Chapter 242
ကျိယွီလင်းက သေဆုံးပြီဖြစ်ကာ ကျိယွီရှောင်က မသန်မစွမ်း ဖြစ်နေပြီး တိုက်ခိုက်နိုင်စွမ်း မရှိချေ။ သို့ဖြစ်၍ သူ့အဖေ၏ မျက်လုံးထဲတွင် လုံးဝမရှိသည့် ကျိမူတစ်ဦးတည်းသာကျန်တော့ရာ နောက်ဆုံးတွင် ကျိမိသားစုတွင် သူသာရှိပေတော့မည်။
နောက်ဆုံး ရယ်နိုင်တဲ့လူက အနိုင်ရတဲ့လူပဲ....
ကျိကျန်းဟုန်က မျက်မှောင်ကြုတ်ကာ သူ့ကိုကြည့်လိုက်သည်။
"ပြန်တော့..."
သူက မကျေနပ်သော လေသံဖြင့် ဆိုလိုက်သည်။
ထန်ကျားကျိက သူ့မျက်လုံးများထဲမှ မကျေမနပ်မှုကို သတိပြုမိ၍ စကားပြောဆိုခြင်းကို ရပ်တန့်ကာ နောက်လှည့်ပြီး လျှောက်သွားလိုက်သည်။
ကျိကျန်းယန်မှာ အလွန်ဒေါသထွက်နေ၍ တံခါးမှ သူပျောက်သွားသည့်နေရာသို့ ညွှန်ပြကာ ကြမ်းကြမ်းတမ်းတမ်း ဆိုလိုက်သည်။
"အစ်ကိုကြီး.... သူ့ကိုကြည့်ဦး... သူက ရှောင်မူကို မကျေမနပ်ဖြစ်နေတယ်ဆိုတာ ရှင်းနေအောင် လုပ်လိုက်တာပဲ... သူက ကျိမူရဲ့ ရာထူးကို ငမ်းငမ်းတက်လိုချင်နေတာ... သူက ကျေနပ်မှာ မဟုတ်ဘူး..."
"သူက ရှောင်မူ မလုပ်နိုင်တဲ့ စီမံကိန်းကို လုပ်နိုင်ခဲ့တာလေ... မကျေနပ်နိုင်တာ သဘာဝပါပဲ... စိတ်ဆိုးမနေပါနဲ့... သူက တတိယ ညီလေးကို သွားရှာပြီး သူ့အကြောင်းပြောလိမ့်မယ်..."
ကျိကျန်းဟုန်က ကူကယ်ရာမဲ့စွာ ဖျောင်းဖျလိုက်သည်။
ကျိကျန်းယန်က ခေါင်းညိတ်လိုက်သည်။
"အစ်ကိုကြီး... ယွီလင်းပဲဖြစ်ဖြစ် ယွီရှောင်ပဲဖြစ်ဖြစ် ရှောင်မူပဲဖြစ်ဖြစ် သူတို့အကုန်လုံးက ကျွန်တော်တို့ မိသားစုဝင်တွေပဲလေ... ထန်ကျားကျိက အပြင်လူပဲဆိုတော့ သူ့ကို အခွင့်အရေးတွေကမ်းမပေးနိုင်ပါဘူး..."
ကျိကျန်းဟုန်က ခေါင်းညိတ်ပြလိုက်သည်။
"ငါသိပါတယ်..."
သူက ပြောပြီးနောက် တံခါးကိုဖွင့်ကာ ထွက်သွားလေသည်။
သို့သော် သူက ထိုသို့ဆိုသော်လည်း နောက်နှစ်ရက်မှာပင် ထန်ကျားကျိက အောင်းယွီနှင့် အောင်အောင်မြင်မြင် စာချုပ်ချုပ်နိုင်သည့်အခါ ထန်ကျားကျိက ကျိမူထက် လုပ်နိုင်စွမ်းရှိသည်ဟူသော စကားများကို စတင်ကြားလာရပေသည်။ ထို့အပြင် သူက နာမည်ကြီး နိုင်ငံခြား ကောလိပ်တစ်ခုမှ ဘွဲ့ရထားပြီး သူ့ကို ခန့်ပြီးပြီးခြင်းမှာပင် အောင်မြင်မှုများစွာ ရရှိခဲ့ပြီး CEO ကျိက သူ့အား ရာထူးတိုးပေးရန် စီစဉ်နေသည်ဟူသည်များလည်းပါ၏။
ကျိမူ၏ နှလုံးသားက နစ်မြုပ်သွားပြီး ကျိကျန်းဟုန်ကို ရှာရန် ထွက်လာလိုက်သည်။
တစ်ချိန်တည်းမှာပင် ကျောက်ချန်က ကျိယွီရှောင်ကို အစီအရင်ခံလိုက်သည်။
"စာချုပ်ချုပ်ပြီးပါပြီ... ဒါပြီးရင် ကျွန်တော်တို့က ပုံမှန်အတိုင်းပဲ ပူးပေါင်းရမှာလားဟင်..."
သူက ပုံမှန်အတိုင်း မပူပေါင်းလိုခြင်း မဟုတ်သော်လည်း သူ့၏ စီနီယာက သာမန်အတိုင်း ပူးပေါင်းလိုဟန် မရပါပေ။
"ဒါပေါ့..."
ကျိယွီရှောင်က တည်ငြိမ်စွာ ဆိုလိုက်သည်။
"နောက်ရက်နည်းနည်းလောက်နေရင် ငါလူတစ်ယောက်ပို့လိုက်မယ်... ပူးပေါင်းရမဲ့အချိန်ရောက်ရင် သူ့ကို ဂရုစိုက်ပြီး ထန်ကျားကျိရှေ့မှာ မျက်နှာသာပေးလိုက်..."
"ဟုတ်ကဲ့... အဲ့ဒါဆိုရင် သူ့ကို လောင်ဟွမ်နဲ့ တွဲပေးပြီး အချိန်ရောက်လာရင် လောင်ဟွမ်နဲ့အတူတူ ဦးစီးခိုင်းလိုက်မယ်..."
"ကောင်းတယ်..."
"အဲ့ဒါဆို တခြားလုပ်စရာရှိရင် ကျွန်တော်ကိုပြောပါ စီနီယာ..."
"ဟုတ်ပြီ..." ကျိယွီရှောင်က ခေါင်းညိတ်လိုက်သည်။
သူက ဖုန်းချကာ ရှောင်လီကို ခေါ်လိုက်သည်။
"မနက်ဖြန် လုရှောင်နဲ့ ကျောက်ချန်ကို လွတ်လိုက်..."
"ဟုတ်ကဲ့..."
ရှောင်လီက ပြန်ဖြေလိုက်သည်။
ထိုအချိန်မှသာ ကျိယွီရှောင်က ဖုန်းကို ချကာ ထိုင်ခုံကိုမှီလိုက်သည် ထောင်ချောက်ထဲသို့ ထန်ကျားကျိ သူ့ဘာသာ ဝင်လာမည်ကို စောင့်လိုက်သည်။ မကြာမီတွင် သူက ထန်ကျားကျိအား သူရှိသင့်သည့်နေရာသို့ ပို့ပေးမည် ဖြစ်သည်။
ထို့အပြင် သူဝင်သွားသည်နှင့် သူ့အဖေသည်လည်း သိပ်မဝေးတော့ပါချေ။
ကျိယွီရှောင်က သူ့အဖေအား ထန်ကျားကျိကဲ့သို့ သူ့လက်နှင့် အထဲသို့ပို့ရန် မရည်ရွယ်ထားပါပေ။ ထန်ကျားကျိ၏ စရိုက်နှင့်ဆိုပါက သူထောင်ကျလျှင် သူ့အဖေက သေချာပေါက် ကယ်တင်မည်ဖြစ်သည်။ ထိုအချိန်ရောက်ပါက ထိုသားအဖမှာ သူတို့၏ သားသမီး ဆက်ဆံရေးကို ပျော်ရွှင်ခံစားပြီး တွေးတောနိုင်လေသည်။ ကျိကျန်းဟုန်က သူ့၏ ချစ်သားလေးက သူ့ကို မည်မျှ ဂရုစိုက်သည်ကို ပထမဆုံးအကြိမ် တွေ့ကြုံရမည်ပင်။
ကျိယွီရှောင်က ၄င်းကို တွေ့မြင်နိုင်သည့် ထိုနေ့ကို စောင့်မျှော်နေလေ၏။
****
တစ်ခြားတစ်ဖက်တွင် ကျိမူနှင့် ကျိကျန်းဟုန်တို့က အပြင်းအထန် စကားများနေကြသည်။
"ဦးလေး... ဒါက ဘာကိုဆိုလိုတာလဲ... အရင်တုန်းက ဘယ်လိုပြောခဲ့တာလဲ... ဦးလေးအဲ့လို လုပ်တုန်းက ကျွန်တော်က ထန်ကျားကျိထက် ညံ့တယ်လို့ထင်နေလား...."
"ငါအဲ့လို မရည်ရွယ်ပါဘူး..."
ကျိကျန်းဟုန်က သူ့ကို နောင်တအပြည့်ပါသော အကြည့်တစ်ခုဖြင့် ကြည့်လိုက်သည်။
"ရှောင်မူ မင်းကိုယ်မင်းတွေးကြည့်ပါဦး... လွန်ခဲ့တဲ့ ခြောက်လအတွင်း ငါမင်းကို ဘယ်လိုဆက်ဆံခဲ့လဲ... ငါမင်းကို ထောက်ပံ့ပေးခဲ့တယ်လေ.... ထန်ကျားကျိက ရလဒ်ရအောင် လုပ်ပြီးကတည်းက မင်းရဲ့ တတိယဦးလေးက သူ့အကြောင်းပြောနေတာ... ဒါရိုက်တာတွေကလည်း သူ့ကို အလားအလာရှိတယ်လို့တွေးပြီး ကုမ္ပဏီမှာ ဆက်ထားချင်ကြတယ်... ငါက ကုမ္ပဏီအတွက် တွေးပေးဖို့လိုတယ်လေ... အဲ့ဒါကြောင့်ပဲ ငါက သူ့ကို ဒုအထွေထွေ မန်နေဂျာအဖြစ် ရာထူးတိုးပေးဖို့ ဆုံးဖြတ်ခဲ့တာ...ဒါက ဒုအထွေထွေမန်နေဂျာ ရာထူးလေးတင်ပါ မင်းဘာတွေ စိတ်ပူနေတာလဲ..."
ကျိမူက အေးစက်စွာ နှာမှုတ်လိုက်သည်။
"ကျွန်တော်က ဘာတွေစိတ်ပူနေတာလဲ ဟုတ်လား... သူ့ကို ဒုအထွေထွေ မန်နေဂျာရာထူးကို တိုးပေးပြီး ကျွန်တော်မျက်နှာကို ဖြတ်ရိုက်လိုက်တာ ဦးလေး မဟုတ်ဘူးလား... နောက်ဆို ကုမ္ပဏီက လူတွေ ကျွန်တော်ကို ဘယ်လိုထင်ကြမလဲ... ထန်ကျားကျိက အစကတည်းက ကျွန်တော်ကို မကျေမနပ်ဖြစ်နေတာ... အခုဆို သူ့မှာ ကျွန်တော်ကို ဆန့်ကျင်ဖို့ ပိုပြီးတောင် အကြောင်းပြချက် ရမသွားဘူးလား..."
"အဲ့ဒါဆိုလည်း တစ်ခုခု အောင်မြင်အောင် လုပ်ပြလိုက်လေ..."
ကျိကျန်းဟုန်က သူ့ကို သင်ပြလေ၏။
"မင်းဘာမှ ပြီးမြောက်အောင် မလုပ်နိုင်ရင်တော့ တခြားလူတွေ မင်းကို အထင်သေးတာကို အပြစ်တင်လို့မရဘူး... အဲ့ဒါကို အလုပ်ပိုကြိုးစားဖို့ အကြောင်းပြချက်တစ်ခုအဖြစ်တွေးပြီး မင်းကိုယ်မင်းတိုးတက်အောင် လုပ်သင့်တာမလား..."
သူက ကျိမူကို ကူကယ်ရာမဲ့ ကြည့်လိုက်သည်။
"ရှောင်မူ... ဒီကုမ္ပဏီက ငါမင်းအပေါ် မျက်နှာသာပေးလိုက်တာနဲ့ မင်းဟာဖြစ်မှာမဟုတ်ဘူး... ငါတို့အပေါ်မှာ မျက်လုံးတွေ အများကြီးပဲ... ထန်ကျားကျိရဲ့ အရည်အချင်းတွေ၊ လုပ်နိုင်စွမ်းတွေက မင်းထက်သာနေပြီး မင်းရဲ့ တတိယဦးလေးကလည်း သူ့နောက်မှာ ရှိတယ်... ငါဘာတတ်နိုင်မှာလဲ..."
"ဒါက ကျိယွီရှောင်ဆိုရင်လည်း ဦးလေးက ဒီလိုမျိုးပဲ လုပ်ဦးမှာလား...."
ကျိကျန်းဟုန်က ခေတ္တမျှ ကြောင်အသွားလေသည်။ ကျိမူက ကျိယွီရှောင်ကို ထည့်ပြောလာမည်ဟု သူမထင်ထားပါချေ။ ဤသည်က ကျိယွီရှောင်ဆိုပါက သေချာပေါက် ဤသို့ဖြစ်မည် မဟုတ်ပေ။ ကျိယွီရှောင်က သူ့သားဖြစ်၍ သူက သူ့သားကိုကူညီမည်မှာ သဘာဝ ကျပေသည်။
အကယ်၍ ကျိယွီရှောင်သာ အလွန်ထိုင်းမှိုင်းနေခြင်း မဟုတ်ပါက သူက ထန်ကျားကျိကို အလျင်အမြန် ပြန်ရန် တိုက်တွန်းမည် ဖြစ်သည်။
ကျိကျန်းဟုန်က ထန်ကျားကျိပါဝင်ခဲ့သော အဖြစ်အပျက်ကို တွေးမိသည့် အကြိမ်တိုင်းတွင် သူ့နှလုံးသားထဲတွင် လေအေးများကို ခံစားလိုက်ရသည်။ သူက ကျိယွီရှောင်အား ထန်ကျားကျိ၏ သရုပ်မှန်ကို သိခွင့်ပြု၍ မရပါပေ။ပို၍အရေးကြီးသည်က ကျိယွီရှောင်အား ထန်ကျားကျိ ပြုလုပ်ခဲ့သည့်လုပ်ရပ်အား သိခွင့်ပေး၍ မရချေ။ သူက ထန်ကျားကျိအားကျိအုပ်စုထဲတွင် သန်မာကာ တည်ငြိမ်သော ခြေကုပ်တစ်ခုရရန် ကူညီပြီး ကျိမူ၏ CEO နေရာတွင် သံသယအဝင်မခံရပဲ အစားထိုးရန် လို၏။
ကျိကျန်းဟုန်က ချက်ချင်းပင် တည်ငြိမ်သွားပြီး ဟန်ဆောင်ခြင်းကို ဆက်လက်လုပ်ကိုင်လိုက်သည်။
"မင်းဒီလိုမျိုး စကားပြောချင်တာဆိုရင် ဒီစကားဝိုင်းကိုဆက်ပြောတာက အဓိပ္ပာယ် မရှိတော့ဘူး..."
ကျိကျန်းဟုန်၏ အမူအရာက အေးစက်နေလေသည်။
"မင်းက ငါ့ကို ကျိယွီရှောင်အတွက်ပဲ ဂရုစိုက်တယ်လို့ထင်နေမှတော့ မင်းနုတ်ထွက်လိုက်လို့ရတယ်... ဘာပဲဖြစ်ဖြစ် မင်းက ယွီရှောင်မှမဟုတ်တာ... အဲ့ဒါဆို အဲ့ထိုင်ခုံမှာထိုင်ဖို့ မင်းမှာ ဘာအရည်အချင်းတွေ ရှိလို့လဲ..."
သူ့စကားလုံးများမှာ ကျိမူ၏ အရှိန်ကို ချက်ချင်းပင် တည်ငြိမ်သွားစေ၏။
ချက်ချင်းပင် ကျိမူက သူ့၏ ရပ်တည်ချက်မှာ အကျိုးမရှိဟု သဘောပေါက်သွားလေသည်။ သူက ခေါင်းငုံ့ကာ ဆိုလိုက်သည်။
"ကျွန်တော်တောင်းပန်ပါတယ် ဦးလေး... ကျွန်တော် မှားသွားပါတယ်... ကျွန်တော် အဲ့လို မပြောလိုက်သင့်ဘူး..."
ကျိကျန်းဟုန်က သူ့အား မျှော်လင့်ချက်မဲ့ကာ ဒေါသထွက်နေသော အကြည့်တစ်ချက်ပေးကာ နောက်ဆုံးတွင် သက်ပြင်းသာချလိုက်လေသည်။
"ယွီရှောင်က အခု ဘယ်လိုဖြစ်နေလဲ ကြည့်လေ... သူက ဒီလိုတောင်ဖြစ်နေပြီ... သူ့ကို ငါနည်းနည်း ဘက်လိုက်တော့ရော ဘာဖြစ်လဲ... ငါမလုပ်သင့်ဘူးလား... နောက်ဆုံးကျတော့ မင်းက ငါတို့ကျိမိသားစုထဲမှာ ကျိအုပ်စုအတွက် အာဏာရှိတဲ့ ရာထူးရှိနေတဲ့ တစ်ယောက်တည်းသောလူမဟုတ်ဘူးလား..."
"မင်းရဲ့ လက်ရှိ ပြဿနာက မင်းရဲ့ တတိယဦးလေးနဲ့ဖြစ်နေတာ... မင်းရဲ့ လုပ်နိုင်စွမ်းတွေက သူ့ကို စိတ်ကျေနပ်ပြီး ပါးစပ်ပိတ်သွားအောင် မလုပ်နိုင်ဘူး... ပြီးတော့ မင်းနဲ့ မင်းအဖေရဲ့ ရှယ်ရာစုစုပေါင်းကို သူက တစ်ယောက်တည်းနဲ့ ယှဉ်နိုင်တယ်... အဲ့ဒါကြောင့် မင်းက ကုမ္ပဏီမှာ ပြောရေးဆိုခွင့် မရှိနေတာပဲ... ရှောင်မူ မင်းက တကယ်ပဲ CEOနေရာမှာ တည်တည်ငြိမ်ငြိမ် ထိုင်နေချင်ရင် မင်းကိုယ်မင်းတိုးတက်အောင်လုပ်ပြီး မင်းလက်ထဲမှာ ရှိတဲ့ ကဒ်တွေ ရှယ်ယာတွေကိုလည်း တိုးလာအောင် လုပ်သင့်တယ်... နားလည်လား..."
ကျိမူက ကျိကျန်းဟုန်မှာ သူ့အား ရုတ်တရက် အကြံပေးလာမည်ဟု မမျှော်လင့်ထား၍ ချက်ချင်းပင် သဘောပေါက်သွားလေသည်။
သူက ကျိကျန်းဟုန်မှာ သူရှယ်ယာများ ပိုရသွားမည်ကို ထိတ်လန့်ကာ သတိတကြီး ဖြစ်ေနမည်ဟု တွေးခဲ့ပေသည်။
ဒါပေမဲ့ ကြည့်ရတာ ကျိကျန်းဟုန်က တကယ်ကြီး ဂရုမစိုက်တဲ့ပုံပဲ...
ကျိကျန်းဟုန်က တကယ်ပဲ သူ့ဘက်ကလား...
ဒါပေမဲ့ သူ့လက်ထဲမှာ ရှိတဲ့ ရှယ်ယာအရေအတွက်ကို တိုးလာအောင် သူဘယ်လိုလုပ်ရမှာလဲ...
ကျိအုပ်စုရဲ့ ရှယ်ယာအများစုမှာ ကျိမိသားစုအကြီးအကဲများနှင့် ကျိမိသားစုဝင်များလက်ထဲတွင် ဖြစ်သည်။ သူတို့ တစ်ဦးစီတိုင်းမှာ ပို၍ လည်ကာ ပို၍ မရိုးသားပါပေ။ သူ့အား မည်သူကမှ ရှယ်ယာရောင်းချင်မည် မဟုတ်ချေ။
သူက ဘယ်ကနေ ရှယ်ယာတွေ တိုးလာအောင် လုပ်ရမှာလဲ...
ချက်ချင်းပင် ကျိမူက စိတ်ထဲ၌ လူတစ်ယောက်ပေါ်လာလေသည်။
ယခုတွင် ကျိယွီရှောင်၏ လက်ထဲတွင် ရှိနေသော ကျိယွီလင်း၏ ရှယ်ယာများက မည်သူ့ထက်မှ မနည်းသည့်အပြင် ထိုလူက သေဆုံးပြီး ဖြစ်၏။
သူက သူ့၏ သေတမ်းစာထဲတွင် အရာရာကို ကျိယွီရှောင်အား ပေးအပ်သည်ဟု ရှင်းရှင်းလင်းလင်း ရေးသားထားသော်လည်း ကျိယွီရှောင်မှာ ကျိယွီလင်း၏ ရှယ်ရာများကို မည်သူ့ကိုမှ ပေးရန် ရည်ရွယ်ချက်မရှိပါပေ။
ဒါပေမဲ့ သူက အဲ့ရှယ်ယာတွေကို ကျိလဲ့ယွီနဲ့ လဲချင်ရင်ရော...
ကျိယွီရှောင်မှာ လူသေတစ်ဦး၏ ရှယ်ယာများအပေါ် ဂရုစိုက်သည်ထက် ကျိလဲ့ယွီအပေါ် ပိုဂရုစိုက်ပေသည်။ သူက ကျိလဲ့ယွီနှင့် ကျိယွီရှောင်တို့ကြားတွင် ကြားခံတစ်ခု ဖန်တီးကာ ကျိလဲ့ယွီအား သူ့ကို သဘောကျကာ ကျိယွီေရှာင်နှင့် နေခြင်းထက် သူနှင့်နေချင်ရန် ပြုလုပ်နိုင်ပါက သူက ကျိလဲ့ယွီ၏ ရှယ်ယာများကို အပြည့်အဝ ပိုင်ဆိုင်နိုင်ပေမည်။
ကျိမူမှာ ကျိလဲ့ယွီက သူ့ကိုမြင်သည့်အခါတိုင်း ချိုသာစွာ ပြုံးပြပြီး သူ့အား နာခံသည်ကို ပြန်အမှတ်ရသွားလေသည်။ သူက ကျိမူနှင့် အလွန်ရင်းနှီးရာ ကြိုးစားကြည့်ရန် အန္တရာယ်မရှိပါပေ။
သူကျရှုံးခဲ့လျှင်ပင် မည့်သည့် ဆုံးရှုံးမှုမှ ခံစားရမည် မဟုတ်သော်လည်း သူအောင်မြင်သွားပါက သူ့တွင်ရှိသော ရှယ်ယာအရေအတွက်က နှစ်ဆတိုးသွားပေမည်။ ကြိုးစားကြည့်ခြင်းက ထိခိုက်စရာ မရှိပါပေ။
သူက ကျိကျန်းဟုန်ကို ကြည့်ကာ နာနာခံခံဖြင့် ဆိုလိုက်သည်။
"ကျွန်တော် နားလည်ပါပြီ..."
ကျိကျန်းဟုန်က လက်ယမ်းပြကာ ကျိမူကို ရုံးခန်းထဲမှ ထွက်သွားခိုင်းလိုက်သည်။
သူက ကျိမူထွက်သွားသည်ကိုကြည့်ကာ အစီအစဉ်များကို ခေါင်းထဲတွင် တစ်ကြိမ်ဆွဲကြည့်လိုက်သည်။
သူက သူ့စကားများကို အလွန်သိသာရန်ပြုလုပ်ထားပြီးဖြစ်ကာ ကျိမူမှာ ကုမ္ပဏီ၏ ရှယ်ယာများနှင့် သူ့လက်ထဲတွင် ရှိနေသည်များကို တိုးလာစေရန် မည်သည့် အစီအစဉ်မှ မဆွဲနိုင်ပေ။ ထို့အပြင် သူအငမ်းမရလိုချင်နေသော ရှယ်ယာများမှာ ကျိယွီလင်း ချန်ထားခဲ့သည်များဖြစ်သည်မှာ သံသယဝင်ရန် မလိုပေ။
ထိုအချိန်တွင် ကျိမူက အမှန်တကယ် အောင်မြင်သွားလျှင်ပင် ကျိယွီရှောင်လက်ထဲရှိ ရှယ်ယာအရေအတွက်က ကျဆင်းသွားပေမည်။ နောက်ဆုံး ရှယ်ယာရှင်များထဲတွင် သူက ရှယ်ယာအများဆုံးဖြစ်သွားပေမည်။ သူက ကျိအုပ်စုတွင် အာဏာအများဆုံးကိုင်ထားသူ ဖြစ်နေဆဲပင်။
အမှန်တကယ်တွင် ကျိကျန်းဟုန်က ကျိယွီလင်း သေဆုံး ချိန်မှစ၍ စိုးရိမ်နေသည်ဖြစ်သည်။ ကျိယွီလင်း၏ သေတမ်းစာကို ထုတ်ပြလိုက်သည့်အချိန်ကစ၍ ကျိယွီရှောင်က တစ်နေ့တွင် သူက ကုမ္ပဏီ၏ အကြီးဆုံးရှယ်ရာရှင်ဖြစ်သည်ကို သဘောပေါက်သွားမည်ကို စိုးရိမ်ခဲ့၏။ ပြောရလျှင် ကျိယွီရှောင်က ၄င်းကိုသိသည်နှင့် ကုမ္ပဏီအား ပြန်ဝင်လာမည်ကို သူ စိုးရိမ်နေမိသည်။
ကျိကျန်းဟုန်မှာ တဖက်တွင် ကျိယွီရှောင်က ဤအဖြစ်အပျက်အပေါ်တွင် မိမိကိုယ်ကို တန်ဖိုးနှိမ့်ချခြင်းကို စိတ်တိုနေသော်လည်း တခြားတစ်ဖက်တွင်မူ ရှင်းမပြတတ်အောင် စိတ်အေးကာ စိတ်ချသည်ဟုလည်း ခံစားရပေသည်။
ကျိယွီရှောင်က ကျိအုပ်စုနှင့် ဝေးဝေးနေနေသရွေ့ သူက ထန်ကျားကျိအကြောင်းသိရန် အခွင့်အရေး မရနိုင်ချေ။ ကျိကျန်းဟုန် ထိန်းသိမ်းရန် ကြိုးစားနေသော မျှခြေက အနှောင့်အယှက်ခံရမည် မဟုတ်ပေ။
ကျိကျန်းဟုန် သက်ပြင်းရှည်ကြီးတစ်ခုချလိုက်မိသည်။ မည်သည့်အကြောင်းပင်ဖြစ်လာပါစေ ကျိအုပ်စုက သူ့လူများကြောင့် အောင်မြင်ရမည်။ ၄င်းက ကျိယွီရှောင် မဖြစ်နိုင်တော့ရာ ထန်ကျိကျားသာ ဖြစ်နိုင်၏။ မည်သို့ပင်ဖြစ်စေ ကျိမူတော့ မဟုတ်ပါချေ။
******
အတန်းဆင်းပြီဖြစ်သောကြောင့် ကျိလဲ့ယွီက လင်းဖေး၏ လက်ကိုကိုင်ကာ ကျောင်းအပြင်သို့ ပျော်ရွှင်စွာထွက်လာလိုက်သည်။ သို့သော် ကျောင်းဂိတ်တံခါးမှ သူထွက်လိုက်သည့်အချိန်မှစ၍ မတွေ့ရသည်မှာ ကြာပြီဖြစ်သော ကျိမူကိုတွေ့လိုက်ပေသည်။
ကျိမူက တောက်ပလွန်းကာ ရင်းနှီးနေသည့် သူ့ဆီသို့ လျှောက်လာလိုက်သည်။
"ဦးဦး သားအတွက် ဘာယူလာခဲ့လဲ မှန်းကြည့်..."
ကျိလဲ့ယွီက ကြောင်အသွားလေသည်။
"ဘာလဲဟင်..."
ကျိမူက နောက်ကျောတွင် ဖွက်ထားသော ဈေးကြီးသည့် ကလေးကစားစရာ တစ်ခုကို ပြုံးနေသော မျက်လုံးများဖြင့် ပြသလိုက်သည်။
"သားကြိုက်ရဲ့လား...."
ကျိလဲ့ယွီက သာမန်မျှသာ ခံစားလိုက်ရသည်။ ကျိယွီရှောင်နှင့် လင်းလော့ချင်းတို့ နှစ်ဦးစလုံးက သူ့အား အရုပ်များနှင့် လက်ဆောင်များ ဝယ်ပေးရသည်ကို နှစ်သက်ကြသည်။ သူတွင် အရုပ်လုံးဝ မနည်းသလို တခြားကလေးများ အရုပ်အပေါ် ရှိလောက်မည့် ချစ်ခင်မှုနှင့် စိတ်အားထက်သန်မှုမျိုးလည်း ကင်းမဲ့လှသည်။
သို့သော် ကျိလဲ့ယွီက သူနှင့် ပူးပေါင်းကာ စိတ်အားထက်သန်စွာ အော်ဟစ်လိုက်သည်။
"ဝါး... ဒါက အကြီးကြီးပဲ... သားအရမ်းကြိုက်တယ်... ကျေးဇူးပါ ဦးလေး..."
ကျိလဲ့ယွီက လက်ဆောင်ကို လက်ခံရန် လက်ဆန့်လိုက်ရာ ကျိမူက သူ့လက်ကို ပွတ်ပေးလိုက်သည်။
"သားကြိုက်ရင် ပြီးရော... ပြီးခဲ့တဲ့ ရက်ပိုင်းက ဦးဦး မှတ်ချက်တွေကောင်းပြီး ငါတို့ မိသားစုရဲ့ ချစ်စရာကောင်းပြီး ဉာဏ်ကောင်းတဲ့ ရှောင်ယွီလေးကို တွေးမိစေတဲ့ ကလေးစားသောက်ဆိုင်တစ်ခုတွေ့ထားတယ်... အဲ့တော့ ရှောင်ယွီ ဦးဦးနဲ့ ညစာစားချင်လား..."
"မစားချင်တော့ပါဘူး..."
ကျိလဲ့ယွီ အလွန်အပြုအမူကောင်းကောင်းဖြင့် ပြန်ဖြေလိုက်သည်။
"သားအိမ်ရောက်မှ စားလိုက်ပါမယ်..."
"ရပါတယ်... ဦးဦးတို့ စားပြီးရင် အိမ်ပြန်ပို့ပေးမယ်လေ...."
ကျိမူက အသံချိုချိူနှင့် ချော့မော့လိုက်သည်။
"ဦးဦးက သားနဲ့ မတွေ့ရတာကြာလို့ လွမ်းနေတာ... ဦးဦးက တခြား လက်ဆောင်တွေလည်း ပြင်ထားသေးတယ်... အဲ့ဒါတောင် သားက မသွားချင်ဘူးလား..."
တခြားကလေးများ ဆိုပါက ထိုသွေးဆောင်ခြင်းကို လွန်ဆန်နိုင်မည် မဟုတ်သော်လည်း ကျိမူရင်ဆိုင်နေရသည်က "ဆွေမျိုး"ဟူသည့် အခေါ်အဝေါ်အပေါ်တွင် မည်သည့် မျှော်လင့်ချက်မှ မရှိသည့် ကျိလဲ့ယွီ ဖြစ်ေနပေသည်။
သူ့ကို ကျိယွီရှောင်နဲ့ ညစာကို လက်လွတ်ပြီး တခြားတစ်ယောက်နဲ့ အတူတူဖို့မျှော်လင့်နေတာလား.... အိပ်မက်ထဲမှာပဲ ရမယ်...
"သားမသွားချင်ဘူး..."
ကျလဲ့ယွီက ချိုသာစွာ ဆိုလိုက်သည်။ သူက ၄င်းကိုဆိုပြီးနောက် သူ့ဘေးတွင် သူစကားပြောလာကာ အမိန့်ပေးရန် တိတ်တဆိတ် စောင့်နေသော လော့ကျားကို မော့ကြည့်လိုက်သည်။
လော့ကျားမှာ ကျိမူပေါ်လာသည့်အချိန်မှစ၍ သူတို့နားလျှောက်လာပြီးဖြစ်သော်လည်း ကျိမူက ကျိလဲ့ယွီနှင့် စကားပြောနေသည် ဖြစ်ရာ သူက ကြားဝင်ကာ မနှောင့်ယှက်ပါပေ။ သူက ကျိလဲ့ယွီကို စကားပြောကာ သူ့အတွက်သူ ဆုံးဖြတ်ခွင့်ပြုထားလိုက်သည်။
ယခုတွင် ကျိလဲ့ယွီက အိမ်ပြန်လိုသည်ဟူသော သူ့၏ ဆန္ဒကိုဖော်ပြကာ သူ့အားအချက်ပေးလာပြီးဖြစ်ရာ လော့ကျားက ကျိမူကို မပြောမဆိုနှင့် ဘေးသို့ တွန်းပို့ကာ ဆိုလိုက်သည်။
"ကျေးဇူးပြုပြီး လမ်းဖယ်ပေးပါ... ကလေးတွေ အိမ်ပြန်ပြီး ညစာစားတာကို မပိတ်ပါနဲ့..."
ကျိမူက ထိုအမျိုးသားမှာ သူတို့ဘေးတွင် ပေါ်လာသည်ကို လုံးဝသတိမထားမိသောကြောင့် သူ့အား အလန့်တကြား ကြည့်လိုက်မိသည်။
သူဘယ်တုန်းက ပေါ်လာလိုက်တာလဲ...
ကျိလဲ့ယွီက သူ ခေတ္တမျှ ကြောင်သွားသည်ကို အခွင့်ကောင်းယူကာ လင်းဖေးကို ဆွဲပြီး အနီးနားတွင် လော့ကျား ပါကင်ထိုးထားသော ကားပေါ်သို့ တက်လိုက်သည်။
ကျိမူက သူ့နောက်ကို လိုက်လိုသော်လည်း လော့ကျားက တားမြစ်လိုက်သည်။
ကျိမူက စိတ်ဓာတ်ကျသွားပြီး အံကြိတ်ကာ ကျိလဲ့ယွီက သူတက်လိုက်သော ကားထဲသို့ ပျောက်သွားသည်ကို ကြည့်လိုက်လေသည်။
ရိုးရိုးရှင်းရှင်း အစီအစဉ်လေးက အလုပ်မဖြစ်သည့် ပုံပဲ။
သူ တခြားအစီအစဉ် တစ်ခုကိုတွေးရန်လိုသည်ဟု ကျိမူက စဉ်းစားလိုက်သည်။
သူဘာလုပ်သင့်လဲ... ကျိယွီရှောင်ကို ကျိလဲ့ယွီ မုန်းသွားအောင် သူဘာလုပ်လို့ရလဲ...
သူ့မျက်ခုံးများစုကျုံ့သွားကာ မျက်ဝန်းများ တဖြည်း ဖြည်း ကျဉ်းမြောင်းသွား၏။
*****
စာရေးသူမှာ ပြောစရာလေး ရှိပါတယ် :
ရှောင်ယွီ - ထွက်သွားစမ်း...