... အစ်ကိုကြီး သူ့ကို ဂရုစိုက်သင့်တယ်..."
"ဟုတ်ပြီ... ဟုတ်ပြီ... ငါလည်း တွေးထားတာ ရှိပါတယ်..."
ကျိကျန်းဟုန်က သူ့ကို နှစ်သိမ့်လိုက်သည်။
သူ စကားပြောပြီးသည်နှင့် တံခါးခေါက်သံတစ်ခုကြားလိုက်ပြီးနောက် တံခါးပွင့်လာကာ ထန်ကျားကျိက ဝင်လာသည်။
ကျိမူ၏ အတွင်းရေးမှူးက အနည်းငယ် ရှက်ရွံ့နေသည်။
"ဒါရိုက်တာကျိ အထဲမှာ ရှိတယ်လို့ ကျွန်မပြောပါတယ်... ဒါပေမဲ့ လက်ထောက်မန်နေဂျာ ထန်က နားမထောင်လို့ ကျွန်မ မတားလိုက်တာပါ..."
ကျိမူက လက်ယမ်းပြပြီး သူမကို အလုပ်ဆက်လုပ်ရန် ပြောလိုက်သည်။
ထန်ကျားကျိက တံခါးပိတ်ကာ သူ့ကို ကြည့်လိုက်သည်။
"ဥက္ကဌကျိ ကျွန်တော်ကို ရှာနေတယ်ဆို..."
အပြင်လူမရှိ၍ ကျိမူက ရှက်မနေပဲ သူ့ကို တိုက်ရိုက်မေးလိုက်သည်။
"မင်း အောင်းယွီနဲ့ ဘယ်လို ပြောလိုက်လဲ... ကျောက်ချန်က မင်းကိုဘာလို့ သဘောတူတာလဲ..."
၄င်းကို ကြားရာ ထန်ကျားကျိက ရယ်မောလိုက်သည်။
"စကားဝိုင်းတစ်ခုလုံးကို ကျွန်တော်က ဘယ်လိုလုပ်ပြီး အသေးစိတ်ပြောပြနိုင်မှာလဲ... ဒါပေမဲ့ ကျွန်တော်က မစ္စတာကျိလို မဟုတ်ပဲ ပိုပြီး စိတ်ရင်းမှန်နေလို့နေမှာပေါ့... ကျွန်တော်က စကားပြောကောင်းတယ်လေ... ကျွန်တော် ကောင်းကောင်းပြောလိုက်လို့ မစ္စတာ ကျောက်က သဘောတူလိုက်တာ နေမှာပေါ့..."
"မင်းဘာတွေ ပြောနေတာလဲ..."
ကျိကျန်းယန်က ဒေါသတကြီး ပြောလိုက်သည်။
"မင်းက တကယ်ကြီး မင်းကိုယ်မင်း သာလွန်နေတယ်လို့ ထင်နေတာပဲ...."
"ကျွန်တော်က ဘယ်သူမှမဟုတ်ရင် ကျွန်တော်လောက်တောင် မလုပ်နိုင်တဲ့ မစ္စတာကျိကရော ဘာဖြစ်မလဲ..."
ထန်ကျားကျိက သူ့ကိုလှည့်ကြည့်ကာ မေးလိုက်သည်။
"မစ္စတာကျိပဲ ကျွန်တော် အောင်းယွီကို ဘယ်လိုမျိုးလက်ခံလာအောင်လုပ်လိုက်သလဲလို့ မေးတာမဟုတ်ဘူးလား... ကျွန်တော်ဘာမှားသွားလို့လဲ..."
သူက စောင့်ထိန်းမှုလုံးဝ မရှိတော့ပေ။
ဘာပဲဖြစ်ဖြစ် သူ့အဖေက သူ့ကို ကူညီပေးမှာပဲလေ... ဘာကြောက်နေရမှာလဲ...
အနှေးနဲ့ အမြန် သူက ရာထူးအမြင့်ဆုံးဖြစ်လာမှာလေ... အဲ့ဒါကို သူကဘာလို့ ကျိမူကို ကြောက်နေရမှာလဲ...
ပြီးတော့ သူအမုန်းဆုံးက ကျိမိသားစုနဲ့ ကြီးပြင်းလာပြီး ဘာအခက်အခဲမှ မကြုံခဲ့ဖူးတဲ့ ကျိမူ၊ ကျိယွီလင်းနဲ့ ကျိယွီရှောင်ပဲလေ...
ကျိမိသားစုထဲက ကျိမူနဲ့ တခြားလူတွေက ကောင်းကောင်းမွန်မွန် ကြီးပြင်းလာနိုင်ရင် သူက ဘာလို့ အဲ့လိုမလုပ်နိုင်ရမှာလဲ...
ထန်ကျားကျိက မကျေမချမ်းမှုများ အပြည့်ဖြစ်နေပြီး မကြာမီပင် အကုန်လုံးကို ဖွင့်ထုတ်လိုက်သည်။