Chapter 243
ကျိမူက ကားထဲသို့ ဝင်လိုက်ပြီး ကျောင်းထဲမှ ထွက်လာသော ကျောင်းသားများကိုကြည့်ကာ ဒါရိုက်ဘာကို ပြောလိုက်သည်။
"သွားစို့..."
သူက ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိသွားပြီး မျက်လုံးများ အရောင်တောက်လာသည်။ ကျိလဲ့ယွီက ကျိယွီရှောင်၏ စကားများကို နားထောင်နိုင်သော်လည်း သူ့၏ အဖေအရင်းကို အချစ်ဆုံးဖြစ်သည်။ သူက ကျိယွီလင်းနှင့် အစပြုလိုက်သည်နှင့် ကျိလဲ့ယွီနှင့် ကျိယွီရှောင်က စိတ်ဝမ်းကွဲသွားပေလိမ့်မည်။
သူက တိတ်တဆိတ်တွေးတောကာ သူ့နှလုံးသားထဲမှ ဗလာကျင်းမှုက ရုတ်တရက် ပြီးပြည့်စုံလာ၏။
*****
လင်းလော့ချင်း လဝက်ကျော်ကျော် ရုပ်ရှင်ရိုက်ကူးနေခဲ့သည် အဖွဲ့၏ ရုပ်ရှင်တည်နေရာကို လုမင်၊ ရှန်းဝမ်နှင့် ဖူရှီတို့ ခရီးအတူထွက်ကာ ဖူရီကို ရှာမည့်အခန်းသို့ ပြောင်းရန် စီစဉ်ထားပြီး ဖြစ်၏။
ဤခရီးတွင် လုမင်၏ တုံးအမှုကြောင့် ဖူရှီက လုမင်နှင့် အကြီးအကျယ် စကားများကာ နောက်ဆုံးတွင် သူတို့နှစ်ဦးက ရှန်းဝမ်၏ ဆုံးမမှုအောက်တွင် ပြန်ပြေလည်သွားပြီး သုံးဦးသား ခရီးဆက်ထွက်လာပေမည်။
ဝမ်ကျစ်မင်းနှင့် လင်းလော့ချင်းက ဤအခန်းထဲရှိ စာသားများအကြောင်း တစ်ဦးနှင့်တစ်ဦး ထိပ်တိုက်ဆွေးနွေးသော်လည်း တစ်ခုခုမှားနေသည်ဟု ခံစားနေရပေသည်။
"ရှောင်လင်း မင်းဘာဖြစ်နေတာလဲ... စိတ်ပူနေတာလား... မင်းက ပုံမှန်မဟုတ်ပါဘူး... နေမကောင်းဘူးလား..."
ဝမ်ကျစ်မင်းက စိုးရိမ်စွာ မေးလိုက်သည်။
လင်းလော့ချင်းက ခေါင်းခါပြလိုက်သည်။
သူက ရုပ်ပိုင်းဆိုင်ရာ သက်သောင့်သက်သာမဖြစ်မခြင်း မဟုတ်ပဲ စာသားများ ဖတ်လိုက်သည့်အခါ နေရခက်ကာ မသင့်တော်ဟု အမြဲလိုလို ခံစားနေရ၏။
ဝမ်ကျစ်မင်းက သူက သရုပ်ဆောင်ခြင်းကို လက်ခံနိုင်သော်လည်း စိတ်မအေးတတ်သည့် စိတ်ထိန်းထားတတ်သူတစ်ယောက်ဟု ထင်ကာ သင်ပေးလိုက်သည်။
"မင်းက မင်းခံစားချက်တွေ ဖွင့်ထုတ်ပြီး ဒေါသနဲ့ မကျေနပ်ချက်တွေကို ထုတ်ပြဖို့လိုတယ်... ငါမင်းထက် ကြီးနေလို့လား... ရှက်နေတာလား... ရပါတယ်... မကြောက်နဲ့... မင်းကြိုက်သလောက်အော်လိုက်... ငါခံနိုင်တယ်.."
"ဒါပေမဲ့..."
လင်းလော့ချင်းက သူ့ကိုကြည့်လိုက်သည်။
"ဖူရှီက အရမ်းစိတ်ထိခိုက်သလိုမျိုး... အရမ်းဒေါသဖြစ်ပြီး မကျေမနပ်ဖြစ်လောက်လို့လား..."
သူပြောလိုက်သည်မှာ ဝမ်ကျစ်မင်း မတွေးမိသည့်အရာပင်။
ဟုတ်သား... ဒီထဲက သူ့တူလေးက ဘယ်တော့မှ စကားမပြောဘူးလေ... သူက မျက်လုံးနဲ့ ပြောလို့ရရင် စကားလုံးဝ မပြောပဲ... စကားတစ်ခွန်းတည်းနဲ့ ပြောရရင် ဒုတိယတစ်ခွန်းကို လုံးဝ မပြောမဲ့လူလေ... သူက အရမ်း စိတ်ခံစားလွယ်ပြီး သူနဲ့ အကြီးအကျယ် စကားများပါ့မလား...
သူမျက်မှောင်ကြုတ်နေသည်ကို မြင်ရာ လင်းလော့ချင်းသည်လည်း တိတ်တဆိတ် မျက်မှောင်ကြုတ်လိုက်သည်။
"ကျွန်တော်က ဒီအပိုင်းမှာ ဖူရှီရဲ့ ဇာတ်ကောင်စရိုက်က ပြောင်းသွားတယ်လို့ခံစားရပြီး သိပ်မဟုတ်သေးဘူးလို့ ခံစားရလို့... အဲ့ဒါကြောင့် သရုပ်ဆောင်ရတာက အနေရခက်နေတာပါ..."
"ဒါပေမဲ့ ဒီအပိုင်းက ဖူရှီရဲ့ ဇာတ်ရှိန်အတက်ပဲမလား..."
ဝမ်ကျစ်မင်းက ဆိုလိုက်သည်။
"အဲ့ဒါက မင်းရဲ့ သရုပ်ဆောင်စွမ်းရည်ကို ပြတာပဲ... အဲ့ဒါသာပြောင်းသွားရင် မင်းအတွက် မကောင်းဘူးမဟုတ်လား..."
လင်းလော့ချင်းက ၄င်းကို ဂရုမစိုက်ချေ။ သူက ဤဇာတ်လမ်းထဲတွင် သရုပ်ဆောင်နေသော ဇာတ်ကောင်တစ်ဦးဖြစ်ကာ သူကိုယ်တိုင်မဟုတ်ပါချေ။ သရုပ်ဆောင်ခြင်းမှာ ဇာတ်ကောင်တစ်ယောက်နှင့် ဇာတ်လမ်းတစ်ခုအတွက် လုပ်ဆောင်ခြင်းဖြစ်ကာ အရည်အချင်းများပြသရန်မဟုတ်ချေ။ သို့ဖြစ်၍ သူ့အား ဂုဏ်တက်စေရန်ကြောင့်နှင့် ဇာတ်ကောင်ကို ဖျက်ဆီးပစ်ရန်မလိုပေ။
"ဝမ်လောင်ရှီး... ကျွန်တော် တည်းဖြတ်သူနဲ့စကားပြောပြီး ဒီစာပိုဒ်ကို ဖြတ်ခိုင်းလို့ရမယ်လို့ထင်လား..."
သူက ဝမ်ကျစ်မင်းကို မေးလိုက်သည်။
ဝမ်ကျစ်မင်းမှာ ကန့်ကွက်စရာမရှိပေ။ အဓိက ခေါင်းဆောင်အနေဖြင့် လူမင်တွင် အကောင်းဆုံးအပိုင်းများစွာရှိ၍ ဤကဲ့သို့ အခန်းတစ်ခုကို ဖျက်ချလိုက်ခြင်းက သူ့အပေါ် သက်ရောက်မှု မရှိပါချေ။
သို့သော် ဤသည်က လင်းလော့ချင်းအတွက်မူ မလိုအပ်ပါပေ။
"မင်းဆန္ဒရှိရင် ဇာတ်ညွှန်းရေးဆရာ ကောကို ပြောကြည့်လို့ရပါတယ်... ဒါပေမဲ့ ဒီအခန်းက တကယ်တော့ မင်းအတွက် အကျိုးရှိတာမျိုး... ပရိသတ်တွေက အမြဲတမ်း ပေါက်ကွဲတတ်တဲ့ သရုပ်ဆောင်ချက်တွေကို ပိုကြိုက်တယ်.... ဖူရှီရဲ့ ဇာတ်ကောင်စရိုက်က ပေါက်ကွဲခဲတယ်... ဒီအခန်းတစ်ခုတည်းပါတာ... မင်းဒါကို ဖျက်လိုက်မယ်ဆိုရင် ဒုတိယအခန်းမှာ ပေါက်ကွဲတတ်တဲ့ သရုပ်ဆောင်ချက်တွေကို ပြစရာမရှိတော့ဘူးနော်..."
လင်းလော့ချင်းက ခေါင်းညိတ်ပြသည်။
"ကျွန်တော်သိပါတယ်... ဒါပေမဲ့ အဲ့ဒါကို ဖယ်လိုက်တာ ပိုကောင်းတယ်လို့ ထင်နေတုန်းပဲ..."
"အဲ့ဒါဆိုလည်း ဇာတ်ညွှန်းရေးဆရာနဲ့ သွားပြောလိုက်.."
ဝမ်ကျစ်မင်းက အားပေးလိုက်သည်။
လင်းလော့ချင်းက သူ့အား"အွန်း..."ဟုပြောလိုက်ကာ အဖွဲ့က သူတို့မရိုက်ကူးမီ ညပိုင်းအခန်းအတွက် ပြင်ဆင်နေကြရင်း အလုပ်ရှုပ်နေစဉ်တွင် ခေါင်းဆောင် ဇာတ်ညွှန်းရေးဆရာ ကောဟန်ဆီသို့ ထွက်လာခဲ့လိုက်သည်။
ကောဟန်က အပြင်ရောက်နေ၍ လင်းလော့ချင်းထံမှ ဖုန်းရသောအခါ ဇာတ်ညွှန်းအဖွဲ့ထဲမှ နဉ်ယွီဟူသော ဇာတ်ညွှန်းရေးဆရာဆီသွားရန် ပြောလိုက်သည်။
"ရှောင်နဉ်နဲ့ အရင်ပြောပြီး ရှောင်နဉ်ကိုချရေးခိုင်းထားလိုက်... ငါပြန်လာရင် ဖတ်လိုက်မယ်..."
"ဟုတ်ကဲ့... အလုပ်ကြိုးစားတဲ့အတွက် ကျေးဇူးပါ..."
"ရပါတယ်..."
ကောဟန်က ဖုန်းကိုရွှင်မြူးစွာ ချလိုက်သည်။
ကောဟန်ပေးလိုက်သည့် အခန်းနံပါတ်အရ လင်းလော့ချင်းက နဉ်ယွီ၏ အခန်းကို ရှာလိုက်ပြီး တံခါးခေါက်လိုက်သည်။
ထိုအချိန်တွင် ၉နာရီထိုးလုပြီ ဖြစ်ပြီး လင်းလော့ချင်းက နဉ်ယွီနိုးနေသေးသည်ဟု မှန်းဆမိရာ ခဏအကြာမှာပင် တံခါးပွင့်လာလေသည်။
"မင်္ဂလာပါ..."
လင်းလော့ချင်းက ယဉ်ကျေးစွာ ဆိုလိုက်သည်။
"အမက ရှောင်နဉ် လောင်ရှီး မဟုတ်လား... ကျွန်တော်က လင်းလော့ချင်းပါ... ဇာတ်ညွှန်းထဲမှာ ကျွန်တော်က မသင့်တော်ဘူးလို့ထင်တဲ့ ဇာတ်ကွက်တစ်ခု ရှိနေလို့... ဇာတ်ညွှန်းရေးဆရာ ကောက ဒီမှာမရှိလို့ အမဆီလာခဲ့တာပါ..."
နဉ်ယွီက ပြုံးလိုက်ပြီး သူမ၏ ကလေးမျက်နှာလေးက ကောလိပ်ကျောင်းသူတစ်ယောက်ကဲ့သို့ အလွန်ငယ်သည့်ပုံရပေသည်။
"မစ္စတာလင်း... ကျွန်မ အစ်ကိုရဲ့ စီးရီးတွေ ကြည့်ဖူးပါတယ်... အဲ့တော့ ကိုယ့်ကိုကိုယ် မိတ်ဆက်စရာမလိုပါဘူး... ကျွန်မသိပါတယ်..."
သူမက ညင်သာစွာဆိုလိုက်သည်။
"အထဲမှာ ပြောကြတာပေါ့..."
စကားပြောပြီးနောက် သူမက ဘေးသို့ ဖယ်ပေးကာ လင်းလော့ချင်းကို ဝင်စေလိုက်သည်။
သူဝင်လိုက်သည်နှင့် နဥ်ယွီသည် မကြီးသော်လည်း အလွန်သန့်ရှင်းကာ သာမန်ဆန်သည့် တစ်ယောက်ခန်းတစ်ခန်းတွင် နေထိုင်သည်ကို တွေ့လိုက်ရသည်။
အခန်းထဲရှိ တစ်ခုတည်းသော စားပွဲမှာ လပ်တော့တင်ထားပြီး ထိုဘေးတွင် အမဲရောင်အနားသတ်ဖြင့် မျက်မှန်တစ်စုံ ရှိပေသည်။
နဉ်ယွီက မျက်မှန်ဆီသို့ သွားကာ မျက်မှန်တပ်လိုက်ပြီး ဇာတ်ညွှန်းကို ယူလိုက်သည်။ သူက လင်းလော့ချင်းမှာ ရပ်နေဆဲ ဖြစ်သည်ကို ပြန်လှည့်ကြည့်ကာ အိပ်ယာကို ပုတ်ပြပြီး ဆိုလိုက်သည်။
"ဒီမှာ ဆိုဖာမရှိဘူး... မစ္စတာလင်း အိပ်ရာပေါ်မှာပဲလာထိုင်ပါ..."
"အမ အဆင်ပြေရင် ရပါတယ်.. ကျွန်တော်လည်း အိပ်ရာပေါ်မှာ တိုက်ရိုက် ထိုင်ရတာကို ကြိုက်တယ်..."
လင်းလော့ချင်းက လျှောက်လာပြီး သူမနှင့်အတူ ထိုင်လိုက်သည်။
နဉ်ယွီက ဇာတ်ညွှန်းကို ကောက်ကိုင်ကာ ချက်ချင်းပင် အလုပ်ထဲသို့ စိတ်နှစ်လိုက်သည်။
"မစ္စတာလင်း... အစ်ကိုက ဘာကို ပြဿနာလို့ ထင်တာလဲ..."
"ဒီနားလေး..."
လင်းလော့ချင်းက သူမ၏ ဇာတ်ညွှန်းကို လှန်ကာ လက်ညှိုးထိုးပြလိုက်သည်။
"ဖူရှီနဲ့ လုမင် စကားများကြတဲ့အပိုင်းက ဇာတ်ကောင်အတွက် သိပ်မသင့်တော်ဘူးလို့ ကျွန်တော်ထင်တယ်... ဖူရှီရဲ့ စရိုက်အရဆိုရင် လုမင်နဲ့ စကားများမှာ မဟုတ်လောက်ဘူး... အရမ်း အကျယ်ကြီးပြောမှာလဲ မဟုတ်ဘူး..."
နဉ်ယွီက ထိုစာပုဒ်ကို မြင်သောအခါ ကူကယ်ရာမဲ့ ခံစားလိုက်ရသည်။
"ကျွန်မ ဒါကို မစ္စတာ ကောကို အရင်က ပြောဖူးတယ်... ဒါပေမဲ့ အဲ့ဒါက ဖူရှီရဲ့ ဇာတ်ရှိန်တက်တဲ့ အခန်းမို့ သူက မဖယ်နိုင်ဘူးဖြစ်နေတာ... တခြား ဇာတ်ညွှန်းရေးဆရာတွေကလည်း ပြဿနာရှိတယ်လို့မထင်လို့ဒီအပိုဒ်ကို ဆက်ထားထားတာ..."
"အဲ့လိုလား..."
လင်းလော့ချင်းက ဇာတ်ညွှန်းပေါ်မှ စာပိုဒ်ကို ကြည့်လိုက်သည်။
"ဒါပေမဲ့ အဲ့ဒါကို သင့်တော်တယ်လို့မထင်ဘူး... ကျွန်တော် ဒီစာပိုဒ်ကို ဖြုတ်ချင်တယ်..."
"အဲ့ဒါဆို မစ္စတာကောပြန်လာရင် သူ့ကို ကူပြီး ပြောပေးပါမယ်... ပြီးရင် အစ်ကို မစ္စတာကောနဲ့ ပြောကြည့်လို့ရတယ်... အစ်ကိုက ကျွန်မနဲ့ မတူဘူးလေ... အစ်ကိုက သရုပ်ဆောင်မင်းသားဆိုတော့ ပိုပြီး ပြောပိုင်ခွင့်ရှိတယ်... အစ်ကိုပြောရင် မစ္စတာကောက နားထောင်လောက်ပါတယ်"
"ဟုတ်ပြီ..."
လင်းလော့ချင်းက ဆိုလိုက်သည်။
သူက အစပိုင်းတွင် ဤကိစ္စနှင့် အချိန်များစွာ ကုန်ရမည်ဟု တွေးထားသော်လည်း တစ်ဖက်က သူနှင့် အတွေးတူနေမည်ဟု မမျှော်လင့်ထားပါပေ။ သူက ရှင်းပြစရာမလိုသလို စပြောလိုက်သည်နှင့် အလျင်အမြန်ပင် အဆုံးသို့ ရောက်ရှိသွားလေသည်။
"အဲ့ဒါဆို ကျွန်တော် ထပ်ပြီး မနှောင့်ယှက်တော့ပါဘူး မစ္စနဉ်... အလုပ်လုပ် ဆက်လုပ်ပါနော်... ကျွန်တော်ပြန်ပြီး ဇာတ်ညွှန်းဖတ်နေလိုက်ဦးမယ်..."
"ကောင်းပါပြီ..."
နဉ်ယွီက ထရပ်ကာ သူ့ကို အပြင်သို့လိုက်ပို့ပေးလိုက်သည်။
နောက်တစ်ရက် နေ့လည်တွင် ကောဟန်က နဉ်ယွီနှင့်အတူ လင်းလော့ချင်းနှင့် လာတွေ့ပေသည်။
"ရှောင်နဉ်ပြောတာ မင်းက ဖူရှီနဲ့ လုမင် စကားများတဲ့အခန်းကို ဖျက်ချင်တယ်ဆို..."
ကောဟန်က လိုရင်းကို တိုက်ရိုက်သာဆိုလိုက်သည်။
လင်းလော့ချင်းက ခေါင်းညိတ်ပြလိုက်သည်။
ကောဟန်က ဇာတ်ညွှန်းကိုထုတ်ကာ အလေးအနက် ကြည့်ရှုလိုက်သည်။
"ဒါက ဖူရှီရဲ့ တစ်ခုတည်းသော ပေါက်ထွက်တဲ့ အခန်းပဲ... မင်းဒါကို ဖျက်လိုက်ရင် ဖူရှီရဲ့ ဇာတ်ေကာင်က ခံစားချက် အတက်အကျ နည်းနည်းလေးနဲ့ သမားရိုးကျလေးပဲ ဖြစ်သွားမှာနော်... အဲ့ဒါဆို ဘယ်သူမှ အာရုံစိုက်မိမှာ မဟုတ်ဘူး... သိတယ်မလား..."
"ဒါပေမဲ့ ဖူရှီရဲ့ စရိုက်အရဆိုရင် သူက လုမင်နဲ့ လုံးဝကို ရန်ဖြစ်မှာမဟုတ်ဘူး... ရန်ဖြစ်ရင်တောင် အပြင်းအထန်ကြီး ဖြစ်မှာမဟုတ်ဘူး..."
လင်းလော့ချင်းက အလေးအနက်ဆိုလိုက်သည်။
"သူက သူ့အမေရဲ့ နောက်ဆုံးဆန္ဒကိုဖြည့်ဆည်းဖို့အတွက် လုမင်နဲ့ ရှန်းဝမ်ကို လာတွေ့တာ... သူကိုယ်တိုင်ကလည်း သူတို့ကို အရမ်းလေးစားတယ်... သူ့မှာက ခံစားချက်လည်း များများစားစားမရှိဘူး... အဲ့ဒါက မီးပုံပွဲပြီးတော့ လုမင်နဲ့ ရှန်းဝမ်က သူတို့နှလုံးသားတွေကို ဖွင့်ပေးပြီး ငြိမ်းချမ်းရေးအတွက် လက်ဆွဲနှုတ်ဆက်ကြတဲ့အထိပဲလေ... အဲ့အချိန်မှ သူတို့ကို အသိအမှတ်ပြုတဲ့အနေနဲ့ သူ့မှာ ခံစားချက်လေး နည်းနည်း ရှိလာတာ..."
"ဒါပေမဲ့ မီးပုံပွဲမတိုင်ခင်အထိ သူက လုမင်နဲ့ ရှန်းဝမ်ကို လုံးဝ ဂရုမစိုက်ခဲ့ဘူး... အဲ့ဒါဆို သူက ဘယ်လိုလုပ်ပြီး လုမင်နဲ့ အဲ့လောက်ကြီး ရန်ဖြစ်နိုင်မှာလဲ..."
"ဘာလို့လဲဆိုတော့ လုမင်ရဲ့ တာဝန်မဲ့မှုက သူတို့ရဲ့ ခရီးကို ဒုက္ခရောက်စေလို့လေ... သူက သူ့အမေကို အမြန်ဆုံးရှာချင်ပေမဲ့ လုမင်က သူ့ကို လမ်းမှားသွားအောင် လုပ်ခဲ့တာလေ..."
ကောဟန်က ရှင်းပြလိုက်သည်။
"ဒါပေမဲ့ ဖူရီက သေပြီးသားလေ... ဖူရှီက အဲ့ဒါကို အစကတည်းက သိပြီးသားလေ... အဆုံးသတ်မှာ ဘာအမေမှ ရှိမှာ မဟုတ်ဘူး... သူက အဲ့ဒါကို တခြားလူတွေထက် ပိုသိတယ်လေ..."
"ဒါပေမဲ့ သူ့အမေ မသေခဲ့ရင်ရော... ဖူရှီအတွက်က လုမင်က သူ့အမေသေပြီဆိုတာကို မသိလို့ စိတ်တိုတာလေ... သူက သူ့အမေ အသက်ရှင်နေတုန်းပဲလို့ထင်နေတာတောင် ခရီးကို နှောင့်နှေးစေတာအတွက် အပြစ်ရှိစိတ်မခံစားရဘူးလေ... သူက သူ့အမေကို လုံးဝ ဂရုမစိုက်ဘူး..."
လင်းလော့ချင်းက ခေါင်းခါကာ ပြောလိုက်သည်။
"ဒါပေမဲ့ ဖူရှီမှာ အဲ့အတွေးလုံးဝ မရှိဘူး... ကျွန်တော်တို့က စိတ်ခံစားလွယ်နေလို့ အဲ့လို အတွေးမျိုးရှိတာလေ... ဒါပေမဲ့ ဖူရှီက အဲ့လိုမှ မဟုတ်တာ... သူ့မှာ အဲ့လို ခံစားလွယ်တာမျိုး မရှိဘူးလေ... အဲ့တော့ သူက အစကတည်းက ဘယ်တော့မှ အဲ့လို မတွေးပဲ ခံစားချက်မရှိတာ ထုံးစံပဲလေ... လုမင်နဲ့ ရန်ဖြစ်တယ်ဆိုတာကတော့ ပြောစရာကို မလိုတော့တာ..."
"မင်းက ဘယ်လိုလုပ်ပြီး အဲ့လောက်သေချာနေရတာလဲ.. သူက လူကြီးတစ်ယောက်ပဲလေ..."
"ဘာလို့လဲဆိုတော့ ဖူရှီက အဲ့လို လူမို့လေ..."
လင်းလော့ချင်းက ဇာတ်ညွှန်းထဲရှိ ဖူရှီနှင့် သက်ဆိုင်သည့် ဇာတ်ကွက်ကို ညွှန်ပြကာ သူ့ကို စိတ်အားထက်သန်စွာ ရှင်းပြလိုက်သည်။
နဉ်ယွီက နားထောင်ကာ သူ့အား ဇာတ်ကောင်ကို ဂရုစိုက်ကာ လေးစားတတ်သည့် အလွန်ဂရုတစိုက်ရှိသော မင်းသားဟု ခံစားလိုက်ရသည်။ သူမက ၄င်းကို တွေးမိရာ လင်းလော့ချင်းအား အကြိမ်အနည်းငယ် ထပ်မကြည့်ပဲမနေနိုင်ပါချေ။ သူမက အတန်ကြာအောင် သေချာကြည့်နေပြီး မျက်လွှာချထားလိုက်သည်။
ကောဟန်က သူတွေးနေသည်ကို သိပ်နားမလည်၍ မျက်မှောင်ကြုတ်လိုက်သည်။
"လုမင်၊ ရှန်းဝမ်တို့နဲ့ ယှဉ်ရင် ဖူရှီမှာက အခန်းအများကြီး မရှိဘူးနော်... အဲ့ဒါကို မင်းက ဒီအခန်းကို ဖျက်ချင်သေးတာလား... ရှောင်လင်း အဲ့ဒါက ဖျက်လိုက်ဖို့ လွယ်တယ်... ဒါပေမဲ့ ခံရမှာက မင်းနော်..."
"ရပါတယ်..."
လင်းလော့ချင်းက သိပ်ဂရုမစိုက်ချေ။
"ဖူရှီက အရမ်းစိတ်ဝင်စားစရာ ကောင်းတဲ့လူလေ... သူ့ရဲ့ အရှိန်အဝါက ဒီအခန်းမှာတင် မဟုတ်ပါဘူး... အဲ့တော့ ဒီအခန်း ဖျက်လိုက်ရင်လည်း ပရိသတ်တွေက သူ့ကို ကြိုက်နေမယ်ဆိုတာ ငါယုံတယ်..."
"ဟုတ်ပြီ..."
ဇာတ်ညွှန်းရေးဆရာ ကောက သက်ပြင်း ချလိုက်သည်။
"ငါ ခဏနေရင် ဒါရိုက်တာကိုစကားပြောပြီး သူသဘောတူလား မေးလိုက်မယ်... သူသဘောတူရင် ဖျက်လိုက်မယ်..."
"ကျေးဇူးပါ ဇာတ်ညွှန်းရေးဆရာ ကော..."
"မလိုပါဘူး..."
ကောဟန်က သူ့ကိုကြည့်လိုက်သည်။
"ဖူရှီရဲ့ ခရီးက အရမ်းဆိုးလို့ သူ့ဇာတ်ကောင်ကို မီးမောင်းထိုးပြဖို့ ပေါက်ကွဲတတ်တဲ့ အခန်းတစ်ခု လိုတယ် ထင်လို့ ဒီအခန်းကို ဆက်ထားချင်ရုံတင်ပါ... အဲ့ဒါက မင်းအတွက် ပိုကောင်းပါတယ်... နဉ်ယွီမှာလဲ အဲ့လို အတွေးရှိတယ်လေ...."
သူက ထိုသို့ဆိုလိုက်ပြီး နဉ်ယွီကို ပြန်လှည့်ကြည့်လိုက်ရာ နဉ်ယွီက ပြုံးပြပြီး အနည်းငယ် နာခံတတ်နေဟန်ရ၏။
သူမက မျက်လုံးမှိတ်လိုက်ရာ လင်းလော့ချင်း၏ မျက်လုံးများကို ခံစားရပြီး ခေါင်းမော့ကြည့်လိုက်ရာ သူတို့၏ မျက်လုံးများ ဆုံသွားပြီး နှစ်ယောက်စလုံးက ရှက်ရွံ့စွာ ပြုံးပြလိုက်သည်။
"အဲ့ဒါဆို ငါ ဒါရိုက်တာလီဆီ သွားလိုက်ဦးမယ်..."
ကောဟန်က ထရပ်လိုက်သည်။
"ကျွန်တော်လိုက်ပို့ပါမယ်..."
လင်းလော့ချင်းက သူ့ကို လိုက်ပို့လိုက်သည်။
ညပိုင်းတွင် လင်းလော့ချင်းက နဉ်ယွီထံမှ ဖုန်းတစ်ကောလက်ခံရလေသည်။
"မစ္စတာ ကောက အလုပ်ရှုပ်နေလို့ ဒါရိုက်တာလီက အငြင်းပွားနေတဲ့ အခန်းကို ဖျက်ဖို့ သဘောတူတယ်လို့ပြောခိုင်းလိုက်ပါတယ်... ပြီးတော့ မစ္စတာကောက အဲ့အပိုင်းကို နောက်ကျရင် ပြန်ရေးပေးမှာပါ..."
"ဟုတ်ပြီ... ကျေးဇူးပါ..."
"ရပါတယ်..."
နဉ်ယွီက ညင်သာစွာ ဆိုလိုက်သည်။
"မစ္စတာလင်း... အစ်ကို့မှာ တခြားမေးခွန်းတွေရှိရင် ကျွန်မကို အချိန်မရွေး မေးပါနော်..."
"ကောင်းပါပြီ...."
လင်းလော့ချင်းက ဖုန်းချပြီး သက်ပြင်းချလိုက်သည်။
ကောင်းတယ်... သူဇာတ်ညွှန်းဖတ်တဲ့အခါ နေရမခက်တော့ဘူး...
တစ်ဖက်တွင် ဒါရိုက်တာလီက ပြင်ဆင်ထားသော ဇာတ်ညွှန်းကို မြင်သောအခါ မရယ်ပဲ မနေနိုင်ပါချေ။
"တကယ့်ကို ရိုးသားတာပဲ... ဒီနေ့ခေတ်မှာ ဒီလို လူရိုးလေးကို တွေ့ရခဲတယ်..."
"မဟုတ်ဘူးလား... ငါက သူ့တို့အတွက် ဒရမ်မာတွေ ထပ်ထည့်ချင်နေတဲ့ လူတွေပဲ တွေ့ဖူးတာ... တကယ့် ဇာတ်ရှိန်တက်မဲ့အခန်းတွေကို ဖျက်ပစ်တဲ့လူကို ပထမဆုံးတွေ့ဖူးတာပဲ..."
ကောဟန်သည်လည်း ဆိုလိုက်သည်။
"ဒါပေမဲ့ ချစ်စရာတော့ကောင်းသားပဲ... မင်းလဲ အဲ့လိုထင်လား..."
ဒါရိုက်တာလီက ရယ်လိုက်သည်။
"အဲ့ဒါကြောင့် မင်း သူ့ကို စနေတာလား..."
"ငါဘယ်မှာ စလို့လဲ..."
ဒါရိုက်တာလီက ဝန်မခံပါချေ။
"မင်းမစဘူးလား... မင်းအမြဲတမ်း သူ့ကို 'ဒီလိုဆို မင်းက သူနဲ့ တူမှာမဟုတ်ဘူး...'ဆိုပြီး ပြောပြောနေတာ မဟုတ်ဘူးလား..."
ဒါရိုက်တာလီက ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"သူက အရမ်းရယ်ရလို့လေ... သူစကားပြောပြီးတိုင်း ချက်ချင်း အရယ်ရပ်သွားပြီး အေးစက်စက်မျက်နှာလုပ်ပြီး ဖူရှီဟန်ဆောင်ဖို့ ကြိုးစားနေတာ..."
ကောဟန် : ...ဒါက ဘယ်လို အကြိုက်ဆိုးကြီးလဲ...
လင်းလော့ချင်းအတွက် တိတ်တိတ်လေး မျက်ရည်နှစ်စက်...